မှားယွင်းသွားကြောင်းပါ ခင်ဗျာ // ငြိမ်းကျော်

မှားယွင်းသွားကြောင်းပါ ခင်ဗျာ // ငြိမ်းကျော်

(ကလျာမဂ္ဂဇင်း၊ ၁၉၉၂ ခုနှစ် ၊ ဧပြီလ)

---

(၁)

စိတ်ညစ်ညစ် ရှိတာနဲ့ ရွာဦးကျောင်းက စာချကိုယ်တော်လေးဆီသွား၊ ဟိုစကား ဒီစကား ပြောရတာပေါ့။ စကားထဲ စိတ်ရောက်နေလို့ ထင်ပါ့၊ အိမ် က မိန်းမ မိဗိန်မတို့၊ သားသမီးတို့ကို သတိမရဖြစ်ဘူး။ စောစောက ဒေါပွ နေတာလေးတွေ ပျောက် သွားပါရဲ့။ တွဲရေးခွဲရေး နောက်ကြောင်းပြန် ကိစ္စတွေထဲ၊ ကိုးဆယ့်တစ်ဌာန ထဲမှာ စကားတွေနစ်သွားတာ နဲ့ အိမ်ကို သဘောမတွေ့တာ ဘယ်ရောက်မှန်း မသိတော့ဘူး။ ညနေ နေစောင်း တော့မှ ကျောင်းက ပြန် လာရင်း အိမ်ကို မပြန်ချင်သေးဘူး။ အိမ်ရောက်ရင် မကျေနပ်တဲ့ စကား ပြန်စမိဦးမယ်။ ဒါနဲ့ ရှေ့က ခြံထဲ လှမ်းကြည့်တော့ အိမ်ရှေ့မှာ စံပယ်ပင် ရေလောင်းနေတဲ့ ဘကြီးဦးကြာဖူးကို တွေ့ရော။ ဘကြီးဦးကြာဖူး က စည်းရိုးကြခတ်တွေ ကြားကနေ 

“ ဟကောင်၊ ခုနလေးတောင် မင်းတို့ အိမ် ငါ ရောက်သေး ရဲ့၊ မင်း မရှိလို့ ခဏတစ်ဖြုတ်ထိုင်ပြီး ပြန်လာခဲ့ရတယ်၊ လာလေကွာ၊ ပန်းပင်တွေ ရေလောင်း လို့ ပြီးပါပြီ ” တဲ့။

ဒါနဲ့ အိမ် မပြန်ချင်သေးတာနဲ့ ခြံထဲ စွေ့ခနဲ ဝင်ဖြစ်သွားရော။

---

(၂)

သံဆုံလေး ထဲကို ကွမ်းရွက်၊ ကွမ်းသီးစုံ အကုန် ထည့် ထောင်းပြီး အတော် ညက်တော့မှ ပါးစပ်ထဲ ပက်သွင်းရင်း မြုံ့နေတဲ့ ဘကြီး ဦးကြာဖူးက ...

“ မင်း မိန်းမ ကရော၊ ကလေးတွေကရော ပြောပါတယ်၊ မင်း စိတ်ဆိုးလို့ အပြင် သွားတာတဲ့၊ ဘာဖြစ်ကြတာတုန်း၊ မင်းတို့ ဟာ တကျက်ကျက်နဲ့ ”

“ ပြောမရ ဆိုမရတာ များလွန်းတော့ ကျုပ်လဲ စိတ် ထွက်လာတာနဲ့ ထ ဆဲပစ်တာ ဘကြီးကိုကြာဖူးရ ”

“ မင်းနှယ် ... ငှက်ရိုးနှယ် ကွာ၊ စိတ်ကို လျှော့လဟ၊ စိတ်ဆိုတာ လျှော့ရတဲ့ ပစ္စည်း ငါ့လူရ ”

“ လျှော့ပါသော်ကောဗျာ၊ ဟို ... ဆယ့်လေးငါးနှစ် နဲ့ ခုစိတ် နဲ့ ကွာပါရဲ့၊ ပြောမရ ဆိုမရတာက တကြောင်း ၊ တဖက်က ပရိယေသန ရှာရဖွေရတာက တခက်၊ မနှစ် ကလဲ စပါးက အထွက် မကောင်း၊ မိုး က ခေါင် ၊ ပိုးက ကျ၊ ချစ်တီးကြွေး က ထပ်တက်၊ တိုင်းရေးပြည်ရေး က ခပ်လှုပ်လှုပ်၊ ဟိုပူ ဒီပင်ရနဲ့၊ ပြောစကား နားမထောင်၊ ကိုယ် ဖြစ်စေချင်သလို မနာခံတော့ သင်းတို့ ကို စိတ်ဆိုးသပေါ့ဗျာ ”

ဘကြီးဦးကြာဖူးက ကွမ်းမှုန့်မြုံ့ရင်း စွေစောင်းစောင်း ကြည့်တယ်လေ။ ခေါင်းတဆတ်ဆတ် ညိတ်ပြီး “ အင်း ” တဲ့ ၊ ရင်ခေါင်းသံနဲ့ သံရှည် ဆွဲပြီး ...

“ ငါ့ မှာ သား ငါးယောက်၊ သမီး ငါးယောက်၊ အခု မြေး ဆယ့်တယောက်၊ ငါက မင်းထက် စိတ်ကြီးချင်တောင် ကြီးမယ်၊ စကားက နောက်၊ လက်က အရင်၊ ဒါဆိုဒါ၊ ဘူးဆို ဖရုံမသီးနဲ့၊ ငါ့ တုန်းက ငါ့မိဘတွေ ပုံသွင်းသလို ငါလဲ ပုံသွင်းတာပဲ၊ ထင်သလောက် မရခဲ့ဘူး ငှက်ရိုး၊ ဒေါသူပုန် ပေါ့ကွာ၊ လောကဓာတ်ကျောင်း ထားပေးတာ ပျင်းတယ် ပြောတဲ့သူကပြော၊ ကျောင်းက ထွက်ပြေး၊ ရှာရ ဖွေရ၊ စုံစမ်းရ၊ အဲဒီတုန်း လင်နောက် ထလိုက်တဲ့ သူက လိုက်၊ မင်းတို့ အရီး ဒါလောက် မျက်ကြော သေရ ကောင်းလား ဆိုပြီး ဆဲဆို ကြိမ်းမောင်း၊ မှတ်မယ်၊ သင်ခန်းစာ ယူမယ် ထင်လား၊ လူကုန်၊ ပြဿနာ ကုန် မှ မီးတစ်ဆက် ငြိမ်းတာ မထင်နဲ့၊ လာပြန်ပြီ၊ မြေးအကြီးဆုံးက ကျောင်းပြေးတယ် ဆိုလား၊ သူ့ အဖေ နဲ့ ငါ့သမီး နဲ့ လင်မယား စကားများကြရော၊ မပြီးတာ ငါ ပြောပြတာ ”

လေအေးအေး နှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ် သူလို့ ဘကြီးဦးကြာဖူး ကို ခေါ်ဝေါ် ထိုက်ပါပေတယ်။ အခုလည်း အေးအေးပဲ။ အသံ ချိုချို နဲ့၊ အသံ သာသာ နဲ့ နားထောင်လို့ ကောင်းပါတယ်။ တရားဓမ္မ စကားလုံး သာ မပါတာ၊ တရားသံဝေဂ သဘောကပါ ပြီးသား။ ဘကြီးဦးကြာဖူးနဲ့ ကျုပ်နဲ့ မတူတာတွေ အများကြီးရယ်။ ကျုပ်က အိမ်က ဟာမကြီးနဲ့ ဟာတွေကို ရွှေပေါ်မြတင်ထားတာ။ အရီးက ကိုယ်တိုင် ကောက် စိုက်ရတယ်။ ဗိန်မ က လယ်ထဲကို ထမင်းပို့ တောင် မလာစေရဘူး။ အိမ်မှာ ထမင်းဟင်းချက် ရုံပဲ။ အဝတ် လျှော်ရင် အငှားဒိုဘီမ ကိုအပ်။ သူ့ တာဝန်က သားသမီးတွေ ရဲ့ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လောကဓာတ် ကျောင်းမှာ အတန်း မှန်မှန် အောင်ရေး။ ကျုပ် က စီးပွား ဖိရှာတယ်။ တနေ့ တနေ့ လယ်ထဲ ချောင်းထဲမှာ။

နွေလသီတင်းမှာ နားမယ် မထင်နဲ့။ လယ်တပယ် တဧက နှစ်တိုင်း တိုးချဲ့ရလို့ ပြင်ရဆင်ရ။ လယ်ထဲ ကိုယ်တိုင် ဆင်း၊ နွား နဲ့ ဖက် ကျုံးရုန်း။ သူရင်းငှား နဲ့ ကောက်စိုက်သမ တို့ကို လယ်ကူလီနဲ့ချည်း မျက်နှာ လွှဲ ထားကျင့်က မရှိ။ ဒီတော့ တခါတလေ ဖျားပြီ ဆိုရင် ကိုင် ရိုက်ထားသလား၊ မောင်းဆုံထဲ ထည့် ထောင်းထားသလား ထင်ရတယ်။ ကျုပ် ခေါင်းထဲမှာက ကိန်းဂဏန်းတွေပဲ ရှိတယ်။ ပိုင်စေ့၊ ပြားစေ့၊ မူးစေ့၊ မတ်စေ့၊ ငါးမူးပြား၊ ကျပ်ပြား၊ ရွှေဒင်္ဂါး၊ မြင်းစီးလှံထိုး နဲ့ ဆံမြိတ်ထုံးချည်း မြင်တယ်လို့ တောင် အပေါင်းအသင်းတွေက နောက်ကြ ပြောင်ကြတယ်။ ရွှေဒင်္ဂါးပြားရဲ့ ခေါင်းပန်း ပုံတွေလေ။ ဆံမြိတ် နောက်ကိုချည်း လိုက်တယ် လို့ဆိုလည်း ဆိုကြပေါ့။ 

စားဝတ်နေရေး၊ တိုးတက်ကြီးပွားရေးက မြင်းစီးလှံထိုးမှ၊ ဆံမြိတ်ထုံး မိန်းမချော အဝိုင်းလေးတွေ ရှိမှကိုး။ ဒီတော့ သားသမီးတွေနဲ့ ကင်းကွာရ ကောင်းလား ပြောချင်ပြောပေါ့ဗျာ။ ကျုပ်က မိန်းမကို ယုံကြည်ပြီးသားပဲ၊ သူ့ တာဝန်ပါတဲ့။ ကလေးတွေ ကြောင့် ရှာရဖွေရ နောက်ဆံ မငင်စေရပါဘူးတဲ့။ သူ့ ပဋိညာဉ် ပဲ။ ကျုပ် ယုံတာပေါ့။ ယုံမိတာ စမှားပြီ။ မှားမှန်းသိတော့ နောက်ကျပြီ။ အဲဒီနှစ်က ကျုပ် လယ် အထွက်ကောင်း၊ စပါးဈေးကောင်း၊ တိုင်းပြည်ကလဲ အေးလို့။ ဒါနဲ့ နှစ်ဆောင်ပြိုင် အိမ်ကြီး ဆောက်ရော၊ ဆောက်နေတုန်းပဲ သမီးအကြီးမက ဆိုင်းမဆင့် ဗုံမဆင့် နဲ့ လင် ယနောက် ထ လိုက်ရော။ ကျုပ်က သဘာဝတရား သိပါရဲ့။ 

“ လောကတံထွာ လူတို့ရွာ ၊ ဘာသာဓလေ့ သိကောင်းပေ့ ” 

ဆိုတဲ့ စကားနဲ့အညီပါ။ လောကဓာတ် ကျောင်းက အောင်လို့ ရန်ကုန် တက္ကသိုလ်ကျောင်းတိုက်ကြီး ကို ပို့ထားတုန်း ထ လိုက်သွားတာ။ စိတ်က ဆိုးလို့ သူရိယသတင်းစာထဲမှာ သမီး အဖြစ်က စွန့်လွှတ်ကြောင်း ကြော်ငြာ ပစ်ထည့်လိုက်ရော၊ အဲ ... ဒါပေတဲ့ မွေးဖွားခါနီး ဗိုက်တကားကား နဲ့ ဗိန်မက တစ်ဖက်လှည့်နဲ့ ခေါ် လာတယ်လေ။ ကျုပ် အိမ်က မီးနေခန်း ဖြစ်သွားရော ... ။

ဗိန်မက သားသမီး ချစ်တာ ခွေးသားအုပ်မ၊ ကြက်သားအုပ်မ ချစ်သလို ချစ်တာ။ ကျုပ်က သားသမီးတွေကို ဘယ်သူက ဘာဖြစ်ရမယ် ဆိုတဲ့ အမြော်အမြင် စိတ်နဲ့။ သူက ချွေးခံအိတ် ထဲက မူးစေ့ ၊ ဒင်္ဂါးပြားတွေ ထုတ်ထုတ်ပြီး ရော့အင့်၊ ရော့အင့် လုပ်နေ ရရင် မိဘမေတ္တာ ထင်နေတာ။ သားသမီး ပြောသမျှ အကုန် ယုံတာချည်း။ နံနက် ဈေးသွား၊ ဈေးခြင်းတောင်း ဆွဲပြန်လာ၊ ချက်ပေါ့။ သားသမီးတွေ နဲ့ ဝိုင်းဖွဲ့ စား၊ ဟုတ်ပေ့ ပဲ။ ကျုပ် ကျတော့ လယ်တောထဲကို ထမင်းပို့ နောက်ကျလို နောက်ကျ။ နံနက် ထမင်းလေးစားပြီး လယ်ထဲ ဆင်းရခါနီး ထမင်းမစားရ၊ စားတော်ပဲပြုတ်သည် ခေါ် မထားဖြစ်တာနဲ့ ... ။

ကျုပ် ကိုယ်ကို ငွေ ရှာပေးတဲ့ နွား၊ ငွေရှာတဲ့ စက်နဲ့ နှိုင်းပြီး တန်သရွေ့ ဂရုစိုက်ဖော် ရပါလို့ အတန်တန် ပြောဖူးတယ်။ လယ်တောထဲ ဆင်းခိုင်းမယ့် နွားကို အစာရေစာ မမှန်၊ မှက် ခြင်ယင် မကာကွယ်ရင် ပိန်ချုံး ချည့်နဲ့မယ်။ ခိုင်းအား မကောင်းရင် အလုပ်မတွင်ကျယ်ဘူး။ ကြာကြာ မခိုင်းရဘူး၊ ငွေ လုပ်တဲ့ စက် ဆိုရင်လည်း အင်ဂျင်ဝိုင်၊ ဓာတ်ဆီ၊ ရေနံဆီ၊ ရေ ထည့် တန်ထည့်။ ဒီလို ဂရုစိုက်တာမျိုး ရှိဖို့ ပြောလည်း အလကားပါ။ ပြောရလွန်းလို့ လျှာရှည်တဲ့ ဗြဟ္မာမင်းတွေတောင် ကျုပ်ကို ဆလံသ သွားပါပြီ... ။

“ ဒီလောက် ပြောရလွန်းတော့ ဟုံ သွားပြီ၊ ဘာမှ မမှတ်မိတော့ဘူး တဲ့၊ ဗိန်မ စကား၊ သင်း စကား လေ။ ပြောလွန်းတဲ့ ကျုပ်ပဲ အပြစ်တောင် ဖြစ်အောင် လီဆယ် တာလေ။ မပြောဘဲ နေခဲ့တုန်းကတော့ ရော ... ။ “ ပြောမှ သိမှာပေါ့ ၊ နဖူးမှာ ကျောက်သင်ပုန်းရှိတာမှ မဟုတ်ဘဲ ” တဲ့ ... ။”

ဒါနဲ့ အိမ်မှာ သား ခြောက်ယောက်၊ သမီးခြောက်ယောက်က တပြဿနာပြီး တပြဿနာ။ ရည်းစားစာ ခိုးရေးတာ ကျုပ်တွေ့လို တွေ့ရ။ ည ခုနစ်နာရီ ဘုရား ရှိခိုးရမယ် ဆိုတဲ့ ကျုပ်ရဲ့ မဟာဒါန် သံမဏိ စည်းကမ်းဥပဒေသကြီး ကလည်း ပျော့စိပျော့စိ ဖြစ်လာပြီ။ ဗိန်မက ဘာမဆို စိတ်လိုစိတ်ရ ဘုရား ရှိခိုးမယ် ဆိုရင်လည်း ရှိခိုး နေပြန်ရော။ 

တခါတလေ ပျက်တာများ လ နဲ့ နှစ်နဲ့ ၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ သက်တော်ထင်ရှား ရှိရင် 

“ ဟဲ့ ... ဒါယိကာမ ၊ သင်ကား မည်သူနည်း ” 

လို့ မမှတ်မိနိုင်တဲ့ အထိ စိမ်းခဲ့တာ ... ။

ကျုပ် နဲ့ ယူခါစက စာပေ ပရိယတ္တိ ဖတ်တယ်။ မြန်မာ့အလင်း မဂ္ဂဇင်းတို့၊ သူရိယသတင်းစာ၊ သံတော်ဆင့်သတင်းစာ၊ ဟံသာဝတီမဂ္ဂဇင်းတို့ ဖတ်တယ်။ နံပတ်တရာ့နှစ်ဆယ် ပြဇာတ်ဘုတ်အုပ် တွေ၊ တရားစာတွေ ဖတ်သဗျ။ အထင်ကြီးစရာ ကြီးရယ်။ ကျုပ်နဲ့ ရလို့ သုံးနှစ်သုံးမိုးလည်း နေရော၊ ပျင်းကြော ထူ လာတာ ဗိုက်ခေါက်နဲ့ အမျှပါပဲ။

ဇာတ်ပွဲ လက်ကမ်းစာရွက်တို့၊ ဆေးအညွှန်းစာရွက် တို့ လောက်တောင် ကြည့်ဖော် မရသလောက် ... ။

သားသမီးတွေကို တိုးတက်ထွန်းကားစေချင်တဲ့ စေတနာ မေတ္တာနဲ့ ချစ်တာမှ မဟုတ်ဘဲလို့ ကျုပ်ဖြင့် ထင်လာတယ်။ ကလေးတွေက ပြောရ ဆိုရ ကျပ် ကျပ်လာတယ်။ ကျုပ်က ကောင်းတယ်ဆိုတဲ့ ဟာဆိုရင် ကောင်းတယ် မထင်ဘူး။ ကျုပ်စကား မအောင်တော့ သလိုလို ဖြစ်လာတော့ စိတ်လဲပျက်၊ ဒေါလဲပွလာတာပေါ့၊ ကြာပြီ...။

“ ဒါတော့ ဒါပေါ့ ဘကြီးရာ၊ အိမ်မှာက အကြိုက်ချင်းမ တူကြတာက တနေ့ ထက်တနေ့ ပိုပို သိသာလာတယ် ၊ ဥပမာဗျာ ... အဖိုးတန် သက္ကလတ်အင်္ကျီ ကို ရိုးကုမ္ပဏီက ကျုပ် ဝယ်ပေးတယ်၊ မဝတ်ချင်ကြဘူး ၊ ကော်လံတိုတို ပခုံးချပ်ချပ်၊ ဆင်းရဲသားတွေ ဝတ်တာမျိုးမှ သဘော ကျတယ်၊ ဈေးကတော့ ဘလေဇာကုတ်ထက် ကြီးပါရဲ့။ အကြိုက်က တစ်မျိုးစီ၊ ဓာတ်ပြားသီချင်းက အစ သူတို့က ခေတ်ဆန်း တီးလုံးမှ၊ ဗောက်ပြားမှ၊ ခက်သားကသား ”

“ အလတ်ကောင်က ကုန်သည် လုပ်ချင်တယ်ဆို ”

ကျုပ်က ဘကြီးကို ခေါင်းညိတ်ရင်း ...

“ ဂုဏ်သရေ ရှိတဲ့ အရာရှိ အရာခံ ဖြစ်စေချင်လို့ ကျုပ်ပဲ ကျုံးရုန်း ရှာပေးနေတာပေါ့၊ ဒါကြောင့် အတန်းကျောင်း ထားတာပေါ့ ”

“ သူတို့က အတန်းကျောင်း ဆိုလဲ အင်္ဂလိပ်ကျောင်း စစ်စစ်မှာပဲ တက်ချင်တယ် ဆိုလားပဲ ”

“ ဒါတော့ မဖြစ်ဘူး ဘကြီး၊ ဘိုဆံတောက်နဲ့ ရိုးရာ မဟုတ်တာတော့ အားမပေးဘူးဗျာ ”

“ မင်းမလဲ ဟိုလူ ဟိုလို ဖြစ်စေချင်၊ ဒီလူ ဒီလို ဖြစ်စေချင်နဲ့ မိသားစု သောက တယ်လဲ များတာပဲ ငှက်ရိုး ”

“ သူတို့ အတွက်ပါ ဘကြီးရဲ့ ”

“ သူတို့ အတွက် ဆိုပေတဲ့ ကုန်ကူးသန်းရောင်းဝယ် တာကို ဝါသနာပါတဲ့ ကောင်ကို မင်းက ကျောင်းပဲ နေရမယ် ဆိုပြီး အတင်း ပြန်ထားတော့ သူ့အလို ကိုယ့်အလို ကဏ္ဍကောစ ဖြစ်ကုန်ရော ”

“ ကောင်းတာ စီစဉ်ပေးတာပဲ ဘကြီးရာ ”

“ မင်းလို ငါ ကြုံခဲ့၊ တွေ့ခဲ့ဖူးတာပဲ ငှက်ရိုး၊ ကိုယ် ပြုပြင်စီရင်သလို ဖြစ်ချင်မှ ဖြစ်တာ ”

“ အဲဒီ စကားကို လက်ခံဖို့ ကျုပ်မှာ အတော် အခက်သားဗျ ”

ဘကြီးဦးကြာဖူးက တစ်ချက် ရယ်၏။ ထို့နောက်

“ ငါ အသက် ခြောက်ဆယ်အထိ မင်း အခုပြောတာမျိုး ပြောခဲ့သေးတယ်၊ ခြောက်ဆယ် စွန်းစ မှာပဲ ဖြစ်ချင်သလို ဖြစ်ချင်မှ ဖြစ်တာလို့ သိလာတာဟ၊ ညှပ်ပုံ နဲ့ ဒင်္ဂါးပြား ပုံသွင်း သလို လူတိုင်းကို၊ အိမ်ထောင်တိုင်းကို ရကို ရရစေ့မယ်ပေါ့၊ ရွှေငွေသစ်သားလို၊ ရွံ့ လို ဟာကိုတော့ ဆောက်ဖြတ်၊ ရွှေပေါ် ထိုး၊ လှီးဖြတ် ဖဲ့ ရတာပေါ့ ငှက်ရိုး၊ လူ ကျတော့ ခက်သားကွ၊ ဘီအေအုပ်ပေါင်းတဲ့၊ တိုက်ပုံတဲ့၊ တွေ့လား ခေတ်က၊ လက်ရှည်ကနေ လက်စကတဲ့၊ ဇာဘော်လီမှာ ဇာနားဇာတွန့် တဲ့၊ အမျိုးသမီးဝတ်အသင်းတဲ့၊ သခင်မတဲ့၊ ဘုရင်ခံ နဲ့ အတွင်းဝန်ရုံး ကို ဝိုင်းဟယ် ပြုဟယ်တဲ့၊ မျက်စိအောက်တွင် ခုတမျိုး တော်ကြာ တမျိုး၊ စကြာမင်းတဲ့၊ စကြာမင်း အလိုမရှိတဲ့၊ ဘာ တတ်နိုင်မှာလဲကွာ၊ စဉ်းစားနော် ... စဉ်းစား ...”

“ ကျုပ် ကတော့ ကျုပ် စိတ်တိုင်းကျ ရအောင်ကို ပြုပြင်ယူမယ် ဘကြီးရာ ”

“ အားလုံးကို ကိုယ်က သဘောမတွေ့ ၊ အားလုံးကလဲ ကိုယ့်ကို သဘောမတွေ့ ဖြစ်လာမယ်၊ တော်ကြာ ရွာ အရှေ့ပိုင်းက ဟို ... အဘိုးကြီးလို ဖြစ်လာဦးမယ် ၊ တရွာလုံးနဲ့ မတည့်တဲ့ ဘဝ ရောက်ရော ”

“ ကျုပ်က အဲသလိုတော့ အားလုံးကို အလိုမကျ လျှောက် ဖြစ်နေတာမျိုးတော့ မဟုတ်ဘူးဗျာ၊ ဗိန်မ နဲ့ ကလေးတွေကို ကျုပ်ဖြစ်စေချင်တဲ့၊ ကောင်းတဲ့၊ တော်တဲ့ ဟာမျိုးတွေ ဖြစ်စေချင်တာပါ ”

ကွမ်းမှုန့်တွေကို မြုံ့လျက်နှင့် နေရင်း ခဏ တွေနေပြီးမှ ...

“ ကိုယ် ဖြစ်စေချင်သလို ဆိုတာလဲ တကဏ္ဍပေါ့ကွာ၊ သူ ဖြစ်စေချင်သလို ဆိုတာလဲ မင်း နှလုံးသွင်းပေါ့၊ ငါ သိသမျှတော့ လောကကြီးကို ကျေနပ်လို့ သေသွားတဲ့သူ အတော် ရှားမယ်၊ ကိုယ့်ကိုယ်နဲ့ ကိုယ့် စိတ်တောင် အစေးမကပ်တာ ရှိသေးတာပဲ၊ ခုနေ ငါ့ မှာက သွားမရှိ ၊ ကြက်ရိုးကို ခြွမ်းခြွမ်း ကိုက်စားချင်တာက စိတ်၊ ခက်ကရော၊ မင်းက ချက်ကျွေးတာ ကြက်ရိုး၊ သူတို့ မှာက သွားမရှိရင် ခက်ရော ”

“ ကံ ဆိုတာ ကမ္မ အလုပ်၊ လုပ်ရင် ဖြစ်ပါတယ်ဗျာ ”

“ လုပ်တိုင်း မဖြစ်တတ်ပါကလား ဆိုတာ ငါ့အသက် ခြောက်ဆယ် ကမှ သိလာတာ၊ ကိုယ်တွေ့ ငှက်ရိုး၊ မင်း အသက်ခြောက်ဆယ်ဆို အင်း ... ငါ ရှစ်ဆယ့်ရှစ်၊ ရှိကောင်းရှိပါရဲ့၊ သူငယ် မပြန်သေးလို့ ရှိနေ သေးရင် မင်း အခုမှ ငါးဆယ် သာသာလေး၊ မင်း အဲဒီတော့ ငါ့ လာပြော၊ မင်း ဖြစ်ချင်သမျှ ဖြစ်မဖြစ်၊ မင်း ရအောင် ဖန်တီးတာတွေ ဖြစ်မဖြစ် ၊ မကောင်းဘူးလား ”

ကျုပ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝ နဲ့ပဲ။ ဘာလို့ မဖြစ်ရမှာလဲ။ အိမ်က ဟာတွေမှာ မြင်တဲ့ မျက်လုံး၊ ကြားတဲ့နား အပြည့်အစုံ ရှိထားကြတာပဲ။ ထမင်း နဲ့ မစင် နဲ့ မှားယွင်း စားတာမျိုး ရှိမှ မရှိကြတာ။ သူတို့ မှာ အဆိုးအကောင်း ခွဲခြားနိုင်နေတာပဲ။ ဈေးသွား၊ ကျောင်းသွား ဆော့ကစားပြီး အိမ်မှား၊ ရွာမှား ပြန်တဲ့ အထိ မှတ်ဉာဏ်ချွတ်ယွင်းနေတာ မှ မဟုတ်ဘဲ။ အကောင်းဆုံး ၊ အဖိုးတန်ဆုံးတွေ လိုချင် ၊ ရချင် ခံစားချင်တဲ့ ဟာတွေပဲ။ ပြောရင် ရ ရမယ်။ ဆုံးမ ရင် လိုက်ကို လိုက်နာရမယ်။ ခိုင်းရင် လုပ်ရမယ်။ ညွှန်ပြရင် နာခံရမယ်။ တားမြစ်ရင် နာယူရမယ် ။ သင်ရင် တတ်ရမယ်။ မကောင်းမြစ်တာ အစချီတဲ့ ကျုပ် ဝတ္တရားတွေ မပျက်သရွေ့ သူတို့ ဝတ္တရား ကျေပွန်ရမယ်။ လင့်ဝတ္တရား ကျေတဲ့အတွက် မယားဝတ္တရား ကျေပွန်ရမယ်။ ဘာလို့ မဖြစ်ရမှာလဲ။ ဖြစ်ကို ဖြစ်ရမယ်။ တဆံခြည် တသဝေမတိမ်း မလျော့စေရ ... ။

---

(၃)

ကနေ့ ကျုပ် ငှက်ရိုး အသက် ခြောက်ဆယ် တင်းတင်း ပြည့်ခဲ့ပြီ။

ကန်တော့ဖွယ် ပစ္စည်းတွေကို ထမ်းပြီး ဘကြီးဦးကြာဖူးတို့ အိမ်ဘက် ထွက်ခဲ့တယ်။ ဦးချပြီးတော့မှ တချိန်က ကျုပ် တယူသန်ပြီး ဇွတ် ခေါင်းမာရင်း ပြောဆိုခဲ့တဲ့ စကားတွေ မှားပါကြောင်း တောင်းပန် ရမယ် လေဗျာ... ။

အင်း ... ကျုပ်လို လူတွေ အများကြီး ရှိဦးမှာပါ။

---

#ငြိမ်းကျော်
#မှားယွင်းသွားကြောင်းပါခင်ဗျာ

#shared_by_louis_augustine
#sbla

Comments