ကျွန်တော့် ဘဝဇာတ်ကြောင်း ( မေနှင့်ကျွန်တော် ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( မေနှင့်ကျွန်တော် ) // သော်တာဆွေ
---
မေနှင့်ကျွန်တော်
---
မေသည် ၁၉၄၈-ခုနှစ်၊ သူ ၁၆-နှစ်သမီးက ကျွန်တော့်ဆီသို့ မိတ်ဆက်စာရေးခဲ့၍၊ ၁၉၄၉ ခုနှစ်တွင် ရည်းစားဖြစ်လာကြကာ နှစ်များစွာ စာအသွားအပြန်ရေးနေကြသည်။ (မေသို့) ဟု သူ့အတွက် ရည်စူးကာ ဝတ္ထုများစွာ ရေးခဲ့သည်။ အချို့ဝတ္ထုများတွင် သော်တာဆွေ ရည်းစား မေဇာတ်လိုက်ထားကာ အခါများစွာ ရေးသားခဲ့သဖြင့် ကျွန်တော့်စာဖတ်ပရိသတ်ကပင် မေကို သိနေကြလျက်၊ “ကိုဆွေ၊ မေနဲ့ ဘယ်တော့ညားမလဲ” ဟူသော မေးစာများပင် လာခဲ့သည်။
သို့သော် ကျွန်တော်တို့မှာ ဝတ္ထုများထဲတွင်သာ နှစ်ပါးသွားနေကြရ၍ လူချင်းတွေ့ဘို့ကား ကျွန်တော်မရည်ရွယ်ခဲ့။ မကြိုးစားခဲ့။ ကာဆီးထားသော အကြောင်းများရှိခဲ့၏။ သို့ရာတွင် ကြံသော်လည်းမဖြစ်၊ မရည်ရွယ်ဘဲလည်း ဖြစ်တတ်သည့်အလျောက်၊ မေနှင့် ကျွန်တော်တို့ အကြောင်းကံက ပေါင်းရန်ဖန်လာလေတော့၊ သူသည် တောင်ကြီးမြို့မှာ မူလတန်းကျောင်းတခု၌ ပြည်တော်သာခေတ် ဆွဲခန့်ဆရာမ လုပ်နေရာမှ ၁၉၅၄-ခုနှစ်တွင် ကန်ဘဲ့ဆရာ အတတ်သင်ကျောင်းသို့ ရောက်လာခဲ့သည်။
ဒီတော့ သူကျွန်တော့်ကို ရှာပုံတော်ဖွင့်ပြီ။ ကျွန်တော်လည်း မေမြို့မှပြန်လာခဲ့ပြီ။
သူနှင့်ကျွန်တော်သည် ဓါတ်ပုံချင်းသာ လဲလှယ်ထားလျက် လူချင်းတခါမျှမတွေ့ဘူးဘဲ ၆ နှစ်တာမျှ သမီးရည်းစား ဖြစ်ခဲ့ကြ၍ ယခုချိန်းဆိုထားကြတော့ မြင်လျှင် သိရှိကြရန် အဝတ် အဆင်အရောင်နှင့် အမျိုးအစားကို အသီးသီးစာထဲတွင် ဖော်ပြကာ အချိန်နေရာနှင့်တကွ တိတိ ကျကျ ရေးသားလိုက်ကြသည်။
မိုးကာလမို့ ထက်ကောင်းကင်က ပြာမှိုင်းလျက်ရှိသည်။ ၁၉၅၄ ခုနှစ်၊ ဇူလိုင်လ၏ တတိယသီတင်းပတ် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီတိတိတွင် ကန်ဘဲ့ ဆရာအတတ်သင် ကျောင်းရှေ့၌ သစ်လွင်သော တီးလ်မဲမင်းကားတစီးရပ်ပြီး ထိုကားပေါ် မှ ဘန်ကောက်လုံချည် ရေညှိရောင်၊ ပိုးအင်္ကျီအနက်၊ ရင်ဘတ်မှာနှင်းဆီနီတပွင့်ထိုးလျက် အသက် ၃ဝမျှ ခန့်မှန်းရသော လူရွယ်တယောက် ဆင်းလာချိန်၌ အင်းလေး ဇင်းမယ်လုံချည်နှင့် စိန်ကတ္တီပါ အင်္ကျီနီနီဝတ်ထားသော အသက် ၂၀ခန့် အမျိုးသမီးတယောက်သည် သူနှင့်ရွယ်တူ မိန်းမဖော်တယောက်နှင့် လှပသော ရှမ်းခမောက် ကိုယ်စီဆောင်းကာ ကျောင်းဝင်းထဲမှ ထွက်လာကြသည်။
ဖော်ပြပါနှစ်ယောက်သည် ခပ်လှမ်းလှမ်းကပင် ပြုံးရွှင်သောမျက်နှာများနှင့် တယောက် တယောက် ရွှန်းရွှန်းစားစား ကြည့်ကြကာ မျက်နှာချင်းဆိုင်မိသည်၌ အမျိုးသားက အလွန်တရာ ဝမ်းသာသောအသံနှင့် “မေ” ဟု ခေါ်လိုက်၍ အမျိုးသမီးက “မောင်” ဟု ကြည်နူးနှစ်ခြိုက်စွာ ပြန်ထူးလိုက်လေသည်။
ထိုအခါ၌ မေနှင့်ပါလာသူမှာ ရှမ်းပြည်ကပင်။ သူနှင့်အတူပါလာခဲ့သော ကျောင်းနေဘက်သူငယ်ချင်း ခင်စန်းညွန့်ဖြစ်၍ ကျွန်တော့်အား ကားနှင့်လိုက်ပို့သူမှာ ရှုမဝကိုကျော်မြပင် ဖြစ်ပါသည်။
ဤကား မေနှင့်ကျွန်တော်ပဏာမ တွေ့ဆုံကြခြင်းပင်။ စာချင်းသာ ဆက်သွယ်နေသူတို့ မှာ ဤပဏာမ တွေ့ဆုံခြင်းသည် အလွန်အရေးကြီး၏။ စာများထဲတွင် မည်မျှပင် ချစ်ပါတယ်။ ကြိုက်ပါတယ်၊ မြတ်နိုးပါတယ်ဟု ဖွဲ့နွဲ့နေကြသော်လည်း လူချင်းတွေ့ရသောအခါ၌ ခပ်အင်အင် ဖြစ်ကာ စိတ်ပျက်သွားကြသည်များကို ကျွန်တော်ကြုံဘူး၏။
ယခု မေ့ကိုကျွန်တော်တွေ့လိုက်ရသောအခါ၌ ကျွန်တော့်စိတ်ဝယ် ဆထက်တံပိုးမြတ်နိုး ချစ်ကြင်မိလေ၍ သူ့ဘက်က ကျွန်တော့်အား စိတ်ပေါ့သွားမှာပင် စိုးရိမ်မိသဖြင့် ထိုနေ့သူတို့ ကျောင်းကိုပြန်ပို့ပြီး၊ ရှုမဝတိုက်သို့ ကျွန်တော်ပြန်ရောက်သောအခါ၌
“မေ... မောင့်ကိုတွေ့ရတော့ ဟိုတုန်းကအတိုင်း စာတွေထဲကလို ချစ်သေးရဲ့လားကွယ်...မောင် သိပ်စိုးရိမ်တာဘဲ၊ မောင်က တော့လေ... မေ့ကို လူချင်းလဲတွေ့ရရော၊ တကယ်ဘဲ နှစ်နှစ်ကာကာ ချစ်တဲ့စိတ်တွေဟာ ရင်ထဲ မှာ တဖျတ်ဖျတ် တလှပ်လှပ်ပေါ်လာတော့တာဘဲ”
စသည့် အဓိပ္ပာယ်သက်သော စာကို ချက်ခြင်း ရေးပြီး စာတိုက်မှထည့်လိုက်ရာ၊ ဤစာနောက်တနေ့ သူ့ကျောင်းသို့ရောက်မည့် အချိန်၌ မေ့ထံကစာတစောင် ကျွန်တော့်ဆီ ရောက်လာပါတော့သည်။ သူ့စာမှာလည်း ကျွန်တော့်နည်းတူပင်။
“ဟင်... မောင် မေ့ကိုတွေ့ရတော့ ဘယ့်နှယ်နေ သလဲ မောင်ရယ်... ဇနပုဒ်က ရှမ်းမလေးရယ်ဆိုပြီး စိတ်ပျက်သွားမှာကို မေသိပ်စိုးရိမ်တာဘဲ။ မောင်မေ့ကို ထပ်တွေ့ချင်တဲ့စိတ်များ ရှိသေးရဲ့လား” ဆိုသည့် သဘော။
စင်စစ်တော့ သူနှင့်ကျွန်တော်သည် စာချင်းမည်မျှပင် အလွမ်းသယ်ထားစေကာမူ လူချင်း တွေ့ကြတော့ တယောက်တယောက် ချစ်နိုင်မချစ်နိုင် ယတိပြတ် ဆုံးဖြတ်ထားသည်မဟုတ် သေး၍ သူ့ဘက်ကလည်း အဖေါ်တယောက်၊ ကျွန်တော့်ဘက်ကလည်း အဖော်တယောက်၊ ခေါ်လာခဲ့ကြခြင်းဖြစ်ပေသည်။
ထို့ကြောင့် လူက ၄ ယောက် ဖြစ်နေကြတော့၊ ထိုနေ့မှာ ကျွန်တော်တို့ ချစ်ကိစ္စကို မရောက်ဖဲ၊ လူချင်းမိတ်ဆက်ပွဲမျှ ဖြစ်နေ၍ တရုတ်တန်းက အွန်လောက်ဟော်တယ်မှာ ထမင်းစားကြပြီး သူတို့ကိုပြန်ပို့လိုက်ကြသည်။
သည့်နောက်မှ ကျွန်တော်တို့နှစ်ယောက်ထဲ တွေ့ချင်ကြသည်ကို နှစ်ယောက်စလုံးစိတ်၌ ပေါ်ကြသဖြင့် နောက်စနေမှာ ချိန်းဆိုကာ ကျွန်တော်တယောက်တည်းသွား၍ မေတယောက် တည်းခေါ်လာခဲ့တော့သည်။
ကျွန်တော်တို့ ပထမဦးဆုံး ချစ်တင်းနှောလိုက်ကြသည်ကတော့ တိရစ္ဆာန်ရုံမှာ ဖြစ်ပါသည်။ ထို့နောက်တွင်မူ စနေ၊ တနင်္ဂနွေနေ့တိုင်းလိုပင် ရုပ်ရှင်ရုံ၊ ရွှေတိဂုံ ဘုရား၊ ကန်တော်ကြီးနှင့် အင်းလျား၊ လမ်းသလားကြရလေတော့သည်။
တစတစနှင့် သူနှင့်ကျွန်တော်သည် ယဉ်ပါးသည်ထက် ယဉ်ပါး၍လာကြသောအခါတွင်၊ ပဲခူးသို့ တညဉ့်အိပ် ခရီးသွားကြရန် ကျွန်တော်စီစဉ်သည်။ မေကား ကျွန်တော့်ဆန္ဒကိုဘာမျှ မငြင်းချေ။
ထိုအချိန်၌ ပဲခူးတွင် မြို့အုပ် ကိုခင်ဦးနှင့် ဒေါ်ညွန့်ညွန့်တို့ရှိသည်။ သူတို့ လင်မယားသည် ကျွန်တော်၏စာဖတ် ပရိသတ်ဖြစ်၍ သူတို့ မြစ်ကြီးနားမြို့မှာနေစဉ် ၁၉၅၁-ခု ကချင် မနောပွဲသို့ ကျွန်တော်သွားတုန်းကတည်းက စတင်ခင်မင်ခဲ့ကြသည်။ ယခု ပဲခူးသို့ သူတို့ပြောင်း လာကြရတော့ အလည်လာပါရန် တ-တတခေါ်နေကြသဖြင့် အဆင်သင့်ပင် ကျွန်တော်တို့ လင်မယားနှစ်ယောက် လာခဲ့မည့်အကြောင်း ကိုခင်ဦးထံစာရေးလိုက်တော့သည်။
ကိုခင်ဦးတို့သည် ကျွန်တော်တို့အား တကယ်လင်မယားဘဲ ထင်၍ကျွန်တော်တို့အတွက် အိပ်ရာခမ်းနားများ ပြင်ဆင်ထားကြသည်။ စနေနေ့မနက် ရထားနှင့်သွားကြပြီး တနင်္ဂနွေနေ့ ညနေရထားနှင့် ပြန်လာကြတော့ ရန်ကုန်ဘူတာမှာ မှောင်နေချေပြီ။ သည်တော့ ကျွန်တော်က...
“မေရယ် မထူးတော့ပါဘူး၊ နောက်တနေ့ မနက်စောစောမှဘဲ ကျောင်းကိုပြန်ပါတော့၊ ခုည ဒီဟော်တယ်မှာဘဲ အိပ်လိုက်ကြပါစို့”
“မောင့်သဘောဘဲ၊ မေ မောင့်မယား ဖြစ်နေပါပြီ”
ထိုစဉ်အခါ၌ မီးရထားဟော်တယ်က တယောက်အိပ်ခန်းကို တရက် ၃၃ိ၊ နှစ်ယောက် အိပ်ခန်းကို ၄၄ိ၊ ဦးကြင်ဆွေ၊ ဒေါ်ခင်မေရီ၊ ပြည်မြို့မှလာသော ခရီးသည်လင်မယားဟု စာရင်း သွင်းရသည်။
ဤမှစပြီတော့ကား၊ ကျွန်တော်တို့သည် ကျောင်းအားနေ့များတို့တွင် ဟော်တယ်မှာပင် နေကြတော့သည်။ ကြာလာတော့ ဟော်တယ် မန်နေဂျာနှင့် ကျွမ်းပြီဖြစ်၍ တယောက်အိပ်ခန်းကို ဘဲယူတော့သည်။
တယောက်ခန်းနှင့် နှစ်ယောက်ခန်းဆိုတာက ကုတင်တလုံးရှိတာနှင့် နှစ်လုံးရှိ တာဘဲ ခြားနားသည်။ ငွေ ၁၁ ကျပ် သက်သာသည်။
နောက်တော့ထိုထက် ဈေးသက်သာသောဌာနကို တွေ့သည်ကား စပတ်လမ်းက နေရှင် နယ်ဟော်တယ်၊ တရက်မှ ၁၁ိ ရယ်၊ မီးရထားဟော်တယ်လောက်တော့ မခမ်းနားဘူးပေါ့။ အိတ်ထဲ ငွေပါးလျှင် နေရှင်နယ်၊ ငွေများလျှင် မီးရထား။
အဲသည်တုန်းက လူပျိုကြီးကိုကျော်မြအား သူငယ်ချင်းအပျိုလေး ခင်စန်းညွန့်နှင့် ဆွယ်ပေးမည်ဟု စိတ်ကူးမိကြသေးသည်။ သို့ရာတွင် တနေ့သ၌ ကိုကျော်မြသည် ယခုသူ့ဇနီး ဒေါ်သန်းဝင်းနှင့် နေရှင်နယ်ဟော်တယ်မှာ ဟိုဘက်ခန်းဒီဘက်ခန်းဆုံနေကြသည်။ ဒေါ်သန်းဝင်း သည် တောင်ကြီးဆေးရုံမှာ သူနာပြုဆရာမ လုပ်ဖူး၍ မေနှင့်သိကျွမ်းနေကြသည်။ သူတို့ ညားသည်ကား ကျွန်တော်တို့ထက် တနှစ်လောက် နောက်ကျသေး၏။
ကျွန်တော်သည် မောင်ကျင်မောင်၊ မောင်ကြင်ဆွေအဖြစ်နှင့် အချစ်ဦးနှင့်မညားခဲ့ရသော်လည်း၊ သော်တာဆွေကား အချစ်ဦးနှင့်ညားသည်ဟု ဆိုရချေမည်။ အကြောင်းမူ၊ မေသည် အမျိုးသမီးထဲမှ သော်တာဆွေအား ပထမဦးဆုံး မိတ်ဆက်သူ ပထမဦးဆုံး ရည်းစား။
စာရည်းစားအဖြစ်နှင့် အနှစ်နှစ်အလလက စိတ်ထဲ ခဲထားကြသည့်အတိုင်း သည်လို ဖြစ်လာလိမ့်မည်မထင်ဘဲနှင့်၊ လူချင်းတွေ့ကြရလေတော့ မီးကုန်ယမ်းကုန် ချစ်ကြလေ၍ ကျွန်တော်တို့နှစ်ယောက် ကြည်နူးမှုက လွဲပြီး အခြားဘာမျှ မစဉ်းစားကြတော့ချေ။
သည်တော့ ပတ်ဝန်းကျင်က စကားပြောလာ၏။ မေတို့တောင်ကြီးမြို့မှ ဆရာအတတ်သင်ကျောင်းသို့ လာခဲ့ကြသည်မှာ ခင်စန်းညွန့် အပြင် အခြားနှစ်ယောက်က ရှိသေး၏။ ဤနှစ်ယောက်က မေ့ဘက်တော်သားမဟုတ်။ မေသည် စနေ၊ တနင်္ဂနွေနေ့တိုင်း ကျွန်တော်နှင့်အပြင်လိုက်သွားပြီး ညဉ့်အိပ်ညဉ့်နေ မပြန်ဘဲ နေသည်ကို သူတို့နှစ်ယောက်ထံမှ တောင်ကြီးမြို့ သက်ဆိုင်သူများထံသို့ သတင်းရောက်သွားလေသောကြောင့် မေနှင့်ကျွန်တော့်ကိစ္စမှာ ရှေ့တိုးမလား၊ နောက်ဆုတ်မလားဆိုသည့် ပြဿနာနှင့်ရင်ဆိုင် ရလေတော့သည်။
အကယ်၍သာ ကျွန်တော်တို့ နှစ်ယောက်သည် အလျှော့ပေးလိုက်ကြလျှင်ကား၊ တသက်လုံး အလွမ်းအဆွေးသမားတွေ ဖြစ်ကြချေတော့မည်။
သို့သော် ကျွန်တော်တို့နှစ်ယောက်စလုံးက အာယုလမ်းကြောင်းနှင့်ဉာဏလမ်းကြောင်း မဆက်ကြသော လက္ခဏာပြတ် ဇွတ်သမားများဖြစ်ကြ၍ ပြုမိသည့်ကိစ္စကို နောက်မဆုတ်၊ ရှေ့သို့သာ တိုးကြမည်ဟု ဆုံးဖြတ်ချက် ချကြကာ ၁၉၅၄-ခု နိုဝင်ဘာလ ၁၆-ရက်နေ့၌ မေသည် ကျောင်းမှ အပြီးထွက်ခဲ့ကာ ကျွန်တော့်နောက်သို့ လိုက်ခဲ့လေတော့၏။ ကိုကျော်မြ၏ ဟီလဲမဲင်းကားကြီးနှင့်ပင်။
ကျွန်တော်သည် မေ့အားပြည်လမ်း အေဝမ်းခြံအနီး ဒါရိုက်တာဦးဘရှင်အိမ်သို့ ခေါ်သွားသည်။
ဤသတင်းသည် ကျွန်တော့်ယောက္ခမနား ပေါက်သွားလေတော့ သူတို့ပွက်လောရိုက် ကြလေသည်။ သူတို့ဘက်ကလည်း မာနကြီးပါပေသည်။ သူ့သမီးအား
“ကိုယ့်မစုံမက်လို့ ပစ်သွားတာများ ဒင်းကို ဂရုစိုက်မနေပါနဲ့၊ သူနဲ့ မွေးသွားတဲ့ ခလေးတွေ အတွက်သာ စားစရိတ် ရအောင် တောင်းဟေ့”
သူတို့အလိုရှိသည်ကား၊ ခလေးတယောက် ၅ဝိ-နှုန်း ၅-ယောက်တွက် တလ ၂၅ဝ-ရလျှင် ပြီးရော။
ဤနေရာ၌ ရှုမ၀ဦးကျော်နှင့် တင့်တယ်ကိုကျေးဇူးတင်ရသည်။ သူတို့နှစ်ယောက်သည် ကျွန်တော့်ယောက္ခမရှေ့မှောက် လိုက်လာကြကာ ဦးကျော်သည် သော်တာဆွေဆီက တလ ၂၅ဝိ-ကို သူတာဝန်ခံပါသည်ဟု ကတိပေးသဖြင့် ယောက္ခမကြီး ကျေအေးသွားလေ၏။ ဟိုတုန်း က ကျွန်တော့်ဆီက ထမင်းလခငွေ ၂၀ဝိ-ကို အလီလီအလာလာ ဆူဆူပူပူနှင့် ရနေရာလစဉ် ဦးကျော်ဆီက မှန်မှန်ထုတ်ယူရုံဘဲပေါ့။
ဦးကျော်ကလည်း လစဉ်မဂ္ဂဇင်း ဝတ္ထုတပုဒ် ၃ဝဝိ-အပြင် ရှုမဝမှာ အဟိကဏ္ဍထည့်၍ ကျွန်တော့်အား မဂ္ဂဇင်း ၁၆-မျက်နှာ (စာနှစ်ဖောင်)အတွက် စာမူများ တာဝန်ခံရသည့်အတွက် ၃ဝဝိ ပေါင်း ၆ဝဝိ ကျွန်တော့်ကိုပေးသဖြင့် ကျွန်တော့်ဘဝလမ်းသစ်သည် အဆင်ပြေ၍ သွားပေတော့၏။
မေနှင့် ကျွန်တော်ရပြီးနောက် ကျွန်တော့်ဘဝသည် ကိုယ့်ဆန္ဒအလိုပြည့်ပြီဖြစ်သွား၍ ကျွန်တော်ယခင်ကထက် စာတွေကို ရေးနိုင်သည်။ ရှူမဝသာမက မြဝတီနှင့် သွေးသောက်သို့ လည်း ရေးပေးနိုင်သည်။ မေကလည်း အင်္ဂလိပ်ဝတ္ထုတွေ အလွန်ဖတ်သူဖြစ်၍ ကျွန်တော့်အား ဇာတ်လမ်းများကို ပြောပြပါသည်။ အချို့ဝတ္ထုများမှာ သူကိုယ်တိုင်ရေး၍ ကျွန်တော်က အနည်းငယ် ပြင်ပေးရုံဖြင့် သော်တာဆွေ ၀တ္ထုတွေ တိုးလာခဲ့သည်။ ကျွန်တော့်ဝတ္ထုများတွင် ရှမ်းပြည် အကြောင်းအရာပါလာလျှင် မေ့အကူအညီပင်။ အမြွက်မျှဖော်ပြရသော် စာပေဆုရသော ဝတ္ထုတို များထဲမှ တာတီးနှင့်မဲတူ၊ မေတ္တာမဏ္ဍိုင်၊ ဦးစိန္ဒာနှင့် သူဌေးမ၊ ဝတ္ထုတွေမှာ သူတို့အိမ်ထောင်က ကိုယ်တွေ့များကို မေရေးသော ဝတ္ထုများဖြစ်ပါသည်။
မေသည် စာရေးလည်းကောင်း၍ သူကိုယ် တိုင် စာရေးဆရာဖြစ်လိုက ဖြစ်နိုင်သည်ဟု ကျွန်တော်ပြောရဲပါသည်။ သို့သော် မေ့မှာ ဒီလိုဖြစ်ချင်စိတ်ကမရှိ၊ ကျွန်တော့်ကိုကူညီရလျှင် သူရေးပေးတာကို ကျွန်တော်ကြိုက်နှစ်သက်လျှင်ဘဲ သူကျေနပ်ပါပြီတဲ့။
ထို့ပြင် မေသည် သီချင်းဆိုရော အသံရောကောင်း၍ သူ့အကြောင်းသိသော မိတ်ဆွေ ဓာတ်ပြား ကုမ္ပဏီတခုက သီချင်းသွင်းရန် ခေါ်သည်ကို ကျွန်တော်ကတိုက်တွန်းပါလျက် (သူတို့ရေးတဲ့ သီချင်းတွေ ကျက်လား... တိုက်လား. . . ရှုပ်ရှုပ်ရှက်ရှက်တွေ မလုပ်ချင်ပါဘူး) ဟု ငြင်းဆိုခဲ့၏။ သူဆိုလိုသော သီချင်းကို ဆိုချင်သောအခါမှ ဆိုချင်သူဖြစ်၏။ မေသည်မြန်မာ သီချင်းသာမက တကြိမ်သောအခါ၌ အမကြီးခင်မျိုးချစ်၊ ဦးခင်မောင်လတ်၊ ဦးခင်ဇော်၊ (k) ဒေါ်သန်းနှစ်တို့ လင်မယားနှင့် ကျွန်တော်တို့စုံတွဲ ဂျာမန်သံအမတ်ကြီး၏အိမ် ဧည့်ခံပွဲသို့သွား ကြရာ အဆိုတော် ကိုအံ့ကြီးတို့မောင်နှံလည်း ရောက်နေ၍ ကိုအံ့ကြီးကထုံးစံအတိုင်း သူ့အကော်ဒီယံနှင့် ဧည့်ခံနေ၏။ ထိုမှကိုအံကြီးနှင့် မေက စကားစပ်မိ၍ အင်္ဂလိပ်သီချင်းတပုဒ်၊ ဂျာမန်သီချင်းတပုဒ်၊ ဂျပန်သီချင်းတပုဒ်ကို သူတို့နှစ်ယောက်စလုံးရတာနှင့် တိုက်ဆိုင်နေလေရာ၊ မေက ဆို ကိုအံ့ကြီးက တီးလေရာလူမျိုးခြားများ အံ့ဩစွာ ဩဘာပေးခြင်းကိုခံခဲ့ရပါသည်။
မေသည် ခရစ်ယန်ဖြစ်၍ ငယ်စဉ်ကပင် သူတို့ဘုရားရှိခိုးကျောင်းမှာ ဓမ္မသီချင်းများကို သီဆိုခဲ့ရသူဖြစ်၏။ ကလေးဘဝကတည်းက ကျောင်းပြဇာတ်များတွင် အဆိုတော်ဖြစ်ခဲ့သည်။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine


Comments
Post a Comment