သော်တာဆွေဟုခေါ်သည် // ပါပီယွန်
သော်တာဆွေဟုခေါ်သည် // ပါပီယွန်
---
အကြွေးမပေးတဲ့ အိမ်ပေါ်ကို ဓားမြှောင်နဲ့
တက်သွားခဲ့တယ်။ခင်ဗျာ့သား လိမ်သွားတဲ့ ကုန်ကြွေးပေးမလား မေးတယ်။
အိမ်ရှင် လူမိုက်အဘိုးကြီးက မပေးရင် မင်းဘာလုပ်မလဲတဲ့။ ဓားမြှောင်ကို ဆတ်ကနဲထုတ်တယ်။ ဓားကိုကမ်းပေးရင်း ကျနော့်ကို သတ်လိုက်ပါ ဦးလေးတဲ့။ မသတ်ရဲဘူးကွ ပေးစရာလည်း မရှိသေးဘူးဆိုတော့... အကြွေးမရမချင်း ကျနော် မပြန်တော့ဘူးလို့ ပြောရင်း ပါလာတဲ့ အိပ်ယာလိပ်ကလေးကို ထုတ်ခင်းလို့ ဘုရားစင်ရှေ့မှာ ဝင်အိပ်နေခဲ့တယ်။
တခွိခွိအော်ရယ်ရင်း ငါရေလည်ကြွေခဲ့ရတဲ့ အကွက်တွေပေါ့။ အဲ့ဒီဇာတ်ကွက်ကို ငါဘယ်တော့မှမမေ့ဘူး။
ကသာမြို့က မီးရထား၀င်းထဲ ရထားလက်မှတ်စစ် ကိုအောင်ကြီးတို့နဲ့ သောက်စားဖဲရိုက်တတ်တဲ့ ဆန်ကုန်သည်လေး။ သူလွန်းထိုးရာ မြစ်ကြီးနားက သူ့ကို ချိတ်တိတ်တိတ်ဖြစ်ပြီး ကုန်သည်သူဌေးလေးရယ်လို့ အဟုတ်မှတ်နေတဲ့ ဆန်ဆိုင်က အပျိုမလေး။ ရပ်ကွက်လူကြီးတွေကို လက်ဖက်ရည်တိုက်ပီး ယူလိုက် ဒါမျိုး ဒီနယ်မှာ ဘာမှမဆန်းပါဘူးလို့အပေါင်းအသင်းတွေက တိုက်တွန်းနေပေမယ့် အကိုဟာ လွတ်လပ်သူ မဟုတ် ... ချန်ထားတဲ့
ဆန်အိတ်တွေကို ယူလိုက်ပါတော့လို့ စာလေးတစ်စောင်ရေးထားခဲ့ပီး ရှောင်ပြေးခဲ့ပြန်တယ်။
ကသာမြို့က ဆိုးသွမ်းတဲ့ ခေါင်းကျားရဲ့ လက်ထဲက အပျက်မလေး မသူ ကို ဟီးရိုးလုပ်ပြီး ကယ်တင်တယ်။ အတည်အပေါက်နဲ့ ကျနော့်မိန်းမ ပါဆိုပီး ယူပြစ်လိုက်တယ်။ ကုန်တွေအလိမ်ခံရ ဘ၀ပျက်တော့ ရုပ်တည်ကြီးနဲ့ မသူကို ခေါ်ပြီး အိမ်ပြန်သွားတယ်။ ဆန်ကုန်သည် အဖြစ် အိမ်က ထွက်သွားရာက မယားတယောက်နဲ့ မူးစေ့အပေါက်ပဲ ပြန်ပါလာတဲ့ လူငယ်လေး။ သူ့အဖေက စောက်သုံးမကျရတဲ့အထဲ နောက်ထပ် မိန်းမတယောက် ထပ်ယူလာရသလားဆိုပြီး နှင်ချတော့မှ မသူကို အိမ်ပြန်ပို့တယ်။ နှင်းငွေ့တွေ ဝေနေတဲ့ ဂေါဝိန်ဆိပ် ... တိုင်ရို သင်္ဘောလက်ရမ်းကို မှီတွယ်လို့ မသူ ဟာ ရပ်နေခဲ့တယ်။ ကြက်ကလေးကိုပိုက်လို့တဲ့။ ပါသမျှ ပိုက်ဆံလေးတွေ ထည့်ပေးလိုက်တယ်။ ကသာကို ပြန်ပေတော့ ကံဆိုးမလေးရေ။ ငါက အသုံးမကျတဲ့ကောင်ပါ။ ငါတို့တွေ ဆန်ဆုံစား ... ကံကုန်သွားပြီဟာ။
စာဖတ်သူ ငါတို့မှာ မျက်ရည်တွေဘာတွေ ဝဲလို့ပေါ့။ အသက် ၇၀ကျော်မှာ အဘိုးကြီးဘ၀ စာရေးဆရာကြီးဘ၀နဲ့ ကသာမြို့ကို စာပေဟောပြောဖို့ ပြန်ရောက်တော့ စင်ပေါ်ကနေ မိုက်ခရိုဖုန်းနဲ့ အော်တယ်။
မသူရေ ... မင်းတယောက် ရှိသေးတယ် ဆိုရင် ... ငါ့ကို ခွင့်လွှတ်တယ်ဆိုရင် လာတွေ့ပါလားကွာ ... တဲ့။
အဲ့ဒီမှာ ငါတို့ စောက်သည်းကွဲရတာပါပဲ။
မြင်းလှည်းသမား၊ ဆန်ကုန်သည် ဘ၀ထိုထိုတွေ ကျင်လည်ရာကနေ စာရေးဆရာဖြစ်တော့လည်း
ဂျပိုးပတ်ထိုး နေတာပါပဲ။
ဘိုကပြား ယောက္ခမနဲ့ တချိန်လုံးသတ်တဲ့ အကြောင်းကို တခွိခွိဖြစ်အောင် ရေးပြနိုင်စွမ်း ရှိတယ်။ ယောက္ခမ အိမ်ပေါ်က မောင်းချတိုင်း နာနီ့ အိမ်ပေါ် တက်နေတယ်။ အင်မတန်ကြင်နာတတ်တဲ့ နာနီဆိုတဲ့ အလွတ်ပညာသင် ကျောင်းဆရာမကြီးကို စာဖတ်သူ ငါတို့ကိုယ်တိုင်တောင် အမေတော်ချင်လာတယ်။ အဲ့ဒီ နာနီ့အိမ်ကိုပဲ တွံတေးဖက်က သူ့ဘင်္ဂလားညီမလေး တရုတ်ကပြား တခုလပ်မလေး မကြင်ရွှေ လိုက်လာတော့တာ ပါပဲ။ လက်ဆောင်ပစ္စည်းလေးတွေ၀ယ်လို့၊ ရွှေတွေ လက်၀တ်လက်စားလေးတွေ၀တ်လို့ နာနီ့ကို ယောက္ခမ လောင်းမှတ်ပီး ကုန်စုံဆိုင်ပိုင်ရှင် မကြင်ရွှေလေးဟာ မသိမသာ လာဖားရှာတယ်ပေါ့။
သူ့ဘ၀အမှန်ကို သိသွားတော့လည်း မကြင်ရွှေဟာ စိတ်မပျက်ရှာဘူး။ စာတစောင် ချန်ထားခဲ့တယ်။
အကိုလေးက,သာ ကြင်ကြင်နာနာပေါင်းသင်းမယ်ဆို
တသက်လုံး ကုန်ရောင်းကျွေးမယ်ဆိုတဲ့ အကြောင်း။ ကုန်၀ယ်ပီး တွံတေးပြန်တိုင်း ငှါးစီးနေကျ သဗ္ဗာန်ခတ်တဲ့ အဘိုးကြီးကို ၃ရက်တိတိ ဆိပ်ကမ်းကနေ စောင့်ခိုင်းထားတဲ့ အကြောင်း။ မကြင်ရွှေလေးကို တကယ်ချစ်ခင်ကြင်နာစုံမက်ရင် လိုက်လာပါတဲ့။
သူ မလိုက်သွားခဲ့ဘူး။ ဓာတ်ရှင်ရုံရှေ့ မှာ မတော်တဆ ပြန်တွေ့တော့ အကိုလေးကို ညီမလေး မျှော်နေခဲ့တာ သိလား လိုက်မလာခဲ့ဘူးနော် ... ကျမ အိမ်ထောင်ပြုလိုက်ပီ အကိုလေးရာ ... ဟိုမှာ အမျိုးသားလာနေပီ ဒါပဲနော် သွားတော့မယ်... တဲ့။ သူ့စိတ်ထဲ ဘယ်လိုနေမယ် မသိပေမယ့် စာဖတ်သူ ငါတို့မှာ သက်ပြင်းတွေ ခိုးခိုးချလို့ ပေါ့။
မိုးကုတ်မြမောင် ငွေကို လေလို သုံးသူ ကိုမြမောင်။ သူတို့ နှစ်ယောက် ဘော်ဒါဖြစ်တဲ့ အခန်းဆိုရင် ငါတို့မှာ အံ့သြဘနန်း ဖြစ်ရတာပါပဲ။ မန်းလေးက ဖာတန်းတခုမှာ ခဏတာ မန်နေဂျာယောင်ယောင် လုပ်ပီး အရက်မူးနေတဲ့ သူ့ကို ကာစတမ်မာတယောက်က ကောင်မလေး တောင်းတော့ အရက်မူးမူးနဲ့ ဟေ့ .. ပိတ်ပီကွလို့ မောင်းထုတ်တယ်။ အဲ့ဒီ ကာစတမ်မာက နာမည်ကျော် မိုးကုတ်မြမောင်ပဲ။ ဘ၀မှာ ဟင့်အင်း ဆိုတာ မရှိဖူးတဲ့ မိုးကုတ်မြမောင်ဟာ အရက်မူးမူးနဲ့ အိမ်ပြန်ပီး ခြောက်လုံးပြူး သွားယူတယ်။ ဖာမန်နေဂျာကို ပစ်သတ်မယ်ကွ ပေါ့။ ဟေ့ကောင် ထွက်ခဲ့စမ်း လို့ ခေါ်ထုတ်တော့ ထွက်လာတယ်။
သော်တာဆွေတဲ့ကွ ... လို့ အော်ရင်း
ဟမ်... မင်း သော်တာဆွေ လား
ဒါဆို မဆိုင်ဘူး။ ကမ်းမောန် ရှိတ်ကန်း မင့်စာတွေ ငါသိပ်ကြိုက်တာကွ လာစမ်းပါ ငါနဲ့ သောက်ကြမယ်တဲ့။
ချစ်စရာကောင်းတဲ့ ဇာတ်ကွက်လေး။
နောက်တော့လည်း နာမည်ကျော် မိုးကုတ်မြမောင်ဟာ သူ လပေးနဲ့ နေတဲ့ ကမ်းနားလမ်းဟိုတယ်ကနေ ချက်ပလက်ဘဲအဲယားကြီး မောင်းလို့ (၇)မိုင် ရွာတန်းရှည်က သူ့အိမ်ကို လာလာပီး အန်တီမေ့လက်ရာ ငါးပိရည်လေး လာလာတွယ်တဲ့ အထိ ချစ်ခဲ့ကြတာ မဟုတ်လား။
ပွေလီရှုပ်ထွေးလွန်းတဲ့ သူဟာ နောက်ဆုံးမှာ အပြင်မှာ မမြင်ဖူးခဲ့တဲ့ တောင်ကြီးက စာရည်းစား ဆရာမလေးမေ ကို ရန်ကုန်ဘူတာကြီးမှာ ဒီတခါပါပဲ ဆိုပီး ပြေးတွေ့တယ်။ ရထားကြီး ထွက်သွားတယ်။ ဆရာမလေး မေ မလိုက်သွားခဲ့ဘူး။ မီးရထားဟိုတယ်ထဲမှာ သူတို့ နှစ်ယောက် တအိုးတအိမ် ထူထောင်လိုက် သတဲ့။ နှစ်ဖက်စလုံးက လွတ်လပ်သူတွေ မဟုတ်ခဲ့လေတော့ အတော်ရှုပ်ထွေးခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီအကြောင်းတွေ သူ သိပ် မရေးပြဘူး။ ဒါပေမယ့် စာဖတ်သူ ငါတို့ နားလည်သွားခဲ့ရတယ်။
သူ ဆရာမလေး အန်တီမေ့ကို အရမ်းချစ်တယ်။
နောက်ထပ် ဘာတစ်ခုမှ ထပ်ပီး မပွေလီတော့ပါ။ (၇)မိုင် ရွာတန်းရှည်က ခြံ၀န်းထဲ ဟိုဖက်ဒီဖက် ပါလာတဲ့ သားသမီးတွေ အတူဆော့ကစားကြရင်း သတ်ကြပီဆို အော်ကြတယ်။
ဟေ့ နင့်ဟာ နဲ့ ငါ့ဟာ သတ်နေကြပီ သွားထိန်းလိုက်ဦး ... တဲ့
အဲ့ဒါကိုဖတ်ရင်း ငါတို့မှာ အော်ရယ်နေရတယ်။
ဝတ္ထုရေးရင်း ငွေရေးကြေးရေး အဆင်မပြေလို့ စားရိတ်သိပ်မထောက်နိုင်တဲ့အခါ ... အသက်(၁၇)နှစ်အရွယ်က စစ်ပြေးရင်းညားခဲ့ရတဲ့ ပထမအိမ်ထောင် နော်မာ တယောက် လိုက်လာတယ်။ ကျမနဲ့ မအိပ်ရလို့ ကလေးစားရိတ်သိပ်မပေးတာမျိုးလို့ သူများတွေကပြောတယ် ဟုတ်သလားတဲ့။ အိပ်ချင်အိပ်လို့ ရပါတယ်။ ကလေး စရိတ်တော့ မလျှော့ပါနဲ့ တဲ့။ သူ စိတ်ထိခိုက်သွားတယ်။ အန်တီမေ့ဆီက ပိုက်ဆံလေး တောင်းပီး နော်မာ့လက်ထဲ ထိုးထည့်တယ်။ ငါ အဆင်မပြေလို့ပါဟာ ခုခါမှာ နင်က ငါ့နှမလေးပါတဲ့။ ထီးကလေးဆောင်းလို့ သူပေးတဲ့ ပိုက်ဆံလေးယူပီး ထွက်သွားရှာတဲ့ နော်မာ့ ကျောပြင်လေးကို ငေးနေခဲ့တဲ့အခန်း ငါတို့ စိတ်ထဲ ဆို့နင့်နင့်ကြီး။
အသက်အရွယ်ရလာတဲ့ အခါ မြေးတွေရလာ။ မယားပါသား က ကလေးကို ဆိုးလို့ရိုက်တဲ့ အခါ သူ မခံစားနိုင်ရှာဘူး။
ဒေါသတကြီး အော်ဟစ်တယ်။
ဟေ့ကောင် ... မင်း ငါ့သားမဟုတ်ဘူး ငါ မင့်ပထွေးကွ ဒါပေမယ့် မင်းဒီအိမ်ကို ရောက်လာ ကတည်းက ငါ လက်နဲ့တချက် ရွယ်ဖူးခဲ့သလား ငါ့မြေးကို မရိုက်ပါနဲ့ကွာ ... တဲ့
မေတ္တာတရားဟာ မထူးဆန်းဘူးလား။
၁၉၉၅ မဂ္ဂဇင်းတခုထဲ အခန်းဆက်ရေးနေရင်း တလမှာ သူပြောခဲ့တယ်။
ဆရာမလေး အန်တီမေ မရှိတော့ဘူးတဲ့။
ကျနော်ဟာ မုဆိုးဖိုလေး ဖြစ်တာ (၁၄)ရက် ကြာသွားပီတဲ့။
အဲ့ဒါ ဖတ်ရပီး သိပ်မကြာပါဘူး။
သူ့စာတွေ ငါတို့ ဆက်မဖတ်ရတော့ဘူး။ အန်တီမေ မရှိတော့တဲ့ လောကကြီးမှာ သူ့အဖို့ရာ ရှင်သန်ဖို့ ခက်ခဲလွန်းတယ် ထင်တာပါပဲလေ။
ငါတို့ ဖတ်ဖို့ စာတွေ အများကြီး ချန်ထားပီး ထွက်ခွါသွားခဲ့တယ်။
ဖဲသမား၊ ကစော်သမား၊ မြင်းလှည်းသမား၊ ဆန်ကုန်သည်၊ ကြက်သမား၊ဟာသစာရေးဆရာ၊ ဘ၀သရုပ်ဖော်စာရေးဆရာ အစရှိသဖြင့် ဘဝပေါင်းများစွာ ကျင်လည်ဖူးတယ်။ ဘယ်တုံးကမှ စာရိတ္တမောင်လို့ သူ့ကိုယ်သူ မပြောသွားဘူး။ အပျက်မလေး မသူ ကို ကာကွယ်ခဲ့တယ်။ ကျနော့် မယားပါလို့ ပြောရဲတယ်။ ကိုယ့်မကောင်းကြောင်း ကိုယ်ပြောရဲတယ်။ ဘ၀မှာ ဘာကြီး ဖြစ်နေနေ တဟီဟီနဲ့ ဖြတ်သန်းပြတယ်။ နေရဲတယ်။ သေရဲတယ်။ မိုက်ရဲတယ်။ လိမ္မာရဲတယ်။ ရှုပ်ထွေးပွေလီတယ်။ ဒါပေမယ့် အဲ့ဒီအကြောင်းအရာတွေကို မကွယ်မဝှက် ပြောပြရဲတယ်။ ကြောင်သူတော်ယောင် ဆောင်မပြသွားဘူး။ ဆရာမလေး အန်တီမေ့ကို ချစ်တယ်။ မရ ရအောင် ယူလိုက်တယ်။ လိုချင်တာ ရပီးတဲ့နောက်မှာ တည်ငြိမ်တဲ့ လူကြီးတယောက်ဘ၀နဲ့ တည်တည်တံ့တံ့ ရှင်သန်သွားခဲ့တယ်။
အဲ့ဒါဟာ သော်တာဆွေပါပဲ။
---
#ပါပီယွန်
#သော်တာဆွေဟုခေါ်သည်
#shared_by_louis_augustine
Comments
Post a Comment