ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဘဝနှင့်ပတ်ဝန်းကျင် ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဘဝနှင့်ပတ်ဝန်းကျင် ) // သော်တာဆွေ

---

ဘဝနှင့်ပတ်ဝန်းကျင် 

ဤနေရာ၌ “ရောမ နေ ရောမသားလို ကျင့်ရမည်”ဆိုသော စကားကိုဘဲ သုံးပါရစေတော့။ ကျွန်တော် မြင်းလှည်းသမားဖြစ်လာတော့ မြင်းလှည်းသမားလိုဘဲ ကျင့်ရပါတော့မည်။ မြင်းလှည်း သမားတွေနှင့် ပေါင်းသင်းရပါတော့မည်။ သူတို့နှင့် ရောရပါတော့မည်။ 

ကျွန်တော်ပထမက သူတို့နှင့် မိမိသည် မတူမတန်ဟု သဘောထားခဲ့မိ၏။ ငါသည်အလုပ်ခေတ္တလုပ်တာဘဲ။ ငါ့ဟာငါ အလုပ်ချိန်ထွက်မောင်းပြီး အိမ်ပြန်ဖြုတ်၊ ပြီးတာဘဲဟု အောက်မေ့ခဲ့၏။ ယင်းကား ကျွန်တော့် အမှားပင်။ စင်စစ်ကား မိမိသည် မူလ မည်သည့်အခြေမှနေ၍ မည်သည့်အလုပ်ကိုဘဲ ဝင်လုပ်လုပ် လက်ရှိလုပ်နေသူများထက် မိမိက မသာရုံမျှမက ထိုအလုပ်ကို သူတို့လောက် မကျွမ်းကျင်ဘူး။ နားမလည်ဘူးဆိုတာမုချ မှတ်ယူရမည်။ မည်သည့်အလုပ်မဆို ဆရာမပြ နည်းမကျပေ။ ကိုယ်တတ် တော့ အလွန်အလွယ်လေးပင်။ မတတ်ခင်မှာ အလွန်ခက်ပါ၏။

ကျွန်တော်သည် မူလက မည်သူ့မျှဆရာမတင်ဘဲ သူတို့လူတန်းစားထဲက မည်သူ့မျှ မပေါင်းဘဲ “မြင်းလှည်းမောင်းတာများ ဘယ်ကျောင်းကမှ သင်ရတာမဟုတ်၊ ခက်ခက်နိုးနိုး” ဟူ၍ ငါတကော ကောခဲ့သည်မှာ တနှစ်မပြည့်ခင် မြင်းတကောင် သေခဲ့ပြီကော။

“လူမိုက် နောက်မှအကြံရ” ဆိုသော်လည်း “ပျက်အစဉ် ပြင်ခဏ” ပါဘဲ။ ဖော်ပြခဲ့သည့် အတိုင်း ကိုဘလှနှင့် စတင်ပေါင်းသင်းရပါသည်။ ထိုအချိန်၌ ကိုဘလှသည် အသက် ၃၅နှစ်မျှ။ ကျွန်တော်က ၂၄နှစ်။ ကျွန်တော့်ထက် ၁၀နှစ်ကျော်ကြီးသော်လည်း ကျွန်တော့်အား ကိုကြင်ဆွေ ခေါ်၍ ခင်ဗျား ကျွန်တော်နှင့် လေးလေးစားစားဆက်ဆံ၏။ သတိပြုမိပါသည်။ 

ယင်းသည်ပင် ကျွန်တော့်အတွက် ကံကောင်းသည်ဟု ဆိုရပါမည်။ အကြောင်းမှာ အကယ်၍သာ ကိုဘလှက ကြီးသူပီပီ ကျွန်တော့်အား မင်း ငါနှင့်ပြောဆိုပါက သူတို့လူသိုက်ထဲဝင်ခါစ ကျွန်တော့်အား အခြားလူများကလည်း ထိုနည်းအတိုင်း ဆက်ဆံကြပေတော့မည်။ 

ယခုမူ ကိုဘလှ၏ စတင် ဦးတည်ခြင်းဖြင့် ကျွန်တော် နှင့်ရွယ်တူ၊ ကိုယ့်ထက်သိပ်မကြီးသူအားလုံးကဘဲ “ကိုကြင်ဆွေ”ဟု ခေါ် ကြ ပြောကြပါတော့သည်။ ကိုယ့်ထက်အလွန်ကြီးသူများကသာ “မောင်ကြင်ဆွေ”ဟူ၍ လည်းကောင်း၊ ရင်းနှီးစွာ “ကြင်ဆွေ”ဟူ၍ လည်းကောင်း ခေါ်ကြပါသည်။ လူ့ပေါင်းသင်း ဆက်ဆံမှုမှာ သတိချပ်ဖွယ် တရပ်ပင်။

