ဘဝကူး // ကိုရိုးကွန့်
ဘဝကူး // ကိုရိုးကွန့်
(မဟေသီ၊ မတ်၊ ၁၉၈၉။)
---
ကိုဘိုကေ ငြိမ်သက် နေခြင်းသည် မယ်ဖော့ကို အထူးအဆန်း ဖြစ်စေသည်။ မီးပြောင်း မှုတ်လိုက်၊ ထင်း ထိုးလိုက်၊ ထမင်းအိုး မွှေလိုက်၊ ငရုတ်သီး ထောင်းလိုက်နှင့် လက်မအား၊ လူမနားအား သမို့ မျက်လုံး အကြည့်ဖြင့်သာ လှမ်း၍ အကဲခတ် နေရှာသည်။
ပုံမှန်အတိုင်းသာ ဆိုလျှင် ကိုဘိုကေ အိမ်ထဲ ဝင်လာသည်နှင့် ထမင်း ကျက်ပြီးလားဟေ့၊ ဘာဟင်းလဲဟု အသံပေး၍ အိမ်ထဲ ဝင်မည်။ ရေထမ်းပုံး ချထားခဲ့ပြီး မီးဖိုချောင် အထိ လာမည်။ ထိုင်မည်။ ခါးပုံစထဲက ရေထမ်းခ ငွေတွေ ထုတ်ရေမည်။ သူ့လက်ထဲ အပ်မည်။ ထမင်းကျက်လျှင် စား၍ မကျက်သေးလျှင် အိမ်ရှေ့က ထန်းလက်ဖတ် ကုလားထိုင်ပေါ် ထိုင်စောင့်မည်။ ဆေးလိပ် သောက်ချင် သောက်နေမည်။ ဒူးနှန့်၊ လေချွန်ချင် ချွန်နေမည်။
ကိုဘိုကေက တကယ့် လူအေး၊ ရေထမ်းခငွေ အပ်ပြီးလျှင် နေ့စဉ်နေ့တိုင်း ဒီလိုပဲ နေသည်။ သူနှင့် ဆယ်နှစ်ကျော် ပေါင်းလာသည့် ကာလအတွင်း အပြောင်းအလဲ မရှိပေ။
ယနေ့မူ အိမ်ရောက် သည်နှင့် ရေထမ်းပုံး ချသည်က အစ ခါတိုင်းထက် နည်းနည်း ကျယ်သည်။ ဘာစကားမှ မပြောဘဲ ကုလားထိုင်ပေါ် “ဝုန်း” ကနဲ ခြေပစ်လက်ပစ် ထိုင်ချသဖြင့် မခိုင့်တခိုင် အိမ်လေးပင် ခါယမ်းသည်။ ပြီးတော့ လေပူ မှုတ်သံက “ဟူး” တဲ့။ ရင်ထဲမှာ အပူလုံးကြီး အတော့်ကို ကြီးထွားနေဟန်။
ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင်နေသည်မှာ အသက်မှ ရှိသေးရဲ့ လားလို့ သံသယ ဝင်စရာ။ စိုးရိမ်တကြီး လှမ်းကြည့် လိုက်တော့ မျက်ဖြူကြီး လှန်ပြီး ကြယ်မြင် လမြင် ထန်းလက် အမိုးကို ငေးနေဟန် တွေ့ရသည်။
ထူးတော့ အတော့်ကို ထူးသည်။ ဘာတွေများ နက်နက်နဲနဲ တွေးနေပါလိမ့်။ ဘဝရှေ့ရေး အတွက် အကြံတွေ ထုတ်နေပြီလား။ ဒါမှ မဟုတ် ရန်များ ဖြစ်လာသလား။ ဟင့်အင်း - ကိုဘိုကေ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းကို တစ်ခါမှ မတွေ့ဖူးဘူး။ အလွန် သည်းခံ နိုင်သောလူ။ သူမလုပ်ဘဲ သူများက လုပ်လျှင်ကော၊ နေထိုင်မကောင်း တာကော မဖြစ်နိုင်ဘူးလား။ မနက်ကတော့ ပြုံးပြုံးရွှင်ရွှင် လန်းလန်းဆန်းဆန်း ပါလေ။
စိတ်က ကိုဘိုကေထံ ရောက်နေသဖြင့် ထမင်းအိုး ဝေကျသံ တရှဲရှဲ ကြားမှ အဖုံးကို ကမန်းကတန်း ဆွဲလှုပ်သည်။ တဗွမ်းဗွမ်း ပွက်နေသော ထမင်းအိုးကို တစ်ချက် နှစ်ချက် မွှေပြီး ဆန်စေ့ လေးငါးစေ့ ခပ်ယူသည်။ သို့သော် ယောက်မပေါ်တွင် ဆန်စေ့ထက် ပဲလွမ်းစေ့က များနေသည်။ လက်ဖြင့် ဖျစ်ကြည့်သည်။ တော်သေးရဲ့။ ပျော့ပြဲမကုန် သေးလို့။ ပဲထမင်း ချက်ရာတွင် ပဲနှင့်ဆန် အနပ်ညီဖို့ အတော် ဂရုစိုက် ရသည်။
ဆန်ဖြူ ထမင်းကို သူတို့ မစားနိုင်တာ ကြာပြီ။ ဟိုတလောက ဆိုလျှင် ဂျုံ တစ်လှည့်၊ ဆန်ပြုတ် တစ်လှည့်၊ ပိန်းဥ တစ်လှည့် စားခဲ့ရသေးသည်။ ထမင်းစားရ သလို ဘယ်မှာ တင်းတိမ်ပါ့မလဲ။ အခုတော့ ဆန်ဈေး ကျလာပါပြီ။ သို့သော် ပြောင်းနှင့် ပဲကိုတော့ အလှည့်ကျ ရောရသေးသည်။
ဖြူညစ်ညစ် ထမင်းရည်များကို ဇလုံထဲ ငဲ့ချသည်။ ထိုညစ်တစ်တစ် ထမင်းရည်ကို ဆားခပ် ပေးလိုက်လျှင် ကလေးတွေ ရောက်လာပါက တရှူးရှူးနှင့် သောက်ကြလိမ့်မည်။ ထမင်းရည်ဇလုံကို ဆန်ကောအောက် ထိုးထည့်ပြီး သိမ်းထားလိုက်သည်။
ထမင်းအိုးကို မီးဖိုပေါ် ပြန်တင်သည်။ မီးတောက် လျှော့ပြီး နှပ်ထားသည်။ လက်တွင် ပေကျံနေသော အိုးမဲများကို ထဘီ အောက်စဖြင့် သုတ်သည်။ ထို့နောက် အိမ်ရှေ့သို့ မယ်ဖော့ ထွက်လာသည်။
“ကိုဘိုကေ ...”
“ဟဲ့ ... သောက်ခွေး၊ နင့်အမေကလွှား ... ကိုဘိုကေ ... ဟာ လန့်လိုက်တာ မယ်ဖော့ရယ်”
“တော် ဘာဖြစ်လာလဲ”
မယ်ဖော့ စိုးရိမ်စိတ်ဖြင့် ညင်းပျော့စွာ မေးသည်ကို -
“ငါ ဘာဖြစ်လို့လဲ”
ကိုဘိုကေ အသံက မာကျယ်ကျယ်။
မယ်ဖော့ရင်ထဲ တစ်မျိုးကြီး ဖြစ်သွားသည်။ ဝမ်းနည်းစိတ်တွေ လှိုက်တက် လာသည်။ ဝေ့ဝဲ လာသော မျက်ရည်ကို မျက်တောင်ဖြင့် ပုတ်ခတ် ဖယ်ရှားရင်း ...
“တော် ... ငြိမ်နေလို့”
သည်တော့မှ ကိုဘိုကေ မျက်နှာချို ပြန်သွေးသည်။ လေသံပျော့ဖြင့် ...
“ထိုင်စမ်းပါဦး မိန်းမရယ်”
မယ်ဖော့သည် မထိုင်ဘဲ မတ်တတ်ရပ်လျက် စကားသံ ငံ့လင့်နေသည်။ သို့သော် ကိုဘိုကေ နှုတ်ဆွံ့နေ သဖြင့် ...
“ကဲ - ပြောမယ့်စကား စဉ်းစားထား၊ ထမင်းအိုးတူးတော့မယ်”
မီးဖိုချောင်ထဲ ပြန်ဝင်သည်။ အငွေ့ တလူလူ ထွက်နေသော ထမင်းအိုးကို ချ၍ ရေနွေးအိုး တင်ထားခဲ့သည်။ ကန်စွန်းရွက် ဆန်ကောကို မ ထွက်လာသည်။
ကိုဘိုကေ ရှေ့က ကြမ်းပြင်ပေါ် ထိုင်ချသည်။ ကန်စွန်းရွက် သင်ရင်း နားစွင့်သည်။ လှုပ်စိလှုပ်စိ ဖြစ်နေသော နှုတ်ဖျားမှ စကားများ ရွံ့တွန့်တွန့် ပွင့်ကျသည်။
“ငါ- ငါ ဟိုလေ၊ ဟိုဟာ အဲ- အမတ်၊ အမတ် လုပ်ချင်လို့”
မယ်ဖော့ နားကြားလွဲရော့ သလား။
“ဘာပြောတယ်တော့”
“အမတ် လုပ်ချင်လို့”
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်သံ ကြားရသလို အံ့ဩ ကြောက်ရွံ့ခြင်း ဖြစ်သည်။ ပြီးတော့ ရယ်ချင် လာသည်။ မရယ်ဝံ့သဖြင့် -
“ကြံကြီးစည်ရာ ရှင်၊ ရူးသလား”
“အမတ် လုပ်ချင်တိုင်း ရူးရမှာ လားကွ၊ မင့်ဟာက အဓိပ္ပါယ် မရှိ”
“တော့် အဆင့်အတန်းနဲ့ ဖြစ်မလား ကိုဘိုကေရဲ့”
ဖိညှပ် ခံရသလို ကိုဘိုကေ မျက်နှာရှုံ့တွ သွားသည်။ ခေါင်းကို ခါယမ်း၍ -
“မိန်းမ နှယ်ကွာ၊ မင်းထင်တဲ့ အမတ် မဟုတ်ဘူး ကွ၊ ဟိုလေကွာ ... တို့ အရပ်က ဆုတောင်းပြည့် ဘုရားပွဲမှာ နှစ်တိုင်း ဝင်းခင်းတယ် မဟုတ်လား၊ အဲ့ဒီမှာ အမတ် လုပ်ချင်တာ၊ ဦးထုပ် အမြင့်ကြီး ဆောင်း၊ တောင်ရှည် ပုဆိုးနဲ့ ကတ္တီပါ အင်္ကျီနဲ့”
ရယ်ချင်စိတ်ကို မမြိုသိပ် နိုင်သဖြင့် မယ်ဖော့ တခွီခွီ ရယ်သည်။ ကန်စွန်းရွက် ဆန်ကောကို မ,၍ မီးဖိုချောင်ထဲ ပြန်ဝင်ရန် ထလိုက်စဉ် ကိုဘိုကေက ဖမ်းဆွဲ ထားသည်။
“ခဏ နေပါဦး မိန်းမရဲ့၊ စကားကို ဆုံးအောင် နားထောင်စမ်း ပါဦး၊ နေ့လယ်က ဆုတောင်းပြည့် ဘုရားပေါ် ရေဖြည့်သွားရင်း ဓမ္မာရုံနား ရောက်ခဲ့တယ်ဟ၊ အဲ့ဒီမှာ ဘုရားလူကြီးတွေ အရပ်လူကြီးတွေ ဘုရားပွဲကိစ္စ စည်းဝေး နေတာကိုး။ ငါလည်း မောလွန်းလို့ ချွေးတိတ်အောင် ထိုင်နားတာပေါ့ဟာ၊ ကြားတာက ဘုရားပွဲကို အစဉ်အလာ မပျက် လုပ်သွားမယ်တဲ့၊ ဘုရားပွဲ အတွက် ကောက်ခံ ရရှိငွေက နည်းတယ်တဲ့၊ ဇွတ်အတင်း ထပ်တိုးပြီး အလှူ မခံချင်တော့ဘူးတဲ့ ဟ၊ ရှိတဲ့ ငွေ၊ ရတဲ့ ငွေ၊ ရတဲ့ အချိန်နဲ့ ဖြစ်အောင် လုပ်ကြမယ်၊ အခြေအနေ အရ ဇာတ်ကြီး မထည့်တော့ဘူး၊ နေ့မှာ ဆိုင်းနဲ့ ဧည့်ခံမယ်၊ အရပ်ထဲက ကောင်မလေးတွေ ကကြမယ်၊ ဆွမ်းကြီး လောင်းမယ်၊ နှစ်တိုင်းလိုပဲ ဝင်းခင်းမယ်၊ ဒါပေမဲ့ ပါချင်တဲ့ လူက ကိုယ့်အဝတ် ကိုယ် ငှါးရမယ်တဲ့”
“ဒီတော့ ရှင်က အမတ် လုပ်ချင်တယ်ပေါ့”
ကိုဘိုကေသည် မယ်ဖော့ကို မကြည့်ဘဲ ခေါင်းညိတ်သည်။ လမ်းမဘက်သို့ ငေးလျက် -
“တို့ ဘဝမှာ တစ်ခါတစ်ရံမှ ကြုံရတဲ့ အခွင့်အရေးပဲ မယ်ဖော့၊ အဝတ်ငှါးနိုင်ရင် ငါ အမတ်လုပ်လို့ ရပြီ”
မယ်ဖော့သည် သူ့ယောက်ျားကို သနားစိတ်ဝင်ကာ မရယ်ချင်တော့ပေ၊ စိုးရိမ် သောကတွေ ပျက်ပြယ်ပေမယ့် အပူလှိုင်းက မယ်ဖော့ ရင်ကို ရိုက်ခတ်သည်။
“ငှါးခက ဘယ်လောက်တဲ့လဲ”
“သုံးလေးဆယ် ပေးရမယ် ပြောတာပဲ၊ ဈေးတွေက အမြဲတက် နေတော့ အသေအချာ ပြောလို့ မရဘူး၊ နင့်မှာ ပိုက်ဆံ ဘယ်လောက် ရှိလဲ”
“ပိုက်ဆံ ...”
“အေး ... ပိုက်ဆံ”
မယ်ဖော့ ဘာပြောရမလဲ၊ ကိုဘိုကေ ရေထမ်းခ တစ်ခုတည်းဖြင့် သားသမီး လေးယောက် ဝမ်းဝအောင် အကြွေးခံပြီး ဖြည့်နေရတာ၊ ဘယ်မှာ ပိုလျှံပါ့မလဲ၊ ဘယ်မှာ စုဆောင်းနိုင်ပါ့ မလဲ။
မယ်ဖော့မှာ အင်္ကျီစုတ်၊ ထဘီစုတ်၊ ချွေးခံ အင်္ကျီတောင် မဝယ်နိုင်ပါဘူး။ ဪ... ကိုဘိုကေ ကြည့်ပြန်တော့လည်း အင်္ကျီဗလာ၊ ပုဆိုးအဖာ။
မျက်လုံးအရောင် ဖျော့တော့စွာဖြင့် ခေါင်းယမ်းပြသည်။
သုံးပင်နှစ်ခန်း တဲငယ်လေးတွင် ဆန္ဒနှင့် ဘဝ ကွာဟလွန်းသော လင်မယား နှစ်ယောက်သည် ကျောက်ရုပ် အသွင်သို့ ပြောင်းလဲလေ၏။
---
ကိုဘိုကေကို ဘယ်တုန်းက ကြိုက်ပါလိမ့်၊ ဘာလို့ ကြိုက်ပါလိမ့်။
ကိုဘိုကေက ရေထမ်းသမားရယ်။ ရေတွင်းမှာ တစ်နေကုန် ရှိသည်။ နေညိုချိန်တွင် အိမ်အတွက် မယ်ဖော့ ရေခပ်သွားလျှင် ကိုဘိုကေနှင့် ဆုံတတ်သည်။
ကြုံကြိုက်တိုင်း ရေငင်ပေးသည်။ ရေအိုး ပင့်ပေးသည်။ ဒါကတော့ မယ်ဖော့ရယ် မဟုတ်ပါဘူး၊ လူတိုင်းကို သူ ကူညီနေကျပါလေ။
ကိုဘိုကေကြီးက အလွန် ယောင်တတ်သည်။ ဒါကြောင့် စလို့ နောက်လို့ ကောင်းသည်။ သူ့ကို တို့လိုက်လျှင် အဆဲမျိုးစုံ ယောင်ယမ်း ထွက်လာသည်။ သူ့ရှေ့မှာ က,ပြလျှင် ယောင်၍ လိုက်က, သည်။ ရိုက်,ဟု အော်လျှင် ယောင်၍ ရိုက်သည်။ ပင့်ဟု အော်လျှင် ယောင်၍ ပင့်သည်။ အလွန်ရယ်ရ သဖြင့် လူတိုင်းက စ သည်။
တစ်ခါတွင် မယ်ဖော့ကို ရေအိုးပင့် ပေးနေစဉ် ဦးကျော်ဝင်းကြီးက “လွှတ်ချ လွှတ်ချ” ဟု နောက်ပြောင် အော်ဟစ်သဖြင့် ကိုဘိုကေက လွှတ်ချသည်။ ကိုဘိုကေ၏ ခြေပေါ် ရေအိုးကျကာ အိုးကွဲ၏။ ခြေမ ပြဲ၏။
သွေးသံရဲရဲ ထွက်နေသော ခြေမကို ဂရုမထားဘဲ မယ်ဖော့၏ အိုးကွဲကို ကိုင်ကာ တောင်းပန် တိုးလျှိုးနေပုံမှာ၊ အို ... မယ်ဖော့ မျက်လုံးထဲ ဖျောက်လို့ မရတော့ဘူး။ ချစ်သနား စိတ်တွေ ထိုစဉ်က နှလုံးသည်းပွတ်မှာ ခိုကပ် ကျန်နေခဲ့ဟန် တူပါရဲ့လေ။
ယခင်က မယ်ဖော့လည်း သူများနည်းတူ ကိုဘိုကေကို စ,နောက်ခဲ့ သော်လည်း သည့်နောက် မစတော့ပေ။ သူ့သူငယ်ချင်းတွေ နောက်လျှင်ပင် မယ်ဖော့က လိုက်လံ ဟန့်တားသည်။
ထိုသို့ ကိုဘိုကေ၏ ရှေ့မှ ရပ်တည်လွန်း သဖြင့် မယ်ဖော့ကို ကိုဘိုကေနှင့် ဝိုင်းစ,ကြသည်။ အပြောင်အပြက် စကား ဖြစ်သော်လည်း ပြောဖန် များလာသော် နှစ်ဦးစလုံး စိတ်များ လှုပ်ရှား လာသည်။ တစ်ဦးက တစ်ဦးကို မတော်တဆ ကြည့်မိလျှင် ရင်ခုန်ချင်သည်။ မေတ္တာပန်းသည် ရေတွင်း အနီးမှာပင် ဖူးပွင့်ခဲ့သည်။
တစ်ကောင်ကြွက်နှင့် မုဆိုးမ သမီးတို့ စုလျားရစ်ပတ် လက်ထပ်ပြီးသော် ဘဝကို အိုးတစ်လုံး ဖျာတစ်ချပ်နှင့် စခဲ့ကြသည်။ စီးပွါးဥစ္စာထက် သားသမီး ရတနာများသာ နှစ်စဉ် တိုးနေသည်။ မွေးသမျှ အားလုံး လူဖြစ်လာလျှင် အိမ်ထောင်သက် ဆယ့်နှစ်နှစ် အတွင်း ကလေး ရှစ်ယောက် ရှိချိမ့်မည်။ သို့သော် တစ်ကြိမ် သားလျှော၍ ခုနစ်ကြိမ် မွေးခဲ့သည်။ ထိုခုနစ်ယောက် အနက် သုံးယောက် ပျက်စီး၍ လေးယောက် အဖတ်တင်သည်။
ခေါက်ချိုး ကုန်သဖြင့် တော်ပါသေးရဲ့။ သည် လေးယောက်၏ ဝမ်းကို ဖြည့်နိုင်ရန် မယ်ဖော့ တစ်ယောက် မျက်ဖြူ စိုက်အောင် စီမံရသည်။ သားကြီး နှစ်ယောက်ကို ကျောင်းထားချိန် နောက်ကျပြီးမှ စာသင်ကျောင်းသို့ ပို့နိုင်ခဲ့သည်။
ကိုဘိုကေကတော့ အေးအေး ဆေးဆေးပင်။ လူပျိုဘဝ ကတည်းက ရေထမ်းခဲ့သော ကိုဘိုကေသည် ယခုလည်း ရေထမ်းလျက်ပင်။ နောင်တွင်လည်း ရေထမ်းဦးမည့် လူ။
သူများတွေ အထက်တက်၍ ရွှေကျင် သွားကြသည်။ ကျောက်တူး သွားကြသည်။ လားရှိုးဘက် ကုန်ကူး ထွက်ကြသည်။ ဘယ်သူက ဘယ်ခေါ်ခေါ် ကိုဘိုကေ မလိုက်ဘူး၊ လောဘ နည်းတာလား၊ လူစွမ်းလူစ မရှိတာလား။
ကိုဘိုကေ လုပ်တာက ကျွဲပခုံးထအောင် ရေထမ်းမည်၊ ရသမျှငွေ အားလုံး မယ်ဖော့လက် အပ်မည်၊ ကလေးငိုလျှင် အပြင်ထွက် သွားမည်၊ ဘယ်သူ့ကိုမှ မငေါက်ဘူး၊ မရိုက်ဘူး။ ကျွေးသမျှနှင့် စားလိမ့်မည်၊ ဘာမှ မတောင်းဖူးဘူး၊ ဘဝ ရည်မှန်းချက် လုံးဝ မရှိဘူး။
အမတ် လုပ်ချင်လိုက်တာ ဆိုသည်မှာ ကိုဘိုကေ၏ ပထမဆုံး တောင်းဆိုချက်၊ ကိုဘိုကေ၏ အမြင့်ဆုံး ရည်မှန်းချက်။
သူက “မရှိ” ဆိုတော့လည်း ကိုဘိုကေသည် ထပ်မံမတောင်းဆိုပေ။ သို့သော် သိသိသာသာ ငေးမှိုင်နေသော ချစ်လင်ကို မကြည့်ရက်ပါဘူး။ စိတ်ထောင်းလို့ ကိုယ်ကြေ၊ ဗုန်းဗုန်းလဲလျှင် ခက်ရ ချည့်ရဲ့။ နာခဲ ဖျားခဲသော ကိုဘိုကေသည် (ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေ) တစ်ခါဖျား၊ တစ်ခါသေလျှင် ရင်ကျိုးရချည့်ရဲ့။
ကိုဘိုကေနှင့် ရှင်ကွဲလည်း မကွဲချင်ဘူး၊ သေကွဲလည်း မကွဲချင်ဘူး။
ငွေကို ဘယ်လို ရှာရမလဲ၊ အကြွေးဟောင်းတွေ မဆပ်နိုင်တော့ ဘယ်သူမှ ကြွေးသစ် မပေးချင်ဘူး၊ ချေးလို့ ငှါးလို့လည်း မရခဲ့ဘူး။
ကျောက်ခဲမျိုပြီး ရေသောက် နေလို့ ရလျှင် အကောင်းသား။ သစ်ရွက်တွေ သီဝတ်လို့ ရလျှင် အကောင်းသား။ အလှူတို့၊ မင်္ဂလာဆောင်တို့မှာ အကူငွေ မထည့်ရလျှင်လည်း အကောင်းသား။ ဒါမှသာ ရေထမ်းလို့ ရသည့်ငွေကို လက်ထဲ နွေးအောင် ဆုပ်ထားနိုင်မည်။
မယ်ဖော့ အပူဟာ ကိုဘိုကေ အပူ မဟုတ်ပေမယ့် ကိုဘိုကေ အပူက မယ်ဖော့ အပူပါ။
တမာရိုး ထိုးထားသော နားပေါက်ကို မယ်ဖော့ စမ်းကြည့်သည်။ ဪ ... ရောင်းချ၊ ပေါင်နှံစရာ ရွှေတို ရွှေစတောင် မရှိပါလား၊ အိမ်မှာ ရောင်းလို့ ရသည့် ပစ္စည်း ဘာရှိပါလိမ့်။
မယ်ဖော့၏ အကြည့်သည် အခန်းထောင့်က ထင်းရှူး သေတ္တာကို တန်းတန်းမတ်မတ် ရောက်သွားသည်။ ထို့နောက် သေတ္တာဆီ လျှောက်သည်။ ရှေ့တွင် ရပ်သည်။ မဖွင့်သည်မှာ ကြာပြီမို့ ဖုန်အလိမ်းလိမ်း ကပ်နေသော သေတ္တာ အဖုံးကို စိုက်ကြည့်သည်။
“ဒါတွေကိုပဲ ထုတ်ရောင်း ရတော့မယ်”
ဆုံးဖြတ်ချက် ချပြီးသည်နှင့် သေတ္တာဖွင့်သည်။ အထဲမှာ ဗလာစာအုပ်နှင့် ဖတ်စာအုပ်များ ထုတ်သည်။ ပုဆိုးဟောင်း တစ်ထည်နှင့် စုထုပ်၍ ဈေးသို့ အသော့နှင်သည်။
ကျောင်းဖွင့်ချိန်တွင် စာအုပ် ရှာနေမည့် သားတို့ အတွက် စိတ်မကောင်း ပါဘူးကွယ်။
---
ကိုဘိုကေ လက်ထဲ ပိုက်ဆံထည့် လိုက်သောအခါ မမြင်ဖူးသလို ငုံ့ကြည့် နေသည်။ “ဘယ်က ရသလဲ” တဲ့။ “ခြေစောင့်လက်စောင့် သိမ်းထားတာ” လို့ ကြည့်ကောင်းအောင် ပြောလိုက်သည်။ နောက်ထပ် ဘာမှ မမေးတော့ဘူး။ ပိုက်ဆံရေရင်း ပြုံးနေသည့် လင့်မျက်နှာ ကြည့်ပြီး မယ်ဖော့ ရင်မှာ အပူများ မြူမျှ မကျန်အောင် ကင်းစင်လေ၏။
“သွားတော့လေ၊ ဘုရားပွဲ ရက်က နီးနေပြီ၊ ဘုရားလူကြီး တွေဆီ သွားပြီး စာရင်းပေး၊ တော်ကြာ အမတ်နေရာ မရရင် ခက်မယ်”
မယ်ဖော့ တပ်လှန့်လိုက်မှ ကိုဘိုကေသည် ဒရောသောပါး ပြေးထွက်သွားသည်။ ဘာမျှ မကြာလိုက်၊ ကသောကမျှော ပြန်ရောက် လာသည်။ မြန်လွန်းသဖြင့် မယ်ဖော့သည် ထိတ်ခနဲ ဖြစ်ကာ...
“လူပြည့် သွားပြီလား၊ အမတ်နေရာ မရခဲ့ဘူးလား”
“မင်း ယောက်ျား ပဲကွာ၊ ဘယ်အ,လိမ့် မလဲ၊ ရတာပေါ့ဟ၊ တော်ပါသေးရဲ့ကွာ၊ ငါရောက်တော့ အမတ် လေးနေရာမှာ တစ်နေရာပဲ ကျန်တော့တယ်၊ လူပျိုတော်သားက သုံးနေရာလောက် ကျန်သေးတယ်၊ ငါက လုပ်မယ့်လုပ် အမတ်ကြီး လုပ်မယ်ဗျာ၊ ကျန်တဲ့ တစ်နေရာ ကျုပ်အတွက်လို့ ပြောခဲ့တယ်၊ ဟား ... ဟား”
ကိုဘိုကေက ရယ်ရင်း မောရင်း မယ်ဖော့အနား ကပ်ထိုင်သည်။ မယ်ဖော့က မျက်စောင်း ထိုးကာ တွန်းလွှတ် သော်လည်း မျက်နှာက ပြုံးစစရယ် ...
“ဘုရားလူကြီး ဦးမင်းဇော်က အဝတ်တွေကို မန္တလေး သွားငှါးလို့ ပြောလိုက်တယ်၊ မျက်ပါးရပ် ဆိုတဲ့ အရပ်မှာ ငှါးလို့ ရတယ်တဲ့၊ သူများတွေ ငှါးပြီးပြီတဲ့၊ တို့ နှစ်ယောက် သွားကြရအောင်”
မယ်ဖော့သည် ပျာပျာသလဲပင် ခေါင်းခါ၍ ...
“ဘာ တို့နှစ်ယောက်၊ ဟုတ်လား၊ ကျုပ် မလိုက်ချင်ပါဘူး၊ တော့်ဘာသာ သွားပါ”
“ဟယ် ... ငါမှ မန္တလေး မရောက်ဖူးတဲ့ဟာ၊ နင်က ရောက်ဖူးရဲ့ သားနဲ့”
“အရပ်ထဲက တစ်ယောက်ယောက် ခေါ်သွားပါတော်”
“နင့်နှယ် ... သူများ ခေါ်ရင် သူ့အတွက်လည်း စရိတ် ခံရမှာ ဟ။ စရိတ် ကုန်တာချင်း အတူတူ ကိုယ့်မိန်းမကို ခေါ်မှာပေါ့။ မဟာမုနိ ဘုရားကြီး ဖူးရအောင် လေဟာ”
ဟုတ်သားပဲ၊ ကိုဘိုကေနှင့် ညားပြီးမှ နှစ်ယောက်အတူ ခရီး မသွားဖူးဘူး။ မဟာမုနိ ဘုရားကို မဖူးရသော ဆယ်နှစ် ကျော်ပြီ၊ ကလေးတွေကို အမေနဲ့ ထားခဲ့ပြီး နေ့ချင်းပြန် သွားလို့ ရသားပဲ။ ထို့ကြောင့် မယ်ဖော့သည် ပြန်ပြင်၍ ခေါင်းကို ဆတ်ခနဲ ညိတ်ပြ လိုက်သည်။
နောက်တစ်နေ့တွင် နံနက်စောစော ထ၍ လင်မယား နှစ်ယောက်သား ရန်ကုန် မန္တလေး ကားလမ်းမကြီး အရောက် လျှောက်သွားကြသည်။ ညကတည်းက မေးမြန်းထား သဖြင့် ကားမှန်တွင် ကြက်သွန်ဥပုံ ပါသော ကားကို စောင့်သည်။
“ကြက်သွန်ဥပုံ မပါတဲ့ ကားက ဓာတ်ဆီနဲ့ မောင်းတာတဲ့၊ မန္တလေးကို တစ်ယောက် ကိုးကျပ် တဲ့၊ ကြက်သွန်ဥပုံ ပါတဲ့ ကားက မက်သနော ဆိုလား။ ဘာဆိုလား၊ အဲ့ဒါက ဈေးချို တယ်တဲ့၊ တစ်ယောက်ကို သုံးကျပ်တဲ့၊ အပုံကြီး ကွာတယ်”
မယ်ဖော့က ပြန်လည် ဖောက်သည် ချကာ ဆရာလုပ် နေသည်။ ကိုဘိုကေ ခမျာ အိမ်မှာ ကြက်ဖ၊ အခုတော့ ကြက်မ၊ အပြင် မထွက်ဖူးသူမို့ မန္တလေး ရောက်ဖူးသော သူ့မိန်းမပေါ် တစ်ကိုယ်လုံး ပုံအပ်ထားသည်။ လာသမျှ ကားတိုင်းကို ဂရုစိုက် ကြည့်ကြသည်။ ကား အဆက်မပြတ် ပြေးနေသော လမ်းမို့ ကြာကြာ မစောင့်လိုက် ရပါ။ မျှော်နေသော ကား ရောက်လာသော် လက်တား၍ တက်လိုက် သွားကြသည်။
ဪ ... မလာဖြစ် တော့လည်း အသက် ၃၅ နှစ် ကျော်သည့်တိုင် မန္တလေးကို မရောက်ခဲ့ဘူး။ လာလိုက် တော့လည်း နှစ်နာရီ၊ သုံးနာရီ မကြာ။
မယ်ဖော့က ဆင်းရအောင် ဆိုမှ လိုက်ဆင်းသည်။ မယ်ဖော့ ဦးဆောင်မှု အောက်တွင် နေသည်။ ဘယ်နေရာတွေ သွားမှန်း မသိ၊ လမ်းတွေက ဖြောင့်၊ တိုက်တွေက မြင့်၊ ကောင်မလေးတွေက လှ၊ ကြည့်စရာတွေ အများကြီး။ ဘယ်လောက် လျှောက်ရ လျှောက်ရ မမောပေါင်။
“ငေးမနေနဲ့၊ ဟိုမီးကို ကြည့်ထား၊ အခု စိမ်းနေတယ်၊ အနီရောင်လေး လင်းတာနဲ့ ဖြတ်ကူးရအောင်”
“အေးပါဟာ၊ ငါ သိပါတယ်”
ဟု ပြောရင်း မယ်ဖော့ ပြောသည့် မီးနီကို လိုက်ရှာသည်။ ကားတစ်စီး၏ နောက်မှ လင်းနေသည့် မီးနီကို မြင်သော် ဖြတ်ပြေးသည်။ လမ်းလယ်မှ စက်ဘီးနှင့် တိုက်မိသည်။ စက်ဘီးက ဘရိတ် အဆွဲမြန် သဖြင့် ဘာမျှတော့ မဖြစ်။ သို့သော် မယ်ဖော့၏ မြည်တွန် တောက်တီးမှုကို ခံရသည်။
“ကျုပ် ပြောရဲ့သားနဲ့ တော်က ဖြတ်ပြေးတယ်၊ ကားဆိုရင် သေပြီ၊ ကျုပ် သွားဆိုမှ သွား၊ လာ ကျုပ် နောက်က”
ကိုဘိုကေသည် တဒိန်းဒိန်း ခုန်နေသော ရင်ကို ဖိရင်း “နင် ပြောသလိုတော့ လုပ်တာပဲဟာ” ဟု မပွင့်တပွင့် ပြောသည်။
လမ်းကို ဖြတ်ကူးသည်နှင့် “ရွှေချည်ထိုး ပစ္စည်းများ ငှါးရန် ရှိသည်” ဟု စာရေးထားသော တိုက်ကြီးကို ရောက်သည်။ မဝင်ဝံ့သဖြင့် နှစ်ယောက်သား ရပ်နေကြ သေးသည်။
တိုက်ထဲတွင် ရွှေချည် ထိုးနေသော ကောင်မလေး တစ်ယောက်က “ဘာကိစ္စလဲရှင်” ဟု မေးမှ မယ်ဖော့က “အင်္ကျီ ငှါးချင်လို့” ဟု ဖြေသည်။ “ဝင်ခဲ့ပါ အစ်မ” ဆိုမှ ဝင်သည့်တိုင် ကိုဘိုကေသည် တိုက်ပုံ အင်္ကျီထဲ လက်နှိုက်၍ နေခဲ့သဖြင့် မယ်ဖော့က “လာလေ” ဟု နောက်ပြန်လှည့် ခေါ်သည်။
“ဘာငှါးချင် တာလဲ၊ ထိုင်ကြပါ” ဟု လူကြီး တစ်ယောက်က ပြောသည်။ ပြောင်လက် နေသော စားပွဲကြီး ရှေ့က ကုလားထိုင် ပေါ်တွင် မဝံ့မရဲ ထိုင်ကြသည်။ လူကြီးက “ဘာငှါးမှာလဲ” ဟု ထပ်မေး ပြန်သည်။
ကိုဘိုကေ ပြောစေချင်သော သဘောဖြင့် မယ်ဖော့က ကိုဘိုကေကို လှမ်းကြည့်သည်။ ကိုဘိုကေသည် ကုလားထိုင် ပေါ်တွင် ကိုယ်တစောင်း ထိုင်၍ တုံဏှိဘာဝေ လုပ်နေသဖြင့် မယ်ဖော့ကပင် ...
“ရွှေချည်ထိုး အဝတ် ငှါးချင်လို့ပါ ရှင်”
“ဘာအတွက်လဲ၊ ရှင်ပြုနားသအတွက်လား”
“ဝင်းခင်းဖို့ပါ ရှင်”
“ဝင်းခင်းဖို့ ဆိုရင် ဘုရင်နဲ့ မိဖုရားက နှစ်ပါး၊ အိမ်ရှေ့ မင်းသားနဲ့ ကြင်ယာတော်က နှစ်ပါး၊ ပုဏ္ဏားတော်က လေးပါး၊ စစ်သူကြီး လေးပါး၊ အမတ်ကြီး လေးပါး။ လူပျိုတော် ဆယ့်နှစ်ယောက်၊ အပျိုတော် ဆယ့်နှစ်ယောက် ပုံမှန်အားဖြင့် စုစုပေါင်း အယောက် လေးဆယ်ပေါ့။ ရတယ်၊ လျှော့ချင်ရင်လည်း ရပါသေးတယ်”
“ကျွန်မတို့က အမတ်ကြီး ဝတ်စုံ တစ်စုံပဲ ငှါးမှာပါ”
“ရပါတယ်၊ တစ်ခုချင်းလည်း ငှါးပါတယ်”
“ဘယ်လောက်လဲ ရှင်”
“ဘုရင်ရယ်၊ အိမ်ရှေ့ မင်းသားရယ်၊ မိဖုရားရယ်က ငါးဆယ့်ငါးကျပ်စီ၊ အမတ်ကြီးနဲ့ စစ်သူကြီးက ငါးဆယ်စီ”
ဗုဒ္ဓေါ၊ မနေ့က ကိုဘိုကေ ရေထမ်းလို့ ရသည့် ငွေရှစ်ကျပ် ကိုပါ ယူလာသဖြင့် စုစုပေါင်း ငါးဆယ့်နှစ်ကျပ်ပဲ ပါသည်။ ကားခ ခြောက်ကျပ် ပေးရသဖြင့် လေးဆယ်ကျော် ကျန်သည်။ အပြန် ခရီးစရိတ်လည်း ချန်ရဦးမည်။
“မလျှော့တော့ဘူးလား ရှင်”
“စိတ်ချပါ တူမကြီးရယ်၊ ဘကြီးတို့ ယူတာ အနည်းဆုံး ဈေးပါ၊ တချို့ဆိုရင် ဘကြီးတို့ အရည်အသွေးမျိုးကို ငါးဆယ့်ငါး၊ ခြောက်ဆယ်ထိ ယူတယ်။ ဒီလို တစ်ထည် နှစ်ထည် ငှါးရင် အချို့က ဈေးပို ယူတတ်တယ်။ အများအားဖြင့် ဝင်းခင်း တစ်ခင်းစာ အပြတ် တစ်ထောင့်ခြောက်ရာ၊ နှစ်ထောင် ရမှ ငှါးချင်ကြတာ”
လူကြီး စကားဖြတ်ပြီး သူတို့ နှစ်ယောက်ကို အကဲခတ် ကြည့်သည်။ သူတို့က မှန်ဗီရိုထဲရှိ ပြောင်လက် တောက်ပသော မင်းဝတ်တန်ဆာ ရွှေချည်ထိုး ပစ္စည်းများကို ငေးကြည့်သည်။
“လိုက်မေးကြည့် ကြပါဦး၊ ဈေးချင်းတူရင် ဘကြီးတို့ဆီ ပြန်လာပါ” ပြန်ခွင့်ပြုသည့် စကား။
ပြန်သင့်ပြီမို့ လေးလံစွာ ထကြသည်။ နှေးကွေးစွာ လျှောက်ကြသည်။ ထိုအနီးမှာပင် ရွှေချည်ထိုး ပစ္စည်း ငှါးသော အိမ်များ ရှိသဖြင့် ထပ်ဝင်ကြ ပြန်သည်။ ငှါးရမ်းခ ပိုမို များပြားခြင်း၊ စပေါ်စကား ပြောခြင်း၊ သူတို့ လင်မယားကို မယုံသင်္ကာ ဟန်ဖြင့် ကြည့်ခြင်းတို့ကြောင့် ပိုမို စိတ်ပျက် ရသည်။
အရပ်ပြန်ပြီး ငွေ ထပ်ရှာ ရမလား၊ အမတ် လုပ်ချင်သည့် ဆန္ဒကို လက်လျှော့ရ မလား။ ကဲ မန္တလေး ရောက်မှာတော့ မဟာမုနိ ဘုရားကြီးကို ဖူးရအောင်၊ လိုချင်သော ဆုများ တောင်းရအောင်။
မယ်ဖော့ သွားရာနောက်သို့ ခြေကျင် တစ်လှည့်၊ ကုန်းကြောင်း တစ်လှည့် လိုက်ရ ပြန်သည်။ လမ်းဖြောင့်ဖြောင့်ကြီး အတိုင်း လျှောက်သွားကြစဉ် ဇာတ်နှင့် အငြိမ့် ကြော်ငြာများ၊ ဆိုင်းနှင့် ဘိသိက် ကြော်ငြာများကို မော့ကြည့် ကြသည်။ သူ ငယ်ငယ်က ကြားဖူးခဲ့သော “လှကလေးစိန်” ကို ထိုးမုန့်ဆိုင် အဖြစ် တွေ့ရသဖြင့် တအံ့တဩ ဖြစ်ကာ မယ်ဖော့ကို လက်တို့ ပြသည်။
ဆိုင်းဘုတ်ကို မော့ဖတ်နေစဉ် အသားညိုညို ပိန်ကပ်ကပ် လူတစ်ယောက်က ကိုဘိုကေ၏ နောက်ကျောကို လှမ်းပုတ်သည်။ ကိုဘိုကေသာ မက မယ်ဖော့ပါ လန့်သွားသည်။ ကိုဘိုကေ အဆဲမျိုးစုံဖြင့် ယောင်ယမ်းနေစဉ် ထိုလူက တဟားဟား ရယ်သည်။ လှမ်းကြည့် လိုက်သော် ...
“ဟာ၊ သံလုံး”
“မင်းကို မတွေ့တာလည်း ကြာပြီ၊ မစရတာလည်း ကြာပြီ၊ မင်းတို့ လင်မယားကို လက်ဖက်ရည်ဆိုင် ထဲကနေ လှမ်းမြင်လိုက်လို့ ပြေးလာတာ၊ မန္တလေးကို မလာစဖူး ဘာလာလုပ် တာလဲ”
ကိုဘိုကေ ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း
“မပြောချင်ပါဘူးကွာ၊ ဘုရားပွဲ ဝင်းခင်းမှာမို့၊ အမတ်အဝတ် လာငှါးတာ၊ ငွေမလောက်လို့ မရခဲ့ဖူး”
“အေး ... ဟုတ်သားပဲ။ ဆုတောင်းပြည့် ဘုရားပွဲတော် နီးပြီ။ လပြည့်နေ့နော်။ မင်းတို့က အမတ် တစ်ခုတည်းလား၊ အတော်များများ လိုချင်တာလား”
“တခြား လူတွေက ငှါးပြီးကြ ပါပြီရှင်၊ ရှင့်သူငယ်ချင်းက အမတ် လုပ်ချင်လို့တဲ့။ အဲဒါ ငွေကလဲ ...”
“တစ်ခုတည်း ဆိုရင် မပူပါနဲ့ကွာ၊ ငါ့မှာ ရှိတယ်။ ငါတို့ ဇာတ်ဆရာ အိမ်က ဒီနားလေးမှာ၊ ငါ ပြောရင် ရတယ်။ ငါနဲ့ လိုက်ယူ”
သိကြားမင်းနှင့် တွေ့သလိုလို ကိုဘိုကေတို့ လင်မယားသည် ထခုန်လုမတတ် ဝမ်းသာကြသည်။
သံလုံး ခေါ်ရာ နောက်သို့ မြေကြီး ခြေမထိ လိုက်သွား ကြသည်။ ဇာတ်ဆရာ ဦးမျိုးသန့်က အလွန် သဘောကောင်း ပါသည်။ ယူသွားကြပါဟု ခွင့်ပြုသည်။ မယ်ဖော့က ပိုက်ဆံ ပေးသော်လည်း ဇွတ် ခေါင်းခါသည်။ သံလုံး ဇာတ်သေတ္တာထဲမှ အမတ်ဝတ်စုံ ထုတ်လာသည်။ အို … အသစ်စက်စက်ကြီး ပါလား။ ကတ္တီပါ အင်္ကျီကြီးက ရဲနေတာပဲ။ တောင်ရှည် ပုဆိုးက အဆင်လှ လိုက်တာ။ အမတ် ဦးထုပ်ကြီးက ဖိတ်ဖိတ် တောက်လို့။ စလွယ်တို့၊ ခြေနင်းတို့က ဘော်ကြယ် ရောင်စုံနဲ့ ထိရက်စရာ မရှိဘူး။ ငှါးသွား ရမှာတောင် အားနာပါရဲ့။
သံလုံးက ထင်းရှူး သေတ္တာ အသေးလေးထဲကို အသေအချာ ထည့်ပေးသည်။ သံလုံးနှင့် ဦးမျိုးသန့်ကို ကျေးဇူးတင် စကား အထပ်ထပ် ပြော၍ ပျော်ရွှင် ကြည်နူးစွာ ထွက်လာ ကြသည်။ မဟာမုနိ ဘုရားကြီးကို ခပ်မြန်မြန် ဖူးပြီး ကားဂိတ်သို့ ခပ်သုတ်သုတ် သွားသည်။
အိမ်ပြန် ရောက်သော် ညနေစောင်းပြီ။ ယခုတိုင် နံနက်စာ မစားရသေး။ သို့သော် ဝမ်းထဲတွင် ပီတိများဖြင့် ပြည့်နေသဖြင့် ဆာလည်း မဆာ၊ စားဖို့လည်း သတိမရ။
---
ဆုတောင်းပြည့် ဘုရားပွဲသည် နေကျဲကျဲ အောက်တွင် စည်ကားလှ၏။ ဘုရား ပတ်ပတ်လည်ရှိ သစ်ပင်ရိပ် အောက်တွင် လူများ ပြုံခဲနေသည်။ ကလေးရုပ်ရှင်မှ လူခေါ်သံနှင့် ဗွီဒီယိုရုံမှ လူခေါ်သံသည် သောသောညံလျက် ရှိ၏။ ရုပ်သေးအဖွဲ့နှင့် မျက်လှည့်အဖွဲ့ ကလည်း အားကျမခံ တအား ခေါ်သည်။ ဓာတ်ပုံဆိုင်သည် ဆူညံမှု အနည်းဆုံးနှင့် လူအများဆုံး ဖြစ်သည်။
အပျိုမလေးများက ရဟတ် စီးချင်၍ ကလေးများက ချား စီးချင်သည်။ ကာလသားများက ဘောလုံးပစ်သော နေရာတွင် ကြိတ်ကြိတ်တိုးလျက် ရှိ၏။ တင်းပုတ်အားလုံး ကျအောင် တစ်ချက်တည်းနှင့် ဘောလုံး ပစ်နိုင်လျှင် ဒူးယား တစ်ဘူးဟု ရေးထားသော်လည်း ဘယ်သူမှ ဒူးယားဘူး မရသေးပေ။
မုန့်ဟင်းခါးဆိုင်၊ ခေါက်ဆွဲဆိုင်၊ အကြော်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ရှေ့တွင် ဖြတ်လျှောက်သူက များနေသည်။ ကရေကရာဆိုင်၊ မုန့်လင်မယားဆိုင်နှင့် ဘိန်းမုန့်ဆိုင် ရှေ့တွင် ထိုင်စောင့်နေသူ အသင့်အတင့် ရှိသည်။
နို့အေးချောင်းသည် သည် ကလိုင်ကို အဆက်မပြတ် ခေါက်ရင်း ဈေးဝယ် မျှော်နေသည်။ ကောက်ညှင်း ကျည်တောက်သည်က “ဒီနား ချရောင်းပါရစေ” ဟု မုန့်လေပွေသည်ကို ပြောနေစဉ် ပြောင်းဖူးဖုတ်သည်က “သူ ဦးပြီးသား” ဟု ဝင်ပြောကာ အချင်းများ ကြသည်။ အိုးပုတ်သည်လေးမှာ ကြောက်နေ ရှာသော်လည်း ပူဖောင်းသည်ကား သူနှင့် မဆိုင်သဖြင့် တစ်ဖက်လှည့်ကာ ပီပီမှုတ် နေသည်။ စိပ်ပုတီး ရောင်းသူက လာရောက် ဖျန်ဖြေပေးသည်။
ဓားနှင့် ကတ်ကြေး ရောင်းသော ဆိုင်အနီးတွင်လည်း ကာလသား တစ်စု ရန်ဖြစ်နေသဖြင့် ဘုရားလူကြီးများ အပြေးအလွှား ရောက်လာသည်။ ပလပ်စတစ် သေနတ် ရောင်းသော ဆိုင်ရှေ့တွင်မူ ကလေးအဖေ တစ်ဦးက ငိုယိုနေသော ကလေးငယ်ကို ချော့မော့ ခေါ်နေသည်။
ဇာတ် မပါသည်မှ လွဲ၍ ဘုရားပွဲသည် ယခင်နှစ်များနှယ် စည်ကားသည်။ ဘုရားပွဲခင်းမှ ဖုန်လုံးကြီးသည် အထက်သို့ လုံးတက်သည်။ ပွဲခင်းတွင် လူများ ပြည့်နေသော်လည်း ပွဲခင်းသို့ လူများစွာ လာဆဲပင်။
ပွဲခင်းထဲတွင် လူစည်သလို ကိုဘိုကေတို့ အိမ်လေးထဲ တွင်လည်း လူစည်သည်။ မယ်ဖော့နှင့် အတူ မခင်စန်း၊ ညိုညို၊ မြင့်မြင့်တို့သည် ကိုဘိုကေကို ဝိုင်းဝန်း ပြင်ဆင် ပေးသည်။ မယ်ဖော့၏ သားသမီးများက သူ့အဖေကို အထူးအဆန်း သဖွယ် ပါးစပ် အဟောင်းသားနှင့် ကြည့်နေသည်။
ဘကြီး ဦးစောက “မပြီးသေးဘူးလား မြန်မြန်လုပ်ဟ” ဟု ပြော၍ အိမ်ပေါ် တက်လာသည်။ မယ်ဖော့က “တောင်ရှည်ပုဆိုး မဝတ်တတ်လို့ လုပ်ပါဦး” ဟု အကူအညီ တောင်းသည်။
ဘကြီး ဦးစောသည် “အမတ်လည်း လုပ်ချင်သေး၊ တောင်ရှည် ပုဆိုးလည်း မဝတ်တတ်ဘူး” ဟု မြည်တွန် တောက်တီးရင်း ဝတ်ပေးလိုက်သည်။ မယ်ဖော့က အပြီးသတ် အဖြစ် စလွယ်ယူ၍ စွပ်ပေးလိုက်သော် ကလေးများက “ဝေး” ဟု ညာသံပေး၍ လက်ခုပ် လက်ဝါး တီးကြသည်။ ကိုဘိုကေသည် ရှက်ရှက်ဖြင့် တဟီးဟီး ရယ်သော် ပုခက်ထဲမှ နို့စို့ ကလေးငယ် လန့်ငိုသည်။ မယ်ဖော့သည် ကလေးကို ကောက်ချီ၍ နို့လှန် တိုက်သည်။
“မျက်နှာပြောင် ကြီးနဲ့ မကောင်းသေး ပါဘူး၊ ပေါင်ဒါရှိရင် ပေးစမ်း” ဟု ဒေါ်လှကြည်က တောင်းသည်။ နွဲ့နွဲ့ကြည်သည် သူ့အိမ်သို့ ခြေမြန်လက်မြန် ပြေး၍ ဘူးတစ်ဘူး ယူလာသည်။ ကြည်ကြည်မြင့်က စွပ်ကျယ် အင်္ကျီစုတ်ဖြင့် တို့ကာ ကိုဘိုကေ၏ မျက်နှာပေါ် တဖုန်းဖုန်း ရိုက်သည်။
ဒေါ်လှကြည်က နှာခေါင်းကို ရှုံ့ပွ ရှုံ့ပွ လုပ်ပြီး ဟန့်တားသည်။
“ဟဲ့ ... ဟဲ့၊ ဒါက ဝိုင်အိုလက် ပေါင်ဒါနံ့ပဲ၊ ကလေးငယ်တွေ သုံးတာဟဲ့၊ လူကြီး မသုံးဘူး”
“အိမ်မှာလည်း ဒါပဲ ရှိတယ်”
“အေးလေ၊ တို့ ငယ်ငယ်က ဆန်မှုန့်တောင် သုံးရသေးတယ်၊ ဖြူရင် ပြီးရောပေါ့”
မည်းပြောင်သော အသားပေါ်တွင် ပေါင်ဒါ ဖွေးနေသော ကိုဘိုကေကို ကြည့်၍ သူ့သား အငယ်ကောင် တာတေက “အမတ်က အခြောက်ကြီး” ဟု အော်သဖြင့် ဝါးခနဲ ရယ်ကြသေးသည်။ မယ်ဖော့က တာတေ၏ ပေါင်တွင်းကြောကို ဆွဲလိမ်ရင်း “ကိုယ့်အဖေကို မပြောရဘူး၊ ငရဲကြီး တတ်တယ်” ဟု ဟန့်လိုက်သည်။
ဘကြီး ဦးစောက မတ်တတ် ထ၍ -
“ကဲ…ကဲ ပြီးပြီ မဟုတ်လား၊ သွားကြရအောင်၊ ဝင်းခင်းဖို့ အချိန်နီးပြီ။ ဘိုကေကို ငါ ခေါ်သွားမယ်။ နင်တို့ မိန်းမတွေ ပြင်ဆင်ပြီး နောက်က လိုက်ခဲ့ကြ”
ဘကြီး ဦးစောနှင့် ကိုဘိုကေ နောက်သို့ ကလေးများ ခုန်ပေါက် ပြေးဆင်း လိုက်သွားကြသည်။ မယ်ဖော့ ကြောင်ချေးရုပ်မှာ ရေမချိုး၊ သနပ်ခါး မလိမ်းရသေး။ ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာ ထွက်ခွါ သွားတော်မူသော လင်တော်မောင်ကို ကလေး နို့တိုက်ရင်း မျက်စိတစ်ဆုံး လှမ်းကြည့် နေရှာသည်။
---⚠️
ရွာသား စိန်ဒုံးပျံ အဖွဲ့မှ စည်တော်ကြီး တီးသော် မင်းခမ်း မင်းနားဟန် ပြိုးပြိုးပြက်ပြက် ဝတ်ဆင်ထား သူများသည် ဘုရားဝိုင်းထဲမှ စတင် ထွက်သည်။ လမ်းဘေး ဝဲယာတွင် စုပြုံ ကြည့်နေသူ များဖြင့် ကျပ်ခဲလျက် ရှိသည်။ ရှေ့ဆုံးမှ မင်းနှင့် မိဖုရားသည် လည်းကောင်း၊ နောက်မှ အိမ်ရှေ့ မင်းသားနှင့် ကြင်ယာတော်သည် လည်းကောင်း ပျိုမျစ်သော ကျောင်းသူလေးများ ဖြစ်၍ လှပချောမော ကြသည်။
“ဘုရင်က ခင်ဝင်းစိန် မဟုတ်လား၊ မိဖုရားက စုစုခင်တဲ့”
“နောက် နှစ်ယောက်က ခင်နှင်းစိန်နဲ့ အေးမြင့်စိန် တော့”
“အပြောင်စ အဝါလေးနဲ့ သိပ်လိုက်တာပဲနော်၊ ငါလည်း အပြောင်စ ဝယ်ဦးမယ်”
“ဗန္ဓုလ လုပ်တဲ့ အစ်ကိုစန်းက နှုတ်ခမ်းမွေး အတုကြီးနဲ့ ဟော ဟော ညည်းကို ရယ်ပြ နေတယ်”
“ညည်းလင်၊ ညည်းကို ကြည့်တာပါ။ ငါ့အဆက်က မောင်ဌေးဟဲ့။ နောက်မှာ ကြည့်စမ်း၊ ပုဏ္ဏားတော် အဝတ်နဲ့ ဘယ်လောက် လှလဲ”
“အေးဟယ်၊ မောင်မျိုးနဲ့ မောင်ဌေး ညီအစ်ကိုက ပုဏ္ဏားနဲ့ သိပ်တူတာပဲနော်”
ပရိသတ်သည် တစ်ယောက် တစ်ပေါက် ဆူညံစွာ ပြောဆိုကြသည်။ အမတ်ကြီး လေးပါးတွင် အရပ် ထောင်ထောင် မောင်းမောင်းနှင့် အတောက်ပြောင်ဆုံး အကောင်းဆုံး ဝတ်ဆင်ထားသူကို စိုက်ကြည့်ပြီး နှုတ်ခမ်းများစွာမှ အံ့ဩသံများ တစ်ညီတစ်ညွှတ်တည်း ထွက်လာသည်။
“ကိုဘိုကေကြီး ဟ၊ ကိုဘိုကေကြီး”
“အေးဟေ့ ရေထမ်းတဲ့ ကိုဘိုကေကြီးက အမတ်ဖြစ်တော့ မှတ်တောင် မမှတ်မိဘူး”
“ဗျို့ ...သက်တော်ရှည် အမတ်ကြီး ဦးဘိုကေ၊ ဒီဘက် လှည့်ပါဦး”
ကလေးများ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ရဲတင်းသော ကလေး တစ်ဦးက ရှေ့တိုး၍ ကိုဘိုကေ၏ ခါးကို တို့သည်။
“ဟဲ့ ... သောက်ခွေး၊ နင့်အမေ ...”
အဆဲမျိုးစုံဖြင့် ယောင်နေသော အမတ်ကြီးကြောင့် ဝါးခနဲ ပွဲကျကြသည်။ ရှေ့မှ ဟန်ပါပါ လျှောက်နေသော ဘုရင်နှင့် မိဖုရားသည်ပင် နောက်လှည့်ကြည့်၍ ပြုံးသည်။
ပျော်ရွှင်တတ်သော ကာလသား တစ်ဦးက “ကိုဘိုကေ ထိုင်ထ၊ ထိုင်ထ” ဟု အော်၍ ထိုင်ထ လုပ်ပြသည်။ ထိုလူ လုပ်သလိုပင် ကိုဘိုကေလည်း ထိုင်ထ လိုက်လုပ်သည်။ အတန်းကြီး တန့်ရပ်နေသည်။ ကြည့်နေသူများမှာ ပတ်တုတ် မရလောက်အောင် တဝါးဝါး တဟားဟား ရယ်ကြသည်။ ဘုရင်၊ မိဖုရားနှင့် အိမ်ရှေ့ မင်းသားသည်ပင် ရာဇဣန္ဒြေအပွန်းခံ၍ လိုက်ရယ်ကြသည်။
“ဟေ့ ရှေ့က သွားကြလေ သွားကြ၊ ဘာလို့ ရယ်နေတာလဲ”
ဟု မျက်စိမှုန်သော ဘုရားလူကြီး ဦးအောင်ကျော်သည် အလံ ဝှေ့ယမ်းရင်း ရှေ့သို့ ပြေးလာမှ ထိုကာလသားသည် ထိုင်ထ အလုပ်ရပ်၏။ ထိုအခါမှ ကိုဘိုကေလည်း ရပ်လို့ ရသည်။ ကိုဘိုကေ၏ နားထင်နှင့် နဖူးမှ ချွေးစီးကြောင်း များသည် မျက်နှာပေါ်မှ ပေါင်ဒါများကို တိုက်စား စီးဆင်း နေသည်။
ဆက်လက် လျှောက်လှမ်း လာသော်လည်း ကလေး တစ်သိုက်သည် အလွန် ရယ်ရသော ကိုဘိုကေ၏ နံဘေးမှ မခွါတော့ပေ။ ဘုရားလူကြီးများ အလစ်ကို စောင့်နေသော ကလေး တစ်ဦးသည် လစ်သည်နှင့် ရှေ့ကို တိုးလာကာ “ကိုဘိုကေ က- က” ဟု ပြော၍ ခုန်ပေါက်ကရင်း လျှောက်သည်။
ထိုင်ထ လုပ်ပြီးလို့ အမောမှ မပြေသေးမီ ကိုဘိုကေသည် လမ်းလျှောက်ရင်း ယောင်ယမ်း ကပြရ ပြန်သည်။
လူတွေ တဝါးဝါး တဟားဟား ဖြစ်နေရာသို့ မယ်ဖော့သည် ကလေးချီလျက် အပြေးရောက် လာသည်။ အမီ လိုက်ရသဖြင့် အပေါ်အင်္ကျီ ကြယ်သီးတွယ်လို့ မပြီးသေး၊ မျက်နှာက သနပ်ခါး မခြောက်သေး။ လူအုပ်ထဲ တိုးဝင်ကြည့်သော် အမတ်ဝတ်ဖြင့် ကနေသော ကိုဘိုကေကို မြင်ပြီး သူလည်း မရယ်ဘဲ မနေနိုင်။ အင်္ကျီမနိုင်၊ ပုဆိုးမနိုင် ဗရချာ ရမ်းနေသော ကိုဘိုကေ အနားသို့ တိုးဝင်သည်။
“တော်ပါတော့ဟဲ့၊ ငါ့လင် မောနေပြီ” ဟု ပြောကာ ခုန်ပေါက် ကနေသော ကလေးကို အရပ်ခိုင်းမှ ကိုဘိုကေလည်း အကရပ်သည်။ ဘယ်သူမှ မနောက် မပြောင်ရအောင် မယ်ဖော့သည် ကိုဘိုကေ နံဘေးမှ ကပ်လိုက်သည်။ ချွေးသံ ရွှဲနစ်နေသော လင်တော်မောင် အမတ်မင်းကို ယပ်ခတ်ပေးသည်။ ကလေးများ ကပ်လာလျှင် မောင်းထုတ်သည်။ ယခုမှ ကိုဘိုကေသည် အရွဲ့အစောင်းများ ပြန်တည့်မတ်ကာ အမတ်မင်း သိက္ခာအပြည့် သွင်း၍ စိတ်ချလက်ချ လျှောက်လှမ်း ရှာတော့သည်။
ကလေးများသည် မယ်ဖော့ကြောင့် ကိုဘိုကေကို မစရသော် ထိုအနားမှ ခွါ၍ နောက်ဆုံးရှိ အိုးစည် ဒိုးပတ်ဝိုင်းသို့ သွားကာ ဦးရွှေရိုး ကနေသူကို စကြ၏။
သူတို့ ရပ်ကွက်မှ လွန်၍ တခြား ရပ်ကွက်သို့ ရောက်သော ကိုဘိုကေကို ရေထမ်းသမား အဖြစ် သိသူ ရှားလေ၏။ ယောင်တတ်သော အကျင့်ကိုလည်း မသိကြပေ။ ထို့ကြောင့် မင်မောင်း ကောင်းသော၊ အသစ်လွင် အတောက်ပဆုံး ဝတ်ဆင်ထားသော ကိုဘိုကေကို အမတ်ကြီး အဖြစ် အာရုံစိုက် ကြည့်ကြသည်။ ခန့်ညား တည်တံ့မှုကိုလည်း နှုတ်မှ ထုတ်ဖော် ပြောကြသည်။ အဘွားအို တစ်ဦးမှာ လက်အုပ်ပင် ချီတော့ မယောင်ယောင်။
တခြားလူ မဆိုထားဘိ၊ မယ်ဖော့ သည်ပင် ကိုဘိုကေကို ကိုဘိုကေဟု မမြင်၊ အမတ်မင်း အဖြစ်သာ မြင်၏။ ထို့အတူ သူ့ကိုယ် သူလည်း မယ်ဖော့ဟု မထင်။
အမတ်ကတော် ဈာန်ဝင် နေသဖြင့် ခါးထစ်ခွင် ချီထားသော ကလေးငယ် ရှူရှူပန်း နေသည်ကိုပင် မယ်ဖော့ မသိရှာ။
---
ရပ်ကွက်ကြီး သုံးရပ်ကွက်ကို ပတ်ပြီး ဘုရားဝိုင်းထဲ ပြန်ရောက်မှ ညောင်းညာမှန်း၊ မောပန်းမှန်း သိကြသည်။ ဓမ္မာရုံထဲတွင် အချိုရည်၊ အအေးရည်များ တိုက်သည်။ ဝင်းခင်းသဘင် အောင်မြင်စွာ ပြီးဆုံးပြီမို့ ကိုဘိုကေနှင့် မယ်ဖော့သည် ဓမ္မာရုံထဲမှ ဆင်းလာ ကြသည်။
ကိုဘိုကေသည် အိမ်မြန်မြန် ပြန်၍ အဝတ်များ ချွတ်ချင်နေပြီ။ အပြင်ပန်းမှ ဟန်လုပ်နေရ သော်လည်း အတွင်း၌ ပူလောင်လျက် ရှိသည်။ အင်္ကျီဝတ်လေ့ မရှိသော ကိုဘိုကေ အတွက် ကတ္တီပါ အင်္ကျီရှည်က လေးလံလွန်းသည်။ အမတ်အင်္ကျီ ပွပွသည် သူ့ကို အနေရကျပ် စေသည်။
သို့သော် မယ်ဖော့က “မပြန်နဲ့ဦး၊ ကလေးတွေ လိုက်ရှာဦးမယ်၊ ဒီနားက စောင့်နေ၊ ဘယ်မှ မသွားနဲ့” ဟု အမိန့်တော် ထုတ်သဖြင့် ဓမ္မာရုံ အောက်တွင် ငုတ်တုတ်ကလေး ထိုင်နေရ ရှာသည်။
“မယ်ဖော့နှယ် ကြာလိုက်တာနော် ... လာခဲလိုက်တာ” ဟု ညည်းညူရင်း စိတ်အိုက်၊ လူအိုက်မို့ အင်္ကျီချွတ်ရန် ပြင်နေစဉ် မယ်ဖော့နှင့် ကလေး တစ်သိုက်သည် ဘုရားကျောင်း ဝိုင်းထဲ ဝင်လာသည်။ မယ်ဖော့ နောက်မှ သား နှစ်ယောက်သည် ဗန္ဓုလ ဦးထုပ် ကိုယ်စီနှင့် ဝါးဓားရှည် တယမ်းယမ်းနှင့် ဆော့ရင်း လိုက်ပါလာသည်။ သမီးလေးက ခေါင်းပေါ်မှ စည်းပုံကို ထိန်းရင်း နောက်ဆုံးမှ အမီ လိုက်သည်။
“ကြာလိုက်တာကွာ၊ ကဲ ... အိမ်ပြန်ကြစို့၊ အဝတ်လဲ စားသောက်ပြီးမှ တစ်ခေါက် ပြန်လာ ရအောင်”
“တော့် သားသမီးတွေ ရှာဖွေပြီး ဝယ်ခြမ်း နေရတာ ကြာမှာပေါ့”
“ဦးထုပ်တွေ၊ ဓားတွေ ဘာလုပ်ဖို့ လဲကွာ။ ငွေ ကုန်အောင်လို့”
“ဓာတ်ပုံ ရိုက်မလို့ တော့၊ ဓာတ်ပုံဆရာ ခေါ်လာခဲ့ပြီ၊ အေးအေးခိုင်နဲ့ အေးအေးသန့်ကို ရိုက်ပြီးရင် လာခဲ့မယ်တဲ့”
“အပိုတွေ ကုန်အောင်လို့ မယ်ဖော့ရယ်”
“ကုန်ကုန် ဘာဖြစ်လဲ၊ တစ်ပုံမှ ဆယ့်သုံးကျပ်၊ ဆေးရောင်စုံနဲ့တဲ့၊ ဘောင်သွင်းပြီး အိမ်မှာ ချိတ်ထား လိုက်မယ်”
မယ်ဖော့သည် သူ့လက်ထဲမှ ကလေးကို သမီး အငယ်မထံ ကမ်းပေး လိုက်သည်။ အငယ်မက ကလေးကို ချီပြီး ပူဖောင်းသည် အနီးသို့ သွားသည်။ သား နှစ်ယောက်က “အီး၊ အား” အော်၍ ဓားခုတ်တမ်း ကစား နေသည်။
မယ်ဖော့သည် ကိုဘိုကေ ရှေ့မှာ ဆောင့်ကြောင့် ထိုင်၍ -
“ဘယ်လိုလဲ ကိုဘိုကေ- အမတ် လုပ်ရတဲ့ အရသာလေး ပြောစမ်းပါဦး၊ ပျော်ရဲ့လားဟင်”
“ပျော်တော့ ပျော်ပါတယ်ဟာ၊ ဒါပေမဲ့ ပူစပ် ပူလောင်ကြီး”
“အိုတော် - ပျော်တယ်ဆို ပြီးတာပဲပေါ့၊ အမြဲ မဖြစ်ချင် ဘူးလားဟင်”
သမီးရည်းစား ဘဝကနှယ် သူတို့ နှစ်ယောက်တည်း ခေါင်းချင်းဆိုင်၍ တွတ်ထိုးသည်။
“မယ်ဖော့ရယ် ငါရူးသလို နင်လည်း ရူးပြီ”
“ကျုပ် မရူးပါဘူး၊ ကျုပ် ပြောချင်တဲ့ အမတ်က ထောင်မတ်နေတဲ့ အမတ်၊ ကျုပ်တို့က လဲနေတဲ့ လူ၊ လဲလို့ နိမ့်တယ်၊ နိမ့်လို့ ငတ်တယ်၊ မတ်ရင် ထောင်မယ်၊ ထောင်မှ မြင့်မယ်၊ မြင့်မှ မငတ်မှာပေါ့၊ ကျုပ်ပြောတာ ရှင်းရှင်းလေးပဲ ရှင် နားလည်တယ် မဟုတ်လား”
ကိုဘိုကေက မယ်ဖော့ကို တအံ့တဩ ကြည့်သည်။ စကား အထူးအဆန်းများ အပေါ် မှင်တက်မိ နေသည်။
“ကျုပ်ဟာ ဂုဏ် ပကာသန မက်မောလို့၊ ရွှေ ဝတ်ချင်လို့၊ စိန် ဆွဲချင်လို့၊ ဒီစကားကို ပြောတာ မဟုတ်ပါဘူး၊ ထောင်မတ်တဲ့ ဘဝကို လူတိုင်း နှစ်သက်တယ်၊ အောက်ကျို့ နေရတာ အလွန် စိတ်ဆင်းရဲ ပါတယ် ကိုဘိုကေရယ်။ လဲနေတဲ့ လူကို ဖိထောင်းချင် ကြတယ်။ ဒါကြောင့် အမတ် အမြဲ မဖြစ်ချင် ဘူးလားလို့ မေးတာ။ ဒီလို အဝတ်အစားကြီးနဲ့ ပွဲထဲက အမတ် မဟုတ်ဘူးနော်။ ထောင်မတ်နေတဲ့ ဘဝကို ပြောတာ”
“အေးပါဟာ၊ ငါ နားလည်ပါတယ်၊ အမတ်ကြီး၊ အဲ ... အဲ ထောင်မတ်နေတဲ့ ဘဝကို ရောက်ချင် ပါတယ်ဟာ၊ ခဏလေး မတ်ရတာတောင် အတော် ကြည်နူးစရာ ကောင်းတယ်”
“အတုမှာ ဒီလောက် ကြည်နူးရရင် အစစ်ဆို ပိုပြီး ကြည်နူး ရမှာပေါ့၊
အခု ကျုပ်တို့မှာ ကလေး လေးယောက် ရနေပြီ။ ဒီလောက်ဆို တော်ပြီ။ ကျုပ်ဖြင့် ဗိုက်နဲ့ လူနဲ့ ပြတ်တယ် မရှိဘူး။ ကျုပ်လည်း အလုပ် လုပ်မယ်၊ တစ်ယောက်တည်း လုပ်လို့ မမတ်ရင် နှစ်ယောက် လုပ်ရမှာပေါ့၊ အလုပ် တစ်ခုတည်းနဲ့ မမတ်သေးရင် နှစ်ခု လုပ်မယ်”
ကိုဘိုကေ၏ ခပ်ယို့ယို့ ကိုယ်ခန္ဓာသည် ဆတ်ခနဲ မတ်လာသည်။ မျက်နှာထား တည်တံ့စွာဖြင့် ...
“ဟုတ်တယ်၊ ငါက အငတ်၊ မင်းက အငတ်ကတော်၊ အဲ ... ဒီဘဝကနေ ငါက အမတ်၊ မင်းက အမတ်ကတော် ဖြစ်ရမယ်။ ထောင်မတ်တဲ့ ဘဝ ရောက်အောင် ငါတို့ အလုပ်တွေ အများကြီး လုပ်ကြမယ်၊ ငါတို့ ကြိုးစား ကြမယ်”
“ဟော ဓာတ်ပုံဆရာ လာပြီ၊ သားတို့ သမီးတို့ လာကြဟေ့”
ကိုဘိုကေနှင့် မယ်ဖော့ ပြိုင်တူ ထရပ်ကြသည်။ ကလေးများ ခုန်ပေါက် ရောက်လာသည်။ ကိုဘိုကေက ကတ္တီပါအင်္ကျီ ဆွဲဆန့်၊ တောင်ရှည် ပုဆိုးကို လက်ဖြင့် သပ်နေစဉ် မယ်ဖော့က ကလေးများကို ပြင်ဆင်ပေး နေသည်။
ပြီးတော့ ဓာတ်ပုံရိုက်ရန် တန်းစီကြသည်။
အမတ်မင်း၏ ညာဘက်တွင် အမတ်ကတော်၊ အမတ်ကတော် လက်ထဲတွင် သမီးတော်ကလေး၊ ရှေ့မှာ ဗန္ဓုလ သေးသေးလေး နှစ်ယောက်၊ ဓားရှည် ကိုယ်စီ ကိုင်၍ ခြေကားထားသည်။ စည်းပုံ ဆောင်းထားသော သမီးတော်ကြီးက ရှေ့ဆုံးမှာ ပုဆစ်တုပ် ထိုင်လျက် -
ဓာတ်ပုံဆရာက “ရိုက်မယ်၊ အားလုံးပြုံးပါ” ဟု သတိပေး၍ ခလုတ်အနှိပ်
သူတို့က အပြုံး
အလင်းရောင်က အလက် ...။
---
#ကိုရိုးကွန့်
#ဘဝကူး
#shared_by_louis_augustine


Comments
Post a Comment