ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဗိုလ်ကြည် ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဗိုလ်ကြည် ) // သော်တာဆွေ

---

ဗိုလ်ကြည်

---

၁၉၅၁-ခုနှစ်၊ ကျွန်တော်ဆရာမြမျိုးလွင်အိမ်တွင်နေစဉ် တနေ့သောနံနက်၌ စစ်မော်တော်ကားနှင့် စစ်ဗိုလ်တဦး ရောက်လာကာ ကျွန်တော်နှင့် ဆရာလွင်ကိုမိတ်ဖွဲ့ပြီး သူတို့ တပ်မှူး ဗိုလ်မှူးစိုးရ ထုတ်နေသော “ကလောင်စုံမဂ္ဂဇင်း” တွင် ရေးသားပေးပါရန် စာမူတောင်းခံသည်။ (ဗိုလ်မှူးစိုးရကား ယခုတပ်မှထွက်ကာ ရဲစိုမည်သော စာရေးဆရာဖြစ်နေသည်။) ထိုစဉ်က ကျွန်တော်သည် ဗိုလ်ကြည်အား ကလောင်စုံမဂ္ဂဇင်းအတွက် “ပါပါ ကျွန်တော် မှားပါပြီ”မည်သော ဝတ္ထုကို ရေးပေးလိုက်ခြင်းဖြင့် သူနှင့်ကျွန်တော်ခင်မင်သွားလေရာ ယခု ၁၉၅၄ ခုနှစ် ဒုတိယအကြိမ် ကျွန်တော်မေမြို့ ရောက်သောအခါတွင် သူသည်မေမြို့ ယူအိမ်ဘီ တပ်မှာ ဗိုလ်ကြီး အဖြစ်နှင့်အမှုထမ်းနေ၍ သူ့အိမ်မှာမေမြို့ မြို့ပတ်လမ်းတွင် ဟိုယခင်တုန်းက တောင်ပိုင်စော်ဘွား နေသွားသော တိုက်အိမ် ခံ့ခံ့ထီးထီး၊ ကြီးကြီးမားမား၊ ဝင်းနှင့်ခြံနှင့် ကျယ်ပါ ဘိသနဲ့။

ဗိုလ်ကြည်သည် တပ်ထဲမှာရောအရပ်ထဲမှာရော အလွန်မိတ်ဆွေသင်္ဂဟများသူဖြစ်ပေရာ သူနှင့်ပတ်သက်ပြီး ကျွန်တော်မှာမေမြို့တွင် အသိအကျွမ်းများရပေတော့သည်။ ထိုစဉ်က သူတို့ ဗိုလ်မှူးညွန့်မောင်နှင့် နောက်ပြောင်းလာသော ဗိုလ်မှူးလှတင်တို့လည်း ကျွန်တော့်ကိုအထူး သဖြင့် ခင်မင်ကြ၍ သူတို့အရာရှိရိပ်သာမှာ ကျွန်တော့်အားစစ်ဗိုလ်တယောက်၏ အခွင့်အရေး လိုရစေပါသည်။

လက်မှတ်ထိုး၍ စားသောက်နိုင်သည်။ ကျွန်တော့်မိတ်ဆွေ သင်္ဂဟကိုပါခေါ်၍ ဧည့်ဝတ်ပြု နိုင်သည်။ အာမီရမ် အရက်ဆိုလျှင် ကျွန်တော်လိုချင်သလောက် ရနိုင်သည်။ ထိုအချိန် ကမှစ၍ ယခုတိုင် ခင်မင်လျက်ရှိကြသော ဗိုလ်သိန်းထွန်း၊ ဗိုလ်ကျော်မြင့်တို့မှာ ညနေတိုင်းလို ကျွန်တော်နှင့် သောက်ဖက်များဖြစ်ခဲ့ကြသည်။ ကျွန်တော်တို့သည် ကပြားမ,များနှင့် ပါတီပေး၍ ဒန့်စ်လည်း ကခဲ့ကြသည်။

ထိုစဉ်က မေမြို့သည် အလွန်ပျော်စရာ ကောင်း၏။ ဗိုလ်မှူးချုပ်ကျော်ဇော လက်ထက်ဖြစ်၍ တရုတ်ဖြူစစ်အောင်နိုင်ရေးဖြင့် မြန်မာ့တပ်မတော်က ရက်များစွာအာဝါဒေးပွဲကြီး ကျင်းပလေရာ၊ အမျိုးမျိုးသော လောင်းကစားပွဲများ၊ ဇာတ်သဘင်ပွဲများနှင့် အလွန်စည်ကား လေသည်။ 

ဒီအခါမျိုးမှာ ရှမ်းပြည် ၃၆ကောင်ထီသည် လူတိုင်းမကစားဘဲ မနေနိုင်သော ပွဲဖြစ် လေ၏။ အိမ်မက်နှင့် အတိတ်စိမ်း ကောက်ကြသည်မှာ တမြို့လုံးကျွက်စီကျွက်စီ ဖြစ်နေကြသည်။ လမ်းပေါ် မှာလည်းကောင်း ဈေးထဲမှာလည်းကောင်း စားသောက်ဆိုင်မှာလည်းကောင်း၊ ဒီ ၃၆-ကောင် အကြောင်းဘဲပြောနေကြသည်။ တစုံတခု မတော်တဆ ဖြစ်လိုက်လျှင်လည်း ဒီ ၃၆-ကောင်ထီ အတွက်ပဲ အတိတ်ကောက်လိုက်ကြသည်။

ဤအချိန်တွင် အနေအထိုင်ပြောအဆို အင်မတန်မှ သတိထားဘို့ကောင်းသည်။ သူတို့ သည် မြင်မြင်သမျှကို ဂရုပြုနေကြသည်။

ဥပမာ ယောက်ျားတယောက် မလုံမလဲဖြစ်သွားသည်ကို မြင်အံ့။ ဧကန္တ “ငါးရှဥ့်”ဟု အတိတ်စိမ်းကောက်လေသည်။ မိန်းမတယောက် အနေအထိုင်ပက်စက်သည်ဖြစ်အံ့။ “ပင့်ကူ”ဟု ယူဆကြလေသည်။ သူတို့အတိတ်ကောက်ပုံတွေမှာ တော်တော်လဲညစ်ပတ်၏။ ဒါမျိုးကဒီလို ညစ်ပတ်မှဘဲ ပို၍မှန်တယ်ဟု ဆိုကြ၏။ 

ဒီလို ၃၆-ကောင်ရူးထချိန်၌ အရူးများ၏ အနေအထိုင် အပြောအဆိုကိုမျှ ချမ်းသာမပေး။ တိရစ္ဆာန်များ အပြုအမူကိုလည်းလက်လွတ်မခံ ကြည့်ရှုလေ့ လာနေကြသည်သာဖြစ်၏။  

ထို့ပြင် သွေးထွက်သံယိုမှုကိုလည်း အထူးဂရုပြုကြ၏။ ကြုံရပုံတခု ပြောပြရဦးမည်။ 

တညသ၌ “ဝါရှိ”ခေါက်ဆွဲဆိုင်တွင် ကျွန်တော်ထိုင်နေစဉ်၊ လမ်းဘေးလျှောက်လာသော လူတယောက် အိပ်နေသော ခွေးအမြီးတက်နင်းမိ၍ အကိုက်ခံရသည်။ ထိုသူက “အမယ်လေး... ခွေးကိုက်ပါ တယ်ဗျ” ဟု အော်လိုက်သည်၌ ဆိုင်ထဲရှိ လူကုန်ပြေးထွက်သွားကြလေရာ ကျွန်တော့် စိတ်ထဲတွင် (အင်း-မေမြို့သားတွေဟာ လူတဖက်သား ဒုက္ခရောက်တာကို တယ်ပြီးဂရုစိုက်ပါ လား) အောက်မေ့မိသည်။ “ဘယ်နေရာကိုက်သလဲ၊ ဘယ်နေရာ ပေါက်သွားသလဲ” ဟု အလော တကြီးဝိုင်း မေးကြ၍ ဝေဒနာရှင်ကအစွယ်ရာရှိသော ဘယ်ဘက်ဒူးကိုပြလိုက်သောအခါ “ဟာ... ငွေငါးဘဲ၊ ငွေငါးဘဲ” ဟု ဆို၍အသီးသီး ဆိုင်ထဲပြန်လာကာ သူတို့နေရာမှာထိုင်ကြသည်။ အကြောင်းမှာ ၃၆ ကောင်နတ်ရုပ်၏။ ဘယ်ဘက်ဒူးမှာ ငွေငါးရုပ်ရှိသတည်း။ ၃၆-ကောင်ထဲမှာ ငွေငါး ရွှေငါးဟူ၍ ငါးနှစ်ကောင်ပါ၏။

ရှေးယခင်ခေတ်က လောင်းကစားမူ ထူပြောသောရှမ်းပြည်ဒေသတွင် ၃၆-ကောင်ထီက ပွဲကြီးလမ်းကြီးများတွင် အမိန့်လိုင်စင်ဖြင့် ကစားရ၏။ ထို့အပြင် တမြို့တနယ်၌ ၃၆-ကောင်ပွဲ ကျင်းပနေလျှင် အခြားမြို့များကလည်း “အုပ်ဒိုင်” များလုပ်၍ ကစားနိုင်၏။ ဥပမာ-လားရှိုးမြို့မှာ ၃၆ ကောင်ပွဲရှိအံ့။ မေမြို့၊ ကျောက်မဲမြို့တို့မှာလည်း အုပ်ဒိုင်များဖွင့်ကြ၏။ အလျော်အစားက ပင်ရင်း ဒေသအတိုင်းပင်။ ကြေညာချက်က ချက်ချင်းကြားသိနိုင်သည်ဖြစ်၍ ဟိုမှာဖွင့်သော အကောင်ကို လျော်၏။ ၂၇-ဆ။ တကျပ်ကစားလျှင် ၂၇ိ-ရသည်။ တပဲမှစပြီးရာချီကစားနိုင်သည် ဖြစ်၍ ကူလီမှစပြီးတကယ့်အလောင်းသမားကြီးများအထိ ကစားကြကုန်သည်။

ထို့အပြင် လိုင်စင်မရှိဘဲ ဖဲလိုဘဲ လူ၄-၅ယောက်ရှိလျှင်ပင် ကစားနိုင်သော ၁၂ကောင် ထီခေါ် မြေကပ်ထိလဲ ဤဒေသတွေမှာ မိတ်ဆွေတစုတို့ ပစ်ကနစ် ပျော်ပွဲစားထွက်ရင်း ကစား လေ့ရှိကြသေး၏။ ၁၂ ကောင်ရုပ်ပါသော ပိတ်ဖျင်းကို မြေဝှက်ခြင်းဖြစ်သည်။ ပျော်စရာကောင်း သည်ကား ခွက်မှောက်ပြီးလျှင် ကဗျာလင်္ကာနှင့် အတိတ်ပေးရသည်။

ဥပမာဆိုအံ့။

“မေမြို့သူတဦး၊ လှရက်ထူး၊ ချစ်ဦးသူနှင့် ညားလေသည်”

ကျွန်တော်သည် ဗိုလ်ကြည်နှင့် ပတ်သက်ပြီး သစ်တောရုံးအုပ်ကြီး ဦးဘခင်နှင့် ခင်မင် ရင်းနှီး၍ ရုံးသူရုံးသားများနှင့် ရုံးအားရက် မေမြို့ကန်တော်ကြီးသို့ ပစ်ကနစ်ထွက်ကြရင်း၊ ကျွန်တော်က ၁၂-ကောင်မြေကပ်ထီဒိုင် လုပ်လေ့ရှိသည်။ 

ချောမောလှပသော စာရေးမလေးများကိုကြည့်၍ အထက်ဖော်ပြပါ အတိတ်ကိုရွတ်လိုက် သောအခါ သူတို့သည် စဉ်းစားကြရင်း “အနီးကပ် အတိတ်ပေးအုံး” ဟု ဆိုကြသည်။ ဒီတော့ ကျွန်တော်က “မီးထဲမှာပျော်တယ်” ဟု ပြောလိုက်၏။

ကျွန်တော် အတိတ်ပေးသည်ကို တိုက်ရိုက်ယူမည်ဆိုပါက အမျိုးသမီးလေး ချစ်ဦးသူနှင့် ညားတယ်ဆိုတော့ ယောက်ျားနဲ့မို့ “ကျား”၊ နို့ပြီး ယောက်ျားတို့မည်သည် ကာမဂုဏ် မီးထဲ၌ ပျော်ကြသည်။ ထို့ပြင် ချစ်သူတို့နှစ်ဦး ညားကြပါက တီတီတာတာ ပြောကြမည်မို့ “တီကောင်” ကိုလဲ ထိုးကြသေးသည်။ ၎င်းပြင်လင်ရပြီး စိတ်ညစ်သဖြင့် သီလရှင် လုပ်သွားသည်လည်းပြော နိုင်သောကြောင့် “သီလ”ကို ထိုးကြသေးသည်။ တိရစ္ဆာန်ကောင်တွေထဲ၌ (၃၆ကောင်ထဲမှာရော) ဘယ့်နှယ်ကြောင့် မယ်သီလရုပ်က ပါနေသည်မသိ။ ယင်းသို့ အသီးသီးကိုယ့်စိတ်ကူးနှင့်ကိုယ် ထိုးကြရာ၊ ကျွန်တော်က “ရွှေငါး”ကိုဖွင့်လိုက်၏။

ရွှေငါးသည်မီးထဲမှာ သည်တော့ “ချစ်ဦးသူနှင့် ညားတာနဲ့ရွှေငါးက ဘာဆိုင်သတုန်း၊ ပျော်ပါသလား” ဟုမေးကြ၏။ ဒီတော့ ကျွန်တော်က...

“အော်... ခင်ဗျားတို့က ဖန်ဗူးထဲက ရွှေငါးထင်နေကြတာကို၊ ကျွန်တော်ပြောတာက ယောက်ျားလေးဘက်က ရွှေငါးကျပ်သားလက်ဖွဲ့တယ်ဗျ။ အဲဒီရွှေကို ကောင်မလေးက ရွှေခြေ ကျင်းလုပ်တော့ မီးထဲမှာ အရေပျော်ရတာပေါ့ဗျ” 

ယင်းသို့လျှင် ကျွန်တော်မှာ ဟာသဉာဏ် ကဗျာဉာဏ်ရှိ၍ အတိတ်အလှီးအလွှဲ ကောင်းပါလျက်၊ တခါသော် ကျွန်တော်ဝှက်တိုင်း သူတို့ကအမှန်ကိုချည်း ထိုးနိုင်၍ ကိုယ့်၌ပါခဲ့တာ ချောသည့်အပြင် နဘေးလူဆီကပါ ယူ၍လျော်ခဲ့ရသဖြင့် တော်တော်များအောင် ရူးခဲ့ဘူး၏။ 

အကြောင်းကတော့ ကျွန်တော်မြာ‌ငွေ့ခံသည့်ကိစ္စဘဲ၊ အသို့ဟူမူ အတော်ချောလှသော ကောင်မလေး တယောက်သည် ကျွန်တော်နှင့် ပွတ်သီးပွတ်သပ်ထိုင်ကာ သူက ကျွန်တော့်ဘက်က လိုနှင့် ကျွန်တော်ဝှက်သော အရုပ်ကိုကြည့်ကြည့်ပြီး သူ့လူတွေကို အရိပ်ပြသောကြောင့်ဖြစ်၏။ ဒီလိုကောင်ဒါမျိုးမှာ ခံပေါ့ကွာ။ 

“ဒို့စာရေးဆရာက သည့်ပြင်နေရာတော့လည်ပါရဲ့၊ ဒါတော့ အ,သကွ”

ဟု ဗိုလ်သိန်းထွန်းနှင့်ဗိုလ်ကျော်မြင့်တို့၏ နောက်ပြောင်ခြင်းကိုခံရ၏။

“နို့... ခင်ဗျားတို့က စောစောကတော့ ဘာလို့ ကျွန်တော့်သတိမပေးလဲဗျ”

“အော်... နိုင်တဲ့စာရေးမလေးတွေလဲ ကျွန်တော်တို့က မေတ္တာရှိနေတာကိုဗျ။ ဟဲ...ဟဲ”  

သို့သော် ဤစဉ်ကာလ၌ မေမြို့တွင် ငွေရေးကြေးရေးကို ကျွန်တော်မမှုပါ။ မေမြို့ မြဝတ် ရည်စတိုးမှ ကျွန်တော်လိုချင်သမျှ ငွေကိုယူ၍သုံးနိုင်၏။ ဤငွေကို မြတ်ဝတ်ရည်က မန္တလေးရဲရင့် ဦးဘဇံနှင့်ရှင်း၊ တဖန် ဦးဘဇံက ရန်ကုန်ရှုမဝတိုက်နှင့်ရှင်း နောက်ဆုံးသော် ရှုမဝနှင့်ကျွန်တော် နှင့်ရှင်းလေတော့ ဘယ်သောအခါမှ ကျေလည်သည်မရှိတော့သတည်း။

ယင်းသို့လျှင် ကျွန်တော်သည် မေမြို့မှာ ပျော်ပါးနေလိုက်ရာ၊ ဇွန်လဆန်းမိုးဦးကျ၍ မေမြို့ အအေးလွန်လာပြီဖြစ်သောကြောင့် ဆရာကြီးနှင့်ဦးထင်တို့ မန္တလေးသို့ ပြန်သွားကြပြီဖြစ်သော်လည်း ကျွန်တော်မပြန်သေး။ မန္တလေးက ကောင်မလေး “သက်”ထံမှလည်း အဆက်ရနိုး မျှော်လင့် ဆဲ။ မေမြို့မှာပင် “စောင့်ရက်တွေကိုးဆယ်ပြည့်အောင် နေခဲ့ပေရာ၊ အောင်မယ်လေး... မြော်တာ မရဘဲနှင့် မြှော်တာနဲ့ ဂွကျမလို့ပါလား၊ ကြည့်စမ်းပါအုံး၊ ခင်ဗျားတို့ စာရေးဆရာကြီး မေမြို့သူလေး တယောက်နှင့်ပေါ့။ သူကလေးနှင့် ကျွန်တော့်ဖြစ်ထွေကို ကျွန်တော်က ဝတ္ထုရေးဆရာပီပီ ဝတ္ထုလိုဘဲ ရေးပြပါတော့မယ်။ ကဲ... ဝတ္ထုနာမည်ကဆိုပါစို့...

“ကျွန်တော်၏ မေမြို့သူ”

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments