မုန်း၍မဟူ (အခန်း ၂၁ ဇာတ်သိမ်းပိုင်း) // ဂျာနယ်ကျော်မမလေး
မုန်း၍မဟူ (အခန်း ၂၁ ဇာတ်သိမ်းပိုင်း) // ဂျာနယ်ကျော်မမလေး
---
(၂၁)
ဝေသည် မှန်ရှေ့တွင် ထိုင်လျက် မှန်ရိပ်ထဲမှ သူ့ရုပ်ပုံလွှာကို တစိမ့်စိမ့် ကြည့်မိလေသည်။ အသားရောင်မှာ ဖျော့တော့ကာ ဝါလဲ့လဲ့ ဖြစ်နေ၏။ ယခင်က ပြည့်ဖောင်းနေသော ပါးမှာ ချိုင့်ခွက်ကာ သွယ်ကျနေလေသည်။ နှုတ်ခမ်းမှာ ဖြူလွန်းသည်။
မျက်နှာမှ ကိုယ်ကို လှမ်းကြည့်လိုက်သည်။ လက်မောင်းတို့သည် ကြုံလှီသေးကွေးကာ အသားလုံးလုံး မရှိပေ။ လက်မောင်းလုံးကလေးကို ဆုပ်ကြည့်လိုက်ရာ လက်မနှင့်လက်ညှိုးအကွေးထဲတွင် ချောင်ချောင်ကလေး ဖြစ်နေသည်။ လက်ဖဝါးများမှာ ဖြူနေကာ အကြောစိမ်းတို့ကို မြင်ရ၏။
အခန်းထဲသို့ “ကို” ဝင်လာမည်ကို စိတ်မချသလို တံခါးဘက်ကို လှည့်ကြည့်ပြီးမှ ထဘီရင်ရှားကို ဖြုတ်ကာ၊ ကရမက်ခွက်ထဲက ကရမက် ရည်ဖြင့် ရင်ကို သပ်လူးနေသည်။ မှန်ထဲတွင် ကိုယ်တွင်းမှ ပြိုင်းပြိုင်းထလျက် ငေါနေသော နံရိုးချောင်းများနှင့် နံရိုးပြိုင်းပြိုင်းကို ဖော်လှပ်လျက် အမှတ်တမဲ့ ကြည့်လိုက်သည်။
ငေါထွက်နေသော နံရိုးတို့ပေါ်တွင် အရေပြားကလေးသာလျှင်ဖုံးကပ်နေကာ၊ နံရိုးများကြားတွင် ချိုင့်ဝင် ဟောက်နက်လျက် ရှိသည်။ ဝေသည် ပုံထဲတွင် တွေ့ ဖူးသော ကမ္မဌာန်း ရုပ်ကောင်ကြီး၏ ကိုယ်ခန္ဓာ အရိုးစုကြီးကို ရှုနေရသလို စိတ်ဝယ် မှတ်ထင်မိကာ စိုက်၍ ကြည့်နေမိ၏။
မယ်အေးမှာ ကျောနောက်၌နေလျက် ကျောကိုလူးလိမ်းပေးနေရာမှ မှန်ထဲက မြင်ကွင်းကို ရဲရဲ မကြည့်ရဲပေ။ မကြည့်ဘဲလည်း မနေနိုင်၍ တချက် ကြည့်လိုက်သည်။ အရိုးများပေါ်ကာ၊ အချောင်းလိုက် အကြောင်းကြောင်း ထင်နေသော ရင်အုံတခုလုံးသည် မယ်အေး မျက်စိထဲတွင် ရှုပ်ယှက်ခတ်သွားလေ၏။ ဝေ၏ ခန္ဓာကိုယ် အတွင်းကို မယ်အေး တယောက်သာ စေ့စေ့စပ်စပ် မြင်ဖူးသည်။
ဝေသည် ထဘီကို ပြင်၍ အသာ ရင်ရှားလိုက်သည်။ မယ်အေး ဘက်သို့ ကိုယ်ကိုလှည့်ပေးလိုက်ကာ ထဘီကို ဒူးဆစ်အထိ ဆွဲတင်လိုက်၏။ မယ်အေးသည် ခွက်ထဲမှ သနပ်ခါးနှင့် ခြေသလုံးကို ညင်သာစွာ ပွတ်လူး ပေးသည်။
ကြွက်သားမရှိသော ခြေသလုံးမှာ အသားကုန်၍ အရိုးချည်း ကျန်သော ဘဲခြေထောက်ရိုး၊ ကြက်ခြေထောက်ရိုးကဲ့သို့ အရိုးချောင်းလိုက် ကိုင်မိကာ အငွေ့တစက်မှ မရှိချေ။
မယ်အေးမှာ ရှားရှားပါးပါး အသားရှာမရသော ခြေသလုံးကလေးကို ဆွဲသပ်လျက် လူးနေရင်း
“အကြီးက နံ့သာဖြူတုံး ဈေးထဲက ဝယ်လာမယ် ပြောတယ်၊ ကျွန်မ ပြီးတော့ သွားယူမယ်နော်၊ မမ ဘာမှာဦးမလဲ”
ဟု မေးကြည့်သည်။
“အစ်ကိုကြီးကို ရေဒီယို ခိုးမဖွင့်နဲ့လို့ ပြောလိုက်”
ဝေ့မှာ ကိုနေဦး ပြန်ရောက်လာသည်ကိုသာ သိရကာ မတွေ့ရချေ။ ကိုနေဦးမှာ ဗမာ့တပ်မတော်နှင့် အထက်သို့ ပါသွားကာ၊ ဒေါက်တာဘမော်အစိုးရ မဖွဲ့မီကလေးပင် ပြန်ရောက်လာသည်။ ယခင်က ဂျပန်လာလျှင် လွတ်လပ်ရေးရမည်ဟူသော စွဲမြဲယုံကြည်ချက်သည် လွဲမှားသောယုံကြည်ချက်ဟု သိမြင်လာသည်။ တိုးတက် တက်ကြွခဲ့သော နိုင်ငံရေး စိတ်ဓာတ်များမှာ ပျက်ပြားဆုတ်လျော့ သွားလေသည်။ ဂျပန်၏ ညှဉ်းပန်းဖိနှိပ်မှုကို ကိုယ်တွေ့ မျက်မြင် ကြုံခဲ့ရ၍ ဂျပန်ကို မုန်းတီးလာခဲ့၏။ “ဂျပန်ကို မောင်းထုတ်ရမည်” ဟု တပ်မတော်အတွင်း၌ ကြားခဲ့ရသော တီးတိုးသံကို အချင်းချင်း တဆင့် ပြန်လက်တို့လျက် “ဂျပန်ကို ပြန်ချမှ” ဟု တီးတိုး ပြောနေလေ၏။
ကိုနေဦး ဂျပန်ကို ဆန့်ကျင်နေကြောင်း ဒေါ်သက် ပြောသွား၍ ဝေ့မှာ နိုင်ငံရေး မလုပ်ဘဲ အေးအေးနေရန် လူကြုံတိုင်း သတိပေး မှာကြား နေရ၏။
ဝေသည် လေသံကလေးနှင့် ပြောလိုက်သည်။ လေသံကလေးနှင့် ပြောရသည်ပင် မောသည်ထင်၍ သူ့အသံကို သူခြိုးခြံသကဲ့သို့ လက်တို့ ခြေတို့ဖြင့် အရိပ်ပြလိုက်သည်သာ များသည်။ “ကို့”တယောက်သာလျှင် အပင်ပန်းခံလျက် အသံထွက်ပြီး စကားပြောသည်။
“မမဖို့ ဒီညစာ ကြက်ဝယ်မရခဲ့ဘူးတဲ့၊ အဲဒါ ကိုမြက သေတ္တာထဲက အသာဘူး ဖောက်ပြုတ်ရမလားတဲ့”
ဝေသည် ပြီးစလွယ်ပင် ခေါင်းညိတ်ပြလိုက်သည်။ ကြက်ပြုတ်ရည် နှင့် လူလုပ်နေသော ဘဝတွင် ငြီးငွေ့လွန်လွန်း၍၊ ကြက်သံကြားလျှင် ရင်ထဲက ထိတ်လန့်တတ်သည်။ ထမင်းပွဲတွင် နှုတ်ခမ်းပေါ်သို့ ကျလာသော စွပ်ပြုတ်အရည်အစက်များကို လျှာဖြင့် မနည်းသိမ်းရသည်။
ဝေသည် မှန်ဘက်သို့ လှည့်လိုက်ကာ သွားပွတ်တံဖြင့် မျက်ခုံးကို ပွတ်ခြစ်ပြီးနောက်၊ တအောင့်ရပ်နားကာ အသက်ကိုမှန်မှန်ရှူလျက် အမော ဖြေနေလေသည်။ ပြီးမှ လုပ်ရိုးလုပ်စဉ်အတိုင်းပင် လက်ခုပ်ထဲမှ ကိုယ်လူး ပေါင်ဒါမှုန့်များဖြင့် ကိုယ်တွင်းသို့လောင်းလျက် ပွတ်လူးလိုက်ရာ၊ မွှေးကြိုင်သော ရနံ့ဖြင့် အမောပြေရာ ရလေသည်။
ဝေသည် စိတ်ရှိသလောက် လူက မလိုက်နိုင်ဘဲ ဖြည်းဖြည်းသာသာ လှုပ်ရှားသည်ပင် မောလာလေသည်။ မောလာ၍ နားနားနေနေ အဝတ်လဲရသည်။
ဝေ ဝတ်သည့် အဝတ်များမှာ အအေးမိမည်ကို စိုးရိမ်ခြင်းမျိုးဖြင့် သူတပါး မြင်ကောင်းအောင် တထပ်ပြီးတထပ် ဖုံးဝတ်ထားသည်။ ဆွယ်တာနှင့် ကုတ်အင်္ကျီဝတ်မှ စိတ်ထဲ လုံခြုံသွားလေသည်။ ပူအိုက်သည့် ရာသီများတွင် အတွင်း၌ ပိတ်လက်ရှည်အင်္ကျီကို အထပ်ထပ်ဝတ်ကာ၊ အပေါ်က ပဒုမ္မာအင်္ကျီပွပွ ရွေးဝတ်၏။ လုံချည်ဝတ်ရာ၌လည်း အသားနှင့် ကပ်နေသည့် ပါးပါးချောချော ထဘီများကို မဝတ်တော့ပေ။
ဝေ့ ခန္ဓာကိုယ်လုံးကလေးမှာ နွေဦးတွင် ရော်ရွက်များ ကြွေကျလျက် အရိုးပြိုင်းပြိုင်း ကျဲနေသည့် နွေဦးသစ်ပင်နှင့် တူနေတော့သည်။ တနေ့ထက်တနေ့ ချုံးကျပိန်လှီလာသည့် ခန္ဓာကိုယ်အား နေ့စဉ်မှန်မှန် ပြုပြင်မွမ်းမံ ခြယ်သလျက် ကြည့်ပျော်ရှုပျော် ဖြစ်နိုင်သမျှ ဖြစ်အောင် ဂရုစိုက်နေနေရ၏။ ပိန်ချပ်ကြုံလှီလာသည့် အဆုံးတွင် သေမှာကိုသိလျက်နှင့် လည်း သူ့တွင် သံဝေဂတရားဟူ၍ မရှိတော့ပေ။ “ကို” စိတ်ချမ်းသာအောင် ဆိုသည့် အသိသာ တခုတည်း ရှိတော့သည်။
မယ်အေးသည် ဝေ့နားတွင်တချိန်လုံးရပ်စောင့်ကာ ကူညီလုပ်ကိုင် ပေးနေသည်။ အင်္ကျီကိုလက်လျှိုရန် အဆင်သင့်ဖြစ်အောင် လုပ်ပေးလိုက်လျှင်၊ ဝေသည် သူ့လက်ကလေးကို သူ မသယ်နိုင်သကဲ့သို့ အားယူလျက် မြှောက်လျှိုသွင်းလိုက်ပုံမှာ၊ အရိုးစုကြီး လေးလံစွာ ထောင်လာသကဲ့သို့ တွေ့ရ၍ မယ်အေးမှာ အသက်ရှူပင် မှားသွားလေ၏။ အဝတ်လဲနေခိုက် မောနေသည့် လက္ခဏာမှာ မသက်သာ၍ မယ်အေးရင်ထဲတွင် ဒိတ်ဒိတ် ဒိတ်ဒိတ် ဖြစ်နေလေ၏။
ဝေသည် ဝတ်စားဖြီးလိမ်းပြီး အမောဖြေနေရင်း လက်က နာရီကိုကြည့်လိုက်ရာ လေးနာရီ ထိုးနေသဖြင့် ဆရာဝန်လာချိန် နီးနေပြီ။ အားတင်းလျက် နေရာမှ ထလိုက်ကာ အခန်းထဲမှ ချည့်နဲ့နဲ့နှင့် တဖြည်းဖြည်း နားနားပြီး လှမ်းထွက်လာလျက်၊ လှေကားတွင် အားမကုန်အောင် တထစ် တကြိမ်လောက်နားပြီး ဆင်းလာခဲ့သည်။
ဝေသည် အားထုတ်လျက် ပုံပန်းမပျက် ဦးစောဟန်နားသို့ လျှောက် သွားလေသည်။ ဦးစောဟန်မှာ လက်ထဲက စာအုပ်ကို ချလိုက်ကာ၊ ဆိုဖာမှ ထ၍ ဝေ့လက်ကလေးကို ဆွဲယူပြီး ဆိုဖာကုလားထိုင်ပေါ်သို့ ပို့လိုက်သည်။
“ဝေရေ ... ဒီညနေ အဖျားဝင်ပုံမရဘူး။ “ကို့”မျက်စိထဲမှာ လန်းသလိုပဲ၊ ရေပတ်တိုက်ခဲ့သလား”
ဝေ၏ အသည်းနှလုံးသည် လျင်မြန်စွာ ခုန်နေသဖြင့် စကားမဖြေနိုင်။ အပြုံးဖြင့် ခေါင်းညိတ်ရသည်။ ဦးစောဟန်သည် ဝေ၏ လှပသော ကြက်သွေးရောင်ခံ ပွင့်ရိုက် အနွယ်အခက် ဖြူဖြူကလေးတွေကို ကြည့်လျက်
“ဝေ့လုံချည်ကလေးက ဝေနဲ့ သိပ်လိုက်တာပဲကွယ့်”
ဟု ပြောလိုက်သည်။ ပြောနေကျ ပြောရိုး ထုံးစံအတိုင်းပင် ဝေ့ကိုယ်မှ အဝတ်အစားများကိုရှာကြံပြီး ချီးမွမ်းနေသည်။ ဝေ့ကို သေသေချာချာ ကြည့်လေသည်။ သူ့အကြည့်မှာ ဝေ့အလှကို ကြည့်သော အကြည့်မျိုး လုပ်၍ ကြည့်နေလျက်၊ သူ့မျက်လုံးများမှာ ဝေ့၏ ရုပ်မပေါ်သော ပုံပန်းကို ဖယ်ရှားထားပြီးသား ဖြစ်သည်။
“ဒီနေ့ ဘယ့်နှယ်နေသလဲ ဝေရယ်”
ဝေသည် တတ်နိုင်သလောက် အားထုတ်ပြောရသော အသံဖြင့် “ပေါ့ပါတယ် ကို” ဟု ဆိုလေသည်။
ဦးစောဟန်သည် ခေါင်းကိုညင်သာစွာညိတ်လိုက်သည်။ သေချာစွာ ကြည့်လိုက်သောအခါ သူ့မျက်လုံးများမှာ ငေး၍နေကာ၊ ပူဆွေးနေသည့် အစအနများသည် မျက်ရည်ထဲတွင် ပေါ်နေပေသည်။ စကားစ ရှာရင်း ဝေသည် နှုတ်ခမ်းကို လျှာနှင့်လျက်ကာ “ကိုရေချိုးလေ” ဟု လှမ်းပြောလိုက်သည်။
ဦးစောဟန်သည် မျက်မှောင်ကုတ်ကာ နာရီကို ငုံ့ကြည့်လျက် ထိုင်ရာမှအထ၊ ပန်ချာပီ ဆရာဝန်ကြီး၏ ဖြူဖွေးသော ဦးပေါင်းထုပ်မှာ လိုက်ကာတွင်းသို့ ရောက်လာလေ၏။
ဆရာဝန် အထဲရောက်လာလျှင်
“ဒီနေ့ ဘာထူးသလဲ ဒေါက်တာ”
ဟု ဆီး၍ နှုတ်ဆက်ပြီး မေးလိုက်၏။
“အို ... ရှိတယ်ရန်ကုန်မှာ အစိုးရအဖွဲ့ ဖွဲ့လိုက်ပြီ”
ဟု သူ ... ကြားသိရသော သတင်းများကို အင်္ဂလိပ်လိုရော၊ မြန်မာလိုရောပြောပြလေသည်။
ဦးစောဟန်မှာ အစိုးရအဖွဲ့ ဖွဲ့ပြီးပြီဆိုသောသတင်းဖြင့် ရင်ထဲ သက်သာရာ ရသွားသည်။ သခင်များ၏ အုပ်ချုပ်ရေးအဖွဲ့မှ ကမောက် ကမ ဥပဒေများမှာ ပရမ်းပတာ နိုင်လွန်း၍ နှလုံးမချမ်းသာအောင် ဖြစ်နေ လေရာ၊ မကြိုက်နှစ်သက်သော်လည်း မဝေဖန်ရဲပေ။
ဆရာဝန်သည် ဝေ့အနားသို့လာကာ လက်ကလေးကိုလာကိုင်လျက် သွေး စမ်းကြည့်နေရင်း “မောတာ သက်သာသလား” ဟု မေးကြည့်သည်။ ဝေက ပြုံးကာ ခေါင်းကို ညိတ်နေသည်။ “ကောင်းပါတယ်” ဟု ဆိုလျက် လက်ကလေးကို လွှတ်ချလိုက်မှ ဦးစောဟန်သည် ဆရာဝန်ထံ ခွင့်တောင်းကာ ရေသွားချိုးလေသည်။
ဝေသည် ထမင်းစားခန်းထဲသို့ ဆရာဝန်နှင့်အတူ ဝင်လာခဲ့ကြသည်။ မောင်မြမှာ ရေနွေး၊ ရေအေးများ အဆင်သင့်ဖြစ်အောင် ပြင်ဆင်လျက် အလုပ်များနေလေသည်။
“လက်မောင်းလား၊ တင်ပါးလား ဒေါက်တာ”
ဟု ဝေက မေးလိုက်ရာ၊ ဆရာဝန်သည် လက်ဝါးကိုဖြန့်ကာ ခေါင်းနှင့်အတူ လှုပ်ရင်း
“တင်ပါး ထိုးမယ်”
ဟု ပြော၍၊ ဝေမှာ ထမင်းစားခန်းထဲတွင် ရွှေ့ထားသော ညောင်စောင်း ခုတင်လေးပေါ်တွင် ထိုင်ချလိုက်သည်။
“မယ်အေးကို အစ်မ ခိုင်းလိုက်သလား၊ ဟိုဘက် ကူးသွားတယ်ထင်တယ်”
မောင်မြမှာ တင်ပါးဆေးထိုးခါနီး မယ်အေးအနားတွင် ရှိရမည် ဖြစ်၍ ဝေ့ကို မေးနေသည်။ ဝေက ခေါင်းညိတ်လျက် “ကိစ္စ မရှိဘူး” ဟု မောသံဖြင့် စကားပြန်သည်။
မောင်မြသည် ပြင်ဆင်ပေးပြီး ရှောင်ထွက်သွားလေသည်။ ဝေသည် ညောင်စောင်းပေါ်၌ အသာကလေး လဲလျောင်းလိုက်ကာ၊ ဆရာဝန့်လက်မှ အပ်ချောင်းကို လှမ်းစိုက်ကြည့်နေလေသည်။ ဆေးထိုးခါနီးတိုင်း ဝေ့ရင်မှာ ခုန်နေကျ။ အကြောအခြင်များလည်း ဖျင်းတင်းတင်း၊ ကျင်တင်တင် ဖြစ်လာသည်။
ဆရာဝန်သည် တဟဲဟဲရယ်လျက် စကားရော ဖောရောဖြင့် ဝေ့နား သို့ လျှောက်လာသည်။ ဝေသည် ကိုယ်ကို စောင်းပေးလိုက်ကာ မျက်စိကို စုံမှိတ်လိုက်လေ၏။
သည်တကြိမ်အနာဆုံးပဲဟု ဝေ့စိတ်ထဲတွင် ထင်မှတ်လိုက်သည်။ အားကို တင်းခံသော်လည်း၊ ခြေထောက်တွေ တဆတ်ဆတ် တုန်နေကာ ပါးစပ်မှာ ရွဲ့သွားလေ၏။
ဝေသည် အသက်အတန်ကြာမရှူဘဲ အပ်ဖြုတ်လိုက်မှ ပါးစပ်ရွဲ့ရွဲ့ပင် ရှိုက်၍ ပြန်ရှူလိုက်လေသည်။ မောဟိုက်ပန်းရှိုက်စွာဖြင့် နောက်ဆုံး အကြိမ်ပဲ ဖြစ်ပါစေတော့ဟု စိတ်ထဲတွင် ကျိတ်ဆုတောင်းလိုက်မိသည်။ ဆရာဝန်မှာ ဆေးထိုးပေးပြီး တင်ပါးကိုလက်ဝါးနှင့်ဖိ၍ နယ်ပေးလိုက်ရာ၊ ဝေ့မှာ အရိုးကွဲမတတ်နာသွားပြန်လေသည်။ ဝေသည်တင်ပါးအောင့်အောင့် ဖြင့် ညောင်စောင်း၌ပင် လှဲခွေ၍ နေသည်။ ဦးစောဟန်မှာ ရေချိုးပြီး ဆင်းလာကာ ဝေ့ကို ငုံ့ကြည့်လျက် “နာသေးသလား ဝေ” ဟု မေးသည်။ ဝေသည် ငိုမလို ရယ်မလို မျက်နှာဖြင့် ခေါင်းကို ခါပြနေလေရာဦးစောဟန်က ပြုံးလျက် “ခဏပါ ဝေရယ်၊ လာလေ အပြင်ကို” ဟုဆိုကာ ဝေ့ပခုံးကို ဖေးမ ဆွဲထူပေးလိုက်သည်။
ဝေသည် “ကို့”ကို ဖက်ပြီး ရင်ခွင်ထဲတွင် ခေတ္တခဏလောက် နေလိုက်ချင်သောစိတ်မှာ ဘယ်လို ထိန်းရမည်မသိအောင်ပင် ပေါ်ပေါက် လာသည်။ သို့ရာတွင် ဝေသည် တံတွေးကို မျိုချလိုက်ကာ၊ လူချင်း မနီးကပ်အောင် ထ၍ ရပ်လိုက်လေသည်။ “ကို့”ရင်ခွင်နှင့် ဝေးသည်မှာ ကြာပါပြီကော။
သညာကင်းမဲ့သော သူကဲ့သို့ ချည့်နဲ့သော ခြေလှမ်းများဖြင့် ကို့ နောက်မှ လျှောက်လိုက်လာသည်။ ဆိုဖာတွင် လှဲမှီ၍ထိုင်ကာ နွမ်းနယ်သော စိတ်မှာ ကြေကွဲ ဝမ်းနည်းခြင်းဖြင့် မျက်ရည်တို့သည် မျက်လုံးအိမ်တွင် ဥလာ၍ လက်ကိုင်ပဝါနှင့် မျက်လုံးကို ပွတ်နေလေသည်။
ဦးစောဟန်သည် ဆရာဝန်နားတွင် ထိုင်မည်ပြုပြီးမှ “ဝေ့ မျက်လုံး ဘာဖြစ်သလဲ” ဟု ပြောကာ ထလာပြန်သည်။ ဝေသည် မျက်လုံးကို ပွတ်မြဲပွတ်လျက် “မျက်လုံး ယားလို့ပါ” ဟုဆိုသော အသံမှာ တစ်ဆို့ကာ လှိုက်လှဲနေ၏။
“သိပ်မပွတ်နဲ့လေ” ဟု ဆို၍
ဝေက လက်ကိုင်ပဝါကို ရုပ်လိုက်လျှင်၊ ဆရာဝန်လည်း ဝေ့နားရောက်လာကာ မျက်စဉ်းရည်ကလေး ခတ်လိုက်ရန် ပြော၍၊ ဦးစောဟန်က “မယ်အေး” ဟု လှမ်းခေါ်လိုက်သည်။
မယ်အေးမှာ တော်တော်နှင့် ထွက်မလာ။ မောင်မြသည် မီးဖိုထဲမှ ပြေးထွက်လာပြီး “မယ်အေးမရှိပါဘူး။ ဘာလိုချင်ပါသလဲ” ဟု လာမေးသည်။
“ဘယ်သွားပြန်သတုံး၊ ဒီကောင်မလေးဟာ ဟိုဘက်အိမ် သွားပြန်ပြီ ထင်တယ်၊ ဝေ ဘာခိုင်းလိုက်သလဲ”
“နံ့သာဖြူတုံး သွားယူတယ်” ဟု ဝေက ပြောပြီး၊ သွားတာကြာ လိုက်တာဟု စိတ်ထဲက အပြစ်တင်နေလေသည်။ ဦးစောဟန်သည် ကိုယ်တိုင် အိမ်ပေါ်သို့ ပြေးတက်ယူပေးကာ၊ ဆရာဝန်က ဝေ့မျက်စိထဲသို့ အစက်ချပေးလိုက်သည်။
နေရောင်မှာ ပို၍ ရဲလာကာ ပြတင်းမှ ခန်းဆီး အစိမ်းပုပ်များလည်းလူးလွန့်နေ၏။ လေက ခပ်ပြင်းပြင်း တွန်းလိုက်သည့်အခါ တဖျပ်ဖျပ် ခတ်နေလေသည်။
ဝေသည် အရက်သောက်နေကြသော ဆရာဝန်နှင့်ဦးစောဟန်တို့ကို ကျော်လျက် ပြတင်းကိုငေးကြည့်နေလေသည်။ တဖက်အိမ်ကြီး၏ ဝေနေခဲ့သော အခန်းပြတင်းပေါက်ကို မြင်ရလေသည်။ ပြတင်းပေါက်မှာ ၁၂ ရာသီ ပိတ်ဆို့လျက် ယနေ့မှ ထူးထူးခြားခြား တခြမ်းပွင့်နေသည်။ ကာလအတန်ကြာ ဖြေဖျောက်နေခဲ့သော အတိတ်တို့သည် ဟိုနေရာက ဖျတ်ခနဲ၊ သည်နေရာက ဖျတ်ခနဲ အလျှိုအလျှို လှုပ်ရှားပေါ်ထင်သွားကာ ကွယ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် မြင်လိုက် ဖြစ်နေလေ၏။
အထူးသဖြင့် ဖခင်၏မျက်နှာကို မြင်မိရာအသက်ရှင်စဉ်က မျက်နှာကို မမြင်မိဘဲ၊ သေစဉ်က ပဝါလှပ်ကြည့်ခဲ့သောမျက်နှာကို သွားမြင်မိသည်။ ချုပ်ငြိမ်းသွားသော ဘဝ...
သည်ပုံမှာ အာရုံထဲက တော်တော်နှင့်မထွက်ဘဲ ဖြစ်နေစဉ်၊ လိုက်ကာနောက်၌ ခြေသံကြားရမှ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့ကာ နေရာမှ ထ လိုက်သည်။
“ဝေ ဘယ်လဲ”
ဦးစောဟန်သည် ဆရာဝန်နှင့် စကားပြောဖြတ်လျက် လှည့်မေးသည်။
“ရေချိုးခန်းကို”
ဝေ အခန်းတွင်းသို့ဝင်လျှင် ထိတ်လန့်စွာဖြင့် မယ်အေး မျက်နှာကို ကြည့်လိုက်မိသည်။ မျက်နှာကြီးတစ်ခုလုံး ရဲလျက်။ မျက်လုံးမှာ အစ်နေ သလိုလို၊ မျက်စိပျက် မျက်နှာပျက်ပြီးနေကာ ဝေ့ကို မြင်မှ ပြင်လိုက်သော မျက်နှာကြောင့် သာ၍ပင် ထိတ်လန့်သွားကာ ခြေလှမ်းကိုဆိုင်းလိုက်သည်။ ဖုံးကွယ်မှုများကို လုပ်ရဖန်များသော ဝေ့မှာ သူတထူး၏ ဖုံးကွယ်ခြင်းကို လျင်ပြီး မြင်ပြီး ဖြစ်နေလေ၏။
မယ်အေး၏ ငိုလာသော မျက်နှာကြီးမှာ သိသာ ထင်ရှားလွန်း၍ မယ်အေးအနားသို့ နှလုံးတုန်တုန်ဖြင့် ဆက်လျှောက်သွားကာ မယ်အေးကို စေ့စေ့ကြည့်လျက် “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။
မယ်အေးမှာ ဝေ့ကို မျက်တောင်မခတ် မျက်လုံးကြီး ပြူးလျက် ပြောရန် ထစ်အနေ၏။
“ပြောစမ်း”
ဝေ့လေသံမှာ တုန်ယင်နေလေရာ မယ်အေးမှာ ပြောသင့် မပြောသင့် ချိန်နေရာက သိစေသချင်သည့်စိတ်က ပိုများလာကာ၊ မအောင့်နိုင်လွန်း၍ ဝေ့နားသို့ တိုးတိုး ကပ်ပြောလိုက်သည်။
“အစ်ကိုကြီးကိုလေ ဂျပန်တွေ လာဖမ်းသွားတယ်၊ ကမ်းနားမှာ မော်တော်တော့ မထွက်သေးဘူး၊ မမသန်းတို့ လိုက်ပို့တယ်”
ဝေသည် မယ်အေးပခုံးကို လှမ်းကိုင်လိုက်ကာ အံကိုကြိတ်လျက် တုန်နေလေသည်။ မျက်လုံးမှ စီးကျတော့မည့် မျက်ရည်တွေကို အစွမ်းကုန် ကြိုးစားပြီး ထိန်းလိုက်သည်။ လေမုန်တိုင်းတိုက်သောအခါ လှိုင်းလုံးကြီးသည် ကမ်းပါးကို ပြင်းထန်စွာ ရိုက်ခတ်နေသကဲ့သို့ အသည်းနှလုံးတို့သည် ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်လျက် ရှိနေ၏။
နတ်ဝင်သည်လို တုန်နေသော ကိုယ်ဖြင့် အိမ်ရှေ့သို့ လှမ်းထွက်လာကာ၊ ဦးစောဟန်တို့ အနားရောက်လျှင် လဲကျတော့မလောက်ဖြစ်လာ၍ လဲမကျအောင် ထိန်းလိုက်ရသည်။
ဦးစောဟန်မှာ ဝေ၏ ချောက်ချားလာသော အမူအရာကို အံ့အား သင့်စွာဖြင့် “ဝေ. . . ဘာဖြစ်သလဲ ဝေ” ဟု ကမန်းကတန်း မေးလိုက်သည်။
“ဝေ.. ”
“အစ်ကိုကြီးကို ဂျပန်တွေ ခေါ်သွားတယ်၊ ကမ်းနားမှာ”
ဝေသည် မောဟိုက်သံဖြင့် တုန်တခိုက်ခိုက် ပြောလိုက်ရာ၊ ဦးစော ဟန်မှာ “ဟိုက်” ဟု တချက်သာ အော်နိုင်လျက် မျက်လုံးပြူးနေလေ၏။ ဆရာဝန်မှာ “အို”ဟု ဆိုကာ မတ်တပ် ထရပ်လိုက်သည်။
“ကို့၊ ဝေ့ကို ခွင့်ပေးပါ၊ ဝေ သွားတွေ့ပါရစေ၊ ဝေ့ကို ခွင့်ပေးပါ၊ ဝေ ဝေ တွေ့ပါရစေ”
ဝေသည် မျက်စိမှိတ်ပြီး အတင်းမရမက ပြောနေလေ၏။ ဦးစောဟန် မှာ မျက်လုံးကြီးဝိုင်းလျက် ရင်ထဲတွင် တလှပ်လှပ်ဖြစ်နေကာ
“မဟုတ်တာ ဝေရယ်. . .ဝေသွားလို့ဘယ်ဖြစ်မလဲ၊ ဂျပန်တွေဆီသွားလို့ ဘယ်ဖြစ်မလဲ၊ တော်တော်ကြာ တသီတတန်းကြီး လိုက်နေဦးမယ်။ ပြီးတော့ ကမ်းနားက အဝေးကြီးရယ်၊ ဝေ သွားလို့ ဘယ်ဖြစ်မလဲ”
ဦးစောဟန်သည် အသက်မရှူဘဲ ကမူးရှူးထိုး ပြောနေရာ ဝေ့မှာ ရင်ထဲ၌ အောင့်နာလှစွာဖြင့် ဦးစောဟန်၏ လက်ကို ခွန်အားရှိသရွေ့ ညှစ်ထုတ် ဆုပ်ထားလေပြီး၊ မျက်ရည်အသွယ်သွယ် ကျလျက် တိုးလျှိုး တောင်းပန်သော မျက်နှာလေးဖြင့် ငိုသံပါပါ ထပ်မနား တောင်းပန် ပြောနေ လေသည်။
“ကိုရယ်၊ နောက်ဆုံးခွင့်ပြုလိုက်ပါ၊ တွေ့ ရုံလေးပါ၊ နှုတ်ဆက်ရုံ လေးပါ ဝေသွားရမှ ကျေနပ်မယ်၊ ဝေ သွားရင်း လမ်းမှာပဲ သေချင်သေပါစေတော့၊ သွားပါရစေ ကို. . .သွားပါရစေ၊ နောက်ဆုံးပါ”
ဝေ့မှာ အစ်ကိုကြီးနဲ့တွေ့ရခြင်းသည် နောက်ဆုံးပါပဲဟု သိလိုက်၏။ ထိုနောက်ဆုံးမှာ သူ့ကို အစ်ကိုကြီးကို တွေ့သွားရသည့် နောက်ဆုံးလောဟု သို့မဟုတ် သူက အစ်ကိုကြီးကို တွေ့လိုက်ရသော နောက်ဆုံးလောဟု ခွဲခြားမည်ဆိုသော် သူရော၊ အစ်ကိုကြီးရော နောက်ဆုံးချည်းပဲ ဟူသော အသိမျိုးဖြင့် ဇွတ်တိုး တောင်းပန်နေခြင်းဖြစ်လေ၏။
ဦးစောဟန်မှာ ခေါင်းကို ယမ်းနေကာ “အို ...မဟုတ်တာ၊ မဟုတ်တာ” ဟု ဒါပဲ ပြောနိုင်၏။
ဝေ့ပခုံးလေးကို ဆရာဝန်က ကိုင်ကာ “မသွားပါနဲ့၊ သွားဖို့မကောင်းဘူး၊ သူ့ကို စစ်ဆေးပြီးပြန်ပို့မှာပေါ့” ဟု မသွားရန် ဖျောင်းဖျပြောနေသည်။ ဝေ့မှာ စိတ်ရှိသရွေ့ အားကိုတင်းကာ နောက်ဆုံးအနေဖြင့် ဦးစောဟန်၏ မျက်နှာကို စိန်းစိန်းကြီးကြည့်လျက်သူ ပြောချင်သည့် စကားကို ပါးစပ်က ထွက်အောင် ကြိုးစားအားထုတ်ပြီး ပြောလိုက်သည်။
“ဝေ့ကို မသနားဘူးနော်၊ မချစ်ဘူးနော်”
ပါးပေါ်တွင် မျက်ရည်ပေါက်ကြီးများဖြင့် လှိုက်လှိုက်လှဲလှဲ ပြောလိုက်သော၊ နာကြည်းကြေကွဲလှသောအသံမှာ ဦးစောဟန်၏ နားထဲတွင် တူးတူးခါးခါး ဖြစ်သွားလေသည်။ ဦးစောဟန်မှာ မျက်စိမျက်နှာပျက်သွားလျက် နှုတ်ခမ်းကိုကိုက်ကာ၊ ပြန်မပြောနိုင်လောက်အောင် ရင်ထဲ ဆို့သွားလေ၏။
ဝေသည် ချာခနဲလှည့်၍ ကြီးမားသော ဆန္ဒဖြင့် ဇွတ်တိုး၍ သွားတော့မည့်ဟန်ပြုရာ၊ ဆရာဝန်နှင့် ဦးစောဟန်ပါ ဝေ့ကို ဝိုင်းဆွဲကြလျက် ဆိုဖာပေါ်သို့ ပို့လိုက်သည်။
အစ်ကိုကြီးနှင့် မတွေ့ရတော့ပြီဖြစ်၍ ရင်ထဲတွင် နာာသွားလျက် “အစ်ကိုကြီးရေ” ဟု တတ်နိုင်သမျှ ကြုံးအော်လိုက်မိပြီးနောက်ပျော့ကျ သွားလေသည်။
ဝေသည် သုံးရက်လုံးလုံး အိပ်ရာပေါ်မှ မထဘဲလဲနေသည်။ အိပ်ရာ ထဲဝယ် ငြိမ်သက်စွာ ရှိလှသည်။ လူ အနားလာလျှင် မျက်လုံးကလေး ဖွင့်ကြည့်လျက်၊ လူကွယ်သွားလျှင် ပြန်မှိတ်လိုက်သည်။ သူ့ကို စကားပြောလျှင် ခေါင်းညိတ်သည်၊ ခေါင်းခါသည်။ သည့်အပြင် ပို၍ လှုပ်ရှားခြင်း မပြုတော့ချေ။ ဦးစောဟန်မှာ ဝေ့နားက မခွာ၊ စကားလည်းမပြော။ ဝေ့ကို တွေတွေငိုင်ငိုင်ကြီး ကြည့်နေလေသည်။
သုံးရက်မြောက်၍ နောက်တနေ့မနက် ဝေလီဝေလင်းတွင် ဝေသည် အိပ်ရာထဲတွင် လှုပ်ရှားနေလေ၏။ ထနိုင်အောင် ကြိုးစားပြီး ထနေလေသည်။ ထနိုင်အောင် ထူထလျက် မွေ့ရာပေါ်တွင် မြဲမြဲထိုင်မိတော့မှ အမော ဖြေနေကာ၊ တဖန် ခုတင်ပေါ်မှ ဆင်းရန် ကြိုးစားပြန်သည်။ ခုတင်နှင့် မနီးမဝေးတွင် မယ်အေးမှာ ပိုးလိုးပက်လက် အိပ်ပျော်နေသည်။ ဝေသည် မှန်တင်ခုံရှိရာသို့ သွားချင်နေသည်။ မှန်ခုံအံဆွဲထဲတွင် သူဝှက်ထားသော “ဒိုင်ယာရီ” စာအုပ်ကလေးကို သွားယူချင်သည်။ ဒိုင်ယာရီ စာအုပ်ကလေးထဲတွင် လက်ထပ်ပြီးနောက် ရေးမှတ်ထားမိသော စာရွက် များကို ဆုတ်ပစ်ချင်သည်။
သူ၏ အိမ်ထောင်သည်ဘဝ၌ နှလုံးသား၏ ဒဏ်ရာများကို ဤ ဒိုင်ယာရီကလေးထဲ၌ လာထင်ခဲ့သည်ချည်း ဖြစ်သည်။ မျိုသိပ်ခဲ့သမျှ၊ ဆုံးရှုံးခဲ့သမျှ၊ ဆုတ်နစ်ခဲ့သမျှတို့၏ ဝေဒနာကို စာလုံးကလေးများဖြင့်သာ ဖော်ပြ အန်ထုတ်ထားခဲ့နိုင်သည်။ ဤစာအုပ်ကလေးသည် မျက်ရည်၏ မြေအောက် ပင်လယ်နက်ထဲ၌ သိုဝှက်ခဲ့ရာ ဖြစ်သည်။
စိတ်အဆင်းရဲဆုံးနေ့ ...။
ဖေဖေ့ မျက်နှာကလေး မြင်ချင်လိုက်တာ... ။
ရင်သွေးလောင်းလေးရယ် ဝဋ်ကျွတ်သွားပြီ ... ။
ဪ...ငါ့ဘဝ။ အချစ်သည် နာကျင်လှပါတကား ... ။
မမထားနှင့် ပူးကပ်ပြီး အိပ်လိုက်ရသည်။
စသည်တို့ကား မှတ်စဉ်အချို့ ဖြစ်၏။ သည်စာအုပ်မှာ သူ၏ ... အလျှို့ဝှက်ဆုံးပစ္စည်းဖြစ်၏။
အလင်းရောင်သည် မှုန်မွှားမွှားဖြင့် ဝိုးတဝါးဝင်နေကာ မှန်တင်ခုံ ပေါ်မှ မီးတိုင်ကလေးကို ရေးရေးမှေးမှေး မြင်ရသည်။ ဝေသည် မယ်အေးကို နှိုး၍ ယူခိုင်းရမလား၊ သို့မဟုတ် သူကိုယ်တိုင် ယူရန် မှန်တင်ခုံနားသို့ သွားနိုင်မည်၊ မသွားနိုင်မည် ချိန်ဆလျက် လှမ်းကြည့်နေသည်။ မယ်အေးကို သွားနှိုးရမည့် ခရီးက နီးလျက်၊ မှန်တင်ခုံမှာ အခန်းထောင့်တွင် ရှိကာ ခရီးလှမ်းနေ၍ မယ်အေးကို နှိုးရန် ကြံစည်လိုက်သည်။ ဝေသည် ခုတင်အောက်သို့ ဆင်းလိုက်ရာ မူးဝေ၍ သွားသဖြင့်ခုတင်တိုင်ကို မြဲမြဲ လှမ်းကိုင်ရသည်။ အတန်ကြာအောင်ပင် မောဟိုက် နေ၏။ ခေါင်းထဲ၌ ပွက်ပွက်ဆူနေသလိုလိုလည်ချောင်းထဲ၌ တစ်နေသလိုရင်ထဲ၌လည်း လှိုက်လှိုက်လာကာ နွမ်းနယ် ပန်းလျလှသော်လည်း စိတ်ထဲ၌ အားအင်ရှိသေး၏။
ထိုစိတ်ထဲက အားအင်ဖြင့် ဝေသည် မယ်အေးနားသို့ တရွေ့ရွေ့ သွားနေသည်။ မယ်အေးနားသို့ မရောက်မီ မယ်အေးသည် ဆတ်ခနဲ မျက်လုံးဖွင့်လိုက်ကာ လူးလဲလျက် ကျုံးထလိုက်သည်။ မယ်အေးကို ဝေက လှမ်းဖက်လိုက်သည်။ မယ်အေးကလည်း ဝေ့ကို ပြန်ဖက်လိုက်ရာ အရှိန်ဖြင့် ဝေရော မယ်အေးရော နှစ်ယောက်စလုံး ကြမ်းပေါ်သို့ ပုံလဲသွားကြသည်။ မယ်အေးမှာ ကပျာကယာ လူးလဲထနေကာ ဝေ့မှာ သတိလစ်နေလေ၏။ ဝုန်းခနဲအသံကြီးကြား၍ အိပ်ရာမှ ပြေးထလာသော ဦးစောဟန်မှာ ဝေ့ကို မြင်မြင်ချင်း မျက်လုံးများ ပြာသွားလေသည်။
ဦးစောဟန်သည် တုန်ယင်စွာဖြင့် ဝေ့ကို ကုန်း၍ ထိတ်ထိတ် လန့်လန့် ကြည့်နေလျက်၊ မယ်အေးက ကုန်းပွေ့လိုက်မှ ဝိုင်းပွေ့ရန် သတိရလေသည်။
မယ်အေးသည် ပိုက်ပွေ့ထားရင်း “ထ လာပြီး မူးလဲသွားတယ်အစ်ကိုရယ်” ဟု အက်ကွဲတုန်ရီသောအသံဖြင့် ပြောကာ၊ ဝေ့ကို ခုတင်ပေါ်သို့ ချလိုက်သည်။
ဦးစောဟန်သည် ဝေ့လက်ကလေးကို ကိုင်လျက် “ဝေဝေ...” ဟု ခေါ် နေစဉ်၊ မယ်အေးမှာ အောက်သို့ ပြေးဆင်းလျက် မောင်မြကို ဆရာဝန် ခေါ်ခိုင်းလိုက်သည်။
ဦးစောဟန်မှာ အသက်မှ ရှိသေးရဲ့လားဟု စိုးရိမ်ကြီးစွာဖြင့် လက်စမ်းလိုက်၊ ခြေစမ်းလိုက်ဖြင့် ဘာလုပ်ရမှန်းမသိအောင် မွှန်နေလျက် ကတုန် ကယင်နှင့် ချောက်ချားနေသည်။
ဆရာဝန် ရောက်လာ၍ ဆရာဝန်၏ စိုးရိမ်ပူပန်နေသော မျက်လုံးကြီးကိုကြည့်ရင်း ခေါင်းထဲသွေးရောက်လာကာ “ဝေရေ. . ဝေ” ဟု တဝေဝေ တ ခေါ် နေသောအသံကို လှိုက်လှဲစွာ ကြားကြရသည်။
ဆရာဝန်မှာ ဝေ၏ ရင်ညွန့်ကို နားကြပ်ဖြင့် ထောက်လျက် နှလုံးခုန်သံကို နားထောင်ကြည့်သည်။ ဖျော့တော့အားနည်းစွာဖြင့် ခုန်နေသော နှလုံးကို ဂရုစိုက် နားထောင်နေ၏။
“မူးသွားတာပဲ၊ ဘယ်လို လဲတာလဲ”
ဆရာဝန်က မယ်အေးကို လှမ်းမေးလျှင် မယ်အေးမှာ ဘယ်လိုဖြေရ မှန်း မသိအောင် တဆတ်ဆတ် တုန်နေလျက်
“ကျွန်မကို လှမ်းဖက်လိုက် တာပဲ”
ဟု သည်မျှသာ ပြောနိုင်တော့သည်။
တနာရီလောက်ကြာမှ ဝေ့မျက်လုံးကလေး ပွင့်လာကာ ဟိုဟို သည်သည် ကြည့်၏။ ကြီးတော်သက်ကို ခပ်မှုန်မှုန် မြင်မိသည်။ ကြီးတော် သက်မှာ ရင်ထဲက အပူလုံးကြီးကို ဖုံးဖိလျက် မချိပြုံး ပြုံးလိုက်လေသည်။
“ဝေဝေ … … … သက်သာရဲ့လား”
ဝေသည် ‘ကို့’ကို လှမ်းကြည့်လေသည်။ “ကို့”ကို ကောင်းကောင်း မမြင်ရသော်လည်း သတိကောင်းကောင်း ရနေသည်။ “ဆရာဝန်က မရနိုင် တော့ဘူး” ဟု နောက်ဆုံးစကား ပြောထား၍ ဦးစောဟန်မှာ ကြေကွဲစွာဖြင့် ဝေ့ဘေးတွင် တွေတွေကြီး ကြည့်နေလေ၏။
ဝေ့ဘဝသည် သစ်ပင်တွင် တရွက်တည်းမကြွေဘဲ ကျန်ရစ်ခဲ့သည့် နောက်ဆုံး ရွက်ဝါလေးနှင့်သာတူတော့သည်။ ထိုရွက်ဝါလေးသည် ကြွေလု ကြွေခင် ဖြစ်နေလေပြီ။
ဦးစောဟန်သည် “ဝေ” ဟု ခေါ်လိုက်သည်။ ဝေသည် ကြားပုံမရ။ဝေ့မျက်လုံးသည် တဦးတယောက်ကို ရှာသလို၊ တဦးပြီးတဦး လိုက်ကြည့် နေလေသည်။ မယ်အေး၏ မျက်နှာမှာ မျက်လုံးထဲတွင် ကောင်းစွာ မပီသသော်လည်း မယ်အေးမှန်းတော့ သိသည်။ ဝေသည် မယ်အေးအား တသမတ်တည်း စိုက်ကြည့်လျက် နေ၏။ မှုန်ဝေးစွာကြည့်နေရင်း မျက်နှာလေးမှာ ပြာနှမ်းနှမ်းဖြစ်လာသည်။ မျက်လုံးများသည် မှုန်၍ မှုန်၍ လာလေကာ တဖြည်းဖြည်း မှိတ်သွားလေသည်။
မကြာမီ ဝေ၏ လည်ချောင်းမှ တဂီဂီ ချွဲသံကို သဲ့သဲ့ကြားကြ ရသည်။ ရင်ဘတ်လေးမှာ မို့မောက်လာလေကာ လှိုင်းထစ ပြုလေပြီ။
“ဝေရယ်.. ဝေရေ .. ဝေ ..”
ဦးစောဟန်၏ အသံမှာ အက်ကွဲခြောက်သွေ့နေ၏။ မောပန်း၍ လာသည်။ မျက်လုံးတွင် မျက်ရည်တွေ ပြည့်နေလေသည်။ ဝေ၏ မဟန် သည့်အဖြစ်ကိုကြည့်ကာ နှုတ်ခမ်းကို ကိုက်လျက်ရှိသည်။
အမောပြင်းထန်လာ၍ ဆရာဝန်သည်အမောပြေစေရန်ဆေးထိုးပေးတော့မည်။ အားလုံးပင် ဝေ့ကို တလှည့်၊ အပ်ကိုတလှည့် စိုက်ကြည့် ကြလေသည်။ ဝေ့မှာ အပ်ကို မမြင်ရတော့ပေတကား။
လက်မောင်းအကြောထဲသို့ အပ်ထိုးသွင်းလိုက်လျှင်၊ ဝေသည် မေးကိုငေါ့ပြီး နှုတ်ခမ်းရွဲ့လိုက်ကာ ရုန်းကန်ရင်းပင် အသက်ထွက်သွားလေသည်။
နွေနှောင်းရာသီသို့ ရောက်ပေပြီ။ ရွက်ကျင် ရွက်ဝါတို့ တဖြုတ်ဖြုတ် ကြွေကျလျက် ရှိလေရာ၊ တမြည့်မြည့် ကြွေကျသွားသောရွက်ဝါကလေးသည် လေသယ်ရာသို့ လွင့်တော့လေပြီ... ။
ဂျာနယ်ကျော်မမလေး
---
#မုန်း၍မဟူ
#ဂျာနယ်ကျော်မမလေး
#shared_by_louis_augustine
Comments
Post a Comment