ကျွန်တော့် ဘဝဇာတ်ကြောင်း ( အာတား ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( အာတား ) // သော်တာဆွေ

---

အာတား

ဂျပန်ခေတ်သည် ရန်ကုန်မြို့တွင် မြင်းလှည်းခေတ်အကောင်းဆုံးဖြစ်ရကား ပေါင်းတည်။ နတ်တလင်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ လက်ပံတန်း၊ တိုက်ကြီး၊ မှော်ဘီ၊ ညောင်လေးပင်၊ ပဲခူး၊ လှည်းကူး၊ သနပ်ပင် စသည့်အရပ်က မြင်းလှည်းတွေပါ လာရောက်မောင်းနှင်ကြကုန်သည်။ 

သထုံက ဘုံပြတ်တွေပင် ရောက်လာကြလေသည်။

ဘုံပြတ်သည် လှည်းကန့်တိုတို မတ်စောက်စောက်နှင့် ကြည့်ရတာတမျိုးပင်။ ရန်ကုန်လှည်းတွေကား ကယ့်အိမ် ခြေချနှင့် ယဉ်စစရှိသည်။ ပြည်ရွှေတောင်မှ ကြို့ပင်ကောက် တိုက်ကြီးအထိ မြင်းလှည်းတို့ကား ကယ့်အိမ် ခြေချမပါ၍ ကျွန်တော်တို့က “ဗြန့်လှည်း” ́ဟုခေါ် ကြသည်။ ဝန်များများ လူများများ တင်နိုင်သည်။ ခိုင်ခန့်သည်။ လေးလံသည်။

မြင်းလှည်းဈေးသည် ရန်ကုန်မှာဆုံးသည်။ ရန်ကုန်မှာ အကြီးဆုံးဖြစ်သည်။ ရန်ကုန်မှ တခြားထွက်၍ ဝေးလေ ဈေးသက်သာလေဖြစ်သည်။

ထို့ကြောင့် ကျွန်တော်၏ ဒုတိယမြင်းကို ဝယ်ရန် သရက်ချောင်းသို့ ရောက်ခဲ့သည်။ ဤသရက်ချောင်းဆိုသောအရပ်သည် ရွာသာသာ မြို့မကျ တောမက တော်တော်ချောင်ကျသည်။

မှော်ဘီနှင့်တိုက်ကြီးအကြားဝယ် တိုက်ကြီးဘက်နီးသည်၌ အနောက်စူးစူးကိုသွားသော လမ်းခွဲ ကလေးရှိသည်။ ဤလမ်းကလေးအဆုံးမှာ ချောင်းကန့်လန့်ခံနေသည်။ သရက်ချောင်းသည် ထိုချောင်းကလေးနဘေးမှာ တည်ရှိသည်။ ကုလား၊ တရုတ်၊ ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်များ ရှိသည်။

ထို့ကြောင့် မြို့မကျ တောမကဟုဆိုပါသည်။

မြင်းလှည်းလမ်း၊ လှေလမ်းဆုံရာ ဖြစ်သည်။ ဤအရပ်ကို မှော်ဘီ လှပဒါးရွာမှ ဝါးခယ်မလမ်းရှိ ကိုမောင်ခင်၏ အိမ်မှာတည်းပြီး မြင်းလှည်း မောင်းနေကြသော ဦးထွန်းရင် ကိုတင်အေးတို့နှင့်ပတ်သက်ပြီး ရောက်ခဲ့ကြခြင်းဖြစ်သည်။

ကျွန်တော်တို့ရန်ကုန်မှ လာခဲ့ ကတဲကိုက ကိုမောင်ခင်၏ မြင်းလှည်းနှင့် လှပဒါးရွာမှာ ခရီးထောက်ပြီး နောက်တနေ့ သရက်ချောင်းသို့ မောင်းခဲ့ကြသည်။ ဦးထွန်းရင်နှင့် လူဆက်ရှိသည်။

ဤမှာ ကျွန်တော်တို့ ဆိုင်မိကြသည်ကား လှည်းနှင့်မြင်းနှင့်တွဲရက်။ သို့သော် မြင်းကလေး လေးခါလည်သားမျှ ငယ်ပြီးလှည်းကြီးက ဖော်ပြခဲ့သည့် “ဗြန့်လှည်း” မျိုးဖြစ်နေသည်။ ဤမြင်းနှင့် ဤလှည်းကိုကား မသင့်လျော်ပေ။ သို့သော် ဈေးကသက်သာပေသည်။ လှည်းကြီးက ကြိုက်လောက်၏။

မြင်းကလေးကား အသက်အရွယ်ငယ်သဖြင့် အားကိုးခွင့်ကို မသုံးလောက် သေးပေ။ လာမိလက်စ လက်ချည်းပြန်သည်ထက် ရန်ကုန်ရောက်တော့ မြင်းကလေး လှည့်ထုတ် မည်ဟု ကျွန်တော်ဝယ်ခဲ့တော့၏။

ဤမြင်းကလေး အမွှေးအရောင်က မြင်းနီ ဒူးမဲ၊ ဝှေးသင်းပြီးသားမို့ သဘောသကာယ အလွန်ကောင်း၏။ သို့သော် သူ့အမွှေးအရောင်အလျောက် မြင်းကောင်းထဲ မရောက်ပေ။ လေးလေးမှန်မှန်အစားထဲကဖြစ်၏။ သည်အထဲ သူ့အသက်ကလေးကနုသေးသဖြင့် တနှစ်လောက် သူ့အား မြင်းတန်းစေ့ မမောင်းနိုင်သေးပေ။ အခြားမြင်းလုပ်အား၏ တဝက်မျှ (ဝါ) တနေ့တခေါက်လောက်သာ ဝန်ပေါ့ပေါ့နှင့် မောင်းနိုင်သေးမည်ဖြစ်သောကြောင့် သူ့နာမည်ကို ဝယ်ပြီးကထဲက ကျွန်တော်တို့သည် အရက်သမားပီပီ “အာတား” ဟုမှည့်ခေါ်လိုက်ကြ၏။

အာတားသည် ပတ်လယ်လေးလို မြင်းပု၊ မြင်းညှက်၊ မြင်းအမာစားထဲက မဟုတ်ပေ။ လည်စတိုတို၊ နွားကိုယ်လို ပုကွကွနှင့် အကောင်ကြီးလမ်းရှိသေး၍ နောင်တနှစ်လောက်စောင့်၊ ငါးနှစ်ကျော် ခြောက်နှစ်ထဲရောက်မှ အားကိုးခွင်ကိုး ခိုင်းရမည်။

သို့သော် ကျွန်တော့်လက်ထဲရောက် သုံးလလောက်အကြာ၌ ဗဟန်းစာတိုက်ရှေ့တွင် ဂျပန် စစ်ကား နောက်မြီးရိုက်ခံရ၍ ညာဘက်လက်ဆစ်မှာ ကြီးစွာသောဒဏ်ရာရသည်။

တာမွေ ဖိုးစိန်လမ်း၌ ကျွန်တော့်ယောက္ခမ၏ ဆွေမျိုးများရှိသည်။ ရှေးအင်္ဂလိပ်ခေတ်က အရေးပိုင်အဆင့်အတန်းမြို့ ခြံဝင်းကျယ်ကြီးနှင့် အိမ်ကြီးကလည်း ကြီးကျယ်လှပါသည်။ ထိုအိမ်၌ အဖွားအိုအပျိုကြီးတယောက်ရှိသည်။ ယောဂီဝတ်သည်။ တနေ့သ၌ ဤယောဂီကြီးသည် ကျွန်တော်တို့အိမ် ရောက်လာပြီး ကျွန်တော့် ယောက္ခမအား

“အောင်မယ်လေး၊ သမီးအိမ်ထောင် ကျတာမှ ဒို့မသိရပါလား။ ဆွေမျိုးအဆက် ဖြတ်ထားတာလား။ မေမေကြီးတို့အိမ်ကို မလာကြ တော့ဘူးလား”

ဘာလား ညာလားဖြင့် တညအိပ်အလွမ်းသယ်ပြီး နောက်တနေ့မနက်မှာ သူ့လိုက် ပို့ရင်း ကျွန်တော်တို့အားလုံးပါ သူတို့အိမ်လိုက်ရန် ခေါ်သဖြင့် မြင်းလှည်းပေါ်မှာ ဤအဖွားကြီး ရယ်။ ကျွန်တော့်ယောက္ခမရယ်၊ ကျွန်တော့်ဇနီးနှင့် သမီးလေး ထိုင်နိုင်စအရွယ် ပါခဲ့သည်။

ရထားကို ဂျပန်စစ်ကားအတိုက်၌ ငိုက်ခနဲ ကျွန်တော်တယောက်သာ ရှေ့ဝပ်လျားထိုး ကျသည်။ လက်မောင်းအနည်းငယ်ပွန်းသွားသည်။ ကျန်လူများ ဘာမျှမဖြစ်။ မြင်းလှည်းညာဘက် လက်တံ ထက်ပိုင်းကျိုး၍ ဤအကျိုးနှင့်ထိုးခြင်းဖြင့် အာတားလက်မှာ ကြီးစွာသော ဒဏ်ရာရသည်။ နှစ်လလောက် လုံးဝမမောင်းနိုင်ဘဲ ဆေးကုနေရသည်။ ကျွန်တော့်ဇနီးနှင့် ယင်းကို အလျော်ပေးသည့်သဘောဖြင့် ယောဂီအဖွားကြီးသည် သမီးလေးကို ကျွန်တော်ပါ သူတို့အိမ်မှာ လာရောက်နေထိုင်စေပါသည်။

သို့သော် ကျွန်တော်မပျော်ပိုက်နိုင်ပါ။ ထိုခေတ်ထိုအခါ၌ ရှေးခေတ်က အရာရှိဟောင်း တို့၏ အိမ်ထောင်များမှာ အတွင်းပစ္စည်းကို အလီလီထုတ်၍ ရောင်းစားနေရသည်ဖြစ်ပါ၏။ နေကြတာ မှာလည်း အဖွားကြီးနှစ်ယောက်နှင့် သမီးအသက်သုံးဆယ်မျှ တခုလပ်မတယောက်။ မိန်းမသား ချည်းဖြစ်၍ အချွေတာဆုံးသုံးကြသည်။ ဟင်းကို မယ်မယ်ရရဝယ်ပြီး ချက်မစားကြ။ နွားနို့နှင့် ထမင်းစားသည်။ ငှက်ပျော်သီးနှင့် စားသည်။ ကျွန်တော်က ဒါတွေမစားနိုင်မှန်းသိတော့ မှ အာလူး၊ ပဲ၊ ငါးခြောက်လောက်ချက်ကျွေးသည်။

ထို့ပြင် အဆိုးရွားဆုံးကား ဒီအိမ်ကြီးမျိုးမှာ အိပ်ခန်းတိုင်းနောက်ဖေးခန်းရှိ၍ နောက်ဖေး အိုးထားသည်။ ရှေးခေတ်ကောင်းစဉ် အရေးပိုင်အိမ်ဆိုတော့ အစေခံတွေ အမျိုးမျိုးနှင့် နောက်ဖေးအိုး သိမ်းဆည့်မည့် မယ်တယ်ကုလားလဲ ရှိရမည် မုချပေါ့။ ခုတော့ခင်ဗျာ၊ လောကဓမ္မတာ ရသော၊ လာဘော၊ ပြီးတော့ အရေးပိုင်မင်းကြီး ကွယ်လွန်ပြီးတည့်နောက် အရသော၊ အလာဘောနှင့် ကြုံကြိုက်ချိန်ဖြစ်ရကား အစေခံဝေးလို့ ခွေးတကောင်မျှမရှိ။ ကိုယ့်နောက်ဖေး အိုးကိုယ်နေ့စဉ် သုတ်သင်နေရတော့ ကျွန်တော် နှစ်ရက်လောက်ပဲ နေနိုင်ခဲ့ပါတယ်။ ကျွန်တော့် ဇနီးနဲ့ သမီးလေးသာ ချက်ချင်းကြီး ပြန်ရမှာ သူ့အဖွားများ အားနာပါတယ်ဆိုပြီး အဲ့လေးငါး ရက်လောက် ကြာခဲ့ထင်ပါ့။ သည်အတွင်းမှာ ကျွန်တော့်ဇနီးအား ခေါက်ဆွဲကြော်၊ ထမင်းကြော် များ ပို့ခဲ့ရပါသည်။

အာတား လက်နာနေစဉ်မှာ ကျွန်တော်သည် ပတ်လယ်လေးတကောင်ကိုသာ မောင်းခဲ့ရပါ၏။ သို့သော် အာတား ပြန်မောင်းနိုင်ပြီး ရက်မကြာမီမှာ ပတ်လယ်လေးသေပါသည်။ သူသေပုံက မြန်ဆန်လှ၏။ တရက်မှ အမောင်းမပျက်ခဲ့ပါ။ သေမည့်မနက်မှာ ညက ထည့်ထားသော အစာတွေ လုံးဝမစားဘဲ တုံးလုံးလဲနေသည်။ မြင်းဆရာခေါ်ပြတော့ အအေးပတ်ပြီး ဆီးချုပ် ဝမ်းချုပ်ဖြစ်တာတဲ့။ ဆေးတိုက်လို့ ကျွေးလို့မရတော့ပါ။ ဆရာက ဝမ်းချူပါသည်။ ချေးမထွက်မီ အသက်ထွက်သွားပါ၏။ 

မြင်းတို့မည်သည် ဤသို့လျင်မြန်စွာလည်း သေတတ်၏။

ထိုသရောအခါမှာ ကျွန်တော်တို့ အိမ်ထောင်သည် တနေ့လျှင် တခေါက်မျှသာမောင်းရ၍ တဝက်မျှသော ဝင်ငွေသာရသည့် အာတားနှင့် မဖြစ်တော့ပြီ။

ထို့ကြောင့် ကျွန်တော်သည် အာတားကို ရောင်းပစ်ပြီးတော့ ယောက္ခမကြီးက ငွေတဝက် စိုက်ဖြင့် ရာနှုန်းပြည့် ခိုင်းနိုင်သော ထိပ်တန်းမြင်းတကောင်ကို သမက်ယောက္ခမနှစ်ဦးပိုင် ဝယ်လိုက်ကြတော့၏။ ဤမြင်းနာမည်ကို “တက်တိုး” ဟု ကျွန်တော်ကပေးလိုက်သည်။ ဤနေရာ၌ စာဖတ်သူသည် ဆရာတက်တိုးကို သတိရကြပေလိမ့်မည်။ စင်စစ်လည်း ကျွန်တော့်မြင်း တက်တိုးမှာ ဆရာတက်တိုး၏ နာမည်မှတဆင့် လာကြောင်းဝန်ခံပါသည်။

ကျွန်တော်ကျောင်းသားဘဝကပင် ဆရာတက်တိုးသည် ကျွန်တော်ကြိုက်သော စာရေး ဆရာတယောက်ဖြစ်ခဲ့၏။ အထူးသဖြင့်အမှတ်ရသည်မှာ (ဒဂုန်မဂ္ဂဇင်းမှာထင်သည်။) “အိုင်စီ အက်စ်”ဝတ္ထု။ ထိုခေတ်က အိုင်စီအက်စ်ရူး၊ အိုင်စီအက်စ်ကို သမက်ဖမ်းလိုသူများအား သရော်ထားသည်။

သူငယ်ချင်းနှစ်ယောက်သည် လူလောက်ကြီးသော မျောက်ကြီးအား အမွေးများရိတ်၍ ဗီးလတ်သားလို ဝတ်ဆင်ပေးကာ အိုင်စီအက်စ် သမက်ဖမ်းလိုသူ အိမ်သို့ခေါ်သွား၍ ဒါသူတို့ အကိုကြီးပါ။ ဗီးလတ်က အိုင်စီအက်စ် အောင်ပြီး ပြန်လာခဲ့တာမကြာသေး။ သင်းဘောပေါ်မှာ အအေးမိခဲ့သဖြင့် အသံဝင်နေ၍စကားမပြောနိုင်သေးကြောင်း ဇာတ်လမ်းဆင်ထား၏။

နကိုဗီဇဓာတ်ခံက သည်လိုသရော်စာမျိုး အင်မတန် ကြိုက်သော ကျွန်တော်သည် ဤဝတ္ထုတပုဒ်တည်းဖြင့် “အိုင်စီအက်စ်”နှင့် “တက်တိုး”နာမည်ကို စွဲခဲ့သည်။ 

ကျွန်တော်သည် ဘယ်အခြေဘဲရောက်ရောက်၊ ဘာဘဲလုပ်နေရနေရ၊ စာပေစိတ်ကတော့ ကိုယ်မှခွာသည် မဟုတ် မူ၍ စိတ်ကြိုက်တွေ့သော ကိုယ့်မြင်းကို နာမည်ပေးရန် စဉ်းစားလိုက်သောအခါ ကိုယ့်စိတ်ကြိုက် ဖြစ်ခဲ့သော “တက်တိုး”ကို သတိရခြင်းပင် ဖြစ်တော့သည်။

နှောင်းသော်ကာလ၊ ကျွန်တော်စာရေးဆရာ ဖြစ်လာသောအခါလည်း ခွေးသော်တာဆွေ၊ ကြောင်သော်တာဆွေ၊ မော်တော်ကား သော်တာဆွေ စသည်များ ဖြစ်နေသည်တို့ကို ကြားသိ တွေ့မြင်ရပါ၏။ ဤကား လူတို့၏ ခင်မင်နှစ်သက်မှုအမှတ်တရ ပြုတတ်ကြခြင်းများ ဖြစ်ပေသည်။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments