ကျွန်တော့် ဘဝဇာတ်ကြောင်း ( အနုပညာသည်တို့ ၏အရသာ ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( အနုပညာသည်တို့ ၏အရသာ ) // သော်တာဆွေ
---
အနုပညာသည်တို့ ၏အရသာ
---
ကျွန်တော်အခု စာရေးသက် အနှစ်အစိတ်ကျော်ခဲ့ပြီ။ ဟိုတုန်းက
“မင်းစာရေးဆရာဘဝ ဘာလို့ နှစ်သက်သလဲ”
ကိုယ့်ကိုယ်ကို မေးကြည့်တော့
“ငွေရလဲလွယ်တယ်ကွာ၊ ကျော်ဇောမှုလဲ ရှိတယ်၊ နို့ပြီး စာရည်းစားတွေ ဘင်္ဂလား မောင်နှမတွေနဲ့ ဘယ်လောက်နှိပ်သလဲ”
အဲလိုဖြေခဲ့ တယ်။
စင်စစ်တော့ အဲဒါတွေမဟုတ်ပြန်ဘူးဗျို့၊ ခုတဖန် သိလာပြန်တာက စာရေးဆရာဟာ သူ့စာရေးစာပွဲမှာ သူ့စိတ်ကြိုက်အနှောက်အယှက် ကင်းမဲ့စွာ ထိုင်ရေးနေရတဲ့ အခါကို အရသာ တွေ့နေတာပါ့၊ သူ့ဇာတ်ကောင်တွေနဲ့ သူနဲ့ ပျော်လို့၊ သူကဇာတ်ကောင်တွေကို စပြီး ဖန်တီးတယ်။ ဒီတော့ သူ့ဇာတ်ကောင်တွေက အသက်ဝင် လာပြီးတော့ သူခေါ်ရာလို၊ သူပို့ရာ သွား သူခိုင်းရာလုပ်တယ်။ တခါတရံကျတော့ သူ့ဇာတ်ကောင်က သူလိုချင်တိုင်းမရဘူး။ ငြင်းဆန်ရုံမကဘူး။ စာရေးဆရာကိုပါ သူတို့ဆန္ဒရှိရာ ခေါ်သွားတတ်သေးဗျ။ ဒီတော့ စာရေးဆရာမှာ သူမမျှော်လင့်တာတွေ ရေးလိုက်ရတဲ့အတွက် ပိုကောင်းသွားတာလဲ ရှိသဗျ။ သို့မဟုတ် ကိုယ့်ဇာတ်ကောင် ကိုယ်မနိုင်လို့ ကိုယ့်ဦးတည်ချက် လွဲသွားတာလဲရှိတယ်ဗျ။ အခု ကျွန်တော်ပြောနေတာကို အချို့ လူတွေအဖို့ နားလည်နိုင်ဘို့မလွယ်ဘူး။ သို့သော် ကဗျာစပ်ဘူးတဲ့ လူကတော့ လွယ်လွယ်သဘောပေါက်လိမ့်မယ်။ ဘာကြောင့်ဆို သူဟာ ကဗျာ စပ်တဲ့အခါမှာ ကာရန်ခေါ်သွားတာကိုပါ သွားဘူးမှာဘဲကိုး။
စာ စကားပြေမှာလဲ ဝါကျက စာရေးဆရာကို ခေါ်သွားတတ်တယ်။ အခု ကျွန်တော့် ကိုယ်တွေ့ နီးနီးကပ်ကပ်ဖဲ ပြောပြမယ်လေ။ ကျွန်တော့်ရည်းစားဟောင်း ခိုင်အကြောင်းကို ရေးနေရာက၊ ဘင်္ဂလားမောင်နှမ သရုပ်ပြတဲ့ လေးချိုးလေးရေးမိတယ်။
အဲသည်ကဗျာလဲပြီးရော၊ ကောင်မလေး မေ့သွားပြီး ကျွန်တော်ကိုယ်ရည်သွေးမိတယ်။ ကြည့်စမ်း စာရှုသူများခင်ဗျား၊ စကားအဆင်သင့်တုံး ဒီနေရာမှာ ကျွန်တော်ကြားပါရစေဆိုပြီး ကတည်းက ဝတ္ထုဟန်ပျောက်ပြီး “အနုပညာသည်တို့၏ အရသာ” ဆိုတဲ့ ခေါင်းစည်းနဲ့ ဆောင်းပါး ဖြစ်သွားပါကရောလား၊ ဒီခေါင်းစည်းလဲ ရေးပြီး ဒီနေရာရောက်မှ ဒီအမည်တပ်ရမှန်း သိလာတာပါ။
အဲ... သည်တော့ ဟိုကလေးမ နံဘေးချပြီး ဒီဆောင်းပါးပြီးအောင် ဆက်ရေးရတော့မယ်။
စာရေးဆရာ အရသာဟာ (ငွေရလဲလွယ်တယ်၊ ကျော်ဇောမှုလဲရှိတယ်၊ နို့ပြီး စာရည်း စားတွေနဲ့ ဘင်္ဂလားမောင်နှမတွေနဲ့ ဘယ်လောက်နှိပ်သလဲ) လို့ ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီး ကိုယ့်မေးခွန်း ကိုယ်ဖြေခဲ့စဉ်က ၁၉၅၃-ခုနှစ်ကနေပြီး ၁၉၆၄-ခုနှစ်လောက်ထိ ၁၀-နှစ်ကျော် ကျွန်တော်အမှန်ဘဲ ငွေရွှင်ခဲ့ပါတယ်။
ဝတ္ထုတိုတပုဒ် ၃ဝဝ-ကျပ်ရပါတယ်။ ရှုမဝမဂ္ဂဇင်းထဲမှာ အဟိကဏ္ဍကိုင်တဲ့ အတွက် ၃၀၀-ကျပ် နောက်အဟိကိုကိုယ့်ဟာကိုယ်ထုတ်။
အဲသည်တုန်းကဆို မြဝတီကထွက်စ။ “ဆရာ့ဝတ္ထုနံမယ်သာပေးပါ၊ ငွေကိုကြိုယူပါ” လို့ တစာစာ တောင်းနေတယ်။ နို့ပြီးအဲသည် မြဝတီက ကျွန်တော်တို့ ပေါင်းတည်သား။ အဲသည် တုန်းက ဗိုလ်မှူးချုပ်အောင်ကြီးက ဦးစီးပြီး ထုတ်ဝေတာလား။ (သော်တာဆွေဆီကဝတ္ထုလစဉ်ရအောင်တောင်း သူကြိုလိုချင်ရင် ငွေ ၅၀၀-ကျပ်အထိ မြဝတီငွေစာရင်းဌာနကပေးစေ၊ သည်ထက်ပို မယ်ဆိုရင် ကျုပ်တို့ဘုတ်အဖွဲ့ကို တင်ပြ) လို့ အမိန့်ထုတ်ထားသဗျ။
ဒါကျွန်တော် တယောက်တည်းသာ မဟုတ်ပါဘူး။ အခြားနာမည်ကြီး စာရေးဆရာများလည်း ပါပါသေးတယ်။
ဟော... ခုတော့ဖြင့် (မစိုပြေ နကိုရေပျက်ယွင်းလို့ ဆိုရမယ်။) ရှုမဝကလဲ ကျွန်တော့်ကို ဟိုတုန်းကလို မပေးနိုင်တော့ဘူး။ မြဝတီ ငွေတာရီက ဟိုတုန်းက အတိုင်းဘဲ တပုဒ်ကို ၁၅ဝကျပ် ပေးပေမယ်လို့ လစဉ်ဆက်မထည့်နိုင်ဘူး။ တလခြားနှစ်လခြားမှတဲ့။ ခွဲတမ်းနဲ့ စာမူခပေး ပုံလဲ ကြည့်ဦးလေ။ ဟိုတုန်းကလို အယ်ဒီတာတဦးတည်း သဘောနဲ့ မပြီးတော့ဘူး။ အဖွဲ့နဲ့။ ပထမအယ်ဒီတာအဖွဲ့ကဖတ်၊ ရွေးရင်ဘုတ်ကိုတင်၊ အဲဒီဘုတ်က လက်ခံတော့မှ မဂ္ဂဇင်းထဲမှာ သုံးမယ်လို့ သေချာတယ်။ ဒီတော့ စာမူခရရောတဲ့လား။ မရသေးဘူး။ အဲသည်ဝတ္ထုကို ပုံနှိပ်ဖို့ စာစီခန်းပို့တော့မှ ပေးစေလို့အထက်က အမိန့်ထုတ်ထားသတဲ့ဗျ။
ကဲ... ဟိုတုန်းက ဝတ္ထုနာမည် ပေးရုံနဲ့ ငွေရတဲ့ကောင်အခု အဲသည်လို ဖြစ်နေပြီ။
ခုအခြေမှာ ကျွန်တော် စာရေးဆရာ တယောက်အနေနဲ့ငွေက အဲသည်လောက်ခဲယဉ်း နေပါတယ်။ နို့ပြီးစာရည်းစားတွေ ဘင်္ဂလားညီမတွေဆိုတာလဲ အခု (ဒီအရွယ်ကြီးမှာ) တကောင် တမြီးမှ မရှိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟိုတုန်းကထက် ပိုပြီးစာရေးချင်တယ်။ နေ့စဉ် မပြတ် မရပ်မနား ရေးနေချင်တော့တာဘဲ။ ဟိုတုန်းကလို အပျော်အပျက် ဝတ္ထုတွေမဟုတ်တော့ဘဲ လေးနက်တဲ့ ဘဝသရုပ်ဖော် ဝတ္ထုတွေရေးချင်တယ်။ ဝတ္ထုသာမကဘူး။ ဆောင်းပါး၊ ဆောင်းပါးမှ မဂ္ဂဇင်းဆောင်းပါး၊ သတင်းစာဆောင်းပါး၊ ဂျာနယ်ဆောင်းပါးတွေ ရေးချင်တယ်။
ကိုယ့်စာရေးစာပွဲမှာ ကိုယ်ထိုင်ပြီး ကိုယ်ရေးချင်တာတွေရေးနေရတဲ့ အရသာဟာ ကျွန်တော့် အဖို့ ဘာနဲ့မှမတူပါဘူး။ အနုပညာဈာန် ဝင်စားတယ် ဆိုပါရစေ။ အဲသည်အခါမျိုးမှာ ညောင်းတာ ညာတာလဲမသိဘူး။ ထမင်းဆာတာလဲ မသိဘူး။ အစွမ်းကုန်ပြောမယ်ဗျာ။ ကိုယ်ဖျား နေတာကိုတောင် မသိဘူး။
မှတ်မှတ်ရရ ပြောရဦးမယ်ဗျာ။ ၁၉၆၁-ခုနှစ်၊ ဇန္နဝါရီလ ပထမသီတင်းပတ်ထဲမှာ “ကျွန်တော် လူဆိုးပါသို့သော်” ဆိုတဲ့ ဝတ္ထု။ ကျွန်တော်ဆန်ကုန်သည်ဘဝက မြစ်ကြီးနားမှ ရည်းစားဖြစ်ခဲ့တဲ့ မိန်းကလေးတယောက်။ သူနဲ့ပတ်သက်လို့ အဲသည်မိန်းကလေးဟာ သီလရင် လုပ်နေတဲ့အကြောင်း သူ့မောင်ဆီကစာလာတာနဲ့ ကျွန်တော့်ဘဝ ရှင်းတမ်းဝတ္ထု ရေးနေတယ်။ ကိုယ့်ဘဝကို အမှန်အတိုင်းပြန်ရေးနေတာ သိပ်ကောင်းတာဘဲ။
အဲ... ဝတ္ထု ပြီးခါနီးလောက်မှာ ကျွန်တော့်ဇနီး မေက အနီးလာပြီးတော့
“မောင့်ကြည့်ရတာ တမျိုးကြီးဘဲ၊ ဖျားများနေလား”
ဆိုပြီး နဖူးစမ်းကြည့်ရင်
“ဟာ...ဟုတ်တာပေါ့။ ကိုယ်တွေ ပူနေတယ်”
ဒီတော့ ကျွန်တော်က
“ဟေ့ ... သွားစမ်း၊ ဖျားတယ်ဆိုတာ ငါ့မှာမရှိဘူး”
သို့သော် သူက စိုးရိမ်စွာနဲ့ သူ့မှာရှိနေတဲ့ ပြဒါးတိုင် ယူလာပြီး ကျွန်တော့်ပါးစပ်ထဲ ထည့်တယ်။ ကျွန်တော်က ပြဒါးတိုင်ငုံရင်းလဲ စာရေးနေတာဘဲ။ နောက် သူပြဒါးတိုင် ပြန်ထုတ် ကြည့်လိုက်ပြီးတော့ အလန့်တကြား...
“အောင်မယ်လေး မောင်ရေ ၁၀၁ တောင် ပါလား”
“နင့်ဟာ ၁ဝ၁မကလို့ ၂၀၂ ဖြစ်ဖြစ် သွား သွား ငါဘာမှမဖြစ်လို့ စာရေးနိုင်တာဘဲ”
ဆိုပြီး ပြီးခါနီး ဝတ္ထုကိုအဆုံးသတ်လိုက်တယ်။ သည့်နောက် ... ။
“ဟေ့ ငါမြို့ထဲကျမှ ဟော်တယ်မှာဘဲ ထမင်းစားတော့မယ်”
ဆိုပြီး အိမ်က ထွက်ခဲ့တယ်။ မေကတော့
“မောင်ဟာ ပြောမရဘူးနော် အားကြီးခေါင်းမာတယ်”
ဆိုပြီး ကျန်ခဲ့၏။
မြို့ထဲရောက် ဘတ်စ်ကားပေါ်က ဆင်းတော့ကျွန်တော်ချောင်းတဟွတ်ဟွတ် ဆိုးလာတယ်။ ဒီလိုနဲ့ ရှုမဝရောက်၊ စာမူပေး၊ ငွေ ၃၀၀-ကျပ်ရပြီး ပြန်ထွက်ခဲ့တော့ ချောင်းဟာ ဆိုးသထက်ဆိုးလာတယ်။ ဒါနဲ့ မဂိုလမ်းဆေးတိုက် တခုသွားအကောင်းဆုံး၊ ချောင်းဆိုးပျောက် ဆေးတပုလင်း ပေးစမ်းဆိုပြီးအဖုံးဖွင့်၊ အရက်သောက်သလို တပုလင်းလုံး မော့ချလိုက်တော့၊ ရောင်းတဲ့မိန်းကလေးက မျက်လုံးပြူးလို့။
“အောင်မယ်လေး ဒီလိုမသောက်ရဘူးရှင့်၊ သူ့အညွှန်းအတိုင်းတဇွန်းစီ သောက်မှပေါ့”
ကျွန်တော့်မှာ ချောင်းတဟွတ်ဟွတ် ဆိုးလျက်ဖဲ။
“မင်းဟာက အခုတပုလင်းလုံး ကုန်တာတောင် မပျောက်သေးတာ တဇွန်းစီသောက်နေ လို့ကော ဘာထူးတော့မှာလဲ”
ဆိုပြီး ပုလင်းခွံနဲ့သူ့ဆေးဘိုး ပေးလိုက်ပေးပစ်ခဲ့တယ်။
အဲသည်တော့ ကျွန်တော့်ကိုယ်တွေ ပူလာတယ်လို့လဲခံစားမိလာတယ်။ ဧကန်ဖျားပြီဘဲ။ ဟင်ဒီအဖျားနဲ့ ချောင်းတော့ ငါအရက်နဲ့ မောင်းထုတ်လိုက်မယ်၊ ဒင်းတို့ခံနိုင်ရိုးလားဆိုပြီး တာဝါဘာသွား ရမ်အသေးတလုံးမှာ ပထမဝမ်းပက် ဆိုဒါတဝက်နဲ့ချလိုက်တယ်။
တချက်ထဲ မေ့ပစ်လိုက်တယ်။
မကြာဘူး ပြန်အန်ထွက်လာတယ်။ အင်း ဝိသေသတော့ ထူးပေါ့။ အရက်သမားပါးစပ်က အရက်ပြန်ထွက်တယ်ဆိုတော့ မကြုံဘူး မကြားဘူးတဲ့အဖြစ်မျိုးပါလား။ မြွေခံတွင်းက ကြွက်ပြန် ထွက်လာတဲ့သဘောဘဲ။
ဘာရမလဲ။ တနည်းကြံဦးမယ်။
“ဟေ့ ခရစ်ရှနား”
“ဆပ်”
“သံပုရာသီးနဲ့ဆားနဲ့ ယူခဲ့စမ်းကွာ”
ကျွန်တော်ဆားနဲ့သံပုရာရည် လျက်လိုက်တယ်။ ပြီးတော့ရမ်နောက်တခွက်မှာ၊ သံပုရာသီးတခြမ်း ညှစ်ထည့်လိုက်တယ်။
ဒါလဲမရဘူး။ ဗွက်ကနဲ ပြန်ထွက်လာတယ်။ ဒီတော့မှ ကျွန်တော်လက်လျှော့ပြီး အရက် သမား ဝမ်းဗိုက်က အရက်လက်မခံတော့ဘူးဆိုရင် မိချောင်း ရေနစ်တာနဲ့ အတူတူဘဲ။ ထို့ကြောင့်...
”ဟေ့.. ခရစ်ရှနားရေ”
”ဆပ်”“
“ငါတော့ ငါ့မိန်းမပြောတဲ့ စကား မှန်နေပြီ ထင်တယ်ကွ”
“ဆရာ့မိန်းမက ဘာပြောသလဲဆပ်”
“ငါ... ဖျားနေသတဲ့”
“အာ ဟုတ်လား၊ ကျွန်တော် ဆရာ့နဖူး စမ်းကြည့်မယ်၊ ကန်တော့နော် အာခြစ်ခြစ် တောက်ပူနေတာဘဲ၊ သေသေချာချာ ဖျားတာပေါ့ဆရာ”
“ဒါဖြင့် သုံးဘီးတစီး သွားခေါ်ချေတော့ကွာ”
အဲသည် ခုနှစ်တုန်းက သုံးဘီးတွေ ဗိုလ်ချုပ်ဈေး ရှေ့မှာလာပါအကို၊ လာပါအမနဲ့ တ,တတ။
ကျွန်တော်အိမ်ပြန်ရောက်တော့ မရွှေမေက...
“ကဲ မေမပြောဘူးလား”
ဆိုပြီး သူ့ပြဒါးတိုင်နှင့် တိုင်းကြည့်ပြန်သည်။
“ဟာ. . ၁၀၃တောင်ရှိနေပြီ”
“ဒီတော့ ငါဘာလုပ်ရမလဲ”
“ကိုဒါနင်သောက်ပြီး စောင်ခြုံအိပ်လိုက်ပေါ့”
“ကျွန်တော်နာရီပြန် တချက်က အိပ်ပျော်သွားလိုက်တာ၊ အိပ်မက်ဆိုး အမျိုးမျိုးတွေနဲ့ ည ၇ နာရီမှာ တကိုယ်လုံး ရေထဲနှစ်ထားသလို ချွေးသံရွှဲရွှဲနှင့် နိုးလာတော့ အဖျားမရှိတော့ပြီ။ ကိုယ်မှာ အေးစက်နေသဖြင့် ချွေးတွေသုတ်ပြီး အရက်တခွက်မော့လိုက်တော့ အိုကေ။
ကျွန်တော့် ကျန်းမာရေးက ကောင်းသဖြင့် တနေရာမှာ အဖျားဆိုတာ ဘယ်လိုဟာမှန်း တောင်မသိဘူးဟု ရေးခဲ့မိသည်။ ယင်း ၁၉၆၁ ခုနှစ်က နေ့ဝက်မျှ ဖျားခဲ့သည်ကို မေ့နေလို့ပါ။ အဲဒီကစပြီး ယခုထိတော့ အဖျားဆို ချိုနဲ့လားပါဘဲ။
ကဲ စာအလှမ်းကွာခဲ့ပြီ။ ကျွန်တော်ဆိုလိုရင်းက အနုပညာသည်များ ဈာန်ဝင်စားပြီဆိုတော့ ညောင်းညာတာလဲမသိဘူး၊ ထမင်းဆာတာလဲမသိဘူး၊ ကိုယ်ဖျားနေတာတောင် မသိဘူး လို့ ကျွန်တော့်ကိုယ်တွေ့ကို ပြောပြတာပါ။
အမှန်အားဖြင့် အနုပညာရှင် စင်စစ်တို့အရသာယူသည်မှာ ငွေမဟုတ်ပေ။ ချီးမွမ်းဩဘာနှင့် ကျော်ဇောကိတ္တိ မဟုတ်ပေ၊ ဒါတွေက နောက်မှလာချင်လာ၊ မလာချင်နေရော့။ မူလ ပဓာနကား ပန်းချီဆရာသည် သူပုံဆွဲနေခိုက်၊ ပန်းပုဆရာသည် သူ့ပုံတူထုနေခိုက်၊ စာရေးဆရာသည် သူစာရေးနေခိုက်၊ ဂီတဆရာသည် သူတီးမှုတ်နေခိုက်၊ လက်တွေ့ကာ ကိုယ့်အလုပ်ထဲ၊ ကိုယ်ရောစိတ်ပါ မျောပါနေသည်မှာ အနုပညာ ဈာန်ဝင်စားခြင်းပင်ဖြစ်၍ ယင်းအခိုက်မှာ မည်သည့်ဝေဒနာမှ သူ့မှာမရှိ၊ သူမသိ။ ယင်းသည်ပင် အနုပညာသည်တို့၏ အရသာဖြစ်ပေရ ကား၊ ဘယ်မင်းဘယ်သူဌေးတို့၏ စည်းစိမ်နှင့်မျှ မလဲနိုင်ကြောင်း ထိုအနုပညာသည် ကိုယ်တိုင်သာ သိပါ၏။
သာဓကတခုကို ပြလိုပါသေးသည်။ စာရှုသူသည် “ငွေကို လေလိုသုံးသူ” ဟူသော အမည်ဖြင့် ငွေတာရီမဂ္ဂဇင်းမှာ ကျွန်တော် ဝတ္ထုရေးခဲ့သူ ကိုမြမောင်အကြောင်းကို ဖတ်ဖူး ကောင်း ဖတ်ဖူးပါမည်။ “လူ့ဘုံခန်းဝါ” မည်သော ဝတ္ထုတို ပေါင်းချုပ်မှာလည်း သူ့အကြောင်း ဝတ္ထုထည့်ခဲ့ပါသည်။ ကိုမြမောင်သည် ငွေကိုသိန်းနှင့်သန်းနှင့်ချီ၍ သုံးဖြုန်းနိုင်သူဖြစ်၏။ အသုံး အစား အပေးအကမ်း အလွန်ရက်ရောသူဖြစ်၏။
တရံရောအခါ သူ့တည်းခိုရာ စထရင်းဟိုတယ်တွင် မိတ်ဆွေတစုနှင့် စာပေအကြောင်း ဆွေးနွေးကြရာတွင် သူက ခပ်ထွေထွေနှင့် ခင်ဗျားတို့ စာရေးဆရာတွဟာ ဘာဘဲ ညာဘဲနှင့် ပြောသဖြင့် ကျွန်တော်က
“ကိုမြမောင်ခင်ဗျား ငွေသာပေါတာပါ။ စာရေးဆရာ အကြောင်း မသိပါဘူး”
ဟု ပြောလိုက်မိသည်။ သူက ဆိတ်ငြိမ်သွားပြီး တော်တော်ကြာ၍ အခြား စကားတွေ ရောက်သွားမှ သူက...
“ကိုဆွေခင်ဗျား စာရေးတာ တလဝင်ငွေ ဘယ်လောက်ရသလဲဗျ”
ဟု ဖြတ်မေးပါသည်။
ကျွန်တော်က
“ဘာလို့မေးတာတုန်းဗျ။ စာရေးဆရာဆိုတာ ဖွတ်ကြားပါ၊ တလ ဘယ်လောက်ရယ်လို့ အမှန်မရှိပါဘူး၊ များများရေးနိုင်များများရတယ်၊ နဲနဲရေးနိုင် နဲနဲဘဲရတယ်”
“ကဲဖျမ်းမျှ တလဘယ်လောက်ရမလဲ၊ ခန့်မှန်းခြေ ပြောစမ်းဗျာ”
ကျွန်တော် ခေတ္တစဉ်းစားပြီး...
“၅ဝဝိ လောက်ဆိုပါတော့ဗျာ”
ထိုအခါသူသည် အလွန်တည်ခန့်၍ ဝင်းလက်သောမျက်လုံးများဖြင့်....
“ကောင်းပြီ ကျွန်တော်ခင်ဗျားကို တလတထောင်နှုန်းနဲ့ တနှစ်အတွက် ငွေသောင်းနှစ်ထောင် ခုချက်ခြင်း လက်ငင်းပေးထားလိုက်မယ်၊ ခင်ဗျားဒီတနှစ်အတွင်းမှာ ဘာစာမှမရေးရဘူး ဟောဒီမိတ်ဆွေတွေရှေ့မှာ သက်သေပြုပြီး ဂတိပေးပါ”
သူကတင်းတင်းကြီး ပြောချလိုက်လေတော့ ကျွန်တော်ရုတ်တရက် အံ့အားသင့်သွားပြီး...
“ကိုမြတောင် ခင်ဗျား ဘာစိတ်ကူးပေါက်လိုက်တာတုန်း”
“ကျွန်တော် ဘာစိတ်ကူးဆိုတာ မမေးပါနဲ့ ခင်ဗျား ဒီငွေယူပြီး စာမရေးဘဲနေနိုင်မနေနိုင် ဆိုတာသာ စဉ်းစားပြီး အဖြေပေးပါ၊ ငွေကတော့ ဟောဒီအံဆွဲထဲမှာ အသင့်ရှိလေရဲ့ဗျ”
သူ့အိပ်ရာဘေးက စာပွဲကို ညွှန်ပြပါသည်။
ဤမှ ကျွန်တော်သည် သူ့ဆိုလိုချက်ကို သဘောပေါက်ကာ...
“ကိုမြမောင် ကျွန်တော်ရှုံးပြီဗျာ၊ ကျွန်တော်တောင်းပန်ပါတယ်”
ဟုဆို၍ လက်ကိုဆန့် တန်းပေးလိုက်ကာ
“ကျွန်တော် အခုနစကားကို ပြန်ရုပ်သိမ်းပါတယ်”
ထိုစကားကား (ကိုမြမောင် ခင်ဗျား စာရေးဆရာတွေ အကြောင်း ဘာနားလည်လို့လဲ) ဟု ကျွန်တော် ပြောမိခြင်းပင်ဖြစ်ပါ၏။
မှန်၏။ ကိုမြမောင်သည် တသောင်းမပြောနှင့် တသိန်းလည်းပေးနိုင်သူဖြစ်၏။ သို့သော် ကျွန်တော်ကား ဘယ်လောက်ပေးပေး၊ မရေးဘဲ မနေနိုင်ပါပြီတကား။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine


Comments
Post a Comment