ကျွန်တော့် ဘဝဇာတ်ကြောင်း ( လောကဓမ္မတာ ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( လောကဓမ္မတာ ) // သော်တာဆွေ

---

လောကဓမ္မတာ 

---

လောကဓမ္မတာ ချစ်ရေးချစ်ရာတွင် သမီးရည်းစားတို့ မညားဖြစ်ကြလျှင် တယောက် ယောက်ဘက်က တစုံတခုသောအကြောင်းကြောင့် ပျက်ကွက်၍သာဖြစ်ပေရာ၊ ကျွန်တော့်ဘဝ တာတွင် ကိုယ့်အခြေအနေ ကိုယ့်ဝါသနာအလျောက်၊ ရည်းစားများစွာထားခဲ့ရာမှ ပထမဦးဆုံးအကြိမ် ကျွန်တော့်အား ရက်များစွာထားခဲ့ရာမှ ပထမဦးဆုံးအကြိမ် ကျွန်တော့်အား ရက်စက်သူမှာ (အချစ်ဦးတို့မည်သည် ညားခဲသည်) ဆိုစကားအတိုင်း ငယ်ချစ်ဦးတရုတ် ကပြားမလေး အရိန်ဖြစ်၍ နောက်ဆုံးသူကား အခုဖော်ပြခဲ့သော ကုလားကပြားမလေး မရွှေခိုင်။

အရိန်နှင့် ကျွန်တော်ဖြစ်ပျက်ခဲ့စဉ်က ကျွတော့်အသက်က ၁၉-နှစ်ရှိသေးတော့ ဖျတ်ဖျတ်လူး ရူးမတတ်ပေါ့။ (ချစ်သောသိင်္ဂီဝတ္ထုရှည်ရေးခဲ့ပြီး) အခု ခိုင်နှင့် နောက်ဆုံးပွဲကျတော့ ကျွန်တော့်အသက်က မငယ်တော့ပြီ။ အပွဲပွဲနွှဲခဲ့ပေါင်းလဲများပြီမို့ ကျွန်တော်တယ်ပြီး မဖြုန်တော့ဘူး။

You Can't Break My Heart ဆိုတဲ့ သီချင်းလိုပေါ့။ မင်းငါ့အသဲကို မခွဲနိုင်တော့ဘူး ငါ့အသဲဟာ အရင်တုန်းကတည်းက မင်းလိုဟာမလေးကတည်းက မင်းလိုဟာမလေး တယောက် ကြောင့် ကွဲခဲ့ပြီးပြီ။ အသဲဆိုတာ တခါဘဲကွဲတယ်၊ နှစ်ခါခွာလို့မရဘူး။

ဒါ... အမှန်ဘဲဗျ။

သို့ပေမယ်လို့ ပေါ့ဗျာ၊ ပထမဦးဆုံးအကြိမ်လို ဖျတ်ဖျတ်လူး မဟုတ်သော်လဲ အသဲစွဲ ချစ်မိသူက မမျှော်လင့်ဘဲ ကိုယ့်ကို ရက်စက်လိုက်တယ်ဆိုတော့ အထိုက်လျောက်ဖြင့် ပူဆွေး သောကရောက်ရတာဘဲ။ ဒါပေမယ့် ကျွန်တော်ဟာ ဒီလိုချစ်သောကကို မြန်မြန်အစားထိုးဘို့ ရှာတော့တာဘဲ။

ဒါကြောင့် ခိုင်ကကျွန်တော့်ကို အပြီးဖြတ်လိုက်လို့ ကျွန်တော်အိမ်ပြန်ရောက်တယ်ဆိုဘဲ စာရေးစာပွဲထဲက စာရည်းစားတွေဓာတ်ပုံထုတ်၊ သူတို့စာတွေပြန်ဖတ်လိုက်တယ်။

ပူပူနွေးနွေးရောက်နေတဲ့ စာတစောင်က ရန်ကုန်မှာစာရည်းစားဖြစ်ကြပြီး လူချင်းတခါ မျှမတွေ့ဘူးသေးဘဲ သူ့အဖေအလုပ်နဲ့ ပြောင်းသွားရာ၊ မန္တလေးကိုရောက်သွားတဲ့ ... “သက်” ဆိုတဲ့ ကောင်မလေးဆီက ... ။ 

မောင်ရေ... 

သက်တော့ ဆရာကြီးရွှေဥဒေါင်း အိမ်ရှေ့ရောက်ရင် မောင်နေသွား ဘူးတဲ့ ဂေဟာရယ်လို့ ရင်ဖိုဖိုသွားပြီး အိမ်ထဲလှမ်းလှမ်းကြည့်လိုက်မိတယ်...။ တခါတရံ ဆရာကြီး၊ သို့မဟုတ် ဒေါ်ကြီးစိုးဘဲ မြင်ရတယ်၊ မောင်များတွေ့ရင် သက်ဘယ်လို ဖြစ်သွား မလဲမသိဘူး...။ မောင်တခါလောက် လာရောက်ပြီး၊ သက်ကို ကိုယ်ထင်ပြစမ်းပါလားမောင် ရယ်။ 

အင်း... ရည်းစားစာထဲမှာ သူအချစ်မဲကျပြီ။ ထို့ကြောင့်... ၁၉၅၄-ခု၊ ဧပြီလ ရှုမဝအမှတ်(၈၃)တွင် သူကလေးကို ရည်ပြီး “ချစ်စချစ်စိတ်” မည်သော ဝတ္ထုကိုရေးလိုက်သည်။ ဤဝတ္ထုအဆုံးတွင် ကျွန်တော်မန္တလေးသို့ ရောက်မည့် အကြောင်းနှင့် “မောင်လာပြီ ဂီနွဲ့ရယ်၊ ဆီးကြိုလှဲ့လေး” ဟူသော ကဗျာတိုကလေး ရေးလိုက်သည်။

ဤ“သက်” ဆိုသည့် မိန်းကလေးကား... ကျွန်တော့်ကိုတကယ် ချစ်ရှာပါသည်။ သို့သော် သူနှင့် ကျွန်တော်သည် တကြိမ်မျှလှပ်ကနဲ မြင်ဘူးလိုက်ရုံမျှတပါး အခြားဘာမျှ မဘာလိုက်ရ တော့သဖြင့် သူသည် ကျွန်တော်နှင့် တွဲလိုက်ရသော မင်းသမီးမဟုတ်၊ တပင်တိုင် အငြိမ့်မင်း သမီးကလေးအဖြစ်နှင့်ဘဲ (နှစ်ပါးသွားပြီး ဇာတ်ကြီးကရမည့် မင်းသမီးများဖြစ်ကြသော) “ခိုင် နှင့် “မေ”တို့အရင် ရှေ့ပိုင်းက ပွဲထုတ်လိုက်ပါ၏ဟု အစချီပြီး၊ နှစ်ကိုယ်မကြင်ရပါတဲ့ မိုဆလင်မလေး ဟူသော ခေါင်းစဉ်ဖြင့် အခန်း (၁၃) က သူနှင့်ကျွန်တော့်အကြောင်းကို ရေးခဲ့၍ စာရှုသူများ ဖတ်ခဲ့ပြီးပါပြီ။

ဤဇာတ်လမ်းတွင်...

“အစတုန်းကတော့ 
လှဖုန်းလာပါဆိုလို့ 
မှာတာကို ပျိုမေမေ့ပြီလား 
စောင့်ရက်တွေ ကိုးဆယ်ပြေ့တောင်မှ 
တွေ့ရအောင် သူမဖန်ဘူး 
တမူဟန် စိတ်တော်ပြောင်းတယ်ထင့်  
လှမျက်ချယ် နွယ်နွယ်နှောင်းရယ် 
ခေါင်းရှောင်တော့တယ်”

ဟူသော (လေးချိုးဒုတိယပိုဒ်) ကဗျာပါလေရာ.... စောင့်ရက် တွေ ကိုးဆယ်ပြည့်အောင် ၃-လမျှသူ့ကို ကျွန်တော်မျှော်ခဲ့စဉ်က ကျွန်တော်မေမြို့တွင် နေထိုင်ခဲ့ပါသည်။

အကြောင်းမှာ ဆရာကြီး ရွှေဥဒေါင်းသည် နွေရာသီတွင် မန်း၌မနေ၊ မေမြို့တွင် နေလေ့ရှိသည့်အတိုင်း၊ ကျွန်တော်က လိုက်သွားခြင်းဖြစ်ပါသည်။

၁၉၅၁-ခု၊ (မန္တလေးမြို့ခါတော်သင်္ကြန်) နှစ်က “လွင်” နှင့်ချိန်းဆိုကာ ကျွန်တော် မန္တလေးမြို့ အိမ်မှ နွေရာသီမေမြို့သွားကြတော့ ဒေါ်ကြီးစိုးရော ဆရာကြီးတို့ တအိမ်ထောင်လုံး ပါခဲ့၍ မေမြို့ တွင် အိမ်တလုံးငှား၍ နေခဲ့ကြသည်။

ယခု ၁၉၅၄-ခုနှစ်တွင်ကား ဒေါ်ကြီးစိုးတို့ မပါတော့ဘဲ၊ ဆရာကြီး ရွှေဥဒေါင်း၊ လူထု ဦးလှ၏ ယောက္ခမဦးထင်နှင့် ကျွန်တော် ၃-ယောက်သာဖြစ်ရာ၊ အိမ်လည်း အထူးငှားစရာ မလိုတော့ဘဲ၊ မေမြို့-လားရှိုးလမ်းရှိ ဦးထင်၏သမီး နဂါးဒေါ်ဦးတိုက်တွင် ဟန်ကျပန်ကျ နေကြပေတော့သည်။ ထမင်းကို ဝယ်စားကြသည်။ ထိုတိုက်တွင် မေမြို့နဂါးဆေးပေါ့လိပ် ကိုယ်စားလှယ်အဖိုးကြီး အဖွားကြီးလင်မယား နှစ်ယောက်သာ တိုက်စောင့်အဖြစ်နေကြ၍ သူတို့သည် မနက်စောစော ဈေးထွက်၍ ညနေဈေးသိမ်းမှ အိမ်ပြန်ရောက်ကြသည်။

ထိုအခါ သည်နွေရာသီမှာ ဒုတိယအကြိမ် ကျွန်တော်မေမြို့တွင် နေခြင်းဖြစ်၍ ၁၉၅၁-ခုနှစ် ပထမအကြိမ် နေစဉ်တုန်းကထက် ကျွန်တော့်မှာ အသိမိတ်ဆွေများပြားလာလေသည်။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments