ဦးငှက်ရိုး ၏ ရေစက်ချ // ငြိမ်းကျော်

ဦးငှက်ရိုး ၏ ရေစက်ချ // ငြိမ်းကျော်

(ရင်ခုန်ပွင့်မဂ္ဂဇင်း၊ ၁၉၈၇ ခုနှစ် ၊ မေလ)

---

( ၁ )

ငှက်ရိုးသည် ကျွန်တော်နှင့် အရင်းနှီးဆုံး၊ အချစ်ဆုံး သူငယ်ချင်း။ ဆရာတော်ကြီးကျောင်းတွင် နမောဗုဒ္ဓယ မှအစ အတူ သင်ခဲ့သူချင်း။ ကုလားမန်ကျည်းသီးပင် အတူတက်၍ ခူးစားဖော် စားဖက်။ ခရားချုံ တိုးကာ မြေဝပ်ငှက် ပစ်ဖော် ပစ်ဖက်။ ကျွန်တော့် မိဘသည် နွမ်းပါးသော သူ့ကို သားကဲ့သို့ ချစ်သည်။ ကျွန်တော့် အိမ်တွင် သူ ရံဖန်ရံခါ အိပ်သည်။ ရံဖန်ရံခါ စားသည်။ သူ့ မိဘသည် သူရင်းငှား။ သူ သည် စပါးရိတ် သိမ်းပြီး ချိန်တွင် ကောက်သင်း ကောက်ရသည်။ သူ့ ဖခင် နှင့်အတူ လယ်အလုပ် လုပ်ရသည်။ သူ့ ဖခင်သည် ငှက်ရိုး ကို သူရင်းငှား မဖြစ်စေချင်။ ထို့ကြောင့် ကျောင်း ထားပေးသည်။ 

“ စာတတ်ရင် အဖေ့ လို မဆင်းရဲဘူး၊ စာရေး၊ စာချီ ဖြစ်နိုင်တယ်၊ ကြိုးစားကွာ ”  

ဟု ဆိုကာ အတန်းကျောင်း ဆက်တက် စေသည်။ ခြောက်တန်း အတန်းတင် ပြီးချိန်တွင် သူကျောင်း ဆက်မတက်နိုင်။ တနှစ် ၊ နှစ်နှစ် ကျော်ကျော် သူရင်းငှား အလုပ်ဝင်ရသည်။ ကျွန်တော် ဆယ်တန်း ဖြေသော နှစ်တွင် သင်္ချိုင်းကုန်း ဘက်က လယ်ကွက် ဧက နှစ်ဆယ် ကျော်ကို ငှားပြီး ထွန်သည်။ မြေ ကို ပြင်၊ ရေ ကို ပြင်၊ ကံ ကို ပြင်သောကြောင့်လား မသိ ။ ကျွန်တော် ဥပစာ (ခ) တန်း တက် ချိန်တွင် ကိုယ်ပိုင် လယ်ကွက်နှင့် နွား တကောင် ပိုင် လာပေပြီ ။

တန်ဆောင်မုန်းလတွင် ငှက်ရိုး ပြောသည် ။ 

“ ငါ ... မဂွမ်း ကို သဘောကျနေတယ် စိန်အောင် ”  

“ ကျရင် မေတ္တာစာ ပေးပေါ့ဟ ... ” 

“ စာရွက် ရှာရ၊ ခဲတံ ရှာရနဲ့ ကြာပါ့ကွာ၊ ပါးစပ်နဲ့ ပြော ပစ်လိုက်မယ် စိတ်ကူးတယ် ” 

ကျွန်တော် ပြုံးမိ၏။ မဂွမ်း ညနေ ရေခပ်ဆင်းချိန်စောင့်၊ ငါပါ အဖော်လိုက်မယ် ဟု ကျွန်တော် ပြောလိုက်၏။

“ သတ္တိတော့ အတော်မွေးရတဲ့ ကိစ္စနော် စိန်အောင် ”  

ကျွန်တော် ပြုံးသည် ။ 

“ မဂွမ်း ကို ဘာလို့ သဘော ကျတာလဲ ” 

“ မဂွမ်း က ဉာဏ် ကောင်းတယ်၊ အေးတယ်၊ စကား နည်းပေမယ်လို့ လေးလေးနက်နက် စဉ်းစား တတ်တဲ့ သူ လို့ ငါထင်တယ် ”  

ဟု ချက်ချင်း ဖြေသည်။ ကျွန်တော် အံ့အားသင့်သွား၏။ အသက် နှစ်ဆယ် နားသို့ နီးနေပြီ ဖြစ်သော ငှက်ရိုး ၏ စိတ်ကူးကို တွေးမိ၏ ။ မသဲမကွဲ အတွေး ရသောကြောင့် ... 

“ ဒါနဲ့ပဲ မဂွမ်း ကို ရည်းစားထားချင် ရရောလား၊ စိမ်းမြတို့၊ မထွားတင် တို့က သူ့ ထက်မလှပေဘူးလား ” 

သူ ခေါင်း ယမ်း၏။ တလင်း ထဲသို့ အရောက်တွင် ကြောင်နက် စီးကရက်ဘူးကို သူ့ ထံသို့ ကမ်း၏။ 

“ နေပါစေကွာ၊ လည်ချောင်း ကပ်တယ်၊ ငါ့ ကွမ်းသီးဖက် ဆေးလိပ်ပဲ ကောင်းတယ် ”  

ဟု ဆိုကာ မီး ညှိသည်။ ကျွန်တော့် စီးကရက် ကို မီးညှိ ပေးပြီး မှ ...

“ မဂွမ်းကို ငါက ယူကို ယူမှာ စိန်အောင် ”  

“ တွက်ရေးတော့ စက်သူဌေးပေါ့ ၊ ဟိုက ပြန်ကြိုက်ပါစေဦး ”  

“ ငါ ကတော့ သူမှသူ ပဲ ”  

“ စွဲတယ်၊ နွားခိုးလို့ ” 

ကျွန်တော့် ပြက်လုံးကြောင့် သူ ရယ်သည်။ ကျွန်တော် စီးကရက် သောက် နေစဉ် ... 

“ ဒီလိုကွ ...” 

ကျွန်တော် လှည့်ကြည့်သည် ။ ငှက်ရိုးသည် ရိတ်ထား ဆဲ လယ်ကွင်းတွေ ဆီသို့ ငေးသလိုလို နေရင်း ... 

“ ငါ့ အဖေ က ယံမင်္ဂလံ နဲ့ ပြီးခဲ့ရတာ၊ ငါ့ ကျတော့ ခုနစ်တန်း တက်တောင် မတက် လိုက်ရဘူး၊ ငါ ကံ လိုက်လို့ လှည်းနဲ့၊ နွားနဲ့၊ လယ်နဲ့ ဖြစ်ရတာ နောက် ဆယ်နှစ် နေရင် ကံကြီးမောင်တို့ လယ်ဧက ခြောက်ရာ စလုံး ငါ့လက်ထဲ ရောက်ရစေ့မယ်ကွာ၊ ငါ အသုံးအဖြုန်း မှမရှိတာ၊ အသောက်အစား လောင်းကစား မှမရှိတာ၊ အဖေ့ကို ငါ ကျွေးနိုင်ပြီ၊ အမေ့ ကို ဆေးကု နိုင်ပြီ၊ ဒီကံ၊ ဉာဏ်၊ ဝီရိယ နဲ့ဆိုရင် နောင် အနှစ် နှစ်ဆယ်မှာ ငါ့ သားသမီးတွေ ကို အင်္ဂလိပ်ကျောင်းမှာ ထား၊ ကောလိပ်ကျောင်းမှာ ထား၊ ဒါပဲ ” 

သူ့ ဘဝ ရဲ့ ရည်ရွယ်ချက်ကို ကြားရ၍ ကျွန်တော် အံ့အား မသင့်။ သူ ကြိုးစားသော သူ၊ ရိုးသားသော သူ။ သူ့ စိတ်ကူးတွေ အားလုံးမှာ မဖြစ်နိုင်စရာ မရှိ။ သူ့ အစွမ်းအစကို သံသယ မဖြစ်။ သို့သော် ဘဝ ရည်ရွယ်ချက် နှင့် မဂွမ်းကို ချစ်ခြင်းတို့ ဆက်စပ်ပုံ ကို သိချင်သည် ။ ထို့ကြောင့် ...

“ ဖြစ်နိုင်ပါတယ် ၊ အဲဒါတွေနဲ့ မဂွမ်းကို ကြိုက်တာနဲ့ က ...”  

“ ပြောမယ်လေကွာ ”  

သူ ဝင်သက် ရှူပြီးမှ ... 
 
“ ငါ ရှာတဲ့ စီးပွားကို သိမ်းထုပ်သေချာဆိုတဲ့ မယားဝတ္တရား နဲ့ ညီတဲ့ မယားမှ ပိုကြီးပွားမှာ၊ အဲဒီ သူ ကလဲ မဂွမ်း မှ ” 

ကျွန်တော် ပြုံး ကာ 

“ ဟုတ်ပြီ ဆက်ပြော ” 

“ ကလေးက လေး ငါးယောက်တော့ မွေးမှ၊ အဲဒီ ကလေးတွေကို စိတ်ရှည် လက်ရှည် ဂရုစိုက်မှာ ကလဲ မဂွမ်း မှ ဖြစ်မယ် ” 

“ ထားတော့၊ ထားတော့ ” 

“ မဂွမ်းကို မင်း အကဲခတ်ကြည့်၊ အေးဆေးတယ်၊ စိတ်ရှည်တယ်၊ စေ့စပ်သေချာတဲ့ လက္ခဏာ ပေါ့ကွာ ၊ ငါ့ သားသမီးတွေ ငါ့ထက် ပိုပြီး စာတော်အောင်၊ လူရာ ဝင်အောင်၊ ကြီးပွားအောင် ပြုစုပျိုးထောင်ဖို့ ဆိုတာ မဂွမ်းမှပဲ ဖြစ်မယ်၊ မင်း ပြောတဲ့ စိမ်းမြ ဆိုတာ နိုင်လွန်သံ ကြားရင် မိဘကို နားပူနားဆာ၊ ဂျော်ဂျက်သံ ကြားရင် မဝတ်ရ၊ မျက်ရည် တစက် ကျ၊ ထွားတင် ဆိုတာက ဇာဘော်လီသစ် မနေ့က ပေါ်ရင် ဒီနေ့ ဝတ်ရမှ၊ ကြိုးပျောက်ဇာဘော်လီ ရောင်စုံထည်လဲ၊ နှုတ်ခမ်းနီ၊ ပါးနီလဲ ဝါသနာ ပါပါ့၊ ငါ ရှာသမျှ ထဘီဖိုးနဲ့ ကုန် ရချည်ရဲ့၊ ဒီတော့ ရိုးတဲ့ အေးတဲ့ မဂွမ်း ကို ငါ ရွေးတာ စိန်အောင် ” 

တွက်ကိန်း ဇယား ကျပါပေဟု ကျွန်တော် ချီးကျူး လိုက်သည်။

“ ငါ မဂွမ်းနဲ့ အိမ်ထောင် ထူထောင်ရရင် ငါ့ ဘဝဟာ ပြည့်စုံပြီ၊ တိုးတက်ပြီ၊ ငါ့ သားသမီး၊ မြေးမြစ်၊ အမျိုးအနွယ် အားလုံး စိတ်မပူရတော့ဘူး၊ ပြီးတော့ မဂွမ်းကို သတိထားကြည့်၊ အကြင်နာ၊ ကရုဏာ တရား ကြီးမားတဲ့ မျက်နှာ ” 

“ ငါ လဲ မဲထည့် ပါတယ် ငှက်ရိုး၊ ဖြစ်နိုင်ပါတယ်၊ မင်း အင်မတန် တွက်တတ် ချက်တတ် တာပဲ၊ မမှားနိုင်ဘူး၊ ရအောင် ကြိုးစားကွာ ”

( ၂ )

မင်္ဂလာ ဆောင်တုန်းက ကျွန်တော် ရွာမပြန်ဖြစ်၊ ဒီဇင်ဘာ လကျမှ လက်ဖွဲ့ ပစ္စည်းဝယ်ပြီး ရွာသို့ ပြန်သည်။ ငှက်ရိုး နှင့် မဂွမ်းတို့ အိမ်သို့ ရောက်သောအခါ ငှက်ရိုးက ဝမ်းသာအားရ နှင့် ... 

“ မဂွမ်း၊ ဒါ ငါ့ သူငယ်ချင်း စိန်အောင် လေ ” 

မဂွမ်းသည် ဂွမ်းကဲ့သို့ ဖြူကာ အိအိဖိုင့်ဖိုင့် ရှိသော ကိုယ်ကို တချက် လှည့်ပြီး ... 

“ တရွာသား တည်းပဲ သိသားပေါ့ ” 

စကား အဆုံးတွင် တစ်ဖက်သို့ ပြန်လှည့်သွားသည် ။ ငှက်ရိုးသည် ရိုးတိုးရှန့်တန့် ဖြစ်သွားသည်။ ကျွန်တော် ပေးသော လက်ဖွဲ့ ပစ္စည်းကို မဂွမ်း ထံသို့ ကမ်းရင်း ... 

“ သူ လက်ဖွဲ့ တာ မဂွမ်း ” 

“ တလက်စတည်း နဲ့ ရှင်ပဲ သွားသိမ်းထားလေ ”  

ငှက်ရိုး ၏ မျက်နှာတွင် အပြုံး လျော့သွားသည်။

( ၃ )

ငါတို့ အိမ်ရောက်စ ဆိုတော့ မဂွမ်း ခမျာ အနေရ ခက်နေတယ်၊ နေသားမှ မကျသေးတာ၊ တအိမ် နဲ့ တအိမ် အစားအသောက်၊ အနေအထိုင် တူ မှ မတူတာကိုးဟု ငှက်ရိုး ပြောသည်။ ဒါပေါ့၊ အိမ် တအိမ် တည်းမှာတောင် အခန်းပြောင်း အိပ်ရင် ရုတ်တရက် အိပ်လို့ မှ မရတာ၊ စနစ်ချင်း၊ စည်းကမ်းချင်း တူမှ မတူကြတာကိုး ဟု ကျွန်တော် ပြောသည်။ တဆက်တည်း နှင့် ... 

“ မင်း အိမ်ထောင်ရေး ကံ ကောင်းပါတယ် ငှက်ရိုး ” 

“ ဖူးစာရေးနတ် က အသင့်လျော်ဆုံး နဲ့ အိမ်ထောင် ချ ပေးလိုက်တာတော့ အမှန်ပဲ၊ အရေး ကြီးတာ ကတော့ ငါ့ မှာ ရလာမယ့် သားတွေ သမီးတွေ ဟာ ငါ မျှော်လင့်သလို ဖြစ်လာဖို့ပဲ ဖြစ်မှာပါ၊ မဂွမ်းက အခုတော့ အိမ်ထောင် ကျစကိုး၊ ရှေ့ နှစ်နှစ် ဆိုရင် ငါ အိမ်ခွဲမယ်၊ ကိုယ့်အိုး၊ ကိုယ့်အိမ်နဲ့ နေ၊ နှစ်ဖက် ကို ထောက်ပံ့၊ သားတွေသမီးတွေ ကျောင်းထား၊ ငါ စီးပွားရေး တိုးတက်အောင် ကြိုးစား၊ ဒီ မယား၊ ဒီ သား၊ ဒီ သမီးတွေ နဲ့ အလှူအတန်း ကုသိုလ်ကောင်းမှု လုပ်၊ ဘုရား ပွင့်တဲ့ အချိန် တိုင်အောင် အတူစောင့်၊ ကျွတ်တန်းဝင် ၊ လောကီလဲ လောကီ ချမ်းသာ၊ လောကုတ္တရာလဲ လောကုတ္တရာ ချမ်းသာ၊ ဒါပါပဲ ကွာ ”

( ၄ )

အမေတို့ မရှိတော့၍ ကျွန်တော်သည် အလုပ်ရှိရာ အထက်မြို့သို့ ပြောင်းရသည်။ ပြောင်းရခါနီးတွင် ငှက်ရိုးတို့ အိမ်သို့ သွား၍ နှုတ်ဆက်သည်။ ငှက်ရိုး ၏သမီးကြီးသည် မတ်တတ်စမ်းလျက်ပင် ရှိပေပြီ။ ငှက်ရိုးသည် နွား နှစ်ရှဉ်း ပိုင်နေပေပြီ။ လယ် ဆယ်ဧက ထပ် တိုးနေပေပြီ။ လက်အောက်လက်သား လေးငါးဆယ်ယောက် ရှိနေပေပြီ။

“ အင်စပက်တော် စိန်အောင် ရေ၊ ငါ မြို့ကို တက်ပြီး စီးပွားရေး ချဲ့ ဦးမယ်၊ ဆန်စက်ကလေး ဘာလေး ပေါ့၊ ဒါပေမယ့် ငါ ခြေ ကျဲသလောက် မဂွမ်း က နှေး သကွာ ” 

အားမရသံ ။

( ၅ )

ကျွန်တော့် သားကြီးကို ရန်ကုန်တက္ကသိုလ်သို့ လိုက် ပို့သော နေ့က အာမခံရုံးရှိ အသိတယောက်ထံ သွား ခဲ့သည်။ ထို အသိသည် ငှက်ရိုးနှင့် အဆက်အသွယ် ရှိနေ၍ တချက်ခုတ် နှစ်ချက်ပြတ်။ ငှက်ရိုးတွင် ဆန်စက် သုံးလုံး၊ ဆီစက် နှစ်လုံး၊ သစ်ခွဲစက် နှစ်လုံး ရှိ နေပေပြီ။ အဝေးပြေး ဆန်တင်ကား နှစ်စီး ပိုင်နေပြီဟု သတင်းရ၏။ တဧကလျှင် ခြောက်သိန်းတန် သော မြေကွက်ပေါ် ၌ တိုက်ကြီး တလုံး ဆောက်ပြီး သွားပြီဟု သတင်းကောင်းတွေ ကြားရ၏။

ငှက်ရိုးနှင့် မတွေ့ရသည် မှာ ရှစ်နှစ်၊ ကိုးနှစ်ခန့် ရှိ ပေပြီ။

အာမခံရုံးက မိတ်ဆွေ ပေးလိုက်သောကြောင့် ငှက်ရိုး ၏ ဖုန်းနံပါတ်ကို ရခဲ့သည်။ နောက်နေ့တွင် ကျွန်တော် ဖုန်းဆက် ကြည့်သည်။ ငှက်ရိုး မရှိ ဟု အမျိုးသမီး အသံက ဖြေသည်။ အဲလ်ဗစ်ပရက်စလေ ၏ မနေ့တစ်နေ့ က ပေါ်လာသော ဓာတ်ပြားသီချင်းသံကို ဖုန်းထဲကြားရသည်။

တပတ်အကြာတွင် ကျွန်တော် ဖုန်းထပ် လှည့်သည်။ ငှက်ရိုး နှင့် တိုးသည်။ ဟကောင်ကြီး၊ အခု လာကွာ၊ ငါ တွေ့ချင်တယ်၊ မလာနိုင်ရင် ငါ ကား လွှတ်လိုက်မယ်ဟု အလုအယက် ဝမ်းသာ စကားဆိုသည်။ နောက်နေ့ ကျ မှ လာမည့် အကြောင်း ကျွန်တော် ပြောသောအခါ ဟာကွာ ဟု မချင့်မရဲ ဆိုလေသည်။ ငါ စောင့်မယ်၊ ဆက်ဆက် လာ၊ အတွင်းဝန်ကလေး နဲ့ တွေ့မယ့် ကိစ္စကို ဖျက်ပြီး စောင့်မယ်ဟု ပြောလေသည်။

( ၆ )

လေးဆယ် ကျော်ခါစ၊ သို့သော် အိုစာနာ နိုင်လှ၏။ ဆံပင်ဖြူတွေ ထွက်စ ပြုနေ၏။ မင်း ကတော့ ငယ်ရုပ်ပဲဟု ငှက်ရိုး ပြော၏။

“ မင်း ကလေးတွေရော ဘယ်နှတန်း လဲ ”  

သူ ခေါင်း ကုတ်၏။

“ မပြောပါနဲ့တော့ ကွာ၊ ရန်ကုန် သီလရှင်ကျောင်း တိုင်းမှာ မနေဖူးတယ် မရှိပါဘူး၊ ဒီနေ့ ကွန်ဗင့်ဆရာမ နဲ့ အပြောအဆို အဆင်မပြေ ရင် မနက်ဖြန် စိန်ဖလိုမီနား၊ ဆရာမ ဒဏ်ပေးတာ ခံရရင် နောက်တနေ့ စိန်ပေါ၊ ကလေးတွေကို မဂွမ်းက အလိုလိုက်တဲ့ နည်းနဲ့ ဖျက်ဆီးနေတယ်၊ ငါက စီးပွားရေးကို ရာနှုန်းပြည့်၊ ဒီတော့ အိမ်အုပ်ချုပ်ရေးမှာ ငါ ငါးဆယ်သား လျော့ တော့တာပေါ့၊ စာရင်းဇယား က အစ ငါ ” 

“ မဂွမ်း က မကူဘူးလား ”  

“ သူ က တွေဝေ ငိုက်မျဉ်းနေတဲ့ အစားမျိုး ” 

ဟေ ... ဟု အံ့ဩသံ ကျွန်တော် ပြုမိသည်။

“ သူ ဘာလို့ အသက်ရှင်နေတာကို သူကိုယ်တိုင် သိချင်မှ သိမှာ စိန်အောင် ”  

“ ဟာကွာ ၊ ငှက်ရိုး ကလဲ ” 

“ မဟာကွာနဲ့၊ ရွာ က ပြောင်းလာ ကတည်းက မြို့ မှာ သူ ဘာမှ မလုပ်ရဘူး၊ အိမ်ကိစ္စဆို အိမ်ဖော်တွေနဲ့၊ အဝတ် လျှော်တာ၊ ကြမ်း တိုက်တာ၊ ထမင်းချက်တာ က အစ စက်နဲ့၊ မဂွမ်း အတွက် အချိန်တွေ အရမ်း ပို တယ်၊ အချိန် ပိုအောင် ငါ စရိတ်စက တွေ ပိုခံရတာပေါ့ကွာ၊ ကလေးတွေ အတွက် ပညာရေး ဂရုစိုက်ချိန် ပို ရအောင်၊ စီးပွားရေး အတွက် ဂရုစိုက်ချိန် ပို ရအောင် ငါ စီစဉ်ပေးတာ၊ ဒါပေမယ့် ... ” 

မောသံ ဖြင့် ခဏ ရပ်သည်။ 

ကျွန်တော် သဘော မပေါက်၊ သူ့ မျက်နှာ ညှိုးအိုအို။

“ အားလုံး အလကားပါပဲကွာ၊ သူ ပြောပုံ ပြောပေါက် နဲ့ ၊ ထားတဲ့ သဘောထားနဲ့ ငါ လိမ့် နေတာပဲ၊ အနှစ် နှစ်ဆယ် ” 

“ သူ က နဂိုက ခပ်အေးအေးပဲ ငှက်ရိုးရာ ” 

“ သူက ဈေးတောင်း ခေါင်းရွက်ပြီး ငါ့ကိုကျွေး၊ ဟင်း မလောက်၊ ထမင်း မလောက်၊ ကျောက်တံဖိုး မရှိတာ သူ ညည်းလဲ ငါ ငုတ်တုတ်ထိုင် နေမယ်လေ၊ အိမ် အတွက် ဘာလိုလို သူ ကတော့ မပူပေါင်၊ ကျွန်မ မှာ သာ ဈေးရောင်းရ၊ ရှာရဖွေရ၊ ချေးငှားရ၊ အေးလွန်းလှတယ်လို့ ငါ့ကိုပြော၊ အရပ်ကလဲ ငါ့ကို အေးအေးပဲ လို့ ဘွဲ့တံဆိပ် ဝိုင်းပေး၊ နေရာချင်း လဲမယ်လေ၊ ငါ လဲ နေတတ်တာပေါ့ ” 

ဟု ပြောပြီး တော့ရယ်သည်။ စိတ်နာသံ ပါသည် ဟု ကျွန်တော် သိသည်။

“ ပြော ရရင် အများကြီးပါကွာ၊ မင်း နဲ့ တွေ့တုန်း တခြား အကြောင်း ပြောကြတာပေါ့ စိန်အောင် ရာ ” 

သူ့ မျက်နှာပေါ် က အိမ်ထောင်ရေး ဘာသာစကား ကို ရိပ်မိ လိုက်၏။

( ၇ )

ကျွန်တော် ပင်စင် ယူသည့် ခွင့် လေးလ အစတွင် ငှက်ရိုး ဖုန်းဆက်သည်။ အလှူ ရှိကြောင်း၊ တန်ဆောင်း ရေစက်ချ ဖြစ်ကြောင်း၊ အလှူနေ့တွင် လာစေ လိုကြောင်း ပြောသည်။ သူ နှင့် ကျွန်တော် သည် လူချင်း မဆုံသော်လည်း ဖုန်း အဆက်အသွယ် တော့ ရှိခဲ့သည်။ တစ်ခါတစ်ရံတွင် သူ့ အိပ်ခန်းထဲမှ ဖုန်းဆက်တတ်သည်။ ည ဆယ်နာရီ၊ ဆယ့်တနာရီ၊ ကျွန်တော် သိပြီးသား ပြဿနာ၊ ဂွမ်းပုံ ၏ မသိတတ်မှု၊ သားသမီး ပျိုးထောင် စောင့်ရှောက်ပုံ မဟုတ်မှု၊ ထို့နောက် စိတ်နာ စကား၊ အလဟဿပဲ၊ အလကားပဲ ၊ ဘဝ ကို စိတ်ညစ်စရာတွေနဲ့ ဆောက်ရသလိုပဲ၊ ငွေ ရှိပါလျက်နဲ့ ညဘက် ဆာရင် စားစရာ ပဲမုန့် တခု ဝယ်ပေးဖော် မရတဲ့ မယားနဲ့ နေရတာ၊ မဂွမ်း ဟာ သူ့ အကျိုး၊ လင့် အကျိုး၊ သားသမီး အကျိုးနဲ့ အနန္တော အနန္တငါးပါး အတွက် ဘာမှ မလုပ်တဲ့ မိန်းမ၊ သူ့ ကြောင့် လှေ ရှိလျက်နဲ့ လိုရာခရီးရောက်အောင် မသွားရတာ ၊ သူ့ကြောင့်မှန်း သိသလား ၊ မသိ သလား ငါမသိတော့ဘူး ဟု အလှူ ဖိတ်ရင်း ဖုန်းထဲက ပြော သည်။

( ၈ )

ပရိသတ်တွေ ဟင် ... ဟာ ... ဖြစ် သွားသည်။ ကျွန်တော် တားချိန် မရလိုက်။ 

“ ဘုရားတပည့်တော် အသက် ထက်ဆုံး စင်ကြယ်စွာ ရှာဖွေခဲ့တဲ့ ဥစ္စာပစ္စည်းများ နဲ့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် ပြုပါတယ် ဘုရား၊ မှန်ကန်တဲ့ ဤ သစ္စာစကားကြောင့် အရိမေတ္တယျ မြတ်စွာဘုရား မဖူးရမီ ကြား ဒီဘဒ္ဒကမ္ဘာမှာ ကျင်လည်ရတဲ့အခိုက် ဘယ် ဘဝမှာမှ မဂွမ်းနဲ့ မဆုံပါရစေနဲ့ ဘုရား ”  

ဟူသော ရေစက်ချ ဆုတောင်း အဆုံး တွင် ငှက်ရိုး ၏ ရေစင်တော် ငွေကရား၌ ရေ တစက်မျှ မရှိတော့ ။

---

#ငြိမ်းကျော်
#ဦးငှက်ရိုး၏ရေစက်ချ

#shared_by_louis_augustine
#sbla

Comments