စင်စစ်ကိုဘလှသည် ရန်ကုန်မွေး ရန်ကုန်ကြီးဖြစ်၍ ယဉ်ကျေးဖွယ်ရာ ပြုမူတတ်သည်။ လူ့အကြော လူ့ဇာတ်သိတတ်၍ လိမ်မာပါးနပ်သူဖြစ်သည်။ မည်သည့်အလွှာကို မည်သို့ဆက်ဆံ ပေါင်းသင်းရမည်လဲ ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် ထိုခေတ် ထိုအချိန်၌ သူနေသော အိမ်ကိုကြည့်ပါ။ ခြံနှင့်ဝင်းနှင့်၊ သွပ်မိုးပျဉ်ထောင် သစ်သားအိမ်နှင့်။ သူပိုင်အိမ်မဟုတ်ပါ။ လခနှင့် ငှားနေသည်လဲ မဟုတ်ပါ။ တပြားမှမပေးဘဲ အလကားနေရခြင်းဖြစ်ပါသည်။ ကြားဘူး ကြမှာပေါ့။ ယခင် အင်္ဂလိပ်ခေတ်က အမတ် ဦးအောင်သာဆိုတာ။ အဲ သူ့အိမ်ပိုတလုံးကိုပေါ့။ ဦးအောင်သာ၏ သားမယားများနေသည့် အိမ်ကြီးက နှစ်အိမ်ကျော်မှာရှိသည်။ ထိုအိမ်က လက်တိုလက်တောင်း ခိုင်းစရာရှိသည်ကို သူလုပ်ပေးသည်ပေါ့။

သို့သော် ကိုဘလှသည် သူ့အိမ်၌တော့ သူ ဘော့စ်ပင်။ သူ့မှာ မြင်းတကောင် လှည်းတစီးရှိ၏။ သို့ရာတွင် သူကိုယ်တိုင်မမောင်းချေ။ အုန်းမြင့်ဆိုသော တပည့်တယောက် အိမ်မှာ ကျွေးမွေးခိုင်းစေထား၏။  

ကိုဘလှဘဝက တော်တော်စုံခဲ့၏။ အင်္ဂလိပ်ခေတ်ကတည်းက မြင်းလှည်းမောင်းခဲ့၏။ မော်တော်ကားဒရိုင်ဘာလုပ်ခဲ့၏။ မူလပထမက သူ့အဖေ(ကုလားထင်ပါသည်။)နှင့်ဆက်စပ်၍ ဘိုအိမ်တွေမှာ စားပွဲထိုးလုပ်ခဲ့ဘူးသည်။ ထို့ကြောင့်သူသည် ဗဟုသုတစုံ၍ အပြောအဆို ကောင်းသူဖြစ်သည်။ 

သူကိုယ်တိုင် မြင်းလှည်းမမောင်းသော်လည်း သူ့ဒရိုင်ဘာ အုန်းမြင့် အိမ်က အထွက်မှာ လမ်းထိပ် လက်ဖက်ရည်သောက်လိုက်လာရင်း မြင်းလှည်းတစီးစီးပေါ်ထိုင်ကာ သူလေပန်းပြီဆိုမှဖြင့် လူငယ်တွေ တဝါးဝါး တဟားဟားနှင့် အနားက မခွာနိုင်အောင် ရှိကြသည်။ သူပြောသည်များမှာ ကာလသားကြိုက်။ သူကားမောင်းခဲ့ဘူးသော လူချမ်းသာအထက်တန်းလွှာ အရာရှိတွေ အကြောင်း။ သူစားပွဲထိုးလုပ်ခဲ့သော ဘိုအိမ်တွေမှ ဘိုကြီးတွေ ဘိုမကြီး တွေအကြောင်း။ သင်းချိုင်းကုန်းဟောင်းမှ သူတောင်းစား စဏ္ဍာလနှင့် ပြည့်တန်ဆာမတွေ အကြောင်း။ သဗ္ဗဏ နာမ်ပေါင်းစုံ၏။ သူ့ဗဟုသုတတွေကို ရေးသားခြင်းငှာတော့ မသင့်။ သူ့အဘိဓမ္မာ အတုံးလိုက် အတစ်လိုက်ကို ဖော်ပြရပါမူ “လောကမှာ ဘာလူမျိုးဖြစ်ဖြစ်၊ သဌေးဖြစ်ဖြစ်၊ သူတောင်းစား စဏ္ဍာလဖြစ်ဖြစ် လူမှန်ရင်တဏှာချည်းဘဲဗျ” ဟူ၏။

ကိုဘလှသည် အပြောလည်းသန်၏။ သူကျွမ်းကျင်ရာကို ဆရာလုပ်ချင်သောဉာဉ်လည်း ရှိ၍ မြင်းအကြောင်းနှင့် ပတ်သက်ပြီး ကျွန်တော့်အား အစစအရာရာ သင်ကြားပြသပါသည်။
တကတဲဗျာ၊ မြင်းဟာ နွားလိုမှ မဟုတ်ဖဲ။ တယ် ရောဂါဘယထူပြောပြီး ဆေးဝါး မပြတ် လိုနေတာဘဲ။ နွားတို့မည်သည် ရောဂါဘယဖြစ်ခဲ၏။ ခိုင်းရာကပြန်လာ တင်းကုပ်ထဲသွင်း မြက်စင်ထဲ အစာထဲ့ပေး အေးရော။ မြင်းက ဒီလိုမဟုတ်ပါ။ လှည်းကဖြုတ်လျှင် ပထမ ဆီးတည်ရသည်။ လွယ်လွယ်နှင့် မပေါက်လျှင် လမ်းဆွဲလျှောက်ပေးရသည်။ မိုးခေါ်သလို လေချွန်ပေးရသည်။

အဲ ဆီးသွားပြီတဲ့။ ဆီးနည်းသလား များသလား ဖြူရဲ့လား ကြည့်ပါ။ ဆီးနည်းနေပြီး အထွက်နှေးသည် ဝါနီနေပြီဆိုပါက ဆီးဆွေးကျွေးဘို့ကို မမေ့ပါနှင့်တော့။ ထို့ကြောင့် အိမ်မှာ ဆီးဆေးမပြတ်ရှိနေရသည်။ 

ထို့ပြင် နှာနှင့်မျက်စဉ်း။ မြင်းသည် မျက်နှာရှည်၊ နှာခေါင်းကြီး နှာခေါင်းပွမျိုးဖြစ်၏။ နှာတဖွီးဖွီးမှုတ်နေမှ ကျန်းမာ၏။ ထို့ကြောင့်သူ့ကို နံနက်တိုင်း အိပ်ရာက အထမှာ နှာခေါင်းထဲ (လူနာရှုတဲ့ နှာမှုန့်လို)မြင်းနှာမှုန့်ကို မပြတ်ထည့်ပေးရ၏။ မျက်စဉ်းခတ် ပေးရ၏။ မြင်းမျက်စဉ်းကား အခြားမဟုတ်ပါ။ နှာမှုန့်ကိုဘဲ မျက်စိရှေ့ဒေါင့်က ထည့်ပေးရခြင်း ဖြစ်ပါ၏။ မျက်ရည်ပူတွေ ကျစေရ၏။

မြင်းဆေးကျွေးရသည်ကား ခလေးဆေးတိုက်ရသည်ထက် ခက်ပါ၏။ လူစားသည့် တေဆေး နှင့်တူသော မြင်းဆီးဆေး၊ ဝမ်းနုတ်ဆေးတို့ကား လက်သီးဆုပ်နီးနီး မာလကာသီး အကြီးစား လောက်နီးနီးရှိ၍ ၎င်းကို မြင်းဝမ်းထဲ အကုန်ရောက်အောင်ခွံရန်မှာ မြင်း၏ပါးစပ်တွင် ရှေ့သွားနှင့် နောက်အံတွေအကြားလက်သုံးသစ်မျှ နေရာလပ်ရှိနေ၏။ ၎င်းအပေါက်မှ ပထမမြင်းလျှာကို ဆွဲထုတ်လိုက်၊ ဟနေသော လျှာပေါက်ဝမှ ဆေးလုံးကိုသွင်း၊ ထို့နောက်လျှာကိုလွှတ်လိုက်ပြီး ပါးစောင်နှစ်ဖက်မှလက်နှစ်ဖက်ကို လက်ခလယ်နှင့် လက်ညှိုးသွင်းကာ မြင်းလျှာပေါ်တွင် ဆေးကို ပြန်မကျအောင် အတွင်းဘက် မ မ ထိုးပေးပါ။ ဆေးသည် တဖြည်းဖြည်း မြင်းခံတွင်းထဲသို့ ဝင်သွားပါလိမ့်မည်။ အင်း တခါကျွေးလျှင် ဆယ်မိနစ်တော့ အနည်းလေးကြာ၏။

အောင်မယ် တချို့ လူပါးဝတဲ့မြင်းများ ဆေးကိုစားချင်ယောင်ဆောင်၊ ပါးစပ်ထဲမှာ ငုံထားပြီး လူကလွှတ်လိုက်တော့ ပြန်ထွေးတဲ့ အကောင်မျိုးလဲ ရှိသေးဗျ။ အဲဒီကောင် မျိုးကျတော့ ဆေးရေနဲ့ဖျော်ပြီး ဝါးကျည်တောက်နဲ့ အတင်းချုပ်ကိုက်ရတော့တာ။

ကဲ မြင်း ဆေးကျွေးရတာလဲ ဘယ်လောက် ခက်နေသလဲ။ သည့်ထက် လက်မရဲစရာ ရှိပါသေးသည်။ မြင်းတွင် အပူကန်လျှင် မကြာခဏဖြစ်တတ်သည်မျိုး။ ကျွန်တော်တို့ မြင်းလှည်း သမားတွေအခေါ်တော့ “အာလူး”တဲ့ဗျာ။ အာခေါင်မှာ သွားဖုံးရောင်တာပါဘဲ။ အပေါ်သွားဖုံးမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လူများဝမ်းချုပ်တော့ ဖြစ်တတ်တာမျိုးပေါ့လေ။ သို့သော် မြင်းကတော့ ကောက်ရိုးတို့၊ ကုလားပဲတို့ အစာမာဝါးရတာမဟုတ်လား။ ဒီလိုသွားဖုံးရောင် “အာလူး” ဖြစ်နေ တော့ အစာမဝါးနိုင် မစားနိုင်တော့ဘူး။ အဲသည်တော့ ဒါကို ဓားဦးထက်ထက်နဲ့ ခွဲဖောက် ထုတ်ရမယ်တဲ့။

သည်တော့ ဘယ်လိုလုပ်မလဲ။ နည်းကရှိနေတော့ မခက်ပါဘူး။ ခဲတံချွန်တဲ့ဓားလောက် ဦးချွန်ချွန်ထက်ထက်ကို အဖျားနဲ့အသွား စပါးလုံးတထောက်လောက်ပေါ်နေရုံ ကြိုးငယ်ငယ်နဲ့ လျှောက်ပတ်ထားပါ။ ပြီးတော့ လက်ကောက်ဝတ်လောက်ရှိတဲ့ ဝါးလုံးတိုတ‌တောင်လောက် မြင်းပါးစပ်ထဲသွင်း၊ နားရွက်နောက်ကိုကြိုးနဲ့သိုင်း၊ မြင်းပါးစပ် ဟနေရော။

အဲသည်တော့မှ ခေါင်းကိုနိုင်အောင်ချုပ်ပြီး ခုနဓားနဲ့ ရောင်နေတဲ့ အာခေါင်သွားဖုံးကို ဇတ်ကနဲ ဇတ်ကနဲ လက်ရဲရဲနဲ့ထိုးဖောက်၊ ဆဲ့ကိုးချက်လောက်။ သွေးပုပ်တွေ ငေါက်ကနဲ ငေါက်ကနဲ ထွက်လာပါ လိမ့်မယ်။ ပြီးတော့ ဆားနဲ့ ပွတ်လိုက်အုံး။

ဒီနေရာမှာ “မင်းမြင်း ဓားဒဏ်ချက်ကြောင့် တော်တော်နှင့် အစာစားနိုင်ပါ့မလား”မေး။ ကြိုးဖြေပြီး ပါးစပ်ထဲက ဝါးလုံးထုတ်လိုက်တာနဲ့ ချက်ချင်း အစာစားတာပါဘဲခင်ဗျာ။

ဒီပညာတွေ ကျွန်တော်သည် မေရီနှင့်ကျမှ ကိုဘလှဆီက တတ်ကျွမ်းရခြင်းဖြစ်ပါသည်။ မေရီသည် ယင်းလို ခဏခဏသွားဖုံးရောင်လေ့ရှိသည်။ ကိုဘလှက သုံးလေးခါလောက် ဖောက်ပြတော့ ကျွန်တော်ကိုယ်တိုင် တတ်လာရသည်ပေါ့။ နက်ကြုတ်တုန်းကလဲ ရောင်မှာပါဘဲ။ ကျွန်တော်ကမသိလို့ နေမှာပါဘဲ။ နက်ဖြုတ် အစာမစားဘူးဆို မြင်းဆရာဆီသွားပြ။ မြင်းဆရာ တို့မည်သည် မြင်းကိုနားရွက်စမ်းကြည့်၊ လျှာဆွဲ အာခေါင်နှိုက်ကြည့်။ ဟာ မြင်းအပူကန်တာဘဲ ဆိုပြီး ဝမ်းနုတ်ဆေးကျွေးလိုက်တော့ မြင်းကို နှစ်ရက်လောက်မမောင်းရဘူး။ ဝမ်းနုတ်ဆေးဘိုးလဲ ကုန်သေးတယ်။ အလုပ်လဲပျက်သေးတယ်။ 

စင်စစ်ဘဝနှင့် ပတ်ဝန်း ကျင်သည် ရှောင်ကွင်း၍မရစကောင်း။ ကိုယ်ကျရာဘဝမှ ကိုယ့်ပတ်ဝန်းကျင်ကို ဝင်ဆံ့ရမည်သာ ဖြစ်သည်။ ကိုယ်မဝင်ဆံပါက ကိုယ်ပင်ခံရမည်သာ။ ကျွန်တော်ထက်နောက်ကျစွာ မြင်းလှည်း သမားဘဝ ရောက်လာကြသော အင်္ဂလိပ်ကပြားများ ကျွန်တော်တို့အကွက်မှာ တော်တော်ရှိ သည်။ သူတို့သည် စိန်ပေါကျောင်းသားများ ဖြစ်ခဲ့ကြ၍ သူတို့အသိုက်အဝန်းတွင် အင်္ဂလိပ်လို ပြောကြပြီး အပြင်လူများနှင့်မူ ဗမာလို မပီကလာပီကလာ လုပ်ကြသူများဖြစ်သည်။ ထိုခေတ် ကပြားတို့ထုံးစံ ဗမာကို အထင်သေး၍ သူတို့ဘဝင်ကား မြင့်ကြပေသည်။ သို့သော် မြင်းလှည်း သမားများက သူတို့အား ဗူးယို ဖရုံယိုတွေဟုခေါ်သည်။ တပိဿာ တကျပ်တင်းတွေဟု နောက်ကြသည်။

ကျွန်တော်က သူတို့အရင် မြင်းလှည်းသမားအုပ်စုထဲဝင်သည်။ ထိုအခါ ကျွန်တော် အဝင်နောက်ကျသည်ဟု သိလာသည်။ စင်စစ်မြင်းလှည်းသမားများသည် အပြင်ဘမ်းအားဖြင့် ရုန့်ရင်းကြမ်းတမ်းသည် မြင်ရသော်လည်း သူတို့သည် ပွင့်လင်း၍ ရက်ရောသူများဖြစ်ကြ၏။ ပြော ဟောဟောဒိုင်းဒိုင်း လုပ် ဟောဟောဒိုင်းဒိုင်း။

ကိုဘလှမှစတင်ပြီး ကျွန်တော်မြင်းလှည်းသမားများနှင့် ပေါင်းသင်းလိုက်ရာ နောက်ဆုံး တွင် မြင်းလှည်းအသင်း အမှုဆောင်ထဲမှ ထိပ်တန်းသုံးလေးယောက်နှင့် အခင်မင်ဆုံးဖြစ်သွား တော့၏။
“ထိပ်တန်း သုံးလေးယောက်”ဟု ဆိုမိရာ၌ မြင်းလှည်းအသင်းကြီးနှင့် အမှုဆောင်အဖွဲ့ အကြောင်းကို ပြောရပါမည်။

“စမ်းချောင်း မြင်းလှည်းအသင်းကြီး” ဆိုသည်ကား မူလပထမ အင်္ဂလိပ်လက်ထက်ထဲက ရှိခဲ့၏။ တန်ခိုးသြဇာလည်း ကြီးခဲ့ပါ၏။ ကြည့်ပါလေ။ ၁၉၅၉ ခု အိမ်စောင့်အစိုးရလက်ထက် မြင်းလှည်းတွေကို ပိတ်ပစ်သည်အထိ ကြည့်မြင်တိုင်မှ စမ်းချောင်းဖြတ်ပြီး ဗဟန်းကို ဘယ်ဘတ်စကားများ မောင်းရလို့နည်း။ (ယခုမှ ပြည်သူပိုင်ကား ၁၆ တွေဆွဲနေကြတာ မဟုတ်လား။) ယင်းကား စမ်းချောင်း မြင်းလှည်းအသင်းကြီး၏ တန်ခိုးပေတည်း။ 

ဘယ်အစိုးရကမှ စမ်းချောင်းနှင့် ဗဟန်းဘတ်စကားမဆွဲရဘူးဟု ပိတ်ပင်ပေး၍မဟုတ်ပေ။ ဆွဲချင်ဆွဲကြည့်ကြပါ။ ပထမ ကားဘီးပေါက်တတ်သည်။ နောက် ကားအတင်းရပ်ခိုင်း၍ စပယ်ယာနှင့် ဒရိုင်ဘာ ရိုက်လွှတ်ပြီး ကားမီးရှို့ပစ်တတ်သည်။ 

လက်သည် ရှာမတွေ့။ သက်သေမရ။ လူများစု ရုန်းရင်းဆန်ခတ်မှု။  

ပထမ အင်္ဂလိပ်ခေတ်က ကြည့်မြင်တိုင်မှစမ်းချောင်းရှမ်းလမ်းဖြတ်ပြီး ရန်ကုန်ကို အသွား အပြန်ဆွဲသော ဘတ်စကားများပင် မြင်းလှည်းအသင်းကြီးအား နေ့စဉ်ဂိတ်ကြေးပေးရသည်။

စင်စစ်ကား ထိုစဉ်က မြင်းလှည်းသမားများ အားထားရသည်မှာ ကြည့်မြင်တိုင် စမ်းချောင်းမှ ဗဟန်းဘုရားကြီးသို့ သွားကြသည့် ခရီးသည်များနှင့် မြို့ထဲကအပြန် ဘတ်စ်ကား ပေါ်ကအဆင်း၌ မိုးရွာ၍လည်းကောင်း၊ သယ်စရာ ပစ္စည်းပါ၍လည်းကောင်း အိမ်သို့ ခြေလျှင် မလျှောက်နိုင်သော ခရီးသည်များသာဖြစ်ပါသည်။

ထိုရပ်ကွက်၌ ထိုခေတ်က လူကုံထံများကလည်း တဖာလုံနှစ်ဖာလုံမျှပင် ခြေလျင် လျှောက်ခဲကြပါသည်။ အိမ်ပေါ်ကအဆင်း မိမိတို့လမ်းထိပ်မှ ဘတ်စ်ကားဂိတ်သို့ပင် မြင်းလှည်း စီးတတ်ကြပါသည်။ မြို့ထဲရောက်လျှင်လည်း သိမ်ကြီးဈေးမှ စကော့ဈေးသို့ပင် လန်ခြား စီးကြသေးသည်မဟုတ်ပါလော။

စမ်းချောင်း ကြည့်မြင်တိုင်ဘက်မှာတော့ လန်ခြားမရှိရပါ။ တခါတရံ မြို့ထဲမှ ကျွံပါလာသော လန်ခြားများသည်ပင် အပြန်တွင် လူမတင်ဝံ့ကြပေ။ တင်လျှင် ထိုကုလား ဒုက္ခရောက်တတ်၏။ 

ထိုစဉ်၌မူလပထမက ဆိုက်ကား မရှိသေးချေ။ ဆိုက်ကားတို့သည် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါနီးမှ ရန်ကုန်မြို့ထဲတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ဂျပန်ခေတ် ရောက်တော့မှ နေရာအနှံ့ အပြား အသီးသီး ဆိုက်ကားများ ကျက်စားလာခြင်းဖြစ်သည်။

မြင်းလှည်း ခေတ်ကောင်းပြီဖြစ်သော ဂျပန်ခေတ်တွင် ကြည့်မြင်တိုင် စမ်းချောင်းရှိ ဆိုက်ကား အားလုံးသည် ကျွန်တော်တို့ စမ်းချောင်း မြင်းလှည်းအသင်းဝင်များဖြစ်ကြရ၏။ ဆိုက်ကားများသာ မဟုတ်သေးပါ။ ကျွန်တော်တို့ စမ်းချောင်း မြင်းလှည်းဂိတ်ပတ်ဝန်းကျင်၌ရှိသော ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင် ခေါက်ဆွဲဆိုင်၊ ဒန်ပေါက်ပလာတာဆိုင်များပါ အသင်းဝင် ဖြစ်ကြရ၏။ 

အို ဘာဆိုင်လို့တုံး။

ဆိုင်တယ် ဆိုင်တယ်။ လူအများသွားလာ ဝင်ထွက်နေတဲ့ ဆိုင်ဟူသမျှ အားလုံး ဆိုင်တယ်။ ဒီလိုဆိုင်မျိုးတွေမှာ တခါတရံ အမူးသမားတွေ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တတ်သည်မဟုတ်ပါလား။ ဒီအခါမှာ ကျွန်တော်တို့ မြင်းလှည်းအသင်းကြီး၏ အမှုဆောင်များ လာရောက်ဖြေရှင်းမှ ရှေ့မီးရော နောက်မီးရော ပြေငြိမ်းတတ်၏။ 

နို့ပြီး ဒီ ကျွန်တော်တို့ စမ်းချောင်း မြင်းလှည်းအသင်းကြီး ရဲ့ ပစောက်ပုံ သံခွာထဲမှာ မြင်းခေါင်းရုပ်ပါတဲ့ တံဆိပ်တပ်ထားတဲ့ ဆိုင်ဆိုရင်လဲဘဲ ဒီလို အမှား အယွင်းမျိုး မဖြစ်တတ်ဖူး ခင်ဗျာ။ စာဖတ်သူများ နားလည်ရောပေါ့နော်။ 

ဒါကြောင့် ဒိုဘီကုလားများက တောင်မှ ကျွန်တော်တို့ မြင်းလှည်းအသင်းထဲ ဝင်ကြသေးတယ်။ အသင်းဝင်ကြေးကလဲ မများပါဘူး။ လစဉ်ကြေး နှစ်စဉ်ကြေးတွေ မတောင်းပါဘူး။ ကျွန်တော်တို့ မြင်းလှည်းသမားတွေ လိုဘဲ။ ဥပမာ စမ်းချောင်းနဲ့ရန်ကုန် သို့မဟုတ် ဗဟန်း မြင်းလှည်းခတမတ်ဆိုပါတော့ နေ့စဉ် ကြေး တမတ်ဘဲ။ ငါးမူးဆို ငါးမူး၊ တကျပ်ဆိုတကျပ်။ ခေတ်အလျောက် ငွေတန်ဘိုးလိုက်ပြီး ကောက်ယူတာ။ အင်မတန်လျော်ကန်တာဘဲ။ ဒီတော့ ကျွန်တော်တို့ အသင်းကြီးကလဲ ဒီရတဲ့ ငွေတွေကို ဘာလုပ်သလဲတဲ့။ တနှစ်တခါ သင်္ကြန်တွင်းမှာ ကိတ္တိမသားများ ရှင်ပြုပွဲကြီးလုပ်တယ်ဗျ။ 

စာရင်းစစ်ကလဲမရှိတော့ ဥက္ကဋ္ဌနဲ့ ငွေထိန်းက ဖျောင်ကြတယ်ဗျ။ ဥက္ကဋ္ဌအိမ်မှာဆို မြင်းလှည်းတွေ သုံးလေးစီးဗျ။ နို့ပြီး မယားငယ်တဦး၊ မြင်းလှည်းတစီးလဲ ဝယ်ပေးထားလိုက်သေးတယ်။

ဒီပွဲမှာ အမှုဆောင်တွေ မစားရတာကတော့ အမှန်ဘဲ။ ဒါကြောင့် သူတို့ကညည်းကြတယ်။ လုပ်စရာ ရိုက်စရာရှိတော့ ဒိုကွတဲ့။ စားစရာရှိတော့ ငွေထိန်းနဲ့ဥက္ကဋ္ဌချည်းဘဲတဲ့။ 

ဟုတ်သလေ မြင်းလှည်းအသင်းအမှုဆောင် ဆိုတာကလဲ ရိုက်ရဲ၊ နှက်ရဲ ပွဲတိုးရဲရမယ်။ ဘာဘဲ ဖြစ်ဖြစ် ငွေများ တရားအောင်တဲ့ခေတ်မှာ ဒို့အသင်းကြီးမှာ နောက်လိုက်ဖို့ ငွေတွေရှိသဟေ့ဆိုပြီး သူတို့ သတ္တိပြောင်တာအမှန်ဘဲ။ ဒါကြောင့် ကျွန်တော်က ကျွန်တော်နဲ့ အခင်မင်ဆုံး မြင်းလှည်းအသင်း ထိပ်တန်းအမှုဆောင် သုံးလေးယောက်လို့ ဂုဏ်ယူလိုက်ခြင်းပါ။ သူတို့နာမည် များကို ဖော်ပြပါမည်။ ကိုမောင်ခင်၊ ကိုသိန်းလေး၊ ကိုမြတ်သာ၊ ကိုလှ (ဤနောက်နှစ်ယောက် ကတော့ သေကြပြီ။) သူတို့သည် ကျွန်တော့်ထက် အသက် သုံးလေးနှစ်စီမျှ ကြီးကြ၏။

၎င်းတို့အနက် ကိုခင်မောင်နှင့် ကိုမြတ်သာသည် အလွန်အရက်ကြိုက်၏။ ကိုသိန်းလေး က အသင့်အတင့်သောက်၏။ မသောက်ဖဲလဲ နေနိုင်၏။ ကိုလှကား အရက်လုံးဝမသောက်။ သို့သော်အပေါင်းသင်း အင်မတန်ခင်တတ်၏။ အရက်သမားတွေနှင့်အတူလိုက်ပြီး ဖြစ်စရာရှိလျှင် သူကရှေ့က အရင်ဖြစ်၏။ အတူတူစားကြသောက်ကြလျှင် သူကအရင် ပိုက်ဆံပေးနှင့် ထားပြီးဖြစ်တတ်၏။ ငွေကြေးနှမြောတွန့်တိုခြင်း မရှိတတ်ပေ။ သူကသေသည်အထိ မိဘသားချင်းများနှင့်သာ နေသွားသည့် လူပျို တကိုယ်တည်း။ သူ့ကိုချီးမွမ်းဘွယ် ကောင်းသည်ကားအရက်လဲ မသောက်တတ်၊ ဖဲလဲမရိုက်တတ်၊ မိန်းမလဲ မလိုက်တတ်ပေ။

သို့သော် သူသည် မြင်းကိုအင်မတန်ရိုက်တတ်၏။ ရက်ရက်စက်စက်ရိုက်သူဖြစ်၏။ မြင်းကိုရိုက်သည်မှာ ကြာပွတ်နှင့်မဟုတ်။ နှစ်တလက်မနှင့်ရိုက်၏။ ထို့ကြောင့် သူ့မြင်းတွေမှာ သူငေါက်လိုက်လျှင် သေးဖျန်းဖျန်းပါ၏။ သူသည် မြင်းလှည်းကို နှေးနှေးလဲမမောင်းတတ်ပေ။ အိမ်မှစထွက်သည်က ပြန်ဖြုတ်သည်အထိ ဒလကြမ်း အပြေးသာမောင်း၏။ ထို့ကြောင့်သူ့အနီး ဝန်းကျင်ကလူများသည် လမ်းမမှမြင်းခွာသံ၊ လှည်းဘီးသံကြားရရုံနှင့် “မောင်လှမြင်းလှည်းထွက် သွားပဟေ့၊” “ပြန်ဖြုတ်လာပဟေ့” ဟု မကြည့်ဘဲနှင့်သိကြ၏။ 

သူ့မြင်းတွေမှာ မြင်းသိုး၊ မြင်းပေါက် လေးတွေဖြစ်၍ သူ့ဒဏ်ခံနိုင်ခြင်းဖြစ်၏။ သူ့မှာ ကျွန်တော်သိစကထဲကပင် မြင်းနှစ်ကောင်နှင့် ဖြစ်၏။ ဖောင်းဝတ်ကလေး တကောင်၊ စိုင်ဝါလေးတကောင်။ ဖောင်းဝတ်စိုင်ဝါဆိုသည်မှာ မြင်း၏အမွေး အရောင် နှစ်ကောင်စလုံးဘဲ အသွေးအမွေးကောင်း အင်္ဂါကောင်းဖြစ်ရာမှ သူက အင်မတန် ရိုက်တတ်လေတော့ ရှန်းရှန်းတောက် မြင်းကောင်းလေးတွေ ဖြစ်နေ၏။

ကိုမောင်ခင်ကား ထာဝစဉ်လှည်းတစီးနှင့် မြင်းတကောင်သာရှိ၏။ စင်စစ် ကိုယ်တိုင် မောင်းသော မြင်းလှည်းသမားအဖို့ လှည်းတစီးနှင့် မြင်းတကောင် တော်လောက်ပြီ။ တနေ့လုံး နှစ်ကောင်မောင်းရလျှင် ပင်ပန်းလှ၏။ သူ့တွင်ဇနီးနှင့် တဦးတည်းသော သမီးသာရှိ၍ မြင်းတကောင် နှင့်ဘဲ ဖူလုံပါပြီ။ 

ကိုမောင်ခင်နှင့် ကျွန်တော် မရင်းနှီးမီက သူဖောင်းဝတ်မနာမည် မသိရသော်လည်း ကျွန်တော်နှင့်ခင်မင်မှ သူနောက်ပြောင်းသည့် မြင်းမက“တိုးစိန်”။ မြင်းလှည်း သမား အများအပြားကို ကျွန်တော်သတိထားခဲ့မိသည်။ အချို့သည် ကိုယ့်မြင်းကိုယ်နာမည်လေး တွေလှလှပပ၊ သို့မဟုတ် သင့်လျော်ရာကို ပေးကြသည်။

ကိုဘလှမြင်းနာမည်က “ဂျိုကုပ်”တဲ့။ နားရွက်က ခပ်တုပ်ကုပ်နေ၍။ မြင်းလှည်းအသင်း အမှုဆောင်တယောက်ဖြစ်သူ ကိုရ၏ မြင်းသိုးကြီးနာမည်က “တကောင်ဘွား”တဲ့။

အချို့မူဘာနာမည်မျှ မပေးကြပါ။ ယင်းသို့ ကိုယ့်မြင်းကိုယ် နာမည်ပေးသူနှင့် မပေးသူခွဲခြား ကြည့်သောအခါ မြင်းအား ကိုယ့်အိမ်သားတဦးလို ချစ်ခင်သူနှင့် ခိုင်းစေရန်သက်သက် သဘောထား သူဟူ၍ နှစ်မျိုးကွဲပြားလာသည်။ မြင်းအင်မတန်ရိုက်တတ်သူ ကိုလှကား သူ့မြင်းတွေကို ဘာနာမည်မျှ မပေးချေ။ အော်လိုက်ငေါက်လိုက်သည်မှာ “ဟား ဒီမြင်း၊ ကိုယ့်အမေကိုယ်”ဟူ၍။

ကိုသိန်းလေးတို့ လင်မယားကား သူတို့တွင် သားသမီးလည်း မထွန်းကား၍ သူတို့၏ တကောင်တည်းသော မြင်းမလေးအား “သမီး သမီး”ဟု ခေါ်ကြ၏။ နာမည်က “မိနီ”တဲ့။ ထိုအိမ်မျိုးသို့ သွား၍ လည်ပတ်ရလျှင် စိတ်ချမ်းသာစရာကောင်း၏။ ကိုသိန်းလေးသည် မူလက ကျောက်သွေးသမားဖြစ်၏။

ကိုမြတ်သာ၌ကား ဘာမြင်း ဘာလှည်းမျှမရှိခဲ့ချေ။ သူများလှည်း အခစားမောင်းသာ ဖြစ်၏။ သို့သော်သူ့မှာ မယားနှင့်သားသုံးယောက်နှင့်။ ကိုမောင်ခင့်အိမ်နှင့် ဘေးချင်းကပ်၍ ဖြစ်ကတတ်ဆန်း အိမ်ကလေးနှင့်နေ၏။ သူ၏နောက်ကြောင်းကားသူသည် ဤအရာဇာတိ မဟုတ်ချေ။ 

အင်္ဂလိပ်ခေတ် က ဘတ်စကားလောကမှာ အသင်းအဖွဲ့လည်းမရှိ။ ကားမှတ်တိုင် ဂိတ်လည်းမရှိ။ ကားတစီးမှာ စပယ်ယာတယောက် နှစ်ယောက်နှင့်ကားအပြိုင်မောင်း၍ လူလုတင်ရသည်ဖြစ်ပေရာ ကားအုံနာ တို့တွင် လူမိုက်လို၏။ ဤအကြောင်းကြောင့် ဘတ်စကား သုံးလေးစီးပိုင်သူ အုံနာ တယောက်က ကိုမြတ်သာအား တောရွာမှခေါ်ယူလာခဲ့ပြီး အိမ်ဖော်မ နှင့် ပေးစားထားခြင်းဖြစ်၏။ 

သို့ဖြင့်ဂျပန်ခေတ် ဘတ်စကားလောက မကောင်းတော့သောအခါ (သူ့အုံနာလည်း ပျက်စီးလေ၍) ကိုမြတ်သာတို့ လင်မယားကို မောင်ခင်နှင့် ပတ်သက်ပြီး မြင်းလှည်းနယ်သို့ ရောက်လာခြင်းဖြစ်၏။ အရက်ကတော့ အလွန်ကြိုက်သည်။ လူကတော့ အင်မတန်ပျင်းသူ ဖျင်းသူတည်း။ သို့သော် သူ့ကိုယ်သူ သတ်သေလောက်အောင်တော့ ရှက်တတ်၏။ (ဝါ) မိုက်သည် မည်၏။ ဒါပေမယ့်စာဖတ်တော့ ဝါသနာပါသဗျို့။ စာတအုပ်တွေ့လျှင် ဘာမှ မလုပ်ချင်တော့ဘူး။ (နောင်တွင် သူ့အကြောင်း ရေးပါမည်။)

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments