သူများဖြစ်ရင် // အောင်သင်း

သူများဖြစ်ရင် // အောင်သင်း

---

တက္ကသိုလ်နောက်ဆုံးနှစ်အတန်း၊ နောက်ဆုံး စာမေးပွဲကို ဖြေဆိုကြရသော ကျောင်းသားများသည် အခြားတန်းငယ်ကျောင်းသားများထက်ပို၍ စိတ်လှုပ်ရှားကြမည်ဟု ကျွန်တော် ထင်ပါသည်။ စိတ်လှုပ်ရှားပုံမှာ စာမေးပွဲအတွက် စိတ်လှုပ်ရှား နည်းမျိုးမဟုတ်။ ဆန့်ကျင်ဘက်အင်အား နှစ်ခုကြားတွင် လူး လွန့်နေရသော လှုပ်ရှားနည်းမျိုးဖြစ်သည်။

နောက်ဆုံးနှစ် ဘွဲ့ယူရတော့မည့် စာမေးပွဲဖြစ်သော ကြောင့် ကြိုးစားပမ်းစားလည်း ဖြေကြသည်။ အောင်ချင်သည်။ လောကမြေတစ်ခွင်တွင် ခြေတင်ပြီးလျှောက် လှမ်းနိုင်ကြတော့မည်။

ထို့ကြောင့် အောင်ချင်သည်။ 

သို့သော် အောင်သွားပြီးလျှင် တက္ကသိုလ်သို့ နောက်ထပ် မလာရတော့ပြီ။ ကံ့ကော်တောနှင့် ဝေးပြီ။ ပိတောက်လမ်းကို မလျှောက်လှမ်းရတော့ပြီ။ အင်းလျားစပ်တွင် ကြည်နူးခွင့် မရတော့လေပြီဟူသော အတွေးတို့ကလည်း သူတို့နှလုံးသားကို ညှိုးငယ်နွမ်းလျသွားစေသည်မှာ အမှန်ဖြစ်သည်။
ထိုတက္ကသိုလ်လွမ်းစိတ်သည် အချို့သောသူတို့၏ ဘဝ ကို ပြောင်းလဲသွားစေတတ်သည်။

တက္ကသိုလ်ဆရာ တော်တော် များများသည် တက္ကသိုလ်လွမ်းစိတ်ကြောင့် မခွာနိုင်မခွဲရက် ဖြစ်ကာ ပြင်ပက ဩဇာအာဏာကြီးမားသည့် လုပ်ငန်းရာထူး ကြီးများကို ကျောခိုင်းပြီး ပညာကလွဲပြီး ဘာမျှမရှိသည့် ဆရာ ဘဝနှင့် အရိုးထုတ်သွားကြခြင်း ဖြစ်သည်။

နောက်ဆုံးမေးခွန်းလွှာပြီးကြသည်နှင့် တစ်ပြိုင်နက် အချင်းချင်း နှုတ်ဆက်ကြ၊ လိပ်စာပေးကြ၊ အော်တိုရေးကြ၊ ဆရာတွေကို ကန်တော့ကြ၊ ရယ်ကြ၊ မောကြ၊ မျက်ရည်ဝေ့ကြ ဆိုသည်မှာ နှစ်စဉ်မြင်ကွင်းများသာ ဖြစ်နေပါတော့သည်။
       
စာမေးပွဲဖြေပြီး နောက်တစ်နေ့တွင် လှရွှေ တစ် ယောက် ကျွန်တော့်ထံ ပေါက်လာပါသည်။ ခါတိုင်းလိုပဲ သူ့ကို ရယ်ရယ်မောမော နှုတ်ဆက်လိုက်မည်ပြုပြီးမှ သူ့ကို သတိထား ကြည့် လိုက်တော့ မျက်နှာက ညှိုးညှိုးငယ်ငယ် ဖြစ်နေရုံမက မျက်ရည် မကျအောင် မနည်းတင်းထားရလေဟန် ရှိသော
ကြောင့် အလိုက်သိစွာပင် ကိုယ်ရှိန်သတ်ပြီး သူ့စကားကိုစောင့်နေမိပါသည်။

အတော်လေး ကြာသွားမှ -

“ကျွန်တော့်ဖေဖေ ဆုံးသွားပြီ ဆရာ”

“ဟင်” 

ဟုသာ တစ်ချက်မြည်တမ်းလိုက်မိပြီး ကျွန်တော် လည်း ဘာကိုမျှ ဆက်မပြောနိုင်ပါ။ ခဏရှိတော့မှ သူက ဆက်လက်၍ -

“ရက်လည်ဆွမ်းသွပ်ပြီးကြပါပြီ။ ကျွန်တော် စာမေး ပွဲဖြေနေတာမို့ ဖုံးထားကြတာပါ။ ရန်ကုန်က ကျွန်တော့်အစ်ကို ဝမ်းကွဲတစ်ယောက်ဆီကိုတော့ ဖုန်းလဲ ဆက်ထားတယ်။ စာလဲ ရေးလိုက်ကြပါတယ်။ မနေ့က စာမေးပွဲပြီးလို့ ဒီနေ့မနက်မှ လာပြီး ပြောပြသွားပါတယ်” 

သူက ကျွန်တော့်ကို ပြောနေသည်မှာ အကူအညီ တောင်းလို၍ မဟုတ်၊ အကြံဉာဏ်တောင်းလို၍လည်း မဟုတ်။ သူ ခင်မင်ရိုသေသော ဆရာဖြစ်၍ လည်းကောင်း၊ ခံစားနေရသည့် ဝေဒနာကို ဖွင့်ထုတ်လို၍ လည်းကောင်း၊ ကျွန်တော့်အားလာပြောနေခြင်းဖြစ်ကြောင်း ကျွန်တော် နားလည်လိုက်ပါသည်။ သူ့ဖခင်မှာ အစိုးရအရာရှိတစ်ယောက် ဖြစ်သည်။ တစ်အိမ်လုံးမှာ ဖခင်ဝင်ငွေကိုသာ အမှီပြုပြီး ခြိုးခြံချွေတာစွာ နေကြရသည်။ သူက အကြီးဆုံးသားယောက်ျားလေးဖြစ်သည့်ပြင် ညီငယ် ညီမငယ် သုံးယောက် ရှိနေသေးသည်ကိုလည်း ကျွန်တော် သိထားခဲ့ပြီးဖြစ်သည့်အတိုင်း ရုတ်တရက် မမျှော်လင့်ဘဲ တာဝန်ကြီး ပိလာလိုက်သည့် သူ့အဖြစ်ကို ကြည့်ပြီး

“ဪ ဖြစ်ရလေခြင်း”

ဟု ကရုဏာသက်လိုက်မိပါသည်။

“အင်း ... အေးလေ၊ ဒီလိုဆိုတော့ မင်းမှာ တာဝန်ကြီး ထမ်းဖို့ ဖြစ်လာပြန်ပြီပေါ့”

“ဟုတ်တယ်ဆရာ၊ မေမေကလဲ သိပ်ပြီး ကျန်းမာ လှတာ မဟုတ်ဘူး။ ကျောင်းတက်နေတဲ့ ညီလေး၊ ညီမလေးတွေ ကလဲ ရှိသေးတယ်”

အခြေခံပစ္စည်းပစ္စယ ကြွယ်တောင့်ကြွယ်ဝ မဟုတ်လှသော သူတို့၏ မိသားစုအခြေအနေကို သိပြီးဖြစ်သည့်အတိုင်း သူ့အတွက် ကျွန်တော်ပါရောပြီး မွန်းကျပ်သွားမိပါသည်။ သူ့ကို ဘယ်လိုစကားမျိုးပြောပြီး နှစ်သိမ့်ရပါမည်နည်း၊ “သင်္ခါရပေါ့။ အနိစ္စပေကိုး၊ သေမျိုးချည်းပါပဲ” ဆိုတာမျိုးတွေကိုလည်း ကျွန်တော် ပြောမနေချင်တော့။ သို့နှင့် အတော်ကြာကြီးငိုင် နေပြီးမှ -

“လှရွှေ မင်းကို ငါ သိပါတယ်။ ဆိုလိုတာက မင်းစိတ် နေစရိုက်ကို ငါ သိပါတယ်။ မင်းဟာ တာဝန် သိတတ်သူ၊ တာဝန်ယူတတ်သူတစ်ယောက် ဖြစ်တယ်။ ဒါ့ကြောင့်လဲ မင်းရဲ့ မိသားစုအတွက် စိတ်ပူနေတာပေါ့လေ။ ပုံသေတွက်ထားစေချင်တာတစ်ခုက တာဝန်သိစိတ်ရှိသူတွေ၊ တာဝန်ထမ်းတတ်တဲ့သူတွေဟာ တာဝန်ကို ထမ်းနိုင်လာကြစမြဲပဲ။ တာဝန်ထမ်းနိုင်တဲ့သူတွေကို လောကကြီးက တာဝန်ကို ယုံကြည် အပ်နှင်းစမြဲပဲ။ လောကကြီးက ယုံကြည်အပ်နှင်းလာတဲ့သူတွေဟာ ကြီးမြင့်လာစမြဲပဲ။ ဒါကြောင့် မင်းဟာ တစ်နေ့မှာ ကြီးမြင့်လာမှာပဲဆိုတာကိုတော့ ငါက တကယ့်ကို ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုလောလောဆယ်မှာတော့ဖြင့် မင်းအဖို့ တွေးလိုက် တိုင်း စိတ်အားငယ်စရာတွေချည်း ဖြစ်နေမှာပဲ”

“ဟုတ်တယ်ဆရာ၊ ကျွန်တော့်အတွက်ထက် မေမေ့ကို ပိုပြီးသနားတယ်။ နောက်ပြီး ညီမလေးတစ်ယောက်က အလွန် စိတ်အားငယ်တတ်တယ်။ သူ့ကိုလဲ သနားတယ်၊ ဖေဖေ ဆုံးသွားလိုက်တော့ သူ ဘယ်လောက်များ ငိုလိုက်ရှာမလဲလို့ တွေးလိုက်မိရင် စိတ်ကို မကောင်းတော့ဘူး ဆရာ”

“အေးပေါ့ကွာ။ ဒါပေမဲ့ လှရွှေရေ ကိုယ့်ကိုယ်ကို သိပ်ပြီးသနားနေရင် မဟန်ဘူးကွ၊ မင်းလိုပဲ သူများတွေလဲ ဖြစ်ဖူးတာပါပဲ။ ငါတို့တစ်တွေက သူများတွေဖြစ်ရင် ကိုယ်လဲ ဖြစ်နိုင်တယ်ဆိုတာကို ကောင်းတဲ့ကိစ္စမျိုးတွေကျတော့မှသာ တွေးမိတတ်ကြတာ။ သူများ ထီပေါက်ရင် ကိုယ်လဲ ပေါက်နိုင်တယ်ဆိုပြီး တွေးတယ်။ ထီထိုးကြတယ်။ ဒါပေမဲ့ သူများ ကားတိုက်ခံရရင် ကိုယ်လဲ ကားတိုက်ခံ ရနိုင်တယ်ဆိုတာ မျိုးကျတော့ မတွေးမိဘူး။ မတွေးချင်ဘူး၊ ခုလဲပဲ သူများတွေမှာ အဖေသေတော့ ငါလဲ ငါ့အဖေ သေသွားနိုင် တယ်လို့ မင်းလဲ ဘယ်တွေးခဲ့မိပါ့မလဲ"

ကျွန်တော်က စကားကို ရပ်ထားလိုက်ပါသည်။ ကျွန်တော့်စကား မဆုံးသေးကြောင်းကို သူသိပါသည်။ ထို့ကြောင့် ဘာမျှမပြောဘဲ ငြိမ်ပြီး နားထောင်နေပါသည်။

“ကဲ - ခုတော့ သူများတွေ အဆိုးကို ကြုံရသလို
ကိုယ်လဲ ကြုံလာခဲ့ပြီးပြီ။ အကောင်းဘက်ကို လှမ်းပြီး တစ်လှည့် ကြည့်လိုက်ကြဦးစို့ကွာ။ သူများတွေ တာဝန်ထမ်းနိုင်ရင် မင်းကော ဘာကြောင့်မထမ်းနိုင်ရမှာလဲ။ သူများ ကြီးပွားအောင် လုပ်နိုင်ရင် မင်းကော ဘာကြောင့်မလုပ်နိုင်ရမှာလဲ။ သူများတွေ ဖြစ်ရင် မင်းလဲ ဖြစ်နိုင်တယ်လို့သာ အောက်မေ့ပြီး ကြိတ်ပေတော့ကွာ”

ကျွန်တော်ပြောနေသော လေသံက တရားချနေသော လေသံလည်း မဟုတ်။ အားပေးနေသော လေသံလည်း မဟုတ်။ လောကသဘာဝကြီးကို သုံးသပ်ပြီး လုပ်ဆောင်ရန်သာ ဖြည်းဖြည်းသက်သာ ပြောနေခြင်း ဖြစ်ပါသည်။

သူလည်း မတွေးနိုင်၊ မကြံနိုင်ဖြစ်ကာ ဝေဝါးနေပုံရပါ သည်။ မည်သူမဆို သူ့နေရာ ရောက်နေလျှင်လည်း ဤသို့ နှင်နှင်သာ ဖြစ်လိမ့်မည် ထင်ပါသည်။ 
အတော်လေးကြာမှ လေးလေးပင်ပင် သက်ပြင်းချ လိုက်ရင်း သူက -

“အမှန်ပြောရရင် ဘယ်ကစပြီး ဘာလုပ်လိုက်ရမှန်းကို မသိအောင် ဖြစ်နေပြီ ဆရာ”

“အေး မင်းပြောတာလဲ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကနေပြီး စဉ်းစားနေကြရတာကိုးကွ။ အိမ်ပြန်ရောက်ရင်တော့ အခြေခံကနေစပြီး စဉ်းစားစရာ အချက်တွေကို တွေ့လာ မှာပေါ့။ ငါတို့ငယ်ငယ်က ဂျော်မက်ထရီ တွက်ကြသလိုပေါ့ကွာ။ ပေးထားချက်ဘာမှမရှိဘဲနဲ့တော့ ဘယ်လိုလုပ်ပြီးတွက်မလဲ။
မင်းမှာလဲ ပေးထားချက်က အဖေသေတယ်။ မိသားစု တာဝန်ကို မင်း ထမ်းရတော့မယ်။ ဒီတော့ ပေးထားချက်က မပြည့်စုံသေးဘူးကွ၊ အိမ်ပြန်ရောက်လို့ ပေးထားချက်တွေ ပြည့်စုံလာရင် မင်း ဖြေရှင်းနိုင်မှာပါ”

ကျွန်တော်ကိုယ်တိုင် သူ့ကိုပြောနေရင်း စိတ်အားထက်သန်လာသောကြောင့် စကားတွေ တသီကြီးကို ဆက်တိုက်ပြော ချလိုက်မိပါသည်။

“ဒီမယ် လှရွှေ၊ သေချာဂရုစိုက်ပြီး နားထောင်လိုက် စမ်းကွာ။ ငါဖတ်ဖူးတဲ့ ပါမောက္ခကြီးတစ်ယောက်အကြောင်းကို ပြောချင်တယ်။ အဲဒီအချိန်မှာ “ယူဘုတ်” လို့ ခေါ်တဲ့ ဂျာမန် ရေငုပ်သင်္ဘောတွေက ဗြိတိသျှရေတပ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတဲ့အချိန်ပဲ။ ဒီတော့ ဝန်ကြီးချုပ် မစ္စတာချာချီလ်က လေတပ်ဦးစီးချုပ်ကို ခေါ်ပြီး “လက်ရှိ အင်အားအပြင် နောက်ထပ် မပေးနိုင်တော့ဘူး။ ဒါပေမဲ့ လက်ရှိအင်အားနဲ့ကိုပဲ ရန်သူ “ယူဘုတ်” တွေကို နှစ်ဆတိုးပြီး ဖျက်ဆီးဖို့ အမိန့်ပေးတယ်။ လေတပ်အရာရှိတွေလဲ ဘယ်လိုလုပ်ရမယ် မသိကြဘူး။ ဒါနဲ့ တက္ကသိုလ်က ပညာရှင်ပါမောက္ခတွေဆီပြေးကြရတယ်။ ပါမောက္ခတွေလဲ သူတို့သင်တန်းတွေနဲ့မို့ မကူညီ နိုင်ကြဘူး။ ဒီအချိန်မှာ သတ္တဗေဒဌာနက ပါမောက္ခတစ်ယောက်က သူ့ဘာသာရပ်မှာ ကျောင်းသားမရှိသေးလို့ အားနေတယ်။ အားနေတယ်ဆိုတာက သင်တန်းမရှိတာကို ပြောတာ။ သူတို့ကတော့ ဘယ်တော့မှ အားနေတာ မဟုတ်ဘူး။ ငါတို့လိုအားအားရှိရင် ဦးချစ်ဆိုင်မှာ ထိုင်ပြီး လေပစ်နေတာမျိုး မဟုတ်ဘူး။ တစ်ခုခုတော့ သုတေသန လုပ်နေကြတာ။ 

ငါ မှတ်မိသလောက် အဲဒီအချိန်မှာ သူ လုပ်နေတဲ့ သုတေသနက “စီစီဖလိုင်း” လို့ခေါ်တဲ့ ယင်ကောင်ကလေးတွေ ရဲ့ နှုတ်ခမ်းမွေးခြောက်ချောင်းမှာ ဘယ်လို အစားမျိုးကို
ကျွေးရင် အပြင်နှုတ်ခမ်းမွေးနှစ်ချောင်းက တိုသွားတယ်။ ရှည်သွားတယ် ဆိုတာမျိုးပေါ့။ ဘေးက မသိတဲ့၊ နားမလည်တဲ့ ငါတို့လို လူတွေအဖို့ အူကြောင်ကြောင် အောက်မေ့ချင်
အောက်မေ့မှာပေါ့။ ဒါပေမဲ့ သူတို့လို သုတေသီတွေအဖို့ ဧရာမကိစ္စကြီးတွေကို လုပ်နေကြတာ။ အဲဒါနဲ့ သူ့ဆီကို သွားပြီး အကူအညီတောင်းကြတော့ တိုင်းပြည်အရေးမို့ သူ့လုပ်ငန်းကို ခဏချထားပြီး ကူညီဖို့ ပြင်ဆင်ရတယ်။

သူက လေတပ်တွေ ယူဘုတ်တွေ ဆိုတာကို ဘာမှနား လည်တာ မဟုတ်ဘူး။ ဒါကြောင့် လေယာဉ်တွေ လေယာဉ် စခန်းတွေ၊ လေယာဉ်ထားတဲ့ နေရာတွေ၊ တက်ပုံ၊ ဆင်းပုံတွေကို
သေချာကွင်းဆင်းပြီး လေ့လာရတယ်။ သက်ဆိုင်ရာတွေကလဲ သူမေးသမျှ ဘယ်လောက်သေးဖွဲတဲ့ ကိစ္စကိုဖြစ်ဖြစ် သေချာ ဖြေကြရတယ်။

တိုတိုပြောရရင်တော့ကွာ နောက်ဆုံးမှာ “အော်ပရေး ရှင်နယ်လ်ရီဆော့ချ်” လို့ခေါ်တဲ့ သင်္ချာပညာသစ်ကြီး တစ်ရပ်ကို ပေါ်ပေါက်လာတော့တာပဲ။ သူက စင်စစ်အားဖြင့် သတ္တဗေဒ ပါမောက္ခကြီးပါပဲ။ ဒါပေမဲ့ သုတေသနလုပ်နည်း၊ စဉ်းစားနည်း
ကို အလေ့အထုံကြီးလာသူဖြစ်လေတော့ ဒီနည်းနဲ့ပဲ အဖြေရှာ လိုက်တာပါပဲ။

သူ့စီစဉ်မှုစနစ်အတိုင်း လိုက်နာပြီး ဆောင်ရွက် လိုက်ကြတာ၊ တကယ့်ကို ရှိရင်းအင်အားနဲ့ပဲ ရန်သူယူဘုတ်တွေကို နှစ်ဆတိုးပြီး မြှုပ်နိုင်ခဲ့တယ်။ ဂျာမန်တွေမှာလဲ သူလျှိုတွေ၊ ဘာတွေရှိကြလေတော့ ဒီအကြောင်းကို သိကြပြီးဖြစ်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဂျာမန်တွေ စစ်ရှုံးခါနီးမှာ သူတို့လုပ်ရပ်တွေ ပြန်ပြီးသုံးသပ်ကြတော့ ဒီအကြောင်းကို ထည့်ပြီး ပြောကြ တယ်။ ရန်သူသည် သိပ္ပံပစ္စည်းကိုသာ မဟုတ်၊ သိပ္ပံနည်းစနစ် ကိုပါ သုံးခဲ့ကြသည်။ ငါတို့က ထိုသိပ္ပံနည်းစနစ်ကို မသုံးခဲ့ကြလို့ ကောက်ချက်ချကြတယ်။

ဒီတော့ လှရွှေရေ၊ မင်းဟာ ငယ်ငယ်ကတည်းက ဂျော်မက်ထရီလို ကျိုးကြောင်းဆက်စပ်ပြီး စဉ်းစားရတဲ့ လေ့ကျင့်မှုမျိုးတွေကိုလဲ အခြေခံရခဲ့ပြီ။ တက္ကသိုလ်မှာလဲ ယုတ္တိဗေဒလို ကျိုးကြောင်းဆင်ခြင်ပုံစနစ် လေ့ကျင့်ခဲ့ရပြီးပြီ။ မြန်မာစာလိုဟာမျိုးကို သင်ခဲ့ရလို့ ကိုယ်ပြောချင်တာကို သူများ နားလည်အောင်လဲ ပြောတတ်ပြီ။ နားဝင်အောင်၊ နားကျ အောင်လဲ ပြောတတ်ပြီ။ မင်းတတ်ခဲ့တဲ့ပညာတွေကို လက်တွေ့ လောကမှာ မီးကုန်ယမ်းကုန် သုံးပေတော့ကွာ။ တက္ကသိုလ်က သင်ပေးလိုက်တဲ့ပညာ၊ တက္ကသိုလ်ထရိန်နင်ဆိုတာ စဉ်းစား တတ်အောင် လေ့ကျင့်ပေးလိုက်တာပါပဲ။ အိမ်ပြန်ကွာ။ လေ့လာကွာ။ ပေးထားချက်တွေကို ရှာကွာ။ စဉ်းစားကွာ။ဘယ်ကစပြီး လုပ်ရမယ်ဆိုတာ တွေ့လာပါလိမ့်မယ်”

ဤသို့လျှင် စကားရှည်ကြီးကို ကျွန်တော် ပြောလိုက်ပါ သည်။ သူလည်း သေချာဂရုစိုက်ပြီး နားထောင်ပါသည်။

လှရွှေတစ်ယောက် ပြန်သွားသည်။ ပြန်သွားပြီးစ လောက်တွင်တော့ စာသုံးလေးစောင်လောက် လာသေးသည်။ သူ့စာများတွင် လူပင်ပန်းကြောင်း၊ စိတ်ပင်ပန်းကြောင်း၊ တစ်ခါ တစ်ရံ စိတ်ဓာတ်ကျမိကြောင်း၊ ကျွန်တော့်စကားများ ပြန်လည် သတိရပြီး အားတင်းရကြောင်း စသည်တို့ ပါလာတတ်လေ့ ရှိပါ သည်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်လွမ်း ဆွတ်မိကြောင်းမှာ စာတိုင်းတွင် တမ်းတမ်းတတ ပါလာတတ်လေ့ ရှိပါသည်။ နောက်တော့ စာအဆက်အသွယ် ပြတ်သွားပါသည်။ သူလည်း လုပ်ငန်းတာဝန်တွေကြားမှာ မျောနေရှာပါ လိမ့်မည်။ ကျွန်တော်လည်း သူ့ကို တစ်ခါတလေမှသာ သတိရ နိုင်ပါတော့သည်။

---

၁၉၈၃-၈၄ စပ်ကူးမပ်ကူး စာဆိုတော်ရာသီတွင် စာပေ ဟောပြောပွဲအတွက် လှရွှေတို့မြို့သို့ ကျွန်တော် ရောက်သွားတော့ စာပေလုပ်သားအဖွဲ့က စီစဉ်ထားသည့် တည်းခိုအိမ်တွင် အသင့်စောင့်နေသော လှရွှေကို တွေ့ရပါသည်။ မျက်နှာမှာ အနည်းငယ်ရင့်လာသယောင်ရှိသော်လည်း သိပ်မပြောင်းလဲ လှပါ။ နည်းနည်းပြောင်းလဲသည်က ဗိုက်ရွှဲတော့မယောင်ယောင် ရှိလာခြင်း ဖြစ်ပါသည်။
ကျွန်တော်က တွေ့လျှင်တွေ့ချင်း -

“ခွေးကောင် - စာလေး ဘာလေးတောင် ရေးဖော်မရတော့ဘူး”

ဟု ပြောပြီး ဇက်ပိုးကို တစ်ချက်အုပ်လိုက်တော့ သူသည် မြူးထူးစွာ ရယ်မောလိုက်ရင်း ကျောင်းသားငယ်လေးလို ပြန်ဖြစ်သွားပါသည်။

ခဏရှိတော့ လူရှင်းရာထောင့်တစ်ခုတွင် ကျွန်တော်တို့ စကားလက်ဆုံကျမိကြသည်။

“ဆရာရေ ... စာမရေးဖြစ်တာကိုတော့ ခွင့်လွှတ်ပေတော့၊ ဒါပေမဲ့ ဆရာ့ကို အမြဲသတိရပါတယ် ဆရာ။ ကျွန်တော်လဲ ဆရာပြောလိုက်သလို တက္ကသိုလ်က သင်ပေး လိုက်တဲ့စဉ်းစားနည်းကို အသုံးချရမှာပဲဆိုပြီး မေးလိုက်၊ စမ်းလိုက်၊ ပြေးလိုက်၊ လွှားလိုက်၊ လဲလိုက်၊ ထလိုက်နဲ့ တစ်နှစ် ကျော်ကျော်ဟာဖြင့် အလူးအလဲပဲ ဆရာရေ့။ အိမ်မှာရှိတဲ့ ရွှေတိုငွေစလေးတွေ ပြုတ်သွားတဲ့ပြင် အိမ်ကိုတောင် ခဏပေါင် ထားရသေးတယ်။ 

လုပ်တာတော့ဖြင့် ဘာလုပ်သလဲ မမေးနဲ့၊ ဥပဒေနဲ့ လွတ်တဲ့ ပစ္စည်းမှန်သမျှ အကုန်လုပ်တာပဲ၊ ကားပစ္စည်းရော၊ ဂုန်နီအိတ်ရော၊ ငါးပိငါးခြောက်ရော စုံနေတာပဲ။ နောက်ဆုံး ကိုက်တဲ့ကုန်ဆိုရင် မြွေပွေးတောင်လုပ်မယ်ဆိုပြီး တွယ်ရတော့ တာပဲ”

ကျွန်တော် ရယ်လိုက်မိပါသည်။ ယခုတော့ လှရွှေက ပွဲရုံပိုင်ရှင်ကြီး ဦးလှရွှေဖြစ်နေပါ
လေပြီ။ သူ့မိသားစုအကြောင်း မေးကြည့်လိုက်တော့ -

“မေမေလဲ နေကောင်းပါတယ် ဆရာ၊ ညီတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ကတော့ ကောလိပ်ရောက်နေကြပြီ။ အငယ်ဆုံးမလေးကတော့ ဒီနှစ် ဆယ်တန်းဖြေမှာပါ။ ဆရာ ပြောတာတွေကိုပဲ ကျွန်တော့်မှာ သူတို့ကို ပြန်ပြောနေရတယ်။ တက္ကသိုလ်ဆိုတာ စာတင်သင်တာ မဟုတ်ဘူး။ စဉ်းစားနည်းကို ပဓာနထားပြီး သင်တာ။ စာသာတတ်ပြီး စဉ်းစားနည်းကို မတတ်ခဲ့ရင် ဘာဘွဲ့ကြီးကိုပဲ ရနေနေ အဓိပ္ပာယ်မရှိဘူး။ စဉ်းစားနည်းကို ရခဲ့ရင် ဘယ်ဘာသာယူပြီး ဘာဘွဲ့ကိုပဲ ရရ အဓိပ္ပာယ်ရှိတယ်လို့ မကြာခဏ ပြောနေရတယ် ဆရာရေ့”

ဪ... တစ်ခါကတုန်းက တပည့်တွေ။

---

#အောင်သင်း
#သူများဖြစ်ရင်

#shared_by_louis_augustine
#sbla

Comments