ဘော်ဒီလင်ဂို // နေဝင်းမြင့်
ဘော်ဒီလင်ဂို // နေဝင်းမြင့်
---
ဖိုးရွှေအ ကို ကျုပ်သိတာ မကြာသေးဘူး။ သည်ရက်ကွက်ထဲရောက်မှ သိတာပါ။ သည်ရပ်ကွက်ကလေး (ရက်ကွက်ကလေး ဆိုပေမယ့် တော်တော်တော့ ကြီးပါတယ်) ဆိုတာကလည်း မြို့ကြီးတစ်မြို့ရဲ့ အနောက်တောင်ဘက်စွန်းက ရေဆိပ်ကမ်းဆိပ် ရှိတဲ့ ရပ်ကွက်ဆိုတော့ တော်တော့်ကို စည်ကားတယ် ပြောပါတော့။ သင်္ဘောကြီးတွေ၊ ပဲ့ထောင်တွေ၊ ဘုတ်ချပ်တွေအပြင် သဲလှေ၊ ကျောက်လှေ၊ ထင်းလှေ၊ ဈေးလှေတွေနဲ့ အစုန်အဆန် အကူးအသန်းကလည်း များတော့ စည်ကားသားကလား။ ပြီးတော့ သည်ရက်ကွက်ကလေးရဲ့ အလုပ်သဘာဝကတော့ မြစ်နားကမ်းနားတွေရဲ့ သဘာဝဆိုတော့ ကြမ်းတယ်။ အလုပ်ကလည်း ကြမ်းတယ်။ လူတွေကလည်း ကြမ်းတယ်။ ကြမ်းတယ်ဆိုတာက ရိုင်းတာကို ပြောတာမဟုတ်ဘူး။ များသောအားဖြင့် ဘဝတွေ ကြမ်းတာ။ လုပ်စားကိုင်စားကြတဲ့ ဘဝတွေက ကြမ်းတာဆိုတော့ အရက်ဆိုင်ကလေးတွေကလည်း ရှိရတယ်။ ကွမ်းယာဆိုင်ကလေးတွေကလည်း ရှိတယ်။ လက်ဖက်ရည်ဆိုင်ကလေးတွေကလည်း ရှိရတာပေါ့။
တစ်ချို့ကတော့လည်း အရက်ကလေး တစွပ်စွပ်၊ ကွမ်းကလေး တဖွားဖွားနဲ့ပေမယ့် သူ့ လွတ်လပ်မှုနဲ့ သူပါ။ လူနဲ့ ကုန်လုပ်ဆက်ဆံရေးဘဝ၊ လူနဲ့ ကုန်ထုတ်အရင်းအနှီး အခြေအနေ ကွာခြားပေမယ့် သူတို့မှာ အေးချမ်းရောင့်ရဲတဲ့စရိုက်သဘာဝတော့ ရှိတယ် ဆိုကြပါစို့ရဲ့။
ထားပါတော့။ အဲသည် ရက်ကွက်ကလေးထဲမှာမှ ကျုပ်က စာသွားရေးဖြစ်တယ်။ စာရေးတယ် ဆိုပေမယ့် ရေးချင်တဲ့ စိတ်ကလေး ရှိရင် ရေးလိုက်၊ မရေးချင်သေးရင် သဲတင်ကားတွေ၊ ထင်းတင်ကားတွေ၊ ဂျောက်ဂျက်ဝိုင်းတွေ၊ ဈေးလှေတွေနား လျှောက်လိုက် လုပ်နေတာလည်း ရှိတာပေါ့။ မြစ်ကမ်းနားဆိုတော့ ပိုးပုရွက်တွေလို ရွရွထိုးနေတဲ့ လူတွေရဲ့ ဘဝစာမျက်နှာတွေကို လိုက်ဖတ်နေတယ်ပဲ ဆိုပါတော့လေ။ မနက်ပိုင်းတွေမှာတော့ လက်ဖက်ရည်ကလေး တစ်ခွက်သောက်ပြီး ပက်လက်ကုလားထိုင်တစ်လုံးနဲ့ စာဖတ်ဖြစ်တယ်။ တစ်ရက် ကျုပ်တည်းတဲ့ အိမ်ကလေးရှေ့က နှင်းဆီရုံတွေနား ကုလားထိုင်ချ၊ ထိုင်စာဖတ်နေတုန်း ဖိုးရွှေအ ရောက်လာတာပါ။
အရင်က ကျုပ် သူ့ကို သတိမထားမိဘူး။ မြင်လည်း မမြင်ဖူးဘူး။ အရိုးခေါင်းတံဆိပ်ထိုး တီရှပ်မည်းမည်း ကျောပြဲကို ဝတ်ထားပြီး ပုဆိုးတိုတိုနဲ့ ဝင်လာတဲ့ သူ့ကို ကျုပ် သတိထားမိပေမယ့် သူက ကျုပ်ကိုအရေးတောင် မလုပ်ဘူး။ ဘာမပြော ညာမပြော ခြံထဲဝင်လာပြီး မီးဖိုချောင်ဘေးထောင်ထားတဲ့ ပုဆိန်ကို ကောက်ကိုင်လိုက်တယ်။ ပြီးတော့ အိမ်ရှင်တွေကိုလည်း ဘာတစ်ခွန်းမှ မပြောဘဲ ထင်းတုံးလေးငါးတုံးကို ပစ်ချပြီး တဂွမ်းဂွမ်းနဲ့ ပေါက်နေတော့တာပါ။ အိမ်ရှင်တွေကတော့ ဒါမျိုးက ရိုးနေပုံရလေတော့ ဘာမှမပြောကြဘူး။ ကျုပ်ကလည်း အိမ်ရှင်နဲ့ သိတဲ့ လူငယ်တစ်ယောက် ထင်းလာပေါက်ပေးတယ်လောက် သဘောထားပြီး ဂရုမစိုက်တော့ဘဲ ကျုပ်စာကျုပ် ဆက်ဖတ်နေလိုက်တာပါပဲ။
“အော့ အော့ ... အဲ ... အော ...”
ထင်းပေါက်ပြီးသွားတဲ့ လူငယ်က အိမ်ရှင်မိသားစုထဲက ကျောင်းဆရာမလေးကို လက်ဟန်ခြေဟန်နဲ့ စကားပြောရင်းပါးစပ်ကလည်း မပီမသပြောနေတာကိုကြားတော့ ကျုပ်လည်း စိတ်ဝင်စားသွားတယ်။ လူကငယ်ငယ်၊ နှုတ်ခမ်းမွှေးစစ၊ ရုပ်ကြမ်းကြမ်း၊ အသားညိုညိုနဲ့ ရှိလှရင် အသက်အစိတ်ပေါ့။ လိပ်တင်ထားတဲ့ တီရှပ်လက်မောင်းက လွတ်နေတဲ့ပခုံးပေါ်က ဆေးမင်ကြောင်ထိုးထားတဲ့ လက်သီးကို ဓားမြှောင်စိုက်ထားတဲ့ ပုံနဲ့။ သူ ခွဲထားတဲ့ ထင်းတွေကတော့ ပုဆိန်နဲ့ ခွဲထားပေမယ့် ဓားနဲ့များ တိုင်းခွဲထားသလို ညီညီညာညာ သပ်သပ်ရပ်ရပ်ဆိုတာလည်း ကျုပ်သတိထားမိတယ်။ သူက ကျုပ်ကို တစ်ချက်ကလေး လှည့်မကြည့်သေးဘူး။ ခပ်လှမ်းလှမ်းက သောက်ရေအိုးစင်ကို သွားပြီး ကြေးဖလားကလေးနဲ့ ရေနှစ်ခွက် ခပ်သောက်တယ်။ ရေကို တဝသောက်ပြီးမှ ကျုပ်အနားက ခုံတန်းရှည်မှာ ဝင်ထိုင်ရင်း သူက ကျုပ်ကို လှမ်းကြည့်တယ်။
“အဲဒါ ကျမတို့ ရက်ကွက်ထဲက ဖိုးရွှေအလေ ဆရာ။ အလုပ်သိပ်လုပ်တာ ဆရာရဲ့။ ဘယ်သူကမှ မခိုင်းဘဲ ဝင်လုပ်ချင် လုပ်နေတတ်တယ်။ ခိုင်းဖို့ ခေါ်ရင်လဲ လာချင်မှ လာတာဆရာ။ လူတစ်မျိုးရယ် ...”
အိမ်ရှင် ကျောင်းဆရာမကလေးက ဖိုးရွှေအနဲ့ ကျုပ်ကို စ မိတ်ဆက်ပေးတဲ့ စကားပါ။ သည်စကားစုတွေရဲ့ နောက်ပိုင်း ဖိုးရွှေအနဲ့ ကျုပ် ရက်တော်တော်များများ အတွင်း တော်တော်ခင်မင်ရင်းနှီး သွားခဲ့ရတယ် ပြောပါတော့။ ကျုပ်ကတော့ စဉ်းစားတယ်။ ဘယ့်နှယ် ဖိုးရွှေအလဲပေါ့။ လူက သန်သန်စွမ်းစွမ်း၊ ညိုညိုကြမ်းကြမ်း ရုပ်ရည်ကလေးနဲ့ လူငယ်က ဆွံ့အ များနေသလား။ ဆရာမကလေးကို မေးတော့မှ စကားမပြောတက်ဘူးတဲ့၊ နားလည်းကောင်းကောင်းမကြားဘူးတဲ့။ ထူးဆန်းတာကတော့ စာတော့ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်တယ်တဲ့။ လက်ရေးလက်သားလည်း အတန်းတော်တော် ရောက်တဲ့အထိ နေခဲ့ဖူးပုံ ပေါ်သတဲ့။
“ငယ်ငယ်ကတည်းက မွေးရာပါလား၊ ကြီးမှ ဖြစ်တာလားတော့ ကျမလည်း မသိဘူးဆရာ။ သူတို့ ပြောင်းလာတာ မကြာသေးဘူး။ ဖအေရော မအေရော ရှိတယ်။ သားသမီးကတော့ သည်တစ်ယောက်တည်း ရှိတယ်လို့ ပြောတာပဲ။ အလုပ်ကတော့ လုပ်ရှာပါတယ်။ ထင်းလှေတွေနဲ့ လိုက်ပြီးအထက်ဘက်မှာ ထင်းခုတ်လိုက်ချင်ရင်လည်း လိုက်တယ်။ ရေနံတွဲတွေမှာ ဝင်လုပ်ချင်ရင်လည်း လုပ်နေတာ တွေ့ရတယ်။ သင်္ဘောပျက်တွေ မြစ်ထဲက ဖော်တာတွေ၊ သံရည်ကြိုစက်တွေမှာ နေ့စား ဝင်လုပ်တာတွေလည်း လုပ်တာပါပဲ”
ဖိုးရွှေအ ကတော့ သူ့အကြောင်း ပြောနေမှန်း အရိပ်အကဲ ကြည့်ပြီး သိပုံပါ။ ပြုံးပြီး ကျုပ်ကို ကြည့်နေတယ်။ ခဏနေတော့ ကျုပ်ကို အမူအရာတစ်ခု လုပ်ပြတယ်။ သူ့မျက်စိတွေကို သူ့လက်နဲ့ ဝိုင်းပြတာပါ။ ကျုပ်က မျက်မှတ်တပ်လေ့ရှိတော့ ကိုမျက်မှန်ကို ကျွန်တော် အသိအမှတ် ပြုပါတယ်ဆိုတဲ့သဘော ဆိုတာ ကျုပ် ခံစားလိုက်ရတယ်။ ကျုပ်ကလည်း အသိအမှတ်ပြုတယ်ဆိုတဲ့ အပြုံးမျိုး ပြုံးပြတော့ ဖိုးရွှေအ က အသံတစ်သံထွက်အောင် နှုတ်ဆက်တယ်။
“ဖိုးရွှေအ ဒါ စာရေးဆရာလေ၊ စာတွေ ရေးတာ...ဒီလိုရေးတာ...နေ့တိုင်း ဆရာ့ကို လာနှိပ်ပေး၊ မင်းကို ဆရာက မုန့်ဖိုးပေးလိမ့်မယ်”
အိမ်ရှင်ကျောင်းဆရာမလေးက ဖိုးရွှေအကို လက်နဲ့စာတွေ ရေးပြတဲ့ပုံ၊ ပခုံးကို လက်နဲ့ နှိပ်ပြတဲ့ပုံ၊ လက်မနဲ့ လက်ညှိုးဝိုင်းပြီး ပိုက်ဆံပေးမယ့်ပုံတွေ လုပ်ပြတော့ ဖိုးရွှေအ က ခေါင်းညိတ်တယ်။
“အော့...အော့...အို့...အော့...”
ကျုပ် ကြားလိုက်တဲ့အတိုင်း ရေးပြလိုက်တာပါ။ တကယ်ကို ဝမ်းသာကြည်နူးသွားတဲ့ အသံဆိုတာ သိသာပါတယ်။ တကယ်တော့ ခံစားမှုကို ပေးတာ စကားလုံးတွေ မဟုတ်ပါဘဲကလား။ အသံပါ၊ ရင်ထဲက အသံပါ။ ချက်ချင်းလိုပါပဲ၊ ကျုပ်ထိုင်နေတဲ့ ကုလားထိုင်နောက်ကို လျှောက်လာပြီး ကျုပ်ပခုံးကို အားရပါးရကြီး ဆုပ်ကိုင်လိုက်တာ ပြုတ်တူကြမ်းကြမ်းနဲ့ ညှစ်လိုက်သလား မှတ်ရတယ်။ သန်လိုက်တာများ။ တကယ်လည်း အနှိပ်ကောင်းပါတယ်။ လက်မောင်းတွေ၊ ပခုံးတွေကို သူ့လက်တွေနဲ့ အသာကလေးဆုပ်ညှစ်နေတာပေမယ့် ကျုပ်မှာတော်တော်ခံနေရတယ်။ တော်တော်ကြာကြာ နှိပ်ပေးပြီးတော့ ခုံတန်းမှာ လှဲပေးဖို့ အမူအရာတွေ လုပ်ပြတယ်။
“တော်ပြီ ဖိုးရွှေအ ရယ်၊ နောက်တော့မှပေါ့”
ကျုပ်က လက်ကာပြတော့ ရယ်တယ်။ ပြီးတော့မှ အိမ်ရှင် ကျောင်းဆရာမလေးကို ဘာခိုင်းဦးမှာလဲဆိုတဲ့ ဟန်နဲ့ မေးငေါ့ပြတယ်။ ဆရာမလေးက လက်ဖက်ရည်ဝယ်ပေးပါဦးဆိုတဲ့ ပုံနဲ့ အထုပ်ကလေး ဆွဲပြပြီး ပါးစပ်က သောက်တဲ့ပုံ လုပ်ပြတော့ ဖိုးရွှေအ က ခေါင်းညိတ်တယ်။
“တိုတိမ့်...ပေါတိမ့်...”
ချိုဆိမ့်လား၊ ပေါ့ဆိပ်လားပေါ့။ ကျုပ်က သည်လိုတော့လည်း အသံထွက်သားပဲဆိုတော့ တစ်ခါတစ်လေတော့ သီချင်းတွေတောင် အားပါးတရ ဆိုနေတက်သတဲ့လေ။ အနားမှာ ဂစ်တာ တစ်လက်များရှိရင် တဗျင်းဗျင်း ခေါက်ရင်း သီချင်းဆိုတော့တာပဲ။ သီချင်းသားတော့ မပီသဘူးပေါ့လေ။ ကျုပ်ကတော့ သီချင်းဆိုတယ်ဆိုတဲ့ ဖိုးရွှေအကို ကြည့်ရင်း သိပ်တော့ နားမလည်နိုင်ဘူး။ ဘယ်သီချင်းကို ဆိုတာလဲ။ အဆိုတော် ဘယ်သူရဲ့ သီချင်းကို ဆိုတာလဲ။ သီချင်းမူရင်းကို သူက ဘယ်လိုကြားလို့ ဆိုနိုင်ရတာလဲ။ ဂစ်တာခေါက်ရင်း ဆိုတယ်ဆိုတော့ ဂစ်တာကော့ဒ်တွေကိုကော သူ ဘယ်လို သင်ခဲ့သလဲ။ သင်ခဲ့ဖူးတယ်ဆိုရင်လည်း ဆွံ့အ နားမကြားသူကလေးကို ဘယ်ဆရာက၊ ဘယ်နည်းနဲ့ သင်ပေးခဲ့တာလဲ။ ကျုပ်ဟာကျုပ် စဉ်းစားနေမိတာပေါ့လေ။ ဖိုးရွှေအ လက်ဖက်ရည်ဝယ်က ပြန်လာတော့ လက်ဖက်ရည်က တကယ့်ကို ပေါ့ဆိမ့် ဖြစ်နေတယ်။ ကျုပ်က နှိပ်ပေးတာရော၊ လက်ဖက်ရည် ဝယ်ပေးတာရော ပေါင်းပြီး ငွေ ငါးဆယ်တန် တစ်ချပ် ထုတ်ပေးလိုက်တော့ ရယ်သံတွေတောင် ထွက်လာတယ်။ ပိုက်ဆံကို သေသေချာချာ ကြည့်ပြီး သဘောတွေ ကျနေလိုက်တာလေ။
“မေ့...မေ့...”
“ဆရာ ပေးလိုက်တာကို သူ မသုံးဘဲ သူ့အမေကို ပေးမယ်လို့ ပြောနေတာ ဆရာ။ သူ့အမေကို သူ သိပ်ချစ်တယ်။ လုပ်ခလေး ဘာလေးရရင် ပြေးပေးတာ ဆရာရဲ့။ အလုပ်ကတော့ ဘောက်လုပ်ရတာဆိုတော့ ခေါ်ခိုင်းသူ ရှိရင်တော့ အလုပ်ရှိတတ်တယ်။ ခက်တာက သူက ဆွံ့အနားမကြားသူဆိုတော့ ခိုင်းသူတွေမှာရော၊ သူ့မှာပါ အန္တရာယ် ရှိတတ်တယ်။ ဆိုပါတော့ ကမ်းနားမှာ သစ်တုံးကြီးတွေ၊ သစ်ချောင်းတွေ ထမ်းချတယ် ဆိုပါတော့။ သစ်ချောင်းကြီးတွေချရင် တစ်၊ နှစ်၊ သုံးဆိုပြီး တိုင်မင်ယူပြီး နှစ်ယောက်စလုံးက ပြိုင်တူပစ်ချရတာ။ သူက တိုင်မင်ခေါ်တာကို မကြားတော့သူများက ချလိုက်တုန်း သူက မချမိတော့ ဒဏ်ရာ ကြီးကြီးကျယ်ကျယ် ရသွားခဲ့ဖူးတယ်။ ခိုင်းတဲ့လူကလည်း ဆေးဖိုးဝါးခပေးရတာရော၊ တာဝန်ကြီးတာရောကြောင့် နောက်မခိုင်းရဲတော့ဘူး”
ကျောင်းဆရာမလေးက ရှင်းပြတာပါ။ ဖိုးရွှေအ ကတော့ သူ့အကြောင်း ရှင်းပြနေတာကို သိပုံရရဲ့။ ကျုပ်ကို တစ်လှည့်၊ ဆရာမလေးကို တစ်လှည့် ကြည့်တယ်။ တစ်ခါတုန်းက သင်္ဘောပျက်ဆယ်တဲ့ လုပ်ငန်းတစ်ခုက ဖိုးရွှေအကို သနားတာနဲ့ အလုပ်ပေးတယ်။ သည်လုပ်ငန်းက ခေတ်မီယန္တရားတွေနဲ့ သင်္ဘောပျက်ကြီးကို ရေထဲက ဆွဲမရတာမျိုး မဟုတ်ဘူး။ မြန်မာရိုးရာရှေးရိုးနည်းနဲ့ လုပ်အားတော်တော်များများ သုံးပြီးဖော်ကြရတာလေ။ ပီပါတွေ တော်တော်များများ သုံးပြီး ကိုယ်ကျရာထောင့်က မခိုမကပ်၊ မပင်မပန်း အားသွန်ကြရတာမျိုး။ တစ်ခါတော့ ဖိုးရွှေအကြောင့် ပီပါခွံတွေ တော်တော်များများ မြစ်ရေထဲ ကျကုန်တယ်။ သူကလည်း အော်ရှာပါတယ်။ ဒါပေမဲ့ အရေးတကြီး အော်တယ်လို့ မထင်ကြဘူး။ သီချင်းအော်ဆိုနေတာပဲလို့ ထင်လိုက်ကြတယ်။ မြစ်ရေစီးထဲ ပီပါတွေ တော်တော်ဝေးဝေး ရောက်ခါမှ သိလို့ အမြန်လိုက်ဆယ်ကြရသတဲ့။ သည်မှာတင် ဖိုးရွှေအလည်း အလုပ်ပြုတ်ရော။ ဒါက ပီပါတွေ ပြုတ်ကျလို့ကိုး။ လူသာ ကျသွားရင် ဘယ့်နှယ်လုပ်မလဲလို့ စဉ်းစားကြပြီး အန္တရယ် ရှိတယ်ဆိုတာ သိလို့ သနားပေမယ့် ဖြုတ်လိုက်ကြရတာတဲ့လေ။
တစ်ခါကလည်း ရေနံစိမ်းက ဆီချက်တဲ့ လုပ်ငန်းတစ်ခုက မြို့နဲ့ဝေးဝေး ရွာကလေးတစ်ရွာမှာ သွားလုပ်ကြတော့ ဖိုးရွှေအကို ခေါ်သွားကြတယ်။ ထမင်းလည်း ကျွေး၊ လစာကောင်းကောင်းလည်းပေးပေါ့။ အလုပ်ကတော့ အလုပ်ကြမ်းပေါ့လေ။ ဒါပေမယ့် ငါးရက်လား ကြာတယ်။ ဖိုးရွှေအ ရက်ကွက်ထဲ ပြန်ရောက်လာသတဲ့။ ရက်ကွက်က လူတွေက ဖိုးရွှေအ ဘာဖြစ်လို့ ပြန်လာတာလဲ။ လခကောင်းကောင်းရတာ လုပ်ရောပေါ့ဆိုတော့ ဖိုးရွှေအ က စာနဲ့ ထပ်ရေးပြသတဲ့လေ။ “ငှက်ဖျားရောဂါ ဖြစ်တတ်သည်”တဲ့။ ရက်ကွက်က လူတွေကတော့ ရယ်ရခက်၊ ငိုရခက်လေ။
သူ့အကြောင်း တော်တော်များများကို ဆရာမလေးက ရှင်းပြတာကို သူက ပြုံးပြီးကြည့်နေတယ်။ ကျုပ်က လက်က နာရီကို ၁၂ နာရီ နေရာကို ထိုးပြပြီး နောက်တစ်ရက် သည်အချိန် သည်ကို လာခဲ့၊ နှိပ်ပေးပါဦး ဆိုတာမျိုး လုပ်ပြတော့ သူက ခေါင်းညိတ်ပြတယ်။ ခဏနေတော့ ရင်ကလေးကော့၊ ပုဆိုးချက်ပြုတ်ကို တင်းအောင် ပြန်ဝတ်ရင်း ပြန်သွားတယ်။ အဲသည်ကတည်းက ပါပဲ။ နေ့ခင်း ၁၂နာရီဆိုရင် ဖိုးရွှေအ ကျုပ်ဆီ ရောက်ရောက်လာတတ်တယ်။ သူ့လက် သန်သန်ကြီးတွေနဲ့ နှိပ်ပေးတယ်။ ဇက်ကြော လျှော့ပေးတယ်။ ပြန်ခါနီးရင်တော့ လက်ညှိုးတစ်ချောင်း ထောင်ပြတတ်တယ်။ ငွေတစ်ရာ ပေးပါပေါ့လေ။ တစ်ခါတစ်ခါတော့ ဘောင်းဘီရှည်ပါရင် ပေးပါလို့ တောင်းတတ်တယ်။ မင်းက ဝတ်လို့လားဆိုတော့ သူ့မှာ နှစ်ထည်ရှိသတဲ့။ နောက်နေ့ ဝတ်ခဲ့၊ ကြည့်မယ်ဆိုတော့ တကယ့်ကို သူပိုင် ဂျင်းဘောင်းဘီဟောင်းကို ဝတ်ပြီး လာပြတယ်။ တချို့ရက်တွေမှာတော့ ကျုပ်ချွတ်ထားတဲ့ နေကာမျက်မှန်ကို ပြရင်းသူ့ပေးပါလားတဲ့။ တစ်ခါတစ်ခါတော့ စားပွဲပေါ်က Body Spray ဘူးကို မပြောမဆို ကောက်ကိုင်ပြီး သူ့ တစ်ကိုယ်လုံး ကြိုင်သွားအောင် တရှူးရှူး ပန်းတော့တာပါ။ ကျုပ်က မိန်းမ၊ ဒါမှမဟုတ် ရည်းစား ရှိသလားဆိုတာမျိုး လက်နှစ်ချောင်း ပူးပြတော့ရှိတယ်တဲ့။ ရည်းစားလား၊ မိန်းမလား ဆိုတာမျိုး သူ သဘောပေါက်အောင် မေးတော့ ဟိုဝေးဝေးကို ထိုးပြ၊ နောက် ပူးပြ၊ နောက် ဝေးဝေးကို ထိုးပြ လုပ်ပြတယ်။ ရည်းစားပေါ့။ အတူတူ မနေသေးတဲ့ ပူးတွဲခွာတုံ အဆင့်ပေါ့။ ကြာကြာပေါင်းကြည့်တော့ သည်ကောင် ဖိုးရွှေအ က လူလည်ရယ်။ ကျုပ်ပြောဦးမယ်။
ဖိုးရွှေအက နေ့လယ်ဘက် ကျုပ်ဆီ ရောက်ရောက်လာပြီး ကျုပ်စာရေးနေတဲ့ ပြတင်းပေါက်ကနေ မျက်ရိပ်မျက်ကဲ ပြတတ်တယ်။ ဘာခိုင်းဦးမလဲပေါ့လေ။ ကျုပ်က လက်တံတောင်ဆစ်ကို လက်နဲ့ထောင်ပြပြီး ပါးစပ်က ပိုက်ကို စုပ်တဲ့ပုံ လုပ်ပြရင် သူ သိတယ်။ ပိုက်ဆံလှမ်းတောင်းပြီး ထွက်သွားတော့တာပဲ။ ခဏနေတော့ မနီးမဝေး အအေးဆိုင်က ဖွင့်ထားတဲ့ အအေးပုလင်းတစ်လုံးနဲ့ ဖန်ခွက်တစ်လုံး ပါလာတက်တယ်။ ကျုပ်ကြိုက်တဲ့ ဖရူတိုပါပဲ။ တစ်ခါက သူ့ လက်ဖဝါးမှာ ဖရူတိုလို့ ရေးပြလိုက်ဖူးတာကို ဖိုးရွှေအ က မှတ်ထားတာကိုး။ ကျုပ်လည်း တခြားတံဆိပ် သောက်ချင်ရင်တောင် မရတော့ပါဘူး။ ဝယ်ခိုင်းသမျှ ဖရူတိုပါပဲ။ လက်ဖက်ရည် ဝယ်ခိုင်းရင် “ပေါ့တိမ့်” ပဲ။ ဒါတော့ သူ ပြောတတ်တယ်။ တစ်ခါကတော့ ဖိုးရွှေအကို ခေါင်းကိုခေါက်၊ ဆံပင်ကို ဆွဲပြပြီး ခေါက်ဆွဲဝယ်ခိုင်းတယ်။ နှစ်ရာတဲ့။ ဒါနဲ့ငွေနှစ်ရာပေး၊ အိမ်ရှင့် စက်ဘီးကိုပါ ခဏငှားပေးလိုက်ပြီး စောင့်လိုက်တာ ညနေစောင်းမှ ပြန်လာတယ်။ ကျုပ်က ဘယ်လိုဖြစ်တာတုံးကွာ ဆိုတော့ ကြော်နေလို့ပါတဲ့။ ကြော်...ကြော်ပါဦးကွာ။ မင်းဟာက လွန်တယ်ဆိုပြီး စိတ်ပျက်တဲ့ပုံ လုပ်ပြတော့ ကြက်အတောင်ပံခတ်တဲ့ပုံ လုပ်ပြပြီး အဲဒါမရှိလို့တဲ့။ ဘယ်လောက်ကျသလဲဆိုတော့ နှစ်ရာတဲ့။ ငါ သွားမေးမှာနော်ဆိုတော့ မျက်နှာကြီးတင်းပြီး “အော်အေ့...အော်အေ့...”လုပ်တော့တာပဲ။ သွားမေး၊ သွားမေးပေါ့လေ။
ဖိုးရွှေအ က ဗီဒီယိုကိုတော့ ကြိုက်တယ်။ ညဘက် သူ ကြည့်ဖြစ်တဲ့ ဗီဒီယိုကားကို နောက်တစ်နေ့ စိတ်လိုလက်ရ ကျုပ်ကို ပြန်ပြောတက်သေးတယ်။ မင်း ဗီဒီယို ကြိုက်ရင် ရန်ကုန်လိုက်ခဲ့ပါလား ဆိုတော့ “မေ့”တဲ့။ ပြီးတော့ ရိုက်တဲ့ပုံ လုပ်ပြလိုက်သေးတယ်။ အမေ ရိုက်လိမ့်မယ်ပေါ့။ ဒါနဲ့ ကျုပ်က မင်း အမေက မဟုတ်ပါဘူးကွာ။ မင်း ကောင်မလေးက မလိုက်ခိုင်းတာ မဟုတ်လားလို့ မေးတော့ လက်ဟန်ခြေဟန်ကို ကြည့်ပြီး ဟုတ်တယ်တဲ့။ နာမည် ဘယ်သူလဲလို့ ကျုပ်က စာနဲ့ ရေးပြီးမေးတော့ “မိညို”လို့ ရေးပြတယ်။ မင်းနာမည်ကကောဆိုတော့ “စန်းအောင်”တဲ့။ ဒါနဲ့ ကျုပ်က “စန်းအောင်ညို”ပေါ့ ဆိုတော့ ဖတ်ပြီး ရယ်လိုက်တာလေ။ အမေက သဘောတူလားဆိုတော့တူတယ် လို့ ရေးပြတယ်။ ဒါနဲ့ ကျုပ်က “မိန်းမတွေ ပေါပါတယ်ကွာ။ မိညိုကို မကြိုက်ပါနဲ့” လို့ရေးပြတော့ သူက ပြန်ရေးပြတယ်။ “မိညိုလည်း မိန်းမပဲ” တဲ့လေ။ ကျုပ်က ရယ်တော့ သူကလည်း ရယ်တယ်။
တစ်နေ့တော့ သူ့လည်ပင်းမှာ ကုတ်ခြစ်ထားတဲ့ ဒဏ်ရာတွေ ညိုမည်း ပွထနေတယ်။ မျက်နှာလည်း မကောင်းဘူး။ နားထင်မှာလည်း ပလာစတာနှစ်စ ကပ်ထားလို့ ဘာဖြစ်တာလဲမေးတော့ သူ့ကောင်မလေးက ကုတ်တာတဲ့။ ကျုပ်က လက်သီးထိုးတဲ့ပုံ လုပ်ပြပြီး “ရန်ဖြစ်တာလား” ဆိုတော့ ခေါင်းညိတ်တယ်။ နောက် သူ့ ဒဏ်ရာတွေ တစ်ခုချင်း ပြတယ်။ ဒါဆိုရင် မိညိုကို မချစ်နဲ့တော့လို့ စာနဲ့ ရေးပြလိုက်တော့ ဖိုးရွှေအ တွေသွားတယ်။ တော်တော်ကြာမှ ကျုပ်ဆီက ဘောပင်ကို ယူပြီး စာတစ်ကြောင်း ရေးပြတယ်။ “မိညို ကုတ်တာ မနာပါဘူး” တဲ့လေ။
ဖိုးရွှေအ က ရှင်းပြတဲ့ လက်ဟန်ခြေဟန်ကို အခုတော့ ကျုပ် တော်တော် နားလည်နေပြီ။ ကျုပ်က မေးတာ၊ ပြောတာတွေလည်း ဖိုးရွှေအ က နားလည်နေပြီ။ သိပ်မေးလို့ မရရင်တော့လည်း စာရေး မေးရတာပေါ့လေ။ သည်တော့ သူက သူ့ရင်ထဲ ရှိတာ အရင်းတိုင်း ဖြေတာပါပဲ။ များသောအားဖြင့်ကတော့ ကိုယ်ဟန်အမူအရာနဲ့ ပြောရတဲ့ “ဘော်ဒီလင်ဂို” နဲ့ ပြောတာ များပါတယ်။ သူကလည်း နားလည်တယ်။ ကျုပ်ကလည်း သိတယ်။
နေ့လယ်ခင်း တစ်ခုမှာတော့ ဖိုးရွှေအက ဂျင်း မဟုတ်တဲ့ ဘောင်းဘီရှည် အမည်းကြီးဝတ်လာတယ်။ လက်ထဲမှာလည်း ဂစ်တာဟောင်း တစ်လက် သူများဆီက ငှားလာပုံ ရတယ်။ အင်္ကျီက ရင်ဘတ်ဟခွဲနဲ့ ဂစ်တာကိုင်ပြီး ဝင်လာတဲ့ ဖိုးရွှေအကို ကျုပ်က မမှတ်မိဘူး။
ဝင်လာတာကလည်း အေးအေးသက်သာ မဟုတ်ဘူး။ ခပ်သုတ်သုတ် ဝင်လာတာပါ။ ကျုပ်နဲ့တွေ့တော့ ဓာတ်ပုံမြန်မြန်ရိုက်ပေးစမ်းပါတဲ့။ ဘောင်းဘီရော၊ ဂစ်တာရော ပြန်ပေးရတော့မှာတဲ့။ လက်ညှိုးကို အပေါ်အောက် ဆွဲဆွဲပြလိုက်သေးတယ်။ နာရီဝက်ပဲ အချိန်ရတယ်ပေါ့။ ဒါနဲ့ ကျုပ်ကလည်း နှင်းဆီပန်းရုံ နောက်ခံနဲ့ ဓာတ်ပုံရိုက်ပေးလိုက်တယ်။ ဖိုးရွှေအက ကုလားထိုင်စွန်းမှာ တင်ပါးလွှဲထိုင်ရင်း၊ ဂစ်တာကို ဟန်ပါပါ ကိုင်ရင်း ကင်မရာကို ပြုံးပြုံးကြီးကြည့်ပြီး အိုက်တင်ပေးနေတာ ရယ်စရာကြီး။ ကျုပ်က သူ လုပ်ပြနေတာ ရယ်ရတာနဲ့ နောက်ထပ်တစ်ပုံ ရိုက်မယ်ဆိုတော့ နေဦး၊ နေရာပြောင်းဦးမယ်တဲ့။ သည်တစ်ခါတော့ လက်ထဲက ဂစ်တာကြီး ဘေးချပြီး ခါးထောက်၊ ခြေထောက်ကို ခပ်ကားကားချဲ့ပြီး အရိုက်ခံတာ။ ရိုက်ပြီးတာနဲ့ ဂစ်တာဆွဲပြီး ခပ်သုတ်သုတ် ပြေးတော့တာပဲ။ သူများ ဘောင်းဘီနဲ့ ဂစ်တာ ပြန်ပေးရသေးတာလေ။
နေ့လယ်ကျတော့ တစ်ခေါက်ပြန်လာတယ်။ ကျုပ်ကို နှိပ်ပေးရင်းက လက်တို့ပြီး ငွေနှစ်ရာ တောင်းပြန်ရော။ နှစ်ရာတော့ မရဘူးကွာ၊ တစ်ရာပဲ ဆိုပြီး လက်တစ်ချောင်း ထောင်ပြတော့ နှစ်ရာပဲ ပေးပါတဲ့။ နှိပ်နေရင်းက ရပ်ပြီး သူချွတ်ထားတဲ့ ခြေညှပ်ဖိနပ်ကို သွားယူပြတယ်။ ဖိနပ်က အောက်ခံဆိုးပြား ကွာနေပြီ။ ဖိနပ်အသစ် ဝယ်ချင်လို့ တောင်းတာ ထင်ပါရဲ့။ ဒါနဲ့ ကျုပ်က ပေးလိုက်တယ် ဆိုပါတော့။ နောက်တစ်နေ့ကျတော့ ဖိုးရွှေအက ကတ္ကီပါကွပ် ပွဲနေပွဲထိုင် ဖိနပ်အနီရောင်ကြီးနဲ့ ပေါက်ချလာပါလေရော။ ရောက်ရောက်ချင်း စာရေးစားပွဲဆီ ပြေးလာပြီး သူဖိနပ်ဝယ်လာခဲ့ကြောင်း လာပြတယ်။ ကျုပ်က ဘယ်လောက်ပေးရသလဲဆိုတော့ လက်ငါးချောင်းထောင်ပြပြီး ငါးရာတဲ့။ ပိုက်ဆံက ဘယ်ကရသေးလို့တုံးဆိုတော့ စုထားတာတဲ့။ ကျုပ်က မင်းဖိနပ်က ငါ့ဖိနပ်ထက်တောင် ကောင်းနေပါရောလားဆိုတော့ သူ့ဖိနပ်ကို ကိုင်ပြီး ယပ်ခတ်ပြတယ်။
တစ်ခါတော့ သည်ကောင် ဘာလုပ်ပြန်တုံးဆိုတော့ မျက်နှာသေကလေးနဲ့ ကျုပ်ဆီ ရောက်လာတယ်။ မျက်နှာက တော်တော့်ကို မကောင်းတဲ့ပုံနဲ့ပေါ့လေ။ အမြဲတမ်း ပြုံးနေတက်တဲ့ကောင်က သည်တစ်ခါ မျက်နှာကလေး ညှိုးနေတော့ ကျုပ်က ဘာဖြစ်တာလဲမေးတော့ ခေါင်းခါတယ်။ မပြောပါရစေနဲ့ ဆိုတဲ့ပုံ။ ပြောပါကွာဆိုတော့ ဟိုးခပ်ဝေးဝေးကို လက်ညှိုးထိုးပြရင်း သစ်ပင်ကို ဓားနဲ့ခုတ်တဲ့ပုံလုပ်ပြတယ်။ ထင်းသွားခုတ်ရမှာပေါ့။ ဟုတ်လားလို့ဟန်နဲ့ ပြန်မေးတော့ ခေါင်းညိတ်တယ်။ သူ သွားရတော့မယ်။ ကြာလည်း ကြာမယ်ဆိုတဲ့ ပုံဖမ်းပြီး စားပွဲဘေးမှာ အကြာကြီး ထိုင်နေတာကလား။ ကျုပ်ကလည်း ဘာပြောရမှန်းလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် သံယောဇဉ်ကလေးကလည်း ဖြစ်နေပြီဆိုတော့ လက်တို့ပြီး လူဆိုတာ အလုပ် လုပ်ရမှာပေါ့။ မင်းသွားတော့ ပိုက်ဆံရတာပေါ့။ ပိုက်ဆံရတော့ မင်းအမေ သုံးရတာပေါ့၊ ကုသိုလ်ရပါတယ်ကွာလို့ စာနဲ့ ရေးပြတာကို ပြလိုက်တယ်။ စာလည်း ဖတ်ပြီးရော ဖိုးရွှေအ ငိုပါလေရော။ ဒါနဲ့ ကျုပ်ကလည်း နှစ်ရာတန် တစ်ချပ်ပေးရင်းက နှုတ်ဆက်လိုက်ရတာပေါ့လေ။ ဝေးပြီပေါ့၊ ဖိုးရွှေအနဲ့ သည်တစ်ခါ ဝေးရပြီပေါ့။ ဘယ်ဟုတ်ပါ့မလဲ။ နောက်တစ်ရက် မလာဘူး။ နှစ်ရက်မြောက်တဲ့ နေ့ကျတော့ ဖိုးရွှေအ ပေါက်ချလာတယ်။ ထုံးစံအတိုင်း ခပ်ပြုံးပြုံးပါဘဲ။ ကျုပ်က မင်း ဘယ်လိုဖြစ်လို့ ပြန်လာတာလဲ။ ထင်းမခုတ်ရတော့ဘူးလားဆိုတော့ ကောင်းကင်ကို လက်ညှိုးထိုးပြတယ်။ ကျုပ်က နားမလည်ဘူး။ သည်တော့ သူက မိုးတွေရွာချတဲ့ပုံလုပ်ပြတယ်။ မနေ့ညက မိုးရွာလို့ ထင်းလှေမထွက်နိုင်တော့ သူလည်း မသွားရတော့ဘူး ပေါ့လေ။ ဒါနဲ့ ကျုပ်က ဒါဆို ငါ့ငွေနှစ်ရာ ပြန်ပေးဆိုပြီး ပိုက်ဆံပြန်တောင်းတဲ့ ဟန် လုပ်ပြတော့ ဖိုးရွှေအက ရယ်တယ်။ “အို...အိ” တဲ့ ကုန်ပြီပေါ့။ ကျုပ်က မရဘူး၊ ပြန်ပေးရမယ် ချည်းလုပ်တော့ ကောင်မလေးနဲ့ လျှောက်လည်တာပါတဲ့။ လက်ညှိုးတွေလည်း ထိုးပြရဲ့၊ အဝေးကြီးသွားကြတာမျိုးလည်း လုပ်ပြရဲ့။ ဘယ်သွားကြသလဲဆိုတော့ ဘုရားရှိခိုး ပြတယ်။ ထင်းခုတ်ထွက်မယ်ဆိုပြီး တောင်းသွားတဲ့ ပိုက်ဆံနဲ့ ချစ်သူခေါ်ပြီး ဘုရားသွားဖူးတဲ့ ဖိုးရွှေအကို ကျုပ်က သဘောကျနေတာပါ။ ဖိုးရွှေအနဲ့ အနေကြာလာတော့ စာနဲ့တောင် သိပ်ရေးပြမနေရတော့ဘဲ ဘော်ဒီလင်ဂို နည်းကို ချည်းသုံးပြီး ပြောနိုင်တာကို ကျုပ်ဟာကျုပ် သတိထားမိတယ်။ တစ်ခါတစ်ခါဆိုရင် ဘော်ဒီလင်ဂိုသုံးပြီး ပြောနေမိတာ အကြာကြီး။ ဖြစ်သားပဲ။ သူကလည်း အိုကေ၊ ကျုပ်ကလည်း အဆင်ပြေ။
စကားလည်း မပြောတတ်၊ နားလည်း မကြားတဲ့ ဖိုးရွှေအနဲ့ ကျုပ်ကြားမှာ လူတွေမှာ အရေးကြီးလှပါတယ်ဆိုတဲ့ နားနဲ့ ပါးစပ်ဟာ သိပ်တောင် အရေးမပါတော့ဘူး ပြောပါတော့။ တစ်ခါတော့ ကျုပ်က ဖိုးရွှေအတို့ ရက်ကွက်ကလေးနဲ့ ဝေးတဲ့ မြို့ထဲကို ရွှေ့လာခဲ့တယ်။ နယ်ကို ခဏပြန်ကြတဲ့ သူငယ်ချင်း လင်မယားက သူတို့ အိမ်မှာခဏနေပေးပါဆိုတာနဲ့ ကျုပ်လည်း ပြောင်းခဲ့တာပါ။ ပြီးတော့ စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့ အဆင်ပြေတဲ့အပြင် မြို့ထဲဆိုတော့ ရေးပြီးသား စာမူလေးတွေ ပို့ရပြုရတာ အဆင်ပြေလို့ ရွှေ့ခဲ့ရတယ်ပဲ ပြောပါတော့။ ဖိုးရွှေအကလည်း ကျုပ်ရှိတဲ့ မြို့ထဲက တိုက်ခန်းကို တစ်ခေါက်ပြထားတာနဲ့ ရောက်ရောက်လာတတ်တယ်။
တစ်ခါတစ်ခါ သူက ကုန်းကြောင်း လျှောက်လာတာပါ။ တော်တော်ဝေးဝေး လျှောက်လာရတော့ ရောက်လာရင် မောမောနေတတ်တယ်။ သည်တော့ကျုပ်က သူငယ်ချင်းလင်မယားရဲ့ ရေခဲသေတ္တာကိုဖွင့်၊ အချိုရည်တစ်ဘူး ဖောက်တိုက်လိုက်ရင် ဖိုးရွှေအ သိပ်သဘောကျတာကလား။ နောက်တော့ရောက်လာရင် ကျုပ်ပေးတာတောင် မစောင့်တော့ဘူး။ သူ့ဟာသူ ဖွင့်ပြီး သောက်တော့တာ။ သည်လိုနဲ့ ဖိုးရွှေအ တီဗွီဖွင့်တက်တယ်။ ဗီဒီယိုပြစက်ထဲ အခွေထည့်ဖွင့်တက်လာတယ်။ လျှပ်စစ်မီးပူနဲ့ သူ့တီရှပ်ဟောင်းကို မီးပူတိုက်ချင်ရင်လည်း တိုက်နေတတ်တယ်။ တစ်ခါတစ်ခါ အိမ်ရှင်လင်မယားရဲ့ ကလေးတွေကစားတဲ့တီဗွီဂိမ်းတောင် ကစားနေတတ်ရဲ့။ ဒါတင် ဘယ်ကပါ့မလဲ။ ဖိုးရွှေအက မတ်တတ်ပန်ကာကိုဖွင့်၊ ရေခဲသေတ္တာထဲကအချိုရည်ဘူးထုတ်သောက်၊ ဗီဒီယိုပြစက်ကို ဖွင့်ထားပြီး ဒရင်းဘက်ပေါ်မှာ ခြေဆင်းနေတာများ အကြာကြီး။
တစ်ခုတော့ ရှိတယ်။ ဖိုးရွှေအ ကက်ဆက်တော့ ဘယ်တော့မှ မဖွင့်ဘူး။ ကက်ဆက်ခွေတွေကိုတော့ ကြည့်တယ်။ အသံတစ်မျိုးနဲ့ အဆိုတော်တွေ နာမည်တွေကိုတော့ လျှောက်ဖတ်နေတတ်တယ်။ ဒါပေမဲ့ ဘယ်တော့မှ ဖွင့်မကြည့်လေဘူး။ အသံမကြားရလို့များလားတော့ မသိဘူးပေါ့လေ။ ဒါပေမဲ့ သည် ပစ္စည်းတွေ သုံးပြီး သူနေချင်တိုင်း နေခွင့်ရပေမယ့် ဖိုးရွှေအက သည်ကိစ္စတွေပေါ်မှာ အာရုံရှိနေတာမျိုး၊ သာယာနေတာမျိုး မတွေ့ရဘူး။ သည်ပစ္စည်းတွေနဲ့ ပက်သက်လို့ အံလည်း မအံ့ဩဘူး၊ ထူးဆန်းတယ်လို့လည်း မထင်ဘူး။
ဒါပေမဲ့ တစ်နေ့တော့ သူ မထင်မှတ်ဘဲ အံ့ဩသွားရတဲ့ ကိစ္စ တစ်ခု ဖြစ်သွားခဲ့တယ်။ ဘာမှ မဟုတ်ပါဘူး။ လျှပ်စစ်ထမင်းအိုးနဲ့ ကျုပ် ထမင်းအိုးတည်နေတုန်း သူ ရောက်လာတာပါ။ ထမင်းပေါင်းအိုးထဲက ထမင်းကို ခါတိုင်း ရောက်လာရင် ခူးစားနေကျပေမယ့် သည်အိုးနဲ့ ထမင်း စချက်တာကို သူ မတွေ့ဖူးဘူး။ အဲဒီနေ့က ဆန်ချင်ထည့်တာရော၊ ရေချင်ထည့်တာရော၊ မီးဖွင့်လိုက်တော့ ထမင်းချက်နေတယ် ဆိုတာပြတဲ့ မီးနီ ကလေး လင်းနေတာရော၊ နပ်သွားတော့ နပ်မီးကလေး ပြောင်းပြီး လင်းသွားတာရော အစအဆုံး ကြည့်နေတယ်။ ထမင်း ကျက်လို့ ကျုပ်က ထမင်းအိုးကို ဖွင့်ပြလိုက်တော့ ကော့ပြီး မွှေးနေတဲ့ ထမင်းတွေကို ကြည့်ပြီး အင်မတန် ကျယ်လောင်တဲ့ အံ့ဩမှုနဲ့ထ အော်တယ်။ ကျုပ်ကိုလည်း သည်တော့မှ အံ့ဩတကြီး ကြည့်တယ်။ ကြည့်စမ်း၊ ဒါကြီးနဲ့ ထမင်းချက်တတ်တဲ့ လူပါလားဆိုတဲ့ပုံနဲ့ ထမင်းအိုးနဲ့ ကျုပ်ကို တစ်လှည့်စီ ကြည့်တယ်။ နောက်နေ့တွေကျတော့ သူ့ကို ထမင်းအိုးချက်တာ ပြထားလိုက်တော့ ချက်တတ်သွားတယ်။ ထမင်းများ ချက်ရမယ်ဆိုရင် ပျော်နေတော့တာလေ။ သည်ထမင်းအိုးကို ကျုပ်တီထွင်တယ်များ ထင်သလား မသိဘူး။ ဘယ်တော့မဆို ထမင်းကျက်သွားတိုင်း ထမင်းအိုးကို ကြည့်တယ်။ ပြီးတော့ ပါးစပ်က တအံ့တဩ ထ ထ အော်တယ်။
ကျုပ် သိပါတယ်။ ဖိုးရွှေအက ကျုပ်ကို အထင်ကြီးနေပြီ ဆိုတာ။ ခေတ်ပေါ် လူ့အသုံးအဆောင်တွေနဲ့ နေသားကျလာတဲ့ ဖိုးရွှေအ က ကျုပ်ကို ကြည့်ပြီး ကျုပ် ဖြစ်ချင်နေပုံလည်း ရရဲ့။ ကျုပ်နဲ့ ဖိုးရွှေအ ကြားမှာ သူ့ဘက်က မသိတာတစ်ခုပဲ ရှိတော့တာပါ။ သူက ကျုပ်ဖြစ်ချင်နေချိန်မှာ ကျုပ်က သူ ဖြစ်ချင်နေတာလေ။ သူက ကျုပ်ကို အားကျနေချိန်မှာ ကျုပ်က သူ့ကို အားကျနေတာလေ။
---
#နေဝင်းမြင့်
#ဘော်ဒီလင်ဂို
#shared_by_louis_augustine
Comments
Post a Comment