မုန်း၍မဟူ (အခန်း ၂၀) // ဂျာနယ်ကျော်မမလေး

မုန်း၍မဟူ (အခန်း ၂၀) // ဂျာနယ်ကျော်မမလေး

---

(၂၀)

ဝေသည် လမ်းထဲမှာ မောင်းထုသံ ကြားလိုက်၍ ရင်ထဲ ဖိုသွားကာ၊ လမ်းဘက်သို့ နားစွင့်လိုက်သည်။ ဦးစောဟန်မှာ ခါးထောက်လျက် ပြတင်းပေါက် နား သွားရပ် နားထောင်လေသည်။

“လူအများ ကြားသိစေလိုက်သည်။ မည်သူမဆို လက်ရှိ သုံးစွဲနေကြသော ငွေစက္ကူများ ထောင်တန်၊ ရာတန်မှ ကျပ်တန် အထိ တို့ဗမာအစိုးရ ရုံးတော်သို့ ယူလာကြရမည်။ တို့ဗမာအစိုးရ တံဆိပ် ခပ်နှိပ်ကြရမည်။ တံဆိပ်တော် မနှိပ်ဘဲ သုံးစွဲခြင်းကို ဖမ်းဆီးမိက ကြီးလေးသည့် အပြစ်ဒဏ်ပေးမည် ...”

ဦးစောဟန်သည် မျက်နှာပျက်ပျက်ဖြင့် ဝေ့နားသို့ လျှောက်လာကာဟူးခနဲ သက်ပြင်းကြီး မှုတ်ထုတ်လိုက်၏။ ထို့နောက် ဝေ့အား သရော်သောမျက်နှာဖြင့် “သခင်နေဦး အမိန့်မှတ်တယ်” ဟု ရယ်ပြောလိုက်သည်။ 

“အစ်ကိုကြီး ပုသိမ်က ခုထက်ထိ ပြန်မလာသေးဘူးတဲ့။ တနေ့က သန်းသန်း ပြောသွားတော့ ပုသိမ်ရောက်မယ့် ဗမာ့လွတ်လပ်ရေးတပ်မတော် ကို သွားကြိုနေတယ် ဆိုလား”

သခင်နေဦးမှာ မြို့ပေါ်ရှိ အစိုးရအရာရှိများ မဆုတ်ခွာခင်ပင် ပုသိမ်သို့ ထွက်သွားလေသည်။ ပုသိမ်၌ ဘီအိုင်အေတပ်များနှင့်တွေ့ရန် တိတ်တဆိတ် အစီအစဉ်ရှိလေသည်။

အစိုးရများ ဆုတ်ခွာသွားသွားချင်း မြို့ကို သခင်အဖွဲ့က သိမ်းလိုက်သည်။ မြို့ကို သိမ်းထားသည့် မြို့အုပ်ချုပ်ရေးအဖွဲ့မှ သခင်များသည် အာဏာ လက်ကိုင်ဖြင့် မိုးမမြင်လေမမြင် ဖြစ်ကုန်ကာ အမိန့်အမျိုးမျိုး ထုတ်နေကြ၏။ ဦးစောဟန်မှာ ဖြုန်းခနဲ ကစဉ့်ကရဲ ဖြစ်သွားသောတိုင်းပြည် အခြေအနေအရ အလုပ်တိုက်ကို ဖျက်သိမ်းလိုက်ရကာ၊ မော်လမြိုင်ကျွန်းတွင်သောင်တင်နေတော့သည်။ 

အစိုးရများ ဆုတ်ဆုတ်ချင်း သခင်များက ဦးစောဟန်လက်ထဲမှ မျက်နှာဖြူပိုင် ငွေများကို လာသိမ်းကြရာ၊ လက်ကျန်ရှိသမျှ အားလုံးအပ် လိုက်လေ၏။ ဦးစောဟန်မှာ သခင်များ မြို့သိမ်းပြီးသည့်နောက် အိမ်ပြင်သို့ပင် မထွက်တော့ချေ။ အိမ်ထဲ၌သာနေလေ၏။ အားလုံး အဆက်ပြတ်ကုန်သည့် အတွက်၊ ဝေ့ရောဂါအတွက် ရှေ့ရေး ပူပန်နေလေသည်။ သောက်ဆေး၊ ထိုးဆေးများ လုံလောက်ပါ့မလားဟု ကြောင့်ကြစိုးရိမ်နေရသည်။

ဆရာဝန်မှာ အစိုးရများ ဆုတ်ခွာသွားသည့်အထဲတွင် လိုက်မသွား ကျန်ရစ်ခဲ့၍၊ ဝေ့အတွက် တော်သေးရဲ့ဟု အောက်မေ့ရသည်။ ဆရာဝန် နှင့်သာအပေါင်းအသင်းလုပ်လျက် အိမ်ထဲတွင် ခပ်ကုပ်ကုပ် နေလေ၏။ ဝေ့မှာ ရန်ကုန်တွင် ဂျပန်ဗုံးချပြီဟု သိသိချင်း ထားထားတို့ ရန်ကုန် ပြောင်းသွားသည့်အတွက် စိတ်သက်သာရာရသည်။ ရန်ကုန်၌ လူပေါင်းမြောက်မြားစွာ သေကျေ ပျက်စီးသည့် သတင်းမှာ နှလုံးကို ထိခိုက်ကာ သွေးပြန်ပါနေလေသည်။ အိမ်၌ ထမင်းချက်ကုလားကြီး ပြန်သွားသည်။ မောင်မြနှင့်ပင် စခန်းသွားကြရသည်။ မီးဖိုချောင်ကိစ္စ ချက်ရေးပြုတ်ရေးများကို ဝင်ပါ စီမံပေးရသည်။

ရှိသည့် ခွန်အားလေးနှင့်ပင် အိမ်ထဲ၌ လှုပ်ရှားသွားလာ စီမံပေးနေလျက်၊ ဦးစောဟန်၏ အနောက်နိုင်ငံ စနစ်များ ဖရိုဖရဲ မဖြစ်ရစေအောင် ထိန်းသိမ်းထားလေသည်။ “ကို့”အတွက် “ကို”ကြိုက်တတ်သည့် ဝီစကီ အရက်ပုလင်းများနှင့် ငါးသုံးလုံးစီးကရက်ဘူးများကို စုဆောင်းဝယ်လှောင် ထားလိုက်သည်။ နောင် ဝယ်မရမှာကို စိုးရိမ်ကာ ဆပ်ပြာမွှေး၊ သွားတိုက်ဆေး၊ မုန့်သေတ္တာ၊ ထောပတ် စသော အိမ်သုံးပစ္စည်းများကို သေတ္တာနှင့် ရိုက်လှောင်ထားလေသည်။ “ကို”နှင့် ဆေးပေါ့လိပ်မဖြစ်။ “ကို”နှင့် ကောက်ညှင်းပေါင်းနှင့်မဖြစ်။ “ကို့”အတွက်က အရေးကြီးသည်။ နိုင်ငံခြား ပစ္စည်းများပြတ်မှာ၊ ငတ်မှာ “ကို့”အတွက် သနားနေလေသည်။

ဆရာဝန် ညနေပိုင်းရောက်လာမှ မြို့ရေး ရွာရေး သတင်းများ ပြောပြ၍ ကြားသိကြရသည်။ သခင်များသည် ခြောက်လုံးပြူး ခါးထိုးကာ ရုံးထိုင်နေကြ၏။ မြို့မှာ မငြိမ်မသက်ဖြင့် ကျီးလန့်စာစားဖြစ်နေလေသည်။ ဆရာဝန်မှာ ဝေ့ကို ဆေးထိုးပြီး အရက်ခွက်ကို ကိုင်လိုက်ကာ၊ ဦးစောဟန်နှင့် ခေါင်းချင်းဆိုင်လျက် တိုးတိုး တိုးတိုး ပြောကာ အရက်သောက်ကြသည်။ မြို့ထဲတွင် ဝီစကီပုလင်း ဝယ်မရတော့ချေ။ ဦးစောဟန် ဆီလာမှ သောက်ရလေသည်။

ဗမာ့ လွတ်လပ်ရေးတပ်မတော် ဆိုက်ရောက်လာသည်။ ကိုနေဦး ပါမလာ၍ ဝေ့မှာ ကိုနေဦးအတွက် စိတ်ပူနေသည်။ ကိုနေဦးမှာ ဗမာ့ လွတ်လပ်ရေးတပ်မတော်ကြီးနှင့် အထက်သို့ လိုက်သွားကြောင်းကို လူကြုံ နှင့်တဆင့် သိကြရသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့်အတူ ဂျပန်စစ်တပ်မှ ဂျပန်စစ်ဗိုလ်များ ပါလာရာ၊ တို့ဗမာ အစိုးရရုံးတွင် ဂျပန်အလံကြီး လွှင့်ထူကြလျက် ဂျပန်ကို မာစတာ ခေါ်ကြ၏။

ဝေ့မှာ ဂျပန်တွေ လာသည်ဟုသာ သိလိုက်ရကာ မမြင်ဖူးချေ။ မကြာမီ ရန်ကုန်၌ ဂျပန်က ပါးရိုက်နေသာ သတင်းဆိုးကြီး ပျံ့နှံ့လာလေသည်။ ဦးစောဟန်မှာ ရေဒီယိုကို ဝှက်ထားလိုက်သည်။ ဂျပန်ဆိုလျှင် ကျောထဲက စိမ့်လာသည်။

ကိုနေဦး ပြန်မရောက်မီ သန်းသန်းမှာ မျက်နှာမြင်နေရာ၊ ဝေသည် သန်းသန်းထံသို့ သတင်းမေးသွားချင်နေသည်။ သန်းသန်းထံသို့သွားနိုင်ရန် သူ့ကိုယ်သူ နေကောင်းသလိုလုပ်ပြနေရ၏။ နေကောင်းသလို ဆိုသည်မှာ လန်းနေရသည်။ ရွှင်ရွှင်ပျပျဖြင့် ဖျတ်ဖျတ်လတ်လတ် အမူအရာလေးရှိနေရသည်။ စိတ်ကိုဆောင်ကာ ရွှင်ပျဖျတ်လတ်ရသည်မှာ သိပ်မသက်သာလှ။ လှုပ်ရှားခြင်းများလျှင် မောလာ၍ လူမသိအောင် တိတ်တခိုး မောရ လေသည်။

မသွားမီ တရက်နှစ်ရက် ကြိုတင်လျက် မမောမပန်း လန်းပြနေ ပြီးမှ တညနေတွင် 

“ကိုရယ် သန်းသန်း မျက်နှာမြင်နေလို့ သွားကြည့် ပါရစေ”

ဟု ခွင့်တောင်းလိုက်လေသည်။

ဦးစောဟန်မှာ မျက်မှောင်ကြုတ်သွားလျက် 

“လမ်းလျှောက်နိုင်ရဲ့ လား ဝေရယ်၊ မောနေပါဦးမယ်”

ဟု ဆိုကာ ဝေ့ကျန်းမာရေ အခြေအနေကို စူးစမ်းစစ်ဆေးသော မျက်လုံးကြီးများဖြင့် တကိုယ်လုံး သိမ်းကျုံးကြည့်လိုက်သည်။ ဝေက ပြုံးလိုက်ကာ 

“နီးနီးလေးပဲဟာ၊ ဝေ လျှောက်နိုင်ပါတယ်၊ မမောပါဘူး”

ဟု ပြောလိုက်သည်။

ဦးစောဟန်မှာ ဖြစ်ပါ့မလားဟု တွေးတောပူပန်သော အမူအရာများဖြင့် ဝေ့အား ကြည့်နေ၏။ ဝေ့မှာ ရင်ထဲက ဖိုလျက် ပြုံးနေလေသည်။ ဦးစောဟန်သည် ခေါင်းကို ခါလိုက်ကာ 

“ဟိုကျ အိမ်ပေါ်တက်ရမှာ၊ မဖြစ်ပါဘူး ဝေရယ်၊ မသွားပါနဲ့”

ဟု ဆိုလေသည်။ 

“အိမ်ပေါ်မှာ မဟုတ်ဘူး ကိုရဲ့။ မျက်နှာမြင်တာ အောက်မှာပါ၊ ဝေ သွားကြည့်ပြီး ပြန်လာခဲ့မှာပဲ၊ တအောင့်ပါ”

ဝေသည် စိတ်အားထက်သန်သော အမူအရာလေးဖြင့် ပြောဆို နေလေသည်။ ဝေ့မျက်လုံးမှာ မျှော်လင့်ခြင်းအပြည့်ဖြင့်။ ဝေ့နှလုံးမှာ တဆတ်ဆတ် ခုန်နေလေသည်။

ဦးစောဟန်မှာ တွေ၍ နေပြီးလျှင်၊ စိတ်ထဲ၌ သဘောမတူဘဲ မကောင်းတတ်လွန်း၍သာ ခွင့်ပြုလိုက်ရတော့သည်။ 

“သွားလေ သိပ်ကြာကြာတော့ မနေနဲ့၊ ဘာကျွေးကျွေးမစားနဲ့နော်။ မယ်အေး ခေါ်သွား၊ စကားလည်း သိပ်မပြောနဲ့ဦးနော်၊ နနွင်းနံ့တွေလည်းမခံနဲ့၊ ချောင်းဆိုးလာဦးမယ်၊ ဇဝက်သာပုလင်းလေး ယူသွား”

ဝေ့မျက်နှာလေးမှာ ကြည်လင်တောက်ပသွားကာ ဝမ်းသာလွန်း၍ လက်ကလေးများ တုန်နေလေသည်။ ဦးစောဟန်မှာ ဝေ့ကို အိမ်ဝအထိ လိုက်ပို့သည်။ ဝေက ရှေ့ကတဖြည်းဖြည်းလျှောက်သွားလျက်၊ မယ်အေးက နောက်မှ သွားကြပုံကို မျှော်ကြည့်နေသည်။ ဝါးခြမ်းပြားလေး ထောင်ထား သလို ဝေ၏ လူစဉ်မမီသော ကိုယ်လုံးကလေးကို နောက်ကနေကြည့်လျက် သက်ပြင်းကြီးချကာ အိမ်ထဲသို့ ဝင်သွားလေ၏။

“ဟယ် ... ဝေတို့ လာတယ်ဟဲ့”

ဟု ကြီးတော်သက်က ဝမ်းသာအားရ ဆီးကြိုသည်။ ဝေ့မှာ အိမ်ထဲတွင်နေစဉ်က သည်လောက် အားကုန်ခန်း နေမန်း မသိခဲ့။ လမ်းထွက်လာမှ တလှပ်လှပ်ဖြင့် မောနေရင်း အားအင် မရှိတော့မှန်း သိလာလေသည်။

ထမင်းစားခန်းထဲ၌ ကွပ်ပျစ်ပေါ်တွင် သန်းသန်းကို တွေ့ရသည်။ သန်းသန်းမှာ အိပ်ရာပေါ်လှဲလျက် တကိုယ်လုံး ဝင်းထိန်နေကာ ခေါင်းပေါင်း ပေါင်းထားသည်။ သန်းသန်းဘေးနားရှိ ဖာထဲတွင် အဝတ် အုပ်ထည့်ထားသော ကလေးကို အဝတ်သွားလှပ် ကြည့်လိုက်သည်။ နီထွေးသော ကလေးမျက်နှာလေးကို တွေ့ရ၍ “သန်းသန်းရယ်၊ အစ်ကိုကြီးနဲ့ တူတယ် နော်” ဟု ဝမ်းသာအားရ ပြောလိုက်လေသည်။

သန်းသန်းသည် သွားများ ဖွေးနေအောင် ဖော်ပြုံးနေ၏။ 

“သူက သမီးလေး လိုချင်တာမဟုတ်ဘူး ဝေရဲ့၊ သားလေး လိုချင်တာ”

ဟု ပြောလိုက်သည်။ ဝေသည် ကွပ်ပျစ်ပေါ်တွင် ထိုင်လိုက်၏။

“နေမကောင်းဘဲနဲ့ ဘာလုပ်လာရလဲ ဝေဝေရယ်၊ သန်းသန်း နေကောင်းပါတယ်”

ဟု သန်းသန်းက ပြောနေသည်။ မီးနေသည်ကိုယ်မှ နနွင်းနံ့များဖြင့် ဝေ့မှာ ချက်ချင်းခေါင်းထဲက အုံလာသည်။ ကြီးတော်သက်မှာ ကိုနေဦးအတွက် စိတ်မအေးဘဲ၊ ပူပန်စကားများပြောနေ၏။

ကိုနေဦးမှာ တပ်မတော်နှင့် အထက်သို့ ပါသွားကြောင်းသာ သိကြရကာ၊ ဘယ်ရောက်နေမှန်းမသိရပေ။ အိမ်ရှေ့ခန်း၌ လူဝင်လာသံကြား၍ ကြီးတော်သက် ထွက်ကြည့်ပြီး 

“ဘိုးမြိုင်၊ မင်းနှယ်ကွယ် ပျောက်ချက် သားကောင်းလိုက်တာ၊ ပြန်လာသေးသကိုး”

ဟု အံ့ဩစွာ အော်ပြောလိုက် လေသည်။

ဝေသည် နေရာမှ ရုတ်တရက် ထလိုက်ကာ “ဦးလေးဘိုးမြိုင်” ဟု တလျက် အပြင်ခန်းသို့ ထွက်လာလေသည်။ ဝေ့ကိုမြင်သော ဦးလေးဘိုးမြိုင် မှာ မျက်လုံးကြီး ပြူးသွားလျက် မျက်စိမျက်နှာ ပျက်ပျက်ဖြင့် 

“ဟင် ... ဝေဝေ...ကလေး ဘာဖြစ်နေသလဲ”

ဟု တုန်တုန်ယင်ယင် လှမ်းမေးနေသည်။ ဝေသည် ဦးလေးဘိုးမြိုင်နားသို့ ကပ်သွားသည်။ ဝေ့ပခုံးလေးကို ဆီး၍ ကိုင်လိုက်ရာ ဝေ့မှာ မချုပ်တည်းနိုင်ဘဲ မျက်ရည်များ ဝဲလာလေသည်။

“ထိုင်စမ်းဟယ်...ထိုင်စမ်း၊ ကလေး အိမ်ထောင်ကျတယ်ဆိုတာ ဦးလေး ပြန်ရောက်မှ သိရတယ်၊ အစ်ကိုဆုံးပြီးမှ တောင်တွင်းကြီးလာတဲ့ မိတ်ဆွေတယောက်က အစ်ကိုဆုံးတာ ပြောလို့ ပုပ္ပားသွားခါနီး သိရတယ်။ ဦးလေးလည်း သွားချင်ရာသွားနေလိုက်တာ နှံ့နေတာပဲ၊ တိုင်းပြည်ပျက် ခါနီးမှ ပြန်လာရတယ်။ ဦးလေး ကျိုက်ပိရောက်တာ အင်္ဂလိပ် မပြေးခင် ကလေးပဲ”

ဝေ့ကို ကုလားထိုင်၌ အထိုင်ခိုင်းကာ စကားဆုံးမှ ဝေနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် သွားထိုင်သည်။

ဦးလေး ဘိုးမြိုင်မှာ ဝေ၏ အချစ်ဆုံး ဦးလေးဝမ်းကွဲ ဖြစ်သည်။ ဦးစောဟန်နှင့် အသက်ချင်း မတိမ်းမယိမ်းပင်ရှိမည်။ ဝေ အိမ်ထောင် မကျမီက တောင်တွင်းကြီးက ဆေးဆရာတယောက်နှင့် အထက်သို့ လိုက်သွားရာ သတင်းမကြားရဘဲ မြုပ်နေလေ၏။ သားမယားမရှိ တကိုယ်တည်း အစ်မနှင့်နေကာ၊ အထက်မသွားခင် ကျိုက်ပိတွင် ဆေးဆရာ လုပ်နေလေသည်။

“ဦးလေးတို့များ နေနိုင်လိုက်တာ...”

ဟု ဝေက ငိုသံလေးဖြင့် အပြစ်တင်နေလေသည်။ 

“ဆရာ သွားရာလိုက်ပြီး ဆေးပညာသင်နေလို့ ကြာနေတာပါ။ ကဲ ကလေးအဖြစ်ကို ဦးလေး ပြောစမ်းပါဦး၊ ကတဲ လူရုပ်တောင် မပေါ် တော့ပါကလား၊ ဘာရောဂါတုံး ကလေးရယ်၊”

“ဘာရောဂါရမလဲ၊ မောင်ဘိုးသိန်း ရောဂါမျိုးပေါ့ကွယ်။ ချောင်းဆိုး သွေးပါလေ၊ ခုတော့ ဆေးထိုးနေရတယ်”

ကြီးတော်သက်က ပြောပြီး စကားဖြတ်ချင်၍ 

“သန်းသန်းလည်း မျက်နှာမြင်နေတယ်။ မောင်နေဦးလည်းမရှိဘူး။ တပ်မတော်နဲ့ ပါသွားတာ ပြန်မလာသေးဘူး။ မိန်းကလေးကွယ့်၊ ချစ်စရာလေး” 

ဟု ဆက်ပြောလိုက် သည်

“ဪ ...ဪ”

ဟု ဆိုကာ 

“ဝေ့ကို ဆေးထိုးတော့ သက်သာရဲ့လား”

ဟု မေးပြန်သည်။ ဦးဘိုးမြိုင်မှာ ဝေ့ ဝေဒနာကို ဆေးဆရာမျက်စိဖြင့် ဝေဖန်ကာ စစ်ဆေးလိုပေသည်။ ဝေ့မှာ မည်သူက မေးမေး၊ သက်သာပါတယ် ဟုချည်း ပြောခဲ့သူ ဖြစ်သည်။ သည်မေးခွန်းမျိုးကို ဖြေနေကျအတိုင်းမဖြေ ...

“ဦးလေးရယ်... မသက်သာပါဘူး။ ဒီရောဂါက မသေမချင်းထိုးနေရမှာပါ”

ဟု တုန်ယင်သောအသံလေးဖြင့် ရင်ထဲရှိတာ ဖွင့်အန်ညည်းပြောလိုက်သည်။

ဒေါ်သက်မှာ မျက်နှာကြီး ပျက်သွားကာ ဝေ့အား လှမ်းကြည့်လျက် ရင်ထဲ နောက်သွား၏။

“မဟုတ်တာကွယ်၊ မသက်သာရင် မထိုးနဲ့လေ။ ကလေးတို့က တယ်ခေတ်ဆန်ကြတာကိုး၊ တဆိတ်ရှိ ဆေးထိုးချင်တာပဲ။ ဦးလေးသာ ကုရင် ဒီရောဂါ ဆေးတောင်မတိုက်ဘူး။ ဓာတ်စာကျွေး ကုတာနဲ့ ပျောက်တယ်။ ဘယ့်နှယ်လဲ... ဦးလေးကုပေးမယ်၊ ဦးလေးက အပ်နဲ့မကုဘူး။ ဓာတ်နဲ့ ကုမှာ”

ဝေ့မှာ မိမိအသက်ကို ဦးလေးဘိုးမြိုင် လက်ထဲသာ ပုံအပ်လိုက်ချင်သည်။ နေ့စဉ်နှင့်အမျှ ဆေးချည်းထိုးနေရကာ လူမှာ တနေ့ထက်တနေ့ ပိန်ချုံးလျက် တနေ့ထက်တနေ့ အားနည်းလာခြင်းကို ကိုယ့်ဟာကို အသိဆုံးဖြစ်၍၊ အပြောင်းအလွှဲကုကြည့်ချင်သည့် စိတ်ကလေးဖြစ်ပေါ်လာ မိသည်။ ဖခင်ရှိစဉ်က ဦးလေးဘိုးမြိုင် သွေးပါဖူးရာ ဆေးမထိုးဘဲ ဓာတ်စာ များများစားပြီး ပျောက်သွားခြင်းကို ကိုယ်တွေ့ မျက်မြင် ဖြစ်ခဲ့သည်။ 

ဦးလေးဘိုးမြိုင်မှာ ဓာတ်ဆရာ ဖြစ်သည်။ တောင်တွင်းကြီးကပြန်လာမှ လေးလုံးခြောက်ဖက်ကြီးဖြစ်လာသော ကိုယ်ခန္ဓာကြီးမှာ ကျန်းမာရေး ပြည့်စုံလျက် အားရစရာကောင်းနေ၏။ အသက်သာ အသေခံလျှင် ခံရမည် ဦးလေးဖိုးမြိုင်နှင့်ကုဖို့ရာမဖြစ်နိုင်သောအခြေအနေကို တွေးကာ စိတ်ထဲ နာကျင်ပြင်းပြသွားလေ၏။ 

“ဘယ့်နှယ်လဲ... ကုမလား၊ ကုပါကလေးရယ်၊ ဦးလေး တာဝန် ယူပါတယ်”

ဒေါ်သက်မှာ မျက်မှောင်ကြုတ်လျက် မျက်လုံးမှာ ငေးငိုင်နေသည်။ ဦးလေးဘိုးမြိုင်မှာ စိတ်ပျက်လက်ပျက်ဖြင့် တွေမှိုင်နေသော ဝေ့ကို အားမလို အားမရဖြင့် 

“ကလေး ... ဆေးထိုးတာ ဖြတ်လိုက်တော့၊ ဦးလေးလည်း ရွာမပြန်ဘူး၊ ကလေး မပျောက်မချင်းမပြန်ဘူးလေ၊ ကလေးကို ကုပြီးမှရွာပြန်မယ်၊ ဘယ့်နှယ်လဲ”

ဟု တွင်တွင်သာ ပြောနေ၏။

ဝေသည် ဦးလေးဘိုးမြိုင်ကို မကြည့်ဘဲ ခေါင်းကိုယမ်းကာ

“မဖြစ်ပါဘူး ဦးလေးရယ် ဝေ့ကံနဲ့ဝေရှိပါစေတော့”

ဟု ဆိုလျက် နေရာမှ ထ သွားလေသည်။ ဦးလေးဘိုးမြိုင်၏ မျက်ဝန်းမှ အဆမတန် ကျယ်သွား လျက် နားမလည်သည့်အတိုင်း ဝေ ထသွားခြင်းကို တမ်းတမ်းစွဲ လိုက်ကြည့်နေစဉ်၊ ဒေါ်သက်မှာ ဦးဘိုးမြိုင်အနား ကပ်သွားကာ လက်တို့လျက် လေသံဖြင့် တိုးတိုးတိုးတိုး ပြောနေလေသည်။

“သန်းသန်း၊ ဝေ ပြန်မယ်နော်၊ အစ်ကိုကြီးရောက်ရင် မယ်အေးကို ပြောလိုက်နော်၊ မေမေ့ဆီက စားလည်းမရဘူး၊ မေမေနေကောင်းရဲ့လား မသိဘူး၊ မမထားတို့ သတင်းလည်း ဘာမှ မကြားရဘူး”

ဝေသည် သန်းသန်းအား နှုတ်ဆက်ပြီး စကား ရပ်ပြောနေ၏။ သန်းသန်းမှာ ဝေ၏ အားနည်းနေသော အသံကလေးကို ဂရုထားမိလျက် စိတ်ထဲ လေးလံကာ ဝေ့ကို စိုက်ကြည့်နေလေသည်။

“လမ်းတွေက အဆက်ပြတ်သွားတော့ ဘယ်လာဦးမလဲ ဝေဝေ၊ နောက်တော့ လာမှာပေါ့၊ ပူမနေပါနဲ့။ ကိုနေဦးလည်း ပြန်လာမှာပဲ လာတော့ပြောလိုက်မယ်၊ ပြန်... ပြန်”

ဝေသည် သန်းသန်းနားမှ လှည့်ထွက်လာခဲ့သည်။ ဧည့်ခန်းတွင် ခေါင်းချင်းဆိုင်လျက် တီးတိုးပြောနေကြသော ဦးလေးဘိုးမြိုင်နှင့် ဒေါ်သက် တို့သည် စကားပြောရပ်လိုက်ကြကာ ကိုယ်ရှိန်သတ်လျက် ဝေ့ကိုလှမ်းကြည့်လိုက်ကြသည်။

“ဦးလေး၊ ဝေဝေ ပြန်တော့မယ်”

ဦးလေးဘိုးမြိုင်မှာ ဒေါ်သက်ထံမှ ကြားရသိရ၍ အဓိပ္ပာယ် နားလည် ရှင်းလင်းသွားသည့် မျက်စိမျက်နှာဖြင့် 

“ကလေး ပြန်တော့မယ်လား၊ အေးအေး...ပြန်”

ဟု သူ့အသံကို သူထိန်း၍ ပြောနေသည်။ ဦးလေးဘိုးမြိုင်၏ ထိန်းပြီး ပြောလိုက်သော အသံမှာ အသည်းထဲအေးစက်သွား၏။ တထိုင်ချင်း ပြောင်းလဲသွားပုံများမှာ ရင်ထဲကို ဟာသွား လေ၏

“ငါ့အကြောင်း ဦးလေးဘိုးမြိုင် သိသွားပြီ”

ဟု ရင်ခေါင်းထဲဆို့တို့တို့ဖြင့် မျက်နှာမထားတတ်သလောက် တင်းကျပ်သွားလေ၏။

ဝေသည် ခြေလှမ်းမှားမတတ်ဖြင့်ပင် အိမ်ဝသို့ ရောက်လာခဲ့သည်။ ဒေါ်သက်သည် ဝေ့ကိုအိမ်အဝအထိလိုက်ပို့ကာ “နေကောင်းအောင်နေဟယ်” ဟု မှာလိုက်လေ၏။

ဦးစောဟန်သည် ဝေ၏ ညှိုးလာသော မျက်နှာကလေးကို ဒက်ခနဲ မြင်မိသည်။ ဝေ့မျက်နှာမကောင်းလျှင် ရင်ထဲ အနှောင့်အယှက်ဖြစ်တတ်သည့်အတိုင်း စိတ်ညစ်သွားသည်။ ဝေ့စိတ်ကို အနှောင့်အယှက်ဖြစ်အောင် ဘာများဖြစ်လာပြန်သလဲဟု ရင်ထဲ၌ ထိတ်သွားသည်။

“သန်းသန်း နေကောင်းရဲ့လား ဝေ”

ဝေသည် ဆိုဖာပေါ်တွင် ထိုင်ကာရုတ်တရက် မဖြေနိုင်။ နားပြီးမှ “နေကောင်းပါတယ်” ဟု ပြောသည်။

“ဘယ်သူနဲ့ တွေ့ခဲ့သေးသလဲ”

ဦးစောဟန်၏ မျက်နှာကို လှမ်းကြည့်လိုက်ကာ ဦးလေးဘိုးမြိုင်နှင့် တွေ့ခဲ့ကြောင်းကို ဖွင့်ပြောချင်လာသည်။ ဝေသည် မရဲတရဲဖြင့်ရှေ့တိုးရန် ဟန်ပြင်လျက် နေ၏။

“ဦးလေးဘိုးမြိုင်နဲ့ တွေ့ခဲ့တယ်”

“ဘယ်သူလဲ၊ ဝေပြောတဲ့ ဆေးဆရာဆိုတာလား”

ဝေသည် ခေါင်းညိတ်ပြ၏။ တယောက်ကို တယောက် စိုက် ကြည့်ကြသည်။ ဦးစောဟန်သည် ဝေ တခုခု ပြောစရာရှိမှန်းကို ရိပ်မိလာသည်။ ဘာများလဲဟု တွေးထင်လိုက်၏။

“ပြောပါဦး၊ ဆေးဆရာက ဘာပြောလိုက်သလဲ” 

ဦးစောဟန်မှာ ဝေနှင့် မျက်လုံးလွှဲလိုက်သည်။ ဝေသည် စိုက်လျက် ကြည့်လျက် တွေနေပြီးနောက် ပြုံးလိုက်၍ အပြုံးတွင် မဲ့ယောင်ယောင်ကလေးများ ဖက်နေလေသည်။ 

“ဆေးဆရာက ဝေ့ကို ဆေးကုပေးမယ် ပြောတာပေါ့”

ဦးစောဟန်သည် “ဟဲ.. ဟဲ” ဟု ရယ်လိုက်၏။ ထင်ချက်နှင့် ကိုက်နေသဖြင့် ပြက်ရယ်ပြုသောရယ်သံမှာ ဝေ့ရင်ထဲ အောင့်သွားလေသည်။ 

“ဒီတော့ ဝေက ဘာပြောခဲ့သလဲကွယ်”

ဦးစောဟန်သည် ဝေ့ကိုကြည့်လျက် ဝေ့သဘောထားကို အကဲခတ် နေသည်။ မြန်မာ့ဆေးများ စိတ်လည်လာသလားဟု အမူအရာတွင်ရှာကြည့် ရသည်။ စိတ်အားထက်သန်နေသော အရိပ်အယောင် မတွေ့ရ၍ ရင်အေး ရလေ၏။ ဝေသည် အသက်မဝင်သောမျက်နှာဖြင့် ဦးစောဟန်အားခြောက် သွေ့သွေ့ အေးစက်စက် ကြည့်ရှုနေလေသည်။ ဦးစောဟန်မှာ ထိုအကြည့် မျိုးကို မကြိုက်၍ ကြာရှည်စွာ ရင်မဆိုင်ဘဲ တနေရာသို့ မျက်နှာလွှဲသွားသည်။

“ဝေက ပြောခဲ့ပါတယ်၊ ဝေ့ကံနဲ့ဝေ ရှိပါစေ မကုဘူးလို့ ပြောခဲ့ပါတယ်"

ဝေသည် ပြောပြီး မျက်လွှာချလိုက်ကာ ငြိမ်သက်စွာပင် ရင်ထဲမှ ခုန်နေသံကို ပြန်နားစိုက်နေလေသည်။ ဝေ့အသံမှာ ဝမ်းနည်းသံလေးအဖျား ခတ်သွားရာ ဦးစောဟန်မှာ မျက်နှာပျက်သွားလျက် ဝေ့ရှေ့၌ လာရပ် လိုက်သည်။

“ဝေ ဘယ်လို ပြောတာလဲ ဆရာဝန်နဲ့ ကုနေတာ မကြိုက်လို့လား ဟင်”

ဝေသည် မျက်လွှာကလေး ပင့်ကြည့်လျက် 

“မကြိုက် မရှိပါဘူး ကိုရယ်”

ဟု တောင်းပန်သံကလေးဖြင့် ပြန်ပြောလေသည်။ ဦးစောဟန်မှာ ဝေ့အတွက် စိတ်မချမ်းမသာ ဖြစ်သွားမိသည်။ ဝေ၏ စိတ်အားလျှော့ထားသော လက္ခဏာနှင့် ဆို့နင့်သော အသံကလေးမှာ ရင်ထဲ ဂယက်ရိုက်ထ သွားသည်။

ဦးစောဟန်မှာ အင်္ဂလိပ် မပြေးမီက ဝယ်ရသမျှ ထိုးဆေးများကို ဘယ်လောက်ဈေးဆိုဆို သိုလှောင်စုဆောင်းထားလိုက်ကာ၊ ဆရာဝန်အား အရက်ကလေး လှိုင်လှိုင်တိုက်လျက် အကြိုက်ပေးပေါင်းနေရ၏။ ဆရာဝန် မရှိမှာ အကြောက်ဆုံးဖြစ်သည်။ ဆရာဝန်မလာမှာ အလန့်ဆုံး ဖြစ်သည်။ ဆရာဝန်နှင့်ဝေးလျှင် ခုချက်ချင်း အသက်ပျောက်သွားတော့မလောက် ဝေ့အတွက် စိုးကြောက်ပူပန်နေရသည်။ သည်ရောဂါမျိုး ဆရာဝန်ကလွဲ၍ ဘယ်မြန်မာဆရာမှမကုတတ်ဟု တထစ်ချ တွက်ထားသည်။ ဝေ့ကို ဆရာဝန်လက်ထဲ အပ်ထားသော်လည်း သေမှာပဲဟုတော့ တွက်ထားလေသည်။ ဝေ့အခြေအနေမှာ တနေ့ထက် တနေ့ အားမရစရာ၊ မတိုးတက် တာလည်း သိ၏။ တနေ့ထက်တနေ့ ဆုတ်ယုတ်နေတာလည်း မြင်၏။

မတိုးတက်ဘဲ ဆုတ်ယုတ်နေသည့် အကြောင်းရင်းကို အဖြေရှာသည်မှာ 

“ရောဂါအဆောက်အအုံကကြီးလို့ပဲ” 

ဟု ကိုယ့်အဖြေနှင့် ကိုယ်။ ကိုယ့်အသိနှင့်ကိုယ် ဆေးတွေ ထိုးနိုင်လွန်းလို့ ဆရာဝန်ကြောင့် သည်လောက် ခံနေပါကလားဟုသာ အတွေးအခေါ်ရှိလျက်။ သည်လောက် ဆေးထိုးနေလျက် မသက်သာပါကလားဟု အတွေးမခေါင်တတ်ပေ။

အလုပ်မလုပ်ဘဲ အိမ်တွင် နားနေခိုက် ဝေ့ကို နေ့စဉ်နှင့်အမျှ အကဲခတ်နေရသည့် အလုပ်ကြီးတလုပ်ဖြင့် စိတ်ပင်ပန်းနေလေသည်။ ဝေ့ကိုလည်း သနားလှသည်။ ဝေ့ကိုကြည့်ကြည့်ပြီး သက်ပြင်းချသည်။ လူမမာလို ဘယ်တော့မှမနေဘဲ ထူထူထောင်ထောင်နေလျက်၊ ဘယ်အခါ ကြည့်ကြည့် သပ်သပ်ရပ်ရပ်ကလေး တွေ့ရကာ ငြိမ်ငြိမ်သက်သက်လေး၊ အေးအေးဆေးဆေး နေတတ်ပုံကြောင့် သနားစရာ၊ ချစ်စရာ ကောင်းနေလေသည်။

“ဆရာဝန်ကလွဲပြီး ဘယ်သူကုနိုင်မှာလဲ ဝေရယ်၊ မြန်မာဆေးဆိုတာ နှစ်ဆွေးနှစ်ချို့ ပိုးကိုက်လောက်ထိုး အမြစ်အရွက်တွေကို မဆလာလို သံဆုံ ထဲ စုထောင်းပြီး ညစ်ညစ်ပတ်ပတ် ဖော်သောက်တဲ့ တပဲခြောက်ပြားဆေးတွေ ဝေရဲ့၊ ဘယ်လို အစွမ်းအာနိသင်များရှိဦးမှာလဲ။ အင်္ဂလိပ်ဆေးက ကမ္ဘာအရပ်ရပ်က သုံးရတာ၊ ဘယ်လောက် သန့်ရှင်းသလဲ၊ ဆေးဖော်တာ လက်နဲ့တောင် ထိတာမဟုတ်ဘူး။ ဝေ မြင်တယ်မဟုတ်လား၊ ထိုးဆေး ဖန်ပုလင်းလေးတွေ လုပ်ထားတာများ ဘယ်လောက် စနစ်ကျသလဲဆိုတာ။ ပြီး...တပဲ ခြောက်ပြား မဟုတ်ဘူး”

ဦးစောဟန်မှာ ဆေးတဖုံ ငါးမူးခြောက်မူးသာ ကုန်သည် ကြားဖူးသော မြန်မာဆေးကို များစွာမှ စိတ်ပျက်လေ၏။ မသက်သာချင်နေ၊ သက်သာချင် သက်သာ အင်္ဂလိပ်ဆေးဖြစ်လျှင် ကျေနပ်သည်စိတ်ချသည်။ ပိုက်ဆံကုန်လျှင် ကုန်ပေ့စေ၊ သူ့ယုံကြည်ချက်နှင့်သူ။

ဝေ့မှာ “ကို” ပြောသလိုလည်း ဟုတ်သလိုလိုပင် ဖြစ်၍ ငြိမ် နားထောင်နေသည်။

“ဟုတ်တယ် မဟုတ်လား ဝေ”

ဝေက ခေါင်းညိတ်လိုက်ရာ၊ သည်တော့မှ စိတ်သက်သာရာ ရသွားလျက် ဝေ့ရှေ့က ဆိုဖာတွင် သွားထိုင်လေသည်။ မှောင်ရီစ ပြုလာလေပြီ။ ဝေသည် အနားမှ ခြေသံမကြား ထသွားလျက်၊ အိမ်ထဲတွင် ခြေသံမကြား တလှုပ်လှုပ် တရွေ့ရွေ့ သွားလာနေ၏။ အချိန်ကျ၍ စားပွဲခုံတွင် တယောက်တည်း သွားထိုင်ကာ သူ့ပန်းကန်နှင့်သူ ကြက်စွပ်ပြုတ်ကို တဇွန်း၊ နှစ်ဇွန်း သွားသောက်သည်။ ပေါင်မုန့်ကလေး တဖဲ့ နှစ်ဖဲ့ စားသည်။ ကြက်ဥဟပ်ဘွိုင်ကို တို့ကနန်း ဆိတ်ကနန်း မြည်းလျက် စားသောက်ပြီး ခြေသံမကြား အိမ်ပေါ်သို့ တက်သွားလေ၏။ 

ဦးစောဟန်မှာ အရက်သောက်ရင်း ဝေ့အကြောင်းကို တမျှင် တစ်တန်းကြီး အတောမသတ် စဉ်းစားနေလေသည်။ ဝေနှင့် ရခါစက နေကြ ထိုင်ကြပုံများမှာ ခေါင်းထဲသို့ဝင်ဝင်လာသည်။ မျက်စိထဲ ပေါ်ပေါ်လာသည်။ ယခု ဝေ့အခြေအနေမှာ အားရစရာမရှိ၍ ရင်ထဲပူလာလျက် ဦးနှောက် ရှုပ်လာ၏။ ဦးနှောက်ရှုပ်ရှုပ်ဖြင့် နောက်ဆုံး အတိတ်နှင့် ပစ္စုပ္ပန်ကို ဘယ်ဒင်းမှ မစဉ်းစားမိအောင် တခွက်ပြီးတခွက်မော့ကာ၊ လူခြေတိတ်လောက်မှ နေရာမှ ထလိုက်သည်။

ဦးစောဟန်သည် ထမင်းစားပွဲကြီးကို တချက်ကြည့်လျက် မောင်မြ အား ခေါင်းခါပြလိုက်ကာ အိမ်ပေါ်သို့ တက်လာခဲ့သည်။ ခြေသံမကြားအောင် သတိနှင့် ထိန်းနင်းလျက် ယိုင်တိယိုင်တိုင်ဖြင့်ပင် သူ့အိပ်ခန်းထဲသို့ မဝင်ခင်ဝေ့အခန်းမှ ခန်းဆီးကိုသာ အသာ လက်နှင့် ဖယ်၍ ကြည့်လိုက်လေ၏။

လရိပ်ဖြင့် ခွေလျောင်းလဲနေသော ဇာခြင်ထောင်အတွင်းမှ ဝေ ပုံသဏ္ဍာန်လေးကို ဝိုးတဝါး မြင်ရကာ၊ နှလုံး တလှပ်လှပ်ခုန်လျက် သူ့အိပ်ခန်းထဲသို့ ချာခနဲ လှည့်ဝင်သွားရလေ၏။

---

အခန်း (၂၁ ဇာတ်သိမ်းပိုင်း) ဆက်ရန်

#မုန်း၍မဟူ
#ဂျာနယ်ကျော်မမလေး

#shared_by_louis_augustine
#sbla

Comments