အိမ်ကလေး (၈) // နေဝင်းမြင့်
အိမ်ကလေး (၈) // နေဝင်းမြင့်
(အိမ်ကလေး ၁၆ လုံး)
---
ဤအိမ်ကလေး၌ လွန်လေပြီးသော နှစ်များက ဝိပ္ပယောဂ ကွေကွင်းတတ်သော သဘောသည်လည်းကောင်း၊ ဝိပ္ပယုတ် မယှဉ်ခြင်း သဘောသည် လည်းကောင်း၊ ဝိပတ္တိ ပျက်စီးခြင်းသဘောသည် လည်းကောင်း၊ ဝိပ္ပလလ္လာသ ယွင်းသွေဖောက်ပြန်ခြင်းသဘောသည် လည်းကောင်း၊ လုံးဝမရှိခဲ့ကြောင်း ကျွန်တော် အာမခံဝံ့ပါသည်။
ဤအိမ်ကလေး၏ အေးချမ်းငြိမ်သက်ခြင်းသည် ပစ္စုပ္ပန်တည်းဟူသော အကြောင်းကြောင့်ဖြစ်သော အကျိုးတရားအဖြစ် နှစ်ပေါင်းများစွာ တည်ခဲ့၏။ အိမ်ပိုင်ရှင် ကိုကြာရိုးသည် လွန်စွာ နှုတ်နည်းသကဲ့သို့ အိမ်ရှင်ကတော် မယင်းတော်သည်လည်း ခြောက်လှန့်တက်သော မြေဖုတ်ပြိတ္တာကို မျက်ဝါးထင်ထင်မြင်သော်မျှ စောင့်စည်းမြဲမြံ ကာယကံနှင့် နှုတ်သံဝစီ သီသီကလေး မထွက်ရှာသူ ဖြစ်သည်။
လင်နှင့်မယား ပြောစရာဆိုစရာ ရှိလျှင်လည်း မျက်ရိပ်မျက်ခြည်အားဖြင့် ပြီးကြသည်ဖြစ်ရာ ဝစီဝီညက်နှုတ်ဖြင့် သိစေခြင်းသည် လိုအပ်မှသာ ဖြစ်ရသည့်အကြောင်း ဖြစ်နေတာ ကြာခဲ့ပြီ။
လုပ်ဆစ်ဆောင်ခင်း ၊ သွားခြင်းထကြွား ၊ စကားဆိုတည့် ၊ မျက်နှာလှည့်လည် ၊ ကြည့်သည်အမှတ် ၊ ဝါယောဓာတ်ဟု ၊ သိတက်ထူးလည်
ဆိုသကဲ့သို့ ဝါယောဓာတ်သည် သွားလာလှုပ်ရှားခြင်း၏ အကြောင်းဆိုသည့်တိုင် ဤအိမ်၌ ခန်းခြောက်ချင်တိုင်း ခန်းခြောက်နေတက်သည် ။
ထို့ကြောင့်လည်း ဝစီဗေဒ ဗျတ္တဝါစာယံ ထင်သောစကား၊ ပြီးသောစကား၊ ကြားသောစကားတို့သည် မရှိ။
ဤစကားကို ဆိုအံ့ဟု ကြံသောစိတ်သည် အဌကလာပ်ရုပ်ကို ဖြစ်စေပြီးလျင် ဝစီဃောသေန စကားသံဖြင့် အဓိပ္ပါယ် ဝိညာပန ဟေတုတ္တာ အလိုကို သိစေခြင်း၏ သဘောကြောင့် ဝစီဝိညတ္တိ မည်သော နှုတ်စကား ဖြစ်ရသော်လည်း ဤအိမ်ကလေး၌ စကားသံသည် ဝဇိရ စိန်ကဲ့သို့လည်းကောင်း၊ ဝဇိရက္ခန် ပတ္တမြားကဲ့သို့ လည်းကောင်း၊ လွန်စွာ ရှားပါးခန်းခြောက်လေသည် ။
ဤအိမ်ကလေး၌ စဉ့်ဆေးခံခွက်ကို ဓာတ်မီးခြစ်ဖြင့် ခေါက်လိုက်သည့်အခါ ဆေးလိပ်လိုအပ်ကြောင်း သိစေ၏။ ထမင်းစား စားပွဲခုံဝိုင်းကို မျက်စောင်းထိုးခြင်းဖြင့် ထမင်းစားကြစို့ဟု အချက်ပြကြောင်း သိစေ၏။ မယားကလည်း သောက်ရေအိုး ရေဖြည့်လိုက်ဦးဆိုသည့် စကားကို မဆိုဘဲ အိုးနှုတ်ခမ်းကို ခွက်စောင်းဖြင့် ခုတ်ကာခုတ်ကာ အချက်ပေးရုံသာ။ လက်က စာအုပ်ဖွင့်ဟန် ဖွင့်ချည်ပိတ်ချည် လုပ်ပြရင်း ဘုရားရှိခိုးပုံ လက်ရိပ်ပြရုံနှင့် မယားက ဇိနတ္ထပကာသနီ အူပြုတ်ကို ယူထုတ်လာတက်လေသည်။ မယားက ဈေးသွားခါနီး ပိုက်ဆံတောင်းရန် မလိုပါ။ ဈေးခြင်းတောင်း အိမ်ဝချလိုက်သည်နှင့် ကိုကြာရိုးက ပလတ်စတစ်ဖြင့် အထပ်ထပ်ထုတ်ထားသော သားရေပင်စည်း ငွေထုပ်ကို ကြီးစွာသော ဆင်ခြင်ဉာဏ်အသိကပ်လျက် သက်နှင့်အရှိ သတိမြဲမြံ ကြံမလျော့ရာ၊ မပေါ့သာသည့် ဝိရိယဖြင့် ဖြေလေသည်။ ပလတ်စတစ် အထပ်ထပ်ကုန်သော် စက္ကူညို ၊ စက္ကူညိုကုန်သော် သတင်းစာ စက္ကူ၊ သတင်းစာစက္ကူကို လွန်သော်မှ ထွက်လာသည့် ငွေသုံးရာကို ပန္နက်ဖူးသော သစ္စာကို ငဲ့သောအားဖြင့် ပေးလေသည်။ စျေးကအပြန် မယားချက်ပြုတ်သမျှ အာဟာရကိစ္စ ပြီးသည့်အခါ လင်နှင့်မယား “ ရှင်မရေ နံနက်စာတော့ဖြင့် ပြီးပြန်ပေါ့ ” ဆိုသည့် မောင်ပေါက်ကျိုင်းဇာတ်မှ ကျီးဖို ၊ ကျီးမဲကဲ့သို့ ဆေးလိပ်တစ်လိပ်စီ ကုန်အောင် ဖွာကြလေသည်။
ကိုကြာရိုးနှင့် မယင်းတော်တို့ အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်ပြီ။ အိမ်ထောင်ကျပြီးသည်နှင့် သည်ရပ်ကွက်ကလေးကို ပြောင်းရွှေ့လာခဲ့သည်ဆိုတော့ သည်အိမ်ကို ရောက်လာတာကလည်း အနှစ်နှစ်ဆယ်ကျော်ပြီ။ ငယ်လင် ငယ်မယားတော့ မဟုတ်ပါ။ ကိုကြာရိုးက ကလေးနှစ်ယောက်ပါလာခဲ့ကာ မယင်းတော်ကလည်း သွားလေသူ ပထမလင်နှင့် ရခဲ့သည့် ကလေးနှစ်ယောက်ပါသည်။
ကိုကြာရိုးက မြင်းလှည်းဆရာ။ မန္တလေးမြို့စွန်နှင့် စျေးချိုကို ရပ်ကွက်စျေးသည် အပို့အကြို တစ်ခေါက်လိုက်ပြီးသည်နှင့် မြင်းစာရော လူစာပါ လောက်ငသည့် အခါကာလဆိုတော့ သည်တစ်ခေါက်ပြီးလျှင် ဒေါင်ဒေါင်မြည်ပြီ။ မယင်းတော်က ဂျုံဖွဲနှင့်ကောက်ရိုးကို မြင်းဝရေးထက် မြင်းမသေရေး ပထမ စနစ်ဖြင့် ဝယ်စရာရှိတာ ဝယ်သည်။ မြစ်ဆိပ်နှင့်နီးသည့် ရပ်ကွက်ဆိုတော့ မြင်းရေချိုး ၊ မြင်းရေတိုက် ၊ မြင်းစာ ကျွေးသည်။
သူတို့ရောက်စက ကိုကြာရိုး၏ တစ်နေ့စျေးဖိုးမှာ အစိတ် ၊ သုံးဆယ်။ စကားနည်းလွန်းလှသည့် သူတို့လင်မယားကို ရပ်ကွက်က ပါနှစ်ပါ ၊ ချာနှစ်ချာ ခေါ်ကြလေ၏။ နဂိုက ဆင်းရဲနုံချာကြရသည့်ကြား ကလေးနှစ်ယောက်စီ ပါလာကြတာကို သံခိပ်ပြုကြခြင်း ဖြစ်သည်။ ပါသည်ဖြစ်စေ ၊ ချာသည်ဖြစ်စေ သိကြားမင်းဖျက်သော်မှ မပျက်စေရဆိုသည့် သန္နိဋ္ဌာန်ဖြင့် လူခြောက်ယောက် မြင်းတစ်ကောင် ၊ ခွေးနှစ်ကောင် ချောင်ချောင်ကြီး နေခဲ့ကြသည်သာ။
သည်အိမ်ကလေးက ကိုကြာရိုး၏ ပထမ မယားက ကျန်ရစ်သည့် အိမ်ဖြစ်သည်။ ပျဉ်ထောင်ကာ ပျဉ်ခင်းကပ်မိုးဆိုသော်လည်း ရေနံရည် ဝချင်တိုင်း ဝနေသည့် ရှေးအိမ်လွင့်လွင့်ကြီး ဖြစ်သည်။ ကိုကြာရိုး၏ ပထမ မယားဘက်ဆိုင်ရာ မိဘများက ရှေးမြန်မာများပီပီ ဘူမိပူဇာ မြေသန့်မင်္ဂလာမှစ၍ သစ်မျက်ဟောအဆုံး မင်္ဂလာယူကာ ဆောက်ခဲ့သည့်အိမ် ဖြစ်သည်။ ရှင်နတ်များတို့ အခြားဆိုရာ ၊ မြေမှာကိတ်ကုန် ၊ သစ်ခုံသစ်ဆွေး ၊ မီးသွေးတိုင်ဟောင်း ၊ ရှေးကျောင်းဆောက်ဖူး ၊ လမ်းဦးလမ်းမ ၊ တစသင်္ချိုင်း ၊ လုပ်တိုင်းပြုဖူး ၊ ဝက်ရုးနူနာ ၊ ဆေးရာအဟောင်း ၊ မြေမကောင်းကို ၊ ရှောင်ချင်တိုင်း ရှောင်ခဲ့သည့်အိမ် ဖြစ်သည်။
အရှေ့တောင်ဘက်တိုင်မှာ သိကြားမင်းဟု ပြင်းပြင်းရွတ်၍ ‘ သိ ’ ကိုရေး၊ အနောက်တောင်ဘက်တိုင်မှာ နဂါးမင်းဟု ပြင်းပြင်းရွတ်၍ ‘ န’ ကိုရေး၊ အနောက်မြောက်တိုင်မှာ ဗိဿနိုးနတ်မင်းဟု ပြင်းပြင်းရွတ်၍ ‘ ဗိ’ ကိုရေး၊ အရှေ့မြောက်ဘက်တိုင်မှာ ဘုရားရှင်ဟု ပြင်းပြင်းရွတ်၍ ‘ ဘု ’ ဟု ရေးခဲ့သည့် ‘ သိနဗိဘု ’ အက္ခရာလေးလုံး ကမ္ဗည်းထိုးခဲ့သည့် အိမ်ဖြစ်သည်။
သည်နောက်တော့ ပညတ်သင်္ခါရ မမြဲသော အနိစ္စသဘောသည် ကိုကြာရိုး၏ ကျေးဇူးရှင် ယောက္ခမနှစ်ပါးကို လည်းကောင်း၊ ကျေးဇူးရှင် ပထမ မယားကိုလည်းကောင်း ကျရောက်ခဲ့သည်ဖြစ်ရာ ကိုကြာရိုးသည် မုဆိုးဖို ချက်ချင်းကြီးကျ၍ ကလေးနှစ်ယောက်နှင့် ကျန်ရစ်လေသည်။
မယားသေ လင်ရ ဥပဒေဖြင့် ခြံနှင့်အိမ်ကို ပိုင်သော်ငြား ‘ နာမ် ၊ နိ ၊ လက်ကိုခံ သန် ၊ ကိလေနှင့်မြှောက် ’ ဆိုသည့်အတိုင်း နာမ် ၅၃ ၊ နိပ္ဗန္နရုပ် ၁၈ ၊ လက္ခဏာရုပ် ၄ ပါး ၊ ပေါင်း ၇၅ ကို တည်၍ သန္တာန် ၂ ပါး ၊ ကိလေသာ ၁၀ ပါးနှင့် မြှောက်၍ရသော ၁၅၀၀ ကို တပ်မက်သည်ဖြစ်၍ တဏှာသွေးခေါင်း ၊ လက်စောင်ပေါင်သား၊ ကောင်းမှုဝန်လို၊ တစ်ကျိပ်ဗိုလ်ဟု မုန်ယိုရာဂ လေဘကြီး ထလေသည်။ ပထမ မယားသေ၍ မြေပုံသော်မှ မသွေ့မီ မယင်းတော် အိမ်ပေါ်ရောက်လာခဲ့၏။
“ အလို ၊ ကြာရိုးနှယ် နူတ်က နည်းပါဘိသနဲ့ ၊ ဘယ့်နှယ်က ဘယ့်နှယ် မိယင်းတော် အရိုးမ ဆင်တော်နဲ့ ခိုးရပါလိမ့် ”
ရပ်ကွက်က မြင်းလှည်းဆရာ ကိုကြာရိုးကို ရိုးမှန်း အေးမှန်း သိ၍ စကြသော်လည်း ကိုကြာရိုးကတော့ ငါ သူတစ်ပါး ယောက်ျား မိန်းမ အမှုန်အမွှား အဖြစ်သာ မြင်တော့သည့် အရိယာသူတော်စင်ကဲ့သို့ ဆိတ်ဆိတ်ကြီးသာ နေလေသည်။ မခံစားတက်သည့် လူ့တုံဏှိဘာဝေမျိုး မဟုတ်ဘဲ စကားတစ်ခွန်းထွက်ရန် လွန်စွာအားထုတ်ရသူအဖြစ်သာ သိမြင်ထားကြသူများဆိုတော့ နောက်စရာပြောင်စရာ ရှိတော့လည်း နောက်ကြပြောင်ကြသည်သာ။ သည်အခါမျိုးမှာ ကိုကြာရိုးက ပြုံးပြုံးကြီး။
ဒုတိယ မယား မယင်းတော်သည်လည်း သူ့မြင်းလှည်းကြုံ စျေးကြိုလိုက် ဟင်းသီးဟင်းရွက်သည်တွေထဲက တစ်ယောက်သာဖြစ်ရာ စကားဟဟ မပြောတတ်သည့် အရည်အချင်းကြောင့် ကောက်ကောက်ပါအောင် ကစီးလုံးပါး ယူလိုက်ခြင်းသာ ဖြစ်သည်။ ကိုကြာရိုးနှင့် မယင်းတော်တို့ နှစ်ဦးသား စကားမပြောနိုင်ကြလောက်အောင် အေးကြသည် မှန်သော်လည်း မြင်းလှည်းဆရာနှင့် စျေးသည်မ စကားမဟလို့ကတော့ ငတ်ဖို့သာ ရှိမည်။
ကိုကြာရိုးကမြင်းလှည်းဂိတ်မှာ ၊ မြင်းလှည်းပေါ်မှာ။ လမ်ပေါ်မှာ ပြောသကဲ့သို့ စျေးထဲမှာ စျေးစကား၊ နာစကား မယင်းတော်ကလည်း ပြောစရာရှိတော့ ပြောရသည်။ အိမ်ရောက်တော့လည်း ကျွန်တော်ဆိုခဲ့သည့်အတိုင်း သွေး ၊ သည်းခြေ ၊ သလိပ် ၊ လေလေးထွက်သော သန္နိပါတ်ကို အစုအဝေး မခံတော့သလို အေးအေးကြီးသာ နေကြလေသည်။
ကိုကြာရိုးနှင့် မယင်းတော် ညားခါစက ဓမ္မာရုံနှင့်တူသော ထိုအိမ်၌ နှစ်ဘက်ပါ ကလေးနှစ်ယောက်စီနှင့် ခွေးနှစ်ကောင်ပေါင်းကာ သည်းသည်းကြီးလှုပ်ရော့မည်ဟု ထင်လျှင် မှားဖို့သာ ရှိသည်။ မနက် စောစောကြီး စျေးချိုကို မြင်းလှည်းတစ်ခေါက်ပို့ခြင်း ၊ ကြိုခြင်းသည် မနက် ခုနှစ်နာရီလောက်မှာ ပြီးသွားပြီ ၊ မယင်းတော်ကလည်း ညားပြီဆိုကတည်းက စျေးမထွက်တော့။ လင်ကိုယ်မယားနှစ်ယောက်နှင့် ကလေးအတွက် မနက်ခင်း ချက်ပြုတ်လိုက်ပြီးလျှင် ငေါင်ငေါင်ကြီးထိုင်နေကြတာများသည်။ ကိုကြာရိုးက အိမ်ကလေးရှေ့ ထန်းပလပ် ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ဇိနတ္ထပကာသနီကို အာဂုံဆောင်နေသလား မှတ်ရအောင် ကျွဲကော်ကိုင်း မျက်မှန်တစ်လက်နှင့် ရှိနေတတ်သကဲ့သို့ မယင်းတော်ကလည်း ဆိုခဲ့သည့်အတိုင်း လူ့ဝေယျာဝစ္စ ၊ မြင်းဝေယျာဝစ္စ နှစ်ပါးမျှအောင်လုပ်ရင်း ချောက်ချက်ချောက်ချက် ရွေ့လျားနေတတ်သည်။ ကလေးနှစ်ယောက်နှစ်ပြူးက အိမ်ကလေးရှေ့က မြေပြောင်ပြောင်မှာ ငုတ်တုတ်ကလေးတွေ။
“ သည်နှစ် ရေနံတော့ သုတ်ဦးမှပါ ”
အချက်ပြလို့ မရနိုင်သော သည်လိုသဘောထား ယူခြင်းမျိုးတွင် ကိုကြာရိုးက လှမ်းပြောတတ်သည် သည်တစ်ခါပါပဲ ၊ ကြားတော့လည်း ကြားပေါ့
။ မကြားတော့လည်း နေပေါ့။ နှစ်ခါတော့ ပြောလိမ့်မည် မဟုတ်။ ထိုအခါ မယင်းတော်ကလည်း တတ်နိုင်သမျှ ချွေတာသော လေသံဖြင့် အင်း တစ်ခွန်းပဲ ပြောလေသည်။ ဒါပါပဲ။ ကျန်တာ ကိုကြာရိုး ဆက်လုပ်သွားလိမ့်မည်။
ကိုကြာရိုးက သွားလေသူ ယောက္ခမများကို ကျေးဇူးတင်သည်။ သူ့ ပထမ ဇနီးကလည်း တစ်ဦးတည်းသော သမီးဆိုတော့ အမွေကိစ္စ စကားများစရာ မရှိ။ ပြီးတော့ သည်ရပ်ကွက် အင်မတန် အေးချမ်းသည်။ သူတို့ရောက်စက ကွက်ကြီးကွင်းကြီးတွေ ပိုးလိုးပက်လက် ရှိသေးသည်။ တစ်အိမ်တစ်အိမ် လူနေဝေးဝေး အိမ်ဆက်ခြားခြားဆိုတော့ အေးအေးလူလူ ကြိုက်သောသူတို့အဖို့ ပဋိရူပ သင့်တင့်လျောက်ပတ်သော အရပ်ဖြစ်ခဲ့သည်။
ညဘက် လသာသာမှာ အိမ်ရှေ့တာလမ်းထွက် ၊ ဖျာကလေး ခင်းသော်မှ နင်းသွားမည့်ယာဉ်မရှိ။ သည်အရပ်၌ စက်ဘီးသံ ၊ ကားသံ ဝေးလာဝေး။ ကိုကြာရိုးတို့အိမ်နှင့် မြောက်ဘက်လှမ်းလှမ်းမှာ ဗိန္ဒောဆရာ ဦးသာဂရနေသည်။ ဦးသာဂရနှင့် ကပ်လျက်က လက်သမားသားအဖ ဦးဖေနှင့် သားမောင်တေ။ တောင်ဘက်နှစ်ဝင်းကျော်မှာ စက်ချုပ်ဆရာ ကိုကျော်ခ။ သူကလည်း စျေးချိုအလယ်ပေါက်က ဆိုင်တစ်ဆိုင်မှာ စျေးချုပ်ကလေးတွေ ချုပ်ပေးရသူဆိုတော့ မရှိတာများသည်။ အရှေ့စူးစူးမှာ နွားမွေးကြသည့် ဟိန္ဒူစတန်ကြီးတွေ အုပ်ကြီးသင်းကြီး ဖွဲ့နေကြသည်။ နွားအော်သံတွေ ဘူးဘူးဘဲဘဲနှင့် နွားချေးညှော်နံ့က တစ်ခါတစ်ရံ အနှောက်အယှက်ရှိသော်လည်း လေသင့်မှ ရောက်လာတတ်တာမျိုး ဖြစ်သည်။ အနောက်ဘက်စောင်း တာရိုးမှာတော့ ကမ်းနားမှာ ကျပန်းလုပ်စားနေကြသူတွေ များလှသော်လည်း အချိန်တန်တော့ အသံဗလံတွေ ငြိမ်ဆိတ်သွားလေသည်။
များသောအားဖြင့်က သစ်စက်ပွတ်စက် ၊ တွင်စက်ဆောက်ရန် မြေနေရာတွေ ဝယ်ထားကြသော်လည်း သည်နေရာကို မက်ရေ စက်ရေ ရောက်လာကြသူတွေ မရှိ။ မြေနေရာတွေက အလွတ်တွေ များသည်။
ကိုကြာရိုးနှင့် မယင်းတော်တို့၏ နှစ်ဖက်ပါ သားသမီးများသည်ပင် အိမ်ထောင်ကျပြီဆိုတော့ နောက်ဆုံး သည်အိမ်ကလေးမှာ သူတို့လင်မယားပဲကျန်သည်။ သည်ရပ်ကွက်မှာ မြင်းလှည်းမောင်းရင်းနေလာတာကပဲ ဘာလိုလိုနှင့် နှစ်ပေါင်းနှစ်ဆယ်ရှိပြီ။ သည်နှစ်ပေါင်းနှစ်ဆယ် အတွင်းမှာတော့ သည်ရပ်ကွက်လေး စည်ကားလာတာ အံ့သြဖို့ပင်ကောင်းသည်။ လူတွေက ပြောက်သောက် ၊ စရိုက်တွေက အမျိုးမျိုး ၊ အိမ်တွေကလည်း သပ်သပ်ခတ်ခတ် ရှိတာရှိ ၊ မရှိတာမရှိ ။ တောင်လှည့် ၊ မြောက်လှည့် ၊ ဘေးတိုက် ၊ အဖီချနေလို့ရသမျှ နေလိုက်ကြပုံများ။ သင်္ချာငါးပါး၌ အနေကသင်္ချာဟု ဆိုနိုင်သော ‘ များသောအားဖြင့် ’ သင်္ချာဟုပင် ဆိုရတော့မည်။
သူတို့အိမ်ကလေးမှာ မြင်းတွေသာ ပြောင်းခဲ့သည်။ ကိုကြာရိုးနှင့် မယင်းတော်ကတော့ အေးအေးလူလူ နေကြထိုင်ကြဆဲ။ တချို့က သူတို့အိမ်ကလေးကို ခလုတ်တိုက်လာကြသည်လည်း ရှိသည်။ဘိလိယက်ခုံ ထောင်ချင်လို့ ဝိုင်းတစ်ခြမ်းငှားချင်သူတွေလည်း ရှိသည်။ အပူရည် အခါးရည် ဆိုင်ကလေး ဖွင့်ချင်လို့ အနံ့တထောင်းထောင်းဖြင့် ရောက်လာသူများလည်း ရှိသည်။ လက်ဖက်ရည်ဆိုင် ဖွင့်ချင်လို့ ဆံပင်ညှပ်ဆိုင်ဖွင့်ချင်လို့ ၊ စက်ဘီးပြင်ဆိုင် ဖွင့်ချင်လို့။ တချို့ကတော့ ဓမ္မာရုံနှင့် တူနေသည့် အိမ်ကိုဖျက်ပြီး အိမ်ကျယ်ကျယ် ရှေ့တိုးဆောက်စမ်းပါ။ အောက်ထပ်စတိုးဆိုင် ဖွင့်ချင်လို့၊ တစ်လဘယ်လောက်ပေးပါမယ် ဆိုသည့် မက်လုံးတွေလည်း ရှိသည်။ တချို့က တိုက်ဆောက်ပေးပါရစေ ၊ အပေါ်ထပ် ဦးကြာရိုးတို့ နေပေါ့ ၊ အောက်ထပ်ကျမတို့ ယူမယ်။ စာချုပ်စာတမ်းနဲ့ပေါ့ဆိုတာမျိုးလည်း ကြားလာရသည်။ ငွေလုံးငွေရင်းကလေးပါတော့ မယင်းတော်က မိန်းမသားပီပီ နဲ့ချင်သည်။ ကိုကြာရိုးကတော့ လက်မခံ။
“ ငါ အေးအေး ဆေးဆေး နေစမ်းပါရစေ ယင်းတော်ရာ ”
သည်လောက်ပြောလိုက်ခြင်းသည်ပင် များလှပြီ။ သည့်နောက်ပိုင်း ကိုကြာရိုးတို့ ဝိုင်းကလေးမှာ သစ်သားတံခါးရွဲ့ရွဲ့ကြီး ပိတ်ထားတာများသည်။ ခါတိုင်း ဝါးလုံးတန်း ခြံစည်းရိုးကို ဖျက်ကာ ဝါးထရံ အပိတ်ကာပစ်လိုက်သည်။ ဝါးထရံနှင့် သစ်သားပိတ်တံခါးကို ကျော်ကာ ဝင်လာနေသည့် သဲကား ၊ အုတ်ကား ၊ သစ်ကား ၊ ထော်လာဂျီကားကအစ သစ်ဆွဲ ကျွဲလှည်း ၊ နွားလှည်း ၊ လူသံ ၊ ကားသံ ၊ ဟွန်းသံလောက်ကိုတော့ သူ ခံနိုင်သည်မဟုတ်သော်လည်း သူ တတ်နိုင်တာမဟုတ်။
အရွယ်လို့ ရောက်ပြီ ဆိုကတည်းက မိန်းမတစ်ယောက် ၊ မြင်းတစ်ကောင် တစ်ခါတစ်ခါ ခွေးနှစ်ကောင်နှင့်သာ သူ့ဘဝ ပြီးခဲ့ရသည်။ မြင်းလှည်းသမားပီပီ လမ်းပေါ်မှာ လမ်း၏ဘာသာစကားနှင့် အတန်အတင့် နေခဲ့သည်ဆိုသော်လည်း အိမ်ပြန်ရောက်သည်နှင့် သူ၏ ကိုယ် ၊ စိတ် ၊ နား ၊ လျှာ အားလုံးကို အနားပေးလိုက်သည်ချည်း ဖြစ်၏။
ရှေးအခါက မြို့၏ အသံဆယ်ပါးတွင် ဆင်သံ ၊ မြင်းသံ ၊ ရထားသံ ၊ စည်ကြီးသံ ၊ မုရိုးစည်သံ ၊ စောင်းငြင်းသံ ၊ သီချင်းသံ ၊ ခရုသင်း ၊ ပုလွေခရာသံ ၊ ကြေးနင်းခွက်ခွင်းသံ ၊ စားကြပါ သောက်ကြပါ ခေါ်သံဟူ၍ ရှိခဲ့ကြောင်း ပွဲထဲက ရွှေပြည်ဝန်တို့ ပြောတာမှတ်ခဲ့ဖူးသည်။အခုနောက်ပိုင်း သူတို့ရပ်ကွက်ကလေးမှာ ကြားနေရသည့် အသံတွေကတော့ ဒါတွေ မဟုတ်တော့ပါလား။ ဤအရပ်၌ ပြုပြင်စီရင်မှုမကင်းသော တရားဖြစ်သည့် သင်္ခတ တရားသည် ရောက်လာခဲ့ပြီ။ အကြောင်းပြုပြင် စီရင်အပ်သော သင်္ခါရတရားသည် ကပ်ငြိခဲ့ပြီ။
သည်ရပ်ကွက်ထဲက ကိုကြာရိုး၏ ဝိုင်းကွက်ကလေးဘေးမှာ ပထမဆုံးရောက်လာသည့်ဆိုင်မှာ အကင်ဆိုင်ဖြစ်၍ ဒုတိယရောက်လာသည့်ဆိုင်မှာ ဘိလိယက်ခုံဖြစ်ကာ တတိယရောက်လာသည်မှာ ကားဂိတ်ဖြစ်ပြီးလျှင် ဆံပင်ညှပ်ဆိုင်ကြီး ၊ လက်ဖက်ရည်ဆိုင်ကြီး ၊ ကာရာအိုကေနှင့် တည်းခိုခန်းတို့သည် အသီးသီးရှေ့နောက်စဉ်ကာ ရောက်ရှိလာကြလေသည်။
ညနေဘက်တိုင်ပြီဆိုင်လျှင် မီးသွေးပေါက် တဖျောင်းဖျောင်း ညှော်ကြီးနံ့တထောင်းထောင်းဖြင့် ရပ်ကွက်ကို ငန်းမန်းကြီးလိုက်အောင် အညှော်တိုက်လေတော့သည်။ ဘိလိယက်ခုံဆီမှ ဟေးခနဲ ဝါးခနဲ အော်သံကြီးသည်လည်း ကိုယ်၌မသာယာခြင်း ဒုက္ခ ၊ စိတ်၌မသာယာခြင်း ဒေါမနဿတို့ ကပ်ငြိလျက် ကိုကြာရိုး၏ မြင်းဇောင်းကိုကျော်ကာ ရေနံသုတ်ထရံကိုဖြတ်လျက် ဝင်ရောက်လေသည်။ ကားဂိတ်ဆီမှ မိုးမလင်းမီ ထပွက်လိုက်သော လူသံသူသံ စျေးသည်မတကာတို့၏ အသံတို့သည် လောဘတစ်ခု အိတ်တစ်ခုကြောင့် သူ့ထက်ငါကော ပြောချင်တိုင်းပြောကြလေရာ တရားမဲ့ချင်တိုင်း မဲ့နေတော့သည်။
အဆိုးဆုံးကတော့ စျေးချိုကို တိုက်ရိုက်ခရီးပေါက်သော ကားဂိတ်ကြောင့် ကိုကြာရိုး၏ စျေးချိုလိုက်မြင်းယာဉ်ဖောက်သည်များ ပါသွားကြခြင်းဖြစ်လေရာ ဘေးနှစ်ဆယ့်ငါးပါး၌ မကောင်းသော အဖြစ်တို့ ရောက်သောဘေးနှင့် ဥစ္စာပျက်စီးခြင်း ဘေးနှစ်ပါးသည် သူ့ပခုံးပေါ်သို့ ကျကျနန ခွမိခြင်း ဖြစ်လေသည်။ ထိုအခါ ကြိမ်ခက်ဘောင်းကန် ၊ ဖျဉ်းအိုးတန်ကို ၊ ပြောင်းပြန်ဦးစောက် ၊ သွန်ဘိမှောက်သကဲ့သို့ လူရောမြင်းပါ ဇောက်ထိုးကြီး ကျလေသည်။
လောင်စာဆီဆိုင်သို့ ဝင်ထွက်သွားမြဲ စက်ယာဉ်တို့သည်လည်း ‘ တလုံလဲလဲ ’ ထွက်စည်ဝင်စည် မတီးရုံတမြည်သာ ဖြစ်လေသည်။ ကာရာအိုကေကတော့ အဆိုးဆုံးဖြစ်၏။ ရပ်ကွက်တွင်း ရှိသမျှ အသံမျိုးစုံတို့၏ ဘေးမှ ဥပါယ်ငါးပါးဖြစ်သော မန္တရား ၊ မန္တာန် မန်းမှုတ်၍လည်း မလွတ်။ ပညာရှိနှင့်တိုင်ပင်၍ တစ်ခုသောအကြောင်းဖြင့်လည်း မရှောင်နိုင်။ ချစ်ဖွယ်သော စကားကို ဆိုခြင်းဖြင့်လည်း မကင်းနိုင်။ ဥစ္စာပစ္စည်းပေး၍ လွတ်အောင်ပြုသော်လည်း မပနိုင်။ အမျိုးအဆွေ တော်စပ်ကြောင်းပြော၍လည်း မတိမ်းနိုင်လေရကား ဘီလူးရန်မွှေ ၊ ဥပစ္ဆေလည်း ကြိမ်းထွေသံပ ကြက်သီးများသာ ထရလေသည်။
လက်ဖက်ရည်ဆိုင်မှ တအုန်းအုန်းထုသော အင်္ဂလိပ်ဘင်သံသည်လည်းကောင်း ၊ ဘောလုံးပွဲရုံဆီမှ ပွင့်ထွက်လာသော ကုလားဖြူဘောလုံးသမားတို့၏ အမည်နာမတို့ကို တမ်းရော်ခေါ်သံတို့သည်လည်းကောင်း ၊ အာလမ္ဗရ နှစ်ဖက်ပိတ်စည်ကို တီးသကဲ့သို့ ကြီးစွာသော လိုဏ်သံကို ပြုပြန်၏။ တည်းခိုခန်းရောက်လာသည့်အတွက် ရှေးရှေးက မမြင်ဖူးသော အစိမ်းအကျက် လူယောက်ျား လူမိန်းမတို့သည်လည်း ဆယ့်နှစ်မှုမင်းတိုင်းမှ လွတ်ချင်တိုင်း လွတ်နေလေသည်။
အိမ်ဟောင်းဖြိုသံ ၊ ပွတ်သံ။ သံစက် ၊ တွင်စက် ၊ ရွေဘော်စက်တို့၏ ယန္တရားအော်သံတို့သည်လည်း မနက်ခင်း၏ ကျက်သရေ ဖြစ်ခဲ့ပြီ။ မီးစက်ကြီးငယ်တို့၏ အသံမျိုးခုနှစ်ပါးကတော့ ည၏ဣန္ဒြေ။ စည်ကားလာသော ရပ်ကွက်ကို အကြောင်းပြု၍ အသစ်သစ်ရောက်လာကြကုန်သော ‘ အသည် ’ ‘ ဝင်နေကပ္ပား ’ တို့သည်လည်း ဤအရပ်၌ ‘ သတောင်းလည်’ ကြလေသည်။
ကိုကြာရိုး၏ ဓမ္မာရုံနှင့်တူသော အိမ်ကလေး ပတ်လည်မှာ အပြိုင်းအရိုင်းထလာသည့် တိုက်ခံ ၊ ပျဉ်ခံ ၊ တိုက်လုံး ၊ တိုက်မတို့သည်လည်း ထိုအိမ်ကလေးထက် မြင့်မားကြသည့် အားလျော်စွာ အသံဗလံတို့သည် အပေါ်မှအောက်သို့ မြှားမိုးကြီးရွာသကဲ့သို့ အခြားအလပ်မရှိ စိပ်စိပ်ကြီး ကျလေသည် ။ သုက္ခာသနီမည်သော မိုးရွာနေခိုက်မှာပင် မီးတောက်မီးလျှံထွက်၍ ပစ်လိုက်သည့် မိုးကြိုးကဲ့သို့ ဘယ်ဆီက ဘာမှန်းမသိရသော ဂျက်ဂျက်ဂျုန်းဂျုန်းမည်သံများကလည်း ကြောက်စရာ။
တစ်မနက်မှာတော့ ကိုကြာရိုးမြင်းလှည်းမထွက်ဘဲ မယင်းတော် အိပ်ယာက အနိုးကိုစောင့်သည်။ သူ့ဘဝ၌ ပထမဦးဆုံးအကြိမ် ထွက်ကျလာသော စကားများဖြင့် မယင်းတော်ကို နားချသည်။
“ မယင်းတော်ရေ မင်းနဲ့ ငါလည်း ဒီအရပ်နဲ့ မတော်တော့သလို တို့အိမ်ကလေးကလည်း ဒီအရပ်နဲ့ မလျော်ညီတော့ဘူး ထင်ပါရဲ့၊ စဉ်းစားကြည့်ပြန်တော့ သည်အိမ်ကလေးဟာ မင်းအိမ်လည်းမဟုတ်ဘူး ၊ ငါ့ လုံ့လနဲ့ ဆောက်ခဲ့တာလည်း မဟုတ်ဘူး ၊ ပြောကြစို့ဆိုရင် ငါ့ ပထမ မယားရဲ့ အိမ်တောင် မဟုတ်ပေဘူး ၊ မိဘဘိုးဘွားများ ထားခဲ့တဲ့အိမ်ပဲ ၊ သို့သော်လည်း သည်အိမ်ကို ငါတို့ ဆက်နေရင် ဖရုဿဝေဒနာ ၊ ဦးခေါင်းခဲတဲ့ ဝေဒနာ ၊ ဟာနိ စည်းစိမ်ဆုတ်ယုတ်ပျက်စီးတဲ့ ဝေဒနာ ၊ သရီရဘေန ကိုယ်အင်္ဂါ ပျက်စီးတဲ့ဝေဒနာ ၊ ကရုဏာဗာဓ ဆေးကုလို့မရတဲ့ ဝေဒနာတွေ အကျကြီး ကျတော့မယ် ၊ သည်တော့မှ စိတ္တက္ခေပခေါ်တဲ့ ရူးသွပ်ခြင်းကို ရောက်ကြဖို့ ရှိတော့တယ်။ ဒဏ်ဆယ်ပါးမှ ဒဏ်ငါးပါး မြိုက်မြိုက်ကြီး ဆိုက်နေပြီကောကွဲ့။ အိမ်ကလေးကို မရောင်းဘဲ အငှားနဲ့ ထားကြစို့ရဲ့။ ငါလည်း မြင်းနဲ့ လှည်းဖြုတ်ပြီး အိမ်ငှားခကလေးနဲ့ ဘဝဝမ်းကျောင်းတော့မယ်။ ဟိုမြစ်စောင်းမှာ တဲကလေးထိုးပြီး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ချမ်းသာခြင်း ၊ နား၏ချမ်းသာခြင်း ရှာကြစို့။ ကိုင်း ဘယ့်နှယ်တုံး”
မယင်းတော်ကတော့ ဝိပ္ပတိတရားလေးပါး ၊ ဗျသနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းလေပြီဆိုသည့်လေသံဖြင့် ‘ အင်း ’ တစ်လုံး ချလေသည်။ ကိုကြာရိုး၏ ပထမ မယားက ရသောအမွေဖြစ်သည့် အိမ်ကလေးရှေ့မှာ “ ငှားရန် ” ဟု မြေဖြူဖြင့် ရေးလိုက်သည့် မနက်မှာပဲ အသံချဲ့စက် ကက်ဆက်ပြင်ဆိုင် ဖွင့်ချင်သူက ကြိုက်စျေးပေးကာ ငှားလေသည်။
မြစ်စောင်းရေထိပ်က သောင်ပြန့်မှာ ကိုကြာရိုးတို့ လင်မယားနေထိုင်ကြသည်။ တစ်ခါတစ်ခါ လခွဲတစ်ကြိမ်ဆိုသလို သူတို့အိမ်ကလေးကိ လွမ်းသည့်အခါ ညကြီးသန်းခေါင်ကျော် လူခြေတိတ်မှ ဖြုတ်ခနဲလာကြည့်ကြကာ အလွမ်းဖြေသည်လည်း ရှိ၏။ ရေနံရည်ဝ အိမ်ကလေးကတော့ ရပ်ကွက်အလယ်မှာ ခုနှစ်ပြည်ထောင်မင်းတို့၏ ဘိသိတ်ပွဲသဘင် အခမ်းအနား၌ ငုတ်တုတ်ကြီးထိုင်နေသော ကျေးတောသားကဲ့သို့ မဝံ့မရဲ ရှိလေသည်။
---
အိမ်ကလေး (၉) သို့ ဆက်ရန်။
#နေဝင်းမြင့်
#အိမ်ကလေး
#shared_by_louis_augustine
Comments
Post a Comment