ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော့်မယားပျောက်လို့ရှာ (၂) ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော့်မယားပျောက်လို့ရှာ (၂) ) // သော်တာဆွေ

---

ကျွန်တော့်မယားပျောက်လို့ရှာ (၂)

---

သူတို့သားအမိမှာ ကျွန်တော်ဝတ္ထုရေး၍ တလမည်၍မည်မျှသာရပါသည်ဆိုသည်ကို မယုံ။ အကန့်အသတ်မရှိ ရနေလျက် အိမ်ပေးချင်သလောက်သာပေး၍ အခြား၌ မိန်းမနှင့် အရက်တွင် ကုန်ချင်သလောက် ကုန်နေသည်ဟု ယောက္ခမဖြတ်ထုံးမှာပင်ရှိ၏။ 

အချို့သူတို့ဆွေ မျိုးထဲကလည်း ကျွန်တော့်ဝင်ငွေမှာ ဝန်ကြီးချုပ်လခထက်မနည်းကြောင်း တွန်းထားသူက ရှိသေး ၏။

ကျွန်တော်က ရေးဘော်များဖြစ်ကြသော သာဓုမေးပါ။ တင့်တယ် မေးပါဆိုလည်း 

“နင်တို့ လိုဟာချင်း အတူတူပေါ့”

ဒါဖြင့် 

“ကိုကျော်မေး”

ဆိုပြန်လည်း 

“သူကကော ဘာမို့တုန်း၊ ဒီပုတ်ထဲ က ဒီပဲပေါ့”

ယောက္ခမ ကျွန်တော်နှင့်ပေါင်းလျှင် (သူတို့ဆွေမျိုးထဲကမှတပါး) လူကောင်းမဟုတ်ဟု ဖြတ်ထုံးတွင်ရှိ၏။ မယုံလျှင်ကျွန်တော့်အိမ် တခါတခေါက်လာရောက် လည်ပတ်ကြပါ။

ကျွန်တော်မှာ ထိုည၌ ယောက္ခမဖြတ်ထုံးတွင် “မကြာခင် ဒပ်ဖရင်ရောက်မှာပါအေ” လောက်သာ တွေ့ရသဖြင့် မျှော်လင့်တာထက် သက်သာနေ၍ “တော်သေးတာပေါ့” ဟု နှစ်သိမ့်မိကာ မနက် သူတို့ တိုက်ပွဲမစမီ စောစောလစ်ပြေးနိုင်ရန် အရက်မူးမူးနှင့် သူတို့အသံတွေ ဆက်လက်နားသောတ မဆင်တော့ဘဲ စောင်ခေါင်းမြီးခြုံ၍ အိပ်လိုက်ပါတော့သည်။ 

မိုးသောက်၌ သူတို့အားလုံး အိပ်ရာကမထမီ အိမ်ပေါ်မှဆင်းခဲ့၍ နာနီဆီရောက်သော အခါ၌ ညက ယောက္ခမမုန်တိုင်းကျပုံကို မနက် သတင်းအဖြစ်နှင့် ပြောပြပါသည်။ ဤသို့ ပြောပြသည်မှာ မဖြစ်စဖူး ထူးထူးဆန်းဆန်းမို့ မဟုတ်ပါ။ နာနီအဖို့မှာလည်း ကြားရပေါင်းများ နေ၍ ရိုးနေပါပြီ။ သို့သော် ကျွန်တော်ဆိုလိုသည်မှာ “နာနီ ကျွန်တော် နာနီအိမ်မှာ ထမင်းစား ရမယ်” ဟူသော အဓိပ္ပာယ်ပင်ဖြစ်ပါသည်။

ယောက္ခမအရေးတော်ပုံကြုံခိုက်၌ ကျေးဇူးရှင်တွေကို မေ့ထား၍မဖြစ်သေး။ နာနီနှင့် အမကြီး ခင်မျိုးချစ်တို့အပြင် ယခု ၅၂ ခုနှစ်၌ အရေးပေါ်လျှင် မှီခိုရန် အသစ်တွေ့ထားသည်မှာ စာရေးဆရာ မြသန်း၊ ကြည်လင်၊ အောင်လင်း၊ ကျော်အောင်တို့ နေကြသော ကိုသန်းတင်-ဒေါ်မြမြ၏ အိမ်ဖြစ်ပါသည်။ 

ကျွန်တော်အချိန်မရွေး ထမင်းသွားစားနိုင်၏။ အခါမလင့် သွားရောက်အိပ်စက်နိုင်၏။ လွန်ခဲ့သော သုံးလလောက်ကပင် အရေးတော်ပုံတခုကြောင့် နှစ်လမျှ သွားရောက် ခိုအောင်းခဲ့ဘူးပြီ။

(ဤမျှဖော်ပြသည်နှင့်ပင် ကိုသန်းတင်နှင့် ရဲဘော်တစုသည် ယခုဝတ္ထုအတွက် ကျွန်တော့် ယောက္ခမပွက်ပွက်ညံသည်၌ ကျွန်တော်မှာ မျက်နှာကလေး စပ်ဖြဲဖြဲနှင့် သူတို့အိမ်သို့ ရောက်လာ တော့မည်ဖြစ်ကြောင်း သိရှိနေကြပါလိမ့်မည်။) 

ဤသို့ကျွန်တော်အိမ်မှာနားပူလှ၍ စာမရေးနိုင် စိတ်မကူးနိုင်ဖြစ်သောကြောင့် အခြား၌ အိပ်ကာ စားကာနေသောအခါတို့၌ ချစ်ယောက္ခမသည် ကျွန်တော့်ကိုယ်စား သူ့သမီးကိုညှင်းဆဲ တော့၏။

“ဟဲ ဖေမ၊ နင့်လင် နင့်ပစ်သွားပြီ၊ နင့်ခလေးတွေတပြုံကြီးနဲ့ ဘယ့်နှယ်လုပ်မလဲ၊ နင့်လင် အခုမယားငယ်နဲ့ပျော်ပါးနေပြီ သိရဲ့လား”

သမီးကလည်း မိခင်ဖြတ်ထုံးကို ချွင်းချက်မရှိယုံကြည်၏။
ဤအခြေတွေကို သိ၍ ကျွန်တော်ကကိုယ့်မှာ သားမယားရှိလျက်နှင့် တခြားသွားအိပ်တာ မသင့်လျော်ဟု ညတော့ အိပ်ပျော်တုန်းနားအေးပါတယ်လေဆိုပြီး အိမ်ပြန်အိပ်၊ ကျီးကန်းနှင့် သူတို့မနိုးမီပြန်ဆင်း။ သည်တော့လည်း...

“ဟဲဖေမ၊ နင့်လင်က ညအိပ်ရုံသာ လာအိပ်ပြီး မနက်ပြန်ဆင်းသွားတော့ နင်ဘာဖြစ်နေ ပြီလဲသိရဲ့လား”  

ဘယ်လိုမှအမျက်မလွတ်ပါ။ အမျိုးမျိုးဆူ၏။ ဆဲ၏။ ကျိန်၏။ တခါတရံရိုက်နှက်၏။ ဒါကို လည်း သူ့သမီးက သူ့အမေကို စိတ်မပျက်နိုင်ရှာ။ ထူးမြတ်သော ဉာဏ်ကြီးရှင် မိခင်၏ဖြတ်ထုံး အမျိုးမျိုးကိုသာ သဘောကျကာနေခဲ့၏။

ယခုမေအေး၏ ရုပ်ရှင်ပြဿနာ မကြေအေးမီ ကျွန်တော် ပြည်တော်သာချီတက်ရန် အဝတ် အစားပြင်လိုက်သည့် အမှုကား၊ မိုက်ကရိုစကုတ် မဟာပညာကျော်ဂျူနီယာ၏ ခုံရုံးတွင် 

“မေအေးနှင့် ကျွန်တော်သည် ကိုရီးယားစစ်မြေပြင်အထိ ဟန်နီးမွန်းထွက်မည်ဖြစ်၍ တတိယ ကမ္ဘာစစ်ကြီး မပြီးမချင်း ပြန်ရောက်လိမ့်မည်မဟုတ်”

ဟု ဖြတ်ထုံးပြုလိုက်လေသလားမသိ။ တရားလိုမ, ပင်လျှင် သူ့အမှုသူ ဆက်လက်မနာခံနိုင်တော့ဘဲ ဖော်ပြခဲ့သည့်အတိုင်း စာတစောင် ရေး၍ အခါလည်ကျော် သမီးကလေးနှင့် အိမ်ကထွက်ပြေးပါတော့သတည်း။

ကဲ... ကျွန်တော် မယားပျောက်တယ်တဲ့ .... ရှာရတော့မည်။

ကျွန်တော်အစပထမ၌ ကျွန်တော့် မိန်းမကို တယ်အယုံအကြည်မရှိလှဘဲ၊ ဝေးဝေးတော့ မသွားတန်ရာ၊ ညာတာဖြစ်ရမည်ဟု ကုတင်အောက်၌လည်းကောင်း၊ အိမ်အောက်က ထင်းပုံကြား၌လည်းကောင်း၊ လက်နှိပ်ဓါတ်မီးနှင့် ထိုးရှာသေးသည်။ နောက်မှဝါးခယ်မလမ်းက သူ့ဆွေမျိုးများအိမ်ကို သွားမေး၏။ မတွေ့ခဲ့။ အလဲ့ ငါ့မိန်းမ တကယ်များ ပြေးတာဘဲလား။ ဝမ်းသာရမလိုလို၊ ချီးမွမ်းရမလိုလို။

ကျွန်တော်မအူပင်လမ်းထိပ် ပြန်ရောက်သောအခါ သူတို့အမျိုးအနွယ်တယောက်ဖြစ်သော ကလေးမက ကျွန်တော့်မိန်းမကို သူ့ခဲအိုကိုညိုကြီးက မဟာမြိုင်လမ်းတွင်တွေ့၍ ဘယ်သွားမလဲ မေးရာ၊ လွယ်အိတ်တလုံး၊ ကလေးတယောက်နှင့် အဖြေမရေရာသဖြင့် အိမ်ပြန်ရန် ဆိုက်ကားပေါ် တင်လွှတ်လိုက်သည်။

သို့သော် ယခုအိမ်ပြန်မရောက်သေးကြောင်း သတင်းရ၏။

ကျွန်တော်အိမ်ပေါ်ပြန်တက်သောအခါ၌ ကျွန်တော့်ယောက္ခမနှင့် သူ့မောင်ရှိနေ၏။ ကလေး များအားလုံးနိုးကြပြီ။ ကျွန်တော့်သား ဟိတ်တာခေါ် ကျော်ကျော်ဟစ်တလုံးက...

“ဟေ့ နင့်နော်နော် မရှိတော့ဘူးကွ၊ ကောင်လေးတယောက်ခက်ပါပြီဟေ့”

ဟု သူ့ညီ ဘတ်စတာ ခေါ် သော်သော်ကို ရန်စ,ရာ အိပ်ရာမှထခါစ အကောင်က ငိုမဲ့မဲ့ပြုသည်တွင် ကျွန်တော့် သမီးအကြီးဆုံး ဒင်ပယ်လ်ဆွေ ရှစ်နှစ်သမီးက... 

“ဟဲ့... ကျော်ကျော်ကလဲ မစ,နဲ့ဟယ်... သော်သော်မငိုနဲ့ သိလား၊ နော်နော်က သော်သော် ငိုလို့ စိတ်ညစ်သွားတာ၊ သော်သော် မငိုတော့ဘူးဆိုမှ ပြန်လာမှာတဲ့နော်... လာ၊ တိတ်တိတ် ကော်ဖီသောက်ရအောင်”

ခါတိုင်းအိပ်ရာကထ မအေကိုချွဲပြီးငိုလေ့ရှိသော သုံးခါလည်ခွဲရွယ်လည်း မိခင်မရှိမှုကို နားလည်ကာ မငိုမယိုဘဲ ကောင်းစွာနားထောင်၏။ 

(ယခုကျွန်တော် စာရေးနေချိန်ထိ သုံးရက်ရှိပြီ။ မိခင်မလာသေးပါ။) သို့သော် သူတို့မဆူမပူမှ မအေကလာမည်ဟု ပြောထားသောကြောင့် သူတို့ ကောင်းမွန်ဆိတ်ငြိမ်စွာ နေကြ၏။ ခါတိုင်းကဲသို့ ဈေးသည်လာပူစာခြင်း၊ ပိုက်ဆံတောင်းခြင်း၊ အိပ်ရာထငိုယိုခြင်း၊ ညီအကိုရန်ဖြစ်ခြင်းများ မပြုတော့ပြီ။ ကျော်ကျော်က ကျောင်းသွားချိန်သွား၊ ပြန်ချိန်ပြန်၊ သော်သော်က အိမ်မှာဖွားအေနှင့် ကောင်းမွန်စွာနေ၏။ တခါတလေ၌ 

“နော်နော်ရေ... ရာပါတော့... ရာပါတော့... သော်သော် ငိုတော့ဘူး”

ဟု သီချင်းဆို၏။ (ဤအခါ၌ သူ့ဖွားအေ ကျွန်တော့်ယောက္ခမကြီး မျက်ရည်ကျ၏။) ကျွန်တော်တို့ရှာဖွေရေးကို ဆွေးနွေးကြ၏။ အန်ကယ်လ်က ယခုသူ့သားအား ကန်တော်ကြီးနှင့် အင်းလျားကန် ပတ်သော ဝိုင်ယာလက်စ် ကားများကို သတင်းပေးရန် မော်တော် ဆိုင်ကယ်နှင့် လွှတ်လိုက်ပြီ။ ထို့နောက် ရန်ကုန်ရှိသူတို့ ဆွေမျိုးအိမ်တွေလိုက်မေးမည်။ ယခု ကျွန်တော်တို့က ဂတ်ကို တိုင်ထားရန် လိုကြောင်းပြောသည်နှင့် ကျွန်တော့်ယောက္ခမနှင့် ကျွန်တော်ပင် သင့်မြတ်စွာ အိုးဘိုဂတ်သို့ လာကြသည်။
ဂတ်ထဲက ထွက်လာပြီးနောက် ကျွန်တော်သတိရ၍...။

“အော... အန်တီ၊ သူ ကျွန်တော့်ကို စိန်ဘရားသားတိုက် ပို့ပါပို့ပါနဲ့ မကြာခဏပြောဘူးတယ်၊ သူအဲဒီများသွားမလား၊ လာ... လိုက်ချေကြရအောင်”

“စိန်ဘရားသားက ဝပ်ဆင်တိုက် မလား ... ပြောင်းပြီးမှ သူတခါမှမရောက်ဖူးဘူး သွားတတ်ပါ့မလား ”

“ဒီလိုမေးစမ်းသွားမှာပေါ့ဗျာ၊ လာပါ လိုက်ကြရအောင်”

ဆိုပြီး ဘတ်စ်ကားပေါ်တက်ကြ၏။
စိန်ဘရားသားနှင့်သူတို့ ဆွေမျိုးတော်ပါသည်။
အိုးဘိုဂတ် ရှေ့မှ စိန်ဘရသားတိုက်ရှိရာ ပန်းဆိုးတန်းအရောက်၊ ဘတ်စ်ကားစီးရသည် မှာ လူလည်းမသက်သာ၊ အချိန်လည်းကြာလှပါ၏။ ဤအတွင်း၌ သမီးယောက္ခမ နှစ်ယောက် တယောက်တယောက် စကားမပြောကြ။ ကျွန်တော့်စိတ်တွင် အပျက်ပျက်နှင့် တစထက်တစသော ကလှိုင်၍ လာပါပြီ။

သူတို့ ဆွေမျိုးများ တအိမ်အိမ် သွားရောက်နေပါက တော်သေး။ နို့မဟုတ်လျှင် ကျွန်တော့် သမီးအခါလည်ကျော်ကလေးနဲ့ ညဉ့်အချိန် ဘယ်လိုအိပ်၊ ဘယ်လိုနေကြမှာတဲ့လဲ။ ကျွန်တော့် မယားမှာ အသက်အစိတ်မျှသာ ရှိပါသေးသည်။

ရူးရူးမိုက်မိုက်နှင့် ရေထဲဆင်း၍လည်းကောင်း၊ အခြားတနည်းနည်းနှင့်လည်းကောင်း၊ သူ့ကိုယ် သူသတ်သေအံ့။ ကျွန်တော့်သမီးကလေးကကော...။

ကျွန်တော့်ရင်မှာဆို့၍ လည်ချောင်းထဲကအပ်လာပါသည်။ ဒီနေ့မတွေ့ နက်ဖန်ကျရင်တော့ သတင်းစာထဲ ထည့်ရမှာဘဲ။ သတင်းစာထဲကြော်ငြာတော့ ဓာတ်ပုံလိုတယ်။ ဟင်...သူ့ကြီးမှရိုက်တဲ့ဓာတ်ပုံလဲ မရှိဘူး။ ဒုက္ခဘဲ... ။

သို့တွေးရင်း ဆွေးရင်းနှင့် ကျွန်တော်သည် လောကရေးရာ၌ ဘယ်မျှမိုက်သောကောင်ပါနည်း။ ကြည့်ပါ။ မယားပျောက်၍ စိတ်ညစ်နေရတဲ့ အထဲက ဟာသဝတ္ထုတပုဒ်ကို အကွက်ရိုက်မိ ပြန်သည်။ ဝတ္ထုနာမည်ကိုက “မယားပျောက်”တဲ့။

---

ဝတ္ထုဇာတ်လမ်းအစမှာ ကျွန်တော်သော်တာဆွေ မေ၏ရည်းစားသည်မေက ယခုနောက်ဆုံးပေါ်မှန်နိုင်လွန်ဝယ်ပေးပါဆိုသည်နှင့် ငွေ ၅ဝိ-ခန့်လိုနေ၏။ ကိုကျော်ဆီသွားတောင်းခန်း ထည့်သည်။ မရ။ သတင်းစာတစောင် ကောက်ဖတ်လိုက်ရာ...

မယားပျောက်ကြော်ငြာ 

ဆုငွေ ၅ဝိနှင့် ၁ဝဝိ 

ဤဓာတ်ပုံပါ ကျွန်တော်၏မယား စီနီမာသည် (ကပြားမဟုတ် ဗမာမပင်ဖြစ်သည်။ သို့သော်ရုပ်ရှင် ဝါသနာပါလှ၍ “စီနီမာ”ဟုမှည့်ထားသည်။) သြဂုတ်လ ၄-ရက် ပြည်တော်သာနေ့က ကျွန်တော် ပြည်တော်သာသို့ ချီတက်ရခိုက်အိမ်မှ ထွက်သွားသည်။ တွေ့ရှိ၍ နေရာဌာနကို လာရောက်သတင်းပေးပါက ၅ဝိ။ သို့မဟုတ် အိမ်အရောက်ပို့ပါက ဆုငွေ ၁ဝဝိ-ပေးပါမည်။

(ပုံ)ထွန်းကျော် (အောက်က သူ့အိမ်လိပ်စာ) 

ကျွန်တော်က 

“ကဲ... သန်းဆွေ မင်းလဲဘိုင်ကျနေတယ်လာ...၊ ငါနဲ့ ဒီမိန်းမ လိုက်ရှာရအောင် တွေ့ရင် တယောက်တဝက်ပေါ့”

သန်းဆွေက သူ့အမူအရာအတိုင်း ကြောင်ကြောင်နေရာမှ 

“ဘယ်သွားလိုက်ရှာမလဲကွ၊ ရန်ကုန်မြို့ကြီးများ မင်းယောက္ခမရေချိုးခန်းလောက် အောက်မေ့နေလား”
ဒီကောင်လဲ အ,ရန်ကော၊ သူ့ဒီကြော်ငြာထဲ ကြည့်ပါလားကွ၊ ရုပ်ရှင်အလွန်ဝါသနာပါလို့ စီနီမာလို့ တောင်မှည့်ထားရတယ် ဆိုတော့ ရုပ်ရှင်ရုံတန်း လျှောက်ကြည့်ရုံပေါ့ကွ၊ လာ...။ အခု ရုပ်ရှင်ပြန်ချိန်နီးနေပြီ သို့နှင့် ဒီကောင်ပါလာရာ ထိုမိန်းမကို အဆင်သင့်ပင် ကွန်တီနင်တယ်အောက် ကြာဇံဟင်းခါးသောက်နေသည်ကို တွေ့ရလေ၏။

ကျွန်တော်က သတင်းစာဖြန့်ကာ...

“ကဲ ဓာတ်ပုံနဲ့ ယှဉ်ကြည့်စမ်းကွ”

“အေး.... ဟုတ်တယ်ကွ”

“ဒီတော့ရင် အခု ဒို့ကွန်တီနယ်တယ် အောက်မှာကြာဇံဟင်းခါးသောက်နေတယ်လို့ မြေနီကုန်း ကိုထွန်းကျော် အိမ်သွားပြောလိုက်ရုံနဲ့ ငွေ ၅ဝ တော့ရနေပြီကွ”

“ဒီမိန်းမက ဒီနေရာက ထမသွားတော့ဘူးတဲ့လား”

“ထတာ မထတာ ဒို့အလုပ်မဟုတ်ဖူးလေ၊ သူ့ကြော်ငြာထဲမှာက ဒီမှာကြည့် “တွေ့ရှိရာဌာနကို လာရောက်သတင်းပေးပါက ၅၀ိ ” ဆိုတယ်ဘဲကွ”

“ဟ... ဒါက သူလိုက်ကြည့်လို့ တွေ့မှပြောတာပေါ့ကွ၊ နို့မဟုတ်ရင် ဟိုလူကလဲ ကိုထွန်းကျော် ခင်ဗျားမိန်းမ ဂလုပ်ရုံအောက်တွေ့ခဲ့တယ်။ ဒီလူကလဲ ပလေဒီယန်ရုံရှေ့ တွေ့ခဲ့တယ် ပြောရုံနဲ့ငွေ ၅ဝိ-၅ဝိ ပေးနေရရင် ဒီကိုထွန်းကျော်က သူ့မယားပျောက်ကိစ္စအတွက် အီး-စီ-အေ က အကူအညီပေးထားတာမို့လား”

“သူ့ခမျာပြည်တော်သာကို ချီတက်ခဲ့ရတယ် ဆိုတော့ သာမန်လခစားကလေး ဖြစ်ပါလိမ့်မယ်ကွာ” 

ကျွန်တော်သည် သန်းဆွေပြောသည်ကိုသဘောပေါက်ကာ...

“အေး...၊ ဒါလဲစဉ်းစားစရာဘဲကွ”

---

ဤနေရာ၌ ကျွန်တော်ဝတ္ထုသွား ကျွန်တော်သဘောကျ၍ပြုံးလိုက်မိရာ ဘေးချင်းယှဉ်ထိုင် နေသော ချစ်ယောက္ခမအကြည့်နှင့် ဆုံမိသွားလေသဖြင့်...

“ဒမ်...ဘွိုင်း...”

ဟုပဏာမခံလိုက်ပြီး 

“နင်ကနောက်မယားနဲ့ ကျကျနနနေရတော့မှာမို့၊ တယ်ဝမ်းသာနေပေါ့လေ”

ကျွန်တော် ရုတ်တရက် ကြောင်တက်တက်ဖြစ်သွားကာ...

“မဟုတ်ရပါဘူးဗျာ”

“မဟုတ်ဖဲနဲ့ နင် ဒီလိုအခါမှာ ပြုံးနိုင်သလား၊ နင်ကတော့ ပျော်လို့၊ ငါ့သမီးကတော့ ဘယ်နေရာမှာ ဘာဖြစ်နေလဲ မသိရသေးဘူး”

“ကျွန်တော့်သမီးလေးလဲပါသွားပါတယ်ဗျာ...”

“နင့်သမီးက ငါ့မြေးပါဟဲ့”

“ခင်ဗျားသမီးက ကျွန်တော့်မယားပါဗျ”

“နင်က ဒီမယား သေစေချင်နေတာ မဟုတ်လား”

“တော်ဗျာ... တော်ဗျာ”

ကြာလျှင် သမီးယောက္ခမနှစ်ယောက် ဘတ်စ်ကားပေါ်ထသတ်ကြမည့် အပေါက်ရောက် မှာစိုး၍ လျှော့ပေးလိုက်ရပါသည်။

ဟုတ်ပါ၏။ ကျွန်တော် ဤအခါမျိုးပြုံးလိုက်မိတာက လွန်လှပါသည်။ ထို့ကြောင့် လောကတံထွာအလျောက် မယားပျောက်စိတ်ညစ်သည့်ပုံ သုန်မှုန်၍ နေလိုက်ရပြန်တော့သည်။ ဤနေရာမှာ လတ္တာလမ်းသို့ ရောက်နေလေပြီ။ သို့သော် လူ့ထုံးစံနှင့် ဂွဂလန့်ကျလှသော ကျွန်တော်မှာ ကြာကြာသုန်မှုန်၍နေ၍ မရတော့ပြန်ပါ။ မဂိုလမ်းအကျော်၌ အခုနဝတ္ထုကြောင်း ပြန်စဉ်းစားမိပြန်တော့သည်။ ဇာတ်ကွက်ထဲ ပြန်ရောက်သွားပြန်တော့သည်။

---

“ဟေ့... သန်းဆွေ၊ ဒါဖြင့် ဘယ့်နှယ်လုပ်မလဲကွ၊ သူ့သွားချော့ခေါ်ရကောင်းမလား”

“အိမ်မနေချင်လို့ ထွက်လာတာ မင်းက သွားချော့ခေါ်ရအောင် မင်းမယားမို့လို့လား”

“ဒီလိုဂွမပြောနဲ့ကွာ၊ ရာတန်စက္ကူကြီး ရှေ့နားရောက်နေတာ လက်လွတ်သွားပါ့မယ်။ ငါပြောတာက ဒီလို ဒီဓါတ်ပုံနဲ့ ကြော်ငြာသူ့ပြပြီးတော့ “ခင်ဗျား ဒါတွေ့ပြီးပြီလား၊ ကိုထွန်းကျော် တယောက်ဖြင့် သိပ်ဒုက္ခရောက်နေပြီ၊ သူ့ကိုယ်သူ သတ်သေမယ်တောင်ပြောနေတယ်၊ သနားပါ တယ်ဗျာ၊ အိမ်ပြန်လိုက်ပါ” လို့တောင်းပန်တာပေါ့ကွ၊ တောင်းပန်မရလို့ သူမပြန်ဘူးဆိုတော့ သူဘယ်မှာနေသလဲဆိုတာ သိရအောင် နောက်ယောင်ခံလိုက်ကြည့်ပေါ့ကွ”

“အေး... ဒီလိုဆို ဖြစ်နိုင်တယ်”

“လာ... လာ... သွားမယ်၊ ငနဲမ ကြာဆံဟင်းခါးသောက်ပြီးသွားပြီ”

ကြာဆံဟင်းခါးဆိုင်မှ ထိုမိန်းမ နှုတ်ခမ်းသုတ်အထ၌ ကျွန်တော်သည် သတင်းစာမှ သူ့ဓာတ်ပုံကိုကွင်းပြကာ... ။

“ဒီမှာ ဒါ... ခင်ဗျားဓာတ်ပုံမဟုတ်လား”

ထိုမိန်းမ အံ့အားသင့်ကာ...

“ဟင်... ဟုတ်တယ်၊ ဘယ်သူကများ ဘာလုပ်ထည့်လိုက်တာပါလိမ့်။ ကျမလက်ရေးတို ကျောင်းလဲမနေဘူးပါဘူး၊ ဒူလာလိပ်ခေါင်းလဲ မထွက်ဖူးပါဘူး”

“ဒီမှာကြည့်လေ”

ဟုဆိုကာ ကျွန်တော်က မယားပျောက်ကြော်ငြာဆုငွေ ၅ဝိနှင့် ၁ဝဝိဆိုတာ ဖြန့်ပြလိုက်ပါသည်။

စာကိုဖတ်ပြီး ထိုမိန်းမအကြီးအကျယ် ဒေါပွကာ...၊

“အမယ်လေး... ဒါထွန်းကျော်က ကျမကိုသက်သက် စော်ကားတာ၊ ဘယ်မလဲ အခု ဒီသေခြင်းဆိုးခွေးမျိုး၊ တွေ့မှပါးနင်းဆုတ်မယ်”  

တာဝန်မှာ သူတို့ချင်း ပါးနင်းဆုတ်ရုံမက၊ နားရွက်တွေပါဖြုတ်ပစ်ပစ်၊ ကျွန်တော်တို့ ကိုထွန်းကျော်ဆီ ခေါ်သွားရန်သာဖြစ်ခြင်းကြောင့်...

“သူ့အိမ်မှာပေါ့ လာလေ ကျွန်တော်တို့ လိုက်ပို့မယ်”

“အို... ချက်ချင်းသွားရှင်းမှ လာသွားမယ်”

ထိုမိန်းမသည် ဒေါနှင့်မောနှင့် ကျွန်တော်တို့ ရှေ့ကပင် မြေနီကုန်းကားရှိရာသို့ သွားလေသည်။
ကျွန်တော်နှင့် သန်းဆွေသည် သူ့နောက်မှလိုက်ကာ...

“ဘယ့်နှယ်လဲကွ သန်းဆွေ၊ ငွေတရာများလဲ လွယ်လိုက်ချင်တော့... ဟင်၊ ဗိုလ်ကျော်ဆီသာ တောင်းနေရမယ်ဆိုရင် ၁ဝိ တောင် ရအုံးမှာမှုတ်ဖူး”

ခပ်တိုးတိုးပြောခဲ့ပါသည်။

ကိုထွန်းကျော် အိမ်ရှေ့ရောက်သောအခါ၌ ထိုမိန်းမသည် သတင်းစာကိုကိုင်၍ ဒေါနှင့် မောနှင့် ဝင်ကာ အိမ်ရှေ့အသင့်တွေ့နေသောလူအား

“ဒီမှာ ကိုထွန်းကျော် ရှင်ကဘာသဘောနဲ့ ကျမကိုဒီလိုစော်ကားတာလဲ”

သို့သော် ထိုလူက တောင်းပန်သောမျက်နှာနှင့်....း

“သည်းခံပါ မစီစီမာ၊ ခင်ဗျားညီမစီနီမာဟာ ကျွန်တော့်ကို ဘာလို့ စိတ်ကောက်လဲ မသိဘူး။ တနေ့ကဘဲ အိမ်ကထွက်သွားတယ်။ အဲဒါပြန်မလာလို့ သတင်းစာထဲ ကြော်ငြာဘို့ကျတော့ သူ့ဓာတ်ပုံက အိမ်မှာမတွေ့ဘူး၊ ခင်ဗျားတို့ညီအမချင်းက ဓာတ်ပုံချင်းလဲထားတော့၊ ရုပ်ချင်း တထေရာထဲဘဲလေ မထူးပါဘူးဆိုပြီး ခင်ဗျားဓာတ်ပုံဘဲ ထည့်လိုက်တာပါ”

သို့တိုင် မစီစီမှာ စိတ်မပြေနိုင်ဘဲ...

“ရှင်က ရှင့်မိန်းမဓာတ်ပုံကျမ အိမ်မှာ လာယူပါလားရှင်”

“ဒါသတိတော့ရပါတယ်။ ဒါပေမယ့် အကျိုးအကြောင်းပြောပြနေရတော့ ခင်ဗျားတို့ ညီအမချင်း စိတ်မကောင်းဖြစ်နေမှာစိုးလို့ပါ” 

“အမယ်လေး စိတ်မကောင်းမဖြစ်ပါဘူးတော်၊ ကျမညီမနဲ့ ရှင့်လို အရက်သမားနဲ့သာ ကွဲသွားမယ်ဆိုရင် သိန်းထီပေါက်သလောက် ဝမ်းမြောက်ပါတယ်၊ ကျမတို့ ဆွေမျိုးတွေက ရှင့်ကို ကြည်ဖြူလို့များ ကြည့်နေကြတယ်မှတ်သလား၊ ခလေး လေးယောက်နဲ့ ခွဲမဖြစ်လို့သာ သိရဲ့လား၊ အခုလို ကျမညီမက ထွက်သွားတယ်ဆိုတော့ ဝမ်းသာပါတယ်၊ ကျမညီမကို ချီးကျူးပါ တယ်။ ခလေးတွေလဲ ရှင်မကျွေးနိုင်ရင် ရှောက်ပေးပစ်လိုက်မယ်။ ကျမတို့ ဆွေမျိုးထဲ ချမ်းသာတဲ့ လူတွေပြည့်လို့၊ ရာထူးကြီးနဲ့တိုက်ကြီးတာကြီးနဲ့ ဆိုင်ကြီးကနားကြီးနဲ့၊ သားသမီးမရှိလို့ လိုချင်နေကြတာတွေ အပုံ”

---

ကျွန်တော့်ဝတ္ထု ဇာတ်ကွက် မဆုံးသေးပါ၊ စိန်ဘရားသားတိုက်ရှိရာ ပန်းဆိုးတန်းသို့ ရောက်သည်နှင့် ကျွန်တော့်ခေါင်းထဲ၌ စိတ်ကူးပြတ်၍ သမီးယောက္ခမနှစ်ယောက် ဘတ်စ်ကားပေါ်မှ ဆင်းခဲ့ရပါတော့သည်။

ဓနရှင်ကြေးရတတ်အိမ်များ ခက်လှသည်။ စိန်ဘရားသား ဝဇီရာ တိုက်မျက်နှာစာ၏ လကျာ်ဘက်စွန် ဓာတ်ဆီရောင်းသော ကုလားရှိသည့်အခန်းကလေးမှ အပေါ်ထပ်လှေကားကို တက်ရာ၊ ကုလားက တားမြစ်သဖြင့် 

“ဟဲ့...ငါတို့ဆွေမျိုးပါဟဲ့ ”

ကျွန်တော့်ယောက္ခမက ပြောသော်လည်း မရ၊ သုံးထစ်လောက် ရောက်မှပြန်ဆင်းရပါသည်။

“သွား... ဟိုအထဲမှာ ဘရားဆပ်ဆီ အရင်သွားချေပါ...”

ဟု ဆိုသဖြင့် စိန်ဘရားသားအငယ် ကိုကျော်စိန်ရှိရာ ဆိုင်ခန်းထဲဝင်သွားရပါသည်။

ကိုကျော်စိန်ကို 

“နော်မာ လာသလား” 

မေး၍ 

“မလာဘူး”

ပြောကတည်းက ကျွန်တော်ပြန် ချင်လှပါပြီ။ သို့သော် ယောက္ခမက ရောက်လို့ရှိမှ လူကြီးတွေဆီ သွားအုံးမှဆိုသဖြင့် ကိုကျော်စိန် လှေကားဝထိအောင် လိုက်ပို့၍ အပေါ်ထပ်သို့ တက်ခွင့်ရခဲ့ပါသည်။

ရောက်လျှင် စိန်ဘရားသားတို့အဖေကြီးက ယခုသူတို့၏ တဦးတည်းသောမြေးကလေးမှာ နာမကျန်းဖြစ်နေ၍ ဆရာဝန်ပေးရတာကို မဆိုထားနှင့် နေ့နာ့စ် ၂ဝိ၊ ညနာ့စ် ၂၅-ကျပ် ပေးရသည်ပင် ငွေ ၇ဝ ကျော်သွားပြီဖြစ်ကြောင်း ညကအိပ်ပျက်ကြ၍ စကော့ဈေးဆိုင်ခွဲ သွားရမည်ဖြစ်သော သမီး မသီသီတို့ မကြည်ကြည်တို့ပင် ယခု ၉-နာရီခွဲသည်တိုင်အောင် မသွားရသေးကြောင်း၊ မင်းတို့ကြီးကြီး မငွေခင်ဆိုလျှင် အိပ်ရာမှပင် မထသေးကြောင်း၊ အော်... သားမြေးများ နာမကျန်းဖြစ်ရင် တယ်လူကြီးတွေ ဒုက္ခရောက်တာဘဲ စသည့် ပဏာမခံနေသောကြောင့် ကျွန်တော်တို့ သမီးပျောက် မယားပျောက် ကိစ္စကလေး အတော်ကြာပင် အေးထားရပါသေးသည်။ နောက်အခွင့်ရ၍ ပြောသောအခါလည်း... 

“သြ... ဒီတော့ မလာဘူးကွဲ၊ ဝေးဝေးတော့ သွားမယ်မထင်ပေါင်ကွယ်၊ အနီးပါးနား၊ ဆွေမျိုးတွေအိမ်မှာဘဲ နေပါလိမ့်မယ်။ အခုလောက်ရှိ အိမ်ပြန်ရောက်ချင်တောင် ရောက်နေမယ်။ ငါတော့ ဒီလိုဘဲထင်တယ်ဟေ့၊ မင်းတို့အိမ်ပြန်သွား တွေ့မှာပါဘဲ၊ တွေ့ပါစေကွယ် ငါမေတ္တာပို့ လိုက်ပါတယ်...”

ဟူသော ကောင်းချီးသြဘာကို ခံယူရလျက် လင်မနစ်တပုလင်း ဖန်ခွက်ငယ်နှစ်ခု ခွဲထည့်ထားသည်ကို သမီးယောက္ခမနှစ်ယောက် တယောက်တခွက်စီ သောက်ပြီးပြန်ခဲ့ရလေ၏။

လမ်းခွသို့ ရောက်ကြသောအခါ၌ ဘယ်သို့ ဘယ်လမ်းမြန်းကြအုံးမလဲ ဆွေးနွေးကြရာ ကျွန်တော်က...

“ချစ်ကဲင်း ရန်ကုန်ဆွေမျိုးတွေအိမ် လိုက်ရှာလို့ မတွေ့ရင် ကျွန်တော်တညင်ဘက် ကူးမယ်လေ”

သံလျင်မှာလည်း သူတို့ ဆွေမျိုးလက်ကျန်များ ရှိသေး၏။

“အော်...ဒါနဲ့ မင်းကန်တော်ကြီး ဘုတ်ကလပ်နားကအယ်လိတ်အိမ် သွားလိုက်ပါအုံး”

“ချစ်ကဲင်း... သွားလိမ့်မယ်မဟုတ်လား”

“ဒီအိမ်တော့ သူသွားမယ် မဟုတ်ဖူးကွဲ့” 

အကြောင်းမှာ အယ်လိတ်သည် ကျွန်တော့်မိန်းမအဖေဘက်က ဆွေမျိုးဖြစ်၏။ ကျွန်တော့်ယောက္ခမ ကွယ်လွန်သူ မစ္စတာဆစ်ဒနီဘဲရိုး၏ ညီ မစ္စတာအယ်လိတ်ဘဲရိုး ယခု လယ်ဝန်ဖြစ်၏။

“ကောင်းပြီလေ...ကျွန်တော်သွားလိုက်မယ်၊ အဲဒီမသွားခင် ကျွန်တော် ရှုမဝ ဝင်ပိုက်ဆံ တောင်းအုံးမယ်၊ အန်တီပြန်နှင့် ချစ်ကဲင်းနဲ့တွေ့လို့ အကြောင်းထူးရင် ကျွန်တော်ရှုမဝမှာ ရှိမယ်ပြောလိုက်ပေါ့”

ရှုမဝတိုက် ဝင်လိုက်လျှင်ပင် မယားပျောက်ဖူးဘို့ မဆိုထားနှင့် ရည်းစားစာမှပျောက်ဖူး ဟန်မတူသေးသော သန်းဆွေသေနာကောင် ကလေးက...

“ဟေး... သော်တာဆွေ မင်းငါ့လက်ဖက်ရည် တိုက်ရလိမ့်မယ်”  

ကျွန်တော်မှာ သူ့မချိုမချဉ် မျက်နှာကို နကိုအစဉ် သောက်မြင်ကပ်သူဖြစ်သည်နှင့် 

“မင်း လက်ဖက်ရည်မတိုက်ဖဲ နရင်းအုပ်ကော... မပြီးဘူးလား”

“အကောင်းပြောဆရာ... မုန့်ပါမှာလိုက်”

“ဘာလို့လဲ မင်းအဒေါ် ငါဂေါ်လို့ လာဘ်ထိုးရမှာလား”

“အေး... ဒါဖြင့်နေ ဟောဒီမှာ ကောင်မလေး တယောက်က မင်းလာရင် ဖုံးဆက်ခိုင်းပါဆိုပြီး ဖုံးနံပါတ်ပေးထားတယ်ဆရာရဲ့”

“ဟေ့... သန်းဆွေ၊ ဒါက မင်း ငါ့အရူးလုပ်ဖို့ နှစ်ပေါင်းများစွာက ထွင်ခဲ့တဲ့အလုံးတွေပါကွာ၊ ရိုးလို့ ဆွေးတောင်နေပါပြီ”

“အေး... ဒါဖြင့် နင်ငတ်၊ ကောင်မလေးက ၁၁-နာရီကျော်လို့မှ နင်မလာရင် အိမ်လိုက် ခေါ်ပေးပါလို့ မှာထားတယ် သိလား၊ ငါက အခု ဒီကောင်မလေးဆီ သော်တာဆွေ သေပြီလို့ ဖုံးဆက်လိုက်အုံးမယ်”

သူက ဖုံးကောက်ကိုင်သည်၌

“ဟေ့... မင့် ပြက်လုံးကလေးတွေဟာ ငါနဲ့ပေါင်းလို့ အတော်အတန်တိုးတက်ပါတယ်ကွာ၊ ဒါပေမယ့် ငါအခုအချိန်မှာ မင်းကို ဂုဏ်ပြုမနေနိုင်ဘူး။ ငါအင်မတန်စိတ်ညစ်နေတယ်”

“ဟေ... မင်းရုပ်ကြီးလား စိတ်ညစ်တဲ့ ရုပ်၊ မင်းလို ကောင်ကများ စိတ်ညစ်ရမှန်း သိသေး သလား”

“ဟေ့... တကယ်ပြောတာကွ၊ အခုမနက် ငါ့မိန်းမနဲ့ ခလေးအငယ်လေးအိမ်က ထွက်သွားလို့ ကိုကျော်ဘယ်မှာလဲ ကိုကျော်”

“အဟ... ဟား ... အဟဟား”

ဤတွင်မှ ခွေးကောင်ကလေးသည် သူ့ရည်းစားလင်ယူသွားသဖြင့် ရုတ်တရက်ရူးသွားသလိုကျယ်လောင်စွာ ရယ်မောလိုက်ပြီး 

“ကိုကျော်ရေ ဟော့ဒီမှာသော်တာဆွေရယ်၊ သူ့မိန်းမအိမ်က ထွက်သွားတယ်ဆိုပြီး ခင်ဗျားဆီ ပိုက်ဆံတောင်းရအောင် လာပြန်ပြီ၊ အရင်တလောကလဲ သူအရက်ဘိုး မရှိတာကို ခလေးအသဲအသန် မမာလို့တဲ့”

ကျွန်တော် ရုတ်တရက် စိတ်ဆိုးသလို ဖြစ်မိကာ...၊

“ကြည့်စမ်း ဗိုင်းဒါမ လင်လေး၊ ငါတကယ်ပြောနေတာကို...”

ကိုကျော်သည် စက်ခန်းထဲမှ ထွက်လာကာ... 

“၇၅ ကယ်ဘဲပြောပြော ဒီတခါတော့ မရဘူး၊ ကိုရင်ရေ”

“ဘုရား... ဘုရား... ခင်ဗျားကပါ မယုံဘူး၊ ဒီမှာကြည့်စမ်း၊ ကျွန်တော့်မိန်းမ ရေးခဲ့တဲ့စာဗျ အိတ်ထဲကစာကို ထုတ်ပြလိုက်ပါသည်။ သို့သော် ကိုကျော်က တယ်အရေးမစိုက်လှဘဲ...

“မကြည့်ပါဘူးဗျာ၊ ကျုပ်လဲ ဒီစာမျိုးရေးမယ်ဆို ရေးတတ်မှာဘဲ”

“ဟာ... ကိုကျော်ရာ ခင်ဗျားက ကျွန်တော့်ဟာ ကျွန်တော်ရေးလာတာများ ထင်နေသလား၊ ဒီမှာ ကျွန်တော့်မိန်းမလက်ရေးအစစ်ဗျ။ ကျွန်တော့်မိန်းမလက်ရေး၊ အခုသူ့ကို ရှာမတွေ့ဘူး”

“ဒါဖြင့် အခုန ဖုံးဆက်မှာထားတာ ခင်ဗျား မိန်းမများဖြစ်နေမလား” 

သူ့စကားမဆုံးမီ ကျွန်တော်မျက်လုံးကိုဖြဲကာ... 

“ဗျာဒါဖြင့် ဟိုခွေးမသားလေးပြောတာ တကယ်ဘဲလား”

“တကယ်ဘဲ ခွေးမသားကြီးရဲ့”

ဟု သန်းဆွေက ပြန်တွယ်ကာ ဖုံးနံပါတ်ပေးသဖြင့် ကျွန်တော် ကောက်ဆက်လိုက်ရပါသည်။

“ဟဲလို... ဘယ်ကပါလဲ”

“ရှူမဝ တိုက်ကပါ”

“အော... ဦးသော်တာဆွေ ရောက်ပြီလား” 

မိန်းမသံ သို့သော် ကျွန်တော့်မိန်းမအသံမဟုတ်ပါ။
 
“ကျွန်တော်ပါဘဲ ... ဘယ်သူပါလဲ ခင်ဗျာ”

“အိုး... အကိုဆွေ... မေအေးလေ”

ဘုရား... ဘုရား... အရေးထဲ မဟဝှာ... ။ ကျွန်တော် မျက်လုံးပြူးသွားပါသည်။

“ဘာကိစ္စလဲမေအေး”

“ဒီမှာ အကိုဆွေ ချစ်သက်ဝေ ဘိုင်စကုတ် သိပ်ကောင်းတာဘဲတဲ့”

“အင်း... ပြောကြတာဘဲ”

“ဘာလဲ... အကိုဆွေက အေးစက်စက်နဲ့ ...မေအေးကြည့်ချင်တယ်၊ လိုက်ပြပါ အခုနေ့ခင်းပွဲ အမှီ လာခေါ်ပါ”

“ဒီရက်အတွင်းမှာ ချစ်သက်ဝေ သိပ်ကြပ်တယ် မေအေး၊ ၃-၄ ကျပ်တန်း တွေတောင် ၃-၄ ရက်စာ ပြည့်ပြည့်နေတယ်။ နောက်အပတ်များမှ ကြည့်ပါကွယ်”

“ဟင့်အင်း... ဟင့်အင်း... ချစ်သက်ဝေ မကြည့်ရရင် ဒိပြင်အင်္ဂလိပ်ကားတွေပြ၊ ဒီနေ့ ပြည်တော်သာနေ့ကြီး ကျောင်းပိတ်ထားတာ၊ မေအေး သိပ်ပျင်းတယ်ကွယ် လာခေါ်ပါ အကိုဆွေ၊ ရုပ်ရှင်မပြချင်လဲ တိရစ္ဆာန်ရုံ သွားကြရအောင်နော်”

အင်း ...

“ဒီနေ့ အကိုဆွေ မအားဘူးကွယ်”

“ဘာလို့မအားရတာလဲ အကိုဆွေက စာရေးချင်တဲ့နေ့မှာ ရေးတယ် မရေးချင်တဲ့နေ့မှာ အားတယ်ဆို၊ အခုမှ ဘာဖြစ်သွားရတာလဲ အကိုဆွေ မေအေးကို မုန်းသွားပြီလား၊ မုန်းရင်မုန်း တယ်ပြော သိရဲ့လား၊ ဟင့် လူများကတော့...”

ခက်ရချည့် ဘုရားမလေးရေ ...

“အကိုဆွေ... မမုန်းပါဘူး ညီမလေးရယ်”

“မမုန်းရင် ဘာဖြစ်လို့လဲ၊ အကိုဆွေ အိမ်က မယားကြီးကြောက်ရလို့လား၊ ဒါဖြင့် အကိုဆွေက မယားကြောက်ကြီးပေါ့”  

ဤနေရာ၌ အိမ်မှာ ကိုးယိုးကားယား ဖြစ်နေရတဲ့အထဲ ထောင်းကနဲဒေါသထွက်သွားပါသည်။

“မယားကြောက်လို့မဟုတ်ဖူးဟေ့၊ မယားပျောက်နေလို့ သိရဲ့လား”

“ဘာရယ်... အကိုဆွေ မယားပျောက်နေတယ်... ဟုတ်လား”

“အေး...”

“ဘယ်တုန်းကလဲ”

“အခုမနက်ဖဲ အိမ်ကထွက်သွားတယ်”

“ဘာလို့ထွက်သွားတာတဲ့လဲ”

“ထွက်သွားတဲ့ အကြောင်း သိချင်သလား”

“သိချင်တာပေါ့”

“သိချင်ရင် အမှန်ပြောမယ်၊ မေအေးကြောင့်ဘဲ”

”ဘာ... မေအေးကြောင့်...”

“ဟုတ်တယ်... မေအေး ဟိုနေ့က ရုပ်ရှင်ပြဘို့ချိန်းတဲ့စာ တွေ့သွားတယ်၊ နောက် အထင်မှားစရာတွေ ရှောက်ဖြစ်တယ်၊ အခု မနက် ရှင့်မယားငယ်နဲ့ ရှင်ပျော်ပျော်နေတော့ဆိုပြီး ထွက်သွားတယ်”

“ဒါဖြင့် သူကမေအေးနဲ့ အကိုဆွေကို စွပ်စွဲတာပေါ့”

“ဟုတ်တယ်...”

“မေအေး ... ရှက်တယ်”

“အေး... ရှက်ရင် ငြိမ်ငြိမ်နေ အခု သူ့ လိုက်ရှာရအုံးမယ်”

ခေတ္တ စကားနှေးနေပြီး ...

“ဒီမှာ အကိုဆွေ...”

“ဘာလဲ...”

“အစွပ်စွဲခံရတဲ့အတူတူတော့ မထူးပါဘူး၊ သူကလဲ အကိုဆွေ့မချစ်လို့ ပစ်သွားပြီဟာ”

ကျွန်တော် ရုတ်တရက်မျက်လုံးပြူးကာ...

“ဟေး... ဟေး... မဖြစ်ဖူး... ကိုယ်တို့မှာ ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ငါကြင်မယ် ဆိုတဲ့ ဂျိုလွတ်ကိုယ်လွတ်တွေ မဟုတ်ဖူး၊ သားသမီးလေးယောက်ကြီးနဲ့၊ တော်တော်... မေအေး၊ နောက်ထပ် ဒီစကားမျိုးတွေမပြောနဲ့၊ မေအေးကို အကိုဆွေဟာ ညီမလေးလိုကထက် ဘယ်နည်းနဲ့မှ ပိုမချစ်နိုင်ဘူး”

ကျွန်တော်သည် ပြတ်ပြတ်ပြောလိုက်မိကာ ရင်ထဲ၌နင့်၍သွားပါသည်။ ထို့နောက် ဆက် လက်၍ 

“နို့ပြီး... အကိုဆွေဟာ မယားငယ် အချောအလှကလေးယူထားပြီး သားသမီးသံယောဇဉ်တွေ မေ့ပျောက်ထားနိုင်လောက်အောင် မိုက်မဲယုတ်မာနိုင်မှာလဲ မဟုတ်ဖူး၊ တကယ်လို့ အကို ဆွေက ဒီလောက် မိုက်မဲယုတ်မာနိုင်တယ် ဆိုတော့ကော၊ ညီမလေးအဖို့ ဒီလိုလူစားမျိုး ဘာလုပ်ဖို့လဲ၊ ဒီလူစားမျိုးဟာ တနေ့ညီမလေးရဲ့ အသွေးအသားကျပြီး အလှဒီဂရီ လျော့တဲ့ အခါမှာ နောက်ထပ်အငယ်လေးတွေ့ရင် လိုက်အုံးမှာဘဲ မဟုတ်လား ညီမလေးစဉ်းစားပါကွယ်၊ ဒါလောက် စာတွေဖတ်လာပြီးတော့”

ဤတွင်မှ သူဝမ်းနည်းနောင်တသံပေါ်လာပြီး...

“ညီမလေး အပြောမှားသွားတယ် အကိုဆွေရယ်... သူက ညီမလေးနဲ့ပတ်သက်ပြီး အကိုဆွေကို ပစ်သွားတယ်ဆိုတော့ ကရုဏာ ဒေါသောနဲ့ ရုတ်တရက်နှုတ်လွန်မိတာ ခွင့်လွှတ်ပါ အကိုဆွေရယ်...၊ ရှိခိုးတောင်းပန်ပါတယ်”

ကျွန်တော် စိတ်မကောင်းဖြစ်ရပြန်ကာ...

“အို... တောင်းပန်စရာမလိုပါဘူး ခလေးရယ်... မိန်းခလေးတွေဟာ ၁၆-နှစ် ၁၇နှစ် အပျို၊ ရည်တက်နေတုန်းမှာ ဒီလိုဘဲ စိတ်မြန်လက်မြန် နှုတ်လွန်တတ်ကြတယ်၊ ကဲဒါတွေမေ့လိုက်ကြပါစို့၊ ညီမလေး ချစ်သက်ဝေကြည့်ချင်ရင် နောက်တနင်္ဂနွေမှာပြပါမယ်၊ လာခေါ် မယ်နော်” 

“အို... မလာခေါ်နဲ့ အကိုဆွေ၊ အကိုဆွေ မိန်းမက ဒီလိုအထင်လွဲတတ်နေရင် မကောင်းတော့ပါဘူး”

“ဒါတော့... ဒီမှာညီမလေး၊ အကိုဆွေ စိတ်ထဲမှာ ရိုးသားတယ်၊ မှန်ကန်တယ် သင့်လျော် တယ်ယူဆရင် ဒီမယား ဒီယောက္ခမကိုမပြောနဲ့၊ သေတဲ့ယောက္ခမ သင်းချိုင်းက ထလာတောင် အဲထိုင်ရှိခိုးလိုက်ရမှာဘဲ၊ အဟဲ-ဟဲ၊ ကဲ... ညီမလေး ဒီနေ့ပျင်းရင်စာဖတ်နေပေါ့ကွယ်၊ ဇော်ဂျီ ပိတောက်ရွှေဝါ မင်းသုဝဏ်ကဗျာတွေ အသံထွက်အောင် ဆိုနေပေါ့။ အကိုဆွေ ညီမလေးက လိမ္မာပါတယ်နော်ကွယ်... ချဲရီယိုဆွီတီ”

ကျွန်တော် ဖုံးကိုချလိုက်ပါတော့သည်။

သန်းဆွေနှင့် ကိုကျော်သည် ကျွန်တော်အရေးတကြီး မျက်နှာနှင့် နားထောင်နေကြသည်ဖြစ်၍... ပြောနေရသည်ကို

“ကိုရင့် မယားထွက်သွားတယ်ဆိုတာ တကယ်ဘဲကိုး” 

“ခင်ဗျားဗျာ ကျားကိုက်ပါတယ်ဆို”

“အင်း... ကိုရင့်ဟာက ကျုပ်ဆီ ညာနေကျနေတော့ တကယ်ကျားကျားဆိုတော့ ခက်နေတယ်၊ ကဲ ငွေ ဘယ်လောက်လိုချင်သလဲ”

“ခင်ဗျား အိတ်ထဲအခုရှိသမျှ ပေးလိုက်ဗျာ...”

“အခု ရှိတာတော့ ၂ဝိ ဘဲရှိတယ်”

“တော်ပါပြီ၊ အခု တညင်လောက်တင် သွားရမှာပါ”

ကျွန်တော် ရှုမဝမှထွက်ကာ ကန်တော်ကြီး ဘုတ်ကလပ် (ယခု ယူနီယံကလပ်) ဆီသို့ သွားရပါသည်။
မစ္စတာ အယ်လိတ်ဘဲရိုးမှာ ကျွန်တော် ကုန်သည်ဘဝ အထက်အညာသို့ တက်စဉ်ကပင် ထိုစဉ်၌ သူကသာမြို့မှာဖြစ်၍ သူ့အိမ်သွားလာဝင်ထွက်ခဲ့ဘူးပါသည်။
စိတ်ကောင်းမစရာ သတင်းကိုပြောခဲ့ရသည်မှတပါး သူ့အိမ်ရောက်သောအခါလည်း အကြောင်းမထူးခဲ့၊ ကဲ... ယခုအခြေတွင် ကျွန်တော်မှာ ချစ်ကဲင်းနှင့်တွေ့၍ စနည်းနာပြီး သတင်းမရသေးဘူး ဆိုပါက သံလျင်သို့ လိုက်ရပါမည်။

ကျွန်တော် အိမ်ပြန်ရောက်သောအခါတွင် ဘကြီးဦးစိန်နှင့် အန်တီမထွန်း မောင်နှမလည်း ရှိနေ၍ သူတို့လည်း အနီးပတ်ဝန်းကျင် တတ်နိုင်သလောက် ရှာပြီးပြီဟု ပြောပါသည်။ ကျွန်တော့်ယောက္ခမဆွေမျိုးထဲ၌ ဗေဒင်ပညာရှိဖြစ်သော အန်တီမထွန်းကမူ ယခုအသက် မသေ သေးဘဲ တနေရာရာ၌ ကောင်းစွာရှိနေကြောင်း အတပ်ဟောပါသည်။

သူ့ဗေဒင်မလွဲပါ။

အကြောင်းမှာ မကြာမီ၌ ချစ်ကဲင်းသည် မော်တော်ဆိုင်ကယ်တထုတ်ထုတ်နှင့် ရောက်လာပြီး ဗိုလ်တထောင်က သူတို့ဦးလေးကျွန်တော့်ယောက္ခမ၏မောင်အငယ်ဆုံး အန်ကယ် အဲရိတ်အိမ်၌ တွေ့ခဲ့ပြီဖြစ်ကြောင်း၊ ကျွန်တော့်ကိုလာဘို့မှာလိုက်ကြောင်း ပြောပါသည်။

အားလုံး သက်ပြင်းကြီးချကြကာ ကျွန်တော့်မှာမူ ခေတ္တတုံးလုံးလှဲ၊ နောက်ရေမိုးချိုးပြီး ရေးလက်စ ပပဝတီ ဝတ္ထုရှည်အခန်း ၆ ကိုသာ ကိုင်လိုက်ချင်စိတ်ပေါ်ပါသည်။ သူ့ဦးလေး အိမ်၌ ကောင်းမွန်စွာ ရှိနေပြီဆိုကတည်းက ကျွန်တော့်စိတ်တွင် ဘာမျှပူပင်သောကမရှိတော့ပါ။ သို့သော် ပျောက်ရှပြီး ပြန်တွေ့ရသော မယားက မှာလိုက်လျက်သားနှင့်မှ ကျွန်တော်မသွားက ယောက္ခမ ဆွေမျိုးတွေက မည်သို့ပြောကြဦးမည်နည်း။

ထို့ကြောင့် ကျွန်တော်သည် မကြာမီ၌ (အန်ကယ်အဲရိတ်မှာ ရေကြောင်းပုလိပ်ဘက်က ရာဇအုပ်ဖြစ်၍) ဗိုလ်တထောင်ဘုရားအနီးက ဂတ်တန်းကွာတာထဲသို့ ရောက်ခဲ့ရပါသည်။

အန်ကယ်အဲရိတ်မိန်းမ မလှကြည်က ပြုံးစစနှင့် ညွှန်ပြ၍ ကျွန်တော့်မယားရှိရာ အခန်း ထဲရောက်သည်တွင် မဟဝှာသည် ကျွန်တော့်ကိုဆီးဖက်လျက်...

“အိုင်ဘက်(ခ)ယူဝါပါဒင်း... ဒါလင်... အိုင်ဟတ်(ဒ)မစ္စအန်းဒါးစတုယူ၊ ဆိုးဆောရီး... ဒီယား ဟတ်ဘီ”

ဟု ကပြားမဆိုသူတို့ စကားဖြင့် သူကျွန်တော့်အထင်မှားခဲ့မိ၍ အင်မတန်ဝမ်းနည်းစွာ တောင်းပန်ပါကြောင်း ပြောပြပါသည်။

ရုတ်ခြည်းဖြင့် ကျွန်တော်အံ့အားသင့်ကာ...

“နေပါအုံး မင်ဟာက အပြောင်းအလွဲ မြန်လှချည့်လား၊ မနက်ကဘဲ ငါ့ကိုမယားငယ်နဲ့ စွပ်စွဲပြေးပြီးတော့” 

“အန်ကယ် ရောဘတ်ကျေးဇူးဘဲဒါလင်၊ မနက်က ကိုကြင်ဆွေနဲ့ မေအေးနဲ့ စကားပြောကြတယ် မဟုတ်လား”

ကျွန်တော် ရုတ်တရက် မျက်လုံးပြူးကာ 

“ဒါကို အန်ကယ်ရောဘတ်က ဘယ့်နှယ်လုပ်သိတာလဲ”

အန်ကယ်ရောဘတ်မှာ သူ့အမေ၏အကိုဖြစ်ပါသည်။ 

“မေအေးယောင်ဆောင်ပြီး စကားပြောတာ ကျမတို့ဘဲ”

“ဟေ... မင်းအသံလဲ မဟုတ်ပါလား”

“အန်ကယ်အဲရိတ်သမီး ဘက်တီမာလေ၊ အန်ကယ်ရောဘတ်က ဒါရိုက်တာ”

ဤနေရာ၌ ကျွန်တော် ပြုံးရှက်ရှက် သက်ပြင်းကြီး ချလိုက်မိပါသည်။ ဤအခိုက် ဘက်တီမာအပျိုချောရောက်လာကာ...

“ဘယ့်နှယ်လဲ ကိုကိုဆွေ၊ ဘက်တီရယ် မေအေးလုပ်ပြီး ညုလိုက်တာတော်တော်နိပ်ရဲ့လား”

ကျွန်တော်မှာ ရှက်ပြုံးကြီးနှင့်ပင်...

“တော်ပါ... ကောင်မလေး၊ ဒါမျိုးတွေငါနားရှက်တယ်”

“အဟဲဟဲ ... အကိုဆွေက မေအေးကို မုန်းပြီလား၊ မုန်းရင်မုန်းတယ်ပြော သိရဲ့လား၊ အဟင့်... လူများကတော့...”

ကောင်မလေးက ဂါဝန်ကားကားနှင့် ခြေဆောင့်ကာ နှုတ်ခမ်းကလေးပင်စူး၍ လှည့်ခြင်းကို ခံလိုက်ရပါသေးသည်။

ထို့ကြောင့် ကျွန်တော်ဆိုခဲ့ပါသည်။

“အပွဲပွဲနွဲခဲ့သမျှ ဒီတပွဲမှနှာစေးတဲ့လူ လက်ကမြင်းတာခံလိုက်ရသည်။ မြွေပွေးမြက်ရှော ကိုက်သည်။ ကတုံးပေါ် ကျီးကန်းချေးဘက်ကနဲ ကျသည်” ဟု...  

သို့သော် ကျွန်တော် ဝမ်းသာဘွယ်ရာကား ယခု ကျွန်တော့်မယားသည် ကျွန်တော့် သဘောထားကို သိပြီဖြစ်၍ စာညီမလေးတွေ အရာအထောင် ထားရုံမက အိမ်ကိုပင်လာ၍ လည်ချင်လျှင် ခေါ်ခဲ့ပါတော့။ မေအေးအားလည်း အထင်မှားခဲ့သည်ကို တောင်းပန်ပါကြောင်း စကားကောင်း ပါးလိုက်ပါ၏။

ယခု သူသည် အိမ်ကထွက်သွားပြီး ချက်ခြင်းပြန်လာရမှာ ရှက်သေးသည်ဟု သူ့ဦးလေး အိမ်၌ပင် ရှိသေးပါသည်။

ညအချိန်၌ ကျွန်တော့်သားနှစ်ယောက်နှင့် ကျွန်တော် အိပ်ရပါသည်။ မနက်မိုးလင်းလျှင် ခေါင်းအုံးတွေ စောင်တွေ ခြေရင်းခေါင်းရင်းရယ်မရှိ။ ပတ်ပတ်လှည့်၍ ခွေနေကြပါသည်။ သားတို့သည် ဖအေ့မျက်နှာကို တက်ခွချင်ခွနေ၏။ ခြေရင်း၌စင်းချင်စင်းနေ၏။ သူတို့ချင်း လိမ်ချင်လိမ်နေ၏။ အချိန်မတော်ဒုန်းကနဲ လိမ့်ကျတတ်၏။ ဤသို့ဆိုလျှင် သူတို့မိခင်ရှိစဉ်ကမူ ကျွန်တော်တို့ တရေးနိုးကြပါသည်။

ယခုတော့ဖြင့် မစိုပြေ...
တကိုယ်ရေတွေး...
ကျွန်တော့်မယားကလေးကိုတဲ့ 
လွမ်းလှပါပြီ ...။ 

အော... ကျွန်တော့်ဇနီးကိုတဲ့ ... 
ဆွေးလှပါပြီ...။ 

ချစ်ယောက္ခမကြီးရဲ့ ... မြင်စေ ချင်လှသည်။ 

အော်... မိုက်ကရိုစကုတ် မဟာပညာကျော် မကြီးရဲ့။

အဟဲ...ဟဲ... ။

သမီးယောက္ခမ ချစ်ကြည်ရေးသို့ ရှေ့ရှုလျက်...

သော်တာဆွေ ၉-၈-၅၂

---

အထက်ပါ ဝတ္ထုသည် ၁၉၅၂ခုနှစ်၊ စက်တင်ဘာလ၊ ရှုမဝအမှတ် ၆၄-တွင် ပါဝင်ခဲ့သည်။ 

(အော်....၂၁နှစ်တောင်ရှိခဲ့ပြီကော။) 

ဤဝတ္ထု ဖြစ်ပေါ်လာရသည်ကား “ခိုင်” နှင့်ပတ်သက်၍ပင်။

ထိုဝတ္ထုထဲမှာ တက္ကသိုလ်ကျောင်းသူမေအေး၏ ရုပ်ရှင်ပြဘို့ ချိန်းစာဟုဆိုထားသည်။ အမှန်ကား “ခိုင်”၏ချိန်းစာတည်း။ တကယ့်အဖြစ်အပျက် အတိုချုပ်ကား ကျွန်တော့်အင်္ကျီအိတ်ထဲမှ ခိုင်၏ရုပ်ရှင်ပြဘို့ချိန်း စာကို မိသွားသောကြောင့် ကျွန်တော့်ဇနီး နော်မာသည် စတုတ္ထမြောက်ကလေး နို့စို့ရွယ် ဝင်ဒီ ခေါ် မော်မော်။ (ယခုတက္ကသိုလ်တတိယနှစ်) အား ခေါ်ပြီးနံနက်စောစီး မည်သူမျှမသိအောင် အိမ်ကထွက် သွားသည်။ 

ဤဝတ္ထုထဲမှာ ပါသည့်အတိုင်း စာတစောင်ရေးပစ်ခဲ့သည်။

ဤအချိန်၌ ကျွန်တော်မှာ အမှန်ပင် စိတ်ထိခိုက်သွားသည်။ ဝတ္ထုထဲမှာပါသည့်အတိုင်း သမီးယောက္ခမနှစ်ယောက် ပြောကြဆိုကြသည်။ နော်မာသွားမည်ထင်သည့် အိမ်များကို လိုက်ကြသည်။ လမ်းတွင်ကျွန်တော့်ခေါင်းထဲ “မယားပျောက်”ဝတ္ထုတပိုင်းတစ စိတ်ကူးမိသည်နှင့် စိန်ဘရားသား ရောက်သွား၍ ပြောကြဆိုကြတာများအမှန်ဖြစ်သည်။

နောက်ဆုံးတွင် နော်မာသည် ဗိုလ်တထောင်ရှိ သူ့ဦးလေးအိမ်ရောက်နေကြောင်း သိရသည်။ ထိုအခါ၌ကား ကျွန်တော့်စိတ်မှာ အေးသွားလေပြီ။ သည်တော့ သြဂုတ်လဆန်း၊ စက်တင်ဘာလ ရှုမဝအတွက် ဝတ္တုရေးရန်ရှိနေ၊ ပူပူနွေးနွေးဖြစ်ပျက်ခဲ့၍ ကျွန်တော့်စိတ်ထဲ ခံစားနေရတာကိုပင် ဟာသဝတ္တုဖြစ်အောင် ရေးလိုက်ရတော့သည်။ 

ထိုစဉ်က သော်တာဆွေသည် ဟာသဝတ္တုတွေဘဲ ရေးသကိုး။

အမှန်မှာ ဗိုလ်တထောင်အိမ်တွင် နော်မာအား သူ့မောင်ဝမ်းကွဲ ချစ်ကဲင်းက တွေ့လာ သောအခါ ကျွန်တော်က သွားရောက်တောင်းပန် ချော့မော့ရသည်။ ဒါကို ဝတ္တုထဲတွင် နော်မာတို့က မေအေးယောင်ဆောင်ပြီး တယ်လီဖုံးနှင့်ပြောလေဟန်ဇာတ်ကွက် အလှည့်ကလေး ဖြစ်အောင် ရေးရသည်။
စင်စစ် ဤဝတ္တုသည် ကျွန်တော့် ဇနီးနှင့် ယောက္ခမကြီးကို ဖြီးချော့ချော့ခြင်းဖြစ်ပါသည်။

အမှန်လည်း ခိုင်နှင့် ကျွန်တော့်အခြေမှာ ထိုအချိန်တွင် ဝတ္တုမှာ ပါသည့်အတိုင်း ရုပ်ရှင်ပြ ခေါ်ရင်း အချိန်စောနေ၍ ရှူမဝတိုက်လာခြင်းနှင့် ဦးကျော်နှင့် တွေ့ဆုံ၍ ကျွန်တော်တို့ ဆိုကြသည်များ အားလုံး မှန်ပါသည်။ ခိုင်နှင့် ကျွန်တော်သည် ရည်းစားအရာ မရောက်ကြသေးပေ။

သို့ရာတွင် ဤဝတ္တုထွက်သောအခါ၌ကား ခိုင်နှင့်ကျွန်တော်၏ ဘင်္ဂလားမောင်နှမ ဘဝသည် အရင်းအဖျား တောင်မကျ မြောက်မကျနှင့် နေ၍မရတော့ပေ။ နှစ်ပါးဆုံကြုံ မနောတွေက စကားစုံအကုန်ပြောရပေတော့မည်။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments