ကျွန်တော့် ဘဝဇာတ်ကြောင်း ( ချစ်၍ခေါ်သည်၊ မြန်မာပြည်သို့ အမေရိကန်ပြည်က ဒုံးပျံကြီးတစီးပို့လိုက်ပြန်ခြင်း ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ချစ်၍ခေါ်သည်၊ မြန်မာပြည်သို့ အမေရိကန်ပြည်က ဒုံးပျံကြီးတစီးပို့လိုက်ပြန်ခြင်း ) // သော်တာဆွေ

---

ချစ်၍ခေါ်သည် 

(၁၉၅၃၊ ဖေဖော်ဝါရီလ၊ ရှုမဝ အမှတ် ၆၉) 

----

ဇာတ်လမ်းဆင်ပုံမှာ လသို့သွားရန် ဒုံးပျံတခုအမေရိကန်က မြန်မာပြည်ကို လက်ဆောင် ပေးသောအခါ မည်သူမျှလိုက်မည့်သူမရှိ၍ သော်တာဆွေနှင့် ကြည်အေးနှစ်ယောက်တည်းသွားကြသည်။ ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်က သူတို့သမီးလေးကြည်အေးကို မောင်နှမအရင်း လိုစောင့်ရှောက်ရန် မှာလွှတ်လိုက်သည်။ သို့သော် သူတို့ နှစ်ယောက်သည် ဤကမ္ဘာသို့ ပြန်ရောက်ချိန်တန်လျက် မရောက်သဖြင့် အမကြီးတို့ ပူဆွေးသောကရောက်ကြသည်။

ယခင်တခါ ဒဂုန်တာရာ၊ ဂျာနယ်ကျော်မမလေး၊ မင်းရှင်၊ သော်တာဆွေတို့လေးယောက် ပထမဦးဆုံးအခေါက် ( ဖိုးသော်တာ စန္ဒာလကိုကွယ်၊ ၁၉၅၁ခု၊ ရှုမဝ အမှတ် ၄၇) သွားကြစဉ်က နှစ်ရက်အတွင်း ပြန်ရောက်ခဲ့ကြသည်။ မရောက်သည်ဖြစ်စေ၊ သူတို့သေကြပြီ။ အကြောင်းမှာ အသက်ရှူရန် သူတို့နှင့်ပါသွားသော အောက်စီဂျင်က ၁၀-ရက်စာထက်မပိုချေ။ 

သို့မဟုတ် သူတို့ဒုံးပျံသည် လသို့ မရောက်ပဲ အခြားသက်ရှိသတ္တဝါများ နေထိုင်သော ကမ္ဘာတခုသို့ ရောက်သွား၍ ထိုပြည်မှာ အရက်အလွန်ပေါတာနှင့် သော်တာဆွေပျော်နေရော့မည်။ ကြည်အေးက ပြန်ချင်လျက် သူပေကပ်နေတာဖြစ်နိုင်သည်ဟု အမျိုးမျိုးပြောကြသည်။

မည်သို့ဖြစ်စေ အမကြီး ခင်မျိုးချစ်တို့မှာ သောကရောက်ကြသည်။ သော်တာဆွေထက် သူတို့သမီး (ဝင်စား) ကလေးအတွက် ပူဗျာပါဝေသည်။ သူတို့ရိပ်သာမှာ ဆွေးစိတ်ဖြာရလေပြီ။

“ဧရိပ်သာ မကြည်ဘို့ အကြောင်းငယ်ကြောင့်
ဆွေးစိတ်ဖြာအမည်သို့ ပြောင်းရချည့်”

အမကြီးခင်မျိုးချစ်မှာ ငိုချင်းရှေ့ဘာဆက်ရမှန်းမသိ။ စန့်တငံ့ငံ့ကြီး ရပ်နေရာ၊ အနီးရှိ ဦးခင်မောင်လတ်က...

“ဆက်ဆိုလေကွာ”

“ဘယ်လိုနဘေထပ်ရမှန်း မသိဘူး ကိုလတ်ရဲ့”

“ပြောင်းရချည့် ထမီကိုတိုတောင်းတောင်းရယ်မို့
အိုကွာ...ဆွေးစိတ်ဖြာအမည်သို့ ခြေသလုံးပေါ် ပေါ့ကွ”

“ဟာ... ဘာဆိုင်လို့တုန်း”

“ဆိုင်ပြီလား... မင်းကြည့်ရတာ ဘယ်တော့မှ ထမီခြေမျက်စိမဖုံးဘူး”

“ကျမက အရပ်ရှည်တာကိုး”

“အရပ်ရှည်ရှည် ထမီရှည်ရှည် ဝယ်ဝတ်မှပေါ့ကွ၊ အရပ်ပုပုဝဝမှ ထမီတိုတိုဝတ်တော့ ခြေသလုံးကက်ကက်ကလေး မြင်ရလို့ကြည့်ကောင်းတာ၊ ပိန်ရှည်ရှည်က နွဲ့နွဲ့လျလျဖြစ်အောင် ထမီခြေခံဖုံးအောင် ဝတ်ရတယ်”

“အရေးထဲ ထမီတိုရှည် ဋီကာဖွင့်မနေပါနဲ့အုံး၊ သမီးကလေးအတွက် ဘယ့်နှယ်လုပ်ကြမလဲ”

“ငါလဲ မကြံတတ်တော့ဘူး”  

မျက်စောင်းခဲ၍...

“သူ့ ယောကျာ်းရယ်လို့ အားကိုးပါတယ်”

“ယောက်ျားရယ်လို့ အားကိုးတယ်ဆိုတာက ထုံးစံစကားလို ဖြစ်နေလို့ပါကွာ၊ တကယ်ဆိုတော့ ယောက်ျားတွေဟာ မိန်းမတွေထက် ထူးမစွံပါဘူး”

“ကိုယ့်ကိုယ်ကို ဒီလောင်အထင်မကြီးနဲ့လေ၊ ဟိုဘက်ခန်းက မောင်ထင်လင်းခေါ်တိုင်ပင် ကြည့်ရအောင်”

“သူကကော... ငါ့ထက် ဘာတိုးသာအုံးမှာလဲ”

“သူအခုတလော ဆေးတံသောက်ပြီး ဦးစံရှား စတိုင်မျိုးလုပ်နေတယ်တော့”

“ဒါက သူအရင်ဆေးပေါ့လိပ်သောက်တုန်းက အဝတ်မီးပေါက်တော့ ဖာရတော့သူ့မိန်းမ ဆဲလို့ ဆေးတံပြောင်းသောက်တာပါကွာ”

“ဘာဘဲဖြစ်ဖြစ်လေ... နီးနီးနားနား တိုးတိုးဖော်ဆို သူဘဲရှိတာဘဲ”

ဟုဆိုပြီး 

“မောင်သိန်း မောင်ရေ” 

လှမ်းခေါ်လိုက်၏။ (ကလောင်နာမည် ထင်လင်း၊ လူနာမည် ကိုသိန်းမောင် ဖြစ်၏။) တဖက်ခန်းမှ...

“ခညာ...”

“လာစမ်းပါအုံးကွယ်.... ဒို့တော့ ခေါင်းမီးလောင်နေပြီ”

“ဒါဖြင့် အိမ်မကူးခင် မီးသတ်စက်သွားခေါ်ပါလား၊ ကျွန်တော်တော့မအားဘူး”

“အားကိုးရပါပေ့ကွယ်... ဒါမဟုတ်ဖူး၊ သော်တာဆွေတို့ကိစ္စ... မင်းဘယ်လိုထင်သလဲ”

“သေကြပြီသော်လည်းကောင်း မသေကြသေးဘူးသော်လည်းကောင်း နှစ်မျိုးထင်စရာရှိတယ်”

“အမယ်... နံမယ်နဲ့လိုက်အောင် အထင်ကဖြင့် လင်းပေကွယ်။ ကဲ... ဒါဖြင့် မသေကြသေးရင် လကို လှမ်းစကားပြောတော့ ဘာလို့ခွေးမသားက စကားမပြန်သလဲ”

“ဒါကဒီလိုရှိတယ်၊ သော်တာဆွေစိတ် ကျွန်တော်သိတယ် ဒီကောင်က လူ့ဂွစာ၊ ပေတိပေကပ်ရယ်၊ သူသေပြီဆိုတော့ လူတွေက တကယ်နှမြောကြမယ် ထင်နေတယ်၊ နို့ပြီး ရှုမဝ ကလဲ သူ့ဝတ္ထုအဟောင်းတွေ စာအုပ်ပြန်ထုတ်လိမ့်မယ် အောက်မေ့နေတယ်၊ အဲဒီတော့မှ သူက အမိန့်သားပြန်လာပြီး ကိုကျော်ဆီက ငွေတောင်း အရက်ဆိုင်ဝင်မှာဗျ။ ဒီလိုရည်ရွယ်ချက်နဲ့ သူသေချင်ယောင် ဆောင်နေတာဖြစ်နိုင်တယ်”

“အင်း... အတွေးအခေါ်ကဖြင့် မခေဘား၊ စုံ‌ထောက်လမ်းမဝေးဘူး”

“ဘယ်ဝေးမလဲ၊ အမှန်က ကျွန်တော့်နံမယ်ဟာ “စံရှား” ́ ဖြစ်ဖို့ဗျ။ ကျွန်တော့်အဖေက စုံထောက်မောင်စံရှားဝတ္ထုတွေသဘောကျပြီး ကျွန်တော့်မမွေးမီ သူ့မြင်းမလေးကို စံရှားမှည့် ပစ်လိုက်လို့ ဟော... ကျွန်တော့်ကျတော့ မောင်သိန်းမောင်ဖြစ်ရတာဗျာ၊ တောက်... အဖေ့နှယ် သိပ်လောတာဘဲ”

“မိဘကို အပြစ်မတင်ကောင်းပါဘူး၊ ဒါနဲ့တခု စဉ်းစားစရာရှိပြန်တာက သူတို့နဲ့ပါသွား တဲ့ အောက်ဆီဂျင်ဓာတ်က ၁၀-ရက်စာထက် မပိုဘူးဆို၊ အခု အရက်နှစ်ဆယ်ကျော်သွားပြီ”

“ဒါကတော့ ဟိုတုန်းက လမှာ လေမရှိဘူးဆိုပေမယ့် အခုရှိချင်ရှိနေမှာ၊ ကဲ... ဒီတော့ ဒီလို လုပ်၊ ကျုပ်အကြံတခုပေးမယ်”

“ပေးပါမောင်ရယ်... ပေးပါ”

“အခု စကော့တလန်က ထွက်သမျှ စကော့(ချ)ဝီစကီတွေကို အမေရိကန်က လက်ဝါးကြီး အုပ်ဝယ်ပြီးတော့ ဗမာပြည်မှာ ကွန်မြူနစ်ဆန့်ကျင်ဘက်ရေးတဲ့ စာရေးဆရာတွေကို လိုချင်သလောက်ပေးနေပြီလို့သာ လှမ်းပြောလိုက်၊ ဒီကောင်တကယ်လို့ သေသည့်တိုင်အောင် သေရာက ထောင်ထလာမှာဘဲ”

ယင်းသည်၌ ကိုလတ်မှာ 

“ဘိုးဘိုးအောင်သည် သိမ်ကြီးဈေး၌ ဆင်းပြီး ဇာဘော်လီ တထည် အကြွေးဝယ်သည်”

ဟု ယုံကြည်လောက်သော ဌာနမှကြားရသော တောအဖွားကြီးကဲ့သို့ အံဩခြင်းကြီးမက အံ့ဩကာ မျက်လုံးကြောင်တောင် ပါးစပ်ဟောင်းလောင်းနှင့် ထိုင်ရာမှ ထလာပြီး ရုတ်တရက်....

“ဟား... ကိုသိန်းမောင်... ဒီအကြံဟာ ခင်ဗျားအော်ရီဂျင်နယ်လ် သက်သက်ဖဲလား၊ လုံးလုံး ခင်ဗျားဦးနှောက်ထဲက ထွက်တာဘဲလား၊ ဒါမှမဟုတ် တခုခုက မှီးရသေးသလား”  

ကိုသိန်းမောင်မှာ အပြင်းအထန် ဂုဏ်ယူသော မျက်နှာနှင့်...

“ဟာ... ကျွန်တော့်ကိုယ်ပိုင် သက်သက်ပါဗျာ၊ ဘယ်ကမှမှီးရတာမဟုတ်ပါဘူး၊ ဘုရားစူးရ ပါစေရဲ့၊ မိုးကြိုးပစ်ရပါစေရဲ့ကာလနာ တိုက်ရပါစေရဲ့...”

“အိုး... ကျုပ်တော့ တသက်လုံး အံ့ဩလို့ကုန်မှာ မဟုတ်တော့ဘူး၊ ခင်ဗျားကိုတဘဝလုံး ချီးကျူးလို့ပြီးမှာ မဟုတ်တော့ဘူး၊ တောက်.... တကယ်ဗျာ... တကယ်၊ ခင်ဗျားကို ကျုပ်ဟိုတုန်းက ဒါလောက် မထင်ခဲ့ဘူး၊ အခုမှ.... အခုမှ၊ ကမ်းမွန်းကွန်ဂရက်ကျူလေးရှင်း ရှိတ်(က)တဲင်း... ကိုသိန်းမောင်မှာ လက်ကမ်းရင်း...

“သိပ်တော့ မဖျစ်နဲ့နော်၊ ကိုလတ်လက်က ကျွန်တော့်လက်ထက် ပိန်သေးတယ်”

“မနာရစေပါဘူးဗျာ... စိတ်ချပါ”

သူတို့နှစ်ယောက် လက်ဆွဲလှုပ်ယမ်းနေကြစဉ်၊ အမကြီးခင်မျိုးချစ်က...

“ဘယ့်နှယ်လဲ ကိုလတ်... အခုနတော့၊ ယောက်ျားတွေက မိန်းမတွေထက် ထူးချွန်တာ မဟုတ်ပါဘူးကွာဆို”

ကိုလတ်ခုမျှ သူ့ဟာသူ သတိရသလိုဖြစ်လျက်...

“အေး... ဟုတ်တယ်... ဟုတ်တယ်။ ကိုယ်ပြောလိုက်မိတယ်။ ဆောရီး... ဆောရီး။ ငါ့စကား ငါပြန်ရုပ်သိမ်းပါတယ်ကွာ” 

တဖန်ကိုသိန်းမောင်ဘက်လှည့်ပြီး 

“ဒီမှာ... ကိုသိန်းမောင်၊ ခင်ဗျားဟာ ယောက်ျားထုတရပ်လုံးရဲ့ ဂုဏ်ကိုဆောင်လိုက်တာဘဲဗျာ၊ ခင်ဗျားလိုလူမျိုး ရာစုတခုမှာ တယောက်ထွန်းကားရင် ဒီဘဒ္ဒကမ္ဘာ ကံကောင်းတာဘဲဗျာ၊ ကမ်းမွန်း... ဝမ်းစမိုး... ရှိတ်(က)ဟင်း...”

သူတို့နှစ်ယောက်တဖန်လက်ဆွဲ လှုပ်ယမ်းနေကြစဉ် ကိုသိန်းမောင်မိန်းမ မခင်သည် ဈေးကပြန်လာသည်ဖြစ်၍ သတင်းစာတစောင်ကိုင်ကာ အပြေးကလေးလာလျက်...

“ဟော့ ဒီမှာ ဗမာပြည်ကို ဒုံးပျံကြီးတစီး ရောက်လာသတဲ့”

အားလုံးသူ့စကားစိတ်ဝင်စားကြကာ ဝမ်းသာအားရနှင့်... 

“ဟင်... သော်တာဆွေတို့ ပြန်လာကြပြီပေါ့”

“မဟုတ်ဖူး...၊ မဟုတ်ဖူး သူတို့စီးသွားတဲ့ ဒုံးပျံမဟုတ်ဖူး အမေရိကန်က နောက်တခု ပို့လိုက်တာ၊ အသစ်တဲ့ ဟောဒီမှာ ဓာတ်ပုံလဲပါတယ် သတင်းစာဖတ်ကြည့်”

---

မြန်မာပြည်သို့ အမေရိကန်ပြည်က ဒုံးပျံကြီးတစီးပို့လိုက်ပြန်ခြင်း

---

ယခင်ဒုံးပျံမှာ လူ ၅ယောက်စီးနိုင်၍ ယခုဟာသည် ၆ယောက်သယ်ဆောင်နိုင်၏။ ဘေးအန္တရာယ်လည်းပို၍ စိတ်ချရသည်။ ချယ်ဂါလီစီးရတာလောက်မှ မခက်ခဲ။ မောင်းရန်လည်း အလွန် လွယ်ကူ၏။ ဆိုက်ကားနင်းတတ်လျှင်လည်းကောင်း၊ ဘိုင်စကယ်စီးတတ်လျှင် လည်းကောင်း၊ ဘာမျှအထူးသင်ကြားနေစရာ မလိုတော့။ စွန့်စားမည့် သူရဲကောင်းများ လိုနေသည်။ အစိုးရက ဆုငွေပေးလိမ့်မည်ဖြစ်ကြောင်း။

ဤအထိဖတ်ပြီး အမကြီးခင်မျိုးချစ်သည် ဝမ်းသာအားရနှင့် 

“ဟင်...၊ဒီလိုဆို ကိုလတ်၊ သူတို့ရှိမရှိ လှမ်းစုံစမ်းမနေနဲ့တော့၊ တခါထဲလိုက်သွားကြရအောင်၊ သေကြရင်လဲအလောင်းတွေ့ကြမှာဘဲ၊ လရဲ့ ဆွဲငင်ခြင်းနဲ့ ကမ္ဘာရဲ့ဆွဲငင်ခြင်း၊ ညီမျှတဲ့ နေရာမှာ သော်တာဆွေက အရင်တခေါက်ကလို ကမျင်းလို့ ဒုံးပျံကခြေလွတ်ပြီး မမှီမကမ်းဖြစ် နေတယ်ဆိုရင်...။ လမ်းမှာတွေ့မှာဘဲ”

ကိုလတ်ကလည်း...

“အေး... ကောင်းတယ်ဟေ့... မင်းအကြံ၊ ခရစ်စမတ်နဲ့ လွတ်လပ်ရေးပွဲနဲ့ ဒို့ကျောင်းပိတ် ထားတုန်း...၊ အားလဲနေတာဘဲ၊ နို့ပြီး... ငါက ဘိုင်စကယ်လက်လွှတ်တောင် စီးနိုင်နေတာဘဲ။ မောင်းဘို့လဲ မခဲယဉ်းတော့ဘူး”

“ဟုတ်တယ်...၊ ကိုသိန်းမောင်ကော လိုက်ပါလား...”

အမကြီးကပြောသည်၌ မောင်ထင်လင်းက ...

“ခုန ကျွန်တော်ပြောတဲ့ အကြံတိုင်း စုံစမ်းကြည့်အုံးလေ”

“ဟာ... မလိုတော့ပါဘူး၊ သူတို့သေသေ မသေသေသွားကြမှာဘဲ၊ သေလဲအလောင်းတွေ့၊ မသေလဲ သူတို့အံ့ဩသွားကြရအောင်...”

မောင်ထင်လင်းမှာ မကျေနပ်နိုင်သေး...။

“မဟုတ်ဖူးလေ၊ ကျွန်တော့်အကြံအဘိုးတန်ကလေး အလကားမဖြစ်ရအောင် ဘယ့်နှယ်လဲ ကိုလတ်...”

စစ်ကူတောင်းသည်၌ ကိုလတ်ကလည်း အေးစက်စက်ဖြစ်ကာ

“ခင်ဗျားအကြံ အခုနတော့ ကောင်းရိုးမှန်ပါတယ်၊ ဒါပေမယ့် အခုတော့ သုံးစရာမလို တော့ပါဘူး၊ ဟုတ်တယ်။ သူတို့မေမေပြောတော့ သော်တာဆွေ သေချင်ယောင် ဆောင်နေတဲ့ ကောင်၊ ဒို့ရောက်တော့ အံ့အားသင့်သွားရအောင်...”

ဤတွင်၌ မောင်ထင်လင်းမှာ သူ့ကိုခုနက အကြီးအကျယ် ချီးမွမ်းခြင်းခံရသည့်အကြံ၊ ရုတ်တရက်အလကားဖြစ်သွားရသည်နှင့် အကြောင်းစစ်လိုက်တော့ သူ့မယား ဒီသတင်းစာယူ၍ ဖြစ်ရခြင်းကြောင့် ချက်ခြင်းပင် ဇနီးမောင်နှံကတောက်ကဆတ်ဖြစ်ကြလေ၏။

တစတစနှင့် နောက်ဆုံး၌...။

“ဟဲ့ ... နင့်ကြောင့်ဟဲ့...”

“ အို... ငါနဲ့ဘာဆိုင်တုန်း...”

“ နင်... ဒီသတင်းစာယူလာလို့ဟဲ့...”

“ ကျုပ်ယူမလာကော...သူတို့ဟာ သူတို့ မတွေ့ကြတော့ဘူးတဲ့လား...”

“ မတွေ့ဘူးဟဲ့... သူတို့က ဘယ်တော့မှ သတင်းစာဖတ်တာမဟုတ်ဘူးဟဲ့...” 

ဤတွင်ကိုလက်ကဝင်၍ ဖြန်ဖြေ၏။

“ ဟုတ်တယ်... ဟုတ်တယ်... မခင်သာ ယူမလာရင် ဒီသတင်းစာ ဒို့ဖတ်ဖြစ်မှာ မဟုတ်ဖူး...”

မောင်ထင်လင်း ပိုဒေါပွကာ...

“ ကဲ...ကဲ... နင့်ကြောင့်စစ်စစ်ဆိုတာ သေချာပြီ မဟုတ်လား ဘာပြောချင်သေးလဲ...”

“ မပြောချင်ပါဘူး၊ ပြီးတာ ပြီးပါစေတော့...”

“ မပြီးနိုင်ဘူး၊ ငါပါသူတို့နဲ့ လိုက်သွားမယ်၊ ဒါမှ ဖွဟ... မပြောကောင်း... မဆိုကောင်း ငါသေရင် နင်ခလေးတွေနဲ့ ဒုက္ခရောက်အောင် ”

“ အံမာလေး... မရောက်သေးဘူး၊ ကျုပ်ကတော့ ဘီအေမအောင်ပေမဲ့၊ ပထမငယ် အောင်ထားတာဘဲ၊ ဝန်ကြီးချုပ်ရဲ့ သာသနာ့ရိပ်သာ လျှောက်မှာပေါ့...”

“ လျှောက်... လျှောက်...”

ဤသို့နှင့်နောက်များမကြာမီ သတင်းစာများထဲ၌ ၆ ယောက်စီး ဒုံးပျံကြီးနှင့် သော်တာဆွေ တို့နောက် လိုက်ကြမည့် သူရဲကောင်းများ...။

၁။ ဦးခင်မောင်လတ် ။
၂။ ခင်ချိုချစ် ။
၃။ မောင်ထင်လင်း တို့ ဖြစ်ကြောင်း၊ နောက်လိုက် ချင်သူများရှိလျှင် ၃ယောက် စာတောင်ရှိသေးကြောင်း။

သွားရန် သုံးရက်မျှအလို၌ ကိုယ်လုံးကိုယ်ထည် တောင့်တောင့် ရုပ်ဖြောင့်၊ အသားညိုညို။ နှာတံပေါ်ပေါ်၊ မျက်လုံးရွဲရွဲနှင့် မိန်းမပျိုတယောက် ဧရိပ်သာသို့ ရောက်ရှိလာသဖြင့် အကျိုးအကြောင်းကိုမေးရာ ဒုံးပျံနှင့်လိုက်လိုကြောင်း ပြော၏။

သူတို့ အံ့အားသင့်ကာ ကိုလတ်က...

“ ဟဲ့...မိန်းကလေးရဲ့၊ သက်စွန့်ဆံဖျား ဘာကြောင့် လိုက်ချင်တာလဲ၊ ဒို့ကမှ ဒို့သမီး အတွက်မို့ ဟောဒီ မောင်သိန်းမောင်ဆိုတာကလဲ သူ့မိန်းမနဲ့ စကားကတောက်ကဆတ် များကြလို့...”

မိန်းမပျိုက မရွံ့မရဲနှင့်...

“ ကျမက သော်တာဆွေ ရည်းစားပါ...” 

“ ဟေ... ဟုတ်လား...”

သို့သော် မြင်းမ ဦးသွားလို့သာ စံရှား မဖြစ်လိုက်ရသော မောင်သိန်းမောင်မှာ ကပျာကရာ ဆေးတံ ပါးစပ်ကောက်တပ်လိုက်ပြီး ဆင်ခြင်တုံ အမူအရာ ပြလျက်...

“ နေပါအုံး ခလေးမ... မင်းသော်တာဆွေ ရည်းစားဆိုတာ ဘယ်လို အထောက်အထားနဲ့ ယုံရမှာလဲ... ဘင်တန်ဟောလ်တို့ အင်းယားဆောင်တို့မှာ မင်းလို ရုပ်ချောချော မိန်းခလေးတွေ အများကြီး ရှိတယ်၊ ကဲ-သူတို့က တယောက်စီ လာပြီး ကျမသော်တာဆွေ ရည်းစားပါ၊ ကျမ သော်တာဆွေ ရည်းစားပါ ဆိုတိုင်းသာ ယုံရရော်မခက်ပါလား...”

မိန်းမပျိုသည် စိတ်မလျှော့။ သူ့လက်ပွေ အိတ်ထဲသို့ လက်နှိုက်ပြီး ဓါတ်ပုံတစ်ပုံထုတ်ကာ

“ ဒီမှာ ... ကိုကို ဆွေ ဓါတ်ပုံ ရှိပါတယ်။ သူကျမကို ပေးထားတာ...”

ကိုသိန်းမောင်းယူကြည့်ကာ...

“အင်း... သော်တာဆွေ အရက်မူးမူးနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတော့ဟုတ်ပြီ။ သို့သော် သေချာအောင် ...”

ဟု စူးရှသောမျက်လုံးမျိုးနှင့်ဓါတ်ပုံ ကျောဘက်ကို လှန်ကြည့်လိုက်ရာ...

“အလို... ချစ်ညီမလေးသို့လို့စာရေးထားပါလား... ရည်းစားလို့ မဆိုပါလား...”

“ဟုတ်ပါတယ်... ဒါက သူနဲ့ကျမနဲ့ ရည်းစား မဖြစ်ခင်ကပေးတာမို့ပါ...”

“နို့ မင်းတို့ဟာက ဘယ်လိုဖြစ်ကြတာလဲ၊ မောင်နှမလို့ဆိုကြပြီး ကျားကိုက်ခံရမယ့် အပေါက်ပါလား ”

ဤတွင် မနေသာတော့ဘဲ အမကြီး ခင်မျိုးချစ်က ကြားဝင်၍...

“အမယ်လေး ကိုသိန်းမောင်နှယ်၊ ဒါမျိုးသာ ကျားကိုက်ခံရမယ်ဆိုရင် ခုခေတ် မြန်မာပြည်မှာ သော်တာဆွေလို နောက်ပေါက်စာရေးဆရာတွေ တကောင်မှ မရှိတော့ဘူး၊ သူတို့ တတွေဟာ ဒီလိုဘဲ ချစ်ညီမလေးဆိုတာက စဂေါ်ကြတာဘဲ ”

ယင်း၌ ကလေးမအားတက်ကာ ... 

“ ဟုတ်ပါတယ်၊ သူနဲ့ကျမ အဲသလိုကစ ခဲ့ကြပါတယ်။ ဟော့ဒီမှာ သူရေးခဲ့တဲ့ စာတစောင်တောင် ပါပါသေးတယ် ” 

ဟု ဆို၍ အိတ်ထဲမှ ထုတ်ပေး၏။ ကိုသိန်းမောင်ကယူ၍ အသံကျယ်ကျယ် ဖတ်၏။

“အချစ်တကာ့ အချစ်ဆုံးတို့ထက်ပို၍ အချစ်လှဆုံး “ ခိုင် ” ။ ခိုင် နဲ့ အကိုဆွေဟာလေ ကိုကြီး ညီမလေးဘဝက တစတစနဲ့ ကာလရွေ့လျားပြီး တနေ့သောအခါမှာ နှစ်ကိုယ်ချဉ်း ပြစေ အဆိုသွင်းတဲ့အခြေ ရောက်ခဲ့ပြီနော်။ ခိုင့်ကို အကိုဆွေသိပ်ချစ်တာဘဲ ခိုင်ရယ်...။ ဘယ်လို ချစ်တာမှန်းကို မသိဘူး။ အကိုဆွေမှာ အသက် နှစ်ဒါဇင်ကျော်ခဲ့ပြီမို့ ခိုင်ဟာ အကိုဆွေ့ အချစ်ဦး ရယ်လို့ တော့ဖြင့် ဟို-တင့်တယ်တို့ သန်းဆွေတို့ ဂေါ်နည်းမျိုးနဲ့တော့ မပါပါဘူး။ သို့သော် “အချစ်ဆုံး” ရယ်လို့တော့ ခေါ်ရမယ်။ ဘာကြောင့်လဲဆိုရင် အကိုဆွေ ခုအသက်အရွယ်အထိ ခိုင့်ကို ချစ်တဲ့အချစ်မျိုးဟာ တခါမှ မကြုံဘူးသေးဘူး။ ဘယ်လောက်များ ဘယ်လိုများချစ်သလဲဆိုတာ လူ့သား လူ့ဉာဏ်မျက်စိဖြင့်တော့ ထုတ်ဖေါ်လို့ မပြနိုင်တော့ဘူး။ အဲ လူသတ္တဝါတွေအတွင်း စိတ်ဓါတ်ကို ဒိဗ္ဗစက္ခုနဲ့ အတွင်းသားမြင်နိုင်တဲ့ နတ်သိကြားများက ကြီးမှူးပြီး လူ့ပြည်မှာ - အချစ်ဆုံးမောင် ပြိုင်ပွဲလုပ်ရင်ဖြင့် ဒီဘွဲ့ထူးကို ဧကန်အမှန် အကိုဆွေ ရမှာပါဘဲ ခိုင်ရယ်၊ တကယ်ဘဲ ယုံပါတော့။ ချစ်သမှ သိပ်ချစ်တာဘဲ။ ဟင်းဟင်း...ဒီအချစ်မျိုး တခါမှ မကြုံဘူး သေးဘူး။ ဘုရားစူးပါရစေရဲ့၊ မိုးကြိုးပစ်ပါရစေရဲ့၊ ကာလနာ တိုက်ရပါစေရဲ့၊ ခွေးဘုရင်ဂျီနာ ပေါက်ရပါရစေရဲ့ ”

ကိုသိန်းမောင်ပင် စာဖတ်ရင်း မချင့်မရဲဖြစ်လာကာ ဆက်၍ပင် မဖတ်နိုင်တော့ဘဲ...

“တောက်-သော်တာဆွေက တယ်ပြီး ရည်းစားစာ ရေးကောင်းပါလား၊ စကားလုံး အသုံးအနှုန်းကလဲ အင်မတန်မှသိမ်မွေ့ ညက်ညောတာဘဲ”

“ဟုတ်ကဲ့ရှင့်၊ ကျမ ဒါကြောင့် သူ့ကို ကြိုက်သွားတာပေါ့”

ကလေးမက ဆိုလေသည်ဟူသတည်း။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments