ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဘဝ၏ ဒုက္ခ သုခ။ ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဘဝ၏ ဒုက္ခ သုခ။ ) // သော်တာဆွေ
---
ဘဝ၏ ဒုက်ခ သုခ။
၁၉၅၅-ခုနှစ်၊ မေနှင့်ကျွန်တော် ကိုယ့်အိုးကိုယ့်အိမ် ထူထောင်ကြသောအခါ ကျွန်တော့် မှန်တမ်းဝင်ငွေမှာ ရှုမဝတွင် ဝတ္ထုတိုတပုဒ် ၃ဝဝိ-အဟိကဏ္ဍအတွက် ၃ဝဝိ၊ ပေါင်း ၆ဝဝိ-မှ ယခင်အိမ်ထောင်၏ ကလေးစရိတ် ၂၅ဝိ-ပေး၍ ကျန်ငွေ ၃၅ဝ-မှာ လင်ကိုယ်မယားနှစ်ယောက်ထဲ ကောင်းကောင်းကြီး သုံးနိုင်စားနိုင်ပါသည်။
အခြားမဂ္ဂဇင်းများ ရေးနိုင်လျှင်လည်း အပိုဝင်ငွေ ရသေးသည်။
ထိုစဉ်က ကုန်ဈေးနှုန်းများလည်း မကြီးမားကြ။ ငါးခူ၊ ငါးရံ့ နှစ်ကျပ်ခွဲ သုံးကျပ်။ အကောင်းစားငါးမြင်း ငါးကြင်း ပုဇွန်ထုပ်ကြီးများမှ ၅-ကျပ်၊ ကြက်-ဝက်-ဘဲ-ဆိတ် ၅-ကျပ် ပတ်လည်၊ ဆီတပိဿာ နှစ်ကျပ်ခွဲ။ ပုံးလုံးဝယ်နိုင်လျှင် ၂၄-ကျပ်၊ ဆယ်ပိဿာမက အပိုတွက်လဲ ရသေးသည်။ ပုံးခွံလဲရသေးသည်။ အို... အဲသည်တုန်းက ဆီပုံးခွံ၊ ရေနံပုံးခွံဆိုတာများ စကားထဲ ထည့်ပြောမနေကြ။
ကြက်သွန် အာလူး တပိဿာ ပြား ၅ဝ-၆ဝ။ ရာသီအလျောက် အလွန်ရှားချိန်မှ ပြား ၇ဝ-၈ဝ။ ဆန်အကောင်းစား စပါးနက် ငကျွဲတတင်း ဆယ့်လေးငါးကျပ်။ ကောက်သစ် ပေါ်ခါနီး ရှားပါးဆုံးအချိန်မှ ၁၆ိ-၁၇ိ။ တတင်းယူလျှင် အရပ်ထဲက ကုန်စုံဆိုင်မှ အိမ်ပေါ် အရောက်လာပို့၏။ နို့ဆီသကြား ငါးသေတ္တာကား ဖောခြင်းသောခြင်း။ အဝတ်အထည်အတွက်လည်း ပြဿနာမရှိ။ ကျွန်တော့်လုပ်ငန်းကလည်း သော်တာဆွေရေးသမျှ ယူပါရစေဆိုသော ထုတ်ဝေသူတွေ အသင့်ရှိနေကြ၏။
ယင်းသို့သော ဝင်ငွေ၊ ယင်းသို့သော ခေတ်အခါ၌ မေနှင့်ကျွန်တော် ညားခဲ့ကြလေရာ စိတ်ကူးယဉ်အပျော်ဖတ် ဝတ္ထုမျိုးဖြစ်ပါမူ သူတို့နှစ်ယောက် နှစ်ရှည်လများ ရည်းစားထားပြီးနောက် ခက်ခက်ခဲခဲတွေ့ရန် ဖန်တီးပေးလိုက်ပြီကဘဲ။ “မေနှင့်မောင် သည် သက်ဆုံးတိုင် ပျော်ရွှင်စွာ ပေါင်းသင်းကြလေသတည်း” ဟု အဆုံးသတ်လိုက်နိုင်ပါ၏။
သို့သော် ကျွန်တော်တို့၏ တကယ့်ဘဝကား မျှော်လင့်ချက်ကြီးစွာသော သမီးရည်းစား ဘဝမှ လွန်မြောက်၍ ဒုက္ခ၏အစမျှ ရှိသေး၏။
ကျွန်တော်သည် ပထမအိမ်ထောင်တုန်းက ပထမအရွယ်၏ ဒုက္ခ ယခုဒုတိယအိမ်ထောင် တွင် ဒုတိယအရွယ်၏ဒုက္ခဘောင်ကို ဝင်ရလေပြီ။
ဘဝရှိသမျှကား ဒုက္ခရှိရမည်။ သုခကော မရှိဘူးလားတဲ့။ ရှိပါသည်။ သို့သော် ဤသုခ ဆိုသည်ကား ဘဝဒုက္ခထဲတွင် ခေတ္တမျှ ပေါ်လာတတ်သော နားနေရာ စခန်းကလေး များတည်း။ ဥပမာဆိုရသော် ကျွန်တော်တို့သည် ခရီးရှည်သွားကြမည်ဆိုလျှင် အိပ်စက်နေနားရန် စခန်းများ ရှိရပေမည်။ ဘဝခရီးထဲမှ သုခသည် ဤအပန်းဖြေစခန်းကလေးနှင့်သာတူပေသည်။ ဥစ္စာပစ္စည်း ဆင်းရဲချမ်းသာမရွေး လုပ်ငန်းကြီးငယ်မဟူ၊ သူ့ဘဝခရီးမှာ သူ့ဒုက္ခနှင့် သူ့သုခနှင့်သာ ဖြစ်ချေသည်။ သူတောင်းစားမှာလည်း သူတောင်းစား၏ဒုက္ခနှင့် သူတောင်းစား၏သုခရှိ၏။ သူဌေးမှာ လည်း သူဌေး၏ဒုက္ခနှင့် သူဌေး၏သုခရှိ၏။
သူဌေး၏ ဒုက္ခသုခနှင့် သူတောင်းစား၏ ဒုက္ခသုခတို့သည် ပုံစံချင်းတော့ မတူကြချေ။ သို့သော် ခံစားမှုကတော့အတူတူဘဲဖြစ်၏။ ဥပမာလေးငါးရာတန် စားသောက်ပွဲကြီးနှင့် သူဌေးကြီးထမင်းမြိန်ခြင်းသည် ပြားလေးငါးဆယ်ဘိုးနှင့် သူတောင်းစားထမင်းမြိန်ခြင်းနှင့် မခြားနားပါ။ လေအေး စက်ခန်းတွင် အိစက်ညက်ညောသော ဖဲမွေ့ရာပေါ်၌ သူဌေးကြီး အိပ်ပျော်နေခြင်းသည် လမ်းဘေးပလက်ဖောင်းပေါ်၌ သူတောင်းစားအိပ်နေခြင်းနှင့် မခြားပါ။ လူတယောက် စားကောင်းတာချင်း၊ အိပ်ကောင်းတာချင်း အတူတူဘဲ ဖြစ်ပါ၏။ စားမဝင် အိပ်မပျော်တာချင်းလဲ အတူတူဘဲဖြစ်ပါ၏။
ယင်းသို့ လျှင် လူတန်းစားအသီးသီးတို့သည် ကိုယ့်ဘဝတွင် ကိုယ့်ဒုက္ခကိုယ့်သုခတွေ တထွေထွေနှင့် ကိုယ့်ဘဝကိုယ် ခုံမင်နေကြခြင်း ဖြစ်ကြပါကုန်သတည်း။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment