မုန်း၍မဟူ (အခန်း ၁၉) // ဂျာနယ်ကျော်မမလေး

မုန်း၍မဟူ (အခန်း ၁၉) // ဂျာနယ်ကျော်မမလေး

---

(၁၉)

မြစ်ကမ်းစပ်ရှိ အမှောင်ရိပ်များသည် ပါးစ ပြုလေပြီ။ မြစ်ရေပြင်မှာ မှုန်မှုန် မွှားမွှား ဝိုးတဝါးတွေ့ ရ၏။ လေသည် အသားထဲ စူးအောင် အေးမြနေသည်။

ထားထားမှာ ဓာတ်မီးရောင်များဖြင့် လင်းထိန်နေသော သင်္ဘောဦး ခန်းထဲ၌ မှန်ပြတင်းပေါက်တွင် မသဲမကွဲဖြင့် တရိပ်ရိပ် တွေ့ရသော ကမ်းကို စိုက်ငေးကြည့်နေ၏။ ဓနိပင်အုပ်အုပ် မှောင်မှောင်မည်းမည်းများကို စိုက်ငေးကြည့်လျက် စိတ်မှာ အဝေးသို့ လွင့်ပါးနေလေသည်။

ဝေ့ထံမှ သွေးပါလာသည်ဟု စာရကတည်းက ထားထားမှာ တနေ့ မှ စိတ်လက် မချမ်းသာခဲ့။ ဝေ့ကို သနားနေသည်။ ဦးစောဟန် ဘယ်လောက်များကြောက်လိုက်မလဲဟုလည်း တွေးမိ၏။ သည်ရောဂါ ဖြစ်မှာ စိုး၍ ဆေးတွေ ကြိုတင်သောက်၊ ကြိုတင် ထိုးနေရသည့် ကြားထဲက ဖြစ်မိအောင် လာဖြစ်ရခြင်းမှာ ဝေ့ ကံကိုက ဆိုးပါတယ်ဟု အောက်မေ့မိသည်။ တပတ်တခါ ရောက်လာတတ်သော စာများကိုသာ မျှော်လျက် ရောဂါအခြေအနေကို အဝေးက အကဲခတ် ကြည့်နေရသည်။ ရန်ကုန်သို့ လာ၍ ဆေးကုရန်မှာသော်လည်း စစ်ရိပ်စစ်ငွေ့များ သမ်းနေသဖြင့် ရန်ကုန် လွှတ်ရန် ဦးစောဟန်က စိတ်မချဖြစ်နေသည်။ ဆရာဝန်နှင့် နေ့စဉ် ဆေးထိုး နေကြောင်း သိရ၏။

ထားထားမှာ မကြာမီ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ရမည်။ ရခိုင်ပြည်နယ် ပြောင်းသွားလျှင် ဝေနှင့် ဝေးရမည်ကြောင့် မပြောင်းခင်ကိုတွေ့ချင်လွန်း၍ ဖြုန်းခနဲ ထွက်လာခဲ့ရာ အကြောင်းပင် မကြားမိချေ။

မော်လမြိုင်ကျွန်းရောက်လျှင် ဝေ့အိမ် သွားရကောင်းမလား၊ အစ်ကို ကြီးအိမ် တက်ရ ကောင်းမလား ဝေခွဲမရ။ တညသာလျှင် အိပ်နိုင်ပြီး ပြန်ရမည့်ခရီးဖြစ်၍ ခဏလာတုန်း ဝေနှင့်သာ အတူနေချင်တော့သည်။

ဝေ့အိမ် တည်းရမှာ အစ်ကိုကြီး အိမ်နှင့်တူမှာမဟုတ်။ ဦးစောဟန် ရှေ့တွင် ဧည့်သည်တယောက်လို တကျုံ့ကျုံ့နှင့် လွတ်လပ်မှာ မဟုတ်၍ မတည်းချင်လှ။ ဦးစောဟန် မဖိတ်ခေါ် ဘဲနှင့် သွားတည်းရန်လည်း ဝန်လေးနေသည်။

ဝေ၏ သွေးပါပုံ ပါနည်းများမှာ ပျောက်လိုက် ပေါ်လိုက်ဖြင့် ဖခင်နှင့် ဆင်လှ၍ စိတ်ပူ ရင်လေးနေမိသည်။ စာတိုင်းပင် သွေးပါသည့်အကြောင်းကို အကျယ်ချဲ့ မရေးချေ။ “ဒီနေ့ သွေးနည်းနည်းပါတယ်၊ လူတော့ နေကောင်း ပါတယ်” ဟု သည်မျှလောက်သာ ဖတ်ရလျက်၊ သည့်ပြင် အကြောင်းအရာ တွေသာ အရှည်ကြီး ဖတ်ရလေသည်။ တောဘက်တွင် နေကြသော အဖျား အနား တော်စပ်သည့် ဆွေမျိုးများကိုပင် သတိတရ ထည့်ရေးတတ်ရာ၊ ထားထားမှာ စာဖတ်ပြီး မေ့နေသော ဆွေမျိုး အဖျားအနားတွေကို တွေးပြီး ကြည့်ရသည်။ အဖေ့ဘက်မှ၊ အမေ့ဘက်မှ ဆွေမျိုးစာရင်းကို ထားထား အကုန်မသိ၊ ဝေဝေသာ စုံစုံသိသည်။ ငယ်ကတည်းက ဆွေမျိုးဆိုလျှင် ချစ်တတ် ခင်တတ်သောစိတ်ရှိသည်။

သူ့အိမ်သို့ အဝင်ရ အထွက်ရ ခက်သဖြင့် ဘယ်ဆွေမျိုးမှ အဝင် အထွက် မလုပ်ရဲကြ၍ ဆွေမျိုးများကို သတိရဟန်၊ အောက်မေ့ဟန် တူရဲ့ဟု စာဖတ်ပြီး စိတ်မကောင်းဖြစ်ရသေးသည်။ အိမ်ထဲတွင် ဘယ်မှ မသွားရဘဲ လူမမာကြီးအဖြစ်နှင့် ခြောက်ကပ်နေမည့်ဘဝကို အကဲခတ်မိလျက်၊ မိမိ လာသည့်အတွက် ဝေ ဘယ်လောက်များ ဝမ်းသာလိမ့်မလဲဟု တွေးကြည့်၍ ရင်ထဲ၌ လှိုက်ဖိုလာသည်။ ဘိုကလေးသို့ သင်္ဘောဆိုက်ကပ်သည့်အခါ မိုးပင် မလင်းသေးချေ။

ထားထားမှာ မော်လမြိုင်ကျွန်း ရောက်ခါနီးပြီဟု ဝမ်းသာအားရ ဖြစ်နေပေသည်။ မြစ်ပြင်ကို ရစ်ဝိုက်ထားသည့် မှိုင်းမှုန်သော မြူတို့မှာ တစ တစ ပျက်ပြယ်စပြုလေပြီ။ အဝေး၌သာ မြူရိပ်မင်းလွင်များကို တွေ့မြင်ရသည်။

ကောင်းကင်မှ ပတ်ကြားအက်ရာများတွင် ပတ္တမြားရည် ထွက်နေသည်။ မြစ်ရေမှာ ရဲခနဲ နီလာသည်။ ပတ္တမြားလုံးကြီးမှာ မြစ်လယ်တွင် တွဲလွဲချိတ်နေလေသည်။ တဖက်ကမ်းရှိ တောတန်းဝယ် ကျီးကန်းတအုပ် ပျံသန်းလျက် နံနက်ဦး၌ ပျော်မြူးနေကြလေ၏။

ထားထားသည် အိပ်ရာလိပ်ကို ကြိုးချည်လျက်နေစဉ်၊ အသက် ၄၀ ကျော်ခန့်ရှိမည့် အသားညိုညို မိန်းမ ဝဝဖိုင့်ဖိုင့် တဦးသည် အခန်း တံခါးချက်ကို ဖွင့်လိုက်ကာ “ထားထားရေ ထပြီလား” ဟု ပြောပြောဆိုဆို ဝင်လာသည်။

ဆံပင်ကောင်းလှ၍ ဆင်စွယ်ဘီးနှင့် ပတ်ထားသော နောက်ပတ်ဘီးဆံပင်ပတ်ကြီးမှာ ခေါင်းနှင့်မဆံ့ ဘေးကားနေသည်။

“လာပါ ဒေါ်ဒေါ်တင်... ကျွန်မတော့ ဝန်စည်စလယ်တွေတောင် သိမ်းနေပြီ”

ဒေါ်ဒေါ်တင်မှာ မော်လမြိုင်ကျွန်းဈေးထဲမှာ အထည်သည်အပျိုကြီး ဖြစ်လျက် လူချစ်လူခင် ပေါများ၏။

မို့ဝိုင်းနေသော မျက်နှာ၌ မျက်နှာချေများ လူးထားကာ မျက်ခုံးမွှေး ထင်းထင်းနက်နက်ကြီးဆွဲထားသည်။ မယ်ညို ပဒုမ္မာ ဒိုဘီကျတွင် တပ်ထားသော တလုံးတည်း ဥဿဖရား ကြယ်စေ့မှာ လူနှင့်လိုက်အောင် ပြူး နေလေ၏။ လက်ထဲ၌ ကြံဆစ်လက်ကောက်နှစ်ရန်နှင့် လက်တဖက်တွင် ဆင်စွယ်စိပ်ပုတီးကို စွပ်ထားသည်။ အထက်ဆင်ပေါ်ပေါ် ဇင်းမယ်လုံချည် နီညိုဝတ်ကာ မော်လမြိုင် ရှေ့ထိုးဖိနပ်ကလေး စီးထားသည်။

လေလာရာ၌ ထိုင်လိုက်ရာ ဒေါ်ဒေါ်တင့် ကိုယ်မှ နံ့သာဖြူနံ့များမှာ တထောင်းထောင်း ထသွားလေသည်။

“ထားထားကို တွေ့ရင်တော့ ဝေဝေက ဝမ်းသာရှာမှာပဲ၊ အိမ်ထောင် ကျသွားပြီကတည်းက ဒေါ်ဒေါ်ဖြင့် တခါမှမတွေ့ရပါဘူး။ ဈေးထဲလည်း မလာဘူး။ တခါတလေ သူတို့အိမ်ရှေ့ရောက်ပေမယ့် အပေါက်က ဒရဝမ်ကြီး စောင့်နေတော့ ဝင်ရခက်သား၊ တချို့ပြောတော့ ဝင်ချင်ရင် ဘယ်သူ ဘယ်ဝါ စာရေးပေးရတယ် ဆိုလားပဲ” 

ထားထားမှာ ပြုံးလျက် နားထောင်နေသည်။ မျက်မှောင်ကုတ်လျက် မေးထိုးပြောလိုက်သော မျက်နှာမှာ မနှစ်သက်သည့် ဟန်အမူအရာ ပေါ်နေ၏။

“သန်းသန်းတို့၊ ရင်ရင်တို့နဲ့ တခါတွေ့တယ် ပြောတယ်။ သူတို့ လမ်းလျှောက်သွားကြရင်း လမ်းမှာတွေ့ကြတာ၊ ကြာကြာတောင် ရပ် စကားမပြောရဘူးတဲ့။ ကလေးပျက်ပြီးမှ သိပ်ပိန်တာပဲတဲ့။ သူ့ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်လည်း မဟုတ်ဘူးတဲ့။ ကျဉ်းကျပ်နေ ထင်ပါရဲ့ ထားထား ရယ်”

“သူကြိုက်လို့ သူယူတာပဲ ဒေါ်ဒေါ်”

ဟု ထားထားက ညည်းပြောလိုက်သည်။

“ကြီးတော်သက်တော့ ဆိုင် ခဏခဏလာပါတယ်။ ဝေဝေ့ အကြောင်း ခဏခဏပြောတယ်။ ဝေဝေ့ဆီ ခဏခဏ မရောက်ဘူးတဲ့။ နေထိုင်မကောင်း ဖြစ်မှ ရောက်သတဲ့၊ အခုလည်း ဦးဖြစ်သလို ဖြစ်နေတာ လား စိတ်မကောင်းပါဘူး ထားထားရယ်”

ထားထားမှာ သူ့စိတ်ကူးနှင့်သူ စိုက်မိစိုက်ရာ ကြည့်နေလေသည်။ ဒေါ်ဒေါ်တင်သည် ဝေဝေ့အကြောင်းမှ ဆရာဝန် ကိုသက်နှံကို အာရုံပြောင်း သွား၍ ထားထားမှာ အတွေးကို ရပ်လျက် မျက်နှာလေး လန်းကြည်လာ လေသည်။

“ကျေးဇူးတင်ပါတယ် ထားထားရယ် ဆရာဝန် ကျေးဇူးတော့ ဒေါ်ဒေါ် ဘယ်တော့မှ မမေ့ပါဘူး။ ဒေါ်ဒေါ်မှာ သူ့အသက်ပဲ ရှိတော့တာ။ သူ ဒီမြို့က ပြောင်းသွားပြီးတဲ့နောက် သူ့ကို လူတိုင်းက တသသနဲ့ပါပဲ။ ထားထားက လင်ရ ကံကောင်းပါတယ်။ ဒီလိုလူမျိုးမှ စိတ်ချမ်းသာရတာ” 

“ဒီလူမျိုးမို့ စိတ်ချမ်းသာတယ်တော့ မထင်နဲ့ ဒေါ်ဒေါ်၊ ကျွန်မလည်း ကျွန်မ စိတ်မချမ်းသာနဲ့ ကျွန်မ ရှိတာပဲ၊ သိပ်သဘောကောင်းတယ် မဟုတ်လား ဒေါ်ဒေါ်ရဲ့။ သူ့ကိုယ်သူ ဘယ်တော့မှ သတိမရဘူး။ သူများကိုပဲ သိပ်ငဲ့ညှာတာ လွန်လွန်းအားကြီးတယ်၊ တခါတလေ ကျွန်မ သူ့ကိုကြည့်ပြီး သိပ်စိတ်ဆင်းရဲရတာပဲ”

ဒေါ်ဒေါ်တင်မှာ ထားထား ပြောသမျှ နားစိုက်လျက် “ကောင်းပြန် တော့လည်း တစ်မျိုးပဲ” ဟု အောက်မေ့ကာ အိမ်ထောင်ရေး သဘောတရား ကို တွေးနေစဉ် “အကောင်းဆုံးကတော့ ဒေါ်ဒေါ်ဘဝပါပဲ” ဟု ထားထားက ပြောလိုက်သည်။

ဒေါ်ဒေါ်တင်သည် တဟဲဟဲ ရယ်နေလေသည်။ 

“ဒေါ်ဒေါ့်ဘဝလည်း ကောင်းတာမဟုတ်ဘူး ထားထားရဲ့။ သူများ အပျိုကြီးတွေကတော့ ပြောကြပါလိမ့်မယ်လင်မရှိတာ အအေးဆုံး အပူလည်းမရှိဘူး၊ သခင်လည်း မရှိဘူးလို့ ဒီလိုပြောကြာတာပဲ။ ဒေါ်ဒေါ်က အမှန်ပြောချင်တာ၊ မိန်းမ လင်မရှိတာ ဘယ်တော့မှ မကောင်းဘူးမှတ် လင်နဲ့မှ တင့်တယ်တာ။ ဒါဖြင့် ဘာဖြစ်လို့ ဒေါ်ဒေါ် ဒီလိုနေသလဲ မေးရင် အိမ်ထောင်ကျဖို့အကြောင်းကိုက ပါမလာဘူး ထင်ပါရဲ့ ထားထားရယ်။ ငယ်ငယ်က ကိုယ်ကြိုက်ခဲ့တဲ့လူလည်း ရှိတာပဲ။ အကြောင်းကြောင်းနဲ့ လွဲရတာပဲ။ ကိုယ်က ဆုတ်လိုက်တာ။ ဟော နောက်တယောက်တွေ့ပြန် ရော...”

ထားထားမှာ အားရပါးရ ပြုံးလျက် စိတ်ဝင်စားစွာ နားထောင်နေ၏။ ဦးခန်းထဲတွင် အခြားခရီးသည်မရှိ၊ နှစ်ဦးတည်း ရှိကြ၍ လွတ်လပ်ပွင့်လင်းစွာ ပြောနေကြသော အပျိုကြီးကို ခပ်ဆန်းဆန်း အကြည့်ဖြင့် မျက်တောင်ပင် မခတ်မိ ...။

“နောက်တယောက် ကျတော့လည်းလေ၊ မဟာဒုတ်မဲကျပြီးပဉ္စင်း တက်လိုက်တာ တခါတည်း လူမထွက်တော့ပါဘူး၊ အခုထက်ထိ ရှိတယ်၊ ပခုက္ကူမှာ စာဝါ တက်နေတယ်...”

ထားထားမှာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ ဒေါ်ဒေါ်တင်သည် ပြုံးမဲ့မဲ့ မျက်နှာဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်နေပြီးနောက်၊ 

“ရတာမလို၊ လိုတာမရ ဆိုတာ ဒေါ်ဒေါ်ပေါ့”

ဟု ဆိုလိုက်ရာ ထားထား၏ ရယ်သံမှာ ထပ်မံ ကျယ်လောင်သွားလေ၏

“နောက်တယောက် တွေ့ဦးမှာပေါ့ ဒေါ်ဒေါ်ရယ်...” 

အပျိုကြီးတွေ အရွှတ်ပြောတတ်မှန်းသိ၍ ထားထားက စလိုက်သည်။ ဒေါ်ဒေါ်တင်မှာ သူ့အား ကလိ ထိုးလိုက်သလိုပင် ပြောင်ချော်ချော် မျက်နှာကြီးဖြင့် ကိုယ်ကြီး လှုပ်ကာ လှုပ်ကာ တဟီးဟီး ရယ်နေလေ၏။

“အရွယ်က လွန်ပါပြီ ထားထားရယ်၊ ငယ်ငယ်တုန်းကမှ မစွံတာ၊ အခုတော့ စွံစရာလည်း မရှိတော့ပါဘူး။ ကိုယ့်အတွက် ဘေးချိတ်ပြီး တူမလေးတွေအတွက် နေရချပေးဖို့ ကောင်းတဲ့လူ ရှာနေရာတာပါပဲ။ သန်းသန်းတို့၊ ရင်ရင်တို့အတွက် ရာထူးရာခံလေးရှိပြီး ရိုးရိုးသားသားများ တွေ့ရင် ပြောပါ ထားထားရယ်၊ သူတို့တတွေအတွက် ရင်မအေးလို့ ရင်အေးချင်တယ်”

ထားထားသည် ရယ်နေရာမှ မျက်နှာပိုးသတ်လိုက်ကာ သူ့မျက်လုံး မှာ ဝေးရာသို့ ရောက်သွားလေသည်။ မိန်းမဘဝ၊ မိန်းမပြဿနာများကို လေးလေးနက်နက် တွေးတောကြည့်သည်။ မိန်းမဘဝ၊ မိန်းမကိစ္စများမှာ ဘယ်ဘက်ကမှ ကောင်းကွက် တကွက်မှ ရှာမရဘဲ ရှိကာ စိတ်ထဲ အနှစ်သာရ ကင်းမဲ့သွားလျက် ဘဝကို မုန်းတီးသွားမိသည်။

“ဟော ...စက်တွေတောင် မြင်ရပြီ” 

ဟု ဒေါ်ဒေါ်တင်က သင်္ဘောဦး သို့ လှမ်းကြည့်ပြီး ပြောလိုက်ကာ ထလိုက်လေသည်။

မြို့တဖက်ကမ်းမှ သွပ်မိုးဂိုဒေါင်၊ စပါးစည်၊ ခေါင်းတိုင်နှင့် ဆန်စက်များကို မြင်ရလေသည်။ ထားထားသည် ထ၍ မှန်တံခါး၌ ရပ်လိုက်ရာ ပူနွေးသော နေရောင်သည် ထားထား၏ မျက်နှာကို လာရိုက်လေသည်။

မြစ်ပြင်ကြီးမှာ တဖိတ်ဖိတ် တောက်လျက် ရှိ၏။ သင်္ဘောဥဩသံကား နားကို အူသွားလေ၏။

သင်္ဘောဆိုက်ပြီး ကုန်းပေါ်ကို တက်ခဲ့မှ “အိမ်ပဲ သွားပါမယ်” ဟု စိတ်ပိုင်းဖြတ်လို့ ရလေ၏။ ထားထားသည် လံချားတစီးပေါ်တွင် သားရေသေတ္တာနှင့် အိပ်ရာလိပ်တင်လျက် အိမ်သို့ တန်းသွားလေသည်။ လံချားမှာနှေးနေလေသည်။ အချို့နေရာများ၌ ချိုင့်ထဲတွင် ဘီးကိုရုန်းနေရ၍ ကြာလိုက်တာဟု အောက်မေ့မိသည်။

လမ်းထဲသို့ ချိုးဝင်လျှင် ဝေးဝေးမှ အိမ်ကြီးကို လှမ်းမြင်ရလေသည်။ အိမ်ကြီးနှင့် ယှဉ်လျက်အိမ်ကို လည်ဆန့်လျက် မျှော်ကြည့်လာသည်။ ဝေဝေတို့ အိမ်ရှေ့ ရောက်ခါနီး လံချား ခဏရပ်ပြီး ဝင်လိုက်ချင်စိတ် ပေါက်သွားလေသည်။ အိမ်အပေါ်ထပ် ပြတင်းပေါက်များ ဖွင့်လှစ်ထားလျက် လိုက်ကာများ ချထားလေသည်။ အိမ်အောက်တွင် တံခါးရှေ့၌ ဒရဝမ်သာ တွေ့ရလျက် လူရိပ်လူယောင်ကို မမြင်ရချေ။

ထားထားသည် ရင်ထဲ၌ တဒိတ်ဒိတ် ခုန်လျက် ဝေဝေ့အိမ်ကို ကျော်ကာ အိမ်ကြီးရှေ့၌ လံချား ဆိုက်ခိုင်းသည်။ “ထားထားရေ” ဟုအော်ကာ လမ်းမသို့ ပြေးထွက်လာသော သန်းသန်းကို တွေ့ရ၍ ရင်ထဲ ဆို့သွား လေသည်။

“ကိုနေဦး တောသွားနေတယ်၊ ကြီးတော်တောင် လယ်ထဲ လိုက်သွားတယ်။ စာမပေး ဘာမပေး ထားထားရယ်၊ ဝေဝေတော့ ဘယ်လောက် ဝမ်းသာလိုက်မလဲ ဟယ်”

ထားထားသည် အိမ်ထဲရောက်လျှင် မထိုင်ခင် “ဝေဝေ ဘယ်လိုနေလဲ သန်းသန်းရယ်...” ဟု သိချင်ဇောဖြင့် မေးပြီးမှ ထိုင်သည်။

“သူ့ကြည့်ရတာ လန်းပါတယ်၊ အိပ်ရာထဲ လဲမနေပါဘူး။ တခါတလေတော့ သွေးပါတာပဲ။ သန်းသန်းလည်း ဦးစောဟန် ရုံးသွားတဲ့အခိုက် မနက်ဘက် ရောက်ပါတယ်။ နေ့လယ်တော့ ဝေ အိပ်ချိန်မို့ ဘယ်သူမှသွားလို့မရဘူး။ မယ်အေးလာရင် မေးရတာပဲ...”

“ကိုင်း သန်းသန်းရယ် ကူးလိုက်ဦးမယ်၊ ဦးစောဟန်တော့ အလုပ် သွားဦးမှာ မဟုတ်ဘူး ထင်တယ်။ ညမှပဲ သန်းသန်းနဲ့ အေးအေးဆေးဆေး စကားပြောရမှာပဲ၊ ကိုကိုတို့က ဘယ်တော့ ပြန်လာမှာလဲ...”

ထားထားက ထိုင်ရာမှ ထလိုက်သည်။ ခြေလှမ်းမှာ သွားရန် ပြင်နေလေ၏။ 

“သွားတော့မလား ထားထားရဲ့။ ကိုနေဦးတို့တော့ သုံးလေးရက်ကြာ လိမ့်မယ် ထားထားလာမှာ မသိလို့ သွားကြရတာ။ သိရင် မသွားဘူး။ ဒါနဲ့ ထားထား ရခိုင်ပြည်နယ်ဘက် ပြောင်းရမယ်ဆို...”

ပြင်ထားသည့် ခြေလှမ်ကိုမရုပ်ဘဲဖြင့်ပင် 

“ဟုတ်တယ်၊ ပြောင်းရ ခါနီးမို့ ဝေဝေ မမာနေတာ တွေ့ချင်တာနဲ့ လိုက်လာရတာ။ သွားဦးမယ် သန်းသန်းရယ်.... ပြီးမှ ပြီးမှ ပြောစရာတွေ ပြောကြစို့” 

သန်းသန်းမှာ အိမ်ဝသို့ သုတ်သုတ် ထွက်သွားသော ထားထားကိုကြည့်လျက်၊ မျက်နှာမကောင်းစွာဖြင့်သက်ပြင်းချလိုက်လေသည်။ သူတော့စိတ်မကောင်းဖြစ်မှာပဲဟု စိတ်ထဲ၌ ညည်းတွားနေသည်။ ထားထားသည် အိမ်ရှေ့လိုက်ကာကြီးကို ဖယ်ကာ အတွင်းသို့ ဝင်ဝင်ချင်း “ဝေဝေရေ” ဟု အသံပေးလိုက်သည်ဧည့်ခန်းထဲတွင် မည်သူမျှ မရှိချေ။ ဝေဝေမှာ ဧည့်ခန်းနောက် ထမင်းစားခန်းထဲတွင်ရှိလျက် “မမ ထား” ဟု စားပွဲက ထ၍ အော်လိုက်ကာ ဝမ်းသာအားရ ပြေးထွက်လာလေ၏။

ဆွဲချလိုက်သလိုပင် ယခင်ကနှင့် ယခု ကိုယ်တခြမ်းစာမျှသာ ရှိမည့် ပိန်ချုံးလှသော ဝေ့ကိုယ်လေးကို မကြည့်ဝံ့ ကြည့်ဝံ့ဖြင့် ရင်ထဲအသည်းထဲ တလျလျ တလှပ်လှပ်ဖြစ်ကာ အားအင် ဆုတ်လျော့သွားလေသည်။ ဝေဝေ၏ နှုတ်ခမ်းမှာ လှိုက်လှိုက်လှဲလှဲ ပြုံးရယ်နေလျက် မျက်လုံးများမှာ ရင်ထဲ၌ မမျိုသိပ်နိုင်ရှာဘဲ လှုပ်ရှားနေသည့် ဝေဒနာကို ဖော်ထုတ်ကာ၊မျက်ရည်ဝဲဝဲ မျက်တောင်စင်းစင်း ဖြစ်နေပေ၏။ ဝေသည် ပြေးလာပြီး လက်ကို လှမ်း၍ ဆုပ်လိုက်သည်။
ထားထားက ပြန်၍ဆုပ်ရာတွင် လက်ချောင်းကလေးတွေ၏ အရိုးကိုသာ ဆုပ်မိလျက် အသားကို ပွတ်သပ် ရှာစမ်းယူရသည်။ လက်မှာ အငွေ့ မရှိအေးနေ၏။ ဝေ၏ မျက်လုံး၌ ဖိတ်လက်သော အရောင်များ ပြည့်လျှမ်းနေကာ မျက်လုံးအိမ်မှာ မသိမသာ အတွင်းသို့ ချိုင့်ဝင်နေလေသည်။ မျက်နှာလေး တခုပဲ ပုံပန်း သိပ်မဆိုးဘဲ ကြည့်ရှုကောင်းနေကာ၊ အားရှိပါးရှိ ပြုံးထား၍ ဝင်းပနေလေသည်။

“မမထားရယ်၊ ဝမ်းသာလိုက်တာ။ လာမယ်ဆိုတာ စာရေးရောပေါ့၊ ဝေ ညက အိပ်မက်တောင် မက်တယ်မမထားနဲ့ ဈေးထဲ ဈေးလျှောက် ဝယ်နေလိုက်ကြတာ၊ ဈေးက ရန်ကုန်ဈေးလိုလို...”

“မောပါ့မယ်ဟာ ဖြည်းဖြည်းပြောပါ”

ဟု ထားထားက တားကာ၊ဆိုဖာဆီသို့ လက်ကလေး ဆွဲခေါ်သွားလျက် အတူ ကပ်ထိုင်လိုက်ကြသည်။

ဝေ့ အသံလေး၌သာ မောသံလေးရှိလျက် ဝေ့အသိ၌ မောသည် မထင်။ မောပန်းမှန်း မသိ ရင်ထဲ၌ လှိုက်ဖို လှုပ်ရှားနေခြင်းသာ သိလေ၏။ 

“အေးဟာ ရခိုင်ပြည်နယ် မသွားခင်၊ နင်နဲ့ တွေ့ချင်တာနဲ့ ဗြုန်းဗြုန်း ဒိုင်းဒိုင်း ထလာတာ၊ အကြောင်းမကြားနိုင်တော့ဘူး”

ဝေသည် ထားထား၏မျက်နှာကို ဝအောင် ကြည့်နေရင်းမှ အားအင် ပြည့်တင်းလာသကဲ့သို့ဖြစ်လာကာ၊ ရင်ထဲဝယ် ထိုအင်အားများမှာ ကျပ်သိပ်နေ၏။

“ကို အပေါ်မှာ အဝတ်လဲနေတယ်၊ လာပါလိမ့်မယ်။ မယ် အေးလည်းလေ ဝဖြိုးလို့ အလျင်လို မဟုတ်ဘူး။ မမထား အသားတွေလည်း လတ်လာတယ်။ အစ်ကိုကြီးနဲ့ကော တွေ့ခဲ့သေးသလား၊ အကြီးလည်း နေမကောင်း ဖြစ်သေးတယ်၊ သန်းသန်းတော့ ကလေး ရှိနေပြီလေ”

ဝေသည် ကြက်တူရွေးကလေး စကားပြော သင်နေသလိုပင်။ တွတ်တွတ် တွတ်တွတ်နေအောင် မရပ်မနား စကားပြော၏။ 

“စကားပြော လို့ မြိန်လိုက်တာ”

ထားထားမှာ ဝေ စကားပြောနေသည့်အတွင်း၊ ဆွယ်တာအင်္ကျီ လက်ရှည် နီညိုရောင် အပြင်ဘက်မှ ဖြူဖပ်ဖြူရော် ဖြစ်နေသော ဝေ့အသွေး အရောင်များကို သေသေချာချာ ကြည့်မိ၏။ လည်ပင်းမှာ သေး၍ လည် ချောင်းကလေးရှည်နေလျက် စကားပြောလိုက်တိုင်း ပွပွလာလေသည်။

“အစ်ကိုကြီးနဲ့ ကြီးတော် မရှိဘူးဟ။ လယ်ထဲ သွားကြတယ်တဲ့၊ တရက်၊ နှစ်ရက် ကြာမယ်ပြောတယ်။ သန်းသန်းပဲ တွေ့ခဲ့တယ်။ ငါလည်းပစ္စည်းတွေ ချပြီး စကားတောင် မပြောနိုင်ပါဘူး ပြေးလာတာ၊ နင်ကောအခု ဘယ်လိုနေသလဲ။ နေလို့ ကောင်းရဲ့လားဟယ်” 

ဝေသည် အံ့ဩသွားသည့် မျက်နှာကလေး ချက်ချင်း ပြောင်းသွားကာ 

“ဟင် အစ်ကိုကြီးတို့ မရှိကြဘူးလား၊ သွားတာ သိတောင်မသိဘူး”

ဟု ပြောကာ ခဏငေးနေလျက် ပြီးမှ သတိရသလို ပြုံးလိုက်ပြီး 

“နေလို့ကောင်းပါတယ်၊ သွေးမပါတာ တလလောက်တောင် ရှိပြီ”

ဟု ပြောလေသည်။ အိမ်ပေါ်မှ ဖိနပ်သံ ပေါ်လာ၍ နှစ်ယောက်စလုံး ပြိုင်တူလှေကား ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

“ဟေး ထားထားပါလား”

ဟု ဦးစောဟန်က ဝမ်းသာရွှင်လန်းသည့် အမူအရာဖြင့် ပြောရင်း ခပ်သွက်သွက် လှမ်းလာလေသည်။ 

“ဝေနဲ့ စကားပြောနေတဲ့အသံ ဘယ်သူပါလိမ့်လို့ အောက်မေ့တယ် ထားထားကိုး၊ ဘယ့်နှယ် နေကောင်းရဲ့လား၊ သံတွဲပြောင်းမယ်ဆို”

ဦးစောဟန်သည် ထားထားတို့ ရှေ့တွင်ရပ်လျက် ပြုံးပြုံး ပြုံးပြုံးနှင့် ပြောပြီးလျှင် ထားထားအား စူးစူးစမ်းစမ်း ကြည့်ရှုသည်။ ထားထားသည် ဦးစောဟန်၏ သွယ်ကျနေသော မျက်နှာကို ကြည့်လျက် စိတ်လက် မချမ်းသာမှန်း အကဲခတ်မိလေသည်။

“ရှေ့လမှာ ပြောင်းရပါလိမ့်မယ်၊ မပြောင်းခင် ဝေနဲ့ တွေ့ချင်တာနဲ့ တညအိပ် လိုက်လာတာပါ၊ ထားထားက နက်ဖြန်ည ပြန်မယ်”

“အိုး မြန်လှချည့်လား ထားထားရယ်၊ ရောက်တဲ့အခါ နေဦးမှပေါ့၊ သခင်နေဦးနဲ့ကော တွေ့ပြီးပြီလား”

ဦးစောဟန်မှာ ပြုံးရယ်နေလေသည်။ ထားထားကပြုံးလျက် 

“သခင် နေဦး မရှိဘူး၊ တောက လယ်ထဲ သွားနေတယ်။ သန်းသန်းပဲ ရှိတယ်”

ဟု ပြောလိုက်သည်။

“ဝေ နို့သောက်ပြီးပြီလား၊ ကဲ... ထားထားလည်း လက်ဖက်ရည် သောက်ရအောင်”

ဟု ဦးစောဟန်က ဆိုကာ ထရန် လက်ပြနေလေသည်။ ဝေက “ဝေ ပြီးပြီ” ဟု ပြောက ထ၍ ထားထားလက်ကို ဆွဲခေါ်ခဲ့သည်။ ဝေ၏ ချိုမြနေသော မျက်နှာကလေးမှာ သိသာရွှင်လန်းလွန်း၍ ဦးစောဟန်မှာ ထားထား ရောက်လာခြင်းအတွက် နှစ်သက် သဘောကျနေသည်။ စားစရာများခင်းပြင်ထားသောစားပွဲကြီးပေါ်တွင် ဝေသောက်စားထားသော ပန်းကန်တို့မှာ စားလက်စ သောက်လက်စပင် တွေ့ရ၍ “ဝေ မပြီးသေးပါလားဟင်” ဟု ဦးစောဟန်က ပြောသည်။

“နို့ သောက်ပြီးပြီ ကိုရဲ့၊ မုန့်လည်း စားပြီးပြီ၊ ကော်ဖီသာ အကုန် မသောက်ရသေးတာ” 

ပြောပြောဆိုဆို ဝေသည် သူ၏ သောက်လက်စ ပန်းကန်လုံးကို ယူကိုင်လျက် 

“ကဲ... မမထား ထိုင်”

ဟု ဆိုလေသည်။ ထားထားသည် ဦးစောဟန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကာ၊ မောင်မြက ထားထားအတွက် လက်ဖက်ရည် ပန်းကန်စုံ လာချပေးသည်။ ထားထား၏ မျက်လုံးထဲ၌ ထူးခြားသော အချင်းအရာ တခုကို တွေ့မိလျက်သား ဖြစ်နေသည်။ ထားထားသည် မျက်နှာမပျက်စေရန် သတိထားလိုက်ကာ ဝေ့ကို “ထိုင်လေ” ဟု ပြောလိုက်သည်။

ဝေသည် သူ့လက်ထဲက ပန်းကန်ကို မော့သောက်ချလိုက်ပြီးမောင်မြအား ကမ်းပေးလိုက်ကာ ထားထား ဘေးနားတွင် ကုလားထိုင်ဆွဲထိုင်သည်။

ဦးစောဟန်မှာ ဝေ့ရှေ့တွင် ဝေ့ကျန်းမာရေး အခြေအနေကို မပြောချင်၊ မဝေဖန်ချင်သကဲ့သို့ အခြားစကားများ ဟိုရောက် သည်ရောက်နှင့် လှည့်ကာပတ်ကာ ပြောဆို စားသောက်နေပြီးလျှင် နေရာမှ ထကာ 

“ကဲ...ထားထား၊ အလုပ်သွားဦးမယ်။ စကားပြောနေကြဦးနော်မနက်စာ ဒီမှာစားပါဝေက ၁၂ နာရီ စားပြီးရင် တရေးအိပ်ရလို့ ၁၂ နာရီ စားကြမယ်နော်”

ဟု ဆိုလျက် အပြင်သို့ ထွက်သွားသည်။

ဝေသည် နေရာမှ ထ လိုက်သွားကာ ဦးစောဟန်ကို အိမ်ဝအထိ လိုက်ပို့လေသည်။ ထားထားမှာ အပြင်ဘက်မှ အလုပ်တိုက် မသွားခင် ဆေးသောက်ရန်၊ အညောင်းမထိုင်ရန် မှာကြား ပြောဆိုနေသံကို နားစွင့်နေစဉ်၊ မယ်အေးသည် ထားထားနားသို့ ရောက်လာကာ “အစ်မ အလည်လာတာလား” ဟု လာမေးသည်။

“အေး အေး ခဏလာတာ၊ နင်က ဝလို့၊ ဝေကတော့ ပိန်လိုက်တာဟယ် ...”

“ပိန်ဆို အစ်မရယ်၊ မမ စားချင်တာမှ မစားရဘဲ၊ ငတ်နေတော့ပိန်တာပေါ့”

မယ်အေးမှာ သူထင်ရာ သူပြောနေ၏။ ဝေ ကြားသွားမှာ စိုးရိမ်ဟန်ဖြင့် နောက်သို့ လှည့်ကြည့်ပြီးမှ တိုးတိုး လှမ်းပြောသည်။ ဝေသည် အတွင်းသို့ ပြန်ရောက်လာသည်။ မယ်အေးမှာ မျက်နှာပိုး သတ်လိုက်ကာ ထားထားအား ပြုံးကြည့်နေလေသည်။

“မယ်အေးတို့တော့ ဝပါအေ”

ဟု ထားထားက ဆိုလိုက်ရာ၊ ဝေသည် မယ်အေးအား တချက် ပြုံးကြည့်လျက် 

“ကဲ... မမထား လာ၊ အပေါ်မှာ အခန်းထဲသွားပြီး အေးအေးဆေးဆေး စကားပြောကြရအောင်၊တော်တော် ကြာမှ ရေချိုးတာပေါ့နော်”

ဟု ဆိုကာ ထားထားကို အပေါ်ထပ်သို့ ခေါ်တင်လာသည်။

ထားထားမှာ ဝေ လက်ထပ်ပြီးမှ သည်အိမ်ပေါ်သို့ ပထမဆုံး တက်ခဲ့ခြင်းဖြစ်ရာ၊ ဟို ဒီ ကြည့်လျက် ဝေ့နောက်မှ လိုက်လာသည်။

အပြင်ခန်း၌ ရှင်းနေကာ ဘုရားစင်သာလျှင် ရှိသည်။ ကော်ဇောကြီး တချပ်မှာ အပြင်ခန်း၌ ခင်းထားလျက် ပက်လက်ကုလားထိုင်တလုံးသာ တွေ့ရသည်။ အပြင်တဆောင်လုံးရှိ ကြမ်းခင်းမှာ ပြောင်လက် သန့်ရှင်း နေ၏။

အတွင်းတွင် အိပ်ခန်းနှစ်ခန်း ရှိသည်။ ဝေသည် ခြေရင်းခန်းကလိုက်ကာကို ဖယ်လျက် “လာ မမ” ဟု လှည့်ခေါ်လိုက်သည်။ ထားထားမှာ အခန်းဝတွင် ရပ်ကာ အထဲသို့ မဝင်ဘဲ မျက်နှာ ပျက်သွားလေ၏။ ဝေသည် အခန်းတွင်းသို့ ဝင်သွားသည်။

“နင်က ဒီမှာ အိပ်သလား”

အခန်းထဲ၌ တယောက်အိပ် ခုတင်တလုံးနှင့် စားပွဲတလုံး၊ မှန်တင်ခုံနှင့် သေတ္တာများတွေ့ ရသည်။ ထားထားသည် ကျောနောက်ရှိ ခေါင်းရင်းခန်းမှ လိုက်ကာကို သွားဖယ်လိုက်ကာ အတွင်းသို့ ခေါင်းဝင် ကြည့်လိုက်ရာ၊ အခန်းထဲတွင် ဝေ လက်ထပ်တုန်းက ဝယ်သည့်နှစ်ယောက်အိပ် ခုတင်ကြီးနှင့် မှန်တင်ခုံတခု၊ အဝတ်ဗီရို စသည့် အိမ်ထောင်ပစ္စည်းများ ခန်းလုံးပြည့် သပ်ရပ်ခမ်းနားစွာ တွေ့မြင်ရသည်။

ထားထားသည် ခန်းဆီးကို လွှတ်လိုက်ကာ စိတ်မချမ်းမြေ့သော မျက်နှာကို မဖော်ပြဘဲ ခြေရင်းခန်းထဲ ဝင်လာခဲ့သည်။ ခုတင်ပေါ်၌ ဝေ ထိုင်နေလေသည်။ ဝေ၏ မျက်နှာလေးမှာ အေးချမ်း ငြိမ်သက်လျက် သိမ်မွေ့ နေ၏။ ဖြူစင် နူးညံ့နေလေသည်။

“ဝေ နေမကောင်းတော့ ဝေ ဒီဘက်ခန်းမှာ လာအိပ်တယ်၊ ဒီအခန်း က ဧည့်သည်ပါလာရင် သိပ်ဖို့ အခန်း၊ ဝေ ဒီဘက် ပြောင်းပြီး မယ်အေးနဲ့ အိပ်ကြတယ်”

ထားထားသည် ဝေ့ကိုမကြည့်ဘဲ မျက်နှာကို လွှဲထားကာ ခုတင်နားမှ ပက်လက်ကုလားထိုင်၌ လှဲထိုင်လိုက်သည်။ နံနက်က လက်ဖက်ရည် စားပွဲတွင် ဝေ စားသောက်သော ပန်းကန်များမှာ ဦးစောဟန်နှင့် မိမိတို့သောက်သော ရွှေရေးပန်းနား ပန်းကန်ပုံစံမျိုး မဟုတ်ဘဲ၊ ဆေးရုံများတွင် သုံးလေ့သုံးထ ရှိသော ခပ်ထူထူ ဗြောင်အဖြူပန်းကန်လုံး၊ ပန်းကန်ပြားများဖြစ်၍ စိတ်ထဲ တမျိုးတမည်ကြီး ဖြစ်သွားခဲ့သည်။ ယခုလည်း ဝေ့ဟာ ဝေ တခန်းခွဲနေခြင်းကို မြင်ရပြန်ရာ စိတ်ထိခိုက်လာလေ၏။ ထားထားသည် မမေးဘဲ မနေနိုင်တော့၍ မေးကြည့်သည်။

“ပန်းကန်တွေ ဘာတွေ ခွဲစားနေတာလားဟယ်”

ဝေသည် ပြုံးလိုက်လေသည်။ ထားထားကို အပြုံးဖြင့်ပင် စိုက်ကြည့်လျက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မျက်နှာလေးမှာ နဂို ပကတိ နူးညံ့စွာ အေးစက်စက်ဖြင့်ပင်...

“ဝေ စားတဲ့ ပန်းကန်တွေ စားပြီးရင် ရေနွေးနဲ့ပြုတ်တော့ တမင်ပဲ ပန်းကန်ထူထူကြီးတွေ သုံးရတယ်။ ပန်းကန်က ပါးတော့ ကွဲသွားမှာစိုးလို့”

ထားထားမှာ စိတ်ကို အတော်ထိန်းလျက် မတုန်မလှုပ် နားထောင် နေရသည်။ ဝေက အနည်းငယ်မျှ အမူအရာ မပျက်သဖြင့် ကိုယ်က အမူအရာ ပျက်လို့လည်းမဖြစ်။ မပျက်သော အမူအရာဆည်ထားရာက ချော်လဲ ရောထိုင်ပင် လိုက်ပြောရတော့သည်။

“ကောင်းတယ်၊ ပိုးမွှားသေတာပေါ့ဟာ။ ဒါမှ သန့်ရှင်းတယ်” 

ထားထား၏ ရင်မှာ နာလာသည်။ ရောဂါ မကူးစက်အောင် ကာကွယ်ခြင်း မှန်ကန်သော်လည်း တအိမ်တည်း ခွဲခြားနေရသော ဝေ့အဖြစ်၊ ဝေ့ဘဝကို အသည်းနာသွားမိသည့် ထားထားမှာ ပြုံးလိုက်ကာ ဟန်အမူ အရာကောင်းကောင်းဖြင့် 

“ဆရာဝန်က ပြုတ်ခိုင်းတာလား”

ဟု ခပ်ပေါ့ပေါ့ပင် ဆက်ပြောသည်။

“မဟုတ်ပါဘူး၊ ဝေ့ဟာ ဝေလုပ်တာ၊ ကိုကတောင် မလုပ်ဖို့ ပြောသေးတယ် ဒါပေမယ့် ဝေ့ စိတ်ထဲမှာ လုပ်ချင်တာနဲ့ လုပ်လိုက်တာပဲ၊ ဒီလိုလုပ်တာ ကောင်းတယ် မဟုတ်လား”

သူကပင် ပြန်မေးနေ၍ ထားထားမှာ လိုက်လိုက်လျောလျောဖြင့် “ကောင်းတာပေါ့” ဟု ထပ်ပြောရသည်

“ခွဲအိပ်တာလည်းလေ ဝေပဲ ခွဲအိပ်တာပဲ၊ ကိုယ့်ရောဂါကြီးနဲ့ ဘယ်သူနဲ့မှ မအိပ်ချင်ပါဘူး၊ အားနာပါတယ်။ ရောဂါမပျောက်ခင် ကိုယ့်ဟာကိုယ် တယောက်တည်း အိပ်ဖို့ကောင်းတာနဲ့ ဒီအခန်းထဲ လာအိပ်တာ”

ဝေသည် ပြောပြီး လုံးလုံးလျားလျားပင် ချိုမြိန်စွာ ပြုံးပြလေသည်။ ထားထားမှာ တစ်ဆို့ဆို့ကြီး ဖြစ်သွား၏။ ဝေ့အပြုံးတွင် အသည်းနာတာလည်းမရှိ၊ စိတ်မကောင်းဖြစ်တာလည်းမရှိ။ စိတ်နှလုံးကောင်းသည့် သူကလေးတယောက်၏ အပြုံးဆိုမှ အပြုံးသက်သက်ပင်... ။

ထားထားမှာ ကြိုးစားပြီး ပြုံးနားထောင်နေသည်။ စိတ်ထဲ၌မူ ဝေ့ကို အကဲခတ် ဝေဖန်လျက်ပင်။ စစ်ကိုင်းက ပြန်သွားမှ ယခု တွေ့ရသောဝေ၏ အထူးမြတ်ဆုံး ဖြစ်နေသည့် ငြိမ်သက်ခြင်းကို လေ့လာကြည့်သည်။ ခန္ဓာကိုယ်က ဘဝကို အရှုံးချည်း ပေးရလွန်း၍ ဝေ့နှလုံးသားမှာ ခိုင်မာလာပြီး သည်လောက် ချုပ်တည်းနိုင်စိတ် ရှိတာပဲဟု ကျိတ်ချီးကျူးမိသည်။ ရောဂါကြောင့် ပူပန်ထိတ်လန့်ပုံလည်းမတွေ့ ရ၊ မျက်နှာတပတ်မှ မညှိုးခြင်းကို အံ့ဩမိသည်။

“ဆရာဝန်က ရောဂါအခြေအနေဘယ်လိုထင်မြင်သတဲ့လဲ၊ နင့်စိတ် ထဲမှာကော ဆရာဝန်နဲ့ ကုနေရတာ သက်သာတယ်လို့ ယူဆရဲ့လား၊ ရန်ကုန် လာပြီး ဓာတ်မှန်ရိုက်ရင် ကောင်းမှာပဲဟာ၊ မောင်ကတောင် ဆေးရုံကြီးတက်ဖို့ အကြံပေးပါနဲ့ တဖွဖွ မှာလိုက်တယ်၊ တက်မလား”

ဝေသည် စဉ်စားနေသည်။ စဉ်းစားနေပုံမှာ လေးလေးနက်နက် မဟုတ်လှ။ ဖျတ်ခနဲ စဉ်းစားသည့် အမူအရာသာလျှင် ရှိကာ ခပ်သွက်သွက် ပြန်ပြောသည်။

ဆရာဝန်က ရန်ကုန်ကုလည်း ဒီရောဂါ ဒီဆေးမျိုးပဲ ကုတာပဲ၊ မထူးပါဘူးတဲ့။ ဒီမှာ သူရှိတော့ အချိန်မရွေး၊ နေ့ညမပြတ် လာကြည့်နိုင်တယ်၊ ဂရုစိုက် ကုပေးနိုင်တယ်လို့ပြောတယ်။ အခု သွေးမပါတော့ သက်သာ တယ်လို့ယူဆရမှာပေါ့။ ဆေးရုံတော့ မတက်ချင်ပါဘူး။ ဒီမှာပဲ ကုမယ်လေ”

“ဆရာဝန်တော့ နင်တို့အိမ် လာရလွန်းလို့မြောင်းပေါက်မှာပဲ” 

ဟု ထားထားက ပြောပြီး ရယ်သည်။

“မြောင်းပေါက်နေတာကတော့ မပြောနဲ့တော့ မမထားရယ်၊ ကိုနဲ့ လက်ထပ်ပြီးမှ ဆရာဝန်နဲ့ ဝေနဲ့ဟာ မတွေ့ဘူးဆိုရင် တပတ်လောက်ပဲ ခြားမယ်၊ ခုများတော့ နေ့တိုင်းပဲ။ ထိုးလိုက်ရတဲ့ဆေး၊ ဝေ့တကိုယ်လုံးဟာ အပ်ရာချင်းကို ထပ်နေတာပဲ။ ဝေဖြင့် အပ်ဆိုရင် အဝတ်ချုပ်တဲ့အပ်တောင် မကိုင်ချင်တော့ဘူး”

ဝေသည် ပြောပြီးရယ်လိုက်သည်။ ထားထားမှာတော့ ဝေ့အား သနားသွားသော မျက်လုံးဖြင့် မျက်တောင်ကလေး စင်းကြည့်နေ၏။ ဝေက ရယ်ပြီး တဖန် ဣန္ဒြေလေး ဆည်လိုက်ကာ 

“ဖေဖေပြောတာ သွားအမှတ်ရတယ် မမထားရယ်”

ဟု ပြောပြီး ဖြတ်ထား၏။ ထားထားက

“ဘာပြောတာလဲ”

ဟု ထောက်မေးလိုက်သည်။

“ဒီရောဂါဟာ သူဌေးနာတဲ့၊ ပိုက်ဆံကို တင်းနဲ့ချင်ကုမှလို့ ပြောသွား ဖူးတယ်။ ပိုက်ဆံတော့ သိပ်ကုန်တာပဲ မမထားရယ်”

“ဪ... ကုန်တာပေါ့ဟ၊ ကုန်မှလည်း ပျောက်မှာ။ အမောအပန်း ...ဘယ်လိုနေသလဲ၊ မောသလား”

“မောချင်လည်း မောတာပဲ၊ မမောချင်လည်းမမောဘူး၊ အမှန်ပါဘူး။ ဝေတော့ တနေ့တနေ့ ဘယ်လိုဖြစ်သလဲဆိုတာ မှတ်မထားဘူး။ ဖြစ်လည်း ဖြစ်တဲ့အတိုင်းပဲ၊ မဖြစ်လည်း မဖြစ်တဲ့အတိုင်းပဲ”

“နင်ကသာ မမောပါဘူး ဆိုတယ်။ နင့်အသံကလေးက မောသံလေးလိုပဲ လာပါဟာ၊ နင်က ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ပါ ငါကခုတင်ပေါ်မှာ ထိုင်ပါ့မယ်”

“ဒီကုလားထိုင်ပေါ်မှာ မထိုင်ချင်ပါဘူး မမထားရယ်၊ လူမမာနဲ့ သိပ်တူတာပဲ၊ ထိုင်ပါ... မမထား ထိုင်ပါ...”

ထားထားသည် ဝေ့မျက်နှာကို စိုက်ကြည့်ကာ မျက်မှောင် ကြုတ်လျက် “ဘယ့်နှယ်ဟာ သက်သက်သာသာဖြစ်အောင် ထိုင်တာပဲ၊ လူမမာနဲ့ တူရဦးမလား” ဟု ပြောလိုက်၏။

ဝေသည် အသံထွက်အောင် ရယ်လိုက်လေသည်။ ထို့နောက် စကားပြောရန် လုပ်ပြီးမှ ထပ်၍ ရယ်နေပြန်သည်။ ထားထားမှာ မျက်မှောင် ကုတ်ကုတ်ဖြင့် ဝေ့အား မျက်တောင်မခတ် ကြည့်နေသည်။

“ပက်လက်ကုလားထိုင်ပေါ်များ ဝေ ထိုင်နေမှဖြင့်ရင် သူရော မယ်အေးရောပဲ၊ မောသလား၊ နေမကောင်းဘူးလားနဲ့ လာမေးကြပါပြီ။ ဒီပြင် ကုလားထိုင်မှာထိုင်နေရင် မမေးဘူး။ ဒီကုလားထိုင်ဆိုရင် မေးတတ်လို့ ဒီကုလားထိုင်ပေါ် လှဲနေတဲ့ဝေဟာ လူမမာကြီးနဲ့များ တူနေသလားလို့” 

ထားထားမှာ သက်ပြင်းချလျက် ပန်းလျသွားလေကာ မပြောချင်ပြောချင်ဖြင့် ပြောရသည်။ 

“လူမမာနဲ့ တူကော ဘာဖြစ်ရမတုန်းဟ၊ သက်သက်သာသာ နေမှပေါ့”

ဝေသည် တခွန်းမှ မတုံ့ပြန်ဘဲ ထားထားအား ကြည့်နေ၏။ ဝေ့မျက်နှာမှာ တခုခု ပြောလိုမှန်း ပေါ်လျက် အပြောရ ခက်နေဟန်ပင်။ ဝေသည် ဘာမှမပြောတော့ဘဲ ခုတင်ပေါ်မှ ထလိုက်ကာ

“ကဲ.. မမထား၊ လန်းသွားအောင် ရေဆင်းချိုးလိုက်ပါဦး”

ဟု ပြောပြီး မယ်အေး တက်လာရန် လှမ်းခေါ်လိုက်သည်။

ထားထားမှာ မယ်အေးနှင့်အတူ အောက်သို့ ဆင်းလျက် ရေချိုးသည်။ ရေချိုးခဲ့ပြီး မယ်အေးအား တဖက်အိမ်၌ သေတ္တာထဲတွင် အင်္ကျီ လုံချည် ယူခိုင်းလိုက်ပြီး အပေါ် ပြန်တက်ခဲ့ရာ၊ အခန်းထဲ၌ ဝေ့ကို သနပ်ခါးသွေးနေတာတွေ့၍ 

“မသွေးပါနဲ့ဟာ၊ နေပါစေ”

ဟု လှမ်းပြောလိုက်သည်။ 

“မမထား မျက်နှာလေး လူးဖို့ ဝေ သွေးပေးတာပါ၊ ကိုယ် လူးဖို့တော့ ရှိသားပဲ”

အားနည်းပိန်ချုံးပြီး နေမကောင်းဖြစ်နေလျက် ထားထားမျက်နှာ လူးရန် မယ်အေးကို မခိုင်းဘဲ၊ သူ့ဆီလာခိုက် သူကိုယ်တိုင် သနပ်ခါးသွေးပေး ရမှသာ ကျေနပ်လေ၏။ သည်လို ရောဂါမျိုးမှာ အပင်ပန်းခံဖို့ မသင့် အိပ်ရာပေါ်သာ လှဲနေသင့်သဖြင့် လှုပ်လှုပ်ရှားရှားသွားလာနေသည်ကို ထားထားမှာ မကြိုက်ချေ။ ထားထား ဖြီးလိမ်းပြီး ဝေမှာ အောက်သို့ ရေဆင်းချိုးသည်။ ထားထားသည် ဝေ မျက်နှာလူးရန် သနပ်ခါးကို သူက ပြန်သွေးထားလိုက်သည်။

ဝေသည် “မမထားကလည်း ဘာလုပ်သွေးရသလဲ” ဟု နှုတ်ခမ်း စူရောင်ရောင်ဖြင့် ချစ်စဖွယ်ပြောကာ၊ သနပ်ခါး ယူလူးရင်း စကားတတွတ်တွတ် ပြောနေသည်။

အကြောင်းအရာများမှာ စုံနေလေသည်။ မိခင်၏ ဘဝကို ဒုက္ခကင်း ငြိမ်းကြောင်း၊ မိခင်ကျင့်သော တရားသာလျှင် သုခအစစ်အမှန်ဖြစ်ကြောင်း သတိတရားရရှိမိပုံအတိုင်း ပြောနေလေ၏။ မြို့ထဲရပ်ထဲက အသိမိတ်ဆွေများ သတင်းကို သန်းသန်းထံမှ သိသမျှ ကြားသမျှ တဆင့် ဖောက်သည် ချသည်။ ထားထားမှာ ဝေ၏ နံရိုးပြိုင်းပြိုင်းထနေသော ခန္ဓာကိုယ်လေးကို စိတ်မသက်မသာဖြင့် မျက်နှာလွှဲကာ မကြည့်မိအောင် ရှောင်တိမ်းနေရသည်။ ဝေသည် ထားထားအတွက် စိတ်ပူနေသည်။ ရခိုင်ပြည်နယ်သွားလျှင် အစားအသောက် ဆင်းရဲမှာကို တွေးတောပူပန်ကာ ငါးပိငါးခြောက်သယ်သွားရန်တဖွဖွ မှာနေသည်။ 

“လူမမာလည်း စကားပြောလိုက်တာဟယ်၊ နားပါဦးတော့” ဟု ငေါက်လိုက်ရသည်။ ဝေ့မှာ စကားပြောလို့မဝနိုင်။ ကိုက စကားများများ မပြောရန် တားမြစ်ထား၍ ကို့နောက်ကွယ်တွင် အတိုးချပြီး ပြောနေလေ၏။

ထားထားမှာ ဦးစောဟန် ပြန်လာပြီး နံနက်စာစားကြပြီးမှ သည်ဘက်အိမ်သို့ ပြန်ကူးလာခဲ့သည်။ ညနေဘက် တဖန် ကူးသွားပြန်ကာ ညစာစားပြီးမှ ပြန်ကူးလာခဲ့သည်။

ဝေ စားပုံ သောက်ပုံများကိုလည်း မျက်စိထဲ မြင်နေလေသည်။ ဝေ နေပုံထိုင်ပုံများကို မျက်စိထဲ မြင်နေလေသည်။ စားပွဲခုံ အစွန်းတွင် သူ့ပန်းကန်၊ သူ့ဇွန်းနှင့် သူ့အစားအစာက သတ်သတ်၊ ဆေးသောက်ခြင်း လည်း ခဏခဏ၊ ဒါတွေကို ဝေကမမှု။ ဦးစောဟန်၏ ဇယားအတိုင်း နံနက်တမျိုး ညနေတမျိုး ဝတ်စားဖြီးလိမ်းခြင်း မပျက်၊ ညည်းညူ ခြင်းမရှိဘဲ စိတ်လက်ရှည်ရှည် ကြံ့ကြံ့ခံနိုင်နေသည်။

ဦးစောဟန်၏ ယုယဂရုစိုက်ခြင်းမှာ ကမ်းကုန်နေသဖြင့် ထားထား မှာ ဘေးကနေ စိတ်အိုက်အိုက်ဖြင့် ပင့်သက်ချမိသည်။ “သက်ဆိုးရှည်မှာ မဟုတ်ဘူး သန်းသန်းရယ်” ဟုဆိုကာ မျက်ရည်များ စီးကျလာလျက် ထိုနေ့ည တညလုံး မအိပ်နိုင်တော့ချေ။ ဝေ့အတွက်အားမရသဖြင့် တွေးလိုက်တိုင်း ရင်ထဲတွင် ကျပ်သိပ်ပြီး အသက်ရှူရ ကျပ်လာလေသည်။

နောက်တနေ့ ဝေ့မှာ မလန်းလှဘဲ ချောင်းဆိုးနေရာ ဦးစောဟန်က “ဝေ မနေ့က စကားသိပ်ပြောတယ်ထင်တယ်၊ ဝေ့ရောဂါက စကားသိပ် ပြောဖို့ မကောင်းဘူး ထားထားရဲ့၊ ချောင်းဆိုးလာတယ်” ဟု ပြောပြီးမှ အလုပ်ထွက်သွားလေသည်။

ထားထားသည် ဝေ့ကို စကားမပြောရန် တားရသည်။ ဝေ စိတ်ပြေ လက်ပျောက်ဖြစ်စေရန် ဟိုအကြောင်းပြော၊ သည်အကြောင်းပြောနှင့် အချိန်ကုန်စေလျက်၊ ဝေဒနာအတွက် အားမငယ်ရန်လည်း သွယ်ဝိုက်ကာ အားပေးစကား ပြောနေသည်။ ဝေ့ကို ခုတင်ပေါ်တွင် လှဲခိုင်းကာ သူလည်း ဘေးက ကပ်လှဲလျက် အိပ်ပြီး စကားပြောကြသည်။

ညနေဘက် သင်္ဘောဆိပ်သို့ မဆင်းခင် ဝေ့မျက်နှာလေးမှာ မသိမသာ ညှိုးနေလျက်၊ ဦးစောဟန်နှင့် ထားထားတို့ စကားကောင်းနေကြခိုက် ဘေး၌ထိုင်ကာ တချက်တချက် ငိုင်နေလေ၏။

“ဟေး ချာတိတ်... ဆေးသောက်ပြီးပြီလား” ဟု ဦးစောဟန်က လှမ်းပြောလိုက်လျှင် ချက်ချင်းပြုံးကာ ခေါင်းကို ညိတ်ပြလေသည်။ ထားထား သည် မမှောင်ခင် ထ ပြန်လာခဲ့သည်။ ဝေနှင့်မျက်နှာချင်းဆိုင်ကာ “ငါ သွားမယ်နော်” ဟု နှုတ်ဆက်လိုက်ရာ၊ ဝေသည် ပြုံးလိုက်ကာ ခေါင်းညိတ်ပြီး ထားထား၏ မျက်နှာကို ဝဝကြီး စိုက်ကြည့်နေလေ၏။

“ဆင်းလိုက် တက်လိုက် လှုပ်လှုပ်ရှားရှား မနေနဲ့၊ အိပ်ရာထဲမှာငြိမ်ငြိမ်လေး လှဲပြီး အနားယူနေပါ” 

ဝေ့မှာ ထားထား မှာကြားနေခြင်းကို ခေါင်းညိတ်ဖော်လေးပင် မရဘဲ ထားထား၏ မျက်နှာကို ပြုံးယောင်ယောင် မျက်နှာလေးဖြင့် ဝဝကြီးသာ စိုက်ကြည့်နေမိလေ၏။

---

အခန်း (၂၀) ဆက်ရန်

#မုန်း၍မဟူ
#ဂျာနယ်ကျော်မမလေး

#shared_by_louis_augustine
#sbla

Comments