ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဟန်းနီးမူ၏နိဂုံး ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဟန်းနီးမူ၏နိဂုံး ) // သော်တာဆွေ
---
ဟန်းနီးမူ၏နိဂုံး
---
ကျွန်တော်တို့ ဟန်းနီးမူး၏ နိဂုံးကို အပြန်မှာ ထားဝယ်မြစ်က မော်တော်နှင့်ထွက်ခဲ့ပြီး ပင်လယ်ဝမှာ မတန်းသင်္ဘောကို ကြိုနေရင်းဘဲ အဆုံးသတ်ပါမယ်။
ဒီအပြန်မှာတော့ ဆရာတင့်တယ်က ကျွန်တော်တို့နဲ့ မပါတော့ဘူး၊ ပင်လယ်ရေကြောင်း သွားမကောင်းဘူးဆိုတာ အလာခရီးကတည်းက သူသိသွားသည်နှင့် ဝေဟင်က လေယာဉ်နှင့် ကြွတော်မူသဗျ။ ဂုဏ်ဝင်းတို့ လူသိုက်ကလဲ ထားဝယ်မှာ ကျန်ခဲ့ကြတယ်။ ဒါကြောင့် အပြန်မှာ တင့်တယ်ညီ မောင်ကြည်ရယ်၊ ကျွန်တော်တို့ လင်မယားရယ်ဘဲ။
အဲဗျာ၊ ပင်လယ်ဝမှာ မတန်းသင်္ဘောကြီး မလာခင်ညနေခင်း လေပြင်းမုန်တိုင်းကြီး ကျလိုက်တာ ကျွန်တော်တို့ မော်တော်ကလေးဟာ လှိုင်းလေထဲ မမှောက်ရုံတမယ်ဘဲ လူးလိုက် လိမ့်လိုက်ပုံမှာတော့ အလာတုန်းက မတန်းသင်္ဘောကြီး ပင်လယ်ထဲဝင်တော့ လှိုင်းဒဏ်မခံဘူးလို့ မူးကြတယ်ဆိုတာ ဘာမျှမပြောပလောက်တော့ဘူး၊ ကျွန်တော်တို့ဟန်းနီးမူးရဲ့ နိဂုံးဟာ အန်ပြီးမူးတဲ့ မချိဆုံးလို့ ဆိုရမှာဘဲ။
မိုးတွေကရွာ လျှပ်စစ်တွေက လက်သနဲ့ မော်တော်အလံတိုင် ထိပ်ဖျားမှာလဲ ပင်လယ်တို့ ထုံးစံအတိုင်း လျှပ်စစ်ဓာတ်ကလာကပ်နေတော့ အဲဒါကို တချို့မိန်းမကြီးတွေက ပင်လယ်စုန်းတဲ့ ခင်ဗျ။ စားချင်သောက်ချင်လို့ လာကပ်ရှာတယ်ဆိုပြီး ခေါစာကျွေးတဲ့လူနဲ့၊ တိုင်ကိုယောင်းမနဲ့ ခေါက်သူနဲ့။
အဲသည်လို သူတို့စိတ်ထင် ဒါတွေလုပ်ကြသော်လည်း မိုးသက်လေထဲမှာ လျှပ်စစ်ဓာတ် ဟာ မပျောက်သေးဘဲနေတော့၊ ကျွန်တော်တို့လူငယ် လင်မယားနှစ်ယောက်၊ ကယုကယင်နေကြတာ ပင်လယ်စုန်းက မကြိုက်တဲ့ အတွက် ရောက်လာတာလို့ သူတို့က စွပ်စွဲကြပြန်တယ်ခင်ဗျ။
စင်စစ်တော့လဲ ကျွန်တော်တို့ဟာ ပင်လယ်ထဲမှာ လေပြင်းမုန်တိုင်းထလို့ လှိုင်းကပုတ် မော်တော်က လှုပ်နေတော့ ညားစလင်မယားဘဲဗျာ၊ ဒီလိုအဖြစ်ကလဲ မကြုံဘူးတော့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ တယောက်တယောက် ပွေ့ပွေ့ဖက်ဖက်နဲ့ ယုယုယယနေမိကြပေါ့သဗျ။ ဒါကို သူတို့က စောစောကတည်းက မျက်စိဆံပင်မွှေးစူထားကြဟန်တူပါရဲ့၊ အခုလေပြင်းမုန်တိုင်းထ တာဟာ ပင်လယ်စုန်းကြောင့် သူမကြိုက်တာကို သူ့ပိုင်နက်ထဲမှာ ကျွန်တော်တို့က ပြုမိလို့ အားလုံး အသက်အန္တရာယ်တွေ စိုးရိမ်ရတဲ့ အခြေရောက်နေပြီ။ ဒါကြောင့် ကျွန်တော်တို့က အနေအထိုင် ဆင်ခြင်ကာ တောင်းပန်သင့်တယ်လို့ မိုးထဲလေထဲဒုက္ခထဲမှာ သူတို့က ကျွန်တော် တို့ကို တရားခံလုပ်နေကြသေးသဗျာ။
သူတို့ဘာဘဲ ပြောနေကြနေကြ၊ ကျွန်တော်တို့နှစ်ယောက်မှာတော့ တုံးလုံးလဲနေကြပြီ။ သူတို့ပြောတာနားက ကြားပေမင့်လို့ လူတွေက မလှုပ်နိုင်ကြတော့ဘူး။
စင်စစ်ပင်လယ်၏ ရာသီဥတု အံ့သြဘွယ်ကောင်းသည်ကား၊ မိုးကြီးလဲရွာနေသည်။ လေပြင်းလဲ တိုက်နေသည်။ ကျွန်တော်တို့တကိုယ်လုံးမှာ ရွဲရွဲစိုနေသည်။ ကိုယ်ကမိုးပေါက်တွေက တဖောက်ဖောက် မှန်နေသည်။ သို့သော် အေးခြင်း ချမ်းခြင်းမရှိဘဲ မော်တော်ကို ပင်လယ် လှိုင်းက ပုတ်တော့ မြင့်သွားလိုက် နိမ့်ဆင်းသွားလိုက် ပုခက်ကိုလွဲပေးသည့်နှယ် အိပ်၍ကောင်း လိုက်တာလေ။ နံနက်မိုးသောက် အလင်းရောက်၍ နေခြည်ပြပြမှာ ရာသီဥတုကလည်း ငြိမ်သက်လို့ ကျွန်တော်တို့ ရွှင်ပျကြည်လင်စွာ အိပ်ရာမှနိုးကြတော့ မတန်းသင်္ဘောကြီးသည် ကျွန်တော်တို့ မော်တော်အနီးမှာရောက်နေချေပြီတည်း။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment