ကျွန်တော့် ဘဝဇာတ်ကြောင်း ( လင်မယားညားခြင်းနှင့် အိမ်ထောင်ကျခြင်း ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( လင်မယားညားခြင်းနှင့် အိမ်ထောင်ကျခြင်း ) // သော်တာဆွေ
---
လင်မယားညားခြင်းနှင့် အိမ်ထောင်ကျခြင်း
---
“လင်ရတိုင်း အိမ်ထောင်မကျဘူး၊ မယားရတိုင်း အိမ်ထောင်မကျဘူး၊ လင်မယား ညားတာနဲ့ အိမ်ထောင်ကျတာ တခြားစီဘဲကွ သော်တာဆွေ၊ မင်းအခုခလေး လေးငါးယောက် ရပေမယ့် အိမ်ထောင်မကျသေးဘူး”
ဤကား အမကြီးခင်မျိုးချစ်က ကျွန်တော့်အား ပြောခဲ့သော စကားဖြစ်ပါသည်။ အမကြီးသည် ကျွန်တော့်အကြောင်းကို ရေရေလည်လည်သိသည်။ ကျွန်တော်ကလည်း သူ့ကိုအားလုံး ပြောပြလေ့ရှိသည်။ ကျွန်တော့်ရည်းစားတွေ၊ ဓာတ်ပုံတွေ သူအကုန်သိ။
တခြားအမျိုးသမီးဆိုလျှင်
“သားမယားရှိလျက်သားနှင့် ဒီလောက်ကမြင်းကျော ထနေတဲ့ အကောင်”
ဟု ဆိုပေလိမ့်မည်။ သို့သော် အမကြီးကား ကျွန်တော့်အား အပြစ်မဆိုဘဲ
“သော်တာ ဆွေ၊ မင်းဟာ သားမယားရပေမယ့် အိမ်ထောင်မကျသေးလို့ ဒီလိုစိတ်တွေရှိနေတာပါ”
ဟုပြော တော့...
ကျွန်တော့်စိတ်ဝယ် “ဒီအမကြီးဟာ ငါ့ကိုခင်တာနဲ့၊ ငါ့ဘက်က ပင်းပြီးပြောတာပါ” ဟု အောက်မေ့ခဲ့ပါသည်။
ဟော... ယခုတော့မှ သူ့စကား မှန်ကန်ကြောင်း ကိုယ်တွေ့သိရလေပြီ။ ဟိုယခင် အိမ်ထောင်နဲ့နေစဉ်က ကျွန်တော်သည် အိမ်ကို နည်းနည်းမှခင်မင်စိတ်မရှိ။ နံနက်မိုးသောက်ဆိုကတည်းက အိမ်ပေါ်က ဆင်းပြေး၊ တနေ့လုံး ရောက်ချင်ရာရောက်၊ သောက်ချင်ရာသောက်၊ စားချင်ရာစား။
ယောက္ခမကြောင့်တဲ့လား။ မင်းတို့အိမ်ခွဲမကြည့်ဘူးလား။ ဒါကြောင့်ကျွန်တော်သည် ဂျပန်ခေတ် မြင်းလှည်းသမားဘဝမှာ တခါ၊ စာရေးဆရာဖြစ်မှ တကြိမ်၊ ကိုယ့်အိုးကိုယ့်အိမ်ခွဲနေခဲ့ဘူးပါသည်။ နော်မာသည် ထမင်းဟင်းမချက်တတ်။ ဈေးနာ မဝယ်တတ်။ အိမ်ထောင်မှုဘာမျှမပြုတတ်။ ဂျပန်ခေတ်တုန်းက မနက်မြင်းလှည်းမထွက်မီ ကျွန်တော်က ဈေးဝယ်ပေးခဲ့၍ ကျွန်တော့်မြင်းလှည်း ဒရိုင်ဘာကိုမြတ်သာ မိန်းမမသင်းက ချက်ရပါသည်။
ဒီဘက်ခေတ်ရောက်၊ ကျွန်တော် စာရေးဆရာဘဝမှာ အိုးအိမ်ခွဲကြည့်တော့ ချိုင့်နှင့်ပို့သော ထမင်းလခ ပေးစားရပါသည်။
လင်မယားမဆိုထားဘိ၊ အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေသော်မှ အပေးအယူ တက်ညီမှ ပေါင်းသင်း၍ ဖြစ်ပေရာ၊ နော်မာနှင့် ကျွန်တော်ကား အိမ်ထောင်သာယာမှုကို ဘယ်လိုမျှ မရခဲ့ပေ။
နောက်ဆုံးတော့ ကျွန်တော်သူ့အား ဇွတ်ခွဲရသောအခြေသို့ ရောက်ခဲ့လေပြီ။ နော်မာ အား ကျွန်တော်သနားသည်မှတပါး အခြားမတတ်နိုင်တော့ပြီ။ ကိုယ့်သာယာသောဘဝ၊ ကိုယ်ရ အောင် ရုန်းထွက်ခဲ့ရသည်။ ကျွန်တော့်အား အပြစ်ဆိုချင်လည်း ဆိုနိုင်ကြပါသည်။
မေနှင့်ကျွန်တော်ညားပြီးတော့ကား ကျွန်တော်ကိုယ့်အိမ်မှာ ကိုယ်ပျော်သွားလေပြီ။ အိမ်ထမင်းဟင်းကလွဲပြီး အခြားဘယ်မှာမှ မစားချင်တော့။ အကြောင်းမှာ မေသည် ထမင်းဟင်း အချက်အပြုတ်လည်း ကောင်း၏။ သူတပါးအား ပြုစုကျွေးမွေးလိုသော စေတနာလည်းရှိ၏။ လင်ဧည့်သည်တွေကိုလည်း အလိုက်သိတတ်၏။
အိမ်သာမှ ဧည့်လာဆိုသော စကားရှိရာ၊ အိမ်သာသည်ဆိုရာမှာ တိုက်နှင့်တာနှင့် ခြံနှင့် ဝင်းနှင့် ဥယျာဉ်ပန်းမန်နှင့် သာယာနေသည်ကို မဆိုလိုပေ။ ထိုအိမ်ရှင် လင်မယား၏ သင့်မြတ်မှု ဧည့်သည်ကို အလိုလိုက်၍ စိတ်ကြိုက်ဆောင်မှုအပေါ်မှာ တည်ပေသည်။
ကျွန်တော်ရွာတန်းရှည်တွင်နေခဲ့သော အိမ်ကလေးမှာ သုံးပင်နှစ်ခန်း၊ သွပ်မိုး ထရံကာ၊ တိုင်က ၄" x ၂" သစ်သားကလေးတွေ ဖြစ်ကတတ်ဆန်း ဆောက်ထားသည်မို့ ခနော်နီခနော်နဲ့ပါ။
ကျွန်တော်တို့ အိမ်ထောင်ဦးတည်စမှာ ဧည့်ခန်းတွင် စာပွဲကုလားထိုင်မျှမရှိပါ။ သို့ရာတွင် ဧည့်သည်တွေက ကျွန်တော်တို့အိမ်မှာ ပျော်လှ၏။ စနေ တနင်္ဂနွေမှာဆိုလျှင် အိမ်ရှေ့တွင် ကားကြီး ကားငယ်တွေနှင့် ပြည့်နေချေပြီ။
အကြောင်းမှာ မေ၏ဧည့်ဝတ်ပြုစုမှု ကောင်း၍ပင်။ ကျွန်တော့်အပေါင်းအသင်းဆိုလျှင် စာရှုသူများ သိကြမည့်အတိုင်း အသောက်သမားများချည်းပေါ့။ ဤအသောက်သမားတွေ ဆန္ဒ ပြည့်ဝအောင် မေကပြုစုနိုင်သည်။ သူတို့၌ပါလာသော ပုလင်းများ၊ ရေခဲများ၊ စားစရာများကို မီးဖိုခန်းသာ ပို့လိုက်၊ ကျွန်တော်တို့က အိမ်ရှေ့မှာ စတိုင်နှင့်အကျထိုင်သောက်ဖို့ပင်။
သောက်ပြီးလျှင် ထမင်းစားကြဘို့လည်း မေက အားလုံးစီမံတတ်သည်။ အရက်သမား တွေ မူးပြီး မေ့အား သီချင်းဆိုဘို့ ပွဲတောင်းလျှင်လည်း မေကစိတ်ပါလက်ပါသီဆိုပြလိုက်လေသည်။
ထိုစဉ်က ကျွန်တော့်အိမ် လာကြသော မိတ်ဆွေများမှာ ဒိတ်ဒိတ်ကြဲပိုက်ဆံချမ်းသာကြသူများ၊ ရန်ကုန်မြို့က ဟော်တယ်တွေမှာ ကောင်းပေ့ ညွန့်ပေ့ဆိုတာတွေကို အော်ဒါပေး၍ စားလေ့ရှိကြသူများဖြစ်ရာ၊ ဤဟိုတယ်စာတွေ ညည်းငွေ့သဖြင့် မေ့ထမင်းဟင်းမှစားချင်သည်ဟု ဆိုလာကြသည်။
ကွယ်လွန်သူ မိုးကုတ်သူဌေးကိုမြမောင်သည် မေချက်သော ငါးရှဉ့်သား ဖားသားကို အလွန်ကြိုက်သည်။
ထမင်းဟင်းချက် ကောင်းသည်ဆိုရာမှာ ပါရမီတမျိုးဘဲဟု ကျွန်တော်ဆိုချင်သည်။ မြန်မာ လူမျိုးတွေ ချက်ပြုတ်ကြော်လှော် စားသောက်ကြသော အသားငါး၊ ငရုတ်၊ ကြက်သွန်၊ ဆီဆား၊ ငါးပိ၊ ငန်ပြာရေ အတူတူချည်းဘဲပေါ့။ သို့ရာတွင် ချက်တာချင်းမှာ လက်ရာချင်း ကွဲလာသည်။
ဥပမာပြရသော် လက်သုတ်စုံ ဆိုင်တွေရှိ၏။ ထိုလက်သုတ်ပစ္စည်းတို့မှာ ထမင်း၊ မုံ့ဟင်းခါးမျှင်၊ ကြာဇံ၊ ခေါက်ဆွဲ၊ အာလူး၊ သင်္ဘောသီး၊ ပဲပင်ပေါက်၊ ဂေါ်ဖီ၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်၊ ငန်ပြာရေ၊ မန်ကျည်းရေ၊ ယင်းသည်တို့ အတူတူဘဲကို အစပ်အဟပ်ကောင်းသော ဈေးသည်မှ ကောင်းပေသည်။
ဒီဆိုင်မှာ မအေရောင်းနေတာကို မိခင်မအား၍ သမီးဝင်ပြင်လိုက်လျှင်ပင် လက်ရာပျက် ချေသည်။
တကြိမ်သောအခါက ဈေးတခုတွင် မုံ့ဟင်းခါးဆိုင်တွေ အများအပြားရှိရာမှ အလွန် လူကြိုက်များသော ဆိုင်တတဆိုင်တည်းရှိသည်။ ရောင်းသူကအဒေါ်ကြီးသားအမိ။ တရံခါသော် အဒေါ်ကြီးက နာမကျန်းဖြစ်၍ မချက်နိုင်မပြုတ်နိုင်သဖြင့် သမီးအားလွှဲလိုက်ရသည်။ အဒေါ်ကြီးသည် တလမျှသာ အိပ်ရာထဲလဲလိုက်ရသည်။ သူ့ဆိုင်မှာ စားသောက်သူသိသိသသာသာ နည်းပါးသွား လေတော့သည်။
ယင်း၌ မအေ့ချက်နည်း၊ ပြုတ်နည်းကို သမီးက နေ့တိုင်းကြည့်နေတာ။ မိခင်ကြီးကိုယ် တိုင်ကလည်း သမီးအား ကိုယ်ဖိ ရင်ဖိ ဘယ်ဒင်းဘယ်လို ဘယ်လောက်ထည့်ဟု ပြသခဲ့မည်သာ ဖြစ်ပါသည်။
သို့ရာတွင် ပါရမီပါသော လက်စွမ်းကား သင်ကြား၍ရသည် မဟုတ်ပေ။ ပိုးသာကုန် မောင်ပုံ စောင်းမတတ် ချေတကား။
ပါရမီရှင်ကား သူ့ဖာသာသူ ထူးချွန်သည်သာဖြစ်ချေသည်။
ရန်ကုန်မြို့က ဟော်တယ်တွေကို စုံအောင် မိတ်သင်္ဂဟတွေ ကျေးဇူးဖြင့် ကျွန်တော်တို့ သွားရောက်စားသောက်ခဲ့ဘူး၏။ မေသည် ဟော်တယ်တခုက ဟင်းတခွက်ကို စားသောက်ဖူးပြီ ဆိုပါက သည်မှာ ဘယ်ဟင်း ဘာတွေပါသည် ဟု မပြောဘဲနှင့် သိလာလျက် သူချက်ပြုတ်တတ်လေတော့သည်။
တကြိမ်သောအခါ၌ ကျွန်တော်သည် အင်းယားကန်ဟိုတယ်သို့ သွားရင်း အနောက် ဂျာမနီသံရုံးက စက္ကရီတေရီဒေါက်တာ အက်ဒွင်းဖလက်ချ်နှင့် မိတ်ဆွေဖြစ်လာခဲ့၍ သူက ကျွန်တော့်အား ဤဟော်တယ်မှာ နေ့လယ်စာ ကျွေးလိုက်သဖြင့် ကျွန်တော်က သူ့အား တနေ့ ၌ နေ့လယ်စာစားရန် ဖိတ်ကြားခဲ့ သည်။
“ကဲ... မေရေ... ဂျာမင်တယောက်တော့ ငါထမင်းစားဖိတ်ခဲ့ပြီကွာ၊ သူတို့ဥရောပတိုက်သားစာ မင်းချက်တတ်ရဲ့လား...”
ဟု ဆိုတော့....
“ကြည့်ပေါ့မောင်ရယ်... မေ ကြိုးစားပါမယ်”
ဟု ပြန်ပြော၏။
နိုင်ငံခြားသားတွေစားနိုင်သည့် ဟင်းလေးငါးမျိုးချက်ပြုတ်၍ ထားလေရာ၊ ငါးမြင်းရင်းကို ဂျုံမုန့်လူး၍ကြော်ပြီး နွားနို့နှင့် စီမံထားသော စွတ်ပြုတ်ကို ဒေါက်တာအက်ဒွင်ပြော၍မဆုံးရှိချေသည်။
နောက် တနှစ်လောက်ကြာသောအခါ၌ ဒေါက်တာအက်ဒွင်သည် ဂျာမနီပြည်သို့ ခေတ္တ ပြည်သွားပြီး၊ အမေရိကန်အမျိုးသမီးတယောက်ကို လက်ထပ်ကာ ပြန်လာခဲ့သည်။ သူတို့ ဇနီး မောင်နှံကို ကျွန်တော်တို့က ထမင်းတနပ် ဖိတ်ကျွေးသောအခါ ဒေါက်တာအက်ဒွင်က သူ့အား ပထမဦးဆုံးအကြိမ်ကျွေးသော “ဖစ်ရှ်ဆု” ပါစေရန် မှာကြားသည်။ ဤထမင်းဝိုင်းတွင် သူ့ဇနီးဂျုံးက....
“ကျမ ယောက်ျားက ပြောခဲ့ဘူးပါတယ်၊ ဂျာမနီပြည်မှာရော၊ ပြင်သစ်မှာရော၊ အီတလီ မှာရော၊ အင်္ဂလန်မှာရော၊ အမေရိကမှာရော သူစားခဲ့ဘူးတဲ့ ထမင်းပွဲတွေမှာ အခုရှင်တို့အိမ်က ဖစ်ရှ်ဆုလောက် ကောင်းတာ မတွေ့ဘူးသေးဘူးလို့ဆိုပါတယ်...။ အခုကျမလဲ သူ့စကားကို ထောက်ခံပါတယ်ရှင်”
ကမ္ဘာကိုတော်တော်နှံ့အောင် ရောက်ဖူး၍ သူ့ကိုယ်သူအစားကောင်း ကြိုက်လှသူဟု ဝန်ခံသော ဂျာမန်သံအမတ်ကြီး ဗွန်ကိုင်ဇာကလည်း ဤငါးမြင်းရင်းနှင့်ချက်သော မေ၏ “ဖစ်ရှ်ဆု”ကို ချီးမွမ်းပါသည်။
ဤနေရာ၌ စာဖတ်သူက
“ဒီလောက်ပြောသားကောင်းတဲ့ဟင်းတော့ စားကြည့်လိုက်ချင်တယ်”
ဟု စိတ်ကူးပေါက်ကောင်း ပေါက်ပေမည်။ သို့ရာတွင် သူတို့ဥရောပါပါးစပ်တွေသာ ကြိုက်၍ ကျွန်တော်တို့ မြန်မာခံတွင်းတော့ ကောင်းမည်ဟု တာဝန်မခံနိုင်ပါ။ ဘာကြောင့်ဆို ကျွန်တော်ကိုယ်တိုင်ကတော့ မကြိုက်ဖူးဗျ။ အဲ... မေချက်တဲ့ မြန်မာထမင်းဟင်းဆိုရင်ဖြင့် ခင်ဗျား တို့ ကြိုက်ကြမှာဘဲ။ ကျွန်တော့်အိမ်မှာ စားဘူးတဲ့ မိတ်ဆွေတိုင်းလိုဘဲ သဘောတွေ့ကြပါသည်။ ဆရာကြီး ရွှေဥဒေါင်းကိုယ်တိုင်ကလည်း
“သော်တာဆွေမိန်းမ ဟင်းချက်ကောင်းတယ်၊ တော်တော် ဟင်းမျိုးစုံအောင်လဲ ချက်တတ်တယ်”
ဟု ချီးမွမ်းဘူးပါသည်။ ဆရာဇော်ဂျီနှင့် ဆရာ မင်းသုဝဏ်တို့လဲ ကျွန်တော်အိမ်မှာစားဘူးပါသည်။ ဤထမင်းပွဲတွင် လင်းယုန်နီလည်းပါခဲ့၍ အားလုံးစားအပြီး၌ ကနန်းကြော်တလုံး ကျန်နေသည်ကို
“ဒါလေးတော့ ကျွန်တော်ဘဲရှင်းလိုက် တော့မည်”
ဟု အကုန်တွယ်ပစ်လိုက်၏။
ဒါရိုက်တာ ဦးဘရှင်အိမ်တွင် ကျွန်တော်တို့နှစ်လကျော်မျှနေပြီး၊ ရွာတန်းရှည်သို့ ပြောင်းလာခဲ့ကြသောအခါ ဦးဘရှင်သည် မေချက်တဲ့ ထမင်းဟင်းစားချင်လို့ဟု ဆိုပြီး လာလည် တတ်ပါသည်။
“မေ့လက်ရာ ကောင်းတယ်ဆိုတာက သားငါးချက်တာတွေသာ မဟုတ်ဖူး။ ငါးပိရေဖျော် တာကအစ ထူးခြားတယ်”
ဟု ဦးဘရှင်က ပြောစမှတ်ပြုပါသည်။
အကြောင်းမှာ ဦးဘရှင်တို့ အိမ်ထောင်နှင့် အတူနေစဉ်က ဒီလိုပါခင်ဗျာ။ များသောအား ဖြင့် ရန်ကုန်သူများ ငါးပိရည်စားပုံက ဒီနေ့ဘဲ ကြိုကြို။ မနေ့ကဘဲ ကြိုကြို၊ အေးစက်နေတာကို ငါးပိရေဘဲ ဘာဂရုစိုက်စရာရှိသလဲဆိုတဲ့ သဘောနဲ့ ပြန်နွေးလေ့မရှိကြဘူး၊ ငရုတ်သီးမှုန့်တွေ ဘက်ကနဲဇွန်းနဲ့ ကော်ထည့်စားလိုက်ကြတာဘဲ၊ ဦးဘရှင်ကတော်ဟာ ဒီနည်းဘဲရှိတာကို၊ မေကတော့ ငါးပိရေအေးစက်နေရင် ရေလေးနည်းနည်းထည့်၊ ပြန်ကြိုလိုက်တယ်၊ ဆူတယ်ဆိုရင် ငါးပိရေဟာ အောက်က အနယ်လဲ ထလာတယ်။ သူ့ရနံ့လဲ ထွက်လာတယ်၊ (ငါးပိရေအေးစက် စက်ဆိုလျှင် ငါးပိရေ အိုးတို့မည်သည် အရိုးများရှိ၍ မွှေခတ်လို့လဲ မဖြစ်သဖြင့် အပေါ်က အရည်ကြည်ဘဲရမယ်) နို့ပြီး ဖျော်ရာမှာလဲ မေက ငရုတ်သီးခြောက်မှုန့်တွေသာ မဟုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီးကို မီးအုံပြီး ထောင်းဖျော်လိုက်တော့ အနံ့အရသာ တမျိုး ထွက်လာသပေါ့။
ရှုမ၀ဦးကျော်သည် ၁၉၅၆-ခုနှစ် နွေရာသီ ကျွန်တော်တို့ တောင်ကြီးသို့ သွားနေစဉ် သူတို့သားအဖများ လိုက်လာကြ၍ ကျွန်တော်တို့နှင့်အတူ တလမျှ နေသွားဘူးသည်။ ဦးကျော် မှာ နေ့တိုင်းထမင်းမြိန်လှ၍ ...
“မေက ဟင်းချက်ကောင်းရုံတင် မဟုတ်ဖူး၊ ဟင်းစပ်လဲ တည့်တယ်ဗျ။ နို့ပြီး၊ သူကော်ဖီ ဖျော်တာလဲ သောက်ကောင်းတယ်ဗျ။ ဒီကော်ဖီမှုန့် ဒီနို့ဆီသကြားဟာကို သူဖျော်တာက ဒိပြင် လူဖျော်တာထက် ပိုကောင်းတယ်ဗျာ”
ဟု ချီးမွမ်းလျက် ဘယ်အခါမဆို သူကျွန်တော်အိမ်ရောက် လာပြီဆိုလျှင် အချိန်မရွေး
“မေရေကော်ဖီ ကော်ဖီ”
ဟု အိမ်ရှေ့ဝင်ကတည်းက အော်လေ့ရှိ၏။
အမကြီးခင်မျိုးချစ်နှင့် ဦးခင်မောင်လတ်တို့ဆိုလျှင် ကျွန်တော်တို့အိမ်မှာ ဟင်းချိုင့်မှာစား တာ ၁၀-နှစ်လောက် ရှိခဲ့ချေပြီ။
မေသည် အချက်အပြုတ်လည်း အလွန်မြန်၏။ မီးနှစ်ဖိုနှင့် ချက်ရာ၊ ဟင်းသုံးလေးမျိုးကို နံနက် ၉-နာရီမထိုးမီ ပြီး၏။
ဤနေရာ၌ စာဖတ်သူများက ကျွန်တော့်အား အရင်မယားကို နှိမ်လွန်းပြီး၊ နောက်မယား ကို မြှောက်လွန်းသည်ဟု ဆိုချင် ဆိုနိုင်ကြပါသည်။ သို့ရာတွင် အညံ့ဆုံးသော ဇနီးနှင့် အတော် ဆုံးသော ဇနီးကို ပေါင်းဘူးသော ကျွန်တော်သည် နှစ်ဖက်အစွန်းကြားဝယ် ဓမ္မဓိဋ္ဌာန်ကျကျ ရေးသားနေခြင်းသာ ဖြစ်ပါသည်။
မှန်ရာကလွဲပြီး မည်သူ့မျှ နာစေသာစေဟု သဘောမထားပါ။ စာဖတ်သူများအတွက် နှိုင်းယှဉ်ချက်တွေ့ဘို့ ရည်ရွယ်ပါသည်။
ကျွန်တော်သည် မေနှင့်ညားပြီးမှ ကျွန်တော့်ဘဝနှင့် ကျွန်တော့်စိတ်ထားက လုံးလုံးကြီး ပြောင်းလဲသွားပါပြီ။ ယခင်က စာရည်းစားတွေများစွာ ထားခဲ့၍ မိမိကိုယ်မိမိ ဝါသနာဆိုးရတယ်။ မြာပွေတဲ့ကောင်ဟု ထင်ခဲ့သော ကျွန်တော်သည် မေနှင့်ရပြီးမှ စာရည်းစားတွေအားလုံးကို ဖြတ်ပစ်လိုက်တော့သည်။
ကျွန်တော်နှင့် မေညားပြီဟူ၍လည်း ဝတ္ထုများထဲတွင် ကြော်ငြာလိုက်သည်။ မန္တလေးမြို့တွင်
“စောင့်ရက်တွေ ကိုးဆယ်ပြေ့တောင်မှ၊
တွေ့ရအောင် သူမဖန်ဘူး၊
တမူဟန်စိတ်တော် ပြောင်းတယ်ထင့်၊
လှမျက်ချယ် နွယ်နွယ်နှောင်းရယ်၊
ခေါင်းရှောင်တော့တယ်”
ဟု ကျွန်တော် ကဗျာရေးခဲ့သော ကလေးမဆီက ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ (သူဘယ် လို အခက်အခဲများကြောင့် ကျွန်တော်နဲ့ မတွေ့နိုင်တဲ့အကြောင်း၊ ယင်းကို အားမလျှော့သေးဘဲ မျှော်လင့်ချက်ထားပြီး သူ့အတွက် ဝတ္ထုများထဲတွင် ချော့မြူပါဦး) ဆိုသည့် စာတစောင် ရောက်လာပါသေး၏။
သို့သော် သူ့ဆန္ဒကား မပြည့်တော့ပြီ။ အကြောင်းမှာ ကျွန်တော်သည် မေနှင့်ညားပြီးကာမှ ဟိုယခင်တုန်းကလို စာဖတ်သူများအဖို့ ဟာသ၊ ချစ်သူများအတွက် ချော့မြူသော ဝတ္ထုများကို ကျွန်တော်မရေးတော့ပြီ။ ရေးရန် စိတ်မရှိတော့ပြီ။ ရိုးရိုးဟာသနှင့် ဘဝသရုပ်ဖော်ဝတ္ထုများဘက် သို့ ပြောင်းခဲ့ပါသည်။
ယင်းတို့သည် ကျွန်တော့်စိတ်ကို ကျွန်တော်ပြောင်းခိုင်းရသည် မဟုတ်။ သူ့အလိုအလျောက် ပြောင်းလဲသွားခြင်းဖြစ်ပေရာ၊ ယခုအချိန်၌ ဘဝသရုပ်ဖော်ဝတ္ထုများသာ ရေးနေ၍ ဟိုတုန်းကလို ဟာသဝတ္ထုတွေ ရေးပါဦးဆိုသော် ကျွန်တော်မရေးနိုင်တော့ပါပြီ။ ယခင် က အရေးအသားအချို့ကို ကိုယ့်ဟာကိုယ်ပြန်ကြည့်၍ ရှက်မိသည်များလည်း တွေ့ရပါ၏။
အော်... ငယ်စိတ်နှင့် ကြီးစိတ်မတူဘဲကို။
ယခု ကိုယ့်အတ္ထုပ္ပတ္တိ “ကျွန်တော့်ဘဝဇာတ်ကြောင်း” တွင် သူ့နေရာနှင့်သူ အချိန်အရွယ် အလျောက် ချစ်ခန်းကြိုက်ခန်းများလည်း ရေးသားပြီးခဲ့ပြီ။ အချို့နေရာ၌ ကလေးကလက်နိုင်သည်ဟု ပြောသံများ ကြားရပါသည်။ မတတ်နိုင်ပြီ။ ကျွန်တော်ရေးနေစဉ်၌ ကိုယ့်အာရုံခံစားမိသည့်အတိုင်း ရေးလိုက်ခြင်းသာဖြစ်ပါသည်။ ယခုရှေ့ဆက်၍ကား အိမ်ထောင်ရေး လူမှုရေးနှင့် သားမြေးများအကြောင်းသို့ ရောက်ရပါတော့မည်။
ဤနေရာ၌ အပိုင်းခွဲလိုပါသည်။ ငွေတာရီမဂ္ဂဇင်းမှာ ၁၇-လရေးခဲ့၍ ပုဂံမှထုတ်သော “ကျွန်တော့်ဘဝ ဇာတ်ကြောင်း” စာအုပ်ကို ပထမပိုင်း၊ ယခု ရှူမဝ၌ ရေးသားပြီးခဲ့သည်ကို ဒုတိယပိုင်း၊ ရှေ့ဆက်ရေးမည်ကို တတိယပိုင်းဟု ဆိုပါမည်။
ပထမပိုင်းနှင့် ဒုတိယပိုင်း ရေးဟန်ခြင်းမတူခဲ့ပါ။ သုတေသီတို့ တပ်လိုသော အမည်ကို တပ်ပါတော့။ ကျွန်တော်ကား အကြောင်းအရာအလိုက် ကိုယ့်စိတ်အာရုံမှာ ခံစားမိသည့်အတိုင်းသာ ရေးခြင်းဖြစ်ပါသည်။ ယခု တတိယပိုင်းက ဘယ်နည်းဘယ်ပုံလာမည်။ ကိုယ့်ဟာကိုယ်ပင် မသိသေးပါ။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine


Comments
Post a Comment