ကျွန်တော့် ဘဝဇာတ်ကြောင်း ( တင့်တယ်၏စိတ်ကူးယဉ် ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( တင့်တယ်၏စိတ်ကူးယဉ် ) // သော်တာဆွေ
---
တင့်တယ်၏စိတ်ကူးယဉ်
---
တင့်တယ်သည် အင်မတန် စိတ်ကူးယဉ်တတ်သူ ဖြစ်၏။ သူဘိလပ်က ပြန်လာခါစက ဗိလတ်သား စိတ်ကူးယဉ်တွေ ပါလာဟန်တူ၏။ ဖော်ပြပါ ပျက်စီးယိုယွင်းနေပြီဖြစ်သော မောင်းမကန်က ဗိုလ်တဲ နံပတ်တစ်ကြီးကို ကျွန်တော်တို့ ဤဗိုလ်တဲမှာ နေကြစဉ်ပင်၊ သူ၂၅ဝဝိ- နှင့် ဝယ်လိုက်၏။ ထားဝယ်မြို့ပေါ်သွား၍ စာချုပ်စာတမ်းတွေ လုပ်လိုက်၏။ ထိုစဉ်မှာ သူသည် ဝတ္ထုများသာမက “အကျော်အမော်” “ဖိုးပြုံးချို” စသော ရုပ်ရှင်ဇာတ်ညွှန်းတွေပါ အောင်မြင်နေ သဖြင့် ငွေတွေဖောခြင်းသောခြင်း ရနေ၏။
သူ၏ဇာတာ တက်နေဆုံးအချိန်ဖြစ်၏။
ဒီဗိုလ်တဲကြီး ဝယ်မယ်ဆိုတော့ ကျွန်တော်က...
“ခင်ဗျားဗျာ... ဒီပျက်စီးနေတဲ့ဟာကြီး ဘာလုပ်ဖို့လဲ၊ မသာကြီး ဝယ်ယူတာနဲ့ အတူတူပေါ့...”
“ဟ... ဒီမသာကြီးက အမွေရမှာမောင်ဆွေရ...”
“ဘယ်လို လုပ်ရမှာတုန်း၊ ဒီဗိုလ်တဲကြီးအောက် မြေကြီးထဲမှာရတနာသိုက်ရှိတယ်များ အိပ်မက်ရလို့လား...”
“မင်းဟာက ဗမာအတွေးဘဲ”
“ကဲဗျာ... ဘိလပ်က ပြန်လာခါစ ဘိလပ်သား အတွေးပါလာတဲ့လူကြီးက ပြောစမ်း ပါအုံး...”
“ဘိလပ်သား အတွေးလို့ မင်းပြောတာမမှားဘူး၊ ငါစိတ်ကူးရတာက ဒီလိုကွ”
“ဆိုစမ်း...”
သူ့မျက်လုံးပြူးကျယ်ကျယ်ကြီးကို ဖြဲတဲ့ကာ...
“ငါကပထမ ဒီဗိုလ်တဲဟောင်းကြီးကို ဖျက်ပစ်လိုက်မယ်...”
“ခင်ဗျား... မဖျက်လဲ သူ့ဟာသူ ပြိုကျနေပါပြီဗျာ...”
“နားထောင်အုံးလေ... နောက်ပြီးတော့မှ ဒီခြံထဲမှာ အဲဒီလိုအကြီးကြီးတလုံးထဲ မဟုတ်ဖဲ ငယ်ငယ်လှလှ ခေတ်ဆန်ဆန်လေးတွေ ငါးလုံး ခြောက်လုံးလောက် ဆောက်လိုက်မယ်”
“ဘုရား... ဘုရား... ဒီလောက် ဗိုလ်တဲတွေဆောက်ပြီး ခင်ဗျားက ဘာလုပ်မှာလဲ”
“ငှားစားမှာပေါ့ကွ...”
“အောင်မယ်လေး... ခင်ဗျား ... ဗိုလ်တဲဘယ်သူက လာပြီးငှားနေမှာတုန်း၊ ကျုပ်တော့အခု လာမိတာတောင် မှားလှပြီထင်နေတာ တကတဲ ဈေးနဲ့ဝေး၊ လူနဲ့သူနဲ့ဝေး၊ စားသောက်ကုန်ဈေးနှုန်းကလဲ ကြီးပေါ့ဗျာ၊ ငါးတခုဘဲ တံငါလှေနားသွားဝယ်လို့ ပေါတာရှိတယ်၊ ဒါပေမယ့် ပင်လယ် ငါးတွေ ကျွန်တော်တော့ စားလို့မကြိုက်ပေါင်ဗျာ၊ မောင်းမကန်ဈေး သွားဝယ်တော့ ကြက်ဈေး၊ ဝက်ဈေးကလဲ ကြီးပါဘိသနဲ့၊ ရန်ကုန်ထက်ပိုနေတာ ဘယ်နှိပ်မလဲဗျ သူသည် ကျွန်တော်ပြောတာတွေ ပေနားထောင်နေပြီးနောက်...”
“မင်းပြောတာက ဒီမှာ အခြေတကျနေဘို့အတွက်ပဲ”
“အေးလေး... ခင်ဗျား... ဗိုလ်တဲငှားရမယ်ဆိုတော့ အခြေတကျမနေလို့ ဘာလုပ်ဖို့တုန်း”
“မဟုတ်ဖူးကွ၊ ဥရောပတိုင်းပြည်တွေက ဒီလိုဆိပ်ကမ်းသာတွေမှာ ဒီလိုအိမ်ကလေးတွေ ဆောက်ပြီး ငှားစားကြတယ်။ လနဲ့မဟုတ်ဖူး၊ တရက်ဘယ်လောက်၊ တပတ်ဘယ်ဈေးနှုန်းဆိုပြီး သိပ်ဝင်ငွေကောင်းတာကွ”
“ဘယ်လိုလူတွေက လာငှားနေကြတာတုန်း”
“ရုံးပိတ်ရက် ဟောလီးဒေးရတဲ့ လူတွေ၊ ညားစလင်မယား ဟန်နီးမူးထွက်တဲ့အခါမျိုးတွေ ပေါ့ကွ”
“ဥရောပ တိုင်းပြည်တွေတော့ ဟုတ်မှာပေါ့လေ... ကျုပ်တို့ဗမာပြည်တော့ ခင်ဗျားဗိုလ်တဲမျိုး လာငှားနေမယ့် လူစားမျိုးမမြင်သေးဘူး”
“မထင်နဲ့ကွ ဒီလိုပင်လယ်ကမ်းခြေမှာ ကျကျနန အဆောက်အဦနဲ့ နေရာထိုင်ခင်း ကောင်းတယ်၊ အိုးခွက်ပန်းကန် အသင့်ရှိတယ်ဆိုရင် ခဏတဖြုတ် အပန်းဖြေလာနေချင်တဲ့ လူတွေပေါလာလိမ့်မယ်၊ အဲဒါကိုလဲ သတင်းစာတွေထဲ ကြော်ငြာတွေရုပ်ပုံတွေ ထည့်ရမယ်။ မင်းတို့ငါတို့ စာရေးဆရာတွေကလဲ ဝတ္ထုထဲ ထည့်ရေးပေးရမယ်”
တင့်တယ်ကား ထိုစိတ်ကူးဖြင့် မောင်းမကန်ဗိုလ်တဲ နံပတ်တစ်ကိုဝယ်ခဲ့၏။ သို့ရာတွင် သူ့စိတ်ကူး အကောင်အထည်မပေါ်ခဲ့ပေ။ ယင်းစိတ်ကူးမျိုးကို အောင်မြင်စွာ ရုပ်လုံးဖော်ခဲ့သူကား ဗမာ့ခေတ် ဦးအုန်းခင်-ဒေါ်ဒဂုန်ခင်ခင်လေးတို့ဖြစ်၍ ငပလီတွင်ဖြစ်သည်။
ငပလီသည် မောင်းမကန်ထက် သာယာ၏။ လှပ၏။ လူနေအိမ်ခြေလည်းရှိ၏။ ဈေးနှင့် လည်းနီး၏။ ယခုဆိုဟော်တယ်လဲရှိ၏။
သို့ရာတွင် တနှစ်တခါ နွေရာသီမှာသာ ဗိုလ်တဲတို့တွင် လူငှားလာသူတို့ရှိကြသည်။ အခြားရာသီမှာ လူစောင့်ပင်ထားရသဖြင့် တင့်တယ်စိတ်ကူးကဲသို့ စီးပွားဖြစ်ဖို့ကား မကိုက်ချေ။
မြန်မာပြည်ကား လင်မယားညားတိုင်း ဟန်းနီးမူးမထွက်ကြပါ။ မိမိအလုပ်ခွင်မှ ရက်အားရသူ တိုင်းလည်း ဥရောပမှာကဲ့သို့ ပင်လယ်ကမ်းခြေသို့ မသွားကြချေ။ မြန်မာပြည်မှာ လည်စရာဖူးစရာ၊ တန်ခိုးကြီးဘုရားတွေ ပေါများလှ၏။ နို့ပြီး ကျုပ်တို့မြန်မာပြည်မှာက တည်းခိုရန် ဟော်တယ်မလိုပေ။ မိတ်ဆွေညာတကာတို့ရှိနေ၏။ မရှိဘူးဘဲထားအုံး၊ ဘုန်းကြီး ကျောင်းတွေ၊ ဇရပ်တွေက အဆင်သင့်ပါဘဲ၊ ဥပမာ ကျိုက်ထီးရိုးဘုရား သွားကြည့်ပေါ့ဗျာ၊ တည်းစရာဇရပ်တွေနှင့် ထမင်းဆိုင်တွေကလည်း သူတို့ဆိုင်မှာ ထမင်းစားရင်ဘဲ အိပ်စရာနေရာ ပေးလိုက်သေးဗျာ။ ဒါမြန်မာပြည်၏ ဂုဏ်ပါတည်း။
ကျွန်တော်တို့ လင်မယားလဲ ဘိလပ်ပြန်ခါစ ကိုတင့်တယ်ကျေးဇူးနှင့် မောင်းမကန် ပင်လယ်ကမ်းခြေသို့ ဟန်းနီးမူး ထွက်ခဲ့ရ၊ အသွားရောအပြန်ရောတော့ မသက်သာဘူးဗျို့၊ အပြန်က ပိုဆိုးလှသည်။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment