ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော်၏ ပထမဦးဆုံး ကိုယ်ပိုင်မြင်း ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော်၏ ပထမဦးဆုံး ကိုယ်ပိုင်မြင်း ) // သော်တာဆွေ
---
ကျွန်တော်၏ ပထမဦးဆုံး ကိုယ်ပိုင်မြင်း
“ဦးဟံသာ” ဟု နာမည်က အတော်ခံ့ထည်သောလူကြီး။ သူ့ကို ကျွန်တော်ကျောင်းသား ဘဝ ပထမအင်္ဂလိပ်ခေတ်ကတည်းကပင် တွေ့ဘူးမြင်ဘူးနေပါသည်။
ထိုစဉ်ကတော့ သူ့နာမည် ကို ကျွန်တော်မသိပါ။ စမ်းချောင်းထိပ် ပုလိပ်လက်ပြတိုင်အနီးရှိ ညဈေးတန်း တရုတ်ခေါက်ဆွဲ ထမင်းဟင်းဆိုင်တခု၌ သူ့အသံကို တကျော်ကျော်ကြားခဲ့ရသည်။ ယင်းဆိုင်မျိုးကို ထိုခေတ်က “လေးဘမ်းဟော်တယ်”ခေါ်လေရာ ခေါက်ဆွဲကြော်၊ ဆဲ့နှစ်မျိုးကြော် တခွက်တမူး၊ အခေါက်ကင်၊ အသားကင်၊ ဟင်းသီးဟင်းရွက်ကြော် စသည်က တပွဲမှ တပဲနှစ်ပြား၊ ထမင်း တရုတ်ပန်းကန်လုံး နှင့် နှစ်ပြား၊ တဝက် တပြား၊ ဆာဒါးဟင်းချို၊ ကြက်သွန်ချဉ် အလကားရလေရာ ပိုက်ဆံခြောက် ပြားလောက်နှင့် ထမင်းတနပ်စားနိုင်ပေသည်။
ဦးဟံသာသည် ထိုဆိုင်မျိုး၌ စားပွဲထိုးဖြစ်လေရာ လူတယောက်က ထမင်းဟင်းလျာ မှာလိုက်သောအခါ သူက တရုတ်လို အကျယ်ကြီးအော်ပြောလိုက်လေသည်။ သို့သော် မှာကြားသူက ခေါက်ဆွဲကြော်မှာ အသားများများထည့်ပါဆိုလျှင်ကား သူက ဗမာလိုဘဲ “အသားများများထည့်” ဟူ၍ အမိန့်ပေးသလိုအော်လိုက်၏။ တရုတ်ကတော့ ဘယ်သူ ဘာပြောပြော သူကြော်နေကျ ထုံးစံအချိုးအတိုင်းပေါ့ခင်ဗျာ။
ထိုနည်း၎င်းပါဘဲ။ “လက်ဖက်ရည်တခွက်၊ မလိုင်များများထဲ့”ဟူသော ဦးဟံသာ၏ အော်သံသည် ဂျပန်ခေတ် ကျွန်တော့် လက်ဖက်ရည်ဆိုင်ထဲသို့ ရောက်လာလေ၏။
သူ့မှာမယားမရှိ။ ငါးနှစ်ခြောက်နှစ်လောက် သားကလေးတယောက်နှင့် ကျွန်တော့် လက်ဖက်ရည်ဆိုင်သို့ အလိုအလျောက်ရောက်လာကာ သူ့ဖာသာသူ စတင်ကူညီရင်းဖြင့် ကျွန်တော်က သူတို့သားအဖအား လက်ဖက်ရည်အလကားတိုက်ရသည့် အခြေသို့ရောက်စေသည်။ သူ့သားကလေး ကိုလည်း ရေဆွဲ၊ ထင်းခွဲ လက်တိုလက်တောင်းခိုင်းပါဟု အပ်နှံလေသည်။
ဦးဟံသာကား ထိုစဉ်မှာ အသက်ခြောက်ဆယ်လောက်ရှိပေပြီ။ လူကောင်းသော်လည်း ကိုယ်လက်အင်္ဂါ မသန်စွမ်းလှပါ။ သူငယ်စဉ်က လည်ပင်းမီးလောင်ခဲ့၍ဆိုလား။ မေးစေ့နှင့် ရင်ဘတ် တဆက်ထဲဖြစ်ပြီး ပါးစပ်ကြီးပြဲနေသည်။ အသားရောင်ကလည်း ညိုညစ်ညစ်နှင့် တော်တော် အကြည့်ရဆိုးပါ၏။
သို့သော် အပြောကားကောင်း၏။ သူသည် ဤအရပ်ဇာတိ ဒီအရပ်အကြောင်း သူမသိတာ မရှိ။ မြင်းအကြောင်းဆိုလဲ အောင်မယ်လေး သူက ငယ်ငယ်လေးကတည်းက မြင်းလှည်း မောင်းခဲ့တာတဲ့ ခင်ဗျာ။ အခု မည်သူမည်ဝါတွေဖြင့်
“ငါသင်ပေးလို့ တတ်တာတွေပေါ့ကွ”။
ထိုသူများ ကျွန်တော်မေးကြည့်တော့လည်း ဟုတ်ကြောင်း ဝန်ခံကြ၏။
ဒါနှင့် ကျွန်တော်က လက်ဖက်ရည်ဆိုင် ထွက်၍ ဖော်ပြခဲ့သည့်အတိုင်း ငွေလေး ၂၀ဝိ လောက်စုမိတော့ မြင်းတကောင်ဝယ်ချင်ကြောင်း သူ့တိုင်ပင်မိတော့
“အောင်မယ်လေး၊ မောင်ကြင် ဆွေရယ်။ ဒါ ငါ့တာဝန်ထားလိုက်ပါကွာ”
တနေ့သ၌ မြင်းလှည်းသမား တယောက်သည် ကျွန်တော့်လက်ဖက်ရည်ဆိုင်ရှေ့ သူ့ လှည်းထိုးရပ်ပြီး လက်ဖက်ရည်လာသောက်၏။ ဒီလူကို ဦးဟံသာက
“ဟေ့ကောင် မင်းနေ့တွက် ကိုက်ခဲ့ပြီလားကွ”
မေး၏။ ထိုလူက
“ဗဟန်းတခေါက်၊ ရန်ကုန်တခေါက်မောင်းခဲ့ပြီဗျာ။ တော်ပါ ပြီ”
ဟုဆို၏။ ထိုအခါ ဦးဟံသာက
“မင်းရောင်းမယ်ပြောတာ ဒီမြင်းဘဲလား”
မေး၍ ဒီလူကခေါင်းညိတ်တော့
“ဟေ့ မောင်ကြင်ဆွေ။ မင်းတက်မောင်းကြည့်စမ်းကွာ”
ဆိုသဖြင့် ကျွန်တော် တပတ် ရှောက်မောင်းလိုက်သည်။
မဆိုးဘူး။ မြင်းမ စိတ်သဘောကောင်း၏။ သူ့အသားအရည် သူ့ကိုယ်လုံးကိုယ်ထည်နှင့် သူ့ခြေသင့်လျော်ပါ၏။ ကျွန်တော်သည် တောက်ထွန်းရပြီးကတည်းက နားစောင့်ဗွေကို ကြည့်တတ်နေ၍ နားရွက်နောက်က ဗွေနှစ်လုံး ကြည့်လိုက်တော့ အိုကေပါဘဲ။ ဗွေမှန်နေရာမှန်ပါဘဲ။
ကျွန်တော် မြင်းလှည်းပေါ်ကဆင်း၊ လက်ဖက်ရည်ဆိုင်ထဲဝင်တော့ ဦးဟံသာက
“ဘယ့် နှယ်လဲ”
မေး၍ ကျွန်တော်က နှစ်သက်သော အမူအရာပြလိုက်၏။
ဦးဟံသာက မင်းမြင်း ဘယ်လောက်ရောင်းမလဲမေး၍ ထိုလူက လက်နှစ်ချောင်းထောင် ပြပြီး လက်ဖက်ရည်ဆိုင်ထဲက ထွက်ပြီး သူ့လှည်းပေါ် တက်မောင်းသွား၏။ ဒီတော့ ဦးဟံသာနှင့် ကျွန်တော် ပွင့်ပွင့်လင်းလင်းတိုင်ပင်ကြ၏။
“နှစ်ရာတော့ များတယ်ဗျာ။ သူ့မြင်းမက ပိန်တယ်ဗျ”
“ဒါက သူ့ဆိုဈေး ရှိသေးတာဘဲကွာ။ ပိန်တာကတော့ ဒီကောင်က ငွေလိုတိုင်း သိပ်ခိုင်း တယ်ကွာ။ အစာလဲကောင်းကောင်း မကျွေးဘူး။ မင်းလိုလူ လက်ထဲရောက်လို့ သက်သက်ညှာညှာခိုင်းမယ် အစာကောင်းကောင်း ကျွေးမယ်ဆိုရင် မကြာခင် တသွေးတမွေးဖြစ်လာမှာပါကွာ။ ဒီမြင်းမအသက်ခြောက်နှစ်လောက် ရှိသေးတာကွ။ အရွယ်ကောင်းပေါ့”
သူတို့ဈေး နှစ်ရာ၊ ဆစ်လိုက်လျှင် လျှော့ဦးမည်ဖြစ်၍ ကိုယ့်ဝယ်နိုင်အားနှင့်လည်း အံဝင် နေသဖြင့် ဒီမြင်းမကို ကျွန်တော်ကြိုက်နေလေပြီ။ မြင်းမကဖျတ်ဖျတ်လတ်လတ်နှင့် ခြေလည်း သွက်၏။ သူ့မှာ ပိန်တာလေး တခုဘဲ အပြစ်ဆိုစရာရှိ၏။ သို့သော်အသက်ငယ်၊ အရွယ်နုသဖြင့် ဦးဟံသာပြောသည့်အတိုင်း ကိုယ့်လက်ထဲရောက်၍ ပြုပြင်လိုက်လျှင်ဟူသော စိတ်ကူးဖြင့်
“ဒါပေမယ့် ဈေးတော့ ဆစ်အုံးဗျာ”
“အေးပါ၊ ဒီကောင်ကို နိုင်ပါတယ်ကွ။ မင်းကဘယ်လောက်ပေးချင်လဲ”
“တရာ့ ငါးဆယ်လောက်”
“အေးကွာ၊ ဒိထက်နဲနဲပိုသင့်ပိုပေါ့။ ငါဖြစ်အောင်လုပ်ပေးပါ့မယ်”
သို့နှင့် အတိုချုပ်ပြောရသော် ဤမြင်းမကိုကျွန်တော် ၁၆၅ ကျပ်နှင့် ရလိုက်တော့သည်။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine


Comments
Post a Comment