ကျွန်တော့် ဘဝဇာတ်ကြောင်း ( အချစ်၏သဘော ၊ သုခုမရိပ်သာ ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( အချစ်၏သဘော ၊ သုခုမရိပ်သာ ) // သော်တာဆွေ
---
အချစ်၏သဘော
ရင်တဒိတ်ဒိတ် ခုန်ခြင်းသည် အချစ်၏သင်္ကေတ၊ အချစ်၏လှုပ်ရှားမှု၊ အချစ်၏ အရသာ၊ ဒါကိုအချို့က “ချစ်လိုက်ရတာတုန်လို့” ဟု အဆိုပြုကြသည်။ ဒိန်းဒလိန်းနတ်ပူးသည် ဟုလဲ တင်စား ကြသည်။ ဒိန်းဒလိန်းနတ်ဆိုတာ အကယ်စင်စစ် မရှိဘိလည်း ထိုအချစ်စိတ်မျိုး စွဲကပ်ပြီဆိုပါက ကျားမတို့တွင် ကြီးငယ်မဟူနုရင့်မခွဲ၊ သဲတုန်အူတုန်၊ နှလုံးခုန်ကြသည်သာ။
ခိုင်အား ချစ်ရေးဆိုပြီး တလမျှအကြာတခုသောနံနက် ၈နာရီခန့်ဝယ်၊ ကျွန်တော်သည် အနော်ရထာလမ်းနှင့် လသာလမ်းထောင့်နားဆီမှ ဆေးရုံကြီးဝင်းဆီသို့ မျှော်ကြည့်လျက် ရှိလေသည်။ ထိုအချိန်၌ ကျွန်တော့်ရင်မှာ ဒိတ်ဒိတ်ခုန်နေ၏။
အကြောင်းမူကား ခိုင်နှင့် ချိန်းဆိုထား သည့်အတွက်ဖြစ်၏။ ဤနေရာ၌ ကျွန်တော်စဉ်းစားကြည့်၏။ ဒီကောင်မလေး ရန်ကုန်ရောက်ခဲ့တာ တနှစ်ကျော်ခဲ့ပြီ။ သူနှင့် ကျွန်တော် အကိုရယ် ညီမရယ်ဟူ၍ ချိန်းချက် တွေ့ဆုံခဲ့ပေါင်း များလှပါပြီ။ ယခင်က သူ့အပေါ်၌ မည်သို့မျှ စိတ်နှလုံး မချောက်ချားခဲ့။ သို့သော် အခုမှ ဖော်ပြခဲ့သည့်အတိုင်း သူ့အားဖက်နမ်း၍ ချစ်ကြောင်းကို ဖွင့်ဆိုပြီးသည်မှ သူနှင့်ပတ်သက်ပြီး ကျွန်တော် နှစ်လုံးတုန်၊ ရင်ခုန်ဖြစ်ရတော့သည်။
ယခု နံနက်ချိန်းဆိုထားသည်မှာ သူနှင့်ကျွန်တော်တနေ့တာတူတကွ၊ ပထမဦးဆုံး အကြိမ်၊ အချိန်ဖြုန်းကြဘို့ပင်။
သူတို့သူနာပြုဆရာမတွေမှာ 4.off နှင့် 8.off ခေါ် ၄ နာရီ၊ ၈ နာရီ အလုပ်ဆင်းချိန်တို့ အပြင် Day off ခေါ်တနေ့လုံးအားရသည့်အခါ တလမှာတရက်ရသည်။ ဤတရက်တွင် ခိုင်သည် ကျွန်တော်ခေါ်ရာသို့ လိုက်မည်ဖြစ်၍ ကျွန်တော်စောင့်မျှော်နေခြင်းဖြစ်ပါသည်။
ထိုအချိန်၌ ကျွန်တော့်လက်ထဲမှာ သတ္တု ရေနွေးကရားအသစ်တလုံး၊ ၎င်းအထဲမှာ ဆန်၊ ငါးရံ့ခြောက် တပြားနှင့် ဘဲဥအချို့ပါခဲ့ပါသည်။ အဓိပ္ပာယ်မှာ ကျွန်တော်တို့သည်အတူတကွ ထမင်းချက်စားကြမည်။
နံနက် ၈နာရီတွင် သူတို့နာ့စ်ဂေဟာမှ ထွက်ခဲ့မည်ဟု ခိုင်ကချိန်းဆိုထားရာ သက်သက် ကျွန်တော်က ၈ နာရီမထိုးမီ ရောက်နေ၍စိတ်စောစွာ ရင်တဒိတ်ဒိတ် ခုန်နေခြင်းဖြစ်ပါသည်။ စင်စစ်ကား ကျွန်တော်သည် ဘာမျှပူစရာမလိုပေ။ ခိုင်သည်အချိန်တိကျသူဖြစ်၍ ၈နာရီနှင့် မိနစ် အနည်းငယ်မျှ အလွန်တွင်ဆေးရုံကြီးဝင်းထဲမှ ထွက်လာပေသည်။
ကျွန်တော်သူ့အနီးသို့ အမြန်ချဉ်းကပ်သွားကာ မချဉ်မရဲအသံနှင့်...
“အို... ခိုင်ရယ်...”
“ဘာလဲအကိုဆွေ၊ စောင့်နေရတာ ကြာပလား”
“မကြာ့တကြာပေါ့၊ လာပါ”
ဟုဆို၍ အင်းစိန်ဘတ်စ်ဆိပ်သို့ ခေါ်သွားလေ၏။ ထိုကာလ၌ ဘတ်စ်ကား လောကသည် ယခုကဲ့သို့ မုန်တိုင်းမထန်သေး။ ပုဂ္ဂလိကလုပ်ငန်းသဘောတို့၏။ “လာပါ အကို...၊ ထိုင်စရာရှိပါတယ် အမေ” ဟူသော ပဋိသန္ဓာရတို့ဖြင့် ကျွန်တော်တို့ ချောင်ချိစွာ ထိုင်ခဲ့ရ၍ ကမာရွတ် ဘူတာရုံလမ်းဂိတ်သို့ ရောက်သော် ကျွန်တော်တို့ဆင်းကြ၏။
ဆိုက်ကားတစီးခေါ်၊ ကျွန်တော်ကရှေ့မှထိုင် ခိုင်မှာ ဆိုက်ကားပေါ်တက်ရမှာပင် ရှိုးတိုး ရှန့်တန့်။ အကြောင်းမှာ သူသည် ဆိုက်ကားကိုဤအခါ ပထမဦးဆုံး စီးဘူးခြင်းတဲ့။ သူတို့လားရှိုးမြို့မှာ မေမြို့တောင်ကြီးတို့ကဲ့သို့ ကုန်းဆင်း၊ ကုန်းတက်များဖြစ်၍ ဆိုက်ကားမရှိချေ။
“အကိုဆွေ ...။ အခုသွားမယ့်အိမ်မှာ ဘယ်သူတွေ ရှိနေမှာလဲ”
“သန်းဆွေတယောက်ထဲပါ”
“ဟင်... ရှက်စရာကြီး...”
“အို...၊ ဘာလို့ရှက်ရမှာလဲ၊ သန်းဆွေက အင်မတန်သဘောကောင်းပါတယ်၊ ခိုင်... သန်းဆွေကိုတွေ့ရင်ခင်သွားမှာပါ...”
ကျွန်တော်တို့စီးခဲ့သော ဆိုက်ကားသည် အင်းစိန်လမ်းမကြီးမှ ကမာရွတ်ဘူတာရုံလမ်းထဲဝင်၊ ဘူတာရုံလွန် သံလမ်းကျော်တော့ လက်ဝဲဘက်ကိုချိုး၊ ရေကန်ထိပ်က ဒုတိယမြောက် လမ်းထဲဝင်၊ လမ်းအလယ်ကောင်၌...
---
သုခုမရိပ်သာ
---
တိုက်ခံအိမ်တလုံးရှေ့တွင် အထက်ပါဆိုင်းဘုတ်သည် ဆွဲချိတ်ထားခြင်းမရှိသေးချေ။ မကြာမီ ဆွဲချိတ်တော့မည်ဟုရည်ရွယ်ချက် ရှိကြသော်လည်း ဘယ်တော့မှ မချိတ်ခဲ့ရပါ။ ဘဇာကြောင့်ဆိုသော် ကိုယ့်ကိုယ်ကို သုခုမ အနုပညာသည်ဟု ဆိုနေကြသော ကျွန်တော်တို့ လူသိုက်သည် ဤလုပ်ငန်း မျိုးမှာမရေရာ၊ ကောက်ရိုးမီးတမျှ ဟုန်းကနဲ ထခဲ့ခြင်းသာ။
ဤသို့ဟူမူ ထို သက္ကရာဇ်သည် ၁၉၅၂ ခုနှစ်၊ ကျွန်တော်တို့ ဆရာ တင့်တယ်သည် ဘိလပ်က ( ၄ နှစ်မျှနေခဲ့ပြီး ) ပူပူနွေးနွေးပြန်ခါစ။ အနောက်နိုင်ငံရှိဘဝတူအသင်းဖွဲ့များကို သူအအားကျခဲ့၍၊ ဒီတိုင်းပြည်မှာတော့ သူကဘဲ အစပြုတော့မည်ဟူသော ပုံစံမျိုးဖြင့် သူ့အဆို... Artist's Club ဖွဲ့ရန် သူ ပထမဦးဆုံး စည်းရုံးလိုက်တော့ အရက်ဝိုင်းတွင် ဖန်ခွက် ၅ လုံးအလုပ် ဖြစ်သွားကြသည်။ သန်းဆွေရယ်၊ ကျွန်တော်ရယ်၊ သူရယ်၊ ဗိုလ်ကလေးတင့်အောင် နှင့် ဂီတလုင်မောင်ကိုကိုတို့ ပတ်သက်ပြီး ဤလမ်းထဲမှာ ဤတိုက်ခံအိမ် အောက်ထပ်ကို တင့်တယ်က ငွေစိုက်ထုတ်၍ ငှားလိုက်သည်။
သည်လူ ၅ ယောက် အနက် သန်းဆွေနှင့် ကျွန်တော်ဖွတ်ပါ။ တင့်တယ်က ဘိလပ်က ပြန်ခါစ နာမည်ကတက်တုန်း၊ ဝတ္တုရှည်တွေလဲပါလာသည်။ ရုပ်ရှင်ကဇာတ်ညွှန်းတွေလဲရေးရ သည်မို့ သူငွေ အလွန်ဖြိုးနေချိန်။ ဗိုလ်ကလေး တင့်အောင်နှင့် ဂီတလုလင်မောင်ကိုကိုတို့လည်း ထိုအချိန်မှာ ဝင်းဝင်းရုံတွင် ပြဇာတ်ခေတ်ကောင်းနေခိုက် ညီကတီးဝိုင်း၊ အကိုက ဒါရိုက်တာလုပ်၍၊ အလွန်ဝက်ထောနေရသဖြင့် ကျွန်တော်တို့ ကလပ်အတွက် ချက်ပြုတ်စားသောက်ရန် ပန်းကန် ခွက်ယောက်များကို သူတို့ ညီအကိုကဝယ်ကြသည်။ ( ယင်းတို့သည် နောင် သန်းဆွေ မိန်းမ ယူသော အခါ၌ အော်တိုမက်တစ် လက်ဖွဲ့ပစ္စည်းများ ဖြစ်ကြကုန်သည်။ ) ထိုစဉ်၌ကား သန်းဆွေသည် လူပျိုဖြစ်၍၊ ဤဂေဟာမှာ အိမ်စောင့်အဖြစ်နှင့် နေသည်။ ထိုနေ့နံနက် ခိုင်နှင့် ကျွန်တော် ရောက်သွားသောအခါ ၉ နာရီလောက် ရှိနေပြီဖြစ်သော်လည်း၊ သန်းဆွေသည် အိပ်ရာက မထသေး။ ကျွန်တော်က တံခါးထု၍ သူ့နာမည်ကို ခေါ်နိုးတော့မှ အိပ်မှုန်စုံမွှားနှင့် ထလာလျက် တံခါးဖွင့်တော့ ရင်သပ်ရှုမောဖြစ်နေသဖြင့် ကျွန်တော်က...
“ငါလဦးတဲ့၊ ဒီလောက်တောင်အိပ်ရသလားကွ၊ သည့်ပြင် ကိုယ်တော်က ဆွမ်းခံက ပြန်လာတောင်မှ မောင်ပဉ္စင်းက ကျိန်းတော်မူတုန်းကိုး...။ ဒါကြောင့်ငတ်တာ...”
ဒီတော့ သူက ပြုံးစိစိနဲ့...
“ ကျုပ်ကတော့ ပို့ဆွမ်းဘဲ ဘုန်းပေးမယ်လို့...”
“ အောင်မာ ... ရမယ် ရမယ်၊ သွား... မျက်နှာသစ်စမ်းကွာ ”
ဆိုပြီး သူ့ကို တွန်းလွှတ်လိုက်၍ ခိုင်အား အိမ်ထဲ ခေါ်ခဲ့သည်။
သန်းဆွေ ကိုယ်လက်သုတ်သင်ပြီး ပြန်လာသောအခါ၊ ကျွန်တော်က သူတို့နှစ်ယောက်ကို မိတ်ဖွဲ့ပေးလိုက်သည်၌ ခိုင်ကလိမ်မာပါးနပ်စွာ...
“ကိုသန်းဆွေ စာတွေလဲ ခိုင် သိပ်ကြိုက်တာဘဲ၊ ကိုသန်းဆွေ ကဗျာတပုဒ်ဖြင့် အခုတောင် ခိုင် အလွတ်ရနေတယ် ”
ဟု ပြောသောအခါ၊ စာရေးဆရာတို့ထုံးစံအတိုင်း သန်းဆွေ မနောခွေ့သွား၍...
* အော်... ဟုတ်လား၊ ဘယ်ကဗျာပါလိမ့် ”
ထိုအခါ၌ ခိုင်သည် ရှုမဝမဂ္ဂဇင်းတွင်ပါခဲ့သော သန်းဆွေ၏လေးချိုးတပုဒ်ကို အစအဆုံး ရွတ်ပြလိုက်သည်၌ သန်းဆွေသည် ဖရဏာပီတိဂွမ်းဆီထိသွားလျက်၊ သူတို့ချင်းတခါတည်း ခင်မင်ရင်းနှီးသွားကြလေ၏။
သည်နောက် သူတို့နှစ်ယောက်သည် မီးဖိုဆောင်အတူဝင်ကာ ချက်ကြပြုတ်ကြသည်။ သို့သော်...။ ကျွန်တော် အကဲခပ်နေသည်။ မည်သူမျှ ကောင်းစွာ ချက်ပြုတ်တတ်သည်မဟုတ်။
သူတို့ချင်း -
“ဘဲဥတွေ အွန်းမလက်ကြော်ရအောင် ”
ဟုပြောပြီး တွယ်လိုက်ကြပုံကား ...၊ ဘဲဥတွေအားလုံး ကြက်သွန်နှင့်ခလောက်ပြီး၊ ဒယ်ထဲမှာ တခါတည်း ချပ်ပြားထူပျစ်ကြီး ကြော်လိုက်တော့၏။ အင်း... ဟုတ်ပေ့ကွာ... ဒါ... အွန်းမလက်တဲ့။
ထိုနေ့ ကျွန်တော်တို့ နံနက်စာကား၊ ဤ ဘဲဥကြော်၊ ငါးရံ့ခြောက်ဖုတ်ဆီဆမ်း၊ သရက်သီးပိုးတီသုတ်၊ သီးရွက်စုံဟင်းချို တခွက်မို့ မဆိုးလှပေ။ ကျွန်တော်တို့ အားလုံး ထမင်းမြိန်ကြသည်။
စားသောက်ပြီးဖြစ်ကြ၍ တော်တော်လေးကြလာသောအခါ၊ ကျွန်တော်က နောက်ဖေးဘက်မှ သန်းဆွေအား မျက်ရိပ်ပြခေါ်ကာ... ။
“ ကဲ...မောင်ရင် သွားပေတော့... ဒို့နှစ်ယောက်ထဲဘဲနေချင်ပြီ ”
ထိုအခါ သန်းဆွေသည် ရုတ်တရက် စကားမပြန်သေးဘဲ၊ သူ့ မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့် ကျွန်တော့်ကို ခေတ္တစိုက်ကြည့်နေပြီးမှ ကျွန်တော့်လက်ကို လှမ်းကိုင်၍ မျက်နှာထား တည်တည်နှင့်...
“ ဒီမှာ ကိုဆွေ... ကျွန်တော်တခုပြောပါရစေ...”
“ ၇၅-ခု ပြောကွာ...”
“ ဒီကောင်မလေး ကြည့်ရတာ... မနူးမနပ်... အပျိုရိုင်းကလေး”
“ အေး...ဒါ ဘာဖြစ်တုန်း ”
“ဒီတော့... ခင်ဗျားကြီးမှာ... သားကြီး မယားကြီးရှိနေတော့ တကယ်မယူနိုင်ဘဲနဲ့ တော့ ...”
သူ့စကား ရှေ့ဆက်ရမှာကို ကျွန်တော့် အားနာနေဟန်ရှိသဖြင့် ကျွန်တော်က သူ့လက်ကို ပြန်လည်ဖျစ်ညစ်ကာ...
“ သန်းဆွေ မင်း ဆိုလိုတာကို ငါနားလည်ပြီ၊ ဒီအတွက်စိတ်ချပါကွာ၊ငါ ကတိပေးပါတယ်။ ငါ ဒီအထိ မရည်ရွယ်ပါဘူး ”
ယင်းမှ သူသည် “ သာဓုပါဗျာ ” ဟု ဆိုပြီး ခိုင်ကိုသွားရောက် နှုတ်ဆက်၍ အိမ်မှ ထွက်ခွာသွားလေသည်။
သန်းဆွေသည် စိတ်နှလုံး နူးညံ့၍ ဤမှာဘက်၌ မွန်မြတ်သော စိတ်ထားရှိသူပီပီ ညီမချင်း စာနာသော စိတ်ထားဖြင့် ခိုင့်အတွက် စိုးရိမ်ခြင်းဖြစ်ပေသည်။
သို့သော် ကျွန်တော် စိတ်မှာလည်း ကိုယ် အတည်မယူနိုင်ဘဲနဲ့ ကိုယ့်စာဖတ် ပရိသတ်မှ ဖြစ်ပေါ်လာသော ချစ်သူကို ငါတကိုယ်ကောင်းကျောရစေဆိုသော စိတ်ယုတ်မျိုး ရှိသူမဟုတ်မူ၍ ထိုနေ့ တနေ့ခင်းလုံး ခိုင်အား ကဗျာစပ် သင်ပေးခြင်းဖြင့်သာ အချိန်ကုန်ခဲ့ပါသည်။ ချစ်သူအား ဒီလို အခန်းတခုထဲမှာ နှစ်ယောက်တည်း ပူးပူးကပ်ကပ် ကိုယ်ဖိရင်ဖိ ကဗျာ သင်ပေးရသည်မှာလည်း ထူးခြားသော အရသာပါပေ။ ချစ်စကားတွေကို ကာရန် နဘေဖွဲ့၍ ပြောနေရခြင်းပင်။
သို့ရာတွင် ခိုင်နှင့် ကျွန်တော် ဖန်တီးလာခဲ့သော ဘဝ ဇာတ်လမ်းကား ဤမျှနှင့်မရပ်။ ထိုမှ တနှစ်လောက် ကျော်လွန်သော အခါ၌ ကျွန်တော်တို့သည် လည်လွန်းသော ဘီးများ အဖြစ်သို့ ရောက်ကြကုန်၏။
အကြောင်းရင်းမှာ သူနှင့်ကျွန်တော်သည် အခွင့်သင့်တိုင်း ရုပ်ရှင်ကြည့်ခြင်း၊ တိရစ္ဆာန်ရုံ၊ ကန်တော်ကြီး စသည်တို့တွင် လူလစ်မှာချောင်ခိုခြင်းများ ပြုကြလေရာ၊ တနေ့သောအခါမှာ ထိုစဉ်က ကန်တော်ကြီးကနေဒီကျွန်းသည် ယခုလိုခုတ်ထွင်ရှင်းလင်းထားသည်မဟုတ်ပဲ၊ ချုံပိတ် ပေါင်းများရှိနေ လေရာ၊ ကျွန်တော်တို့သည် ချောင်ကောင်းကောင်းတခုမှာ ညမှောင်သည်တိုင်အောင် ကြည်နူးမှု လွန်သွားသဖြင့် ကျွန်တော်သည် ဤဇာတ်လမ်းအစ ဒုတိယတွဲ၌ ဖော်ပြခဲ့သော အောက်ပါ လေးချိုးကိုရေးလိုက်ရပါတော့သည်။
ခိုင်သို့ပန်ကြားလွှာ
ပန်းမာလာတခါလဲ မွှေးရော့မယ်လား
လွမ်းစရာ ကဗျာတေးရယ်နဲ့
စာရေးပါလို့ တင်ဆက်မည်။
မောင့်အတွက်ကိုတော့
ဖြောင့်ချက်ဝန်ခံပေါ့
လွန်ဆန်ကာ ညမှောင်ရိပ်မှာလ
ခိုင်သဇင်ကို ပိုင်ချင်တဲ့စိတ်ကယ်ကြောင့်
ဇွတ်မှိတ်ခဲ့သည်။
သို့ကလိုဖြစ်ကာ မှားမိမှဖြင့်
ပျို့အလိုချစ်သဒ္ဒါပွားပါတော့
ဒို့နှစ်ကိုယ် သစ္စာထားကြစို့ရဲ့
မေတ္တာတရားနဲ့ တောင်းခံပြီ...
အကြောင်းကံ ညီပါတော့ မောင့်သက်နှင်း။
ချစ်ခရီးဆိုတာက ခိုင်ရဲ့
ဖြစ်ပြီးရင် ပြန်မဆုတ်နိုင်ဘူး
ဟန်လုပ်ကာ မာန်နဲ့တင်းသော်လဲ
လွန်ခဲ့တဲ့ အခင်းတွေ ဘယ်လို့မေ့နိုင်ပါ
တွေးလေလေ အဆွေးတွေဗျာပါလှိုင်လို့
သက်ဆုံးတိုင် စိတ်ဝယ်ပန်းရလိမ့်
ချမ်းသာမှုကင်း။
ထိုည ခရီးလွန်မှ သတိရကြ၍ သူ့မှာ မျက်ရည်စက်လက်နှင့် ပြန်ပို့လိုက်ရသည်။ ကျွန်တော့်ထံ တော်တော်နှင့် စာမပြန်ဘဲနေသဖြင့် ကျွန်တော်က တောင်းပန်ချော့မော့သော စာများ ကဗျာများရေးပို့ရသည်။
ထိုနောက် သူ့အတွက်အချစ်၊ စာဖတ်သူများအတွက် ဟာသဖြစ်သော ဝတ္ထုများရေးခဲ့ရသည်။
“ချစ်၍ခေါ်သည်”
“အချစ်တွက်ဖြင့် အသက်ပင်သေသေ”
“ရည်းစားတဝမ်းကွဲ”
“ပုတ္တရတနာ”
“ပြည်တော်သာနပန်းပွဲ”
“ဒီယုန်မြင်လို့” စသည်များ။
ကျွန်တော့်ရည်းစားများထဲတွင် သူ့အတွက် ဝတ္ထု အများဆုံးရေးခဲ့ပါသည်။ ၎င်းတို့အထဲမှ ကျွန်တော်အကြိုက်ဆုံးနှင့် အားအရဆုံးဝတ္ထုတပုဒ်မှာ “ချစ်၍ခေါ်သည်” ဖြစ်သည်။ ၎င်းအထဲမှ ဆီလျော်စွာ အချို့ကိုဖော်ပြလိုပါသည်။
ဤဝတ္ထုစိတ်ကူးကို အမကြီးခင်မျိုးချစ်တို့ အိမ်မှာနေစဉ်၌ ရခဲ့ပါသည်။ ထိုအချိန်က အမကြီးတို့ဂေဟာသည် တကောင်းကျောင်းဆောင်ဝင်း အတွင်းဝယ် သစ်သားတဲတန်းရှည် တခုကို “ဧရိပ်သာ”ဟုအမည်တပ်ပြီး သူတို့ဟာသူတို့ နတ်ဘုံနတ်နန်းဟု ထင်၍နေကြသည်။ စာရေးဆရာ ထင်လင်း (ကိုသိန်းမောင်) တို့နှင့် တခြမ်းစီလေ။ မိုးတွင်းဆိုလျှင် မိုးယိုလိုက်သေး။ ဤမျှဆင်းဆင်းရဲရဲဂေဟာကို သူ့အမေနှင့် မတည့်သည့် အိမ်ပြေးမလေးကြည်အေးနှင့် ယောက္ခမ နှင့်မတည့်သည့် အိမ်ပြေးကြီးသော်တာဆွေတို့က လာနေလိုက်ကြသေးပေ။
ဒီတုန်းက ကြည်အေးကအပျို၊ ကျောင်းနေတုန်း။ သော်တာဆွေတော့ ခင်ဗျားတို့ သိကြတဲ့ အတိုင်းဘဲ။ ဒါနဲ့သူတို့နှစ်ယောက်ဟာ တအိမ်ထဲမှာ မောင်နှမလိုနေရသပေါ့။ ဒီတော့သော်တာဆွေက အဲဒီအိမ်သားအားလုံးပါအောင် ဝတ္ထုတပုဒ်ရေးသဗျ။ နာမည်က...
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment