ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဟော... ခိုင်လာပြီဗျ ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဟော... ခိုင်လာပြီဗျ ) // သော်တာဆွေ

---

ဟော... ခိုင်လာပြီဗျ 

---

၁၅-ရက်၊ ဇွန်လ၊ ၁၉၅၁ 

အကိုဆွေရေ ... 

ဝါးလို့အော်လိုက်ရလိမ့်မယ်။ 
အခု ခိုင်ဘယ်ရောက်နေသလဲ။ ဘယ်ကနေ စာရေးသလဲ သိလား...။ မပြောမပြီး မတီးမမြည် ပြောရတော့မည်။ ရန်ကုန်မြို့ ဆေးရုံကြီး R.G.H သူနာပြု ဆရာမများဂေဟာကပါခင်ဗျာ။

ခိုင်ဟာ ဒီလိုဝါးလိုက်ချင်လို့ ခိုင်သူနာပြုသင်တန်း NURSE'S TRAINING လျှောက်ထားတာ ... အကို‌ဆွေ့ကို ကြိုပြောမထားတာ။ အခု... မနေ့က (၁၄-၆-၅၁)ဘဲရောက်တယ်။

အကိုဆွေ ဒီစာရရခြင်းလာခဲ့နော်။ ၄ နာရီကျော်ရင် ခိုင်တို့အားတယ်။ အကိုဆွေနဲ့ တွေ့ရမှာ ခိုင်အားကြီးပျော်နေတယ်။ နို့ပြီး ရင်ထဲလဲ တထိတ်ထိတ်နေတယ်။ ဘာလို့လဲမသိဘူး... ခိုင့်ဆီစာရေးရင် ပေါက်ပေါက်ဆုပ်က 

Khaing (P.T:S)
Room No 9, Nurse's Home.
R.G.H
Rangon. 

အင်း-ကျွန်တော်မျှော်လင့်တဲ့ ယမင်းရုပ်ကိုတော့ တခြားလူအတင်းသုတ်သွားပြီ။ အခုဟာက ပန်းပုဆရာ အပြီးမသတ်သေးတဲ့ ရုပ်ထု။ ကျွန်တော်တယ်ပြီး စိတ်မပါလှပါဘူးဗျာ။ ဒါပေမယ့် ဘယ့်နှယ်လုပ်မလဲ။ နှစ်ရှည်လများ စာရေးပြီး မွေးထားခဲ့တာမဟုတ်လား။ တနေ့တော့ ဒင်းကြီးလာ လှလာမှာဘဲလို့။ စာရှုသူများ တခုသတိပြုစေချင်ပါတယ်။ ညှက်တဲ့ မိန်းကလေးတွေဟာ ငယ်ငယ်နဲ့ လှတတ်ပြီးတော့၊ ထွားတဲ့မိန်းကလေးတွေဟာ ကြီးမှကိုယ်လုံးကိုယ်ဖန် လှလာတတ်ပါတယ်။ အခု ခိုင်ကတော့ ပန်ချာပီနဲ့ရှမ်းမ စပ်တဲ့နုထွားကြီး...

ကဲ... တွေ့ရသေးတာပေါ့လေ။

ညနေ ၄ နာရီ၌ ထိုစဉ်က ဗိုလ်ချုပ်ဈေး အနောက်ဖက်တန်း ၁၄၆ ရှုမဝ တိုက်ခန်းက ကျွန်တော်ထွက်ခဲ့သည်။

ကျွန်တော်သည် သူနာပြုဆရာမများ ဂေဟာသို့ တခါမျှမရောက်ဖူးသေးချေ။ ၁၉၄၉ ခုနှစ်က သူများတွေ ဝိုင်းဘေ၍ ဆေးရုံ ၁၁ ရက် တက်ခဲ့ရပြီး၊ ဆရာမများနှင့် သိကျွမ်းခဲ့သော်လည်း၊ 

“နာ့စ်တွေက ကိုယ်ကကျွေးရတာကများပြီး သူတို့ဆီကစားရတာ နည်းတယ်” ဆိုသံကြားရတာနဲ့။ နို့ပြီး ကိုယ့်မှာလဲ ငွေကမဖောတာနဲ့ “ကိုဆွေ ဆေးရုံကဆင်းရင်... ကျွန်မကိုရုပ်ရှင်ပြမလား...” လို့ လမ်းခင်းပေးတာတောင် ကျွန်တော်ရှောင်ခဲ့တယ်။ ဒါကြောင့် သူတို့ဂေဟာ ဘယ်မှာဆိုတာတောင် ကျွန်တော်မသိသေးဘူး။

ရင်ခွဲရုံဘက်က နေဝင်သွားလိုက်တာ Nurse's Home ဆိုတဲ့ စာတွေ့မလားလို့။ အရှေ့ကနေအနောက်၊ ဒိုးယိုပေါက်လျှောက်လိုက်ကြတာ လမ်းမတော်ဘက်က ပရိုက်ဗိတ်ဆေးရုံသာရောက်ကရော မတွေ့။ ဒါနဲ့ လူတယောက်မေးတော့ နောက်ဖက်ပြန်သွားဘို့ညွှန်းပြီး 

“ဂျူတီ က ပြန်လာတဲ့ ဆရာမတွေနောက် လိုက်သွားပေါ့ဗျာ၊ လွယ်ပါတယ်”

ဆိုလို့ ထမီနီနီနဲ့ ဆရာမ တယောက်နောက် လိုက်သွားလိုက်တာ။ ဆရာမတွေနေတဲ့ အိပ်ခန်းတွေရောက်ကရော။ ကျွန်တော့် ရှေ့က ဆရာမက အခန်းနံပါတ် ၅ ဝင်သွားတယ်။ ကျွန်တော်ကတော့ နံပါတ် ၉ ရှိရာ ဆက်သွားတယ်။ ရောက်လဲရောက်ရော တံခါးပေါက်ကလေးဟ, နေတာ အသာလက်နဲ့ဆွဲဖွင့်ပြီး...

“ဟေ့... ခိုင်”

လို့လဲ ခေါ်လိုက်ရော၊ ကျွန်တော့်နောက်က အလန့်တကြားအသံနှင့်...

“အမယ်လေး... အကိုဆွေ”

ဆိုပြီး သူ့မျက်လုံးပြူးလို့။

ကျွန်တော်က သူ့ဓာတ်ပုံဖြင့် မှတ်မိ၍...

“အေး... မင်း... ခိုင်မဟုတ်လား၊ ဘာလို့ အထိတ်တလန့်ဖြစ်နေရတာလဲ”

“အကိုဆွေလုပ်ပုံကလဲ ကြည့်အုံးလေ...” 

“ဟဲ့ ငါဘာလုပ်ရသေးလို့လဲ...”

“ခိုင့်အခန်းထဲ ဝင်တော့မလို့ မဟုတ်လား”

“အေးလေ... အခန်းနံပါတ် ၉ ဆိုလို့ မတွေ့တွေ့အောင် ရှာလာရတာ”

“ဘုရား.. ဘုရား ဒီလိုအဆောင်ထဲတောင် ရောက်အောင်မလာရဘူး”

“နို့... ဘယ်လိုလာရမှာတုန်း”

“ဟောဟို ဂိတ်ဝကနေပြီးတော့ ဒရဝမ်ကို ဘယ်အခန်းကဘယ်သူ့ခေါ်ပေးပါလို့ ပြောရတယ်၊ ဒါမှမဟုတ် စာလေးရေးပေးပေါ့...”

“အေး... ဟုတ်လား၊ ငါသိပါဘူးကွာ..၊ ဒါဖြင့် အခုဂိတ်ဝပြန်ပြီး ဒရဝမ်ကို ခေါ်ခိုင်းရအုံးမှာလား...”

“အခုတော့ ဘယ်လိုတော့မလဲ အကိုဆွေရဲ့ နောက်ကိုပြောတာ၊ ကဲ... လာ... လာ ဧည့်ခန်း ကိုသွားမယ် ဒီနေရာမှာစစ်စတာမြင်ရင်တော့ ဒုက္ခဘဲ၊ ထုချေလွှာ အတောင်းခံရမှာဘဲ”

“အို မသိလို့ ဖြစ်ရတာဘဲကွာ၊ မင်းကလဲ မနေ့တနေ့ကမှ ရောက်ခါစ၊ ငါကလဲ ဒီလို နာ့စ်ကွာတာ ထဲဆိုတာ တခါမှရောက်ဖူးတာ မဟုတ်ဖူး”

ဟု ပြောရင်း သူတို့ဧည့်ခန်းထဲသို့ ရောက်ကြလေသည်။

အလဲ့ စုံတွဲတွေနည်းဘူးဟ။ တချို့ဘေးချင်းယှဉ်လို့၊ တချို့ဒူးချင်းထိ ပေါင်ချင်းကလိလို့၊ တယ်အားကျစရာကောင်း။

သို့သော်-ကျွန်တော့်ဘင်္ဂလား ညီမလေးကတော့ အဲသည်အချိန်မှာ မရှရွတ်သေးဘူးဗျာ။ သူ့ဓာတ်ပုံထဲကထက်တောင် ပိန်လို့။ ရှည်တောက်တောက် ငေါက်စင်းစင်းလေး။ ကြက်သမား စကားနဲ့ပြောရင် “ဖီလာမစေ့သေးဘူး” ခေါ်တယ်။ ဘယ်လိုလဲဆိုရင် ကြက်မြီးကောင်ပေါက် တကောင်ဟာ ဘယ်လောက်ပဲ ကြီးမားထွားကြိုင်းနေနေ၊ အချိုးအစား ပုံမကျသေးဘူးဆိုရင် “ဖီလာမစေ့” သေးဘူးခေါ်တာဘဲ။ ဖီလာဆိုတာက ကြက်ရင်ဘတ်မှာ အဖီရှိတယ်မဟုတ်လား။ အဲဒီအဖီက သူကြီးသင့်သလောက် ကြီးလာရတော့မှ ကြက်ဟာ ပုံပန်းကျပြီး ပြည့်စုံသောလှပခြင်း ကို ရောက်တယ်။ ဖီလာစေ့ပြီလို့ခေါ်တယ်။ ဒါကြောင့် ခိုင်ဟာ အဲဒီအချိန်မှာ “ဖီလာမစေ့သေးဘူး” လို့ ကျွန်တော်ပြောတာ but very prominsing အလားအလာတော့ များစွာရှိတယ်ပေါ့ဗျာ။ ရှမ်းမနဲ့ ပန်ချာပီ စပ်တယ်ဆိုတော့ သူ့မျက်နှာက ကြည့်ရတာ တမျိုးလေးဘဲ။ နောင်ဖီလာစေ့လို့ ပြည့်ပြည့်စုံစုံကြီးလှလာပြီဆိုရင် ထူးခြားသော ရုပ်ဆင်းအင်္ဂါ ဖြစ်လာမယ်လို့ ကျွန်တော်တွက်တယ်။

မှန်တယ်၊ ခိုင်ဟာ ပထမဦးပိုင်းက တလတခြား၊ တလတခြား၊ နောက် ဒုတိယပိုင်းမှာ နှစ်ပတ်တခြား နှစ်ပတ်တခြား လှလှလာလိုက်တာ ၁၉၅၁ ခုနှစ်ကုန်တော့ သူ့အလှပြည့်စုံရောပေါ့။

ရောက်စက စာမေးပွဲမအောင်လို့ သူ့မိဘကလဲဆူထားတော့ စိတ်ကလဲညစ်နေတယ်။ လားရှိုးသူဆိုတော့ ခပ်ရိုးရိုးဘဲအဆင်အပြင်ကလဲ မတတ်သေးဘူး။

နောက် သူရန်ကုန်မှာ တဖြည်းဖြည်းကြာလာတော့ နာ့စ်ဘဝမှာလဲ ပျော်လာတယ်။ ရန်ကုန်သူတို့ရဲ့ ဖီးလိမ်းပြင်ဆင်မှုလဲ တတ်လာတယ်။ အသက်ကလဲ ၁၇ နှစ်ကျော်လာတော့ သူ့အလှရဲ့ အထွတ်အထိပ်ကို ရောက်ပြီပေါ့။

ဒီနေရာမှာ ကျွန်တော့်ကိုလဲ တဖက်ကလှည့်ပြီး ချီးမွမ်းကြပါအုံး၊ ခိုင်အလှတက်လာပုံကို နှစ်ပိုင်းခွဲပြခဲ့တယ်မဟုတ်လား၊ ပထမပိုင်းမှာဆိုရင် ခိုင်က ရုပ်ရှင်ကြည့်ချင်ပါတယ် ဘယ်သွား ချင်ပါတယ်၊ ပူဆာမှ မလွဲသာလို့။ နောက် ဒုတိယပိုင်းကျတော့

“ခိုင်ရေ... ဘယ်ကားကောင်းလိုက် တာကွာ၊ ဘယ်နေ့သွားကြည့်ရအောင်”

“ဟာ... အခု တရိစ္ဆာန်ရုံမှာ ဘာကောင်အသစ်ရောက်ပြန်ပြီ၊ ကဲ ... ခိုင် အကိုဆွေတို့ ရွှေတိဂုံဘုရားကြီးမဖူးရတာလဲ ကြာသွားပါပကော”

စတဲ့ သဘောတွေ၊ သဘောတွေ။ ကျွန်တော်သိပ်သိပ် ရက်ရော ရက်ရောလာတယ်။ ဘာလို့လဲမသိပါဘူးနော်။ တမျိုးကြီးဘဲ ဟဲ...ဟဲ။

အင်္ဂလိပ်စကားနဲ့ပြောရရင် The bird in my hand (ကိုယ့်လက်ထဲငှက်ကလေး) ဘဲ။ ကိုယ်သဘောရှိ ချယ်လှယ်ဖန်တီးနိုင်ပါတယ်။ သို့သော်... ကျွန်တော် အရင်မလိုဘူး ကျွန်တော့်မှာ ယူနိုင်တဲ့အခြေအနေကလဲ မရှိသေးတော့၊ ဘင်္ဂလားမောင်နှမလိုဘဲ နေတာကောင်းတယ်။

စာရှုသူများခင်ဗျား၊ ခင်ဗျားတို့ဟာ သမရိုးကျ ရည်းစားတော့ ထားဘူးကြမှာဘဲ။ သို့သော်... ဘင်္ဂလားမောင်နှမရယ်လို့ ရှိခဲ့ကြဘူးလား။ ဘင်္ဂလားမောင်နှမဆိုတာ ဘယ်လိုလဲ။ ကျွန်တော် ကဗျာတပုဒ် သရုပ်ပြပါမယ်။ 

ဘင်္ဂလားမောင်နှမဘွဲ့လေးချိုး 

အရင်းအဖျား တောင်မကျ မြောက်မကျနဲ့ 
အခင်းပွားကာ မမှောင်ရအောင်လဲ 
မယွင်းမှားအောင် ရှောင်ရရှားရပါတဲ့ 
ဘင်္ဂလား မောင်နှမဆိုတာ။

ကျွန်တော်ပြောပြမယ်ဗျ 
အော်... သဘောကတော့ 
အတော်ချောသပ နှမကညာငယ် 
လှကလျာ ဖြူသတိုးရယ်နဲ့ 
အရသာ မူတမျိုးပါဘဲ 
ညီမပါ သူဆိုးချင်လဲ ဆိုးပေလိမ့် 
မရိုးတဲ့ အာရုံညာဉ်နဲ့ 
ကာမဂုဏ်တွင် တဖုံဆန်းသည်မို့ 
နှစ်ဦးယှဉ်ကာ နဖူးပြင်ကိုလေ 
နမ်းချင်လျှင် နမ်းနိုင်တဲ့ သဘောပါဘဲ 
ကျောကလေး ကိုင်ချင်လာတော့ 
စတိုင်တွင် မောင်နှမရယ်လို့ စိတ်ကလိမ်ညာ။

တနေ့သောအခါ ဘယ်လိုဖြစ်မလဲ  
အတွေ့သဘောမှာ အရွယ်ပျိုမျစ်ကြတော့ 
ဟို... အချစ်ကိုဖြင့် 
ဦးတည်ကာ ထူးတယ်ဗျာ... 
ရူးတယ်ကွာ... လို့ ဆိုကြမှာဘဲ။

အဆုံးသတ်မှာတော့ 
အမုန်းဇာတ် ဖန်ချင်ဖန်တော့ 
ဟန်လျှင်ဟန် နှစ်ကို ညားကြလိမ့် 
ကံပင်အမှန် ထိုတံတားပါဘဲ 
စကားကုန် အစုံမပြောခင်မို့ 
နှစ်ပါးဆုံ မြုံမနောမှာဖြင့် ဇောမွေ့ကြဆဲ။

စာရှုသူများ ခင်ဗျား။ စကားအဆင်သင့်တုန်း ဒီနေရာမှာကျွန်တော် ကြားပါရစေ၊ ကျွန်တော်ဟာ ကဗျာဆရာအဖြစ် မရောက်သေးသော်လဲ မြန်မာကဗျာ စပ်နည်းစပ်ထုံး အားလုံး အကုန်စပ်တတ်ပါတယ်။ သည်အထဲမှာ ကျွန်တော်ဟာ လေးချိုးကို သဘောကျဆုံး၊ အကြိုက်ဆုံး၊ အားအရဆုံးပါဘဲ။ သူကလွတ်လွတ်လပ်လပ် အကန့်အသတ်မရှိဘူး။ ကာရန်နဘေ ရသမျှတွေ သွင်းနိုင်တယ်။ နို့ပြီးဖတ်လို့မှတ်လို့ ကောင်းတယ်။ လွယ်တယ်။ ကိုယ့်ဟာကိုယ် အမြဲတန်း အလွတ်ရနေနိုင်တယ်။ သည့်ပြင်ရတု၊ ရကန်တွေ ကျွန်တော်စပ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် ခုပြန်မမှတ်မိတော့ဘူး။

ကြည့်ပါလား... တနေရာမှာ ဖော်ပြခဲ့တဲ့ “ပညာရှာအရွယ်တွင်းဟာမို့” အစချီတဲ့ လေးချိုး ဟာ ကျွန်တော် ၁၈ နှစ်သားကရေးခဲ့တာ။ ခုအကုန်ရတယ်။

ကျွန်တော် ဝတ္ထုတွေရေးတဲ့အခါ သိပ်ရေးကောင်းလာပြီဆိုရင် အဲသည်ဝတ္ထုသွားနဲ့ စပ်လျဉ်းတဲ့လေးချိုးတပိုဒ် ခေါင်းထဲဆိုက်လာရော။ အဲသည် ပထမပိုဒ်ရေးချလိုက်ပြီး ဒုတိယပိုဒ် မရေးရမနေနိုင်ပြန်ဘူး။ နောက်တတိယပိုဒ် ဆက်တိုက် ဆက်တိုက်လေးပိုဒ်စလုံး မပြီးမချင်း မနေနိုင်။ ပထမပိုဒ်နဲ့ ဒုတိယပိုဒ်ဟာဖြင့် ကျွန်တော် စက္ကူကြမ်းမကိုင်ရပါဘူး။ အဲ... တတိယပိုဒ် ရောက်တော့ “ပြန်ဂဟပ်” ကရှိနေတော့ စက္ကူကြမ်းကိုင်တယ်။ အအုပ်အခံကာရန်ညှိရတယ်ဗျ။ သို့သော် ကျွန်တော် အဲဒီလေးချိုးမျိုး တပုဒ်မှာ သိပ်မကြာပါဘူး။ ၅-မိနစ် ၁ဝမိနစ် အလွန်ဆုံး ၁၅မိနစ်ပါဘဲ။

အဲဒီလေးချိုး တပိုဒ်လုံးလဲပြီးရော ကျွန်တော် စာဆက်မရေးနိုင်တော့ပြန်ဘူးဗျ။ ဒီဟာဘဲ ထပ်ထပ်ဖတ်ရင်း ကဗျာအရသာခံနေမိတော့သဗျ။ ကိုယ်စပ်တဲ့ကဗျာဟာ ကိုယ့်အတွက်အရသာ အရှိဆုံးခင်ဗျာ။
ဝတ္ထုကရေးပြီးရင် နှစ်ခါပြန် မဖတ်ချင်ပါဘူး။ ကဗျာကျတော့ သတိရတိုင်း တတွတ်တွတ် အလွတ်ရွတ်နေတာပေါ့ဗျာ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး အင်မတန်အရသာရှိတာဘဲ။ ဒါကြောင့် ကျွန်တော့် မှာလေ ပျင်းတယ်၊ စိတ်ညစ်တယ် ဆိုတာမရှိသလောက်ပဲ။ ကျွန်တော့်ကဗျာတွေကလဲ များသော အားဖြင့် ကိုယ့်အချစ်နဲ့ပတ်သက်ပြီး စပ်ခဲ့တာတွေဆိုတော့ လေးချိုးတပုဒ်ငယ်ချစ် တယောက်။ သည်လေးချိုးရွတ်လိုက်တာနဲ့ အဲဒီငယ်ချစ်ဟာ ကျွန်တော့်ဆီဘွားကနဲ ရောက်လာ တာဘဲ။ ဒီတော့ ကျွန်တော့်မှာ ငယ်မူပြန်လို့ ရွှင်လို့ပျလို့။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments