ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော့်မယားပျောက်လို့ရှာ (၁) ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော့်မယားပျောက်လို့ရှာ (၁) ) // သော်တာဆွေ
---
ကျွန်တော့်မယားပျောက်လို့ရှာ (၁)
---
အပွဲအပွဲ နွှဲခဲ့သမျှ ဒီတပွဲမှ နှာစေးတဲ့လူ လက်ကမျင်းတာခံလိုက်ရသည်။ မြွေပွေး မြက်လျော ကိုက်သည်။ ကတုံးပေါ် ကျီးကန်းချေး ဗက်ကနဲကျသည်။
ကြည့်ပါမိတ်ဆွေ။
ဤနေ့သည် ၁၉၅၂ ခု၊ ဩဂုတ်လ ၄ ရက်။ “ပြည်တော်သာနေ့” ဖြစ်ပါသည်။ ညက အရက်ဆိုင်၌ စာရေးကြီးကိုထွန်းတင်နှင့် စကားစပ်မိ၍ သည်နေ့နံနက် သူတို့ အစိုးရလခစားတွေ မသွားလျှင်မဖြစ်သော ပြည်တော်သာခန်းရှိရာ ကျိုက္ကစံကွင်းသို့ ကျွန်တော်ပါရောနှောလိုက်ပါမည်ဟု ပြောခဲ့ပါသည်။ နံနက်ရုံးကားကြီးနှင့် လာခေါ်မည်ဖြစ်၍ ၆-နာရီခန့်၌ အသင့်ရှိနေရန် စကားခံ ခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဤည၌ အိမ်သို့ စောစောပြန်ခဲ့ကာ နံနက်တွင် အသင့်ဖြစ်စိမ့်သောငှာ အဝတ်အစားကို ပြင်ဆင်ထားလိုက်ပါသည်။
ယင်းကိုကျွန်တော့်ယောက္ခမ၏ တဦးတည်းသော သမီးက
“ရှင်မနက်ဖြန်ခါ ဟိုကောင်မ လေးခေါ် ရုပ်ရှင်ပြအုံးမလို့ မဟုတ်လား...”
ဟု ငေါက်ဆတ်ဆတ် မေးလိုက်ပါသည်။
ကျွန်တော်သည် မိန်းမဆိုလျှင် အလွန်စက်ဆုပ်ဟန်ဖြင့်...
“ကြံကြံဖန်ဖန်ကွာ... လူကို ဘိုင်ကျလို့ စိတ်ညစ်ရတဲ့အထဲ...”
သို့ရာတွင် ဤသို့ညဦးက ကျွန်တော့်ဇနီးကပြောပြီး နောက်နေ့နံနက်စောစော၌ ကျွန်တော်၏ တဦးတည်းသော ယောက္ခမ၏ (မုဆိုးမဖြစ်ကြောင်း ဆိုလိုသည်) မိခင်အဖွားကြီးသည် ကျွန်တော့်ကို အိပ်ရာမှနှိုးကား
“ဟဲ့ နင့်မိန်းမဘယ်သွားလဲ...”
ကျွန်တော်သည် အိပ်ငွေ့ဝေဝေဖြင့် ဘေးနှစ်ဖက်လှည့်ကြည့်ကာ...
“အိပ်ရာက ထသွားပြီဖြစ်မှာပေါ့”
သို့သော်... အဖွားကြီးသည် နားလေးသူဖြစ်၍ ကျွန်တော့်စကားကောင်းကောင်းမကြားဘဲ
“သူ့သမီးလေးဘဲဟဲ့...”
“အေးပေါ့ဗျာ၊ သားသည်အမေဘဲ၊ ခလေးနဲ့အတူထမှာပေါ့”
“နင်တို့အခန်းက သန်းခေါင်လောက်မှာ မီးလက်လက် လက်လက်နဲ့ မြင်တယ်၊ ဘာလုပ် ကြတာလဲ”
ကျွန်တော်က ပြီးလွယ်စေကြောင်း...
“ကြမ်းပိုးရှာကြတာပါဗျာ...”
“အိမ်သာထဲမှာလဲ မရှိဘူး...”
“အို... မာမာရယ်”
ကျွန်တော်တို့က ဤအဖွားကြီးကို (မာမာ)ဟုခေါ်ကြပါသည်။ “အိမ်သာ ထဲမှာ ဘယ်ကြမ်းပိုးရှိပါ့မလဲ” ဟု ပြောရင်း (အင်း... အဖွားကြီးတော့ သူငယ်ပြန်ချင်ပြီထင်တယ်) ဟု ကျွန်တော့်စိတ်ထဲက အောက်မေ့မိပါသည်။
သို့သော်...အဖွားကြီးသည် ရုတ်တရက် မျက်နှာထားတင်းလိုက်ကာ...
“အေးပေါ့ဟဲ... နင်ကတော့ မယားငယ်ယူချင်နေတဲ့အကောင်ကို၊ အကြိုက်ပေါ့ဟဲ့”
ကျွန်တော်မျက်လုံးပြူးကာ...
“ဗျာ...ဗျာ... ဘာပြောတယ် မာမာ...”
သို့သော်အဖွားကြီးသည် ကျွန်တော့်အနားမှာ မရှိတော့ပြီ။ သူ့သမီးအခန်းသို့သွားကာ...
“ဂျိုစီ... ဂျိုစီ... နော်မာနဲ့ ဝင်ဒီမရှိတော့ဘူး”
ကျွန်တော့်ယောက္ခမသည် (အင်း... ထင်တော့ ထင်သားဘဲ)ဟု ရေရွတ်ရင်း ခြေသံပြင်းပြင်းနှင့် ကျွန်တော့်အခန်းဝ လာရပ်ကာ...
“မင်းတို့ညက ဘာဖြစ်ကြသလဲ...”
ကျွန်တော်သည် အိပ်ယာမှလူးလဲထ၍ ယောက္ခမ ရှေ့မှောက်၌ ကြောက်သောမျက်နှာလေးနှင့် ငုတ်တုပ်ထိုင်ကာ
“ဘာမှမဖြစ်ကြပါဘူး...”
ဤနေရာ၌ ယောက္ခမသည် သူ့ကိုယ်သူ အမှုလိုက်ပုဂ္ဂိုလ်၊ ကျွန်တော့်ကို တရားခံသဘော ထားကာ
“မင်းညက အဝတ်သစ်အစားသစ် ပြင်တာက ဘာလုပ်ဖို့လဲ”
“ခုမနက်ပြည်တော်သာ စခန်းကိုချီတက်မလို့ပါ...”
“မညာနဲ့ မင်းဒီနေ့ ဟိုကောင်မလေးနဲ့ လျှောက်လည်အုံးမလို့မဟုတ်လား..”
“ဘုရားစူး မဟုတ်ပါဘူး အန်တီရယ်၊ မိုးကြိုးကို ၇၅-စိတ်ခွဲရစေရဲ့...”
“မိုးကြိုးကိုခွဲတာ အဆန်းမဟုတ်ပါဘူးကွယ်၊ ပန်းတိမ် ဆရာတွေဆိုရင် အရည်တောင် ကြိုနေကြတာဘဲ (အလဲ့... ဟာသစာရေးဆရာ၏ ယောက္ခမပီပီ သားမက်စကားကိုပင် ပြန်သရော်ကာ) ကဲ... တွေ့အောင်ရှာပေး၊ ငါ့သမီး တခုခုဖြစ်ရင် မင်းကြောင့်ဘဲ
”
“မဟုတ်ပါဘူး သူလမ်းထိပ် ခလေးတွက် မုံ့ဘာဝယ်ရအောင် သွားတာဖြစ်ပါလိမ့်မယ်...”
“ဒါဖြင့်သူ့သေတ္တာ အဝတ်အစားဖွင့်ကြည့်စမ်း...”
ဟောဗျ... တကထဲ... သူ့အဝတ်အစား အချို့နှင့် ခလေး၏အင်္ကျီများ မရှိတော့ပြီ။ ဤမှ အားလုံးတကယ် မျက်လုံးပြူကြတော့၏။
ကျွန်တော်မျက်နှာသစ်ပြီး ကုတ်အင်္ကျီအိတ်ထဲ စီးကရက်ဗူးနှိုက်လိုက်သောအခါ၌ စာတစောင် ...။
ကိုကြင်ဆွေ
နော်မာ ကံဆိုးမ၊ သမီးလေးဝင်ဒီနဲ့ လွတ်ရာကျွတ်ရာသွားပါပြီ။ လိုက်မရှာပါနဲ့ ရှင်ယူမယ့် မယားငယ်သာ မြန်မြန်ယူလိုက်ပါ။ ကျန်တဲ့ ကျမကလေး ၃-ယောက်ကို မိထွေးမနှိပ်စက်ပါစေနဲ့၊ ကျမအမေအိမ်မှာဘဲ ထားခဲ့ပါ။ သူတို့ကျောင်းလခနဲ့ စားစရိတ်ကို မှန်မှန်ပေးပါ။ အခု မာမီကိုပေးစရာရှိတဲ့ ငွေတရာ့အစိတ်လဲ ပေးလိုက်ပါ။ လမ်းထိပ်က ကိုချစ်ကုန်စုံဆိုင်မှာ ကျမ ကြွေး ၄-ခွဲကိုလဲဆပ်လိုက်ပါ။ ကျမတော့ သေတာဘဲ ကောင်းပါတယ်။ ဒါမှ ကိုကြင်ဆွေ မယားငယ်နဲ့ ကောင်းကောင်းနေရမယ်။
ပျော်နိုင်ရွှင်နိုင်ပါစေ...
နော်မာ
ကျွန်တော့်ရင်သည် တဒိတ်ဒိတ်ခုန်လာပါသည်။ ဤစာကိုသူ့အမေပေးလိုက်ပါသည်။ ချစ်ယောက္ခမမျက်နှာ ပုပ်သိုး၍ သွားပါသည်။ ကျွန်တော့်ကိုအစိမ်းလိုက် ဝါးစားချင်ဟန်ပေါ်နေ ပါသည်။ အံကြိတ်သည်။ မျက်စောင်းခဲသည်။ ထမီစွန်တောင်ဆွဲ၍ ခြေသလုံးဖော်ကာ ဇောင့် ဇောင့်နှင့်လျှောက်သည်။
ခြေရင်းက သူ့မောင်အိမ် ကူးသွားကာ၊ သတင်းဆိုးကို ဖြန့်နှံ့ဝေငှသည်။
ဤနေရာ၌ ကျွန်တော့်အပေါ်စွပ်စွဲချက်ကို ဟုတ်တိုင်းမှန်ရာ ရှင်းလင်းပါရစေ။
ကျွန်တော့်၌ နာမည်ရသော လူငယ်စာရေးဆရာတို့ဘာဝ မြန်မာပြည်အရပ်ရပ်တွင် လူချင်း မမြင်ဘူးဘဲလျက်၊ စာရေးမိတ်ဖွဲ့ကြသော ချစ်ညီမလေးတွေ အမြောက်အမြားရှိလေရာ၊ ရန်ကုန်နှင့် မိုင်ပေါင်းများစွာဝေးကွာသော မြို့တမြို့မှ တခုသောညီမလေးသည် တက္ကသိုလ်ဝင် စာမေးပွဲအောင်၍ ယူနီဗာစတီသို့ ရောက်လာပြီး ကျွန်တော်နှင့်တွေ့ကြ၏။
စာပေးစာယူနှင့်ပင် ခင်မင်နေကြ၍ လူချင်းတွေ့ကြသောအခါ၌ နှစ်ထောင်းအားရရှိလှ၏။ ကျွန်တော်က ငါးပိကြော် ကလေးများ လိုချင်ရင် လည်းကောင်း၊ ရန်ကုန်၌ လည်ချင်ပတ်ချင်၊ ရုပ်ရှင်ဘာကြည့်ချင်ရင် လည်းကောင်း၊ အားမနာရန် လောကွတ်ပြုခဲ့၏။ ဒါတမြို့တကျေးက မိဝေးဖဝေး ရောက်လာသူ ကလေးအတွက် ဝတ္တရားမဟုတ်ပါလားခင်ဗျာ။
ဇူလိုင်လ နောက်ဆုံးသတင်းပတ် သောကြာနေ့ဝယ် စာတစောင်ရောက်လာ၏။
အကိုဆွေ မေအေးလို တမြို့တကျေးက တောသူကလေးကို ဒီလိုဂရုတစိုက်ချစ်ခင်တာ အင်မတန်ဘဲ ဝမ်းသာလှပါတယ်။ အလိုလိုက်လို့ နွဲ့ဆိုးဆိုးတယ်လဲ မအောက်မေ့ပါနဲ့...။ မေအေး ရုပ်ရှင်ကြည့်ချင်တယ်။ တနင်္ဂနွေနေ့ မနက်ဆယ်နာရီမှာ ကျောင်းဆောင်ကို လာခေါ်လှဲ့ပါ။ မေအေးအသင့်ပြင်ပြီး စောင့်နေပါ့မယ်။ နို့ပြီး ရုပ်ရှင်ပြီးပြီးချင်း ပြန်ပို့ ရမယ်နော်...
အကိုဆွေချစ်တဲ့
ညီမလေး မေ
ကဲ... မိတ်ဆွေ ကျွန်တော့်နေရာကနေ စဉ်းစားပေးပါ။ ကျွန်တော် ငြင်းနိုင်ရှောင်နိုင်အံ့လော။ နို့ပြီးကောငြင်းသင့် ရှောင်သင့်ပါသလား။ သူ့ခမျာ ရန်ကုန်၌ ဆွေမျိုးမရှိ။ ရင်းနှီးသော မိတ်ဆွေမရှိသေး။
ထိုနေ့ ၁ဝနာရီ၌ ကျွန်တော်သူ့ကို မြို့ထဲခေါ်လာခဲ့သောအခါ၊ ရုပ်ရှင်ပြရန်မှာ ၂-နာရီ မျှ လိုသေး၏။ သူ ၁၀-နာရီချိန်းသည်မှာ ရန်ကုန်မြို့၏ ရုပ်ရှင်ပြချိန်တွေ မသိသေးသောကြောင့် ဖြစ်၏။ ရန်ကုန်တွင် တနင်္ဂနွေ အထူးပွဲမှာ ၉-နာရီခွဲ၊ နို့ပြီးခါတိုင်းနေ့ပြချိန် ၁၂-နာရီခွဲ၊ ၃-နာရီ ခွဲ၊ ၆နာရီခွဲ ည၉-နာရီခွဲ။
ယခု ကျွန်တော်တို့မှာ အထူးပွဲလည်းမမီ၊ ၁၂-နာရီခွဲဘို့လဲလိုသေး၊ ဟိုဟိုဒီဒီ လျှောက်လည်ရမှာကလည်း မိုးကတဖွဲဖွဲ။
ထို့ကြောင့် အချိန်ကြာကြာ အေးအေးဆေးဆေးထိုင်စကားပြောနေကြရန် ရန်ကုန်မြို့တွင် အအေးဆုံးနှင့် လူအရှင်းဆုံးဖြစ်သော ဆူးလေဘုရားလမ်းက ဘားမားကော်ဖီဟောက်စ်သို့ သွားကြပါသည်။
သို့သော် ဤနေ့ကျမှ ၎င်းဆိုင်ကပိတ်ထား၏။ ထို့ကြောင့် ရုပ်ရှင်ရုံတန်းဘက် ပြန်ခဲ့ကာ၊ ဂလုပ်နှင့် ပလေဒီယန်အကြားက လက်ဖက်ရည်ဆိုင် ဝင်ကြပါသည်။ (တနင်္ဂနွေနေ့မှာ ကွန်တီ နင်တယ်လ်လည်းပိတ်၏။ ) သို့သော်... ဤဆိုင်မှာ ကျဉ်း၍လူစည်သောကြောင့် ကျွန်တော်တို့ နာရီဝက်ထက် ပိုထိုင်၍မသင့်လျော်။ သို့အတွက် မောင်ထော်လေးလမ်းက ရှုမဝ တိုက်မှာ သွားနေကြရန် သူ့ကိုချော့ခေါ်ရပါသည်။ ပထမ၌ စာရေးဆရာတွေနှင့်တွေ့ရမှာ သူရှက်သည်ဟု ငြင်းနေသေးသည်။
“အို... ဒီတနင်္ဂနွေနေ့မှာ ဘယ်စာရေးဆရာမှ ရှုမဝကိုမလာဘူး၊ စာစီစက်ရိုက်သမားတွေနဲ့ ကိုကျော်ဘဲရှိမယ်”
“အဲဒီ ကိုကျော်ကိုရှက်တယ်”
“အမယ်လေး... ကိုကျော်က လူရိုးလူအကြီး၊ မေကို ကြည့်မှာတောင်မဟုတ်ဖူး၊ သူ့ဟာသူ စီးကရက်သောက်လိုက် အလုပ်လုပ်လိုက် နေတာဘဲ၊ ပါးစပ်ထဲလက်ထိုးတောင် ကိုက် တတ်တဲ့လူမဟုတ်ဖူး၊ မယုံရင် မေအေး သူ့တွေ့တော့ပါးစပ်ထဲ လက်ထိုးကြည့်လေ...”
သူသည် ရှက်သွေးကလေးနှင့် ရယ်လိုက်ပြီး။
“အို... အကိုဆွေကလဲ၊ နို့ပြီး စာစီစက်ရိုက်တဲ့ လူတွေကကော မေအေးကို ကြည့်ကြ မှာ...”
“အမယ်လေး... ကြည့်တာပဲ ပါမယ်ဆိုရင် အကိုဆွေက အသက်နဲ့လဲကာကွယ်မှာပေါ့ဗျာ အကိုဆွေပေါင်းတည်သားပါ”
“ကြည့်လေ... အကိုဆွေပြောလိုက်ရင်...”
“အလကားပါ၊ သူတို့က မေအေးကိုမြင်ဘို့ နေနေသာသာ... မေအေးက သူတို့ကို ကြည့်ချင်ပါတယ်လို့ ခြေဆောင့်ငိုနေတောင် အကိုဆွေက မျက်ရည်သုတ်ပေးပြီး သီချင်းဆိုရုံဘဲ တတ်နိုင်မယ်၊ သူတို့အလုပ်လုပ်ချိန်မှာ အပြင်လဲမထွက်ရဘူး၊ သူတို့အလုပ်ခန်းထဲလဲ ဝင်ခွင့်မရှိဘူး။ ကဲ လာပါ၊ ငါ့ညီမက တကထဲ သူ့ကိုယ်သူ အပျိုကြီးလုပ်ပြီး ရှက်နေတယ်၊ ကိုခလေးဟာဘဲ ကိုယ့်အကိုကြီးသွားရာ လိုက်ခဲ့ရောပေါ့၊ မေအေးက အခု အသက်ဘယ်လောက်ရှိပြီမို့လဲ”
လည်ပင်းကလေး ငဲ့လိမ်ကာ နှုတ်ခမ်းကလေးချွန်၍...
“သိတတ်ဖူး...”
အမှန် သူ့အသက် ၁၅-နှစ်ဖြစ်ကြောင်း ကျွန်တော်သိပြီး ဖြစ်ပါသည်။
“အမယ်လေး... ကိုယ့်အသက်ကိုယ် မသိသေးတဲ့ လူကများ အပျိုကြီးလုပ်ပြီး ရှက်နေရ သတဲ့ကွာ၊ အံ့ပါရဲ့ လာပါသွားကြမယ် ဒီဆိုင်ထိုင်ရတာ အားနာလာပြီ”
သို့နှင့် ကျွန်တော်တို့နှစ်ယောက် ရှုမဝတိုက်သို့ ရောက်ခဲ့တော့သည်။ အဆင်သင့်ပင် အပြင်ခန်း၌ ဦးကျော်တယောက်တည်းဘဲ ရှိချေ၏။ ဦးကျော်လည်း ရွှေတောင်လုံချည်လိုပါးသော ရွှေတောင်သားဖြစ်၍ မေအေး၏ ရှိုးတိုးရှန့်တန့်နိုင်လှသော အမူအရာကို တချက်မျှကြည့်ပြီး ဘာမျှမပြောဘဲ အတွင်းခန်းသို့ ဝင်သွား၏။
ကျွန်တော်မေအေးအား စာပွဲတလုံးတွင်ထိုင်စေ၍ ယခုရိုက်နေသော တင့်တယ်၏ “နှစ်လောက”ဝတ္ထုခေါင်းစည်း နှစ်မျက်နှာခွဲပုံကို ကြည့်ရန်ယူပေးပြီး၊ အိမ်သာတက်ချင်ဇောနှင့် နောက်ဖေးခန်းဝင်ခဲ့သည်တွင် ကိုကျော်က....
“ကိုရင်ဘယ်က ခလေးမ ခေါ်လာပြန်တာလဲ”
“နေအုံးဗျာခဏ၊ ကျွန်တော့်ဗိုက်ထဲက ပါနီတွေက ခင်ဗျားကိုမပြောဘို့ ကန့်ကွက်နေကြတယ်”
ကိုကျော်သည် ပြုံးဖြဲဖြဲနှင့် သူ့ထုံးစံအတိုင်း ကျွန်တော့်နားရင်းကို လက်ဝါးနှင့်ရွယ်ကာ...
“သွားစမ်းမြန်မြန် ဘယ်လောက်များအူမြူးလာတယ်မသိဘူး”
ကျွန်တော်အိမ်သာကထွက်ခဲ့၍ မည်သူမည်ဝါဖြစ်ကြောင်း ပြောပြသောအခါ ကိုကျော်က...
“အေး... အဲလို ကိုယ့်ယုံလို့ ဒီလိုလိုက်လာတဲ့ မိန်းခလေးကို သစ္စာစောင့်ရမယ်နော်”
“အမယ်လေး... ကိုကျော်ရာ၊ ကျွန်တော်စာရေးဆရာပါဗျာ၊ ဒီလိုကိုယ့်ဝတ္ထုကို သဘောကျပြီး ကြည်ညိုချစ်ခင်နေတဲ့ မိန်းခလေးကို ထိခိုက်စေရမယ်ဆိုရင် ကျွန်တော့်လောက်ယုတ်ညံ့တာ လောကမှာ ရှိပါအုံးမလား”
“ဒီလိုဆို... သာဓု... သာဓု”
“အမယ်လေး... ဒီခွေးမသား နားထိုင်းနံမယ် သုံးခါခေါ်နေမယ့်အစား ငွေသုံးဆယ်သာ ပေးလိုက်ပါတော့...”
“ဘာလုပ်ဖို့လဲ သုံးဆယ်က၊ တနေ့ကဘဲ ၇ဝိ-ယူသွားတယ် မဟုတ်လား...”
“အဲဒီ ၇ဝိ-က ကြွေး ၂ဝိ ဆပ်ပြီးရင် မိန်းမကို ပေးရတယ်။ အခု ကျွန်တော့်အိတ်ထဲမှာ ခါလီ၊ ဒီခလေးမကို ရုပ်ရှင်ပြဘို့၊ ဟိုဒင်းဒီဒင်း ဝယ်ခြမ်းကျွေးဘို့ လိုနေတယ် မဟုတ်လား...”
“ဒါ သုံးဆယ်တောင် ကုန်မှာလား...”
“မကုန်ကော... ဟိုနေ့က ၇ဝိ နဲ့ လွယ်လွယ်တရာမှတ်ရအောင် ခင်ဗျားကိုသက်ညှာတဲ့ သဘောနဲ့ တောင်းတာ...”
“အမယ်လေး မသက်ညှာပါနဲ့ ကိုရင်၊ နောက်တခါ မပေးနိုင်ဘူးလို့ ငါးရက်မခြားဘဲ ပြောထားတယ်မဟုတ်လား...”
“ပြောထားကော.. ဒါကအရေးပေါ် ကြားဖြတ်လိုလာတာကိုးဗျ...”
“ကိုရင့်ကို ကျုပ်က ဒီမိန်းခလေး သွားခေါ်ခိုင်းတာလား...”
“ခင်ဗျား ဒီအပေါက်မျိုးမပြောနဲ့၊ ဘာလဲစာရေးဆရာဆိုပြီး ဒီပြင်အလုပ်နဲ့ မန်းနီးဖောပြီး မော်တော်ကားတောင် ဝယ်စီးနေနိုင်တဲ့ နာမည်တွေ ဖော်မပြောချင်ပါဘူးလေ၊ အဲဒီလူတွေ ကျတော့ သူတို့မှာ ဧည့်သည်ရှိလို့ ပြုစုရမယ်ဆိုရင် ခင်ဗျားလာခေါ်ပြီး ဟိုတယ်တို့၊ လက်ဖက် ရည်ဆိုင်တို့မှာ ဒကာခံခိုင်းတယ်မဟုတ်လား၊ သူတို့ရုပ်ရှင်ကြည့်ချင်ရင် ခင်ဗျားလာပြခိုင်းတယ် မဟုတ်လား...”
ဤအချက်ကို သူမငြင်းနိုင်ပါ။ ဟိုဆရာတွေက သူ့ကိုအမဲဒကာဟု သဘောထားကြကြောင်း သူ့ကိုယ်သူလည်း ရိပ်စားမိဟန်ရှိ၏။ ကျွန်တော်ကဆက်လက်၍...
“ကဲ ဒီတော့ အခုကျွန်တော့်မှာဆိုရင် သူတို့လိုမော်တော်ကားဝေးလို့ ခွေးဝဲစားတောင် စီးနိုင်တဲ့ကောင်မဟုတ်ဖူး...။ နို့ပြီး ကျွန်တော်ကခင်ဗျားကို သက်သက် အမဲဒကာခံခိုင်းတာလဲ မဟုတ်ဖူး၊ ကျွန်တော်ရသင့်ရထိုက်တဲ့ လစဉ်ပေးငွေထဲက ၃ ရက်မျှကြိုတောင်းတာကလေးတခုဘဲ။ အဲဒါမှခင်ဗျားငြင်းမယ်ဆိုရင်ဖြင့် ဒီမှာကိုကျော် ခင်ဗျားအသက်ဘယ်လောက်ရှိပလဲ”
“ရှေလိုက်တာ၊ ဝေဠုဝတီလိုဝါးထဲ ပဋိသန္ဓေနှီးမွေးခဲ့သလား၊ ကျုပ်အသက်နဲ့ဘာဆိုင်လဲ...”
“ဆိုင်ပါသောကော... ကျုပ်တောင်းတာမပေးဘူးဆိုရင်ဖြင့် ခင်ဗျားလိုအသုံးမကျတဲ့ လူတယောက်ဟာ လူ့ပြည်နှစ်ပေါင်း မည်မျှနေဘူးသွားတယ်လို့ မှတ်ကြစရာ တနည်းတိုးအောင် ဘဒ္ဒကမ္ဘာမှာ ကမ္ပည်းထိုးရမယ်ဗျ”
“တယ်... များလိုက်တဲ့စကားနှယ်၊ ကဲ... ကဲ... ဒီငွေ ၃ဝိ ပေးရင် ခင်ဗျား ချက်ချင်း သွားမယ်လား၊ ခင်ဗျားရှိရင် စကားများတာနဲ့ ကျုပ်အလုပ်ပျက်တယ်”
“ချက်ချင်းသွားမယ်လို့တော့ အာမ,မခံနိုင်ဘူး၊ ရုပ်ရှင်ပြချိန်စောင့်ရအုံးမယ်၊ ခင်ဗျားကို နောက်ထပ်စကားတခွန်းမှ မပြောပါဘူးလို့တော့ ကတိထားမယ်”
“ကဲ... ရော့... ရော့...”
ကျွန်တော် ရောက်လာလျှင် စကားများ၍ သူအလုပ်ပျက်သဖြင့် ငွေပေးလွှတ်ရတာမှာ ထုံးစံဖြစ်နေပါသည်။ ကိုကျော်၏ သဘာဝမှာ စကားနည်း၍ အလုပ်သာလုပ်နေချင်သူ ဖြစ်သော ကြောင့် ကျွန်တော်က ဤအချက်ကိုကိုင်ပါသည်။
ကျွန်တော်၏ ပင်ကိုယ်မှာလည်း စကားများသူ မဟုတ်။ အတွေးသမား အငေးသမား အရေးသမားပါ။
ကျွန်တော်သည် သူ့လက်ထဲက ဆယ်တန်သုံးရွက်ယူပြီးနောက်
“အဲလို လိမ်မာစမ်းပါဗျာ ပိတုန်းရုပ်ထုံးသုတ်၊ ကျားလာအမဲကျွေး...၊ သော်တာဆွေလာ ပိုက်ဆံပေး... အေးတယ်ဆိုတာ သိရက်သားနဲ့ ဘာကြောင့်နှေးကွေးနေရတာလဲ၊ ကျွန်တော့်လို ပုဂ္ဂိုလ်က ခင်ဗျားဆီမှာ မကြာခဏပိုက်ဆံတောင်းတယ် ဆိုတာ ဂုဏ်ယူစမ်းပါဗျ။ ခင်ဗျားကို ကျွန်တော်က ပိုက်ဆံတောင်းတာ ပိုက်ဆံတောင်းတယ်လို့ သဘောမထားပါဘူး။ ပြုသင့်ပြုထိုက် သူကို ကောင်းချီးပေးနေရတယ်လို့ အောက်မေ့ပါတယ်”
ကျွန်တော် စကားမဆုံးမီ သူသည်ပြုံးစိစိနှင့် အခြားဘက်လှည့်သွားကာ...
“ကိုရင် ကတိရှိတယ်နော်...”
“အော်.... ဆောရီး ဆောရီး မေ့သွားလို့”
ကိုကျော်သည် ကျွန်တော့်ကိုအပြင်ရောက်အောင်တွန်းပြီး...
“ကဲ... ကိုရင်သွားတော့ ၊ ကြွစမ်း ၁၂-နာရီထိုးပြီ၊ ရုပ်ရှင်အချိန်နီးပြီ၊ ကျုပ်ဟောဒီစာပွဲမှာ ပရု(ဖ)ဖတ်စရာတွေ ရှိတယ်။ ကိုရင့်အသံကြားရရင် အလုပ်ထဲ စိတ်မရောက်တော့ဘူး”
ကျွန်တော်နာရီကိုကြည့်လိုက်ရာ ၁၂-နာရီကွက်၌ လက်တံနှစ်ခုထပ်ပြီဖြစ်၍...
“ဟာ... ခင်ဗျား ကျွန်တော့်အတွက် နာရီကြည့်ပေးတာ ကျေးဇူးတင်တယ်ဗျ၊ ဟုတ်တယ် ကျုပ်မှာ ဒီလိုအချိန်ကို သတိပေးမယ့်လူမျိုးတယောက်လောက် လိုနေတယ်၊ ကဲ-သွားကြမယ်။ မေအေးရေ...၊ ဟော့ဒါ ရှုမ၀ဦးကျော် ဆိုတာပေါ့ကွဲ”
အထွက်၌ မကြောင်ရန် သူတို့ကို မိတ်ဖွဲ့ပေးသလိုနှင့် တယောက်ကိုတယောက်ပြုံးကြည့် အောင်လုပ်ပြီး လစ်ခဲ့ကြလေ၏။
“ ဦးကျော်နဲ့ အကိုဆွေ ဒီလိုနေကြတာဘဲလား”
“အကိုဆွေက ဒီလိုနေရမှ ပျော်တာဘဲ”
“ ဦးကျော်က သဘောကောင်းပုံပေါ်တယ်နော်”
“အကိုဆွေတို့နဲ့တော့ ရင်းရင်းနှီးနှီး ရွှတ်ရွှတ်နောက်နောက် နေတတ်ပါတယ်”
မေအေးမှာ ဆေးရောင်စုံကား မကြည့်ဘူးသေးဟု ပြော၍ ဤအပတ်၌ ကားသစ်ထဲမှ ဆေးရောင်စုံဖြစ်သော ရီဂျင့်ရုံက Vengeance Valley ဇာတ်ကားကိုပြပါသည်။
ရုပ်ရှင်ရုံက ထွက်ကြသောအခါ၌ အိုရီယင့်ဟိုတယ်အပေါ်ထပ်တွင် အိုက်စ်ကရင် ကျွေးပြီး သူ့ကျောင်းဆောင်သို့ ပြန်ပို့လိုက်တော့၏။
လောကတွင် ကျွန်တော်အချစ်ဆုံးဖြစ်သော ဤကလေးမနှင့် ကျွန်တော်မှာ ဤမျှသာဖြစ်ကြောင်း ကျွန်တော်၏ ကလောင်နာမည်ဖြင့် ကျိန်ဆိုပါသည်။
သို့ရာတွင် ကျွန်တော့်ယောက္ခမနှင့် ကျွန်တော့်မယားကား အထင်တော်လွဲကြလေသည်။ (ဤကိစ္စမှာ ယောက္ခမက ပိုအရေးကြီးသောကြောင့် သူ့နာမည်ကို အရင်ရေးရပါသည်။) ထိုနေ့ ကျွန်တော်မှောင်မှ အိမ်ပြန်ရောက်၍ အဝတ်အစားလဲပြီး ထမင်းအိုးဟင်းအိုး ဖွင့်ကြည့်သောအခါ ကျွန်တော်အလွန်မကြိုက်သော ငါးခြောက်ရိုးနှင့် ခရမ်းသီး၊ ရုံးပတီသီး ကုလားဟင်း၊ ဘဲဥကြော်ဖြစ်နေသောကြောင့် လမ်းထိပ် တရုပ်ဆိုင်သို့ လစ်ပါသည်။
ချစ်ဆွေသောက်ဖော် ကိုစောမောင်နှင့် တွေ့၍အရက်တမြမြ စကားတပြောပြောနှင့် အိမ်ပြန်နောက်ကျ၏။ ၉-နာရီလောက်မှ ရောက်သောအခါ ပိုက်ဆံဘယ်လောက်ပါလဲဟု မျက်နှာချိုနှင့် အိတ်ထဲနှိုက်နေကျဖြစ်သော ကျွန်တော့်မယားမျက်နှာသည် သုန်၏။ မှုန်၏။ ကျွန်တော့်ယောက္ခမသည် ထွီ၏။ ထုံ၏။ ကျွန်တော့်ယောက်ဖအငယ်သည် နှုတ်ခမ်းစူ၏။ မျက်စောင်းထိုး၏။ အဖွားကြီးနှင့် ကလေးများကား အိပ်ရာဝင်ကြပြီ။
“အင်း... အရေးတော်ပုံတော့ တယ်မလှဘူးဟေ့၊ ငါ့ဘက်ဘယ်လိုများ စစ်ဦးလှည့်မယ် မသိဘူး... ”
သူတို့မျက်နှာတွေကြည့်၍ စိတ်ထဲမှညည်းရင်း. အသာကိုယ်ကိုရို့ကာ အိပ်ခန်းထဲ ဝင်ခဲ့ပါသည်။
တယ်... မကြာပါ။ ချစ်ယောက္ခမကစ၍ ကျူးရင့်လိုက်၏။
“ထွီ.. တောသားက လူပါးဝလို့”
”သူ... ဒီလိုဆို အိမ်ပေါ်က ဆင်းသွားပစေပေါ့”
ကျွန်တော့်မယားက အနက်ဖွင့်လိုက်၏။
“အလကား... ဝိုမင်နိုက်ဇား... ဒရင့်ကား”
မိန်းမလိုက်စား အရက်သမားဟု ယောက်ဖအငယ်က ထောက်ခံလိုက်သည်။ သံယောင် ပစ်လိုက်သည်။
သူတို့စစ်ကြောင်းကို ကျွန်တော်သိပါပြီ။ ကျွန်တော်အိပ်ရာမှ ငေါက်ကနဲထလိုက်ပြီး ဒီနေ့ ဝတ်သွားသော အပေါ်အင်္ကျီဘယ်ဘက်အိတ်ထဲသို့ နှိုက်လိုက်သည်။ မေအေး သူ့ကိုလာခေါ်၍ ရုပ်ရှင်ပြရန် ချိန်းသောစာ မရှိတော့၊ အင်း... မိသွားပြန်ပြီ ကောတလီ။
ဤကား ကျွန်တော်၏ပေါ့လျော့မှုဖြစ်ပါသည်။ ကျွန်တော့်ချစ်ယောက္ခမနှင့် ကျွန်တော့် မယား၏ သဘောထားသေးသိမ်မှုကိုသိ၍ စာပေးစာယူဟူသမျှ ကျွန်တော့် “နာနီ” ၏အိမ်၌ လိပ်တပ်ထားရ၏။ လာသမျှ စာတွေကိုလည်း ထိုအိမ်စာပွဲထဲမှာပင် သော့ပိတ်ထားရ၏။
မိန်းမလက်ရေးနှင့်တွေ့လျှင် ဘာစာဘဲဖြစ်ဖြစ် ကျွန်တော့်ချစ်ယောက္ခမနှင့် ချစ်မယားသည် ဆူပြီမှတ်ပေတော့၊ ဤသို့လျှင် ဤစာမျိုးကို တွေ့၍ ဤနည်းနှင်နှင် ဖြစ်သည်များမှာ ယခုအခါသည် ဘယ်အကြိမ်လဲပင် ကျွန်တော်မမှတ်မိတော့။
သူတို့ အကျင့်မှာ ဤအခါမျိုး၌ ကျွန်တော့်ကိုခေါ်၍ ထုချေလွှာတောင်းလေ့မရှိ။ ဤစာ သည် ရည်းစားစာ ဖြစ်ရမည်။ ဤစာကား မယားငယ်အရာပင် ရောက်နေပြီ။ ဤစာကား စလုံး ရေစ,တည်းစသည်ဖြင့် မိုက်ကရိုစကုတ်နှင့်ကြည့်၍ ဆုံးဖြတ်ချက်ချသည်။
ဤလိုစွပ်စွဲချက်မျိုးတွေမှာ ရပ်ဝေးကလေးများ၏ ပေးစာများကြောင့်သာမဟုတ်သေး။ ဥပမာဆိုအံ့။ တခါတရံ၌ ကျွန်တော့်မှာ ဝတ္ထုဇာတ်လမ်း အချိတ်အဆက်လိုနေ၍ မိုးမလင်းမီ အိပ်ရာက ထကာ လမ်းလျှောက်ရင်း စဉ်းစားရ၏။ ယင်းအခါမျိုး အရပ်ထဲ၌ နာမည်ပျက်ရှိသော မိန်းမနေသည့် လမ်းထဲလျှောက်မိခဲ့၍ (သူတို့တွင် တွန်းတတ် တိုက်တတ်သော တူမကလေး များလည်း မွမွကြဲရှိရာ) ၎င်းတူမကလေးမျိုး တယောက်က
“ကိုကြင်ဆွေကြီးရယ် ဝေလီဝေလင်း မှာ ဟိုဖင်ကြီးမ,နေတဲ့လမ်းထဲက ထွက်လာတာ မြင်တယ်တော့...”
ဟု သတင်းပို့လိုက်ပါက ကျွန်တော့်ချစ်ယောက္ခမ ဂျူနီယာမဟာပညာကျော်၏ ခုံရုံးတွင် ဤနေ့နံနက် နေမထွက်မီပင် (ကြည့်ပါ။ ကျွန်တော့်ချစ်ယောက္ခမအလုပ်ကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ၊ ရှေးမဟာ ပညာကျော် စီနီယာတုန်းကမှ ရုံးချိန်တွေဘာတွေထားပေလိမ့်မည်။ သူကား ခဏမဆိုင်းပင်)
“တရားခံငကြင်ဆွေသည် ညက အိမ်ကမသိအောင် အိပ်ရာက ထသွားကာ ဟိုလမ်းက ပိုင်းလုံးမ ဖင်ကြီးမ, အိမ်၌အိပ်စက်ပြီး နံနက်မိုးသောက်တွင် လမ်းလျှောက်ဟန်ဆောင်၍ ပြန်လာသည်။”
ဤစီရင်ချက်ကို ချပြီးနောက် ထိုမနက်၌ ကျွန်တော့်အတွက် ကော်ဖီမရှိတော့။ ရေချိုးပြီး ပေါင်ဒါလူးရန် ဗူးရှာမတွေ့၊ သူတို့မျက်နှာတို့သည် သုန်၏။ မှုန်၏။ အံကြိတ်၏။ မျက်စောင်းခဲ ၏။ ခြေလှမ်းကျဲ၏။ ခြေသံပြင်း၏။ ပန်းကန်ခွက်ယောက်တို့ကို ဆောင့်ချ၏။ ကလေးတို့ကို မာန်မဲ၏။
“အိမ်သာကနံလိုက်တာ ထွီ...”
ဟု ဆို၏။ ကျွန်တော့်ကိုကား တိုက်ရိုက်စကားမပြော တော့။ စောင်းကာ၊ ရွဲ့ကာ၊ ချိတ်ကာ၊ နှိမ်ကာ၊ သူတို့ချင်းစကားပေး စကားယူနှင့်သာ ထိုးစစ် ဆိုင်ကြတော့၏။
ချစ်ယောက္ခမ။
“ပိုင်းလုံးမ,က ဒါမျိုးရှာနေတာဘဲ”
ချစ်ဇနီး။
“သူကလဲ ဒါမျိုးငမ်းငမ်းတက်...”
ယောက်။
“ဖင်ကြီးမ, ကိုအေ့”
ဇနီး။
“ဒါမျိုးတော့ ဝိရိယကောင်းလိုက်တာ ခါတိုင်းမနက် ၈-နာရီတောင် အိပ်ရာက မထတဲ့လူက”
ယောက်။
“တဏှာကိုအေ့၊ တဏှာ... နှစ်ဏှာ... သုံးဏှာ”
ဇနီး။
“ဘယ်လောက်ပေးခဲ့ရမယ်မသိဘူး”
ယောက်။
“ဘယ်နဲမလဲအေ့၊ နံမယ်ကြီး ပိုင်းလုံးမဘဲ”
ဇနီး။
“မတင်ရွှေက မဟုတ်ဖဲနဲ့ ပြောမှာမဟုတ်ဖူး”
ယောက်။
“သွေး... သွေး... သွေး... သွေး အေ့၊ သွေးဆိုတော့မြင်ရင်ကြားရင် ပြောတာဘဲ”
ဤအခါ၌ကား ကျွန်တော်မှာ သူတို့ ၏ဇာတ်လမ်းပမာ နားဆင်စရာကို သောတအာရုံခံရင်း မိမိအမှုသွား အမှုလာကိုစဉ်းစားရပါသည်။
ဖင်ကြီးမ,ဆိုတာ မည်သူနည်း။ သူတို့ ဆွေမျိုးတသိုက်မှာ အနီးပတ်ဝန်းကျင်မှ သူတို့မျက်မုန်းကျိုးသော မိန်းမများကို ဖင်ကြီးမ,နို့ကားမ, တင်ကောက်မ, မျက်နှာထား ချိုတတ်သော မိန်းမအားသဖြဲမ, စသည်ဖြင့် လှပယဉ်ကျေးသော နာမည်များပေး၍”
“အခု နို့ကားမနဲ့ ဘယ်ကောင်နဲ့ တိတ်တိတ်ပုန်း ဖြစ်နေပြီအေ့၊ တင်ကောက်မက လင်ကြီးကို ကွာမယ်တောင် ပြောနေပြီတော့၊ သဖြဲမ,ကဖြင့် တွေ့ကရာနေရာ လင်ထောင်နေတာဘဲ”
ဟူသော သလာဘ၊ အလာဘတို့ကို သူတို့အားလပ်ချိန်များ၌ သတင်းပေး သတင်းယူ ပြုလေ့ရှိသောကြောင့် ကျွန်တော့်မှာ တနေ့နေ့ မိမိဘက် စစ်ဦးလှည့်လာပါက ပုဒ်မ ၅အဆွဲခံရသလို ကိုယ့်ကိုယ်ကို ဘာမှုမှန်းမသိ ဖြစ်နေမှာစိုးသည်နှင့် တင်ကောက်မဆိုတာဘယ်သူ၊ သဖြဲမ,က ဘယ်ဝါဟု စုံစမ်း ထားရပါသည်။ မေးမြန်းထားရပါသည်။ မှတ်သားထားရပါသည်။ ယခု ဖင်ကြီးမ, ဆိုတာကို ကျွန်တော်သိပါပြီ။
အင်း...ကံဆိုးချင်တော့ အသွားမတော်တလုပ်၊ အစားမတော်တလှမ်း၊ ဤနံနက်ချမ်း၌ ၎င်းဖင်ကြီးမ,နေသော လမ်းထဲသို့ပန်းကလေးတွေ မွှေးတယ်ဟု လျှောက်ခဲ့မိ၏။ လမ်းဝအထွက်တွင် သူတို့တူမ မတင်ရွှေ ပန်းကောက်လာသည်နှင့်တွေ့၍ နှုတ်ဆက်ခဲ့သေး၏။
ကဲ... အမှုသဘောကတော့ အစင်းကြောကြီး ပေါ်ပါပြီ။ ပေါ်တော့ကော၊ ကျွန်တော် ဘာတတ်နိုင်သနည်း။ ဘာမျှမတတ်နိုင်ပါ။ အကယ်တိ သူတို့ထိုးစစ်ဆင်နေသည်ကို ကျွန်တော် က ခံစစ်ဖြင့်ငြင်းဆိုပါအံ့။ ကျွန်တော်၏အကြောင်းပြချက် ရှင်းလင်းချက်ကို လက်မခံ၊ သူတို့ချင်း ပြောနေကြတာ “ဟုတ်လို့သာ မခံနိုင်တာပေါ့” ဟု ဆိုပြီး ချစ်ယောက္ခမသည် ဒေါသတကြီး ခုန်ပေါက်၏။ ခြေရင်းအိမ်က သူ့မောင်နှင့် သူ့ယောက်မ ကြားအောင်အော်တတ်၏။ ယင်း၌ ကုလသမဂ္ဂက စစ်များရောက်လာတတ်၏။ နှုတ်စစ်တွင် ယောက်မကဝင်တိုက်၏။ သူတို့ရေပက် မဝင်အောင်ပြောနေသည်ကို မခံမရပ်နိုင်လွန်း၍ ပေါင်းတည်သားသတ္တိနှင့် လက်သီးလက်မောင်း တန်းအံ့။ ကျွန်တော့်ကိုယ်ကာယ၏ သုံးဆမျှရှိသော သူ့မောင်ရောက်လာမည်တည်း။
ဘာမျှပြောစရာမရှိ။
သည်လို အခြင်းအရာတွေမြင်၍ ကျွန်တော်ငြိမ်နေလျှင်ကား
“အင်း... ဒီကောင်မျိုး ဟုတ်လို့သာ ခေါင်းငုံ့နေတာပေါ့...”
ဒီတော့ ကျွန်တော်မှာ မိန်းကလေးတယောက် ယူမိပါ။ ဝံပုလွေ၏ ချောင်းရေကိုသောက် မိသော သိုးငယ်ကလေးဖြစ်နေပါ၏။
ဤသို့ သားအမိတွေ တိုက်စစ်ဆင်၍ ယောက္ခမမုန်တိုင်းကျနေသော ကာလ၌ကျွန်တော့် ကိုထမင်းဟင်း ခူးခပ်ပေးခြင်းမရှိတော့။ အဝတ်အစား ပြင်ပေးခြင်းမရှိတော့။ တခါတရံ၌ ဝှက်၍ပင် ထားသည်။ သားသမီးတို့အား ကျွန်တော့်အနားမကပ်ရန် ဆုံးမ၏။ နင်တို့အဖေ မဟုတ်ဟု ကြွေးကြော်၏။
ယင်းသို့ ကြုံတွေ့ရဘူးပေါင်း များလတ်တော့ ကျွန်တော့်မှာလဲ ရိုးနေပြီ။ သူတို့ပြုမူချက် ကို တယ်ပြီး ဂရုမစိုက်နိုင်တော့။ ထမင်းကို ကိုယ့်ဟာကိုယ်ခူးခပ်စားချင်စား၊ မစားချင်တခြားစား။ အိပ်ရာကထလျှင် လေချွန်မပျက်၊ ပေါင်ဒါရိုက် အချိန်မှန်၊ အဝတ်အစားလဲပြီး ကျွန်တော်၏ စာရေးစာပွဲရှိရာ တအိမ်ကျော်က “နာနီ” ဂေဟာသို့ ဆင်းခဲ့၏။
ညမှောင်မှောင် အရက်မူးမူးကလေးနှင့် အိမ်ပြန်သွားတော့ သူတို့ မပြောရဲ။ နံနက်ပွဲမှစ ၏။ သို့သော် ဤအခါ၌ ကျွန်တော်က နကမ္ပတိ။ တခါတရံ၌ သူတို့မခံနိုင်အောင်
“ကျွန်တော် အလွန်ပျော်တာ၊ ချစ်သူကလေးရဲ့ ပြန်စာရလို့သာ နေချင်တာလာတာ တာတာ...”
သီချင်းပင် ကျူးရင့်ခဲ့သေး၏။
ဤအခါမျိုး၌ သူတို့မချုပ်တည်းတော့။ လှေကားကိုခြေသံပြင်းပြင်းနှင့် ဒုန်းစိုင်းလာကြ ပြီး
“အိမ်ပေါ်က ဆင်းသွားအပြီးပြန်မလာနဲ့”
ဟု တိုက်ရိုက်နှင်ကြတော့၏။ သည်တော့လဲ ကျွန်တော်က လေအေးနှင့်ပင်...
“ခင်ဗျား ခုခေတ်ကြီးမှာ အိမ်ရှင်နဲ့ အိမ်ငှားတောင် နှင်တိုင်းမသွားဘူးဗျ။ ဆလာမီပေးလို့ ကြေအေးမှကြွတာ၊ အခု ခင်ဗျားတို့နဲ့ ကျွန်တော်နဲ့က ယောက္ခမနဲ့သမက်၊ လင်နဲ့မယား နှင်လို့ သာ သွားရမယ်ဆိုရင်ဖြင့် ရာဇဝင်ဆိုး အမျိုးလူကဲ့ရဲ့ တော့မပေါ့အမိတို့ရယ်”
သည်လိုပြောပြီး ချစ်ယောက္ခမအံကြိတ်၍ ခုန်လိုက်သောအသံ ဘဝဂ်သို့ မလျှံမီ အမြန်လစ် ရပါ၏။
“နေပါအုံး ကျွန်တော်သွားတော့၊ ကျွန်တော့်ခလေးတွေ ဘယ့်နှယ်လုပ်မလဲ၊ ခေါ်သွားရ မလား...”
ဟုမေးဘူး၏။ သည်တော့
“မခေါ်သွားရဘူး၊ နင်အဝေးကနေ စားစရိတ်ပို့ရင်ပို့ မပို့ရင် ငါတို့ ဆွေမျိုးထဲက လူတွေမွေးစားဘို့ ပေးပစ်လိုက်မယ်...” ဟုဆို၏။
သည်တော့ ကျွန်တော့်မှာ မိမိရင်သွေးတွေကို အဘယ်လျှင် သူများလက်ပေးအပ်နိုင်ပါ အံ့နည်း။ ကျွန်တော့်မှာ ယောက္ခမကြောက်တာနဲ့ သားသမီးစွန့်ခွာ သွားလောက်အောင် သတ္တိ ကြောင်သူလည်းမဟုတ်ပါ။ ဤသို့ဆိုလျှင် မိတ်ဆွေက
“မင်းမယားမင်းခေါ်သွားပါလား”
ဟု ပြောဘို့ရှိ၏။
သူတို့သားအမိက သမီးတခု၊ မအေတခုမို့ တသက်မခွဲတဲ့ခင်ဗျာ။
စင်စစ်မှာ ကျွန်တော့်ဘဝသည် အလွန်ပင်စိတ်ညစ်ဘွယ်ကောင်းပါ၏။ သို့သော် ကျွန်တော် စိတ်မညစ်တော့ချေ။ နကိုဗီဇအတိုင်း ပျော်ရွှင်လျက်ပင်ရှိပါ၏။ ဤသည်လည်း ကျွန်တော်မှာ အများလူတို့ထက် ထူးခြား၍မဟုတ်ပါ။
ဥပမာပြရလျှင် မိတ်ဆွေအိမ်သည် အလွန် နားငြီးဘွယ် ကောင်းသော စက်ရုံကြီးအနီးမှာ ရှိသည်ဆိုပါတော့။ ကြားနေကျဖြစ်သော မိတ်ဆွေမှာ ၎င်းစက်ရုံကြီး က အသံရပ်နားနေလျှင်ပင် အိပ်မပျော်ဖြစ်တတ်သည်မဟုတ်ပါလား။
ထို့အပြင်လည်း ကျွန်တော့် ချစ်ယောက္ခမနှင့် ချစ်ဇနီး၏ တိုက်စစ်မှာ မည်မျှပင်ပြင်းထန် နေပါစေ၊ ပြေငြိမ်းမည့် နေ့ရက်ကို ကျွန်တော် သိပြီးဖြစ်ပါ၏။ အခြားမဟုတ်၊ ကျွန်တော်ဝတ္ထု ရေးခရ၍ ငွေစ,အပ်သော အချိန်ပင်တည်း။ သို့မို့ကြောင့် ကျွန်တော်သည် ဤအခါမျိုးဆိုလျှင် ပို၍ ဉာဏ်ရွှင်၏။ ပို၍လက်သွက်၏။ ကျွန်တော့်စိတ်အာရုံမှာ တခါတခါ ကျွန်တော့်ကိုယ် ကျွန်တော် အလွန်ပင် ပစ္စည်းဥစ္စာချမ်းသာ၍ ဘာမျှပူပင်စရာမရှိသော ပေါ်အူး၏ဆရာ သူဌေး ကလေး အေးဆွေလုပ်လိုက်၏။ ဂေါ်မစွံသော်တာဆွေ ဇာတ်လမ်းထွင်လိုက်၏။ မေ့ရည်းစား သော်တာဆွေ ဖန်တီးလိုက်၏။ ကျွန်တော့်ဇာတိ ဌာနေသတိရသောအခါ၌ ဟစ်တလုံးအဖေ ကိုတက်ပု ဇာတ်ကွက်ဖော်လိုက်၏။ လူပျိုဘဝ ကြုံတွေ့ခံရသည်တို့ကို ကျော်စံကေး-ဖြတ်စ လုပ်ခဲ့၏။
ဘယ့်နှယ်တုန်း၊ ကိုယ့်ဘဝကိုယ် မတင်းတိမ်လျှင် ကိုယ့်စိတ်ဒုက္ခရောက်ဘို့သာ ရှိတော့ မပေါ့။
ဒီတော့ “ မင်းကကော ဖြစ်သလို ပျော်တတ်လို့ ဟုတ်ပါပြီတဲ့။ ကွာ... မင့်မိန်းမကော စိတ်ချမ်းသာမှု ရှိရဲ့လား...” လို့ မေးအံ့။ မရှိပါ၊ နဲနဲကလေးမျှမရှိပါ။ ယခုအိမ်က နို့စို့ကလေးနှင့် ထွက်ပြေးရသည်အထိပင်ဖြစ်ပါသည်။
အဘယ်ကြောင့်နည်း
“လောက၌ လူတို့သည် မိမိစိတ်ချမ်းသာမှုကို မိမိကိုယ်ကမွေးတတ်မှမိမိရ၏။ မမွေးတတ် လျှင် ရွှေဘုံပေါ်မှနေရပါစေ၊ ထိုသူ ဆင်းရဲ့အံ့”
ဟု ကျွန်တော် ဆိုချင်ပါသည်။
ဆယ်နှစ်ကျော် ပေါင်းခဲ့ပြီးဖြစ်သော ကျွန်တော့်ဇနီး၏ စိတ်ဓါတ်ကို ကျွန်တော်ကောင်းကောင်းသိသည်။ အလွန် စိတ်အားငယ်တတ်၏။ ကြောက်တတ်၏။ စိုးရိမ်တတ်၏။ လူတန်းစေ့ စဉ်းစားဉာဏ်မရှိ။ အူ၏။ ထူ၏။ အူ၏။
ဒါကိုသူ့အကြောင်း ကောင်းကောင်းသိသူအားလုံးက ထောက်ခံသည်။
လင့်အလုပ်ကိုနားလည်လိုက်ပုံကော ကြည့်ပါအုံး။ ကျွန်တော် တခါတရံအိမ်မှာ အခန်းထဲ ဝင် စာရေး၍
“ဟေ့ ငါစာရေးနေတုန်း ထမင်းစားလဲ လာမခေါ်နဲ့၊ ကော်ဖီလဲ လာမပို့နဲ့၊ ငါ့ဟာ ငါ ဆာမှ ထွက်စားမယ်နော်”
ဟု မှာထား၏။
ဤအတိုင်းတော့ လိုက်နာပါသည်။ သို့သော်ကလေးငို ၍ သူချော့မရသောအခါတို့၌ ကလေးကြီးအခန်းထဲ ဆွဲသွင်းလာကာ...
“ရော့တော့ ရှင်နဲ့မွေးတဲ့ခလေး ရှင်လဲထိန်းအုံး တကိုယ်ကောင်းချည်း ကြံမနေနဲ့”
မိတ်ဆွေက ကျွန်တော်မှာ စာရေးဆရာမို့ အိမ်တွင် စာအုပ်စင် စာအုပ်ဘီရိုနှင့် ကျကျ နန ရှိလိမ့်မယ်ထင်ပါသလား။ လွဲချေတော့မည်။ ကျွန်တော် အိမ်ယူလာသမျှ စာအုပ်ဆို သူ့ ကလေးတွေအတွက် ကစားစရာလုပ်ပစ်၏။ ဘယ်စာအုပ်မဆို ဘယ်နေရာမှာ ထားထား ကလေး တောင်းလျှင် ငိုလျှင် မဆိုင်းခဏပင် ယူပေး၏။ ကလေးတို့ကား ပထမအရုပ်ကြည့်ပြီး၊ ဒုတိယလု၍ တတိယဆုတ်ပစ်၏။
ကျွန်တော့်မိန်းမကား ဤကိစ္စကို ဘယ်လောက်ပြောပြော ဘယ်တော့မှမမှတ်။ ထပ်တလဲ လဲပင်။
သူကား စာပေနားလည်ဘို့ နေနေသာသာ။ မြန်မာစာမှ ကောင်းစွာမဖတ်တတ်။ ဖတ်ရန် လည်း မလေ့ကျင့်။ ဝါသနာလည်းမထုံ။
လူမှုရေးရာတွင်လည်း ကျွန်တော့်မှာ လူငယ်စာရေးဆရာတို့ဘာဝ ကလောင်မိတ်ဆွေမ, ကလေးတွေရှိနေသည်ကို နားမလည်၍ခွင့်မလွတ်ချင်နေပါစေ။ သို့သော် ကျွန်တော့်၌ ပြစ်မှု တစုံတခု စွပ်စွဲစရာတွေ့အံ့။ ပထမသူက ကျွန်တော့်ကိုမေးရမည် မဟုတ်ပါလား။ ကျွန်တော်က ထုချေရမည်။ ကျွန်တော့်ဖြေရှင်းချက်ကို မကျေနပ်မှသာ အထက်ခုံရုံးဖြစ်သော သူ့အမေ၊ သူ့ဦး လေးတွေတိုင်။ လင်မယားတွေ ပြဿနာဟာ ဤလမ်းစဉ်အတိုင်း သွားရမည်မဟုတ်ပါလား ခင်ဗျာ။ ယခုတော့ ဘယ်သောအခါမျှ ကျွန်တော့်ဆီက လျှောက်လဲချက် မတောင်းခံ။ သူ့အမေ ခုံရုံးသာ တခါထဲ တင်ပစ်လိုက်တော့၏။
သူ့အမေကား သာမန်မျက်စိဖြင့် မမြင်နိုင်သော ရောဂါပိုးတို့ကို ခြေလက်အင်္ဂါအစုံ အလင်နှင့် ထင်ရှားအောင် ပြနိုင်စွမ်းသော မိုက်ကရိုစကုတ်ခေါ် မှန်ဘီလူးကဲ့သို့ ဉာဏ်မျက်စိ မျိုးရှိသည်ဟု သူ့ကိုယ်သူ ယုံကြည်သူ ဖြစ်ခြင်းကြောင့် ခင်ဗျားတို့ကျွန်တော်တို့ မမြင်နိုင်စွမ်းသော ကိစ္စကို သူ့ခုံရုံးတွင် ထင်ရှား၍ ဝက်ပက်သော အမှုကို ဆင်ထိုးမှုဖြစ်သည်။ သိဟောင်း ကျွမ်းဟောင်း တွေ့သဖြင့် လမ်းတွင်ပြုံးပြမိသည်တို့ကို လင်ငယ် မယားငယ်နေမှုဖြစ်သည်။ အပျိုကလေး တယောက် ရည်းစားစာအပေးခံရပြီး နေထိုင်မကောင်းဖြစ်လျှင် ကိုယ်ဝန်ဖျက်ချရပြီဖြစ်သည်။
ထို့ကြောင့် ကျွန်တော့်အကျီအိတ်ထဲ၌ မေအေး၏ရုပ်ရှင်ပြဘို့ ချိန်းစာတွေ့သွားသည်ကို “ခလေးတယောက်ပင် ရလောက်ပြီ” ဟု သူ့ခုံရုံးဖြတ်ထုံး၌ စီရင်ချက် ချလိုက်ဟန်တူသည်။ သားအမိနှစ်ယောက် ထိုညပင် အပြင်းအထန် တိုက်စစ်ဆင်ကြပါတော့သည်။
မိခင်။
“ဟင်... ရုပ်ရှင်မပြခင် ဘယ်လော်ဂျင်သွားမလဲ”
သမီး။
“သူ ညမှောင်မှပြန်လာတာ မာမီရဲ့”
မိခင်။
“အားနဲလာတယ်၊ သူအခုအိပ်ပြီ”
သမီး။
“ပိုက်ဆံဘယ်လောက်ကုန်လိုက်မလဲ မသိဘူး၊ ရုပ်ရှင်ဘယ်အတန်းကပြမလဲ”
မိခင်။
“ဝယ်ခြမ်းပေးရတာလဲရှိအုံးမှပေါ့”
သမီး။
“ကောင်မလေး ကျောင်းနေတာ တလတရာတော့ထောက်ရမှာဘဲ”
မိခင်။
“မကြာခင် ဒပ်ဖရင်ရောက်မှာပါအေ”
အင်း... ကျွန်တော်ယခုမှ စိတ်သက်သာရာရသွားသည်။ သူ့ခုံရုံးဖြတ်ထုံးတွင် ကျွန်တော် ထင်သကဲ့သို့ ခလေးတယောက်ရလောက်ပြီ မဟုတ်သေးတကား။ ဒပ်ဖရင် (သားဖွားရုံ ) ပို့ဘို့ လမ်းစဉ်လောက်ပင် ရှိသေးသည်။ တော်သေးတာပေါ့။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine


Comments
Post a Comment