ကျွန်တော့် ဘဝဇာတ်ကြောင်း ( အသွင်ကူးပြောင်းခြင်း ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( အသွင်ကူးပြောင်းခြင်း ) // သော်တာဆွေ
---
အသွင်ကူးပြောင်းခြင်း
---
ကျွန်တော့်တွင် စာရေးဆရာမဖြစ်မီ အနှစ်နှစ်အလလကပင် သိုမှီးထားသော ရေးစရာ အကြောင်းအရာ ကုန်ကြမ်းပစ္စည်းတွေ ရှိနေသည်။ နောက်ထပ်လည်း မပြတ် ဖြည့်စွက်နေသည် ဖြစ်သောကြောင့် တပုဒ်ပြီးတပုဒ် နင်ပြီးနင်သွား ဆိုသကဲ့သို့ ရေးထုတ်နေခဲ့ရာ၊ “ကျွန်တော့် မယား ပျောက်လို့ရှာ” ဝတ္ထုကား မူလက လားလားမျှစီစဉ် စိတ်ကူးခဲ့သည်မဟုတ်၊ ရုတ်တရက် အရေးပေါ်ရေးသားလိုက်မိခြင်းသာ ဖြစ်ပါသည်။
ထိုစဉ်က ကျွန်တော်သည်ရှုမဝမဂ္ဂဇင်းတွင် ဟာသဝတ္ထုများကို ဒိုင်ခံလစဉ်မပြတ် ရေးသားခဲ့ရာ၊ ရှေ့လထုတ် စာအုပ်အတွက် ဒီလ ၁၀-ရက်နေ့ကို နောက်ဆုံးထားပေးရသည်။ ခိုင်၏ ရုပ်ရှင်ပြဘို့ ချိန်းစာကြောင့် ကျွန်တော့်ဇနီး နော်မာအိမ်က ထွက်သွားသည်မှာ ၁၉၅၂-ခုနှစ်၊ သြဂုတ်လ ၄-ရက်၊ ပြည်တော်သာနေ့ဖြစ်လေရာ၊ ရှုမဝအတွက် ဝတ္ထုကို စမှမစရသေးပေ လူမမယ် နို့စို့ကလေးနှင့် အိမ်ကမယားက ကိုယ့်အထင်လွဲပြီး တိတ်တဆိတ် ထွက်သွားသည်ဆိုတော့ လင်ယောက်ျားတယောက်အနေနှင့် ကျွန်တော်ထိုက်သင့်သလောက် သောကရောက်ခဲ့သည်အမှန်။
နော်မာကို သူ့ဦးလေးအိမ်တွင် သွားတွေ့၍ သူအထင်မှားသည့်ကိစ္စကို သွားရောက် ရှင်းလင်းခြင်းဖြင့် ထိုကိစ္စပြီးသွားပြီဖြစ်သော်လည်း၊ ကျွန်တော့်စိတ်အာရုံတွင် ယခင်က ရေးမည်ဟု စိတ်ကူးထားသော ဝတ္ထုဇာတ်လမ်းက ထင်လင်းမလာဘဲ လတ်တလော ဖြစ်လိုက်သည့် ကိစ္စကသာ လွှမ်းမိုးနေသဖြင့်၊ ဟယ်... ဒီအကြောင်းအရာကိုဘဲ ဟာသဝတ္ထုဖြစ်အောင် အချိန်မီ ရေးလိုက်ရပေတော့သည်။
ဤဝတ္ထုရေးစဉ်မှာ ယောက္ခမကြီးနှင့်ဇနီးကို ဖြီးချော့ချော့၍ နှစ်သိမ့်ဘို့ကိုသာ စဉ်းစား သည်။ ခိုင်အတွက်ကိုမတွေးခဲ့။ သူ့အား “မေအေး” ဟု နာမည်သာ ပြောင်း၍သွားခဲ့သောနေရာ၊ တွေ့ခဲ့သောလူ၊ ပြောခဲ့သောစကားများ၊ ကြည့်ခဲ့သော ရုပ်ရှင်ကို အမှန်တွေချည်း ရေးမိလေရာ ဤဝတ္ထုထွက်သောအခါ၌ ခိုင်နှင့် ကျွန်တော်ပြဿနာတက်ရလေတော့၏။
ဤဝတ္ထုမှာ ကျွန်တော်၏လက်ရှိဘဝကို ထင်းထင်းကြီးဖော်ပြရာလည်း ရောက်နေ၏။ သွေးသားမတော်စပ်ပါဘဲလျက် အပျိုအရွယ်လေးတယောက်နှင့် “အကိုကြီးရေ... ညီမလေးရေ...” လုပ်နေခြင်းသည် ဘင်္ဂလားမောင်နှမမျှသာဖြစ်ပေရာ၊ ထိုအချိန်၌ခိုင်သည် ကျွန်တော်၏ လက်ရှိ ဘဝအခြေကို မည်သို့ယူဆလေသည်မသိ သူကလည်းမမေး၊ ကျွန်တော်ကလည်း မပြောဘဲ မြုံနေခဲ့ရာမှ ယခု “ကျွန်တော့်မယားပျောက်လို့ရှာ”ဝတ္ထု ရှုမဝမဂ္ဂဇင်းတွင် ပါလာသောအခါ၊ စင်စစ် ကျွန်တော်တို့ကြမ္မာ ကျွန်တော်တို့ ဖန်တီးကြခြင်းပင်ဖြစ်ပေတော့သည်။
ခါတိုင်းဆိုလျှင် လဆန်းရက် စာအုပ်များ ထွက်ပြီဆိုပါက ကျွန်တော်သည် ရှုမဝမဂ္ဂဇင်း စာအုပ်ကို ခိုင့်ဆီသို့ ယူသွား၍ ပေးပြီး၊ ယခု (၁၉၅၂-ခုနှစ်၊ စက်တင်ဘာ) လဆန်းတော့ ကျွန်တော်သည် ကိုယ့်စိတ်ကိုယ်မလုံလေ၍ ခိုင့်ဆီသို့ မသွားလေတော့။
ဒါကိုမရွှေခိုင်က မသိကျိုးကျွံ ပြုနေလိုက်လျှင်လည်း အကြောင်းထူးပေါ်လာစရာမမြင်။ ယခုတော့ (သူလည်းအဘယ်လျှင် နေနိုင်အံ့နည်း။) မရွှေစာက “အကိုဆွေ... ဒီလ ရှုမဝထဲကဝတ္ထု ကို ခိုင်ဖတ်ပြီးပါပြီ။ အော်... ခိုင့်အတွက်ကြောင့် အကိုဆွေတို့ လင်မယား ဒီလောက်အထိ ဖြစ်သွားကြသလား၊ ခိုင်.... စိတ်မကောင်းပါဘူး၊ ဒါကြောင့် အကိုဆွေလဲ ခိုင့်ကို မုန်းသွားလို့ ခိုင့်ဆီ မလာတော့ဘူးလားဟင်...” ဟူသော စာမျိုး ရေးလိုက်တော့၊ နကိုက ဒီကောင်မလေးအပေါ် မရိုးသားတဲ့ စိတ်ရှိသော ဒီကောင်ကြီးနေနိုင်ပါဦးမည်လော။
ထို့ပြင်သူတို့ သူနာပြုဆရာမများ တာဝန်တွင် 4off နှင့် 8-off ပေါ် တရက်ခြားစီ ညနေ ၄-နာရီနှင့် ၈-နာရီမှာ အလုပ်က ဆင်းချိန်ရှိလေရာ၊ ဘယ်နေ့ 4-off ဆိုတာလည်း သူ့စာထဲမှာပါလေသဖြင့် တိတိကျကျ ချိန်းဆိုထားခြင်းပင် ဖြစ်နေရကား၊ ဤရည်ရွယ်သော အချိန်မှာပင် ကျွန်တော်သည် သူနာပြုဆရာမများ ဂေဟာဂိတ်ဝသို့ ရောက်သွားသည်၌ ခါတိုင်းလို တံခါးစောင့် ဒရဝမ်အား ငွေတကျပ်ထောင်ပြ၍ ခိုင့်ထံအကြောင်းကြားခိုင်းစရာပင် မလိုတော့ဘဲ၊ ခိုင်သည် ရွှန်းပစွာထွက်လာလေ၍ ကျွန်တော်တို့သည် မြင်လျှင်မြင်ခြင်း လက်ရှိ ပြဿနာကို ဥပက္ခာပြုထားကြသေးလျက်၊ တယောက်တယောက် တွေ့ချင်ဇော ပြင်းထန်သည့် ပြုံးရွှင်သော မျက်နှာများနှင့် သူတို့ဧည့်ခန်းသို့ သွားကြလေ၏။
သို့သော် ကျွန်တော်တို့ အပြုံးများကား တာမရှည်ကြပါချေ။ စားပွဲတွင် ထိုင်မိကြ၍ ခိုင်က မအောင့်အည်းနိုင်တော့ဘဲ “အကိုဆွေရေးတဲ့ ဝတ္ထုထဲကအတိုင်း အမှန်ဘဲလား” ဟူသည့် မေးခွန်းစတင် ပေါ်လာသည်၌ ကျွန်တော့်အပြုံးပန်း ခြောက်နွမ်းသွားပါပြီ။ ကျွန်တော်မျက်နှာ မထားတတ်တော့ပါ။ ငြင်းလည်းမငြင်းအား၊ ငြင်းလိုစိတ်လည်း မရှိသည်နှင့် ဟုတ်ကြောင်း ခေါင်းညိတ်လိုက်သည်နှင့် တပြိုင်တည်း သူလည်း မျက်နှာပျက်သွားလေပြီ။
“စိတ်မကောင်းစရာဘဲ အကိုဆွေရယ်၊ ခိုင့်ကြောင့်ဖြစ်ရတာ”
“ဟာ... သူတို့သားအမိကိုက သဘောထားသေးပြီး အတွေးချော်လွန်းတာပါ ခိုင်ရာ”
ကျွန်တော်တို့မှာ ပြောစရာစကား ရှားပါးသွားလေပြီ။ တယောက်တယောက် တွေကြည့် နေကြသည်။ ညနေ ၅-နာရီကျော်ပြီဆိုလျှင် သူနာပြုဆရာမတို့ ဧည့်ခန်းမှာ စုံတွဲတွေမှိုပွင့်သလိုပေါ် လာကြချေပြီ။ စုံတွဲတခု၊ စာပွဲတလုံး၊ စုံတွဲနုနု၊ စုံတွဲရင့်ရင့်။
ဘယ်သို့ ခွဲခြားသိနိုင်သနည်း။
စုံတွဲနုနုတို့သည် သိပ်ပြီးစိတ်မလုံကြသေး။ ဟိုဟိုသည်သည် နံဘေးနံဖီကို ကြည့်တတ်သည်။ ကိုယ်နေချင်လည်းလှမ်း၏။ စုံတွဲ ရင့်ရင့်တို့ကား ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ပြီ။ မျက်နှာချင်းဆိုင်လျှင် နဖူးချင်း ထိခမန်း၊ ဘေးတိုက်ဆိုလျှင် ကိုယ်ချင်းကပ်၊ လက်ချင်းထိ၊ ခြေချင်းကလိ၍ အရသာရှိရှိ နေကြကုန်သည်။
ယခု ကျွန်တော်တို့စုံတွဲကား အနုစား။ ဘင်္ဂလားမောင်နှမမှသည် ရည်းစားဘဝသို့ပင် မရောက်ကြသေး။ စပ်ကူးမတ်ကူးကာလ အသွင်ကူးပြောင်းရတော့မည့်အချိန်။
အခြားမောင်နှံမတွေ တွက်ထိုး နေကြသော်လည်း ကျွန်တော်တို့မှာ ပြောစရာစကားက ရှားပါး၊ မျက်နှာများကလည်းမကြည်သာကြ။ ထိုစဉ်က ကျွန်တော် မသင့်မြတ်ပုံများသာလျှင် ဖြစ်ပေမည်။ ကျွန်တော် ကောင်းစွာမမှတ်မိတော့။ ယခုတိုင် မမေ့နိုင်သည်ကား အခြားစုံတွဲ အချို့ထသွားကြ၍ ဧည့်ခန်းမှာ ဧည့်များ ပြန်ရမည့်အချိန် ရောက်လာသောအခါ ခိုင်က
“ ဒါဖြင့် အကိုဆွေရယ် အကိုဆွေ ယောက္ခမနဲ့ မယားက ဒီလောက်ထိဖြစ်နေရင် အကိုဆွေ မလာပါနဲ့တော့နော်၊ ခိုင်လဲ မကောင်းတော့ဘူး၊ အကိုဆွေလည်း မကောင်းတော့ဘူး၊ ကဲ-သွား သွား... အကိုဆွေ ပြန်တော့ ”
သူကအကို့ကို ကြင်နာသော မျက်နှာလေးနှင့် ဤသို့နှင်လေသောအခါ၌ ကျွန်တော့် ရင်မှာ ဒိတ်ဒိတ်ခုန်လေပြီ။ သူနှင့် ကျွန်တော် တွေ့ဆုံမှ မကြုံဘူးသေးသည့် စိတ်မျိုး ခံစားရပြီ။ ဒီအချိန်မှာ သူသည် အလွန်လှနေသည်ဟုလည်း ကျွန်တော် ထင်စားမိပါပြီ။ ကြည်လင်တောက်ပသော မျက်လုံး၊ ဖြောင့်ဆင်းသော နှာတံ မျက်နှာသွက်လျ၍ ရှေ့ဘက် ချွန်းထွက်နေသော မေးစိ၊ ထွေးအိအိကလေး။ အရွယ်ပြည့် ( ဖီလာစေ့ ) ပြီဖြစ်၍ လိုလေသေးမရှိတော့ပြီးသော ရင်သား၊ တင်ပါး၊ ကျင်သောခါး။
ထိုအချိန်၌ ကျွန်တော့် အသက် ၃၃-နှစ်။ သူက ၁၇-နှစ်။ အသက်ချင်း ထက်ဝက်မျှ ကွာသော လူကြီးနှင့် လူငယ်။ သူက သူ့ဆီလာရန် မသင့်လျော်တော့ပါဘူး။ နောက် မလာပါနဲ့ တော့။ ခု ပြန်ပါတော့ဟု နှင်လေသောအခါ အမှန်ပင် ဖြစ်နေ၍ ကျွန်တော့်မှာ ငြင်းစရာမရှိ။ ပြောစရာစကားရှာမရ။ ထိုင်ရာမှ လေးလေးကြီး ထကာ သူ့မျက်နှာ တဝမျှစိုက်ကြည့်ပြီး ဧည့်ခန်း မှ ထွက်ခဲ့တော့သည်။
နေဝင်းရိုးသရီ မှောင်စပြုနေပြီဖြစ်၍ ခါတိုင်း သည့်အချိန်မျိုးမှာ သူနှင့် ကျွန်တော်နှင့် သည်လိုဘဲ ဧည့်ခန်းမှာ တွေ့ကြပြီး ဧည့်ပြန်ချိန်ရောက်၍ ခွဲခွာကြသောအခါတို့၌ ဂွတ်နှိုက် တာ့တာ... ဆီးအဂိန်း စသည့် နှုက်ဆက်စကားတို့ဖြင့် ရွှင်ပျစွာသူက သူ့အခန်းဘက်သွား၍၊ ကျွန်တော်က ကိုယ့်လာလမ်းပြန်ခဲ့သည်။
ယခုမူကား သူ့မျက်နှာလည်း မရွှင်ပျ၊ နှုတ်ဆက်စကားလည်း တခွန်းမျှ မဆို၊ သူ့အခန်းတို့လည်း သူမသွားသေးဘဲ၊ သူ့စကားနားထောင်ကာ ထိုင်ရာမှထ၍ လေးလေးကြီး လျှောက်လာခဲ့သော ကျွန်တော့်နောက်က သူကပ်လိုက်လာခဲ့သည်။
ခါတိုင်းလို သူကသူ့အခန်းဘက် သွား၍ ကျွန်တော်က တယောက်တည်းပြန်လာခဲ့ပါမူ သူနှင့်ကျွန်တော့် ဇာတ်လမ်းသည်။ ယခုဖော်ပြတော့မည်ကဲ့သို့သော ပုံစံမျိုးဖြစ်ကောင်းမှဖြစ်ပေ တော့မည်။ ဇာတ်လမ်း ရှေ့ဆက်ခန်း ရှိချင်မှ ရှိပေလိမ့်မည်။ ယခုမူ သူသည်ကုလားဒရဝမ် စောင့်သည့် ဂိတ်ဝရောက်သော်လည်း မနေရစ်ခဲ့သေးမူဘဲ၊ သူ့စိတ်ထဲဝယ် ဘယ်သို့ဖြစ်လေ သနည်း။ ကျွန်တော့်အား ဘယ်အထိလိုက်ပို့မည်ကြံသည်မသိ။ ကျွန်တော့်နောက်က လိုက်လာခဲ့မြဲ။
ထိုစဉ်က သူနာပြုဆရာမတို့ ဂေဟာနှစ်ဆောင်ကြားတွင် အရှေ့မှအနောက်သို့ လူသွား လမ်းကျဉ်းကလေးရှိသည်။ (ယခုတော့ပိတ်ပစ်သည်) ရင်ခွဲရုံးနောက်နားမှသည် လတ္တာလမ်းဘက် သို့ထွက်၏။ ကျွန်တော်သည် လတ္တာလမ်းဘက် ထွက်သည့်လမ်းက ပြန်နေကျ။
ဤလမ်းကျဉ်းကလေးမှာ ဘေးနှစ်ဖက်ကသစ်သားတန်းများ နနွင်းမကင်းကွက်ပုံ ကြက်ခြေ ခတ်ကာထားသည်။ အုတ်ခုံလမ်းကလေးမှာ မျက်နှာချင်းဆိုင် လူနှစ်ယောက် လျှောက်သာရုံနှင့် လူနှစ်ယောက် ဘေးချင်းယှဉ်လျှောက်နိုင်ရုံရှိသည်။
နေဝင်ပြီးစ မှောင်ပျပျဝယ်၊ မီးရောင်လေးကမလင်းတလင်း၊ ဂိတ်ဝလွန်ပြီးသည်တိုင်အောင် သူကျွန်တော့်နောက်က ကပ်ပါလာလေတော့ ကျွန်တော့်စိတ်ထဲ လှိုက်လှိုက်လှဲလှဲ ဖြစ်လာ၍ သူ့ဘယ်လက်ကို ညာလက်နှင့်ဆွဲကိုင်ကာ ဘယ်လက်ဖြင့် သူ့ခါးကိုပွေ့ဖက်၍ ဘေးချင်းယှဉ် လျှောက်ခဲ့သည်။ နှုတ်ကတော့ဘာမျှမပြောမိကြသေး။ သူအလိုက်သင့်ဘဲ ပါလာသည်။ သည်လမ်းကလေးမှာ သည်အချိန်လူသူကလဲ ပြတ်နေသည်။ မပြတ်လဲအရေးမကြီးပါ။ သည်လိုစုံတွဲ မျိုးတွေ သည်လိုနေရာမျိုးမှာမဆန်းပါ။
ဤသို့ခြေလှမ်းတရာမျှ လျှောက်မိသည်၌ လက်ျာဘက်တွင် မည်ကဲ့သို့ ရည်ရွယ်ချက်နှင့် ပြုထားသည်မသိ။ ဆယ်ပေပတ်လည်မျှ ထောင့်ချိုးအခန်းလွတ် ကလေးတခု ရှိလေရာ ကျွန်တော့်အဖို့ မရွယ်ဘဲနှင့်စော်ကဲ မင်းဖြစ်ဆို သကဲ့သို့၊ ကျွန်တော်သည် ခိုင်ကို ဤအခန်းလေးထဲ ဆွဲသွင်းကာ အငမ်းမရ ပွေ့ဖက်နမ်းရှုပ်ပါ တော့သည်။ ခိုင့်ကိုယ်သည် ထွေးအိပျော့ညက်လျက်၊ ချစ်စိတ်ထန်ထန်၊ သွေးတိုးမြန်သော ရင်ခုန်သံ တဒုံးဒုံးနှင့် နှလုံးသားချင်းက စကားပြောကြသည်။
“ ခိုင်... ခိုင်... ဘယ်လိုဖြစ်နေနေ ခိုင့်ကို အကိုဆွေ ချစ်နေပြီ၊ စိတ်ကို မထိန်းနိုင်တော့ဘူး၊ မအောင့်နိုင်တော့ဘူး၊ တယောက်တယောက် တကယ်ချစ်မိကြပြီဆိုရင် လောကမှာ ဘာအတား အဆီးမှ မရှိနိုင်တော့ပါဘူး ခိုင်ရယ်...။ ခိုင်ကလဲ အကိုဆွေချစ်သလိုသာ ချစ်ပါနော်... နော်...”
သူက... ပြန်လည်၍
ထုတ်ဖွေကာ နှုတ်ချွေမပြောသော်လဲ
ချစ်တာ မေတ္တာသဘောတွေက
မနောမှာ နှစ်ကိုယ်ကြည်လို့
ချစ်ရွှေပြည် တည်ကာဆောက်ကြစို့ ... ။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment