အိမ်ကလေး (၇) // နေဝင်းမြင့်
အိမ်ကလေး (၇) // နေဝင်းမြင့်
(အိမ်ကလေး ၁၆ လုံး)
---
ထူးဆန်းသော တိုက်ဆိုင်မှုလို့သာ ဆိုရတော့မည်။
သည်ဝိုင်းတိုက်ထဲမှာ မိသားစုကြီးနှစ်စုရှိ၍ ထိုမိသားစု နှစ်စု၏ အိမ်ဦးစီးများ၏ အမည်များမှာ တိုက်တိုက်ဆိုင်ဆိုင် ချစ်စနိုးအမည်များ ဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။
တစု၏ အိမ်ထောင်ဦးစီးများက ဦးကြွက်နီ ၊ ဒေါ်ခွေးပု ဖြစ်၍ နောက်တစုက ဦးကျွဲ ၊ ဒေါ်ယုန် ဖြစ်သည်။ ဦးကြွက်နီနှင့် ဦးကျွဲက ညီအစ်ကိုအရင်းဖြစ်သည်။ ဦးကြွက်နီနှင့် ဦးကျွဲတို့၏ မိဘနှစ်ပါးကို ရပ်ကွက်က မမီလိုက်ကြသော်လည်း သည်မိဘများက သည်ဝိုင်းကြီးနှင့် အိမ်ကို အမွေ အဖြစ် ထားရစ်ခဲ့တာကိုတော့ သိကြသည်ချည်းဖြစ်၏။
ဦးကျွဲက ဒေါ်ယုန်နှင့် အိမ်ထောင်ကျပြီး သားသမီးရှစ်ဦး မွေးသည်။ မစီ ၊ မရီ ၊ မနီ ၊ မသီ ၊ သံဒိုး ၊ ကျောက်ခဲ ၊ မစိုးနှင့် မမျိုးတို့ ဖြစ်သည်။
ဦးကြွက်နီ ဒေါ်ခွေးပုက သားသမီးငါးယောက်။ သားကြီးက အောင်သိန်း ၊ ဒုတိယက အောင်ငြိမ်း ၊ ကျန်တာက သမီးတွေ မဆင့် ၊ မတိုး ၊ မထွေး။ သားနှစ်ယောက်ရပြီး မမွေးတော့ဘူး အောက်မေ့သည့်ကြားက ထပ်ဆင့်မွေးလာသူကို မဆင့် ၊ နောက်တယောက် တိုး လာတော့ မတိုး၊ နောက်ဆုံးတယောက် ထင်ပါရဲ့ဆိုပြီး မွေးလာသူက မထွေး။
ဤသို့အားဖြင့် သည်ဝိုင်းတိုက်ထဲမှာ နှစ်မပေါက်ဖြစ်သော ညီအစ်ကိုမောင်နှမတွေ ဆယ့်သုံးဦး ရှိလာခဲ့သည်။ ကျတော် ပြန်လည် ရေတွက်ပြပါမည် ။ မစီ ၊ မရီ ၊ မနီ ၊ မသီ ၊ သံဒိုး ၊ ကျောက်ခဲ ၊ မစိုး ၊ မမျိုး ၊ အောင်သိန်း ၊ အောင်ငြိမ်း ၊ မဆင့် ၊ မတိုး ၊ မထွေးပေါင်းဆယ့်သုံးယောက်။
စင်စစ် ဝိုင်းတိုက်ဆိုသော်လည်း ဝိုင်းက ကျယ်လှသည်မဟုတ် ။ ရှိလှရင် ပေ ၃ဝ ပတ်လည်။ ပြီးတော့ ထောင့်စပ်စပ် ညီညီညာညာ မဟုတ်။ ဒန်ဖလားဟောင်းတလုံးအား ကြိတ်ပြီး ပစ်ထားတာမျိုး ဖြစ်သည် ။ ပိန်သည့်နေရာက ပိန် ၊ ချိုင့်သည့် နေရာကချိုင့်။ အဆိုးဆုံးကတော့ ရပ်ကွက်လယ်က ဝိုင်းတိုက်ဆိုသော်ငြား ထွက်လမ်းမရှိ ။ ဟိုကဖောက်ထွက် ၊ သည်ကတိုးထွက် ၊ ဟိုအိမ်နဲ့ ရန်ဖြစ်တော့ သည်ဘက်က ထွက်။ သည်အိမ်နဲ့ မတည့်တော့ ဟိုဘက်ပန်း ၊ သည်လိုနှင့် နှစ်တမ်းတွေ ကြာခဲ့သော်လည်း ထွက်စရာမရှိလို့ မထွက်ရလေခြင်းမရှိ။
သည်လိုနေခဲ့ကြရာက ညီအစ်ကိုနှစ်ဦးဖြစ်သော ဦးကြွက်နီနှင့် ဦးကျွဲသည် လည်းကောင်း ၊ ဦးကြွက်နီ၏ဇနီး ဒေါ်ခွေးပုသည် လည်းကောင်း သူငါကစ လွန်ဆန်မရသည့် မရဏမင်း သူ့လက်တွင်းသို့ သက်ဆင်း ကျရောက်ခဲ့ကြသည်ဖြစ်ရာ ကြွင်းကျန်သော ကလာပ်ရုပ်အကျန်ကို သုသာန်မှာ သဟာယတစုနှင့် စျာပန ပြုပြီးသည့်အခါ တဆယ့်သုံးဦးသော နှစ်မပေါက် အမျိုးကောင်းသား ၊ အမျိုးကောင်းသမီးသည် မောင်နှမတသိုက်ကို အကြီးအမှူးအဖြစ် ကျန်ရစ်ရှာသူ ဒေါ်ယုန်ကသာ ပဲ့ပဲ့စီးစီး ကြည့်ရူနေခဲ့သည် ။
“ မင်းတို့မိဘများ မရှိကြတော့ပေမယ့် သည်ဝိုင်းနဲ့ အိမ်က မင်းတို့လည်း ဆိုင်တယ် ၊ သည်တော့ မောင်အောင်သိန်းတို့က ကြီးတော်တို့နဲ့ပဲ သည်ထဲ နေကြပေါ့ ၊ မင်းတို့မောင်နှမဆန္ဒပဲ ၊ မင်းတို့က ပိုင်းပါ ဆစ်ပါဆိုရင်လည်း ပိုင်းကြ ၊ ကြီးတော်ကငွေရယ်လို့လည်း မအမ်းနိုင်ဘူး ၊ သည်တော့ မင်းတို့ဆိုင်တဲ့အမွေ မင်းတို့သဘောပဲ ”
တရက်မှာတော့ ဒေါ်ယုန်က လင့်ဘက်က တူတော်သူ အောင်သိန်းကိုခေါ်ပြီး ပိုင်ဆိုင်မှုကိစ္စ ဖြတ်သည် ။ ဝတ္တရားအရပြောကြရသော်ငြား ဘယ်သူကမှ ထွက်စရာ ၊ ပိုင်းစရာမရှိ ။ ကိုယ့်အိမ်ကိုယ်ဆောက် ၊ ကိုယ့်ဝင်း ကိုယ့်တံခါး ထားနိုင်ကြ သူတွေမဟုတ် ။ ဤဝိုင်းတိုက်၌ ဆင်းရဲခြင်းနှင့် မပြည့်စုံခြင်းတို့ တလှည့်စီ စံမြန်းကြသည်ဖြစ်ရာ နောက်ထပ် ထောင်ထားခြားနားလာမည့် “ အတိဒုက္ခ ” ဆိုတာကို မျှော်လင့်ဝံ့ကြသူတွေမဟုတ် ယ။
နဂိုက သည်ဝိုင်းထဲမှာ ဘိုးဘွားတို့ ထားခဲ့သော နှစ်ထပ်အိမ်ကြီးတလုံးရှိခဲ့၍ သည်အထဲမှာ ကျဉ်းကျဉ်းကျုတ်ကျုတ်ခွေးတိုးဝက်ဝင် နေကြသူတွေ ဖြစ်သည် ။ သည်တုန်းကတော့ ကလေးတွေက ငယ်ကြသေးတော့ အိမ်ပေါ်နေသလိုလို ၊ အိမ်အောက်နေသလိုလို ၊ သစ်ပင်ရိပ် ကစားကြသလိုလိုနှင့် ပြီးခဲ့ကြသူတွေ ။ သို့သော် ပထမမျိုးဆက် ကွယ်လွန် ၊ ဒုတိယမျိုးဆက်ကလည်း အနိစ္စရောက် ၊ တတိယမျိုးဆက်ကလည်း လူလုံးသူလုံးကြီးလာသည့်အခါမှာတော့ ငှက်လှောင်အိမ်ထဲ ဝက်ဝံတကောင်ထိုးသိပ်ထည့်တာမျိုး ဖြစ်လာတော့သည် ။ သို့သော် သည်အိမ်ကိုပြင်ဝံ့သူမရှိ ။ ပြင်နိုင်သူမရှိ ။ သစ်တချောင်းကျိုး သစ်တချောင်းထည့်ဖို့တောင် အနိုင်နိုင်ဆိုသူတွေချည်းဆိုတော့ အိမ်ဟူသော အထည်ကိုယ်ဒြပ် သဘောမပျက်သရွေ့ ငါတို့ ရဲဝံ့စွာ နေနိုင်ဖို့သာ လိုသည်ဆိုသည့် သန္နိဋ္ဌာန်ဖြင့် အသီးသီး အသက အသက နေခဲ့ကြတာပဲ ကြာလှပေါ့ ။
ဤသို့အားဖြင့် ဂက်စ်မီးခြစ်များအတွက် ရွာရိုးကိုးပေါက် ဓာတ်ငွေ့ဖြည့်တင်းရေး လုပ်ကိုင်သော “ ဂက်ထည့်ဆရာ ” အောင်သိန်း သည်လည်းကောင်း ၊ လေပုပ်ထုတ်ဆေး ရောင်းချသူ အောင်ငြိမ်းသည်လည်းကောင်း ၊ ပွဲရုံတွေမှာ ပဲရွေး ဆန်ရွေးလိုက်ကြသူ မဆင့် ၊ မတိုး ၊ မထွေးတို့သည်လည်းကောင်း ၊ ဆေးလိပ်ခုံက ဆေးလိပ်ကို နှုန်းတခုဖြင့် အိမ်ယူ လိပ်ကြသော မစီ ၊ မရီ ၊ မသီတို့သည်လည်းကောင်း ၊ ဆေးလိုက်သုတ်ကြသော သံဒိုးနှင့် ကျောက်ခဲတို့သည် လည်းကောင်း ၊ ရွှေချည်ထိုးလိုက်ကြသော မစိုးနှင့် မမျိုးတို့သည်လည်းကောင်း ၊ မနက်မိုးလင်းသည်နှင့် အိမ်က ထွက်ကြသည်ဖြစ်ရာ ဆေးလိပ်လိပ်ကြသူ အိမ်နေအိမ်ထိုင်များမှလွဲ၍ သည်အချိန်မှာ “ အလုပ်သဘော ” သိပ်မရှိ ။
ဒေါ်ယုန်ကတော့ အသက် ရှစ်ဆယ်ကျော်ပြီ။ အရွယ်လွန် သားသမီးတွေကလည်း အိမ်ထောင်ရက်သား ကျသူ ကျကြပြီ။ လင့်ဘက်ကတူ ၊ တူမတွေကလည်း ဒေါ်ယုန့်တာဝန်ပေကိုး ။ မင်္ဂလာရယ်လို့တော့ ဆောင်ပေးစရာ မလိုပါ။ ယောက်ျားသားတွေက မိန်းမသားများကို ကြက်ကလေး ၊ ငှက်ကလေးများလို ဖမ်းလာကြကာ သမီး ၊ တူမတွေကလည်း သက်ဆိုင်ရာယောက်ျားတွေကို ကန်စွန်းများလို ခူးဆွတ်လာကြခြင်းအားဖြင့် သည်ဝိုင်းတိုက်ထဲမှာ လူတွေ ထပ်တိုး လာခဲ့၏။ လက်ဖက်တရိုး ၊ ဆေးတအိုးဖြင့် ယူခဲ့ကြသော်လည်း “ သားချွေးမ ၊ တူချွေးမ ” ၊ “ သမီးသမက် ၊ တူသမက် ” တွေ ချည်းမဟုတ်လား။ ဒေါ်ယုန့်အတွက်ကတော့ အိမ်အိုကြီးပေါ် ထိုင်ရင်းက ဟင်းခွက်တိုးနေရလေ၏။ ထိုအစုံအစုံသော မိသားစုတွေက ထပ်မံပေါက်ဖွားလာကြကုန်သော ကလေးတွေကလည်း သည်အိမ်ကြီးနှင့် သည်ဝိုင်းထဲမှာ ပွက်ပွက်ကြီး ရိုက်လေသည်။ ဆိုင်ရာဆိုင်ရာမိဘတွေက မိုးဦးလေးဦး ဖားများဥချသလို မွေးသမျှ ဘယ်သူ ဘယ်သူ့ သားသမီးရွေးဖို့ခက်လေ၏။
နေ့ခင်းနေ့လယ် သူထွက် ကိုယ်ထွက် ပြဿနာမရှိသော်လည်း ညဘက် လူစုံသည့်အခါမှာတော့ ဒေါ်ယုန်၏ ဝိုင်းနှင့် အိမ်မှာ သိင်္ဃိုဠ်ပြည်ကို မီးတင်ရှို့သော ဟာနုမာန်မျောက် တပ်ဖွဲ့ကြီး စီးမိသွားသလို ရှိလေသည် ။
ပထမဆုံးတက်နေသည့် ပြဿနာမှာ အစာဟောင်းတို့ စွန့်ရာနေရာဖြစ်၏ ။ တိုင်လေးတိုင်စိုက် ၊ ကပ်ဟောင်းကလေးမိုးပြီး ဂုန်ုနီအိတ်ဟောင်း ၊ မြွေရေခွံအိတ်ဟောင်းကို တံခါးသဖွယ် အသုံးချသော သည် အဆောက်အအုံက အရပ်ရှစ် မျက်နှာစုံပြီ ။ လူပေါင်းများစွာတို့၏ အားကောင်းလှသော ထုတ်လုပ်မှုက နဂိုလျာထားချက်ထက် စောစောစီးစီး ပြည့်မီတာများလေတော့ သည်လေးတိုင်စင်ကို ရွှေ့ရတာပဲ အ်ိမ်ကို မြို့ပတ်ရထားကဲ့သို့ လက်ယာ ရစ်သုံးပတ်ပတ်မိပြီ ။ ဒေါ်ယုန်၏ အိမ်သာ ကိုယ့်ဘက်ရောက်လာသည့် အိမ်နီးချင်းတိုင်းက ကုသိုလ်ကောင်းမှုတို့ မပြတ် ပြုနေသည့် ကြားက ရောက်လာသောဂြိုဟ်ဆိုးသဖွယ် မိမိအိမ်ဘက်မှသည် တခြားတပါးသော အိမ်ဘက်သို့ရောက်ရှိရေး နည်းအမျိုးမျိုးဖြင့် ကြံစည်ကြလေသည် ။
သည်အိမ်သားတွေ ချက်ကြ ပြုတ်ကြတာကလည်း ပျော်စရာပင်ကောင်းသည်။ အသီးသီး အသက အသက အိမ်ဝ ဝိုင်းဝရောက်ကြသည်နှင့် ပထမဆုံး မြေပြောင်ပြောင် ကွက်လပ်မှာ ချက်ချင်း ပြုတ်ခြင်း ဖြစ်သည် ။ အိမ်နှင့် လွတ်သောမြေ ပြောင်ပြောင် ကွက်လပ်မှာ မီးဖိုကလေးတွေ ပွစာကြဲနေတတ်သည် ။ သို့သော် သည်အိမ်၏ ထူးခြားချက်မှာ ဘုံဝါဒ ကျင့်သုံးကြခြင်း ဖြစ်၏။ အောင်သိန်းမိသားစုက ထမင်းအိုး ၊ အောင်ငြိမ်းမိသားစုက သံဒယ်ပိုင်း ၊ သံဒိုးကျောက်ခဲ ညီအစ်ကိုက ယောက်မနှင့် မွှေဇွန်း ၊ ယောက်ချို ၊ မစီက လင်ပန်း ၊ မရီက သောက်ရေအိုး ၊ မနီ က သောက်ရေခွက် ၊ မစိုး ၊ မမျိုးတို့က ကျောက်စည်ပိုင်း ၊ မဆင့်က သံပန်းကန် ၊ မထွေးက ဆန်ကော ဆန်ခါ ၊ မတိုးက ရေချိုးဖလား ၊ ဓား ၊ ဓားမ စသည်ဖြင့် အိမ်ထောင်ပစ္စည်း ၊ မီးဖိုချောင်ပစ္စည်း အသီးသီး ဝယ်ယူကြပြီးဝိုင်းလယ်က တည်ပင်ကြီးအောက်က ထင်းရှူးပုံးကြီးထဲ ထည့်ထားကြရသည်။ ပထမဆုံးရောက်လာသည့် မိသားစုက ကိုယ့်မီးဖိုနေရာမှာ ( မီးဖိုခွင်ကတော့ ဘုံမဟုတ်ပါ ) စတင် ချက်ပြုတ်သည် ။ အောင်သိန်း၏ ထမင်းအိုးဆိုသော်လည်း အောင်သိန်းပြီးမှ ချက်ရတာမျိုး မဟုတ် ။ ဦးသူ ချက်စတမ်း ။ ဒုတိယရောက်လာသူက ထမင်းအိုး မအားမှန်းသိလျှင် အောင်ငြိမ်း၏ ဒယ်နှင့် ဟင်းချက်နှင့် ခွင့်ရှိသည် ။
ထမင်းချက်ပြုတ်ဖို့ စတင်ရောက်လာသူက လက်ဆွဲခြင်းမှာ ထမင်းဟင်း ချက်ပြုတ်ပြီး လှယ်ယူဖို့ ချိုင့်လို ၊ ပလတ်စတစ် ခွက်လိုဟာ ပါမည်။ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ကြာညို့ပုလင်း ၊ ဆားထုပ် စသည့် အထုပ်ကလေးတွေပါမည်။ ဒါကလည်း ကုန်စုံဆိုင်ကထည့်ပေးလိုက်သော အထုပ်အတိုင်းခြင်းတောင်းထဲ ထည့်ထားလိုက်ရုံ။ အထုပ်တွေကြား မှာတော့ ကြက်သွန်နီလေးငါးလုံး ၊ကြက်သွန်ဖြူ လေးငါးတက် ၊ ချင်း လက်တဆစ်ပါမည်။ ပါလာသည့် ဆန်ထုပ်ကို အောင်းသိန်း ဒယ်အိုးထဲထည့် ၊ မမျိုး ကျောက်စည်ပိုင်းက ရေနှင့်ခပ်ဆေး ၊ ထမင်းအိုးတည်။ ကျက်တော့ မထွေး ဆန်ကောဆန်ကာထဲခဏထည့်။ ပြီးတော့ အောင်ငြိမ်း ဒယ်အိုးအားပြီဆိုတော့ လစ်ပိုပုလင်းထဲက ဆီကိုဖောက်သွန် ၊ ဆီပွက်တော့ ဆီကလေးသတ် ၊ မစိုး၏ယောက်မနှင့် မွှေ ၊ ဇွန်းနှင့် မွှေ ။ သည်အချိန်မှာ မိသားတစုက မစိုး၏လင်ပန်းထဲမှာ ခြွေစရာရှိတာ ခြွေ ၊ သင်စရာ သင် နှင့် ဖျင်နှင့် ။
သို့သော် သည်ချက်ခြင်းပြုတ်ခြင်း အနုပညာက သူတို့အလုပ် ကပြန်လာကြသည့်လေးနာရီဝန်းကျင်မှ ညနေ ခြောက်နာရီခွဲကြားမှာ တက်သုတ်ရိုက်ကြခြင်း ဖြစ်၏။ ခုနစ်နာရီထိုးလျှင် ရပ်ကွက်ဗီဒီယိုရုံကို သွားကြရမှာ မဟုတ်လား။ ထမင်းချက်ခြင်း ၊ ကိုယ့်ချိုင့်ထဲ ကိုယ်ကဲ့ခြင်း ၊ မြစ်ဆိပ် ရေပြေးချိုးကြခြင်း ၊ ကသုတ်ကရ ကစားရခြင်းတွေကသည် အချိန်အတွင်းမီဖို့လိုသည်။ စောစောစီးစီး ချက်ပြုတ်ပြီးသူက ကလေးတွေကို ဝိုင်းစေကာ ကြီးစွာသော အဟုန်ဖြင့် စားကြသောက်ကြလေသည်။
လဟာမြစ်မ ၊ ပင်လယ်ဝ၌ ၊ သြဃယာဉ်ကြီး ၊ လေးဖြာစီးသည့် ခရီးရေကြောင်း ၊ ဝဲခနောင်းဝယ် တပြောင်းပြန်ပြန် ရှိကြလေ၏။ ဤသို့အားဖြင့် ညနေစောင်းနေဝင် ရီတရော၌ ဒေါ်ယုန်၏ ဝိုင်းထဲမှာ “နှုတ်လျှာမလျော့ ၊ သံသော့သော့နှင့် ဆော့သည့်နှုတ်သီး ၊ မြိုင်တောကျီးလည်း ၊ သံကြီး အာအာ ” ဆိုသကဲ့သို့ သိမ့်သိမ့်တောလုံး ၊ သံပေါင်းရုံး၍ ၊ ပတ်ကုံးမြိုင်နက် ၊ အုတ်ကျက်ကျက် ရှိလေသည် ။
မိုးကလေးချုပ်ပြီဆိုသည်နှင့် သည်အိမ်ဆီမှ ချီတက်လာကြသောဒေါ်ယုန်အုပ်စုကြီးက အနီးရှိ ဗီဒီယိုရုံမှာ ပြသနေသည့် မြန်မာရုပ်ရှင်ကား တကားကို ကြည့်ကြလိမ့်မည် ။ ယောက်ျားသားတွေက အိတ်ထောင်ထဲ ဆေးလိပ်နှစ်လိပ်စီ ပါကြ၍ မိန်းမတွေက ဆေးလိပ်တွေ ခေါင်းမှာစိုက်လာကာ အိမ်ကြီးမှာ ဒေါ်ယုန်တယောက်တည်း ကျန်နေတတ်သည် ။ စားလက်စတန်းလန်း ပစ်ထားခဲ့ကြသော ပန်းကန်ခွက်ယောက်များ ၊ စုပုံထားခဲ့ကြသော အဝတ်ဟောင်းများ ၊ ကလေးကစားစရာ ဗြုတ်စဗျင်းတောင်းများကြားမှာ တယောက်တည်း ရှိနေတတ်သည် ။ ထိုခဏ ၌လောကသည် ငြိမ်သက်လျက် ရှိလေသည် ။ စောစောပိုင်း အုတ်အာသရဲ အခြေအနေမှ ချက်ချင်းကြီး တိတ်ဆိတ်သွားတတ်သည် ။
တရက်တော့ ဒေါ်ယုန်က သည်အိမ်မှာ အိမ်ငှားလက်ခံကြောင်း တဆင့်ဆကားဖြင့် ကြေညာချက် ထုတ်လိုက်သည် ။ ဒေါ်ယုနန်က အိမ်ငှားမည်ဆိုသောအခါ အားလုံးက အံ့သြကြသည် ။ သားသမီးတွေ တူ ၊ တူမတွေကလည်း နားမလည် နိုင်အောင် ဖြစ်ကြရသည် ။
“ အမေ ဘယ့်နှယ်လုပ်တာတုံး ၊ အမေ့အိမ်ကမှ ခရိုးခရိုင်ဗျာ ၊ အိမ် ရှိတဲ့လူတွေတောင် ကုတ်ကတ်နေကြရတာ ၊ လူငှားထားတယ်ဆိုရင် ကျုပ်တို့က ဘယ်သွားနေမတုံး ”
“ ဟဲ့… သည်အိမ်က ငါ့အိမ် ၊ ငါ မသေသေးဘူး ၊ ငါ့ဝင်ငွေကလေးငါ ရှာရမှာပေါ့ ၊ ငါ မုဆိုးမဘယ်ကောင်က တပြားထောက်လို့တုံး ၊ နင်တို့ ကျွေးတဲ့ထမင်းနဲ့ချည်း လူဆိုတာ နေလို့ရတာ မဟုတ်ဘူးဟဲ့ ၊ လှူရေးတန်းရေးဆိုတာ ရှိသေးတယ် ”
ဒေါ်ယုန် အိမ်ငှားထားတော့မတဲ့ သတင်းကြောင့် လူတော်တော်များများ ရောက်လာခဲ့ကြသည် ။
အိမ်ငှားဆိုလို့ ဒေါ်ယုန့် အပေါ်ထပ်လား ၊ အောက်ထပ်လား ၊ အဖီချပေးမှာလား ၊ စပေါ်နဲ့လား ။ ရေနဲ့မီးကကော။ အနည်းဆုံး အိမ်လခ ဘယ်နှစ်လစာ ကြိုယူမှာတဲ့လဲ။ တကယ်တော့ အပေါ်ထပ်လည်းမ ဟုတ် ၊ အောက်ထပ်လည်းမဟုတ် ၊ အဖီလည်းချမပေးနိုင် ။ ရေနဲ့မီး မရှိ။ ကိုယ့်အလင်းရောင်နှင့် ကိုယ့်ရေ။ အိမ်လခက ကပ်ကြမ်းတချပ် တလငါးရာ။ ကပ်ကြမ်းဆိုတာက အနံ သုံးပေ ၊ အလျား ခြောက်ပေ။ ဝါးခြမ်းမာမာကို ရက်ထားသည့် အခင်းပြားကိုခေါ်ခြင်းဖြစ်သည် ။ ကိုယ့်ကပ်ကြမ်း ကိုယ်သယ်လာရမည် ။ သည်ဝိုင်းထဲမှာ ကြိုက်သည့်နေရာ နေပိုင်ခွင့်ရှိသည် ။ သဘောကတော့ ကျော တခင်းစာ တလငါးရာယူခြင်း ဖြစ်သည်။
“ ကြီးတော်ကတော့ ကပ်ကြမ်းတချပ် ငါးရာပဲ ၊ မင်းတို့ဘာသာကပ်ကြမ်းကို မြှင့်ချင်မြှင့် ၊ နှိမ့်ချင်နှိမ့် ၊ ဇောက်ထိုးထားထား ၊ လာအိပ်ချင်နေ မအိပ်ချင်နေ ၊ လူဘယ်နှစ်ယောက်လာလာ ၊ ကပ်ကြမ်းတချပ် ငါးရာပဲ ။ မင်းတို့ သေတ္တာတွေတော့ အိမ်ထဲထားခွင့် ပြုတယ် ။ ငါးရာက ကပ်ကြမ်းယူလာတဲ့နေ့ ကြိုပေးရမယ် ။ အိမ်ပေါ် ပြုံတက်ချင်လို့လည်း မဖြစ်ဘူး ။ ငါ့အိမ် က ပုစဉ်းနားတောင် ခံတာမဟုတ်ဘူး ၊ မြေကြီးပေါ် ကပ်ကြမ်းချ အိပ်နိုင်ရင် လာခဲ့ပဲ ”
ကမ္ဘာလောက၌ အလားတူ မရှိနိုင်သော ကပ်ကြမ်းတချပ် ငါးရာ အိမ်ငှားစနစ်ကြောင့် စိတ်ပါဝင်စားကြသူ ဆယ်ဦးလောက် ရောက်လာကြသည် ။ ကပ်ကြမ်းတချပ် စီခေါင်းပေါ်ရွက်ပြီး ရောက်လာကြသည့်နေ့က ဒေါ်ယုန် ငွေငါးထောင် ပက်ခနဲ ရလိုက်သည် ။
ထိုအခါ မထင်မှတ်သော ပြဿနာက စလေ၏ ။ တသက်လုံးက သူ့အမွေ ကိုယ့်အမွေမှတ်သော ပြဿနာက စလေ၏ ။ တသက်လုံးက သူ့အမွေ ကိုယ့်အမွေ မခွဲခဲ့ကြသော အောင်သိန်းတို့ အောင်ငြိမ်းတို့မောင်နှမတွေက သည်ဝင်ငွေပေါ်မှ တဝက်လိုချင်သည် ။ ကပ်ကြမ်းတချပ် ငါးရာသမားတွေက သည်ဝိုင်းထဲမှာ ညဘက်အိပ်ချင်သည့်နေရာ ကပ်ကြမ်းခင်း အိပ်ကြရတာဆိုတော့ ဒေါ်ယုန့် မြေပေါ် အိပ်ပါသည်ဆိုလို့ မရတော့ ။ အောင်သိန်းတို့ ရပိုင်ခွင့် တောင်းလာကြခြင်း ဖြစ်သည် ။
“ ကြီးတော် ကပ်ကြမ်းတချပ် ငါးရာစနစ်ကို ကျတော်တို့သဘောတူပါတယ် ၊ သည်လို ဝင်ငွေကလေးရတော့ တဖက်က အသက်ရှူချောင်တာပေါ့ ၊ သို့သော်လည်း… ”
“ ဘာ သို့သော်လည်းကွဲ့၊ မင်းက ဘယ့်နှယ်ဖြစ်ချင်လို့တုံး ”
“ ကျတော်တို့ကတော့ ဟပ်ဘိုင်ဟပ် လုပ်ချင်တယ် ”
“ ဘာလဲ ဟပ်ဘိုင်ဟပ်ဆိုတာ ”
“ တယောက်တဝက်စီပေါ့ ”
“ ဟကောင်တွေရဲ့၊ ငါက အိမ်ငှားဆိုပြီး အိမ်ကလေး အခန်းကန့်ပြီး တယောက်စ ၊ နှစ်ယောက်စ တလ တထောင်ရယ် ၊ နှစ်ထောင်ရယ် ငှားတာမျိုး မဟုတ်ဘူးဟဲ့ ၊ ငါ့အိမ်ကလည်း ကျူပင်ရိုး တတိုင်နှစ်တိုင် လေတိုးလို့ယိုင် ဘယ်သူက လာငှားမှာတုံး ။ ကပ်ကြမ်းတချပ်ငါးရာက ကျောခင်းရ ပြီးရောဆိုတဲ့ ဘောက်သောက်တွေကို ငှားတာမှာ မင်းက မင်းဘဒါ (ဘဏ္ဍာ) ကိုယ့်ဟာ မှတ်နေသလား ”
“ ဘယ်ဟုတ်ပါ့မလဲ ကြီးတော်ရဲ့ ၊ သည်မြေပေါ်က ဝင်သမျှ ကြီးတော်တို့ တဝက်ဆိုင်သလို ၊ ကျတော်တို့ တဝက်ဆိုင်တာပဲ ။ တကျပ်ရ ငါးမူးပေါ့ဗျ ”
“ ဒါဆို ကပ်ကြမ်းဝင်ငွေပေါ် ခွဲမနေနဲ့တော့ဟေ့ ၊ အိမ်ပါ ခွဲကြတော့ ”
“ အိမ်ခွဲတော့လည်း ရသဗျာ ၊ အ်ိမ်လည်း ကျုပ်တို့နဲ့ တဝက်ဆိုင်တာပဲ ”
သည်လိုဆိုတော့ ဒေါ်ယုန် ငြိမ်သွားသည် ။ အိမ်ကလည်း တကယ်တော့ သူတို့ တဝက်ပိုင်သည် ။ မိုးကလေးချုပ်ချုပ် အိမ်ကလေး ငုတ်တုတ်ကို ထပ်ခွဲရလျှင် ထင်းဖြစ်တော့မည် ။ ပိုက်ဆံအမ်းပါလားဆိုတော့လည်း အမ်းနိုင်တာ မဟုတ် ။
“ အေးပေါ့လေ မင်းပြောတဲ့ ဟပ်ဘိုင်ဟပ်ပေါ့ ”
ရလာသည့်ဝင်ငွေ ငါးထောင်ထဲက အောင်သိန်းတို့ မောင်နှမက နှစ်ထောင့်ငါးရာ လစဉ်ရသည်။ သည်နှစ်ထောင့်ငါးရာကို တဖက် မောင်နှမ ရှစ်ယောက်ခွဲတော့ တယောက်ကို ၃၁၂ ကျပ်ခွဲ ရသည်။ ခွဲရေး တွဲရေးကိစ္စ အဆင်ပြေသွားပြီ ဆိုတော့မှ ကပ်ကြမ်းသမားတို့လည်း ဟင်းချနိုင်သည်။ တူအရီးနှစ်ယောက် စကားများရာက ကပ်ကြမ်းစနစ် ပျက်သွားလျှင် သူတို့ဝယ်ထားသည့် ကပ်ကြမ်းဖိုးဆုံးတာ အဖတ်တင်မှာ မဟုတ်လား။
သည်နောက်တော့ ဒေါ်ယုန့်အိမ်ကြီးအောက်ထပ်မှာ ကပ်ကြမ်းဆယ်ချပ်နှင့် သံသေတ္တာဆယ်လုံး ရောက်လာသည်။ လင်ကွဲ ၊ မယားကွဲ ၊ သဲထမ်း ၊ မော်တော်လိုက် ၊ သစ်ခုတ် ပျားထိုးတွေချည်း။ ပါလာသည့်သေတ္တာကလေးတွေ နေလုံမိုး လုံရှိဖို့ အိမ်အောက်ထပ် သွင်းထားကြရသော်လည်း ကပ်ကြမ်းကတော့ သည်ဝိုင်းထဲမှာ ကြိုက်သည့်နေရာ ယူသွင်းပြီး အိမ်ခွင့်ရှိသည် ။ ကပ်ကြမ်းတချပ်ကို နှစ်ယောက်စပ် ငှားသူတွေပင် ထပ်ရောက်လာကြသေးသည်။ တချို့ လင်မယား ကျတော့လည်း ကလေးတယောက် ပါလာသည်ဖြစ်ရာ လူသုံးယောက် ကပ်ကြမ်းတချပ် ဖြစ်ရတော့သည်။ ဒေါ်ယုန့် ဘက်ကတော့ လက်ခံသည်ချည်း။ သို့သော် ကပ်ကြမ်းတချပ် လူတယောက်သမားတွေက အယုံအကြည်မရှိ အဆိုတင် လာကြတော့သည် ။
“ မင်းတို့လို မတတ်နိုင်သူတွေပါကွယ် ၊ ကုသိုလ်ရပါတယ် ၊ သူတို့ ခမျာနေရင် တလ ၊ နှစ်လပါ ”
ဒေါ်ယုန့်ခမျာ အသက်ရှစ်ဆယ်ကျော်ခါမှ ကပ်ကြမ်းစီးပွားရေးကို ပုတီးလုပ်စိပ်နေရပြီ။ ညနေခင်း ညီအစ်ကို မသိတသိ အချိန်တိုင်လျှင် ဒေါ်ယုန် အမှူးပြုသော လူအုပ်ကြီးထဲက ပြဿနာပေါင်း သောင်းခြောက်ထောင်က အိုးထိန်းစက်ကဲ့သို့ မွှတ်သော မဟာပထဝီ မြေကြီးကဲ့သို့ လည်းကောင်း ၊ သက္ကရာဇာ သိကြားမင်း၏ စိန်စက်သွားကဲ့သို့ လည်းကောင်း ၊ ကျရာအရပ်၌ လောင်မီးကြီး ကျတတ်သော ဗြဟ္မာဦးခေါင်းကဲ့သို့ လည်းကောင်း ၊ ဆဲသံဆိုသံတို့ဖြင့် ဝက်ခေါင်းထိုး စစ်ဆင်ရေး စလေသည်။ ထဘီပျောက် ၊ ဘောင်းဘီပျောက် ၊ အဝတ်လှန်းချိတ်ပျောက် ၊ ပိုက်ဆံပျောက် ၊ တိုလီမုတ်စ ပျောက်များမှသည် ထူးဆန်းသော ပျောက်ဆုံးမှုများလည်း ရှိလေရာ စုံထောက်မောင်စံရှား၏ ဗာစကာဗျီးခွေးကြီး အမှုထက်ပင် ရှုပ်ထွေးခက်ခဲလေ၏ ။
“ မစားနိုင်တဲ့ဟာတွေ ၊ ငါ့ထမင်းကြမ်းခဲ ပျောက်သဟဲ့နော် ၊ ယူတဲ့လူ ငါ သိတယ်ဟေ့ ၊ မပြောချင်လို့ ၊ အသာတကြည် ပြန်ထားရင်ထား ၊ မထားလို့ကတော့…”
မထားလို့ကတော့ဆိုသည့် နောက်ဆက်တွဲ ပြစ်မှုနှင့် ပြစ်ဒဏ်ကတော့ ကြောက်ကြောက်စရာ ။ အော်သိန်း ၊ အောင်ငြိမ်းတို့ မောင်နှမများနှင့် ဇနီး ခင်ပွန်းများ ၊ ဒေါ်ယုန်မျိုးဆက် ဇနီးခင်ပွန်းများ ၊ ကပ်ကြမ်းသမားများနှင့် ကလေးအရွယ်စုံ ဆိုက်စုံတို့ကြားမှာ ပျောက်သွားသည့် ပစ္စည်းတခု ပြန်ရဖို့ဆိုတာ သေချာလှသည် မဟုတ်။ အဆိုးဆုံးကတော့ အိမ်သာ ဖြစ်သည် ။ သင်္ခါရသဘောသည် နေရာတကာမှာ ရှိနိုင်သော်လည်း ဒေါ်ယုန့်အိမ်သာက ဂုန်နီဖျင်စကတော့ သဘာဝတရားကို ကြံံ့ကြံ့ခံဆဲ။
လေဟာနယ်၌ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီစောင်း၍တည်သော ဂြိုဟ်ကမ္ဘာကို ဆန့်ကျင်ဘက် ကျားကန်ကာ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း စောင်းနေသည့် ဒေါ်ယုန့်အိမ်ကတော့ကော ။
ဤသို့အားဖြင့် တိုး၍ တိုး၍ လာကြကုန်သော ကပ်ကြမ်းတို့သည် လည်းကောင်း ၊ တိုး၍ တိုး၍ လာကြကုန်သော လူတို့ သည်လည်းကောင်း ၊ တိုး၍ တိုး၍ လာကြကုန်သော ပဋိ ပက္ခတို့သည် လည်းကောင်း ၊ တိုး၍ တိုး၍ လာကြကုန်သော မီးဖိုများ၊ အဝတ်လှန်းကြိုးများ ၊ အမှိုက်များသည်လည်းကောင်း ၊ ဤဝိုင်းအတွင်း၌ ကမ္ဘာတည်သရွေ့ မြဲတည်သော ကပ္ပဋ္ဌိတိ တရားကဲ့သို့ ရှိလေသည်။
“ အောင်သိန်း ကပ်ကြမ်းသမားရှာပါဦးဟဲ့ ငါ့တူရဲ့ ၊ တို့အိမ် လူချောင်ပါသေးတယ် ၊ ကြီးတော်နဲ့ ငါ့တူ ဟပ်ဘိုင်ဟပ်ပေါ့ ”
သည်စကားကို ကြားတော့ ဒေါ်ယုန့်အိမ်အိုက ပြင်းထန်သော သိမ့်ခါခြင်းကို သုံးကြိမ်ပြုလေသည် ။
---
အိမ်ကလေး (၈) သို့ ဆက်ရန်။
#နေဝင်းမြင့်
#အိမ်ကလေး
#shared_by_louis_augustine
Comments
Post a Comment