အိုးလှေ // ခင်ခင်ထူး
အိုးလှေ // ခင်ခင်ထူး
(ကလျာမဂ္ဂဇင်း၊ ၂၀ဝ၁ခုနှစ်၊ နိုဝင်ဘာလ)
---
အေးမြကြည်လင်သော စိတ်နှလုံးဖြင့် အဘိုးအိပ်ရာကနိုးလာသည်။ မြေးနှစ်ယောက် နိုးမည်စိုးသဖြင့် ကဲလားတံခါးကို အသာအယာ ဖွင့်ပြီး သစ်သားချောင်းကလေးဖြင့် ထောက်တင်လိုက်သည်။
လေပြေတွေက ကဲလားတံခါးပေါက်ကနေ တစ်ထွေးကြီး ဝင်ချလာသည်။ မနက်ခင်း၏ရှေ့တော်ပြေး ရောင်နီဦးက လောကအပေါ် လှလှပပယှက်သန်းလာကြပြီ။ သာယာညင်းပြောင်းသော လေပြေတနွဲ့နွဲ့ကြားမှ သစ်ရွက်ခတ်သံ၊ ငှက်ကလေးတွေ နိုးထသံ ညိုးညိုးညံညံတို့က ကျက်သရေမင်္ဂလာအပြည့်ဖြင့် လောကကို နှုတ်ခွန်းဆက်သလာကြသည်။ မှုန်ပျပျ မြူခိုးတွေကြားမှာတော့ မြေသင်းရနံ့တို့က လှိုင်နေသည်။
အဘိုးက လှေတဲထောင့်မှာ ဆောင့်ကြောင့်ထိုင်ရင်း ပြောင်းဖူးဖက် လိပ်ကြီးကို မီးညှိပြီး ဖွာလိုက်သည်။ မနက်ခင်း၏ ရာသီဥတုနှင့် ကောင်းကင်ကို အကဲခတ်ရင်း အဘိုးမှာ သံသယဖြင့် ကျေနပ်သွား၏။ သည်ကနေ့ လှေကလေး ခရီးတွင်တော့မည်ထင်၏။
ဧရာဝတီမြစ်ရေပြင်ကတော့ ခါတိုင်းနှင့်မတူ။ အထူးပင် ငြိမ်သက်နေသည်ကော။ လေငြိမ်သောကြောင့် လှိုင်းမရှိသော်လည်း ကမ်းစပ်မှာတော့ လှိုင်းအိကလေးတွေ တစ်ပက်ပက်နှင့် ရိုက်ခတ်လို့နေသည်။ မြစ်လယ်မှာတော့ ဗေဒါဒိုက်တွေ၊ရေမြှုပ်တွေက လွတ်လွတ်လပ်လပ်ကြီး စီးမျောနေပါသည်။
အဘိုးသည် တစ်အောင့်လောက် ဆေးထိုင်ဖွာပြီး ခံတွင်းချဉ်ပြေ လောက်တော့မှ မြေးနှစ်ယောက်ကို နှိုးလိုက်သည်။ အိပ်မှုန်စုံမွှားကြားက လှေပေါ်ဖြာကျနေသော ရောင်နီအလင်းတန်းကို မြင်လိုက်တော့ မြေးတွေလှေဝမ်းထဲက ငေါက်ခနဲ ထ,ထိုင်လိုက်ကြသည်။
“နေတောင်မြင့်သွားပြီလားမသိဘူးနော် အဘိုး”
“မမြင့်သေးပါဘူးကွယ်၊ အဘိုးတို့လှေကလေးဆန်ဖို့ရာ အချိန်ကောင်းပဲ”
ပြောပြောဆိုဆို အဘိုးက ကမ်းစပ်ကိုဆင်းပြီး လှေကလေး၏ ထိပ်ဆံကြိုးကို ဖြုတ်သည်။ ရေထဲ ခါးတစ်ပိုင်းဆင်းပြီး လှေကလေးကို ပခုံးဖြင့် မပြီး တွန်းချလိုက်သည်။ ထို့နောက် လှေကလေး လက်ရမ်းကို လက်ဖြင့် လှမ်းဆွဲပြီး လှေဝမ်းကို ခြေထောက်ဖြင့် ကျားကန်တက်လိုက်သည်။ လှေပေါ်ရောက်တော့ ပေါင်းမိုးပေါ်အလျားလိုက် တင်ထားသော ထိုးဝါးကို လှမ်းယူ၍ ကမ်းဘက်ဆီ လှမ်းထောက်လိုက်သည်။ ထိုးဝါးကို လက်နှစ်ဘက်ဖြင့် ဆုပ်ကာ ရင်ဘတ်ဖြင့်ခံ၍ တစ်ချက်ဆောင့် အတွန်းမှာတော့ လှေကလေး ကမ်းကကွာသွားလေသည်။
မြစ်ခြေမှ ကပ်၍ အဘိုးတို့လှေကလေး ဆန်တက်လာခဲ့သည်။ လေမရသဖြင့် ရွက်ထည်ကို သည်အတိုင်းသာ ပုံချထားရသည်။ ရေစီးနှုန်းကို အံတုပြီး လှေကလေးကတော့ တလူးလူး တလိမ့်လိမ့် ရှေ့ကို ရွေ့နေသည်။
သည်နေရာမှာ မြစ်ကွေ့မြစ်ကောက်မရှိ။ စည်းတိမ်သောင်ပါးမရှိ။ စုတ်ဝဲ မှုတ်ဝဲမရှိ။ ပိုက်တန်းတွေမရှိ။ သဲသောင်ကမ်းပါးယံ အဖြောင့်ကြီးအတိုင်း ဆန်တက်ရသည်မို့ လှေကလေးက ခရီးတွင်လှ၏။
လှေဦးနှင့် လှေပဲ့တွင် မြေအိုးရဲရဲတွေ အမို့အမောက်တင်ထားသည်။ နေခြည်နုနုအောက်တွင် သဲကမ်းပါးယံ အဖြောင့်အတိုင်းကပ်၍ ဆန်တက်နေသော အိုးလှေကလေးမှာ မြစ်လယ်မှ လှမ်းမျှော်ကြည့်လျှင် ပန်းချီကားတစ်ချပ်နှင့်ပင် တူနေသေး၏။ လှေကလေးတွင် တက်မပါ၊ ရွက်မပါ။ အဘိုးက ထိုးဝါးဖြင့် သောင်ကိုထောက်၍ ထောက်၍ ပခုံးဖြင့် တွန်းသည်။ အဘိုးပခုံးသားတွေက ထိုးဝါးထက် မာကြောနေသည်။ သဲသောင်ထက်လည်း မာသည်။ ဒါကြောင့် လှေကလေးက ရေစီးကို လှန်နိုင်တာပဲ ဖြစ်သည်။ လှေနှုတ်ခမ်းသား ဘဲထောင့်သစ်သားခင်းကလေးမှာ တစ်တောင်သာသာလောက်ပဲရှိမည်။ အဘိုး၏ ခြေဖဝါးတွေက ထိုသစ်သားပြားကလေးပေါ်မှာ ခေါက်တုန့်ခေါက်ပြန် နင်းရင်း လှေကို တွန်းထိုးထိုးသည်။ အဘိုး နင်းလိုက်တိုင်း လှေကလေးမှာ ညွတ်ခါသွားတတ်သော်လည်း လျောခနဲ လျောခနဲ ရှေ့ကို တိုးကာ တိုးကာ ဆန်တက်နေလေသည်။
လှေကလေးထဲတွင် အဘိုး၏မြေးနှစ်ယောက်ဖြစ်သည့် မိတာနှင့် ဖိုးထောင်တို့ ပါသေးသည်။ ဖိုးထောင်က လှေဝမ်းထဲ ယိုစီးဝင်လာသော ရေတွေကို ဝါးဆစ်ခြမ်း ရေပက်ခွံဖြင့် ခပ်၍ သံပုံးထဲ တစ်ဆင့်ထည့်သည်။ သံပုံးရေပြည့်သွားလျှင် ဆွဲမ၍ လှေနံကို ကျော်ပြီး မြစ်ထဲကို ရေတွေ ဗွမ်းခနဲ လောင်းသွန်ချရသည်။ ထို့နောက် ရေပက်ခွံကို ပြန်ကိုင်ပြန်သည်။ ရေတွေကို ခပ်ကာ သံပုံးထဲထည့်ပြန်သည်။ သံပုံးပြည့်တော့ ဧရာဝတီမြစ်ထဲ သွန်ချလိုက်ပြန်သည်။ ဒါက ဖိုးထောင်၏ နိစ္စဓူဝ လုပ်နေကျအလုပ်၊ ရေတွေ ဝင်လိုက် ထွက်လိုက် ဘာကြောင့် ဖြစ်နေရသလဲဆိုတာကို ဖိုးထောင်က စဉ်းစားနေသည် မဟုတ်ပါ။ သူ့အလုပ်က လှေကလေး ထဲဝင်လာသော ရေတွေကို မြစ်ကြီးထဲ ပြန်ပို့လိုက်ဖို့ပဲဖြစ်သည်။ တစ်နေ့တစ်နေဖိုးထောင် ရေသွန်ရသည့် ရေပုံးအရေအတွက် တစ်ရာ နှစ်ရာမကပါ။
မိတာကတော့ အိုးခြမ်းကွဲ ထင်းမီးဖိုကို ဝါးမီးပြောင်းဖြင့် တဖူးဖူးမှုတ်ရင်း ထမင်းအိုးတည်သည်။ ထမင်းအိုးကျက်လျှင် အဘိုးအတွက် ရေနွေးတစ်အိုးကျိုမည်။ ပြီးလျှင် မနေ့ညက ငါးဇင်ရိုင်းကလေး ငါးကောင် ဆားနယ်ထားတာကို မန်ကျည်းရွက်နုကလေးအုပ်၍ ချက်မည်။ ပြီးတော့ ပဲနီပြားကလေးတစ်အိုး ပျော့အိလာအောင် ပြုတ်မည်။ နှစ်ရွာ သုံးရွာကျော်လျှင် အဘိုး မောရော့မည်။ သည်အချိန်လောက်ဆို ထမင်းဟင်းကျက်မှာနှင့် အံကျလောက်ကျလိမ့်မည်။
နေရောင်က အရှေ့ဘက် ရွာတန်းရှည်တွေပေါ်ကို ထွေးထွေးသိပ်သိပ် ကျရောက်နေသည်။ မြစ်ပြင်မှာတော့ ဓားနှင့် ထက်ခြမ်းခွဲထားသလို တစ်ခြမ်းက ငွေရောင်လက်နေပြီး တစ်ခြမ်းက ခဲသားရောင်ပြေးနေသည်။ တိမ်မျှင်တစ်စက်တလေ မရှိပါဘဲလျက် နေလုံးကြီးက ဝေဝါး၍နေတာကိုတော့ အဘိုးမကြိုက်လှပါ။
“အင်း ... သည်ကနေ့ နေထွက် မရှင်းဘူးကွယ့်၊ လေကျလိမ့်မယ် ထင်တယ်”
အဘိုးက နေလုံးကို မော့ကြည့်ရင်း ပြောသည်။ သဘာဝလောကကို အကဲခတ်ပြီး မိုးလေကို ခန့်မှန်းနေပုံက အဘိုး၏ လှေသမားဘဝ အတွေ့အကြုံနှင့် သက်တမ်းကို ပေါ်လွင်စေသည်။ အဘိုးနှင့် ဧရာဝတီ၊ ဧရာဝတီနှင့် အဘိုး၊ ရင်ဘတ်နှင့်ကျောလို ရှိခဲ့တာ ကြာပါပကော။ အဘိုး ငယ်စဉ်ကတည်းက အသက်ခြောက်ဆယ်ကျော်သည်အထိ သည်ရေ၊ သည်လှေနှင့် လူးလာခေါက်တုံ့ ရှိခဲ့ရသည်။ ဇနီးနှင့် သမီးတို့ကိုလည်း သည်လှေနှင့် လုပ်ကျွေးခဲ့သည်။ သူတို့သားအမိတစ်တွေ အဘိုးကို ကျောခိုင်းသွားတော့လည်း သမီးကမွေးတဲ့ သည်မြေးကလေးနှစ်ယောက်က သူ့ရင်မှာ အလိုလို ခိုလှုံလျက်သား ဖြစ်သွားသည်။ အကြီးမ မိတာဆယ့်လေးနှစ်၊ အငယ်ကောင် ဖိုးထောင် ဆယ့်နှစ်နှစ်။ အဘိုးရဲ့လှေဝါက နည်းရောတဲ့လား။
နေထန်းတစ်ဖျားသာသာလောက်ရောက်တော့ လေက ရိုင်းစပြု လာခဲ့ပြီ။ အဘိုး၏ ပုဆိုးဟောင်း ပျော့ပျော့ကလေးမှာ လေရိုက်ခတ်မှုကြောင့် တလွင့်လွင့်ခါလျက်၊ မြစ်ပြင်မှာ လှိုင်းလုံး လှိုင်းဖျားတွေခေါင်းထောင်လာလျက်။ လှိုင်း၏ အဟန့်အတားကြောင့် လှေကလေးမှာစောစောတုန်းကလောက် ခရီးမတွင်တော့။ အဘိုးက ပိုပြီး အားစိုက်တွန်းနေရသည်။ လှေဦးမှ ပဲ့ဖျားဆီ ခေါက်တုန့်ခေါက်ပြန် လျှောက်နေရသောအဘိုးခြေလှမ်းတွေပင် နှေးစပြုလာပြီ။ အသားမာတက်နေသော အဘိုး၏ပခုံးသားတွေကလည်း နာကျင်စပြုလာပြီ။ ပဲ့ဖျားအရောက်မှာတော့ခေါင်းပေါင်းပုဆိုးကလေး ဖြည်ကာ ချွေးသုတ်လိုက်သောအဘိုးကို မိတာလှမ်းမြင်လိုက်ရသည်။
“ရှေ့ရွာကျရင် နားရအောင်နော် အဘိုး”
ဖိုးထောင်က ကြက်စူးဝါးကို သေချာသွားအောင် တင်းပုတ်ဖြင့် ထပ်ရိုက်လိုက်သည်။ ဆယ့်နှစ်နှစ်အရွယ်အားနှင့်မတူ။ ဖိုးထောင်၏ ရိုက်ချက်ဖြင့် ကြက်စူးဝါးက သဲပြင်ထဲ နစ်ဝင်သွားသည်။ ရေထဲသို့ ကိုယ်တစ်ပိုင်းဆင်းကာ လှေကလေးကို ကမ်းဘက် ဆွဲကပ်လိုက်သည်။ အဘိုး လှမ်းပစ်ပေးသော လှေထိပ်ဆံကြိုးကို ဖမ်းယူ၍ ကြက်စူးဝါးတွင် လေးငါးရစ် ပတ်ကာ ဘူးလည်သီးခတ်ချည်လိုက်သည်။ လှေကလေးကမ်းမှာ နေရာကျသွားတော့ ကုန်းပေါ်ပြေးတက်ပြီး ရွာဆီကို လှမ်းမျှော် ကြည့်လိုက်သည်။
“ရွာက ကမ်းနဲ့တော်တော်လှမ်းတာ အဘိုးရ”
သဲကုန်းကြီးခြားနေသောကြောင့် လှေပေါ်မှနေ၍ ရွာကလေးကို မတွေ့နိုင်ပါ။ သဲကမ်းပါးယံကို ခိုတွယ်ထားသော အိုးလှေကလေးကိုလည်း ကုန်းပေါ်မှ ကြည့်၍ မမြင်နိုင်ပါ။ သို့သော် သည်နေရာကလေးက လေကွယ်သည်။ တော်ရုံတန်ရုံလေလောက်တော့ ကြံ့ကြံ့ခံထားနိုင်သည်။
“ဟေး ... ဖိုးထောင် ထမင်းစားရအောင်လေ”
ဖိုးထောင်က မိတာကို လက်လှမ်းပြသည်။
“အဘိုး နားပါစေဦးဟာ၊ ငါ ရွာဘက် သွားကြည့်လိုက်ဦးမယ်”
“သိပ်မကြာစေနဲ့နော် ငါ့မြေး။ လေငြိမ်ရင် ဆန်ကြရအောင်”
မိတာက အဘိုးအတွက် မြေခရားအိုးကလေးထဲသို့ ရေနွေးခပ် ပေးလိုက်သည်။ ပြီးတော့ မီးဖိုကလေးကို ဝါးမီးပြောင်းဖြင့် လေကုန်းမှုတ် လိုက်၏။ လှေဝမ်းထဲမှာ ပြာမှုန့်တွေ ဝဲလွင့်နေသည်။
“မြေး လေတိုက်တယ်ကွယ့်၊ ဘာချက်နေတာလဲ”
“ပဲနီပြားကလေး ပြုတ်ထားတာပါ အဘိုး၊ သိပ်မအိသေးလို့”
“မအိသေးလည်း ရပါတယ်ကွယ်။ အဘိုးသွားတွေက ဝါးနိုင်ပါသေးတယ်ကွယ့်”
မိတာက အဘိုးကို လှမ်းကြည့်လိုက်သည်။ တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော ဆံပင်များအောက်မှာ အရေးအကြောင်းတွေ လှိုင်းလို တွန့်နေသည်။ အဘိုး၏ ညိုမည်းမည်းမျက်နှာဆီမှာ လေတွေ ထန်နေသည့်ကြားက ချွေးသီးချွေးပေါက်တွေ စီးကျနေသည်။ ပခုံးနေရာတွင် ကွက်၍ စုတ်ပြဲနေသော အဘိုး၏ စွပ်ကျယ်ပေါက်ကြားမှ အသားမာကြီးတွေက ဖီးထရွတ်တွလို့နေသည်။ ထိုအသားမာ အရွတ်ကြီးပေါ်မှာ ထိုးထောင်နေသော အမွေးကြမ်းများ။ မိတာသည် ဝဲတက်လာသော မျက်ရည်စတွေကို မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ခါထုတ်လိုက်၏။ မိတာ လူမှန်းသိစအရွယ်ကတည်းက ဧရာဝတီမြစ်ရိုးမှာ လှေထိုးစားခဲ့သော အဘိုးသည် မိတာ အသက်ဆယ့်လေးနှစ်အရွယ်အထိ အဘိုးက လှေထိုးနေရတုန်း။ အဖေ အမေ မရှိတော့တဲ့ မိတာတို့မောင်နှမအဖို့ အဘိုးသည် အဖေ၊ အဘိုးသည် အမေ၊ အဘိုးသည် အဘိုး ဖြစ်လေသည်။
ခဏနေတော့ ဖိုးထောင် ရွာကလေးဆီက ပြန်ရောက်လာသည်။
“အဘိုးရေ ရွာက သိပ်တော့မကြီးဘူးဗျ၊ အိုးတက်ရောင်းဦးမလား”
အဘိုးက တစ်ချက် တွေစဉ်းစားရင်း ကောင်းကင်ကို မော့ကြည့်သည်။
“အင်း လေမိုးအခြေအနေ ကြည့်လို့ပေါ့ မြေးရယ်၊ နေမဝင်ခင် ပန်းညိုရွာကို ရောက်မှဖြစ်မှာ။ အိုးအတွက်တော့ မပူပါနဲ့ကွယ်။ အဘိုး တို့ဖောက်သည်ရွာတွေနဲ့တင် ပြတ်ပါတယ်။ ကဲ ... လာလာ ထမင်းစားကြရအောင်“
လေကလေး တသုန်သုန်၊ လှိုင်းကလေး တလှုပ်လှုပ်၊ ပြာကလေးတလွင့်လွင့်ကြားမှာ ထမင်းဝိုင်းကလေးက အငွေ့တထောင်းထောင်းနှင့်။
“လေက စဲမယ့်ပုံမပေါ်ဘူးနော် အဘိုး၊ ကျုပ်တို့ ရွက်တိုက်ဆန် ကြမလား”
စားသောက်ပြီး အဘိုးက ပြောင်းဖူးဖက်လိပ်ကြီးကို ဖွာရှိုက်ရင်း စနေထောင့်ဆီကို ငေးငေးရီရီ လှမ်းကြည့်လိုက်သည်။ မိုးကောင်းကင်တစ်ခုလုံး အနက်ရောင်သင်တိုင်းကြီး အုပ်ထားသလို ညိုမှောင်လို့နေသည်။ စနေထောင့်ဆီက ခပ်မည်းမည်း မိုးခဲကြီးကို အဘိုး ခန့်မှန်းကြည့်နေပုံရသည်။ အဘိုး ကြည့်နေဆဲမှာပင် ခဲသားရောင် တိမ်လိပ်တွေက လှေကလေးပေါ်က အပြေးအလွှား ဖြတ်ကျော်နေကြသည်။
“မိုးသက်လေ လာနိုင်တယ်ကွ။ ရွက်တိုက်လို့ မထိန်းနိုင်ရင် အိုးလှေကလေး ကတိမ်းကပါး ဖြစ်နိုင်တယ်”
မိတာကတော့ စားပြီးသောက်ပြီး အိုးခွက်ပန်းကန်တွေကို သဲစပ်စပ် မြစ်ကမ်းခြေတွင် ဆေးကြောတိုက်ချွတ်နေသည်။ မိတာခေါင်းထဲမှာတော့သည်တစ်ခေါက် မြို့ဆိပ်ကမ်းရောက်လျှင် ထဘီကလေးတစ်ထည် ဝယ်ပေးဖို့ အဘိုးကို ပူဆာမည်ဟု တွေးထားသည်။ မိတာရဲ့ ထဘီကလေးကဟောင်းလှပြီ။ သည်တပေါင်း ရွာဘုရားပွဲမှာ ထဘီအသစ်ကလေးတစ်ထည်လောက်တော့ မိတာ ဝတ်ချင်သည်။
“ရွက်တိုက်ဆန်မရတဲ့အတူတူ ကျုပ်တို့ရွာပေါ်ကို အိုးတက်ရောင်း ရအောင်လား အဘိုး”
“အင်း...”
အဘိုး စဉ်းစားသည်။ မိုးသက်လေမလာခင် ရွာကလေးဆီ ပြေးရောင်းလျှင်တော့ ရနိုင်ပါသေးသည်။ အိုးတစ်လုံးလျော့တော့လည်း တစ်လုံးအကွဲသက်သာမည်။
“ကောင်းသားပဲကွ။ မင်းနဲ့ငါ့ သွားကြတာပေါ့”
ဖိုးထောင်က အနားရောက်လာသော မိတာကို အဖော်စပ်ကြည့်သည်။
“အစ်မ နင်လိုက်ခဲ့ပါလား၊ အဘိုး နားရတာပေါ့”
အဘိုးက ပြုံးလေ၏။ သည်မြေးကလေးနှစ်ယောက် ရှိနေတာ အဘိုးအတွက် အင်အားပဲဖြစ်သည်။ သင်းကလေးတို့က အဘိုးကို သိတတ်လေ အဘိုးက သူတို့ကို ချစ်ရလေမဟုတ်လား။
“မိတာ မလိုက်ပါစေနဲ့ကွာ၊ မင်းကလည်း ထုံးစံအတိုင်း မင်းနဲ့ငါ တစ်ထမ်းစီပေါ့”
ပြောပြောဆိုဆို အဘိုးက လှေပေါင်းမိုးပေါ်က ထမ်းဆိုင်းတွေကို ချသည်။ မြေဟင်းအိုး၊ ဘုရားညောင်ရေအိုး၊ မုန့်အိုးကင်းလေးတွေကို တစ်ဆိုင်း၊ သောက်ရေအိုးကြီးတွေကို တစ်ဆိုင်း မျှအောင်တင်သည်။ ပေါင်းချောင်းအိုးကလေးတွေကိုလည်း လေးငါးလုံး ညှပ်ဆိုင်းလိုက်သည်။
“ကဲ ... ဖိုးထောင် မင်း ဟိုဟင်းအိုးဆိုင်းကို ထမ်း၊ အဘိုး သောက်ရေအိုးကြီးတွေ ထမ်းမယ်။ မိတာ၊ အဘိုးတို့ သိပ်မကြာပါဘူး။ မိုးဆင်လေဆင်ကြည့်ပြီး ချက်ချင်းပြန်ခဲ့မယ် ဟုတ်လား။ ဪ ... ငါ့မြေး ရွက်ဖျင်ကလေး စုတ်နေတာ ဖာထားလိုက်ဦးနော်”
အဘိုးနှင့် ဖိုးထောင်တို့က ကမ်းပေါ်တက်သွားကြတော့ အိုးလှေကလေးထဲမှာ မိတာတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ရွက်ထည်ကလေးချုပ်ဖို့ပြင်လိုက်စဉ်မှာပင် လေက ပြင်းလာသည်။ စောစောက ငြိမ်သက်နေသော ဧရာဝတီမြစ်ပြင်တွင် လှိုင်းခေါင်းဖြူကြီးတွေ ထ,လာသည်။ လှေကလေးက သဲကမ်းပါးယံ အကွယ်မှာပေမယ့် ကြိုးတစ်ချောင်းလောက်တော့ ထပ်ချဦးမှ စိတ်ကူးမိ၍ မိတာက ကြက်စူးဝါး တစ်ချောင်းနှင့်တင်းပုတ်ကို ဆွဲယူကာ ကမ်းပေါ် ဆင်းလိုက်သည်။ ကြက်စူးဝါးကိုထိုးစိုက်ပြီး တင်းပုတ်ဖြင့် လွဲကာလွဲကာ ထုတော့ သဲစိုစိုတွင် ကြက်စူးဝါးကနစ်ဝင်သွားသည်။ လှေနောက်ကြိုးကို ယူပြီး ကြက်စူးဝါးမှာ ခိုင်ခိုင်ချည်လိုက်သည်။ ပြီးတော့ မိတာက သူ့လက်မောင်းကလေးကို ကွေးကြည့်ရင်း သဘောကျနေသည်။
“ဖိုးထောင်ရေ၊ နင့်လောက်တော့ ငါ အားသန်ပါတယ်ဟ”
မိတာက ဘယ်သူမှမရှိဘဲ သူတစ်ယောက်တည်း ပြောနေခြင်း ဖြစ်သည်။ သဲတွင်းထဲမှာ ပုစွန်လုံးကလေးတွေက ထွက်ချည် ဝင်ချည်နှင့် အလုပ်ရှုပ်နေကြသည်။ မြစ်ပြင်တွင် ငွေရောင်မရှိတော့၊ လှိုင်းဂယက် တွေကလည်း မိုးကောင်းကင်အရောင်အတိုင်း မည်းညို့လိုလာပြီ။ မြစ်သည် ချက်ချင်းကြီး မှိုင်းညို့သွားခဲ့ပြီ။
ခဏနေတော့ မိုးရွာလာလေသည်။
“လှေရှင်တို့ ဗျို့လှေရှင်တို့”
ရွက်ဖျင်ထည်ကို ဖာထေးနေသော မိတာမှာ မြစ်ဘက်ဆီက ခေါ်သံကြောင့် လန့်ဖျပ်သွားသည်။ မိုးစက်တဖျန်းဖျန်း ပက်နေတော့ လှေပေါင်းမိုးနှင့် ဆက်ထားသော ပီနန်အိတ်စပ်မိုးကာကလေးကို ချထားသည်။ ကဲလားတံခါးကိုလည်း သေသေချာချာ ပိတ်ထား၍ လှေကလေး ပေါင်းမိုးထဲမှာ မိတာတစ်ယောက် မိုးလုံ လေလုံ သက်သာရာရနေသည်။
“လှေရှင်တို့ ဗျို့လှေရှင်တို့”
အသံက အိုးလှေကလေး ပေါင်းမိုးထဲ မိုးသံလေသံကြားက ဝင်လာသည်။ မိတာက ချုပ်လက်စအပ်ကို ရွက်ဖျင်စမှာ ထိုးစိုက်လိုက်ပြီး မိုးကာကို မ၍ ကြည့်လိုက်သည်။ တံငါလှေကလေးတစ်စင်းက မိတာတို့ အိုးလှေဘေးမှာ ကပ်လာသည်။
“ဦးကြီး ငါးဖမ်းထွက်ရင်း မိုးမိလာလို့မိုးခိုပါရစေကွယ်”
တစ်ကိုယ်လုံး မိုးရေတွေ ရွဲနစ်နေသော တံငါသည် အဘိုးကြီးကို မိတာ တွေ့လိုက်ရသည်။ အင်္ကျီမပါသော သူ့ကျောပြင်ပြောင်ပြောင် ကြီးပေါ်သို့ မိုးသီးမိုးပေါက်တွေက တဖြောင်းဖြောင်း ရိုက်ခတ်ထိမှန်နေသည်။ ဖြူဖွေးသော မုတ်ဆိတ်ကျင်စွယ်တွေဆီက မိုးရေတွေ အတန်းလိုက် စီးကျနေသည်။ လှေကလေးက တကယ့်သေးသေးလေး။ လှိုင်းလုံးရိုက်အပင့်မှာ မြောက်ချည်ကျချည် ဖြစ်နေပြီး မိုးရေတွေရော မြစ်ရေတွေကပါ လှေကလေးထဲသို့အလုအယက် ဝင်နေကြသည်။ အဘိုးကြီးမှာ လေရိုက်ခတ်လိုက်တိုင်း ကိုယ်မှာ ယိမ်းထိုးနေတော့၏။
“အို ... ရပါတယ် ဦးကြီး လာပါ”
လှေပေါင်းမိုးထဲမှထွက်၍ မိတာက တံငါလှေကလေးကို ကြိုးကူချည်ပေးလိုက်သည်။ မိုးရေတွေ ရွှဲရွှဲစိုလျက်ဖြင့် တံငါသည်ကြီးက လှေပေါင်းမိုးကလေးထဲ ငုံ့ဝင်လိုက်သည်။ မိုးဒဏ် လေဒဏ်ကြောင့် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို တုန်ရီနေသည်။ မိတာက အဘိုးပုဆိုးကလေး ထုတ်ပေးသည်။
“နေပါစေကလေး၊ ဦးကြီး မိုးစဲရင် သွားမှာပါ”
ပြောရင်း ပုဆိုးရေစိုက ရေတွေ ညှစ်ပစ်လိုက်သည်။
“ရေနွေးသောက်ပါဦးလား ဦးကြီး၊ အချမ်းပြေတာပေါ့”
မိတာက ရေနွေးလင်ပန်းကလေးကို ချပေးလိုက်ပြီး ချုပ်လက်စ ရွက်ဖျင်ထည်ကိုပဲ ချုပ်နေလိုက်သည်။ အပြင်ဘက်မှာတော့ မိုးတွေက အားကောင်းနေဆဲ။
“မိန်းကလေးတစ်ယောက်တည်းလားကွယ့်”
“ဟုတ်ကဲ့ ဦးကြီး၊ အဘိုးတို့ကုန်းပေါ်ကို အိုးတက်ရောင်းကြတယ်”
“ဪ ... ဪ”
တံငါကြီးက ရေနွေးငှဲ့လိုက်ရင်း လှေကလေးထဲသို့ မျက်စိကစားကြည့်လိုက်သည်။ ဖျာကလေးတစ်ချပ်၊ စောင်ထုပ်တစ်ထုပ်နှင့် သေတ္တာအိုကလေးတစ်လုံး။ လှေဦးနှင့် လှေပဲ့မှာတော့ အိုးတွေက အမို့အမောက်နှင့်။ ခဏအကြာတွင် တံငါကြီးက အချမ်းပြေသွားဟန်တူပါသည်။ မိုးကာကို မပြီး အပြင်သို့ ခေါင်းပြူကြည့်လိုက်သည်။
မိတာကတော့ တံငါသည် ဘကြီးကို ထမင်းကျွေးရကောင်းမည်လား စဉ်းစားနေမိသေးသည်။ မိုးထဲလေထဲ ငါးဖမ်းထွက်လာရတာ ဆာရှာလိမ့်မည်။ ထမင်းက တစ်ခဲလားပဲ ကျန်တော့သည်။ အဘိုးတို့ပြန်လာလျှင် အဆာပြေ ပဲလှော်နှင့် ရေနွေးကြမ်းကလေးနှင့် စားကြဦးမှာလား။ မိတာ ကတော့ တံငါသည် ဘကြီးကိုပဲ ထမင်းကျွေးဖို့ဆုံးဖြတ်လိုက်သည်။
“ဟင် ...”
တံငါကြီးက မိတာအနားကို ရောက်နေပြီ။ မိတာက ပြူးကြောင်ကြောင် ကြည့်နေဆဲမှာပဲ သူ၏လက်နှစ်ဘက်က မိတာပခုံးနှစ်ဘက် ကိုညှပ်ကိုင်လိုက်သည်။
“အို...အို...”
ရုတ်တရက် မိတာ ကြောင်သွားသည်။ ထိုအခါမှ တံငါကြီးထံမှ အရက်နံ့ကို ရှူမိ၏။ ဆတ်ခနဲပင် ကိုယ်ကိုတောင့်ကာ မိတာ ရုန်းလိုက်သည်၊ မရ။ တံငါကြီး၏လက်တွေက စောစောတုန်းက မိုးမိထားလို့ အရေတွန့်နေသောလက်မျိုး မဟုတ်တော့။ သန်မာသော ဂဏန်းကြီးတစ်ကောင်၏ လက်မကြီးနှစ်ခွလို မိတာပခုံးတွေကို အားရှိသမျှ ညှပ်ထားသည်။ တံငါကြီး၏ မျက်ထောင့်တွေ နီရဲပြူးကျယ်နေတာကိုပင် မြင်နေရသည်။ မိတာက ကြောက်လန့်တကြား လက်ထဲက အပ်ဖြင့် လက်ကြမ်းကြီးကို ထိုးစိုက်ချလိုက်သည်။
“အား ...”
သူ့လက် ပြုတ်အကျမှာ မိတာ ကုန်းရုန်းထ,လိုက်သည်။ နောက်ကိုခြေတစ်လှမ်းချင်းဆုတ်ကာ မိတာ အော်ပစ်လိုက်သည်။ မိတာ၏ အော်သံကို သဲတွင်းထဲမှ ပုစွန်လုံးများပင် ကြားနိုင်မည် မထင်ပါ။ မိုး၏ ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီးက အသံဗလံအားလုံးကို လွှမ်းမိုးပစ်လိုက်သောကြောင့် ဖြစ်သည်။ မိတာက လှစ်ခနဲ လှေပေါင်းအတွင်းမှ အပြင်ဘက်သို့ ပြေးထွက်လိုက်သည်။ တံငါကြီးက နောက်မှ ထပ်ကြပ်မကွာ ပါလာသည်ကော။ မိတာ ဘာလုပ်ရပါ့မလဲ။ ကမ်းပေါ်ကို အားကိုးတကြီး လှမ်းကြည့်လိုက်တော့ စောစောက သူကိုယ်တိုင် ရိုက်သွင်းခဲ့သော ကြက်စူးဝါးကို ဖျတ်ခနဲ မြင်လိုက်ရသည်။ မိတာ၏လက်က တင်းပုတ်ကြီးဆီ ရောက်သွားသည်။
“လူယုတ်မာကြီး ရှေ့မတိုးနဲ့နော်၊ ကျုပ် တကယ်ထုမှာ”
တံငါကြီးက တင်းပုတ်ကို အတင်းဆွဲအလှမှာ မိတာ ရှောင်လိုက်သည်။ အမူးလွန်နေသည့် တံငါကြီးက ကိုယ်ဟန်မထိန်းနိုင်တော့ဘဲ အိုးပုံကြီးပေါ်သို့ ပစ်လဲကျသွားးသည်။
“ဝုန်း”
“အို...”
မိတာတို့အိုးတွေ ကွဲကုန်ပြီ။ လေက ပိုပြီး သည်းထန်လာသည်။ အိုးလှေကလေးမှာ လှိုင်းနှင့်အတူ ယိမ်းထိုးလှုပ်ခါနေသည်။ မိတာကိုယ်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ပစ်ချလာသော မိုးသီးမိုးပေါက်တွေကို သတိမထားနိုင်အားပါ။ အိုးပုံပေါ်မှထဖိုတံငါကြီးက လက်ထောက်ပြီး အားယူလိုက်သည်။
“ဝုန်း”
လှိုင်းတစ်လုံးအရိုက်မှာတော့ အိုးလှေကလေးက တိမ်းစောင်း လှုပ်ရမ်းသွားသည်။ တံငါကြီးက အိုးပုံပေါ်ပြုတ်ကျသွားပြန်သည်။
“ဟင် ... ကြည့်စမ်း၊ အိုးတွေ ... အိုးတွေတော့ ကုန်ပါပြီ”
အိုးကွဲများကိုကြည့်ရင်း မိတာရင်မှာ ဒေါသတွေ လှိုင်းလိုထန်လာသည်၊ လေလိုပြင်းလာသည်။ လက်ထဲက တင်းပုတ်ကို မြှောက်ကာတံငါကြီး၏ ဦးခေါင်းတည့်တည့်ကို အားပါးတရ ရိုက်ချလိုက်သည်။
“အား”
အော်သံကြီးက မိုးသံ လေသံတွေကို ဖောက်ထွက်သွားသည်။ မိတာ၏ ရိုက်ချက်အားသည် ကြက်စူးဝါးကို သဲထဲမြှုပ်သွားအောင် စိုက်သည့်အားထက် နှစ်ဆပြင်းနေသည်။ တံငါကြီး၏ ချိုစောင်းမှ သွေးတွေ ရဲခနဲ ဖြာစီးကျလာသည်။ သူ့တစ်ကိုယ်လုံး မိုးရေနှင့် သွေးတွေ ရောကာ ချင်းချင်းနီလျက်။ သူက ထဖို့ကြိုးစားနေမိစဉ် မိတာက လက်ထဲမှ တင်းပုတ်ကို ထပ်၍ မြှောက်လိုက်ပြန်သည်။ တံငါကြီးက အိုးကွဲတွေကြားမှ လက်တွေကို ရမ်းပြရင်း အော်ဟစ်နေသည်။
“မလုပ်နဲ့... မလုပ်နဲ့”
တံငါသည်က ကုန်းရုန်းထပြီး ဒယီးဒယိုင်ဖြင့် တံငါလှေကလေးထဲ ခုန်ဆင်းသွားသည်။ သွေးတွေက မိတာတို့အိုးလှေကလေးပေါ်မှာ မိုးရေတွေနှင့် ရောကာ ကျန်ရစ်ခဲ့သည်။ မိတာက ဘာမှ စဉ်းစားမနေတော့ဘဲ အိုးလှေကို ချည်ထားသော တံငါလှေကြိုးကို ဖြုတ်မျောပစ်လိုက်သည်။ လှိုင်းလုံးတွေကြားမှ တံငါလှေကလေး ငုတ်ချည်ပေါ်ချည်နှင့် မျောပါသွားတော့၏။
“မိုးကတော့ သည်းလိုက်ပုံမြေးရေ၊ ကောင်းကင်ကြီးထဲ ရေမှကျန်ပါ ဦးမလား အောက်မေ့ရတယ်။ ရွာထဲကကို မထွက်နိုင်ဘူး။ အိုးလှေကလေး စိတ်မချလို့သာ မိုးထဲ တိုးပြန်ခဲ့ရတယ်”
အဘိုးက အိုးထမ်းဆိုင်းကို ချကာ လှေပေါင်းထဲ ငုံ့ဝင်လိုက်သည်။ အဘိုးတစ်ကိုယ်လုံးလည်း မိုးရေတွေ ရွှဲနစ်နေသည်။ မိတာက အဘိုးတို့ကို ခါတိုင်းလို ဆီးမကြိုမိဘဲ ရွက်ဖျင်ဟောင်းကိုသာ သည်းကြီးမည်းကြီး ငုံ့ချုပ်နေလိုက်သည်။
“သည်ဘက်ခြမ်းကအိုးတွေ ကွဲနေတယ်အဘိုးရေ”
ဖိုးထောင်အော်သံကြောင့် မိတာ၏ကိုယ်ကလေး ဆတ်ခနဲ တွန့်သွားရသည်။ အဘိုးကိုလည်း မော့ကြည့်မိသည်။ ဖိုးထောင်ဆီသို့အဘိုး အပြေးအလွှား ရောက်သွားသည်။
“ဟာ ဟုတ်ပ၊ အိုးတွေ အတော်ကွဲကုန်တာပဲ”
အဘိုးက သူ့အိုးကွဲကလေးတွေကို နှမြောတသစွာဖြင့် တစ်လုံးချင်း မ,ယူကြည့်သည်။
“အစ်မကလည်း အိုးတွေ သည်လောက်ကွဲရတယ်လို့ နည်းနည်းပါးပါးတော့ ဂရုစိုက်ဦးမှပေါ့ဗျာ”
ဖိုးထောင်အသံမှာ ငိုသံပါကြီးနှင့်။ အဘိုးကတော့ အိုးခြမ်းကွဲတွေ ကိုတစ်ခုချင်း မြစ်ထဲ ကောက်ပစ်ရင်း အနားသို့ရောက်လာသော မိတာကို မော့ကြည့်သည်။
“ကမ်းစပ်မှာ လေအတော်ပြင်းသလားမြေး”
မိတာ မျက်ဝန်းထဲတွင် မျက်ရည်တွေ စို့တက်လာသည်။ အဘိုးကို မိတာ ဘယ်လိုပြောရမလဲ။ မလုံမလဲဖြင့် မြစ်ပြင်ကြီးဆီကို သမင်လည်ပြန်ကြည့်လိုက်မိသည်။ မြစ်လယ်တွင် တံငါလှေကလေးကို အရိပ်အယောင်မျှပင် မတွေ့ရတော့ပါ။
“သိပ် ... သိပ်တော့ မပြင်းပါဘူးအဘိုး”
မိုးက ပိုပြီး သိပ်သည်းလာသည်။ လေပြင်းအားကတော့ လျော့ကျ သွားခဲ့ပြီ။ မိုးအားများလာတော့ လေအားက ပခုံးချင်း မယှဉ်နိုင်တော့။ အိုးလှေကလေးမှာ စောစောကလောက် ယိမ်းထိုး လှုပ်ခါမနေတော့ပါ။ သို့သော် ပြင်းထန်သော မိုးရေစက်တွေရဲ့ဒဏ်ကိုတော့ လှေကလေးက ခါးဆီးခံနေနိုင်ဆဲ။
“သိပ်မပြင်းလို့သာ တော်တော့တာပေါ့ဗျာ၊ ဟင်း ပြင်းများပြင်းရင်တော့လား ကျုပ်တို့အိုးလှေ တစ်လှေလုံး မှောက်ပြီပေါ့”
ဖိုးထောင်က အိုးတွေ ကွဲသွားရခြင်းအတွက် မကျေမချမ်း တဗျစ်တောက်တောက်ပြောရင်း လှေဝမ်းထဲ ဆင်းသွားသည်။ လှေဝမ်းထဲမှာ ရေတွေ များနေပြီ။ သူ ခပ်ထုတ်ပစ်ရဦးမည် မဟုတ်လား။
မိတာက ဖိုးထောင်ကို ဘာမှ ပြန်မပြောဘဲ အိုးခြမ်းကွဲတွေဘေးတွင် ဆောင့်ကြောင့်ထိုင် ငိုချလိုက်သည်။ ရှိုက်ကြီးတငင် ငိုကြွေးနေသော မိတာကို အဘိုးက ချော့သည်။
“မငိုပါနဲ့မြေးရယ်၊ အိုးကလေး နည်းနည်းပါးပါး ကွဲသွားတာပဲဟာ၊ အဘိုးတို့မှာ အရင်းမပြုတ်သေးပါဘူး။ မြေအိုးကလေးတွေက ကွဲလွယ်တတ်တာပဲကွယ့်။ မြေကြီးနဲ့ လုပ်ထားတဲ့ဟာ ဘယ်သေချာပါ့မလဲ။ ကဲ ... ထ ထ မိုးတွေသည်းနေတယ်၊ လှေပေါင်းထဲဝင်ကြရအောင်”
ပေါင်းထဲ ငုံ့ဝင်သွားသော အဘိုး၏ကျောပြင်ကို ငေးမောရင်း မိုးရေနှင့်ရောနေသည့် မျက်ရည်တွေကို မိတာ သုတ်လိုက်သည်။ ထဘီကို ပြင်ဝတ်ရင်း စောစောက ရုန်းရင်းကန်ရင်းဖြင့် စုတ်ပြဲသွားသော ထဘီကလေးကို ရေထဲ မျှောပစ်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ မြို့ဆိပ်ကမ်းရောက်လျှင်လည်း အဘိုးကို ထဘီကလေးတစ်ထည် ဝယ်ပေးဖို့ မိတာ ပူဆာတော့မည် မဟုတ်ပါ။ မိတာရင်ထဲမှာတော့ ကွဲသွားသောအိုးတွေကို နှမြောမိသော်လည်း မိမိ၏ လွတ်မြောက်မှုအတွက်တော့ ကျေနပ်စရာပါ။
မိုးရေတွေကြောင့် အိုးကောင်းတွေရော၊ အိုးကွဲတွေပါ ရွှဲနစ်နေသည်။ မိုးစဲလျှင် အိုးကွဲတွေ မြစ်ရေထဲပစ်ချလိုက်ရဦးမည်။ မိတာကိုယ်စား ဘဝပျက် အက်ကွဲသွားကြသော အိုးကွဲကလေးများက မြစ်၏ကြမ်းပြင်မှာ နစ်မြှုပ်သွားကြရရှာမည်။
အိုးလှေကလေးကတော့ လှိုင်းအပင့်မှာ မြောက်တက်သွားလိုက်၊ လှိုင်းအကျမှာ လျှောခနဲ ပါသွားလိုက်၊ ကမ်းစပ်နှင့် ပူးချည်ခွာချည်။ သူ့ကို ချည်နှောင်ထားသော ကြိုး၏ သတ်မှတ်ပေးထားရာ နယ်နိမိတ်အတွင်း၌သာ အိုးလှေကလေးက လှုပ်ရှား လူးလွန်နေသည်။
---
#ခင်ခင်ထူး
#အိုးလှေ
#shared_by_louis_augustine
Comments
Post a Comment