သမီးကလေးတယောက်နဲ့ အမေ // မောင်သာရ

သမီးကလေးတယောက်နဲ့ အမေ // မောင်သာရ

---

ကောင်းတော့ ကောင်းပါရဲ့။ ဒါပေမဲ့ လူကြီးတွေကို သက်သက်မဲ့ ဒုက္ခပေးတဲ့ ဥပဒေ။ အသက် ၁၈ နှစ် မပြည့်သေးလို့ ကလေးမို့လို့ဆိုပြီး လုံးဝ မရောင်းပေးတော့ စီးကရက်၊ အရက်လည်း ဝယ်ခိုင်းချင်လို့ မရ။ ထီတောင်မှ ထိုးခိုင်းလို့မရ။ တကတဲ သမီးကလေး တစ်ယောက် မွေးထားမိပါတယ်တော်။
ကျောင်းကလည်း မထားလို့မဖြစ်။ အပိုဝင်ငွေကလေး တဖက်တလမ်းက ရရာရကြောင်း ကျောင်းနားချိန်နဲ့ ကျောင်းအားရက် တွေမှာ အချိန်ပိုင်း အလုပ်ကလေး ဝင်လုပ်ခိုင်းချင်လို့လည်း ဥပဒေကို ကြောက်ပြီး အလုပ်ပေးရဲမယ့်လူ မရှိ။ ဇွန်းလည်း မဟုတ်၊ ခက်ရင်းလည်း မဟုတ်၊ လှီးလို့ ဖြတ်လို့လည်း မရတဲ့ စားပွဲတင်ဓားလိုဟာမျိုး။

သမီးကိုရော၊ အစိုးရရဲ့ ဥပဒေကိုရော မျက်စောင်းခဲလိုက်ပြီး တဖက်လမ်းထိပ်က Corner Store ရှိရာဘက် Sasha ပြန်ထွက်လာခဲ့တယ်။ Bus ကား Schedule အရဆိုရင် သည်မှတ်တိုင်မှာ Sasha တို့ လိုက်ရမယ့် ၂၀၃ ဆိုက်လာဖို့က နောက်ထပ်ဆယ်မိနစ်လောက် လိုပါသေးတယ်။ ဆိုင်ကလည်း လမ်းတဖက်ကူးရဦးမှာပေမဲ့ လှမ်းမြင် နေရတာပဲ။ ဝေးလှ ခဲတပစ်စာ ရှိတော့မပေါ့။ ဘီယာသံဘူးကလေး
တဘူးလောက် ပြေးဝယ်လိုက်ရတာ ဘာကြာမှာ မှတ်လို့။ ဒါပေမဲ့ သမီးက စိတ်ပူတယ်။ မှတ်တိုင်မှာ တယောက်တည်းလည်း မနေရစ် ခဲ့ရဲချင်ဘူး။

စဉ်းစားကြည့်တော့ သည်ကနေ လမ်းထိပ်ကို ပြန်လျှောက် ဦးဟယ်၊ လူကူးမီးစိမ်းရုပ်ပြမှ လမ်းဖြတ်ကူးဦးဟယ်နဲ့ အသွားအပြန်။ ပြီးတော့လည်း အမေ သောက်နေကျ ပေါချောင်ကောင်းဆိုတဲ့ ခွေးခေါင်းနီတံဆိပ်ဘီယာက ဝယ်နေကျဆိုင်မှာ မဟုတ်တော့ ဟိုးအတွင်း ဘက်ထဲက စင်တွေအထိ လိုက်ရှာချင် ရှာနေရဦးမှာရယ်။

ပြီးတော့လည်း အမေ့လို ဆင်းရဲသား “ဂျိုး”တွေသာ သောက် တတ်တဲ့ သည်ခွေးခေါင်းနီက အရက်မျိုးစုံရှိတတ်တဲ့ Liquor ဆိုင် မဟုတ်ရင် သာမန်ကုန်စုံဆိုင် အတော်များများက တင်မရောင်းတတ်ကြဘူး။ အမေနဲ့ လိုက်ရနေကျဆိုတော့ သမီး သိတယ်။ ပြီးတော့လည်း တွေ့ဦးတော့၊ ဆိုင်မှာ ဝယ်သူကျနေရင် ပိုက်ဆံပေးဖို့ကိုပဲ တန်းစီ စောင့်ဦးဟယ်၊ မှတ်တိုင် ပြန်လျှောက်ရဦးဟယ်နဲ့။ မတော် သည်ကြားထဲ ဘတ်စ်ကားရောက်လာရင် ဒုက္ခ။ စိတ်မောရတယ်။

“အမေ့ မြန်မြန်လုပ်ဗျ အပြင်လေတိုက်ထဲမှာ ရပ်နေရတာ အေးတယ်”

သမီး လှမ်းပြောလိုက်တာကို ကြားတယ်ဆိုတဲ့ သဘောနဲ့ ပြန်လှည့်ပြောမနေတော့ဘဲ လက်မြှောက်ပြရုံသာ ပြပြီး Sasha လည်း အောက်ငုံ့ သုတ်သုတ်လျှောက်ပါတယ်။ ဘတ်စ်ကားက သည်လို စနေ၊ တနင်္ဂနွေ မဟုတ်တဲ့ ပုံမှန် Week Days တွေမှာဆိုရင် ၁၅ မိနစ်မှ တစ်စီးနှုန်းလာနေကျဆိုတာ Sasha သိပါတယ်။ ဘတ်စ်ကားမောင်း သမားတွေက စည်းကမ်းမရှိ အချိန် မတိကျ မမောင်းတတ်ကြပါဘူး။ ပေးထားတဲ့ Schedule အတိုင်း မမောင်းရင် အချိန်နဲ့သွားလာ အလုပ်လုပ်နေကြရတဲ့ ရုံးသမား၊ အလုပ် သမားတွေက တိုင်ကြ၊ အကြောင်း ပြကြတော့မှာပါ။ ပြဿနာတက် ခဲ့ရင် နစ်နာကြေးလျော်ကြေးလည်း ပေးရဦးမယ်။ အလုပ်လည်း ပြုတ်ဦးမယ်။ မလုပ်ရဲပါဘူး။ အချိန်တန်ရင် ရောက်လာပါလိမ့်မယ်။ မီပါတယ်။ မလွတ်နိုင်ပါဘူး။

ဒါပေမဲ့ အန္တရာယ်က သိတယ်နော်။ မနေ့ကနဲ့ သည်ကနေ့ မနက် နှင်းထပ်မကျတော့ပေမဲ့ သည်ကြားထဲ မိုးမရွာတော့ လမ်းဘေး လူလျှောက် Side Walk တွေပေါ်မှာ ကျထားတဲ့ နှင်းတွေရဲ့ထုက ကြိုးပျောက်ခြေတံရှည် Boot ဖိနပ် ခြေဖမိုးတစ်ခုလုံး မြုပ်လောက်တဲ့အထိ ထူနေသေးတယ်။ အရည်ပျော်ပြီး မြောင်းထဲ စီးဆင်းမသွားကြသေးတဲ့ အပြင် တရက်နေထွက်လိုက်တဲ့အတွက် အောက်ခြေက ရေခဲပြင်ဖြစ် နေလောက်ပြီ။ ဆောင့်နင်းပြီး သတိထားမလျှောက်လို့ကတော့ ဗိုင်းခနဲ ချော်လဲပြီ ကွဲပြီသာမှတ်။

သည်လိုနဲ့ တဆောင်းတဆောင်းမှာ အမေ့လို ပေါင်ချိန် နှစ်ရာ ခန္ဓာကိုယ်ပိုင်ရှင်တွေ တင်ပါးဆုံရိုး ကျိုးကြရပေါင်း၊ ခေါင်းကွဲ ဆေးရုံရောက်ကြရပေါင်း များကြရလှပြီ။ ပြီးတော့လည်း Sasha က သူများနဲ့တူတာ မဟုတ်ဘူး။ ရိုးရိုးသားသား လဲပြိုရင်တောင်မှ ဘယ် ဆိုင်ရာပိုင်ရာ အိမ်ရှင်ကမှ အရေးလုပ်ကူညီပြီး လျော်ကြေး ဆေးဖိုး ဝါးခ တာဝန်မယူမယ့်အပြင် ဘယ်သူကမှ ကရုဏာသက်ကြမှာ မဟုတ်ဘူး။ ပါးစပ်က အနံ့ကလေးတသင်းပျံ့ပျံ့နဲ့ မဟုတ်လား။ Sasha ကိုယ့် အကြောင်း ကိုယ်သိတယ်။ သတိနဲ့သာ လျှောက်။ အလျင်မလိုနဲ့။

Sasha ဘေးမသီရန်မခ မှတ်တိုင်ကို ပြန်ရောက်လာပါတယ်။ တော်ပါသေးရဲ့။ ဘတ်စ်ကားကလည်း လှမ်းမမြင်ရသေးပါဘူး။ မှတ်တိုင်မှာလည်း သူတို့သားအမိ နှစ်ယောက်တည်း။ လူပိုတယောက်မှ အနားမှာ မရှိဘူးဆိုတော့ Sasha လွတ်လွတ်လပ်လပ် ကြံလို့ ဖန်လို့ ရသွားတယ်။

သည်တော့ ဝယ်လာတဲ့ ဘီယာဘူးကို ဆွဲလှန်ဖွင့်လိုက်တယ်။ ဝေကျ လျှံထွက်လာတဲ့ ဘီယာမြှုပ်တွေကို နှမြောကြီးစွာနဲ့ ငုံစုပ် သောက်လိုက်တယ်။ ပြီး လက်ကျန်ကိုမှ သူ့ လက်ကိုင်အိတ်ထဲမှာ အပိုဆောင်ထားတဲ့ ကော်ဖီဓာတ်ဘူးကိုင်းခွက်ထဲ ပြောင်းလောင်း ထည့်တယ်။ အသေအချာ အလုံပြန်ပိတ်။ အိတ်ထဲထည့်သိမ်းတယ်။ သည်လိုမှ ဘတ်စ်ကားပေါ်မှာ အချမ်းပြေ ကော်ဖီပူပူသောက်သလိုလိုနဲ့ ခိုးမော့လို့ ရမှာလေ။

သိတယ်နော်။ ဘတ်စ်ကားတွေရဲ့ စည်းကမ်းကလည်း အဖုံး အပိတ် လုံလုံခြုံခြုံမရှိတဲ့ စားလက်စ သောက်လက်စတွေကို ကားပေါ် ယူလာပြီး ဆက်စားခွင့် မပြုဘူး မဟုတ်လား။ မှတ်တိုင်တိုင်းနားမှာ အမှိုက်ပုံးတွေ ချထားပေးတယ်။ ဘီယာဘူးအခွံကို အမေ သွားထည့် ပစ်ခဲ့တယ်။

အမေကတော့ သည်အရက်စွဲ ရောဂါနဲ့ ပြဿနာပါပဲ။ သူ ရှာလို့ရတဲ့ ပိုက်ဆံကလည်း အနည်းဆုံး သုံးပုံတပုံ၊ ဒါပေမဲ့ Sasha ရဲ့ အခြေအနေက မဆိုးပါဘူး။
သူ့ဘေးထိုင်ခုံက Vietnam လိုလို Phillipino လိုလို အဘိုးကြီး က သဘောကောင်းပုံရပါတယ်။ သူ့ကိုယ်ကိုတောင် ကျုံ့ပြီး နေရာ လုပ်ပေးသေးတာပဲ။ Sasha ခိုးမော့လို့ အနံ့ထွက်ဦးတော့ စပ်စုမယ့်ပုံ၊ ဂရုစိုက်မယ့်ပုံ မပေါ်လောက်ပါဘူး။

အဲ သမီးကလေးရဲ့ နံဘေးကတော့ ဝဝဖိုင့်ဖိုင့် အဖြူမကြီးရယ်။ သိတယ်နော်။ အသက်အရွယ်နဲ့ အသားအရောင်က နည်းနည်းကြီးကျယ် ချင်တတ်တယ်။ တော်ပါသေးရဲ့။ သမီးနဲ့မို့။ သမီးက ကလေးဆိုတော့ ဘာပဲပြောပြော သူ ဟန်ဆောင်ပန်ဆောင် ချစ်ဟန်ပြု ဦးစားပေးရ မယ်လေ။

ပြီးတော့လည်း သိပ်ကြောင့်ကြစရာ မရှိပါဘူး။ ရှေ့ မကြာ ခင်မှာ Flamingo လမ်းမကို ရောက်ရင် အရှေ့ဘက်ထဲသွားမယ့် Bus ၄၀၁ ကို ပြောင်းစီးရမှာပဲ။ မကြာတော့ပါဘူး။ ကြားမှတ်တိုင် တွေမှာ ဘီးတပ်ကုလားထိုင်သုံး ဒုက္ခိတခရီးသည်တွေသာ အတက် အဆင်းမရှိလို့ကတော့ နောက် ဆယ်မိနစ်လောက်ဆို ရောက်သွားမှာပဲ။ အချိန်ကိုက် ခန့်မှန်းပြီးမှ Sasha အိမ်က ထွက်လာတာပါနော်။

Sasha မှာအချိန်ကို အတိအကျသိနိုင်တဲ့ လက်ပတ်နာရီတို့၊
Cell ဖုန်းတို့တော့ မရှိပါဘူး။ များသောအားဖြင့် ဖုန်းကုမ္ပဏီတွေက အပြိုင်အဆိုင် Cell ဖုန်းတွေ အခမဲ့ပေးပြီး သုံးစွဲသူ Customer သစ်တွေ ခေါ်ယူနေကြပေမဲ့ Sasha မသုံးရဲပါဘူး။ သူ့ဥစ္စာက အနည်းဆုံး တနှစ်၊ နှစ်နှစ်သုံးစွဲပါ့မယ်လို့ ကတိပြု Contract စာချုပ်ပြီး ဆက်သုံး ရမှာလေ။

အဝင်အထွက် ဖုန်းပြောတဲ့ နေ့ပိုင်းမိနစ်တွေနဲ့ အဝေးပြော မိနစ်တွေအတွက် ကျသင့်သမျှ ပြောခတွေရယ်၊ အခွန်အကောက်တွေ ရယ်က လစဉ် Bill ဆောင်ရမှာလေ။ တလအနည်းဆုံး ၅ဝ/၆ဝ အပို အကုန်မခံနိုင်ပါဘူး။ ဆင်းရဲသားမှာ ဖုန်းဆက်စကားပြောစရာလည်း သိပ်အကြောင်းမရှိပါဘူး။

ပြီးတော့လည်း ထုံးစံအတိုင်း မရှိမဖြစ် တပ်ထားရတဲ့ အိမ်သုံးတလုံး ရှိနေတာပဲ။ ပြီးတော့ နာရီကကော ဘာလုပ်မှာလဲ။ တဒေါ်လာ နှစ်ဒေါ်လာကနေ ၅/၁၀ ဒေါ်လာတန်အထိ ကြက်သွန်တွေ အာလူးတွေလို ပုံရောင်းနေတဲ့ အချိန်ဂဏန်းပြ Automatic Quartz နာရီတွေမှ ဖောခြင်းသောခြင်း။

ကျောင်းဖွင့်စက ဝယ်ပေးထားတာ သမီးရဲ့ လက်မှာ တလုံး ရှိသားပဲ။ ၆ လ တနှစ် ပစ်စလက်ခတ် ပတ်ပါလေ့တော်။ အချိန်မှန် လိုက်သမှ ဘယ်တော့ကြည့်ကြည့်။ ကွက်တိ။ မိနစ်မလွဲဘူး။

ဟော... တွေးရင်းရင်းနဲ့ ဘတ်စ်ကားက ကြေညာပြီ။ Flamingo လမ်းကို ရောက်တော့မယ်တဲ့။ ဆင်းကြမယ်။ နောက် နည်း နည်း ပြန်လျှောက်ကြမယ်။ လမ်းကူးမယ်။ Flamingo လမ်းဘေး မှတ်တိုင်မှာ ၄၀၁ ကို ရပ်စောင့်ရမယ်။ 

ဘယ်ရလိမ့်မလဲ။ Sasha ပါတဲ့။ သည်မှတ်တိုင်မှာက ဘတ်စ် ကားအမှတ်တွေ လေးငါးစင်းရပ်တယ်ဆိုတော့ ကံမကောင်းရင် ကိုယ့် ကားကို ခပ်ကြာကြာစောင့်ရမယ်။ ကြာမှာ မကြာမှာ အပထား။ အေးစက်နေလို့ ဘယ်သူမှ ဝင်မထိုင်တဲ့ သံဆန်ခါခုံတန်းမှာ Sasha ကတော့ ကျကျနန ဝင်ထိုင်လိုက်ပြီး သူ့ ကော်ဖီဘူးကို လွတ်လွတ်လပ်လပ် မော့တော့တယ်။ သူများတကာ အမြင်မှာတော့ ချမ်းရှာလွန်းလို့ ပူပူကြီး မော့နေတယ်ပေါ့။

အမှန်တကယ် ချမ်းနေရရှာတာကတော့ သမီးကလေး။ စောင်တွေနဲ့ ထုပ်ထားသလို အနွေးထည်တွေ အထပ်ထပ် ဝတ်ထားပေမဲ့ ဆောင်းလေရဲက ရိုးတွင်းခြင်ဆီခိုက်အောင် အေးတာရယ်။ အပူဓာတ် လွှတ်ပေးထားတဲ့ ဘတ်စ်ကားပေါ် မရောက်မချင်းတော့ ခံပေဦးတော့ပေါ့။ ဇက်တွေကို ပု၊ လည်စည်းကို နှစ်ပတ်သုံးပတ်ပတ်ပြီး ပါးစပ်ထိ တက်ဖုံး၊ ခေါင်းစွပ်ကိုလည်း နားရွက်ကိုပါ ဆွဲဖုံး၊ လက်အိတ်စွပ်ထားတဲ့ လက်တွေကိုလည်း အင်္ကျီရင်ဘတ်ထဲ ထည့်ထားကြတာပါပဲ။

သုံးဖက်မှန်လုံကာထားတဲ့ မှတ်တိုင်ထဲမှာလည်း သမီးကလေး ရော၊ တချို့ခရီးသည်တွေရော အပြည့်ပါပဲ။ ဒါပေမဲ့ နှင်းတွေစိုရွှဲပြီး အေးစက်နေတဲ့ သံဆန်ခါခုံ တန်းပေါ်မှာတော့ Sasha ကလွဲလို့ ဘယ်သူမှ မထိုင်ကြပါဘူး။ Sasha ကတော့ အပြင်ကလည်း ဂျင်းဘောင်းဘီတစ်ထပ်နဲ့ Long Coat ကြီးတစ်ထပ်နဲ့လေ။ အတွင်းကလည်း အနွေးဓာတ်ကလေးနဲ့ မဟုတ်လား။

ဒုက္ခကတော့ ရောက်တယ်။ သည် Flamingo လမ်းမကြီး အတိုင်း အရှေ့ဘက် ငါးမိုင်ခြောက်မိုင်လောက် စီးသွားပြီးလို့ Rainbow လမ်းရောက်ရင် တခါဆင်း။ ဘတ်စ်ကား နောက်တဆင့်ပြောင်း စီးရဦးမယ်။ Sasha က ပြောတယ်။ ဒါမှ ချိန်းတဲ့အချိန်နဲ့ အတော် လောက် ကျမှာပဲတဲ့။

ရုံးရောက်ရင် ကိုယ်လိုလူတွေကများတော့ ထုံးစံအတိုင်း စာရင်းသွင်းစက်မှာ တိုကင်နံပါတ်ယူ။ ကိုယ့်နံပါတ်ခေါ်တဲ့အထိ ထိုင်စောင့်ကြရဦးမှာနဲ့ဆို ကိုယ့်သက်ဆိုင်ရာ အမှုတွဲကိုင် အရာရှိနဲ့ ဝင်တွေ့ရဖို့က ကြာဦးမှာပါတဲ့။ အင်းလေ... ဆင်းရဲသားကပဲ လုပ်စာနဲ့ မလောက်နိုင်တော့ ခုလောက်တော့ ဒုက္ခခံ စောင့်ကြရမှာပေါ့။ အစိုးရက စစ်ဆေးပေးကမ်း ထောက်ပံ့နေတာပဲ ကျေးဇူးတင်ကြရဦးမယ်။ သိတယ်နော်။ 

Sasha ရဲ့ ဘဝကို တရားဝင် ရုံးအခေါ်က Single Mom တဲ့။ မုဆိုးမ၊ သို့မဟုတ် တစ်ခုလပ်၊ သို့မဟုတ် လင်မရှိတဲ့ မိခင် ဆိုပါတော့။ သဘောက ကျွေးမွေးထိန်းသိမ်း တာဝန်ယူစောင့် ရှောက်ရမယ့် သားသမီး (တွေ) ရှိတယ်။ ဒါပေမဲ့ တခြားအထောက် အကူရနိုင်တဲ့၊ သို့မဟုတ် ကလေးစရိတ် ပေးနေတဲ့ လင်ယောက်ျား (ဟောင်း) X လည်း မရှိဘူး။ ပြီး အမေလုပ်တဲ့လူ ကိုယ်တိုင်ကလည်း ကလေးကို ထားရစ်ပြီး အလုပ်မလုပ်နိုင်ဘူး။ လုပ်နိုင်လို့ လုပ်တဲ့တိုင်လည်း ရတဲ့ဝင်ငွေက နည်းတယ်။ အနိမ့်ဆုံး သတ်မှတ်ဝင်ငွေလစာ တထောင့် ရှစ်ရာ မကျော်ဘူးဆိုရင် သည် welfare ရုံးလို့ အလွယ်တကူ ခေါ်နေကြတဲ့ အစိုးရရဲ့ Department of Social Services ရုံးက အကူအညီ ပေးတယ်။

လူသုံးကုန်၊ အိမ်သုံးကုန်မပါ။ အရက်နဲ့ ဆေးလိပ်မပါ။ စားသောက်ကုန်ချည်းသာ ဝယ်လို့ရတဲ့ Food Stamps လို့ခေါ်တဲ့ ရိက္ခာထောက်ပံ့ကြေးလည်း ပေးတယ်။ ဥပဒေအရ သင့်လျော်တဲ့ ထောက်ပံ့ကြေးငွေလည်း ပေးတယ်။ လိုအပ်တဲ့ ပြေစာဖြတ်ပိုင်း မိတ္တူ တွေပါ ပူးတွဲပြီး ရုံးက ပို့လိုက်တဲ့ လျှောက်လွှာ ပုံစံတွေကို ဖြည့် ပြန်တင်လိုက်ရင် ရုံးက လူကို ခေါ်တွေ့ စစ်ဆေးမေးမြန်းတယ်။ မှန်ကန်ပြီး ဘောင်ဝင်ရင် ထောက်ပံ့ကြေးပေးတာပဲ။

အထူးသဖြင့် ရင်ခွင်ပိုက် ကလေးမိခင်တွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မိခင်မျိုးဆိုရင် အထူးထောက်ပံ့ ကြေးတွေလည်း ပေးတတ်တယ်။ ဂရုစိုက်တယ်။ လိုအပ်ရင် တရားရုံး တွေကတဆင့် ကလေးရဲ့ ဖခင်တွေဆီက ဝင်ငွေပေါ်မှာ မူတည်ပြီး ကလေးစရိတ် တောင်းခံပေးတတ်တယ်။ 

တရားရုံးတွေရဲ့ အဆုံးအဖြတ်ကို ငြင်းဆန်လို့ မရဘူး။

Sasina ကတော့ ပြတ်တယ်။ မတောင်းဘူး။ မယူဘူး။ လုံးဝ ကင်းကင်းရှင်းရှင်း နေချင်တယ်။ ဒါပေမဲ့ မာနကြီးရအောင် Sasha ရဲ့ ဝင်ငွေက ဘယ်လောက်ရှိလို့လဲ။ နိုင်ငံအစိုးရက ပြဋ္ဌာန်းသတ်မှတ် ထားတဲ့ အနိမ့်ဆုံး တနာရီလုပ် ၆ ဒေါ်လာ ဆင့် ၅ ကို ကျော်ပြီး ၇ ဒေါ်လာရတယ်။ ဒါတောင် လုပ်သက်တနှစ်ပြည့်ထားလို့ ဆင့် ၅၀ တက်လာတာရယ်။

ဆိုတော့ တွက်ကြည့်လိုက်ပါဦး။ တပတ်မှာ တနင်္လာကနေ သောကြာအထိ ၅ ရက်လုပ်။ တနေ့လုပ်ချိန် ၈ နာရီနဲ့ မြှောက်။ တပတ် နာရီ ၄၀။ တနာရီ ၇ ဒေါ်လာနဲ့ ထပ်မြှောက်။ တပတ် ဒေါ်လာ ၂၈၀ ရမယ်။ ဒါပေမဲ့ ဝင်ငွေခွန်၊ ကျန်းမာရေးအတွက် အာမခံစုငွေစတဲ့ အကောက်ခွန်တွေက အပတ်စဉ် ဒေါ်လာ ၂၀ လောက် ဖြတ်လိုက်တော့ ၂၆၀ ပဲ ကျန်တယ်။

ဆိုပါတော့ တလဝင်ငွေ တထောင်ကျော်ရုံ ကလေးပဲ ရှိတယ်။ သတ်မှတ်စံချိန် တထောင့်ရှစ်ရာ မရှိဘူး။ ဆိုတော့ ဝင်ငွေ နည်းအိမ်ထောင်။ သည်အထဲ အသက် ၁၂ နှစ်ပဲ ရှိသေးတဲ့ ကျောင်းသား တယောက်က ရှိနေတယ်။ ထောက်ပံ့ကြေး ရပိုင်ခွင့် အပြည့်အဝ ရှိတာပေါ့။

ကုန်ရတဲ့ Sasha တို့ဘက်ကလည်း ကြည့်ဦးလေ။ အိမ်ခန်း လခ၊ လျှပ်စစ်မီတာခ၊ ဂက်စ်မီတာခ၊ အိမ်သုံးတယ်လီဖုန်းနဲ့ သဗ္ဗရနံ ပေါင်း လျှောက်ပေါင်းလိုက်တော့ ငါးရာကျော်တယ်။ ဒါတောင် Sasha တို့နေတာက အစိုးရရဲ့ အထောက်အပံ့ခံ ကလျာဏယုဝခရစ်ယာန် အသင်းပိုင်အိမ်ရာမို့။ အိမ်လခ ကျသင့်ငွေရဲ့ ၃၀% ကိုပဲ ပေးရတာလေ။ ကျန် ၇၀ % ကို အစိုးရက ပေးတာ၊ ဒါလည်း လျှောက်လွှာတင်ထားပြီး တနှစ်လောက်ကြာမှ ရခဲ့တာပါ။

အခု Welfare ရုံးကလည်း သမီး မွေးပြီးစကတည်းက ပုံမှန် ရနေကျ ဖြစ်ပါတယ်။ ဒါပေမဲ့ သည်ရုံးက ပို့လိုက်တဲ့ လျှောက်လွှာ ပုံစံတွေမှာ ခြောက်လတခါ ဖြည့်စွက်တင်ပြပြီး ခုလို လူကိုယ်တိုင်တွေ့ မေးမြန်းအစစ်ဆေးခံရပါတယ်။

အဓိကကတော့ လုပ်ခဝင်ငွေနဲ့ အလုပ် အကိုင် ပြောင်းလဲမှုရှိ မရှိ။ လိပ်စာနဲ့ အိမ်တယ်လီဖုန်းအမှတ် အပြောင်းအလဲ ရှိ မရှိ။ အိမ်နေ လူဦးရေ အတိုးအလျှော့ ရှိ မရှိ ပြီး အိမ်လခ ဖြတ်ပိုင်းပြေစာ၊ လစဉ် ဘဏ်စာရင်းရှင်းတမ်း မိတ္တူ၊ အပတ်စဉ် လုပ်ခ ဝင်ငွေချက်လက်မှတ် မိတ္တူစုံနဲ့ မီတာခ ပေါင်းစုံရဲ့ ပြေစာဖြတ်ပိုင်းတွေ ပူးတွဲတင်ပြရတာ ဖြစ်ပါတယ်။ အစိုးရက ထောက်ပံ့နေတဲ့ အခွင့်အရေးတွေ အမှန် တကယ် ဆက်လက်ခံစားခွင့် ရှိ၊ မရှိကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ re-evaluation လို့ ခေါ်ပါတယ်။

သည်ကိစ္စအတွက်ပဲ Sasha တို့သားအမိ အလုပ်ဖျက် ခွင့် တရက်ယူပြီး ထွက်လာခဲ့ကြတယ်။ သမီးကလေးကလည်း ခု ဒီဇင်ဘာဆောင်း ကျောင်းတပတ် ပိတ်ထားတာပါ။ သိတယ်နော်။ သည်အရွယ် ကလေးငယ်တယောက်တည်းကို အိမ်ထဲမှာ တံခါးပိတ် သော့ခတ်ထားခဲ့ခွင့် မရှိဘူး မဟုတ်လား။ တစုံတရာဖြစ်ခဲ့လို့ တစုံ တယောက်က အမှန်အတိုင်းပြောလိုက်ရင် အမေလည်း အရေးယူ အပြစ်ပေးခံရဦးမယ်။ ကလေးလည်း မိဘက တာဝန်ယူ မစောင့်ရှောက်တဲ့ အစွန့်ပစ်ခံကလေးအဖြစ် သတ်မှတ်ပြီး လူမှုဝန်ထမ်းဌာန Child Care Center တွေက အပိုင်သိမ်းပိုက်မွေးစားလိုက်မယ်။ အကြီးအကျယ် ပြဿနာ။ တရားရုံးမှာ ပြန်လျှောက်လဲယူရမယ်။ မလွယ်ဘူး။

“လာ... မနေရစ်ခဲ့ရဘူး။ ငါ သွားရာ လိုက်ခဲ့”

Sasha တို့သားအမိနှစ်ယောက် ရုံးရောက်လာကြတယ်။

ဘတ်စ်ကား သုံးဆင့် စောင့်စီးလာခဲ့ကြတာ စုစုပေါင်း နှစ်နာရီ လောက် ကြာတယ်။ ဟော.. အခု ရုံးရောက်တော့လည်း ကိုယ်လို လူတွေက များနေတော့ အလှည့်ရောက်အောင် စောင့်ကြရဦးမှာလေ။ ဒါကတော့ ဆင်းရဲသားဘဝ။ Americaရဲ့ ထုံးစံပါပဲ။ စောင့်ပေဦးတော့ အာလူးကြော် တထုပ်နဲ့။
ဒါပေမဲ့ ဧရာမအဆောက်အအုံကြီးထဲက အနွေးဓာတ်နဲ့ ဆိုတော့ မဆိုးပါဘူး။ Sasha လည်း အချိန်တန်တော့ အနံ့ပျောက်ဆေး ချိုချဉ်ပြားနှစ်ပြား ပါးစပ်ထဲ ပစ်ထည့်ထားလိုက်တယ်။ အဲ... တနာရီ မိနစ် လေးဆယ်လောက်ကြာတော့ သမီးရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ နံပါတ် B 417 က ရုံးခန်းနဖူးစည်းမှာ ပေါ်လာတယ်။ တပြိုင်နက် တည်းမှာပဲ Sasha Olson ဆိုတဲ့ နာမည်ခေါ်သံပါ ထွက်လာတယ်။ သားအမိနှစ်ယောက် ပျော်မြူးပြီး ရုံးခန်းအဝင်တံခါးပေါက်မှာ ပြေးရပ် လိုက်ကြတယ်။

---

#မောင်သာရ
#သမီးကလေးတယောက်နဲ့အမေ

Comments