ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော်နှင့်ဆရာကြီးရွှေဥဒေါင်း ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော်နှင့်ဆရာကြီးရွှေဥဒေါင်း ) // သော်တာဆွေ
---
ကျွန်တော်နှင့်ဆရာကြီးရွှေဥဒေါင်း
---
ပြီးခဲ့သော အခန်း(၂) ရေးစဉ်က ဇူလိုင်လ အတွင်းဖြစ်ရာ ‘ဆရာကြီးရွှေဥဒေါင်းနည်း’ ဟူ၍ ဆရာကြီး အရက်သောက်ပုံ သောက်နည်းနှင့် မကြာခဏအစားအစာ ခြိုးခြံနည်းတို့ကို ရေးစဉ်က ဆရာကြီး မကွယ်လွန်သေး။ ဆရာကြီးပါ သူ့အကြောင်းသူ ဖတ်စိမ့်သောငှာ ရည်ရွယ်ပါသည်။ သို့သော် ဖတ်မသွားရရှာတော့၊ သြဂုတ်လ ၁ဝရက်နေ့ ည ၇-နာရီမှာ လူကြီးရောဂါဖြင့် လူတဘဝ ဇာတ်သိမ်းသွားလေပြီ။
မန္တလေးမှ ရှုမဝသို့၊ ရှုမဝမှ ကျွန်တော့်အိမ်အနီးရှိ ကိုဖေသိန်းအိမ်သို့ တယ်လီဖုံးဆက် ခြင်းဖြင့် ထိုည ၉-နာရီလောက်မှာပင် ဆရာကြီးကွယ်လွန်ကြောင်း ကျွန်တော်သိပါသည်။ သို့ရာတွင် အလောင်းမြေမချမီ ကျွန်တော်မန္တလေးသို့ သွားရန်ကား၊ လားလားမျှစိတ်မကူးနိုင်ပါ။
နောက် ၃-၄ရက်အတွင်း ကျွန်တော့်ကို တွေ့ရှိကြသော စာပေနယ်က လူများကလည်း
“အင်း... ခင်ဗျားဆရာကြီးဆုံးတာ မန္တလေးကို မသွားဘူးလား”
ဟု မေးကြပါသည်။ အချို့သူတို့ မျက်နှာ၌ အံ့ဩသော အရိပ်အရောင်များပင် ပေါ်ကြပါသည်။ (ယခုဒေါ်ကြီးစိုးဆီက စာရတော့ မန္တလေးက မိတ်ဆွေများကလည်း မျှော်ကြကြောင်း သိရပါသည်။) ဆရာကြီးနှင့် အချစ်ခင်ဆုံးသော အရင်းနှီးဆုံးသော ဆရာကြီး၏ သားတပည့်ဟု တိုင်းသိပြည်သိ ကြေညာထားသော ကျွန်တော်က ဒီဆရာကြီးရဲ့ အသုဘကိုမှ မသွားဘူးဆိုတော့ အံ့ဩသူတို့ အံ့သြထိုက်ကြပါပေသည်။ ကျွန်တော် မသွားနိုင်သည့်အကြောင်းကား ကျွန်တော့်တွင် ရှိနေပါ၏။ သည်အကြောင်း စဉ်းစားလိုက်တော့ ဆရာကြီးကို ကျွန်တော်ပထမဦးဆုံးအကြိမ် တွေ့ရစဉ်တုန်းက အခါကာလ သည် ပြက်ပြက်ထင်ထင် ပေါ်လာပါဘိတော့သည်။
၁၉၄၆-ခုနှစ်၊ မေလထဲတွင် ကျွန်တော့်မွေးသဖခင်၏ စီမံပေးချက်အရ ဆန်အိတ် ၂၀၀နှင့် ပေါင်းတည်မြို့မှ မန္တလေးမြို့သို့ သွားရတော့မည်ဆိုသောအခါတွင် ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ် ခုန်လောက်အောင်ပင် ဝမ်းသာလှပါသည်။ ဆန်ကုန်သည်ကြီးဖြစ်၍ လူချမ်းသာလာ တော့မည် မို့လားတဲ့၊ မဟုတ်ရေးချ မဟုတ်၊ ကျွန်တော်မြင်းလှည်းသမား ဘဝကပင် ရန်အောင် ရတနာ စုံထောက်ဝတ္ထုကို အထပ်ထပ်အခါခါရေးရင်း၊ ကြည့်မြင်တိုင်မှ ဗဟန်းသို့ အလုပ်သွား သော သူရိယဦးသိန်းမောင်အား ကျွန်တော့်မြင်းလှည်းနှင့် ကြုံတိုင်းအလကားတင်လျက် ဆရာကြီးရွှေဥဒေါင်း အကြောင်းကို မေးမြန်းလေ့ရှိသည်။
ဆရာကြီးသည် မန္တလေးသား။ စစ်ဖြစ် သည်နှင့် အညာသို့ ပြန်သွားသည်။ ထိုမှတဖန် ယခုစစ်ပြီးခေတ်မှာ မန္တလေးလူထုသတင်းစာတွင် အယ်ဒီတာ လုပ်နေကြောင်း သိရသဖြင့် ဧကန္တ မန္တလေးရောက်ရင်ဖြင့် ငါကြည်ညိုနေတဲ့ ဆရာကြီးကို ငါတွေ့ရတော့မှာဘဲ၊ ငါ့ရန်အောင်ရတနာ စုံထောက်ဝတ္ထုလေးကို ဆရာကြီးပြရတော့မှာဘဲဟု တအားခဲခဲ ရှိနေခြင်းကြောင့် အနှစ်နှစ်အလလက မွေးမြူခဲ့သော ဆန္ဒပြည့်ဝ တော့မှာမို့ တသက်မှာ တခါစီသာ ကြုံရတတ်သော ဝမ်းသာမှုမျိုးကို ကျွန်တော်ခံစားရခြင်းဖြစ်ပါ၏။
မန္တလေးရောက်တယ်ဆို ဆန်အိတ်တွေကို ပွဲရုံမှာအပ်ပြီး အခွင့်သာသည်နှင့် လူထု သတင်းစာတိုက်ကိုသွား၊ စစ်ပြီးခေတ်မှာ ဆရာကြီး၏ ပထမဦးဆုံးထုတ်သော “အကြံဉာဏ်ဖြင့် ကြီးပွားရေး စာအုပ်” စက္ကူ အခက်အခဲကြောင့် (ရလေရာ) ရောင်စုံ စာရွက်တွေနှင့် ပ-ဒ-တ ၃အုပ် ခွဲရိုက်ထားသည်ကို ၃ိ-စီနှင့်ဝယ်၊ ရောင်းသူအမျိုးသမီးအား ဆရာကြီးရွှေဥဒေါင်း ယခု ဘယ်မှာနေသလဲ မေး ...။ ထိုစဉ်က အသက် ၃၀ မျှခန့်မှန်းရသော အမျိုးသမီးခပ်ချောချောကား လူထုဒေါ်အမာဘဲကိုခင်ဗျ။ ဆရာကြီး၏ ဂေဟာကို သေချာစွာဘဲ ညွှန်ကြားလိုက်ပါ၏။
ထို့ကြောင့် ဆရာကြီး၏ တသက်တာ မှတ်တမ်းထဲတွင် ကျွန်ုပ်၏တပည့်များအခန်း၌...
၁။ သော်တာဆွေ
၁၉၄၆-ခုနှစ်တွင် ဝက်လက်မှမန္တလေးသို့ ပြောင်းလာခဲ့၍ ဓါးတန်းရပ်၊ ဝင်းမောင်၏ အိမ်၌ မှီခိုလျက်ရှိစဉ်၊ တနေ့သောနံနက်၌ လူငယ်တယောက် ရောက်လာ၏။ ကျွန်ုပ်သည် သူ့ကို တကြိမ်မျှ မမြင်ဘူးသည့်ပြင် သူ၏ ကိစ္စကိုလည်း မခန့်မှန်းတတ်သည်နှင့် အန်းတန်းတန်းဖြစ်ကာ နေရာထိုင်ခင်း ပေးလေရာ၊ သူကလည်း ရဲတင်းသော အမူအရာမရှိဘဲ ခပ်တုံ့တုံ့နှင့်ပင် ဝင်၍ ထိုင်၏။ ကျွန်ုပ်က ကိစ္စကိုမေးသောအခါ သူက ဝတ္ထုတပုဒ် ရေးသားထားကြောင်း ၎င်းကို ကျွန်ုပ်က ကြည့်ရှုပြင်ဆင်ပေးစေလိုကြောင်း ပြောလေသည်။
အလုပ်အကိုင်၊ နေရပ်၊ အသက်အရွယ်စသည်တို့ကို မေးမြန်းကာ စကားအနည်းငယ် ပြောကြပြီးနောက် ကျွန်ုပ်က သူ၏စာမူကိုယူခိုင်းလိုက်၏။ နောက်တခေါက်လာသောအခါ ဖိုးကျင်မောင်သည် စာမူကလေးနှင့်အတူ ဆန်တအိတ်လည်း ယူလာ၏။
အချိန်အတန်ကုန်သော အလုပ်ကို လုပ်ပေးရလျှင် လုပ်ခရချင်သော ကျွန်ုပ်၏ ဝါသနာကိုဝန်ခံ၍ ဆန်အိတ်ကိုမြင်ရခြင်း ကြောင့် ရုတ်တရက် ဝမ်းသာသလိုလို ဖြစ်မိသော်လည်း ဤဆန်အိတ်အတွက်ကြောင့် ညံ့ဖျင်းသော စာမူတခုကို ကောင်းသည်ဟု မပြောမိစေဖို့ လိုအပ်ခြင်းကိုလည်း သတိရသည်နှင့် ဆန်အိတ်ကို ရိုးသားစွာ ငြင်းပယ်မိပါသေးသည်။
သို့ရာတွင် ဖိုးကျင်မောင်က “ဦးကြီး စားရအောင် စေတနာနှင့် ပေးခြင်းဖြစ်ပါသည်”ဟု သတင်းပေးသည်နှင့် လက်ခံလိုက်ရ၏။ ကျွန်ုပ်သည် သူ၏စာမူကို ဖတ်ဖို့အချိန်မရသေးသော်လည်း၊ ဖိုးကျင်မောင် ခဏခဏလာ၍ စကားပြောသည်နှင့် စာမူအကြောင်း မသိရသေးစေကာမူ လူကိုမူကား တိုး၍တိုး၍ သဘောကျ လာလေပြီ။ ကျွန်ုပ်တခု သတိပြုမိသည်ကား ဖိုးကျင်မောင်သည် အထင်ကြီးခံချင်၍ ဝင့်ကြွားကာ ဟိတ်ထုတ်တတ်သော လူငယ်တယောက်မဟုတ်၊ ရိုးရိုးကလေးတင်ပြတတ်သူတယောက် ဖြစ်သည်ဟု ကျွန်ုပ်အကဲခတ်မိ၏။ ဤအချက်သည် သူနှင့်ကျွန်ုပ်ရှေ့အဖို့တွင် ကြာရှည်လေးမြင့် ဆက်ဆံ၍ ဖြစ်နိုင်မည့် လူငယ်တယောက်ဖြစ်ကြောင်း ညွှန်ပြ၏။
ယင်းကား ဆရာကြီးဘက်က ကျွန်တော့်အပေါ် အမြင်ဖြစ်၍ ကျွန်တော့်ဘက်က ဆရာကြီးအား ကြည့်ရှုခဲ့ပုံကိုလည်း ယခုအလျဉ်းသင့်ခိုက်၍ ဖော်ပြရပေတော့မည်။
ဓါးတန်းရှိ ဆေးရုံအလုပ်သမားများ ကွာတာရှေ့၌ ရထားလုံးရပ်စေလျက်၊ ကျွန်တော် မြင်းလှည်းပေါ်က ဆင်း၍၊ ဆရာကြီးနာမည်ကို မေးသည်၌၊ အတွင်းကထွက်လာသူမှာ ဒေါ်ကြီးစိုး ဖြစ်ပါ၏။
“ဆရာကြီး ရှိပါတယ် လာပါ”
ဟု ခေါ်သွား၍ အတွင်းသို့ ရောက်သောအခါ၊ ဆရာကြီးသည် ကျွန်တော်ဝင်သောဘက်မှ ဘေးတိုက်ခပ်စောင်းစောင်း၊ ဟောင်းမြင်း၍ ညံ့ဖျင်းသော စားပွဲ ကုလားထိုင်နှင့် စာရေးနေသည်ကို တွေ့ရပါသည်။ စုံထောက်ဝတ္ထုရေး ဆရာကြီးနှင့် စုံထောက် ဝတ္ထုရေးဆရာ ဖြစ်ချင်နေတဲ့လူဘဲ၊ ကျွန်တော်လဲ သေချာစွာကြည့်ရှုတတ်သည်ပေါ့။ ထိုစဉ်က ဆရာကြီး၏ဖောင်တိန်ကား၊ အဲဗားရှပ် အကောင်းစား မင်လုံးအကြီးအငယ်လုပ်၍ ရသော ကလစ်ကလေးနှင့်။ ဆရာကြီးစာရေးပုံမှာ ဖောက်တိန်ကိုလက်ညှိုးနှင့် လက်ခလယ်ကြား ညှပ်သည်။ နောင်မှာ သိရသည်ကား၊ လက်ညှိုးလက်မကြား အနာဖြစ်ရာမှ အကျင့်ပါသွားသည်။
ထိုအချိန်၌ ဆရာကြီးသည် စာရေးဆရာဘဝကို ပြန်လည်ထူထောင်ခါစ၊ စီးပွားရေးအားဖြင့် မပြည့်စုံသေး။ မျက်မှန်ဘယ်ဘက်ဂိုင်းသည် ကျိုးနေ၍ ဂိုင်းပြတ်မှာ ချည်ထားသောကြိုးနှင့် နားရွက်မှာ ရစ်ပတ်ထားရသည်။ ဆရာကြီးလက်ထဲ၌ မပြတ်ဆုပ်ကိုင်ထားတတ်သော ဆေးတံ အရိုးမှာ ကျိုးပြီး ပြန်တပ်ဖြစ်၍ တိုနေ၏။ ဆေးအိုးကလည်း ဟောင်းမြင်း၍ မွဲခြောက်ပါဘိ။ ဆေးတံကိုက်သော နေရာမှာလည်း အောက်ဖက်ကပေါက်နေ၏။ လက်ဖက်ရည်ကြမ်းအိုးကလည်း မြေအိုးမှ နှုတ်သီးပဲ့ကြီး။ ယခုပင် ကျွန်တော့်မျက်စိထဲ မြင်ယောင်မိသေးသည်။
ထို့ကြောင့် ကျွန်တော်သည် ပထမအခေါက်မှာ ဆရာကြီး၏ အခြေအနေကိုကြည့်ပြီး ဒုတိယအခေါက်မှာ ဆန်တအိတ်ယူသွားခြင်း ဖြစ်ပါသည်။
ကျွန်တော့်ဝတ္ထုလေးကိုကြည့်ရှုပေးရန် ဟူ၍မရည်ရွယ်ပါ။ စာပေအားဖြင့် ကျွန်တော်အင်မတန် ကြည်ညိုလေးစားနေသော ဆရာကြီး အား ကိုယ်တတ်နိုင်နေသောအခါ၌ ကျွန်တော်ဤမျှမက ပူဇော်ကန်တော့ရန် စေတနာထားပြီး ဖြစ်ပါသည်။
သို့အတွက် ကျွန်တော် ဆန်ကုန်သည်ဘဝ ပေါင်းတည်နှင့် ခေါက်ကယ်ပြန်ကယ် ကူးသန်း၍ မန္တလေးတွင် ရှိနေစဉ် အခွင့်သင့်သမျှ ဆရာကြီးအိမ် သွားတိုင်းသွားတိုင်း စားသောက်ဖွယ်ရာတွေ မပြတ်ဆောင်ကျဉ်းခဲ့ပါသည်။ နေ့လယ်နေ့ခင်းမှာ သောက်ဖို့ဆိုလျှင် ဘီယာ၊ ညနေအတွက် ဘရန်ဒီ၊ ဝီစကီ။ ထိုစဉ်ကက်စ်ဘီခေတ်ဖြစ်၍ အကောင်းစားချည်း။ ဆရာကြီးနှင့် ကျွန်တော်သည် အရက်ကလေးတမြမြသောက်၍ ထမင်းဟင်းကောင်း ကြိုက်ပုံချင်း တူညီလှသည်။
ထိုစဉ်၌ ကျွန်တော်မှာ (ကသာသွားခါနီး) ဆရာကြီး၏တသက်တာ မှတ်တမ်းတွင် ပါသည့်အတိုင်း (ကျွန်ုပ်သည် မြစ်ဆိပ်သို့ဆင်း၍ သူ့ကိုနှုတ်ဆက်ရင်း သူဌေးသားကလေးပေ လောဟု မုဒိတာဖြစ်မိပါသေးသည်) ဟု ဆိုရလောက်အောင် ငွေကြေးကို ဖောဖောသီသီ သုံးနိုင်သူဖြစ်ပါ၏။
ယင်းခေတ်က အင်္ဂလိပ်ငွေ သုံးလေးသောင်းများ တခါတရံ ပေါင်းတည်သို့ပြန်ပို့ရန် အစိုးရငွေတိုက်အချိန်မမီတော့၍ အထုပ်လိုက်ဆရာကြီး၏ အိပ်ရာပေါ်ပစ်တင်လိုက်ကာ
“ဦးကြီး ကျွန်တော်နက်ဖန်မှ လာယူတော့မယ်”
ဟု ပြောလိုက်သောအခါတို့တွင် ဆရာကြီးက
“ဟေ့ မင်းငွေတွေ ဒို့သုံးလိုက်ရင် ဘယ့်နှယ်လုပ်မလဲကွ”
ဟု ပြောသောအခါ ကျွန်တော်က ရက်ရက် ရောရောကြီး
“ဦးကြီးသဘောရှိ”
ထို့နောက် ကျွန်တော်ကသာကပြန်ရောက်၊ ဖွတ်ဖြစ်ပြီး စာရေးဆရာသော်တာဆွေ ဘဝ ရောက်လာသောအခါ၌ (ဤအချက်သည် သူနှင့်ကျွန်ုပ်ရှေ့ဒို့တွင် ကြာရှည်လေးမြင့် ဆက်ဆံ၍ ဖြစ်နိုင်မည့် လူငယ်တယောက်ဖြစ်ကြောင်း ညွှန်ပြ၏) ဟု ဆရာကြီးရေးခဲ့သည့်အတိုင်းပင် ဆရာကြီးနှင့် ကျွန်တော်သည် မန္တလေးမှာလည်းကောင်း၊ မေမြို့မှာလည်းကောင်း၊ ရန်ကုန်မှာ လည်းကောင်း၊ ကြိမ်ဖန်များစွာ တအိမ်တည်းအတူ (ဆရာကြီးအိမ်မှာနေခဲ့ဘူးပေရာ) နောက်ဆုံး ခွဲခွာလိုက်ရသည်ကတော့ ဆရာကြီးသည် လုပ်သားသတင်းစာ အယ်ဒီတာချုပ်အလုပ်မှ ထွက်၍ ဆင်းဒဝစ်လမ်း၊ ရှုမဝတိုက်ရှေ့ရှိ အစိုးရတိုက်ခန်းကြီးမှ မန္တလေးမြို့သို့ ပြောင်းရွှေ့သွားသည်တွင် ဖြစ်ပါတော့၏။
ယင်းသို့ဖြင့် ဆရာကြီး အနိစ္စ ရောက်သောအခါ ကျွန်တော်မန္တလေးသို့ မသာပို့ မသွား နိုင်တော့သည်ကား၊ ကျွန်တော်အား (ရိုးရိုးကလေး တင်ပြတတ်သူ) ဟု ဆရာကြီး ရေးခဲ့သည့် အတိုင်း ကျွန်တော်မှန်ရာကို ပြောရလျှင်ဖြင့် ဆရာကြီးသေဆုံးပြီဟု သိရသောအချိန်မှာ နက်ဖန် မနက်၊ ကျွန်တော့်အိမ်ထောင်အတွက် ဆန်ဘိုးမျှ ခဲယဉ်းနေသောကြောင့်ပါ ခင်ဗျား။
ကြည့်စမ်းပါ ဦးကြီးရယ်... (ဦးကြီးပြောခဲ့တဲ့အတိုင်း ဦးကြီးလားရာ ဗြဟ္မာဘုံကဘဲနေပြီး ဒီစာကို ရှုပါတော့) ဦးကြီးနဲ့ ကျွန်တော် စတင်တွေ့စဉ်က ဦးကြီးက မလိုချင်ပါဘူးဆိုတာတောင်မှ ကျွန်တော်သုံးတင်းဝင် ဆန်အိတ်ကြီးကို အတင်းပေးခဲ့တယ်။ အခုဦးကြီးဆုံးတဲ့အချိန်ကျတော့ လက်ရှိ ဆန်ဈေးနဲ့၊ ကျွန်တော့် အိမ်ထောင် လူ ၉ ယောက်စာအတွက် မနက်ဖန် ဆန်ဘိုးမျှ ခဲယဉ်း နေပါသောကြောင့် ဦးကြီးအသုဘကို ကျွန်တော်မလာနိုင်တော့ပါဘူးခင်ဗျား... ။
ဒါပေမယ့်လို့ ရက်အနည်းငယ် အတွင်းမှာဘဲ ကျွန်တော်ကြိုးစားပမ်းစား ငွေရှာပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့က... ဒေါ်ကြီးရေ ... ခုအချိန်မှ ကျွန်တော်လာလို့လဲ အကြောင်းမထူးတော့ပါဘူး၊ သည်တော့ ကျွန်တော် လာလို့ ကုန်မယ့်စရိတ်ကို ဒေါ်ကြီးကိုဘဲကန်တော့လိုက်ပါတယ်။ ဆိုပြီး ကျွန်တော်စာတိုက်ကနေပြီး ဒေါ်ကြီးစိုးဆီကို ငွေတရာ ပို့လိုက်ပါတယ် ဦးကြီးရေ...။
လွမ်းဆွတ် သတိရစွာနှင့်...
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment