ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော်၏ မေမြို့သူ -၂ ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကျွန်တော်၏ မေမြို့သူ -၂ ) // သော်တာဆွေ

---

ကျွန်တော်၏ မေမြို့သူ -၂

---

“ငါးဆီပြန် တပွယ်”

ကျွန်တော်ရောက်သည်နှင့်တပြိုင်နက် ကျွန်တော့်ကိုမမေးဘဲ သူက အော်လိုက်လေသည်။ ကျွန်တော့်ကိုမြင်လျှင် ထမင်းတဝက်ဆိုတာတော့ အဒေါ်ကြီးကိုပြောစရာမလိုတော့ပြီ။

သူကလေးသည် ထမင်းပွဲကို ယူလာ၍ ကျွန်တော့်ရှေ့တွင်ချပြီး အနီး၌ထိုင်ကာ...

“ဗိုလ်ကြီး စားကြည့်စမ်း၊ ဒီနေ့ ငါးကြင်းသိပ်လတ်တာ... ဆူတာဘဲ၊ ကန်တော်ကြီးက ရတာ”

ကလေးမက မေမြို့ ကန်တော်ကြီးက ငါးကြင်းများရတတ်ပါသည်။ ငါးမျှားသမားများကို လိုင်စင်ထုတ် ပေးထားသည်။ “ဘေးမဲ့ငါးများ သနားကြပါ” ဆိုသော စာများကိုလည်း ကန်တော်ကြီး ပတ်လည် မှာ ရေးဆွဲထားပါသည်။ ဤစာသည် လိုင်စင်မယူဘဲ ငါးဖမ်းသူများအတွက် ဖြစ်ဟန်တူသည်။ သို့မဟုတ် လိုင်စင်နှင့်လူများအား ငါးတို့ကို ကြင်ကြင်နာနာဖမ်း၍ ကြင်ကြင်နာနာချက်စားကြရန် ဆိုဟန်ရှိသည်။

ကျွန်တော်လည်း ကြင်ကြင်နာနာပင် မြိန်မြိန်ရှက်ရှက်စားလိုက်ပါသည်။ ကလေးမက ကျွန်တော်စားသည်ကို ကြည့်၍... 

“ဗိုလ်ကြီးစားကောင်းတယ် မှုတ်လားဟင်၊ ညစာတော့ ဘယ်မှာစားလဲ၊ ဒီဘာလို့မလာလဲ”

“မင်းတို့ဆိုင်က ၆နာရီ ဈေးမပိတ်မီ သိမ်းရတာကိုကွ၊ ငါကညစာဆိုရင် ၇နာရီ ၈နာရီမှ စားတတ်တာ”

“ဗိုလ်ကြီးဟာ တမျိုးဘဲ၊ မနက်စာတော့ မွန်းလွဲမှာ စားပြီး ညစာတော့ ညကြီးမင်းကြီးစားတယ်”

“ညစာဆိုတော့ ညကြီးမင်းကြီးမှ စားရတာပေါ့ကွ”

“ကဲ... ဒါဖြင့် ဗိုလ်ကြီးဟာ မနက်စာတော့ ဘာလို့မနက်ကြီးမင်းကြီးမစားလဲ”

“အလား... ထူပျစ်ပျစ်ကလေး ဒီနေရာတော့ အလာသားဟေ့” 

ကျွန်တော့်စိတ်ထဲမှ မှတ်ချက်ချလိုက်ပြီး...

“ငါအခုစားတာ မနက်စာလို့ ဘယ်သူကပြောတုန်း”

ဤနေရာ၌တော့ သူအ,သွားကာ မျက်လုံးကလေး ကြောင်တောင်နှင့် ကျွန်တော့်ကို ကြည့်နေပြီးမှ ...

“ဒါဖြင့် ဘာစာလဲ”

“မွန်းလွဲမှစားတာ မွန်းလွဲစာပေါ့ကွ”

“အဟီး... အဟီး... ရီစရာကြီး”

“အို...”

ကျွန်တော်ဟာသဆရာမှာ မျက်လုံးပြူးသွားပါသည်။

“ဗိုလ်ကြီး မနက်တော့ဘာတွေစားနေသလဲ”

“အိမ်မှာ ကော်ဖီသောက်တယ်၊ လက်ဖက်ရည်ကြမ်းသောက်တယ်”

“ဗိုလ်ကြီးအိမ်ဘယ်မှာလဲ”

“လားရှိုးလမ်းမှာ”

“ဗိုလ်ကြီး မိန်းမရှိလား”

“အိုး... မိန်းမရှိရင် မင်းတို့ဆိုင် ထမင်းလာစားနေမလားကွ၊ ငါ့မိန်းမ ငါချက်ခိုင်းမှာပေါ့”

“ဒို့ ဗိုလ်ကြီးအလုပ်ကော ဘာလုပ်လဲ”

အလို ဘုရားရေ ကျွန်တော်မျက်လုံး ဝိုင်းဝိုင်းလည်သွားကာ 

“မင်းငါ့ကို ဗိုလ်ကြီး ဗိုလ်ကြီး ခေါ်နေတာ စစ်ဗိုလ်မှန်းသိလို့ မဟုတ်လား”

အော... ခက်ရချေဗျာ...သူ အံ့အားသင့်သွားကာ

“ဗိုလ်ကြီးက စစ်ဗိုလ်လား။ အဟီးဟီး စစ်ဗိုလ်ကလဲ”

သူကျွန်တော့် ကြည့်ရယ်ချေတော့ဗျာ...။

ကျွန်တော့်ကိုယ်ကျွန်တော် မလုံသလို ငုံ့ကြည့်ပြီး... 

“စစ်ဗိုလ်ကလဲ... ငါဘာဖြစ်သလဲ”

“အားလဲမရှိဘူး”

ဤမှကျွန်တော် နားရှင်းသွားပါသည်။ ကျွန်တော့်ကိုယ်ကာယ တောင့်တောင့်တင်းတင်း မရှိခြင်းကို သူပြောခြင်းဖြစ်ပါသည်။

“ဟေ့... နေစမ်းပါအုံး ထပ်မေးစမ်းပါရစေအုံး၊ မင်းတို့ငါ့ကို ဗိုလ်ကြီး ဗိုလ်ကြီးလို့ခေါ်နေကြ တာဟာ ငါ့ကိုစစ်ဗိုလ်ဘဲလို့ခေါ်နေကြတာ မဟုတ်လား”

“မဟုတ်ပါဘူး၊ ကျနော်တို့ဆီမှာ ဒီလိုလူ ဒီအရွယ် မသိတဲ့လူကို ဒီလိုဘဲ ခေါ်ကြရတာဘဲ”

သေဟဲ့ နန္ဒိယ... ။

ကျွန်တော့်မှာ မေမြို့တွင်တစိမ်းတရံစာတွေက ဒီလိုဘဲ ဗိုလ်ကြီး ဗိုလ်ကြီးခေါ်ကြတော့ နိပ်ဟဲ့ ငါတော့ သူတို့က စစ်ဗိုလ်မှတ်ကြပြီ၊ စစ်ဗိုလ်ဈေးကောင်းတဲ့အရပ်မှာ စစ်ဗိုလ်အထင်ခံရ တာနိပ်ပဟ အောက်မေ့နေတာ။ လားလား လက်စသတ်တော့ ကျွန်တော်တို့ ရန်ကုန်မှာ “ဆရာ ကီး စာရေးကြီး” ခေါ်တဲ့ အပေါက်မျိုးကိုး။

“ကဲ...မဟဝါ၊ ငါမှန်တာပြောမယ်၊ ငါ... စစ်ဗိုလ်မဟုတ်ဖူး၊ ငါ့ကိုဗိုလ်ကြီးဗိုလ်ကြီးလို့ မခေါ်နဲ့တော့”

“မဟုတ်မှန်းကျနော်သိသားဘဲဗျ၊ စစ်ဗိုလ်လူက ခင်ဗျားကြီးလိုမှ မဟုတ်တာဘဲ”

“ဟေ... ငါနဲ့စစ်ဗိုလ်နဲ့ ဘယ်လိုခြားနားသလဲ”

“ ဒါတော့ ကျနော်မပြောတတ်ဖူးဗျ။ တမျိုးဘဲ”

မန္တလေး၌လည်းကောင်း၊ မေမြို့၌လည်းကောင်း၊ မိန်းကလေးများသည် လူချင်းရင်းနှီးလာလျှင် ခင်ဗျား၊ ကျွန်တော်ပြောတတ်ကြပါသည်။

“ငါပြောမယ်... စစ်ဗိုလ်ဆိုရင် ထမင်းများများစားမယ်၊ လူသန်သန်စွမ်းစွမ်းရှိမယ် မဟုတ်လား”

ကျွန်တော်မှာ သူကလေးနှင့် အပြင်းပြေ စကားကောင်းနေသည်။ 

“ဟုတ်တယ်.... ဟုတ်တယ်၊ ခင်ဗျားကြီးကတော့ ထမင်းလဲ များများမစားဘူး၊ လူကလဲ ပိန်ပိန် နွဲ့နွဲ့ရယ်..... ဓာတ်ရှင်မင်းသားလိုဘဲ”

“အလို... ငါက ဇာတ်လိုက်မင်းသားနဲ့တူသလား”

“တူတယ်ဗျ...”

“ဘယ်မင်းသားနဲ့တူလဲပြောစမ်း...”

“ဒီလိုတော့ မပြောတတ်ဖူး၊ ခင်ဗျားကြီးက ဓာတ်ရှင်မင်းသားလိုဘဲ နေတာပြောတာ...”

“မင်းဓာတ်ရှင်တွေ ခဏခဏကြည့်သလား”

“မကြည့်ရပါဘူး ပိုက်ဆံမှမရှိတာ...”

“အခုကော ကြည့်ချင်သလား”

“အိုး... ကြည့်ချင်တယ် ပြမယ်လား...”

“ဘယ်ကား ကြည့်ချင်သလဲ...”

“ဂေါသာဂေါ် ဆိုတာလေ... ဖိုးပါကြီးတို့၊ သိပ်ရီရတာဘဲတဲ့၊ ကျနော်က ရီစရာဆို သိပ်ကြိုက်တယ်”

“အော်.... ရီစရာကြိုက်တယ်၊ ဒါနဲ့နေပါအုံး၊ မင်းဝတ္ထုတွေ မဂ္ဂဇင်းတွေကော ဖတ်သလား”

“ကျနော် စာမှမဖတ်တတ်တာဘဲ” 

ကျွန်တော် သူ့မျက်နှာကလေးကိုကြည့်ကာ သက်ပြင်းရှူမိပါသည်။

“ဒါနဲ့မင်းခုန ကြည့်ချင်တယ်ပြောတာ “ဂေါ်သာဂေါ်”နော်၊ အဲဒီစကားအဓိပ္ပာယ်နားလည်လား၊ ဂေါ်ဆိုတာဘာလဲ”

ဒါမျိုးတော့ သူနားလည်ပေသည်။ ကျွန်တော့်အား မျက်စောင်းကလေး တချက်ဝင့်ကာ ရှက်စနိုးနှင့် ခေါင်းငုံ့သွားသည်။

“ဟာ... ဟား... ဒါမျိုးတော့ လည်ပါ့ကွာ၊ မင်းဂေါ်တဲ့လူများရှိနေပလား” 

“သွား... ဘာလဲ”

အလိုသူကဘဲ ကျွန်တော့်အား ဒေါသမာန်ကလေးနှင့် မာန်လိုက်ချေသေး။
ကျွန်တော် သဘောကျမိကာ ထပ်ဆင့်၍...

ဟုတ်ပါတယ်၊ သူ့ပုံပန်းကြည့်ရတာဖြင့် ဂေါ်တဲ့လူတောင်မကဘူး၊ ရည်းစားတောင်ရှိနေပြီထင်ပါရဲ့၊ ကဲကွာ... ရော့ ကျွန်တော့်အိတ်ထဲက ပိုက်ဆံထုတ်၍...

“ငါငွေငါးကျပ်ပေးခဲ့မယ်၊ ညကျတော့ မင်းတို့ သမီးရည်းစား သွားကြည့်ကြပေရော့”

ကျွန်တော့်မှာ သူ့လိုဟာ သူ့လိုအရွယ်တော့ ရည်းစားတွေဘာတွေ မရှိတန်ဘူးဟု ပြက်ချော်ချော်လုပ်ခြင်းဖြစ်လေရာ၊ ဘုရား၊ ဘုရား လက်စသတ်တော့ မဟဝါ ပုစွန်ဆိပ်ကလေး ငယ်ပေမယ့် မနေတော့ဘဲကိုး။ ကျွန်တော်ထုတ်ပေးသော ငါးကျပ်တန်ကိုကြည့်ကာ...

“ဟင်... သူနဲ့တော့ သွားမကြည့်ချင်ဘူး”

“ကျွန်တော်အံ့အားသင့်ကာ...”

“အလို မင်းမှာ ရည်းစားတွေဘာတွေရှိနေပြီကိုး”

ဆိုပြီးမှ သူ့မျက်နှာကဲကြည့်ကာ...

“ဘာ လို့လဲကွ၊ သမီးရည်းစားနှစ်ယောက် ကြည့်ရရင် ပိုပြီးဇိမ်ကျတာပေါ့ကွ၊ ငါတော့ရည်းစားမရှိလို့ပေါ့ကွာ၊ ရှိများရှိအတူသွားကြည့်လှချေပေါ့”

သူ ကျွန်တော့်ကိုမော်ကြည့်ကာ...

“ဟင်... ခင်ဗျားမှာ ရည်းစားမရှိဘူးလား”

“မရှိရပါဘူးကွာ...ဘယ်သူမှ ကြိုက်မယ့်လူမရှိလို့”

“ယုံသေးဘူး”

“ကဲ...ငါ့မယုံတာယုံတာ နဘေးထားပါအုံး၊ မင်းရည်းစားနဲ့မင်းအတူ မကြည့်ချင်တာက ဘာကြောင့်လဲ”  

သူသည် သူ့ဆိုင်ရှင် လူကြီးများကို လှည့်ကြည်လိုက်ပြီး (သူကလေးနှင့် ကျွန်တော်မှာ ဒီလိုဘဲ စကားလက်ဆုံကျဖြစ်နေ၍ လည်းကောင်း၊ ကျွန်တော်လာချိန်မှာ သည့်ပြင်စားမည့် သောက်မည့်လူ ခေါင်းပါး၍လည်းကောင်း၊ ကျွန်တော်တို့မှာ လွတ်လပ်မှုရှိပေသည်။)

“ဘဘတို့ ကြီးတော်တို့က နင်ငယ်ငယ်လေးနဲ့ ဒီစိတ်တွေ မကူးရဘူးတဲ့၊ ဒီကောင်လေးလဲ သဘောမကျဘူးတဲ့”

“ဟုတ်လား၊ ဒီကောင်လေးက ဘယ်လောက်ကြီးပလဲ၊ ဘယ်ကလဲ”

“ကျနော့်လောက်ဖဲ...။ ဟို တရုတ်ခေါက်ဆွဲဆိုင်က”

“ဘာလဲ ခေါက်ဆွဲဆိုင်က ဆိုင်ရှင်တရုတ်သားလား”

“မဟုတ်ဖူး၊ ကျနော့်လိုဘဲ အငှားလုပ်တာ”

အော... ဘဝတူချင်းဘဲကိုး...။
ကျွန်တော့်စိတ်ထဲက ရေရွတ်လိုက်ပြီး သူတို့ကလေးတွေ အခြေအနေတွေးတောကာ...

“အေးလေ... မိန်းခလေးဆိုတာ လူကြီးတွေစကားနားထောင်တာ ကောင်းတာပေါ့ကွာ ကဲမင်းရုပ်ရှင်ကြည့်ဘို့ ငွေငါးကျပ်ပေးခဲ့မယ်၊ မင်းကြည့်ချင်တဲ့လူနဲ့ သွားကြည့်ပေရော့”

သူသည် ကျွန်တော့်ကိုတွေ့၍ ကြည့်ကာ... 

“ခင်ဗျားကောမကြည့်ဘူးလား”

“ငါမကြည့်ချင်ပါဘူးကွာ”

“ဘာလို့လဲ၊ ဒီကား ကြည့်ပြီးနေလို့လား”

“ကြည့်တော့မကြည့်ရသေးပါဘူး”

“ဒါဖြင့် ကြည့်ပါလားဗျာ... ကျနော်နဲ့အတူကြည့်ဗျာ၊ ညပွဲဆိုတော့ ကျနော်အပြန် လိုက်ပို့ မယ့်လူလဲ မရှိဘူး”

ကျွန်တော်က ပန်းကန်ဆေးသော သူငယ်လေးကိုကြည့်၍...

“ဟိုကောင်လေး အဖော်ခေါ်ပါလား”

“မဖြစ်ဖူးဗျ။ သူက ဟိုကောင်လေးနဲ့ ကြားကအောင်သွယ်ဗျ၊ ကြီးတော်တို့က သူနဲ့ဆို သာပြီး စိတ်မချသေးတယ်၊ ဆူမှာ”

“ငါနဲ့ကောကွာ”

“ခင်ဗျားတော့ လူကြီးဘဲ”

ကျွန်တော်ခေတ္တမျှတွေ၍ စဉ်းစားလိုက်သည်။ ဤလို ဆင်းရဲလှစွာ ငြီးငွေ့စရာအလုပ်ကို နေ့စဉ် လုပ်နေရသူ ကလေးအား ဖျော်ဖြေမှုပြုသင့်သည်ဟု စိတ်ကူးပေါက်ပြီး...

“ကဲ... ကောင်းပြီ။ ငါ ည မင်းဘယ်လာခေါ်ရမလဲ”

“ခင်ဗျားမှ ကျွန်တော်တို့ အိမ် မသိသေးတာ၊ လာမခေါ်ပါနဲ့၊ လားရှိုးလမ်းနဲ့ မင်္ဂလာ ရုပ်ရှင်ရုံသွားတဲ့ လမ်းဒေါင့်က ကျနော်စောင့်နေမယ်လေ၊ ခင်ဗျား ၆-နာရီလောက် လာခဲ့ပေါ့”

ထိုည ၉-နာရီခန့် ရုပ်ရှင်ပြီး၍ ကျွန်တော်သူတို့အိမ် ပြန်ပို့သောအခါ၌ ထမင်းဆိုင် အဒေါ်ကြီးနှင့် အဖိုးကြီးက ကျေးဇူးတင်ကြောင်း ပြောလိုက်လေသည်။

ထိုစဉ်အချိန် မေမြို့တွင် ဇာတ်ပွဲနှင့်ကစားပွဲတွေရှိလေသည်။ ကိုးမီးဝိုင်း၊ အစိမ်းအနီ၊ မြားပစ်၊ ၆-ကောင်အံစာ၊ ၄-ကောင်ဂျင်၊ ၃၆-ကောင်ထိ။

တပ်မတော်အတွက် ရံပုံငွေနှင့် တရုတ်ဖြူဆော် တပ်မတော်ဂုဏ်ပြုပွဲဟုဆိုသည်။ စစ်သား တွေ ဘယ်နှစ်ရာခိုင်နှုန်း ကစားပွဲရှုံး၍ လူထုမည်မျှနစ်နာကာ အမှုဆောင်လူကြီးများ မည်မျှပွကြသည်ကို သူတို့ ကိုယ်စီမှ သိကြပေမည်။

၃၆-ကောင်ထီကို ဈေးသည် ခေါင်းရွက်သည်များ ငါးမူးတမတ်ကအစ၊ ကြေးရတတ်များက ငါးဆယ်တရာအထိ ကစားကြသည်။ ယင်းအကြိုက်မှာ မေမြို့ တမြို့လုံးသည် ၃၆-ကောင် စကားကိုသာ ပြောနေသည်။ အိမ်သူမိန်းမများထံမှပင် နံနက်ဈေးဝယ်လာရင်း... 

“အိုး... ၃၆ ကောင်စိတ် မွှန်နေတာနဲ့ ဒီနေ့ဘာဝယ်ချက်ရမှန်းတောင် မသိဘူး”

ဆိုတဲ့ အသံမျိုးတွေ ကြားရသည်။ ကိုယ်လုပ်ရမည့် အလုပ်ထက် အတိတ်စိမ်း အတိတ်ကျက်အိပ်မက်တွေကိုသာ စိတ်ဝင်စား နေကြသည်။ ဘယ်အကောင်ကို ထိုးရမလဲသာ တွက်ချက်ကြံဆနေကြသည်။

၃၆-ကောင်ထီသည် တနေ့နှစ်ခါဖွင့်သည်။ အနှီလိုကြုံတောင့်ကြုံခဲလှသော ပွဲကြီးကို ကျွန်တော် လက်လွှတ်မပေးချေ။ တနေ့နှစ်ခါ ၃၆-ကောင်ဝိုင်းကို ပြေးရသည်။ တိုးရသည်။ ထိုးရသည်။ ထိုနေ့မှာ နောက်ဆုံးဖြစ်သည်။ ဤနေ့တော့ ကျွန်တော်သည် “၃၆-ကောင်” အကြောင်းပါသော ဝတ္ထုတပုဒ်တော့ ရေးမည်အကြံရှိ၍ ဖွင့်ပုံဖွင့်နည်းကိုသိရန် ကိုယ်ထိုးစရာရှိသည်များကို ထိုးပြီးလည်း မပြန်သေးဘဲ အဖွင့်ကိုစောင့်နေသည်။ နေ့ကိန်းကို ည၉-နာရီအချိန်မှာ ဖွင့်မည်။

၃၆-ကောင်ထီရုံး၏ရှေ့ဝယ် ကျစ်ဆံနီနတ်ရုပ် အလံတိုင်တွင် ပေါက်ကောင်ကို ထည့်ထားသော သံသေတ္တာကလေးကို ကြိုးနှင့် ဆွဲတင်ထားသည်။ လေတိုက်တော့ ဤသေတ္တာကလေးသည် ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက်နေသည်။ မထိုးရသေးသူများက တိုး၍ ထိုးနေကြသည်။ ထိုးပြီးသူများက ဤသေတ္တာကလေးကို အရိပ်တကြည့်ကြည့်နေကြသည်။

ကျွန်တော်သည် ဤလူစုထဲ မတ်တတ်ရပ်နေစဉ်၊ နောက်မှကျွန်တော့်ပခုံးကို လာကိုင်၍ လှည့်ကြည့်လိုက်ရာ ထမင်းဆိုင် ကျွန်တော့်မိတ်ဆွေမကလေး။

“ဟင်... အေးစ”

သူ့နာမည်ကိုခေါ်လိုက်သည်။ 

“နင်တယောက်ထဲလား... အဖော်မပါဘူးလား”

“ပါခဲ့တယ်... ခု လူချင်းကွဲသွားလို့ ခင်ဗျားမြင်တာနဲ့လာတာ”

“ဘာလဲ နင်တို့ပွဲကြည့်ရအောင် လာကြတာလား”

“ဟုတ်တယ်... ခင်ဗျားကော ကြည့်မလို့လား”

“ကြည့်ချင်ပါဘူးဟာ... အိပ်ပျက်ခံလို့...”

“ဒါဖြင့် ၃၆-ကောင်ထိုးရအောင် လာတာလား...”

“အေး... နင်ကော မထိုးဘူးလား...”

“ကျနော်ပိုက်ဆံမှ မရှိတာဘဲ...”

“ထိုးကော ထိုးချင်သလား...” 

“ထိုးချင်တာပေါ့ဗျ...။ ခင်ဗျားပိုက်ဆံပေးမယ်လား”

ကျွန်တော်မှာ မနေ့က ညကိန်း(ခို)ကို ပေါက်ထား၍ ပိုက်ဆံခပ်ဖောဖောဖြစ်နေသဖြင့် “ပေးရတာပေါ့ကွာ” ဆိုပြီး အိတ်ထဲစက္ကူတရွက် နှိုက်လိုက်ရာ သူ့ကုသိုလ်ဘဲ ငါးကျပ်တန်ဖြစ်နေသည်။

“ကဲ...ရော့... ထိုးချေ...” 

သူသည် ပိုက်ဆံကိုင်ကာ ဝမ်းသာရွှင်ပျစွာနှင့်...

“ဟင်... ဘယ်လောက်ဘိုး ထိုးခဲ့ရမလဲ”

“ငါးကျပ်စလုံး နှင့်ပေးတာ၊ နင့်သဘောဘဲ၊ နင်ထိုးမယ့်အကောင်ကော ရည်ရွယ်ပြီးသား ရှိပလား”

“ရှိတယ်... ရှိတယ်” ဆိုပြီး လက်မှတ်ပိတ်ခါနီးနေ၍ သူထွက်ပြေးလေသည်။

ထိုနောက်၌ သူလက်မှတ်ကလေးကိုင်ကာ ပြုံးရွှင်စွာပြန်လာသည်။

“ဘယ်လောက်ဘိုး ထိုးခဲ့သလဲ”

“ငါးကျပ်စလုံးဘဲ”

“အလဲ့... ဘာကောင်ကိုလဲ”

“စိတ်”

“ဆိတ်... နင့်ဘယ်လူက ပြောလို့လဲ”

“ကျနော် အိပ်မက်တာဗျ”

“ဘယ်လို မက်တာလဲ”

“စိတ်ကြီးတကောင်ကလေ... ဟောဒီနေရာကို ပြေးလာပြီးခေါင်းနဲ့ ကျနော့်ရင်ဘတ် ဆောင့်တယ်ဗျ”

ကျွန်တော် ရယ်မောမိကာ... 

“အောင်မလေး... နင့်အိပ်မက်ကလဲ မသက်သာလိုက်တာဟာ၊ နင်ရင်အောင့်ပြီး၊ လဲမသွား ဘူးလား”

“ရင်လဲမအောင့်ဘူး၊ လဲလဲမလဲဘူးဗျ၊ စိတ်ကြီးက ကျနော့်ကို တကယ်ခတ်တာမှ မဟုတ် တာဘဲ၊ သူက ကစားသလို ခုန်ပေါက်ပြေးလာပြီး ခတ်ချင်ယောင် ဆောင်တာဘဲ၊ သူ့ဂျိုက ကျနော့်အသဲထဲတော့ ဝင်သွားသတဲ့ဗျ။ ဒါပေမယ့် နာတော့မနာဘူးဗျ။ နို့ပြီး တကယ့်စိတ်လဲ ဟုတ်ဘူး...”

သူ့ရင်ဘတ်ပြသော နေရာမှာ ညာဘက်ရင်အုံဖြစ်၍ အသဲနေရာမှန်ပါသည်။
သူ့အိပ်မက်အတိုင်း ၃၆-ကောင်အတိတ်ကိုယူရသော် တိုက်ရိုက်အားဖြင့် “ဆိတ်” ဖြစ်သည်။

သွယ်ဝိုက်၍ဆိုလျှင် သူ့ရင်ဘတ်ဆိတ်ခတ်ခံရသော နေရာမှာ ၃၆-ကောင်နတ်ရုပ်၌ ငှက်ရှိသော ကြောင့် ငှက်ဖြစ်သည်။ ဤမှတဖန် ၃၆-ကောင်အညွှန်းစာအုပ်တွင် ကြည့်ကဆိတ်၏ ကိုယ်စားလှယ် ကျီး၊ ငှက်၏ကိုယ်စားလှယ် ခိုဖြစ်သောကြောင့် ၃၆-ကောင် ကစားနေကျလူဆိုလျှင် ဤ၄ကောင် စလုံးကို ထိုးလိမ့်မည်။ သို့သော်မနေ့က ညကိန်းခိုကိုဖွင့်ထားသောကြောင့် ခိုကို ထပ်ထိုးဘို့မလို။ ခိုက “ငုတ်တုပ်ကောင်” ဖြစ်နေသည်။ ငုတ်တုပ်ကောင်ဆိုသည်မှာ ယခုဖွင့်မည့်ပွဲ အရင်ပွဲက ဖွင့်ထားသော အကောင်ကိုခေါ်သည်။ တကောင်ထဲကို ပွဲမခြားဘဲ ဆက်မဖွင့်ရ။ ၃၆-ကောင်ဥပဒေ။

ထို့ကြောင့် သူ့အိပ်မက်အရ ယခုညတွင် ဆိတ်၊ ကျီး၊ ငှက် ကျန် ၃ကောင်ကို ထိုးရမည်။ သို့သော် မ,ဟဝါလေးက တိုက်ရိုက်ကောင် ဆိတ်တကောင်ထဲ ထိုးခဲ့သည်။ မှန်ချင်လည်းမှန် တတ်သည်။ သူ့ကုသိုလ်ကံကို မပြောနိုင်ပေ။ ကျွန်တော်ထိုးသော အကောင်များ၌ ဆိတ်မပါချေ။ သူ့အိပ်မက်လဲ မှန်ရင်မှန်စေ။ သူ့အတွက်လဲ ဆုတောင်းရကောင်းအောင် ကျွန်တော်သွားထိုးဦး မည်ဟု ကြံသည်။ သို့သော်မမှီတော့ပြီ။ အချိန်စေ့၍လက်မှတ် ပိတ်သွားပြီ။

၉နာရီတိတိဝယ် မောင်းသုံးချက်ထုလိုက်ပြီး တယောက်သောသူက ပေါက်ကောင်သေတ္တာ ကြိုးကိုဆွဲချသည်။ တယောက်သော သူကသေတ္တာကိုဆီးယူပြီး သော့ဖွင့်သည်။ လူထုကြီးသည် အနီးသို့ စုံအုံတိုးကြိတ်သွားကြကာ မိမိတို့ ထိုးထားသော အကောင်များကို ဘာကောင်ကွ ညာကောင်ကွဟု တယောက်တပေါက် ရေရွတ်ကြသည်။

အေးစကလေးသည် ကျွန်တော့်လက်မောင်း တဖက်ကိုတင်းကြပ်စွာ ကိုင်ကာလူအုပ်ထဲ၌ ကျွန်တော့်နောက်က တိုး၍လိုက်လာသည်။ သေတ္တာသော့ဖွင့်သောသူသည် စက္ကူချပ်တွင် ရေး၍ထားသော အကောင်ကိုအများမြင်‌ ယအောင် ထောင်၍ပြလိုက်ကာ...

“ဆိတ်... ဆိတ်”

ဟု အော်လိုက်လေသည်။

အေးစကလေးသည် ညမှောင်မှောင် လူအုပ်ထဲ၌ ကျွန်တော့်ကိုယ်ကို လက်နှစ်ဖက်နှင့် တင်းကြပ်စွာဖက်ကာ ကျွန်တော့်ရင်ဘတ်ကို မျက်နှာအပ်ထားသည်။ သူ့ကိုယ်မှာတဆတ်ဆတ် တုန်နေသည်။ သူ့အသံပါတုန်နေသည်။ သူ့ဇာတိစိတ်ပေါ်လာသည်။

“ကျမ..ကျမ... ဘယ်လောက်ရမှာလဲရှင် အကိုကြီး” ၂၇ ဆဖြစ်လေရကား...

“၁၃၅-ကျပ်ရမှာပေါ့ကွာ”

“ဟင်... အများကြီးဘဲ၊ အကိုကြီးလဲ ယူနော်”

“ငါမယူပါဘူးကွာ၊ မင်းကုသိုလ်နဲ့ မင်းရတာမင်းဘဲအားလုံးယူပါ”

သူကလေးသည် ကျွန်တော်၏လည်ပင်းကို ဖက်ကာကျွန်တော့်ပါးကို လှမ်း၍နမ်းလေသည်။

နောက်တနေ့ ကျွန်တော်ထမင်းစားရအောင် သွားသောအခါ၌ ဝမ်းသာအားရနှင့် ကျေးဇူးတင်စကားတွေ တွတ်ထိုးအောင်ပြောလေသည်။ ကျွန်တော့်အား ဆိုင်သို့ ထမင်းစားလာ သူတယောက်အနေ မဟုတ်တော့ဘဲ ဧည့်ကောင်းစောင်ကောင်းလာသော အိမ်ရှင်မကဲ့သို့ ပြုစုလေသည်။ 

“အကိုကြီးစားပြီး ပိုက်ဆံမပေးရဘူးနော်” ဟုပြောသည်။

ဆိုင်ရှင်အဖိုးကြီးနှင့်အဒေါ်ကြီးကလည်း ကျွန်တော့်ဆီလာ၍ နှုတ်ဆက်စကားပြောပြုသည်။ ဤမိန်းကလေးမှာ တောရွာကသူ့မိဘများ ဆင်းရဲလှ၍ သမီးအမှတ်ဖြင့် ခေါ်ယူကျွေးမွေး ထားကြောင်းပြောသည်။

သမီးအမှတ်ဆိုပြီး အဒေါ်ကြီးမှာ ရွှေထည်တွေ ဝတ်ထားပါလျက် မိန်းကလေးအား နား‌ဋောင်းကလေးမျှ လုပ်မပေးသည်ကို ကျွန်တော့်စိတ်ထဲက မဲ့မိသည်။ သို့သော်... ဒုတိယနေ့ ကျွန်တော်လာသော အခါ၌ အေးစကလေးနားမှာ နားဋောင်း ကလေး ပြောင်ပြောင်နှင့် ဖြစ်နေသည်။ အဝတ်အစားလဲ သပ်သပ်ရပ်ရပ် သစ်သစ်လွင်လွင် သူ့ကိုယ်နှင့် အဆင်ပြေလေသည်။ ယခုမှ အပျိုကလေးနှင့် တူလေသည်။

သူ့အသက်အရွယ် သူ့ကိုယ်ထည်နှင့် မလုံမလဲဖြစ်နေရာမှ ဤသို့ ဖူလုံလှပသွားသည်ကို ကျွန်တော်ဝမ်းသာလှပါသည်။ သူကလေးကိုကြည့်၍ “တောင်းမှာအကွပ် လူအဝတ်” ဆိုသောစကား ကိုစိတ်ထဲမှ ရေရွတ်မိပါသည်။

တတိယနေ့၌ သူကလေးက ကျွန်တော့်ကိုမေးသည်။

“အကိုကြီး နက်ဖြန်ခါ မအားဘူးလား”

“ဘာလို့လဲ၊ ငါကအားချင်အားပါတယ်”

“ကျမတို့နှစ်ယောက် ရှောက်လည်ရအောင်လေ”

“မင်းကော.... အားလို့လား”

“နက်ဖန်ခါ လကွယ်နေ့ဈေးပိတ်တယ်လေ”

မေမြို့မှာ တလလျှင်နှစ်ရက် လပြည့်နှင့် လကွယ်တွင်ဈေးပိတ်ပါသည်။

“အော... နက်ဖန်လကွယ်ကိုး၊ ငါတော့ ဗမာရက်ကို မသိတော့ဘူးကွယ်၊ ကဲ... ဘယ်များ ရှောက်လည်မှာတုန်း”

“ကန်တော်ကြီးတို့ ရေကူးကန်တို့ ကိုကြီးရဲ့၊ နို့ပြီး ကျမဓာတ်ပုံလဲ ရိုက်ချင်တယ်”

“ဘာလဲ မင်းရည်းစား ပေးဘို့လား”

ဤနေရာ၌ သူ့မျက်နှာ သိသိသာသာ ပြောင်းလဲသွားကာ...

“အိုး... မဟုတ်ပါဘူး၊ ကျမ ဒီကောင်လေးနဲ့ မနေ့ကဘဲပြတ်ပြတ်စဲစဲ ပြောလိုက်ပါပြီ။ လူကြီးတွေကမှ သဘောမကျတာ၊ ကိုကြီးဘဲ ပြောတယ်မှုတ်လား၊ လူကြီးတွေစကားနားထောင် တာကောင်းတယ်လို့”

“အေး... ကောင်းပါတယ်ကွာ...” 

“ကျမ အစကထဲကလဲ သူ့မကြိုက်ပါဘူး၊ သူကလိုက်နေလို့သာ၊ သူနဲ့ ကျမလဲ ဘာမှ မဖြစ်ရသေးပါဘူး”

ဟုဆိုပြီး ရှက်စနိုးကလေးနှင့် မျက်လွှာချလိုက်ပါသည်။ ခေတ္တကြာမှ ကျွန်တော့် မျက်နှာကို ပြန်မော့ကြည့်ပြီး...

“နော်... ကိုကြီး၊ နက်ဖန်ကျ ကျမ ဓာတ်ပုံဆိုင်လဲ လိုက်ပို့နော်...”

“မင်းဓာတ်ပုံဘယ်နှစ်ခါ ရိုက်ဖူးသလဲ”

“တခါ...”

“ဘယ်တုန်းကလဲ...”

“ဟိုတနှစ်တုန်းက...”

“နို့... အဲဒီဓာတ်ပုံရှိသေးလား...”

“မရှိတော့ဘူး ကိုကြီးရဲ့ ကျမအမေ မမာတော့ သမီးမျက်နှာမြင်ချင်ပါတယ် မှာတာကို လူကမပြန်အားတာနဲ့ အဲဒီဓာတ်ပုံပို့ လိုက်ရတယ်...”

“အော်... ဒါနဲ့ သမီးကိုယ်စား ဒီဓာတ်ပုံမြင်ရတာနဲ့ မင်းအမေကချက်ချင်း ကျန်းမာသွား ရောဆိုပါတော့ အဟား...ဟား” 

ကျွန်တော်၏ သောလုံးဖြစ်ပါသည်။ သို့သော် ကျွန်တော့်ဟာသသည် သူ့ကိုမျက်ရည်ကျစေပါသည်။

“မကျန်းမာသွားဘူး ကိုကြီးရဲ့၊ ကျမ ဓာတ်ပုံရောင်းတဲ့နေ့ဘဲ သေသွားတယ်...”

“ဟင်...”

ကျွန်တော်မှာ ပြက်လုံးထုတ်နေရာမှ ရုတ်တရက် အမူအရာပြောင်းသွားရကာ... 

“ဓာတ်ပုံမှ ကြည့်သွားနိုင်သေးရဲ့လား”

“ကြည့်သွားနိုင်သေးသတဲ့ ကိုကြီးရဲ့”

*အင်း... သေတော့ကော... မင်းသွားနိုင်သေးရဲ့လား” 

“ဒီတော့... သွားရတာပေါ့ ကိုကြီးရဲ့...”

“မင်းတို့ရွာက ဒီကနေ ဘယ်နှစ်မိုင်ဝေးလဲ”

“ဘယ်နှစ်မိုင်ဝေးလဲတော့ မသိဘူး၊ ဒီကမနက်သွားရင် မွန်းမတည့်ခင် ရောက်တယ်”

“ရွာနာမည် ဘာခေါ်သလဲ”

“နောင်ခမ်းကြီး”

“နောင်ခမ်းကြီး ရှမ်းနံမယ် ရှမ်းရွာပေါ့နော်”

“ဟုတ်ကဲ့...”

“မင်းက ရှမ်းလား...”

“အဖေက ဗမာတဲ့”

“ဗမာတဲ့” သူ့စကားကို မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်ပြီး

“မင်းအဖေ မင်းမသိလိုက်ဖူးလား”

“မသိလိုက်ဖူး။ ကျမငယ်ငယ်ကလေးထဲက ဗမာပြည်ပြန်အုံးမယ်ဆိုပြီး ပြန်သွားတာ နောက်ပြန်မလာတော့ဘူးတဲ့”

“အော်... ဝေါ်... ကဲ... မင်းမျက်ရည်တွေကို သုတ်ပစ်ပါကွာ၊ ငါက သွားစလိုက် မိတာနဲ့” 

အမှတ်တမဲ့ အင်္ကျီလက်မောင်းစနှင့် သူ့မျက်နှာသုတ်ပြီး...

“ခုနှယ်များ အမေရှိရင်လေ... ကိုကြီးနဲ့ ရွာသွားလည်လိုက်ရ ဘယ်လောက်ကောင်းမလဲ။ ကိုကြီးက ကျမကို ဒါလောက်ငွေတွေရအောင် လုပ်ပေးတာ သိရင်လေ... အမေ... ဘယ်လောက် ဝမ်းသာလိုက်မလဲ”

“ဒါ... ငါလုပ်ပေးလို့ မဟုတ်ပါဘူးကွာ၊ မင်းအိပ်မက်နဲ့မင်းရတာပါ”

“အဲဒီ အိပ်မက်ထဲမှာ ကိုကြီးလဲပါတယ်သိလား” 

“ဘာ... ငါလဲ ပါတယ်”

“အင်း...”

“ဘယ်လိုပါတာလဲ”

သူ ကျွန်တော့်မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ကာ...

“ပြောမယ်နော်... စိတ်မဆိုးနဲ့”

“ပြောပါကွာ... အိပ်မက်တာ... ဘာစိတ်ဆိုးစရာလဲ”

“အိပ်မက်ထဲမှာ ကျမ ရင်ဘတ်ကို ခတ်တဲ့ ဆိတ်ကြီးဟာလေ”

သူစကားခပ်လေးလေးလုပ်နေပြီးမှ...

*ကိုကြီးရယ်”

“ဘာ... ”

“ဟုတ်တယ်...ကျမရင်ဘတ်လဲ ခတ်ပြီးရော အဲဒီဆိတ်ကြီးက ကိုကြီးဖြစ်သွားရော”

“ကြံကြံဖန်ဖန်ကွာ” 

သူကျွန်တော့်မျက်နှာ စေ့စေ့ကြည့်ပြန်ပြီး...

“ကိုကြီး စိတ်ဆိုးသလားဟင်”

“မဆိုးပါဘူးကွာ၊ အိပ်မက်တာ စိတ်ဆိုးစရာလား”

“ဒါဖြင့်လေ... ကိုကြီးနဲ့ကျမ မက်တာတွေ ရှိသေးတယ် ပြောအုံးမယ်၊ ဟို... ကိုကြီးရယ် ရုပ်ရှင်လိုက်ပြတဲ့ညကလေ”

ဆိုပြီးမှ ရုတ်တရက် ရှက်စနိုးဖြင့်၊ 

“မနက်ဖန်ကျမှ ပြောမယ်၊ ကိုကြီး မနက်ကျတော့ အိမ်လာခေါ်နော်၊ ကျမတို့ ရှောက်လည်ရအောင်၊ ဟိုညက ကိုကြီးလိုက်ပို့တာ ကျမတို့အိမ် မှတ်မိတယ်မဟုတ်လား”

“မှတ်မိပါတယ် ဒီကဘယ်သူတွေ အဖော်ပါအုံးမလဲ၊ အဖိုးကြီးနဲ့ ဒေါ်ကြီးပါမလား” 

“ဘယ်ပါမလဲ သူတို့က ဥပုသ်စောင့်ကြမှာ”

ကျွန်တော်သည် ပန်းကန်ဆေးသော ကောင်ကလေးကိုကြည့်၍...

“ဟို... ကောင်လေးကော”

“အိုး... သူနဲ့ကျမ ရန်ဖြစ်ထားတယ်”

“ဘာလို့လဲ”

“ဟိုကောင်လေးကို ကျမက ပြတ်ပြတ်စဲစဲ ပြောလိုက်တာ၊ သူက ဟိုဘက်ကလိုက်နာတယ်‌လေ၊ ဘာမှမဟုတ်ဖူး၊ ဟိုကောင်လေးက သူ့ခေါက်ဆွဲလေး ဘာလေးကျွေးတာနဲ့”

“ဒါဖြင့် မင်းနဲ့ငါနှစ်ယောက်ထဲပေါ့” 

သူသည် ကျွန်တော့်ကို မျက်လုံးကလေး ဝင့်ကြည့်လိုက်ကာ

“ဘာလဲ ကိုကြီးကကျမနဲ့ နှစ်ယောက်ထဲဆို မသွားချင်ဘူးလား...”

“မဟုတ်ရပါဘူးဗျာ၊ သွားချင်ပါတယ်”

“ဒါဖြင့် မနက်လာခေါ်နော်၊ ဆက်ဆက်”

နောက်တနေ့နံနက်တွင် သူကလေးသည် လှလှပပ ပြင်ဆင်ကာ ကျွန်တော့်ကို မျှော်ရှာ လေတော့မည်။
ကျွန်တော်ကား မိမိမနိုင်သော ဇာတ်လမ်းအတွက် ရှေ့မဆက်တော့ဘဲ လမ်းတဝက်နှင့် ပြန်ခဲ့ရပေတော့သည်။

ထိုနေ့နံနက်၌ ကျွန်တော်သည် မိမိထားရှိခဲ့သော ကတိအတိုင်း သူတို့အိမ်ရှိရာ “စည်းကုံ” သို့ လာခဲ့ပါသည်။ ဒီကနေ့တော့ သူကလေးဆန္ဒအတိုင်း သူကလေးနှင့် အချိန်ဖြုန်းရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ 

“ဗျို့ဆရာကြီး... ဆရာကြီး”

ကျွန်တော်လမ်းလျှောက်လာစဉ် နောက်မှခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ သူတို့ ထမင်းဆိုင်မှ ပန်းကန်ဆေးသော ကောင်ကလေး။

ကျွန်တော်ရပ်လိုက်ပြီး...

“ဟေ့... ဘာလဲကွ”

“ခင်ဗျား အေးစဆီ သွားမလို့မှတ်လား”

“အေး...”

“ခင်ဗျားကြီး တကယ်ယူမှ လုပ်ပါဗျာ”

“ဘာ...” 

ကျွန်တော့် မျက်ခုန်းမွှေး နှစ်ဖက်သည် အထက်သို့ကွေး၍ တက်သွားသည်။ ချာတိတ်ကမူ အိန္ဒြေမပျက်ဖဲ ခပ်တည်တည်နှင့်

“တကယ်မယူဘဲနဲ့ သူများချစ်ခြင်း ခွင်းရုံဖြင့် မကောင်းပါဘူးဗျာ”

ကျွန်တော်ပိုမို အံ့အားသင့်ကာ...

“ဟေ့... မင်းဘာတွေ ပြောနေတာလဲ”

“အေးစက စိုးရကို ခွာထုတ်လိုက်တာဟာ ခင်ဗျားကြီးကြောင့်ဗျ”

ကျွန်တော်မျက်လုံးပြူးကာ...

“ဟယ်...”

“မနေ့က အေးစက ကျွန်တော့်ကိုပြောတယ်၊ စိုးရလို ခေါက်ဆွဲဆိုင်က ကူလီစုတ်ဘာလုပ် ဖို့လဲ၊ သူထက်သာတဲ့လူ ယူမှာပေါ့တဲ့၊ ခင်ဗျားကြီးက သူ့ယူမယ်ပြောတယ်ဆို၊ သူ့လူကြီးတွေကလဲ ခင်ဗျားနဲ့ဆို သဘောတူတယ်တဲ့”  

ဤမနက်တွင် သူကလေးကတော့ ကြော့ကြော့မော့မော့ ဝတ်စားပြင်ဆင်ကာ ကျွန်တော့် ကို မျှော်ရှာပေတော့မည်။

ကျွန်တော်မူကား၊ နောက်နောင်ပင် သူကလေးနှင့် မတွေ့အောင် ရှောင်ခြင်းမှတပါး အခြားဘာများ လုပ်သင့်ပါသေးသနည်း။

---

ဆရာကြီး ရွှေဥဒေါင်းနှင့် ဦးထင်တို့ ပြန်သွားကြပြီးနောက်၊ ထိုအဖိုးကြီး အဖွားကြီးက ညအချိန်တွင်သာ ရှိသောကြောင့်၊ နဂါးဒေါ်ဦးတိုက်မှာ ကျွန်တော်တယောက်တည်း နေသကဲ့သို့ ရှိပေတော့သည်။ ထိုစဉ်က ဦးနေဝင်း-ဒေါ်ဦးတို့ လင်မယားသည် တခါတရံ ရောက်လာတတ်၍ ကျွန်တော့်အား ဤဂေဟာမှာ နေချင်သလောက်နေပါရန် ဦးနေဝင်း (စာရေးဆရာရဲထွန်းလင်း) က

“ခင်ဗျား ရောင်းစားမသွားရင် ပြီးရောဗျာ” 

ဟု ပြောပေရာ၊ ကျွန်တော်မှာ ထိုအခါမေမြို့တွင် မိတ်ဆွေသင်္ဂဟလည်း များပြားလျက်၊ မေမြို့သား တယောက်ကဲ့သို့ နေထိုင်ခဲ့ပါသည်။

ကျွန်တော်မှာ ထိုစဉ်တွင် ငွေကြေးအတွက်လည်း ပူပင်စရာမရှိ၊ ရှုမဝတိုက်သို့ လစဉ်မှန်မှန် ဝတ္ထုရေးပို့လျက်၊ ရန်ကုန်ရှိ ကျွန်တော့်အိမ်ထောင်အတွက် ငွေကို ဦးကျော်က မှန်မှန်ပေးနေသည်။ ကျွန်တော်မေမြို့တွင်သုံးရန်ငွေကို ဖော်ပြခဲ့သည့်အတိုင်း မြဝတ်ရည်စတိုးမှ လိုသလောက် ယူသည်။ ထိုအချိန်က ရှုမဝသည် လျှမ်းလျှမ်းတောက်၊ ဒိတ်ဒိတ်ကြဲ၊ ထိပ်တန်းအကျဆုံးသော မဂ္ဂဇင်းဖြစ်သည်။

သော်တာဆွေလည်း နာမည်တက်ကောင်းနေတုန်းအချိန်။ ရှုမဝမဂ္ဂဇင်း၏ ပင်တိုင် စာရေးဆရာတယောက် အနေနှင့်လည်း ဂုဏ်ရှိလှသည်။ သော်တာဆွေကို သိကျွမ်းလိုသူတို့လည်း ဟိုမှသည်မှလာ၍ မိတ်ဖွဲ့ကြသည်။ ထမင်းစားဖိတ်ကြသည်။

ယင်းသို့ ကျွန်တော်မေမြို့မှာ ပျော်ပါးနေခိုက်၊ တနေ့သ၌ ရှုမဝကိုကျော်မြဆီမှ စာတစောင်ရောက်လာလေသည်။ ဇူလိုင်လဆန်းလောက်တွင် ဖြစ်ပါသည်။

ကိုဆွေ 

ဒီနွေရာသီမှာ ခင်ဗျားလာမေးကြတဲ့ အမျိုးသမီးတွေ နှစ်ဦးသုံးဦးရှိပြီ။ ဒါပေမယ့် အရင် ဟာတွေက မနိပ်ဖူး၊ ကျွန်တော်တောင် မကြိုက်ဖူး၊ ဒါကြောင့် ခင်ဗျားဆီအကြောင်းမကြားတာ၊ ခုဟာကတော့ နိပ်တယ်ဆရာ၊ တောင့်တယ်၊ အယ်တယ်၊ တောင်ကြီးမေတဲ့၊ အခု သူ ရန်ကုန်ဆရာ ဖြစ်သင် ကျောင်းရောက်နေတယ်၊ သူ့လိပ်စာက (ခင်မေရီ (တောင်ကြီး) ဆရာအတတ်သင် သိပ္ပံ၊ ကန်ဘဲ့၊ ရန်ကုန်) တဲ့၊ ခင်ဗျားဆီ အကြောင်းကြားပေးပါလို့ သေသေချာချာမှာသွားတယ်။ ကျွန်တော့်ဆီလာတာ နှစ်ခါရှိပြီ။ သူတို့လာတာနှစ်ယောက်၊ အသက် ၂၀-လောက်တွေ၊ နှစ်ယောက်စလုံးလဲ ချောတယ်၊ ရှမ်းရုပ်တွေဘဲ ရှမ်းခမောက်တွေနဲ့။
အဲဒါဘဲ ကိုယ့်ဆရာ။ ခင်ဗျားမန္တလေးက ကောင်မလေးနဲ့ ဟန်ကျနေပြီဆိုရင် အဲဒီ မေကို ကျွန်တော်နဲ့ လွှဲစာ ရေးပေးလိုက်... ဟဲဟဲ...၊ ဒါမှ မဟုတ်လဲ မေနဲ့အဖော်ပါလာတဲ့ ဖြူဖြူ ဖွေးဖွေးကြီးကို ကျွန်တော့်ပြောပေးပေါ့ဗျာ။ ကျွန်တော့်လဲ ဒီနှစ်ထဲမှာ စွံမယ်လို့ဗေဒင်ကဟော ထားတယ်။ ဒါများလားမသိပါဘူး... ဟီဟီ... ။

ကိုကျော်မြသည် ကျွန်တော့်ဆီ စာရေးရင်း တော်တော်သဘောကျနေဟန်တူပါသည်။ ထိုစဉ်ကာလက သူသည် လူပျိုကြီး။ မူလပထမရှေ့ဦးဆုံး ရှုမဝ (၁၄၆-အနောက်ဖက်တန်း၊ ဗိုလ်ချုပ်ဈေး)တွင် သူကငွေကိုင် စာရင်းကိုင်။ ဆိုင်ရှေ့မျက်နှာစာမှာ စာပွဲတလုံးနှင့် ထိုင်သည် ဖြစ်၍၊ ရှုမဝနှင့် ပတ်သက်ပြီး တစုံတယောက်နှင့် တွေ့ချင်လျှင် သူ့ဆီပထမရောက်လာကြသည်။

ကိုကျော်မြသည် လူချောလူခန့်တယောက်ဖြစ်သည်။ ထို့ကြောင့် သူ့ကိုခုတုံးလုပ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ကြော်ငြာရသည်။

ဦးကျော် ညီ ကိုကျော်မြသည် မိန်းကလေးတွေမြင်လျှင် စိတ်ကူးယဉ်ချင်လောက်အောင် အနောက်နိုင်ငံ ရုပ်ရှင်မင်းသားကဲ့သို့ ခန့်ချောချောသူ ဖြစ်လေသည်။ ရှုမဝတိုက်၌ လူချောရွေး ရင်... “သော်တာဆွေပြီးသူဘဲ” ဟု လူတိုင်းပြောကြပါသည်။ ကျွန်တော်မဝါပါ။ ကိုကျော်မြတော် တော်ချောသူဖြစ်ပါ၏။ မယုံလျှင် ဗိုလ်ချုပ်ဈေး၊ ရှုမဝတိုက်တွင် လာ၍ကြည့်နိုင်ကြပါသည်။ သူအမြဲတမ်း ရှိပါသည်။

ယင်းသို့ ကျွန်တော့်ဝတ္ထုများထဲတွင် ထည့်ရေးလေ့ရှိသောကြောင့် ကျွန်တော့်စာဖတ် ပရိသတ်နှင့် သူနှင့် လူချင်းမသိကျွမ်းဘဲလျက် ရင်းနှီးသလို ဖြစ်နေကြသည်။ ထို့ကြောင့် ကျွန်တော့်ကို တွေ့လိုသူတို့သည် သူ့ကိုမေးရန် လွယ်ကူနေကြပေသည်။
ကျွန်တော်သည် မေ ဤသို့ ရန်ကုန်ရောက်လာလိမ့်မည်ဟူ၍ မမျှော်လင့်ခဲ့ပေ။ 

အမှန် ကိုဝန်ခံရသော် ကျွန်တော်သည် ခိုင်နှင့် သဲသဲမဲမဲဖြစ်နေစဉ်တွင် မေ့ဆီ ကျွန်တော်စာရေးပေါ့ခဲ့ သည်။ ခိုင်နှင့် ခွဲခွာခဲ့ရပြီး ကျွန်တော်မေမြို့ရောက်မှ (အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကိုဘဲ တလည်လည်) ဆိုဘိသို့ ကျွန်တော်မေ့ဆီကို စာနှစ်စောင် ရေးခဲ့ပါသေးသည်။ သူ့ဆီမှ ပြန်စာမရခဲ့။ 

ယခုမူ ကျွန်တော်မသိဘဲ ရန်ကုန်ရောက်လာခဲ့ခြင်းဖြစ်၏။ အကယ်၍ ကျွန်တော်မေမြို့မှ ရေးလိုက်သော စာတွေ သူ့ဆီရောက်ပါမူ သူသည် ကိုကျော်မြဆီသို့ သွားရန် ပင်မလိုချေ။ မည်သို့ပင်ဖြစ်စေ ကျွန်တော့်စာရေးဆရာဘဝ၏ အချစ်ဦးမေကို တွေ့ချင်လှပါသည်။ ထို့ကြောင့် မိတ်ဆွေတွေ အားလုံးကို နှုတ်ဆက်ကာ မေမြို့မှ ဆင်းခဲ့ပြီး ရန်ကုန်သို့ပြန်ခဲ့ပါ တော့၏။

မေ့ဆီကိုလည်း ကျွန်တော်စာရေးလိုက်ပြီး

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments