စက္ကူမင်းသား // ခင်ခင်ထူး

စက္ကူမင်းသား // ခင်ခင်ထူး 

(ရတနာသစ်မဂ္ဂဇင်း၊ ၁၉၉၇ခုနှစ်၊ ဇွန်လ။)

---

(၁)

“လွမ်းတော်မူလို့ စာကိုစီတယ်… 
တိမ်နီ တိမ်ဝါ တိမ်ပြာတွေသန်းပြန်တော့ … 
ဘယ်ဆီသို့ ဘယ်ဝါသို့ လွမ်းပါရတယ်၊ 
ညွှန်းကာဆဘွယ်… ကြာပင်အိုင်ကြီးအလယ်”

ဘကြီးစံလက်ထဲက မင်းသားလေးဟာ ခြေနှစ်ဘက် လက်နှစ်ဘက် မြောက်တက်သွားလိုက် … ပြန်ကျလိုက်။ က,နေတဲ့ စက္ကူရုပ်ကလေးပါ။ ကြိုးတစ်ချောင်းထဲနဲ့ ထိန်းဆွဲတာဆိုပေမယ့် အချိုးအဆစ်ကျတယ်။ ကျဆို စက္ကူကို ကိုက်ဖြတ်ကတည်းကိုက အဆစ်လိုက် အပိုင်းလိုက် ဆစ်ပိုင်းညှပ်ထားတာကိုး။ ဘကြီးစံက ဒူးယားဗူးခွံကလေးတွေကို စုပြီး ကပ်ကြေးနဲ့ ပုံဖော်ညှပ်တယ်။ ဦးခေါင်းနဲ့ ကိုယ်လုံး (တောင်ရှည်ပုဆိုး ခါးတောင်းကျိုက်ထားတဲ့ပုံစံ) က တစ်ပိုင်း၊ ဒူးဆစ်က တစ်ပိုင်း၊ ခြေသလုံးနဲ့ ခြေနင်းက တစ်ပိုင်း၊ ပြီးတော့ လက်နှစ်ဘက်ကိုလည်း က,ကြိုးသွယ်နေတဲ့ဟန် တစ်ခုစီ ညှပ်ထားတာပါ။ အဲသည် အပိုင်းအစလေးတွေကို တစ်ခုစီဆက်ပြီး ကြိုးနဲ့ သီချုပ်တယ်။ ဝါးခြမ်းပြားလေးမှာ ကော်နဲ့ကပ်တယ်။ ပြီးတော့ ဆေးခြယ်ရတယ်။ အဲဒါ ဘကြီးစံကိုယ်တိုင် လုပ်ရောင်းတဲ့ စက္ကူမင်းသားရုပ်ကလေးပဲ။

ကြိုးကလေးကို ဆွဲလိုက်တိုင်း မင်းသားလေးက ခြေရော လက်ရော တစ်ပြိုင်နက် လှုပ်ရှားသွားတတ်တယ်။ ဘကြီးစံလက်ထဲက မင်းသားလေး က,နေတာပေါ့။ မင်းသားလေးရဲ့ကဟန်နဲ့ ဘကြီးစံရဲ့ သီချင်းက လိုက်ဖက်ညီနေလို့ ထင်ပါရဲ့၊ ဘကြီးစံဘေးမှာ ဝိုင်းအုံနေတဲ့ကလေးတွေဟာ ငြိမ်သက်ပြီး ကြည့်နေကြတယ်။ ဘကြီးစံကိုယ်တိုင်လည်း မျက်လုံးထဲမှာ တကယ့်ကို လွမ်းရိပ်တွေ ဝေ့သီလို့ပါ။

ဟိုတုန်းက ဘကြီးစံဟာ သည်လိုဘဝမျိုးရောက်လိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ။ ရွှေထီးဆောင်းခဲ့ရသူပါ။ ဘကြီးစံတို့က ဟောသည် မန္တလေး ဇာတိစစ်စစ်တွေ၊ ဘိုးစဉ်ဘောင်ဆက် ကုန်ရောင်းကုန်ဝယ် လုပ်ခဲ့ကြတယ်။ အနယ်နယ် အရပ်ရပ်ကလာတဲ့ ကုန်တွေ ဝယ်လှောင်ပြီး ရောင်းဝယ်ဖောက်ကားခဲ့ကြတယ်လေ။ အင်း … အနှစ် ၄ဝ ကျော်လောက်တုန်းကတော့ ဘကြီးစံတို့ သန်တုန်းမြန်တုန်းပေါ့။ ဆိုင်အလယ်တည့်တည့်က နှီးချောဖျာပုံကြီးပေါ်မှာ ကွမ်းအစ်တစ်လုံးနဲ့ တင်ပျဉ်ခွေထိုင်ရင်း သမီးတွေကို ဈေး ရောင်းသင်ခဲ့တယ်။

“ဟဲ့ မယ်သင် … ဟောဟိုနှီးပုံတွေ တစ်လုံးကို ဆယ်ပြားတက်ရောင်းဟ၊ ခုလို နွေမှာ တစ်မတ်တက်လည်း ကုန်သွားမှာပဲ”

“တောင်တွင်းက ကိုဖိုးချက်တို့လာတယ်။ ဖျာတွေ ပိုဦးမတဲ့၊ ယူထားလိုက်ကွဲ့… ပုပ်ကုန် သိုးကုန် မဟုတ်ဘူး”

“ကျဈေးလည်း ရောင်းလိုက်ပကွယ် … နောက်ထပ် ကိုယ်ဝယ်ရတာလည်း ဒီဈေးနဲ့ပဲမို့လား။ ကြည့်နေ မိုးဦးကျတော့ ထယ်တွေ ဈေးတက်လိမ့်မယ်။ သုံးလအတွင်း ထေမိပါတယ်လေ”

လွမ်းတယ်၊ ဘကြီးစံ တကယ်လွမ်းတယ်။ ရောင်းလို့ ဝယ်လိုကလည်း ကောင်း၊ လူတွေကလည်း ကိုယ့်လူအချင်းချင်းကိုး။ ပြောကောင်း ဆိုကောင်း ရိုးသားလိုက်ကြတဲ့ ရှေးဗမာတွေပ။ အခုဆို ဘကြီးစံ အသက် ရှစ်ဆယ်နီးခဲ့ပါပြီ။ ကိုယ့်ရှေ့မှာပဲ ပြောင်းလဲသွားလိုက်ကြတာ။ ပြောင်းပြန်တွေကို ဖြစ်လို့။ မျက်စိလည်ပါဘိ။ ဟိုတုန်းက လမ်းတွေ အိမ်တွေ ဘယ်ရောက်ကုန်မှန်းတောင် ဘကြီးစံ မသိတော့ဘူး။ အေးလေ … ကိုယ် ကိုယ်တိုင်ကမှ ကိုယ်နေခဲ့ဖူးတဲ့နေရာ ကိုယ်မမှတ်မိဘဲကလား။

ကုက္ကိုပင်ကြီးအရိပ်မှာ ခိုနေရပေမယ့် အညာနွေကတော့ ပူလွန်းလှတယ်။ မန္တလေးမှာ မပြောင်းမလဲ သစ္စာရှိရှိကျန်နေတာ အဲသည်အညာနွေပဲ။ ဘကြီးစံက ခေါင်းပေါင်းသဘက် ညစ်ထပ်ထပ်လေးနဲ့ ချွေးတွေကို သုတ်ပစ်လိုက်တယ်။ ခပ်သဲ့သဲ့ တိုက်ခတ်လာတဲ့ လေညှင်းကလေးကို ရှူရှိုက်ရင်း သမီးတွေကို သတိရမိတယ်။

ခေါင်းပေါင်းသဘက်ကလေး ညစ်ပတ်နေရင် “သမီးမရှိဘူးလား” လို့ အမေးခံရတတ်သတဲ့။ ရှိပါ့ ရှိပါ့။ ဘကြီးစံမှာ သမီးသုံးယောက် ရှိတာပ။ ဒါပေမဲ့ “ဆပ်ပြာကောင်းမှ ခေါင်းပေါင်းဖြူတယ်” ဆိုတာကိုလည်း ဘကြီးစံ မမေ့ပါဘူးလေ။ ဘကြီးစံ ဒါတွေကို မတွေးချင်ပါဘူး။ ကိုယ့်ဘဝ ကိုယ်ရုန်း ကိုယ့်ဆံထုံးကိုယ်ဆီထည့်ခဲ့ရတဲ့ ကာလတွေ ကြာပါပကော။

(၂)

သွားလေသူ မယ်သင်ကတော့ သမီးတွေကို ဗိုင်းကောင်းကျောက်ဖိ အုပ်ထိန်းနိုင်ခဲ့တယ်။ အမျိုးကောင်းသမီးလေးတွေပါ။ သူတို့ခမျာ လိမ္မာကြရှာပါတယ်။ အကြီးမ ခင်ကြည်က ဘကြီးစံတို့ဆိုင်မှာ နှီးချောဖျာတွေ လာလာသွင်းတဲ့ တောင်တွင်းသား စိန်အောင်နဲ့အိမ်ထောင်ကျပြီး တောင်တွင်းပြောင်းသွားတယ်။ မယ်သင်ပြောခဲ့တဲ့စကား ဘကြီးစံ မှတ်မိသေးတယ်။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ ကိုရင်ရဲ့၊ စိန်အောင်လိုလူမျိုးက ကျုပ်တို့သမီးကို အငတ်ထားမယ့်လူမျိုး မဟုတ်ဘူးတော့်”

စိန်အောင်ကတော့ အငတ်ပစ်မထားဘူးပေါ့ မယ်သင်ရယ်။ ဒါပေမဲ့ ခုခေတ်ကြီးထဲမှာ စိန်အောင်ရဲ့နှီးချောဖျာတွေအစား ဖယောင်းပုဆိုးတွေ၊ ကော်ဇောတွေ သုံးနေကြတာ နင် မြင်စေချင်လိုက်တာ။ 

ဘကြီးစံအတွေးက အလတ်မ ခင်ရီဆီ ရောက်သွားပြန်တယ်။ ခင်ရီကတော့ ဟောသည် မန္တလေးမှာပါပဲ။ ဘကြီးစံနဲ့ အတူနေတယ်။ သူ့ယောက်ျား ကျော်အေးက ဆိုက်ကားနင်းတယ်။ အစတုန်းကတော့ ကျော်အေးလည်း ဘကြီးစံတို့နဲ့ ဆိုင်နီးနားချင်း မိတ်ဆွေကြီး ကိုဘတူသားပေါ့။ ခုတော့ သူတို့လည်း ဆိုင်ပျောက် မြေပျောက်။ ဘကြီးစံရတဲ့ မြို့သစ်အိမ်ကလေးမှာပဲ အတူစား အတူနေ၊ မြေးတွေ တစ်အုပ်တစ်မကြီးကြားထဲ လူပိုကြီး မလုပ်ချင်တာနဲ့ ဘကြီးစံ ဟောသည်အရုပ်ကလေးတွေ လုပ်ရောင်းနေတာပေါ့၊ အရင်းအနှီးလည်း သိပ်မကုန်၊ အိမ်မှာ ငုတ်တုတ်မဲတဲ ထိုင်ပျင်းနေရတာနဲ့စာရင် မြေးတွေ မုန်ဖိုးရတာပ။ 

အငယ်မ ခင်သီကတော့ ကံကောင်းတယ် ပြောရမလား။ ကံဆိုးတယ်ပြောရမလားတောင်ဘကြီးစံ မသိတော့ပါဘူး။ သူ့ယောက်ျားက ခေတ်ပညာတတ်လေး။ ဒါပေမဲ့ အလုပ်အကိုင် မယ်မယ် ရရမရှိတာ ခက်တာပေါ့။ ထီးထမ်းလမ်းလျှောက်။

“ဘဘကြီး မင်းသားရုပ်ကလေး တစ်ရုပ် ဘယ်လောက်လဲဟင်” 

ဘကြီးစံရဲ့အတွေးစတွေ ပြတ်တောက်သွားတယ်။ မော့ကြည့်လိုက်တော့ သူ့မြေးတွေလို ခပ်ပေပေပုံစံလေးတွေ။

“ငါးကျပ်ပါကွယ်”

“ငါးကျပ်”

ကလေးက ဘကြီးစံလေသံအတိုင်း သံယောင်လိုက်ပြောရင်း နောက်ဆုတ်သွားတယ်။ မင်းသားရုပ်ကလေးကို ကြိုးဆွဲပြမယ့် ဘကြီးစံလက်တွေက ကလေးရဲ့ ဝလုံးလေးလို ဝိုင်းသွားတဲ့ နှုတ်ခမ်းလေးကြောင့် လမ်းမှာပဲ ရပ်တန့်သွားတယ်။ သည်အဖြစ်မျိုးကလေးတွေ ခဏခဏ ကြုံတွေ့ဖူးတာမို့ ဘကြီးစံအဖို့ရိုးနေပါပြီလေ။

“ဪ … ငါ့မြေးတို့ရယ်”

(၃)

သည်နေ့အရုပ်ရောင်းရတာ တယ်မဟန်ပါလား။ မဟန်ဆို ဘကြီးစံ လှည့်နေတဲ့ရပ်ကွက်က ကလေးတွေလက်ထဲမှာ ငွေငါးကျပ်ဆိုတာ အရှားသားကလား။ အဲသည်တော့ ဘကြီးစံ မြို့ထဲဘက် သွားရောင်းဖို့ စိတ်ကူးလိုက်တယ်။ ဘတ်စ်ကားပေါ်ရောက်တော့ အရုပ်ကလေးတွေ ကျိုးကြေမသွားရအောင် လွယ်အိတ်ကလေးကို ရင်မှာ ပွေ့ပိုက်ထားလိုက်တယ်။ 

“ဟော … ခင်ဗျား ကိုဘစံမို့လား”

လူတစ်ယောက်က လှမ်းနှုတ်ဆက်တာမို့ ဘကြီးစံ မော့ကြည့်လိုက်တယ်။ အဲသည်လူကို မြင်ဖူးသလိုလိုရှိပေမယ့် ဘကြီးစံ မမှတ်မိဘူး။ အင်း … အသက်ကြီးလာတော့ မှတ်ဉာဏ်ကလည်း တယ်နည်းချင်သကိုး။ မန္တလေးမြို့ကြီးထဲ မရောက်တာလည်း အတော်ကြာမင့်ဟာ။ အေးလေ ... မိတ်ဟောင်းဆွေဟောင်းတွေဆိုတာလည်း ဘယ်ဆီရောက်ကုန်ပြီမသိ။ 

“ကိုဘစံ၊ ခင်ဗျား ကျုပ်ကို မမှတ်မိဘူးလား”

“ဪ… အင်း”

“ကျုပ် မြင်းခြံက ကိုဘညိုလေဗျာ။ ခင်ဗျားဆိုင်က ဖောက်သည်ကြီးလေ”

“ဟာ … ကိုဘညို … အေးဗျာ ကျုပ်ကို ခွင့်လွတ်ပါ။ ကျုပ် …” 

ဘကြီးစံစိတ်တွေက အတိတ်ကို ပြန်ပြေးသွားတယ်။ ကိုဘညိုဟာ သူ့ရဲ့ရောင်းရင်းမိတ်ဆွေဟောင်းကြီး။ ကိုဘညိုရဲ့ကုန်တွေ သူက ဝယ်၊ သူ့ကုန်တွေကို ကိုဘညိုကဝယ်နဲ့၊ လုပ်ငန်းကိစ္စရော ငွေကြေးကိစ္စရော အကုန် စိတ်ချလက်ချ ဆက်ဆံခဲ့ကြသူတွေပေါ့။ ကိုဘညိုတို့ မြင်းခြံက ထွက်တဲ့ ချောင်းဒေါင်းအထည်ကြမ်းတွေ သူ့ဆိုင်မှာ အစည်းလိုက် ပုံရောင်းခဲ့တာပေါ့။ ဟိုတုန်းက ချောင်းဒေါင်းကွက်လို့ခေါ်တဲ့ ကွက်တူလေးတွေ အလွန်လူကြိုက်များတာပ။ အဖြူနဲ့အနက်ကွက်၊ အဖြူနဲ့အစိမ်းကွက်၊ အညိုနဲ့အနက်ကွက်။ လက်ရက်ထည်လေးတွေက ဘကြီးစံမျက်စိထဲ ဝဲခနဲ ပေါ်လာတယ်။

“ကိုဘညိုတို့ ချောင်းဒေါင်းထည်တွေ ရက်ကြသေးလား” 

“မရက်တော့ပါဘူး ကိုဘစံရာ၊ ချည်ဈေးတို့ ဆေးဆိုးရတာတို့နဲ့ တွက်ချက်ကြည့်လိုက်တော့ ဈေးက သိပ်မကိုက်တော့ဘူးလေ။ ကျုပ်တို့ရဲ့ လက်ရက်အထည်ကြမ်းတွေကို လူတွေကလည်း မဝတ်ကြတော့ပါဘူးဗျာ”

ဘကြီးစံရင်ထဲ ဆွေးမြေ့သွားတယ်။ သမီးခင်ရီရဲ့စကားကိုလည်း နားထဲ ကြားမိတယ်။

“တရုတ်စတွေက ဈေးလည်းပေါတယ်၊ ဝတ်လည်း ဝတ်ပျော်တယ် အဖေရဲ့”

“ညည်းတို့အထည်တွေက ဈေးသာပေါတာ ခိုင်မှမခိုင်ဘဲ”

“အဖေရယ် … ဒါတော့ ပေါ်ပင်ကိုး” 

“ငါတို့ဝတ်တဲ့ ဟောသည်ဖျင်ကြမ်းထည်တွေများ လေးငါးဆယ်နှစ် ဒုံးခံတာအေ့”

ဆိုင်ပေါ်မှာ ချောင်းဒေါင်းကွက် ဖျင်ကြမ်းထည် အထပ်လိုက်ကြီးထဲက ကိုယ်ကြိုက်တဲ့ ခေါင်ဆင်တွေကို ဟောတစ်ထည် ဟောတစ်ထည် ဝတ်ခဲ့ရပုံတွေ။ ဝတ်လို့များ … အသားကျပလားဆိုမှဖြင့် နုညက်လို့။

“ခင်ဗျား မန္တလေးကို ဘာလာလုပ်တာလဲ ကိုဘညို”

“ကျုပ်လား … ကျုပ် မဟာမုနိဘုရားကြီး လာဖူးတာလေ”

“ဪ”

“ခင်ဗျားကြည့်ရတာ အတော်နွမ်းပါးနေပုံပဲ။ အခု ခင်ဗျား ဘာလုပ်နေသလဲ ကိုဘစံ”

ဘကြီးစံ ပါးစပ်က အဖြေမပေးချင်တာနဲ့ လွယ်အိတ်ထဲက စက္ကူမင်းသားရုပ်ကလေးတွေကို ထုတ်ပြလိုက်တယ်။

“ကျုပ် ဒါလေးတွေ လုပ်ရောင်းနေတာ”

ပြောပြောဆိုဆို ဘတ်စ်ကားထိုးအရပ်မှာ ကားပေါ်က ဆင်းဖို့ ပြင်လိုက်တယ်။ ကိုဘညိုက သူ့လက်ကို လှမ်းဆွဲလိုက်ပြီး

“နေ … နေပါဦး ကိုဘစံ … ဟောသည်ပုဆိုးလေး ခင်ဗျားကို လက်ဆောင်ပေးလိုက်ပါရစေ။ ကျုပ်ဝတ်နေတဲ့ လက်ကျန် ချောင်းဒေါင်းထည်ကလေးပါ။ ကျုပ်ကတော့ ခုထိဝတ်တုန်း”

ပုဆိုးလေးကို လှမ်းယူပြီး ကိုဘညိုကို မျက်လုံးနဲ့ပဲ နှုတ်ဆက်လိုက်တယ်။ ဘတ်စ်ကားပေါ်က ဆင်းတော့ ဘကြီးစံ ခေါင်းထဲမှာ မိုက်ခနဲ။

ဘုရား … ဘုရား …။ ရေရွတ်ရင်း စက္ကူမင်းသားရုပ်ကလေးတွေ ကျိုးကြေသွားပလားလို့ စိုးရိမ်သွားမိသေးတယ်။

(၄)

မြင့်မားလိုက်တဲ့ တိုက်ကြီးတွေ။ ခမ်းနားကြီးကျယ်လိုက်တာကလည်း အလွန်ပါပဲကလား။ ဘကြီးစံမျက်စိထဲမှာ အရာရာဟာ မယုံကြည်စရာကောင်းနေတယ်။ ဒါ ငါတို့ရဲ့မန္တလေး ဟုတ်ရဲ့လား၊ နိုင်ငံရပ်ခြားက တိုင်းပြည်တစ်ခုကိုများ ရောက်နေသလား မှတ်ရ။ ပေါများလိုက်တဲ့ ကားတွေကလည်း လမ်းတောင်မကူးရဲပါကလား။

ဘကြီးစံ အရုပ်ကလေးတွေကို ရောင်းဖို့နေရာရှာဖွေကြည့်မိတယ်။

နားခိုစရာ သစ်တစ်ပင်တောင် ကောင်းကောင်းမတွေ့ဘူး။ တတ်နိုင်ပါဘူး။ ဟောဟို ကလေးတွေ ဆော့နေတဲ့ တိုက်ရိပ်မှာ သွားထိုင်မှ။

ဘကြီးစံက လွယ်အိတ်ကလေးကို တင်ပျဉ်ခွေထဲထည့်ရင်း တိုက်ရိပ်မှာ ထိုင်ချလိုက်တယ်။

ကလေးတွေက ဘကြီးစံကို နားမလည်သလို 
ကြည့်ကြတယ်။

ဘကြီးစံက ကလေးတွေကို ပြုံးပြပြီး လွယ်အိတ်ထဲက စက္ကူမင်းသားရုပ်ကလေးတွေကို ထုတ်လိုက်တယ်။ ကလေးတွေ စိတ်ဝင်စားသွားကြပြီ။

ဘကြီးစံနားမှာလည်း ဝိုင်းအုံလာကြတယ်။ 

ဘကြီးစံက ကျကျနန ထိုင်တဲ့ပြီး မင်းသားလေးကို ကြိုးဆွဲက,ပြလိုက်တယ်။

“လွမ်းတော်မူလို့ စာကို စီတယ်၊ တိမ်နီ တိမ်ဝါ တိမ်ပြာတွေသန်းပြန်တော့ ဘယ်ဆီသို့ ဘယ်ဝါသို့ လွမ်းပါရတယ်၊ ညွှန်းကာဆဘွယ်... ကြာပင်အိုင်ကြီးအလယ်”

မင်းသားရုပ်ကလေး ခြေမြှောက်လိုက် လက်မြှောက်လိုက် က,တာကို ကလေးတွေ သဘောကျကုန်ကြတယ်။

“ဘဘကြီး အရုပ်တစ်ရုပ် ရောင်းပါ”

ပန်းနုရောင် ဇာဂါဝန်ကလေးနဲ့ ကလေးမလေးတစ်ယောက်။

“ယူလေငါ့မြေး … တစ်ရုပ် ငါးကျပ်ကွဲ့၊ 
ဟောသည်မှာ ကြည့် ….”

ဘကြီးစံက မင်းသားရုပ်ကလေးကို ထပ်က,ပြလိုက်တယ်။

“လွမ်းတော်မူလို့ စာကို စီတယ် ..”

“ဟင် … ဘဘကြီးကလည်း အဲဒီသီချင်းကြီး 
လီလီ မကြိုက်ပါဘူး”

ကြိုးဆွဲရင်းတန်းလန်းက ဘကြီးစံလက်ကို ရပ်လိုက်တယ်။ စူပုပ်ပုပ်မျက်နှာလေးနဲ့ ကောင်မလေးကို ဘကြီးစံ ချစ်လိုက်တာ။ ပါးစုံလေးတွေက ဖောင်းကားပြီး မို့အစ်လို့၊ ဖြူဆွတ်နေတဲ့ အသားအရေလေးတွေများ နီရဲလို့၊ ခြေချောင်း လက်ချောင်းလေးတွေ ဆိုတာများ သန်ပြီး
ဝဝကစ်ကစ်လေးတွေ။

“မြေးက ဘာသီချင်းကြိုက်လဲ။ ကိုယ်ကြိုက်တာကို ဆိုပြီး က,ပေါ့''

ကလေးမလေးက ရယ်လိုက်တာ မျက်စိမျက်ပေါက်လေးတွေ ပိတ်သွားပြီး သွားချွန်ချွန်လေးတွေ ပေါ်လာတယ်။

“လီလီက အတယ်တို့ဆိုတဲ့သီချင်းကိုပဲ ကြိုက်တယ်”

“ဘာသီချင်းလဲ မြေးရဲ့”

ကောင်မလေးက လက်ခုပ်လေးတီးပြီး ဆိုပြတယ်။

ဒါပေမဲ့ ဘကြီးစံ နားမလည်ပါဘူး။ 
ဘကြီးစံ နားလည်တာကတော့ ပိုက်ဆံငါးကျပ်ပေးဝယ်သွားတဲ့ စက္ကူမင်းသားရုပ်ကလေးဟာ သူနဲ့ ဘယ်လိုမှ မလိုက်လျောတဲ့ ဆောင့်အင့်အင့်တေးသံတွေကြားမှာ ကို့ယို့ကားယား ပါသွားရှာတယ်
ဆိုတာပါပဲ။

(၅)

အပြန်လမ်းမှာ ဘကြီးစံတစ်ကိုယ်လုံး နုံးခွေနေတယ်။ လေးလံတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်း လှမ်းခဲ့တယ်။ အရုပ်ကလေးတွေ တော်တော်ရောင်းလိုက်ရပေမယ့် ဘကြီးစံရင်ထဲမှာ ပေါ့ပါးမသွားဘူး။ ပိုပြီး လေးလံနေတယ်၊ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေ၊ ကြားခဲ့ရတဲ့ စကားသံတွေ၊ ပြီးတော့ ဘကြီးစံရဲ့စက္ကူမင်းသားရုပ်ကလေးတွေ …။ 

“ဟေ့ … ဟိုမှာ အရုပ်သည်ကြီး ပြန်လာပြီကွ”

ခါတိုင်း ရောင်းနေကျနေရာက ကလေးတွေဟာ ဘကြီးစံကိုမြင်တော့ ပြေးလာကြတယ်။ ဩော်... အရုပ်မဝယ်နိုင်တဲ့ ကလေးတွေ …။ 

“ဘဘကြီး ကျွန်တော်တို့ကို မင်းသားရုပ် ကပြပါဦးနော်”

“အေးအေး … က,ပြပါ့မယ်ကွယ်”

သစ်ပင်ရိပ်မှာ ဘကြီးစံ ထိုင်ချလိုက်တယ်။ ပြီးတော့ ကလေးတွေကို မင်းသားရုပ်ကလေး ကြိုးဆွဲက,ပြလိုက်တယ်။ နှစ်ခေါက် သုံးခေါက်လောက် က,ပြနေရင်း ဘကြီးစံရင်ထဲ မောလိုက်တာ။

ဪ … စက္ကူမင်းသားရုပ်ကလေးရယ် …။ 
ဘကြီးစံက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ကလေးတွေကို ကြည့်လိုက်တယ်။

“ကဲ … ရော့ကြ … ရော့ကြ။ ငါ့မြေးတို့ကို ဘဘ အရုပ်တွေ အလကားပေးမယ် … တစ်ယောက်တစ်ခုစီ ယူကြ”

ဝမ်းသာအားရနဲ့ ကလေးတွေဟာ အရုပ်ကလေးတွေကို ယူကြတယ်။ ပိုက်ဆံပေးမဝယ်နိုင်တဲ့ ပစ္စည်းတစ်ခုကို အလကားရလို့ ဝမ်းသာတာမျိုး မဟုတ်ဘူး။ သူတို့မြတ်နိုးတဲ့ပစ္စည်းလေးကို သူတို့ရင်မှာ သိမ်းဆည်းထားခွင့် ရကြရှာလိုပဲလို့ ဘကြီးစံ ထင်မိတယ်၊ ကလေးတွေခမျာ မျက်ရည်လေးတွေတောင် လည်လို့၊ သနားစရာ၊ ဘကြီးစံကိုယ်တိုင်လည်း မျက်ရည်လေးတွေ လည်လို့ပေါ့။

အရုပ်ကလေးတွေ ဝေပေးပြီးတော့ ဘကြီးစံလက်ထဲမှာ အရုပ်တစ်ရုပ် ကျန်နေသေးတယ်။ အဲသည်အရုပ်ကလေးကိုတော့ ဘကြီးစံက အိမ်ပြန် ယူခဲ့တယ်၊ အိမ်ရောက်တော့ ခေါင်းရင်းထရံမှာ ထိုးညှပ်လိုက်တယ်။

“ငါ အရုပ်မရောင်းတော့ဘူး”

ခင်ရီတို့သားအမိတစ်တွေက သူ့ကို ငေးကြည့်နေကြတယ်။ ဘာကိုမှ နားမလည်တဲ့ပုံစံနဲ့ ကြောင်စီစီဖြစ်နေတဲ့ ခင်ရီကို ဘာမှ ရှင်းပြမနေတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘကြီးစံမှာ အားလုံးရှင်းသွားပြီလေ၊ အရုပ်မရောင်းတော့ပေမယ့် စက္ကူမင်းသားရုပ်ကလေးတော့ ဘကြီးစံ က,ပြနေတုန်း။ 

“လွမ်းတော်မူလို့ စာကို စီတယ်” တဲ့။

---

#ခင်ခင်ထူး
#စက္ကူမင်းသား

#shared_by_louis_augustine
#sbla

Comments