အုတ်ခဲ ပြုတ်သောက်ရမလို // သာဓု
အုတ်ခဲ ပြုတ်သောက်ရမလို // သာဓု
(သာဓု လူဝါးဝတယ်)
---
သာဓု ပေါင်ဒါ လုပ်ရောင်းစဉ်က အလုပ်သမား တပည့် ကျားမ ၂၀ ခန့်ရှိပြီး ပုံနှိပ်စက် လုပ်ငန်းသို့ ပြောင်းသောအခါ အလုပ်တပည့် ၆ ယောက်ခန့်။ နောက်ရုပ်ရှင်လုပ်ငန်းဘက် ကူးသောအခါ ရုပ်ရှင်ပြ စက်သမားရော၊ အလုပ်သမား ပေါင်းစုံ စုစုပေါင်း ၃၀ ခန့် ရှိခဲ့သည်။
ထိုလူ ၃၀ ခန့်ကို ဆယ့်လေးငါးမျိုးထား၍ ဆက်ဆံရသည်။ တဦးနှင့် တယောက်မတူ။ ဤနေရာတွင် ဤနှစ်ယောက် အပြုအမူချင်းတူသော်လည်း ထိုနေရာတွင် ကွဲပြားကြသည်။
စိတ်သဘောထား အမျိုးမျိုး၊ စရိုက် အမျိုးမျိုး။
သူတို့ကို ခိုင်းရာ၌ အလွန် သတိထား၍ ခိုင်းမှ သာဓုလိုချင်သော ပုံစံကိုရသည်။ ဥပမာ- သာဓုနှင့် ညီအစ်ကိုတမျှ အလွန်ချစ်ခင်သော မိတ်ဆွေ တယောက်ထံမှ မမျှော်လင့်သော စာတစောင် ရောက်လာသည်။ သူ့တွင် ရုတ်တရက် ပြဿနာ ပေါင်းစုံ ကြုံလိုက်ရသဖြင့် အသုံးပြတ်သွားကာ ယနေ့ဈေးဖိုးပင် မရှိ၍ ငွေအနည်းငယ် ထောက်ပံ့ပါရန် စသည်ဖြင့်။ သာဓု ချက်ချင်း ထပြီး ငွေ ၁၀၀ စာအိတ်တွင်ထည့် လိပ်စာတပ်ပြီး တပည့် တယောက်အား ပို့ခိုင်းလိုက်၏။
၂ နာရီခန့် ကြာသောအခါ ထိုတပည့် ပြန်ရောက်သည်။ သူ့အိတ်ထဲမှ စာအိတ် တအိတ် လှမ်းပေးရင်း
“အဲဒီလူ မရှိဘူးဆရာ၊ ရန်ကုန်မြို့ထဲ ထွက်သွားတယ်တဲ့”
ပြန်ပေးသော စာအိတ်သည် သာဓု ထည့်ပေးလိုက်သောစာ ဖြစ်ချေ၏။ သာဓု စိတ်မောသွားသည်။ သူတို့ခမျာ ငွေ အရေးတကြီး လိုနေသောကြောင့်
“မင်း ဘယ်သူနဲ့ တွေ့ခဲ့လဲ၊ ယောကျ်ားလား၊ မိန်းမလား”
“မိန်းမ ဆရာ၊ သူကတော့ ပြောပါတယ်၊ ဆရာ သာဓုဆီက စာဆိုရင် ပေးခဲ့ပါ၊ မမက လိပ်စာရှင်ရဲ့ ဇနီးပါ၊ သူလာရင် ပေးလိုက်ပါ့မယ်တဲ့”
“အဲဒီမိန်းမပုံစံက တို့ရုပ်ရှင်ထဲ ပါပါနေတဲ့ ရှုမဝမိတင်အေး ရုပ်မျိုး၊ နည်းနည်းတော့ ဝတယ်၊ ဒီလိုမဟုတ်လား”
“ဟုတ်တယ်ဆရာ၊ သူကတောင် နည်းနည်း ပိုချောသေးတယ်”
“တောက် ပေးခဲ့ရောပေါ့ကွာ၊ အဲဒါ သူ့မိန်းမကွ ဟူး”
“သိဘူးလေဆရာ၊ လိပ်စာရှင် မဟုတ်ဘဲ ပေးခဲ့ရင် ဆရာက ဆူဦးမှာ”
သာဓု သတိလစ်သွား၏။
အချိန်မှာ ၁၁ နာရီခွဲနေလေပြီ။ သွားပို့ရသည်မှာ ရန်ကုန် အစွန်အဖျား မြောက်ဥက္ကလာ၏ မြောက်ဘက် အစွန် ဘတ်စ်ကားပင်လျှင် တနာရီကျော်ကျော် စီးရသည်။ ဤအမှားမျိုး နောက်တကြိမ် မမှားစေရန် သာဓု မှတ်သားထားလိုက်၏။
သာဓု မန္တလေးရောက်လျှင် နံနက်စာ ထမင်းမစား၊ ဈေးချို ရှပ်ဆိုင်တန်းမှ ကိုစိန် မြီးရှည်သာ နေ့စဉ်စား၏။ ညဘက် မရတော့သဖြင့် ထမင်းစားသည်။ မြီးရှည် သာဓု အလွန်ကြိုက်သဖြင့် နေ့စဉ် နံနက်တိုင်း (တခါတရံ) ကိုစိန်ပင် ဆိုင်မဖွင့်သေး။ သာဓု ရောက်နေပြီ။ အနည်းဆုံး နှစ်ပွဲစားသည်။ နံနက်ပိုင်းက လက်ဖက်ရည်နှင့် တခုခု စားမထားလျှင် မြီးရှည်ချည်း သုံးလေးခွက်စားသည်။
ကိုစိန်နှင့်ဆိုသည်မှာ ကြာသော် သူငယ်ချင်းလို ဖြစ်သွားသည်။
မန္တလေးတွင် “ကကြီးရေး က” သွားပြစဉ်က နှစ်လလောက် နေရသည်တွင် နေစဉ်နီးပါး စားလွန်း အားကြီးသဖြင့် ကိုစိန်ပင် အံ့သြယူရကာ
“ဆရာ မလွန်လွန်းဘူးလား”
ဟု မေးလာသည်။
“အမလေးကိုစိန်၊ ခင်ဗျား ညပါထွက်ရင် ညတိုင်း လာစားဦးမှာ”
ကိုစိန်သည် သူ၏ လက်မအနီးမှ (လက်ပွားကလေး တုန်နေအောင်) လက်ဝါးကို ပလုတ်တုတ်တုတ် လှုပ်သကဲ့သို့ ခါပြရင်း ရယ်နေချေတော့သည်။
ထိုမျှ မြီးရှည်ကို သာဓု ကြိုက်သည်။
ရန်ကုန်တွင် ရွှေလမင်းကဖီး ဦးအောင်ကြီးဆိုင် ပဲပလာတာ၊ စမူဆာသုတ်၊ မြီးရှည်ဟူ၍ ရောင်းလာ သောအခါ သာဓု ဝမ်းသာမဆုံး၊ အဘယ်ကြောင့်။ အထက်ပါအကြောင်း များကြောင့်။ (မြီးရှည်)။
ကိုစိန်၏ မြီးရှည်ကို မှီရန် အနည်းငယ် လိုနေသည်။ ရွှေလမင်း မြီးရှည်က ကြက်သားပြုတ်နှင့် သုပ်သည်။ ကိုစိန်က နူးပြီး မြည့်နေအောင် ပြုတ်ထားသော သုံးထပ်သား ဝက်နှင့်သုပ်သည်။ အရသာချင်း တမျိုးစီ။
တနေ့။
ညဘက် ရုပ်ရှင်ရိုက်ရာတွင် နံနက် လေးနာရီ လောက်မှ ပြီးသည်။ သာဓု မအိပ်သေးဘဲ မြီးရှည် အဝစားမည်ဟု သုံးခွက်ဝယ်ခိုင်းသည်။ တနာရီနီးပါး ကြာပြီ။ မြီးရှည် ရောက်မလာသေးသဖြင့် မေးကြည့်ရာ ထသွား လာသွား စက်ဘီး ဘီးပေါက်နေသဖြင့် လမ်းလျှောက်သွားရသည်ဟု သိရ၏။ အသွားအပြန် ဆိုလျှင် သာဓု နေထိုင်ရာ ဝင်ဒါမီယာနှင့် မြေနီကုန်း အနည်းဆုံး အသွားအပြန် တနာရီခွဲခန့် ကြာမည်။ အရေးထဲ မိုးက ရွာလိုက်သေးသည်။ ထီးမှ ပါသွား၏လောမသိ။ ထုံးစံအတိုင်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်လျှင် ပို၍ ဆာတတ်သည်။ ကြာမည်မှန်း သိ၍လည်း ဗိုက်က ပို၍ ဟာသွားသည်။ အပြင်မှ အသံများ မသဲမကွဲ ကြားသဖြင့် ထထွက်သွားရာ ထင်သည့်အတိုင်း ချိုင့်နှစ်ဆင့်နှင့် တပည့်ကျော် ပြန်လာပြီ။
“ကဲ လုပ်လုပ်၊ ဟင်းချိုနွှေးတဲ့လူက နွှေးစမ်း”
“ဟာ၊ မရခဲ့ဘူး ဆရာ၊ မြီးရှည်က ဒီနေ့ အစောကြီး ကုန်သွားတယ်တဲ့”
သာဓု နဖူးထုမိချေတော့၏။ အချိန်များ အကြောင်းမဲ့ကုန် သွားသည်။ လူလည်း ပင်ပန်းသည်။ သာဓု အိပ်ချင်နေလျက် မအိပ်ရ၊ ဆာလှသည်မှာလည်း အူလိမ်နေသည်နှင့် နီးရာဆိုင်မှ မုန့်ဟင်းခါး ဝယ်စား လိုက်ရသည်။ ထိုနေ့မှစ၍ သာဓု သတိရှိ လိုက်သည်မှာ နောင်သောအခါ ဤလိုကိစ္စမျိုးကြုံက ပထမ ဖုန်းဆက်မေး၊ သေချာမှ အဝယ်ခိုင်းရန်။
ထိုနေ့မှာပင် ဆက်တိုက်ဆိုသကဲ့သို့ ပြဿနာဆိုးတခုနှင့် ရင်ဆိုင်တိုးလိုက်ရသေးသည်။ မုန့်ဟင်းခါး စားလိုက်သောအချိန်နှင့် လှုပ်ရှားခြင်း ပေါ့ပါး ဖျတ်လတ်မှုတို့ကြောင့် မျက်စိကျယ်သွားသည်နှင့်အမျှ အိပ်ချင်စိတ်လည်း အနည်းငယ် လျော့သွားသဖြင့်။
မောင်သက်
၁၀ နာရီလောက် အိမ်ကထွက်၊ ကားယူသွား မောင်မြပါ ခေါ်သွား၊ ဘဏ်မှာ ငွေသွားထုတ်၊ နဂ္ဂတစ် ဖလင်ကိစ္စ သွား၊ ပေ ၅၂၀၀ ဝယ်၊ ပြီးလျှင် ဇမ္ဗူအေး စာကူးစက်ကိုသွား၊ ဇာတ်လမ်းစဉ် ရွေးခဲ့ပါ။ ကျသလောက် မေး၊ ပေးခဲ့။ ပိုစတာ ရိုက်ဖို့ အတ်ပေပါ ၄ ထုပ်ဝယ်၊ ဟိုတပတ်က ပိုက်ဆံကြွေးပါ ဆပ်လိုက်။ စီးကရက် ၂ ကာတွန်းဝယ်၊ ဓာတ်ဆီ ၄ ဂါလံ ထပ်ဖြည့်ခဲ့၊ အားလုံး ကိစ္စပြီးရင် ပိုတဲ့ပိုက်ဆံ ကွေကာ အုတ်ဝယ်ခဲ့။
ဆရာ
ထိုစာနှင့်အတူ ချက်လက်မှတ်ပါ ရေးပြီး သက်နောင်လာက ပေးလိုက်ရန် အိမ်ရှင်မအား မှာထားပြီး သာဓု နှစ်ခြိုက်စွာ အိပ်တော့၏။ မိနစ်ပိုင်းအတွင်း အိပ်ပျော်သွားသော ဟူသတည်း။
ညနေ ၄ နာရီလောက်တွင် တရေးနိုးသည်။ မထချင်။ အလွန် အိပ်ကောင်းနေသည်။ သို့သော် အလုပ်ကိစ္စတခုက အလွန် အရေးကြီး နေသဖြင့် ဇွတ်ထ၊ ရေဝင်ချိုး၊ အဝတ်အစားလဲ အပြင်သွားရန် ထွက်လာသောအခါ အိမ်ရှေ့ ပန်းခြံဘေးတွင် တိုက်ဆောက်သောအုတ်များ လောရီတစီးစာခန့် ပုံထားသည်ကို တွေ့ရသဖြင့် မေးကြည့်ရာ
“ကျွန်မ မသိဘူးလေဆရာ၊ အစ်ကိုသက်နောင် ဝယ်လာတာပဲ၊ ဆရာခိုင်းတာ မဟုတ်ဘူးလား”
သာဓု ခေါင်းသွက်သွက် ရမ်းခါလိုက်ရင်း မနက်က ပေးလိုက်သော စာနှင့်အတူ လာခဲ့ရန် မောင်သက်ကို အခေါ်ခိုင်း လိုက်ရ၏။
“ဟေး၊ မောင်သက် ဒီအုတ်တွေက ဘာလုပ်တာလဲ”
“ဟင်၊ ဆရာပဲ ဝယ်ခိုင်းတာပဲ”
“တောက်တီး တောက်တဲ့ကွာ၊ ကဲ၊ ဆရာ့စာ ပြန်ဖတ်စမ်းပါဦး”
သူစာရွက်ကို ဖြန့်၍
“ဟောဒီမှာ ဆရာရေးထားတယ်။ ပိုတဲ့ပိုက်ဆံတွေ အုတ် ဝယ်ခဲ့တဲ့၊ ဒီမှာ”
သာဓု ပက်လက်လန်မျှ ဟားတိုက်မိ၏။
“သေပါတော့ကွာ၊ မင်း စာလည်း သေသေချာချာမဖတ်ဘူး။ ပိုတဲ့ပိုက်ဆံ ကွေကာအုတ်ဝယ်ခဲ့လို့ ဆရာရေးတာကွ”
သူပြူးပျာပျာနှင့် စာကို တစ်လုံးချင်း ပြန်ဖတ်နေချေသည်။
ညရေးညတာဆာလျှင် ၎င်းနိုင်ငံခြား (မုယောဆန်မုန့် ဆန်း) ခေါ်မည်လောမသိ။ ကွေကာအုတ်ကို နို့ဆီနှင့် ကြို၍ ဆန်ပြုတ်လို သောက်တတ်သည်ကို သိပါလျက် စာအဖတ်ရှန်းပြီး အုတ်များ ဝယ်လာခြင်းဖြစ်လေရာ အားလုံး ငိုအားထက် ရယ်အားသန် ကုန်ကြလေတော့သည်။
အိမ်း၊ နောင်သောအခါတွင်သော် စာရေးရာ၌ အဓိပ္ပါယ် ကွဲပြားစေရန်နှင့် ဤလိုအဖြစ်မျိုး ထပ်မမှားစေရန် အထူး ဂရုစိုက်ရချေ၏။
---
#သာဓု
#အုတ်ခဲပြုတ်သောက်ရမလို
#shared_by_louis_augustine


Comments
Post a Comment