ကျွန်တော့် ဘဝဇာတ်ကြောင်း (ကမ္ဗောဇခရီး) (အင်္ဂလိပ်ပြဒဿါး) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း (ကမ္ဗောဇခရီး) (အင်္ဂလိပ်ပြဒဿါး) // သော်တာဆွေ

---

ကမ္ဗောဇခရီး 

---

လွန်ခဲ့သော ၁၉၅၅-ခုနှစ် နွေရာသီတွင် ကျွန်တော်တို့သည် မောင်းမကန်သို့ သွားခဲ့ကြပြီ။ ယခု ၁၉၅၆-ခုနှစ် နွေရာသီမူ မေ၏ဇာတိကမ္ဗောဇဌာနီ တောင်ပိုင်းရှမ်းပြည် တောင်ကြီးမြို့ သို့ သွားရန် စီမံကြသည်။  

တောင်ကြီးတွင် မေ၏ဆွေမျိုးမိဘများ ရှိကြသော်လည်း၊ ထိုစဉ်က မေသည် ရန်ကုန်သို့ ကျောင်းသွားနေစဉ် ပညာမသင်မူ၍ ကြင်ယာတလင်ယူသူ ကျွန်တော့်အား သားမယား ရှိလျက်နှင့် ဖောက်ပြားကာ နောက်တမယားယူသူဟု လူဆိုးစာရင်းတွင် တင်သွင်းထားကြ၍ ကျွန်တော်တို့ကို လက်သင့်မခံကြသေးသဖြင့် ကျွန်တော်တို့သည် တောင်ကြီးမှာဟော်တယ်တွင် တည်းခိုရမည်။ သို့မဟုတ် အိမ်တလုံးငှားနေရမည်။ ထို့ကြောင့် ဤခရီးအတွက် ငွေတော်တော်များများ လိုပြန်လေသည်။

သို့သော် ထိုစဉ်က ငွေရေးကြေးရေးကို ကျွန်တော်မမှုပါ။ သော်တာဆွေ ဘုန်းမီးနေလ တောက်ပနေချိန်ဖြစ်၍ စာအုပ်တိုက်တခုခုတွင် ကျွန်တော်ဝတ္ထုရှည်လုံးချင်း ဘယ်လောက်တန် ရေးပေးမည်။ စရံငွေ အခုဘယ်လောက်ပေးပါဟူ၍ တောင်းယူနိုင်သည်။ 

ထို့အပြင် ထိုစဉ်မှာ မြဝတီမဂ္ဂဇင်းတိုက်က သော်တာဆွေလိုလျှင် ကြိုတင်ငွေ ၅ဝဝိ-တိတိ ငွေစာရင်းဌာနကထုတ် ပေးပါ။ သည်ထက်ပိုလျှင် အထက်သို့ အကြောင်းကြားပါဟူသော အမိန့်ရှိနေသည်။

သို့သော် ဤငွေပေးပြီး စာမူတငင်ငင် တောင်းခံနေမည့်ငွေမျိုးကို ကျွန်တော်မလိုချင်ပါ။ စရံယူသော အကျင့်လည်း ကျွန်တော့်တွင်မရှိပါ။

ထို့ကြောင့် ဝတ္ထုတပုဒ်ထဲနှင့် ငွေနင့်ကနဲနေအောင်ရသော ရုပ်ရှင်ဘက်ကို ကျွန်တော် လှည့်သည်။

ယင်းကာလဝယ် ကျွန်တော့်အိမ်ကလေးသို့ လာရောက်သောက်စားပျော်ပါးနေကြသူများ ထဲတွင် ထိုခေတ်ကအောင်ဇေယျရုပ်ရှင် ကုမ္ပဏီပိုင်ရှင် ဦးသောင်းစိန်လည်း ပါဝင်လေရာ တညနေခင်း၌ သောက်ကြစားကြရင်း...

“ကိုသောင်းစိန် ခင်ဗျား ကျွန်တော့်ဆီက ရုပ်ရှင်ရိုက်ဖို့ ဝတ္ထုဇာတ်လမ်းတပုဒ် မလိုချင် ဘူးလား”

ကိုသောင်းစိန်က လှိုက်လှိုက်လှဲလှဲဖြင့်...

“ဟာ... တပုဒ်မက လိုချင်တာပေါ့ဗျာ၊ ခင်ဗျားက စာရေးဆရာ၊ ကျွန်တော်က ရုပ်ရုပ်ထုတ် လုပ်သူ၊ ကိုဆွေကို ကျွန်တော်ပေါင်းတော့ အဲဒီ ရည်ရွယ်ချက်လဲ ပါတာပေါ့ဗျ”

“ဒါဖြင့် ကျွန်တော်အခု ဇာတ်လမ်းတပုဒ် ပြောပြမယ်လေ၊ ကြိုက်ရင်စရံငွေတထောင်ပေးပါ။ မကြိုက်သေးရင် နောက်တပုဒ်ပြောပြအုံးမယ်”

ကိုသောင်းစိန်က “အိုကေ” ဟုဆိုလိုက်၍ ကျန်လူများကလည်း 

“ဟာ... ဟန်ကျတာဘဲ၊ ကျုပ်တို့လဲ အရက်သောက်ရင်း ဝတ္ထုဇာတ်လမ်း နားထောင်ရတော့ ဇိမ်ပေါ့”

ဤပွဲတွင် ဖဆပလ အမတ်လုပ်ခဲ့ဘူးသူ ဦးဌေးကြွယ်နှင့် ပမညတအမတ် ဖြစ်ခဲ့ဘူးသူ ဦးကံညွန့် (ဆိတ်ဖြူ)လဲပါပေသည်။

ယင်းသို့ဖြင့် ကျွန်တော်ရုပ်ရှင် ရိုက်နိုင်အောင် တမင်ရည်ရွယ်၍ စိတ်ကူးထားသော ဇာတ်လမ်းတပုဒ်ကို ပြောပြရာ နားထောင်သူအားလုံးလည်း ကြိုက်၍ ကိုသောင်းစိန်လည်း အလွန်သဘောကျကာ...

“ကြိုက်ပြီ ... ကြိုက်ပြီ ... ကိုဆွေ နက်ဖန် ကျွန်တော်ငွေတထောင်ယူခဲ့တော့မယ်”

ဟောဒီ ကိုသောင်းစိန်ကို ငွေအရေးတကြီးတောင်းရတာ ကျွန်တော်အားနာပါတယ်ဗျာ မအဝှာက တောင်ကြီးပြန်ပြီး နွေရာသီတလလောက် နေချင်တယ် ပြောနေလို့ဗျ

“ဟာ... နွေရာသီတောင်ကြီး ကောင်းတာပေါ့ဗျာ။ ခင်ဗျားတို့ သွားနှင့်၊ ကျွန်တော်တောင် လာနိုင်ရင်လာခဲ့အုံးမယ်၊ ငွေအတွက်တော့ စိတ်ချ၊ နက်ဖန် ကျွန်တော်ယူခဲ့မယ်၊ ကဲ... ခင်ဗျားတို့ သွားဘို့သာ စီစဉ်ကြပေရော့”

ထိုစဉ်က ရုပ်ရှင်ထုတ်လုပ်သူနှင့် ဝတ္ထုဇာတ်လမ်းတွင် ဘာပြဿနာမျှ မရှိချေ။ ကိုယ်ကြိုက်ရာ ဇာတ်လမ်း ကိုယ့်သဘောအတိုင်း ရိုက်ပေရော။

ထို့ကြောင့် စာရေးဆရာ တယောက်အဖို့လည်း ကိုယ့်ဇာတ်လမ်းအတွက် ဘာအခက်အခဲမျှမရှိပေ။ လိုချင်သူကြိုက်လျှင် ကိစ္စပြီးနေ၏။

---

အင်္ဂလိပ်ပြဒဿါး 

---

ကျွန်တော်တို့ ခရီးထွက်ရန် ပြင်ဆင်ပြီးကြသည်မှာ ဧပြီလဆန်း ထိုစဉ်က ဖဆပလ အစိုးရနှင့် သောင်းကျန်းသူရောင်စုံတို့ခေတ်ဖြစ်၍ မီးရထားလမ်းတို့သည် နေ့သာမောင်းကြလျက် ညမှာ စိတ်မချရ။ ထို့ကြောင့် ကျွန်တော်တို့သည် လေယာဉ်ပျံနှင့်သွားကြရန် စိတ်ကူးသည်။ သို့သော် ထိုသက္ကရာဇ် ၁၉၅၆-ခုနှစ်သည် ပါလီမန်အစိုးရ၏ တတိယမြောက် ရွေးကောက်ပွဲကြီး လုပ်ခါနီးနေ၍ သူတို့ပါတီဝင်တွေသာ ဥဒဟိုသွားလာနေကြခြင်းဖြင့် ကျွန်တော်တို့အနေနှင့် လေယာဉ်ပျံနားမကပ်နိုင်။ ထို့ကြောင့် မီးရထားနှင့်ဘဲ သွားပါတော့မည်ဟု ဧပြီလ ၉-ရက်နေ့မှာ အထက်တန်း လက်မှတ် သွားယူကာ ၁၃-ရက်နေ့ထွက်မယ့် ရထားမှဘဲ ရခဲ့တော့သည်။

“ဟယ်... ဒီရက်သွားရလဲ မနည်းဘူးဟဲ့” ဆိုပြီး ဝမ်းသာအားရနဲ့ ပြန်အလာ၊ အိမ်လဲရောက်ရော မရွှေမေကဆူပါလေရောဗျာ။

သင်္ကြန်အကျနေ့ကြီး ဖြစ်နေလို့ အောက်မေ့ပါသလား။ မဟုတ်ပါ ကျုပ်ဇနီးက ကမ္ဗောဇရှမ်းစပ်ပေမယ့် အင်္ဂလိပ်စာတတ်ခရစ်ယန်မ ဖြစ်လေတော့ အင်္ဂလိပ်ပြဿဒါး ၁၃-ရက်ဖြစ်နေ လို့တဲ့ဗျာ။

ကျွန်တော်ကတော့ မြန်မာပြဿဒါးနေ့တောင် အမှုမထားတဲ့အကောင် ဖြစ်လေတော့ ဒါတွေသတိမမူခဲ့ဘူး။

“မောင်ဟာ အားကြီးညံ့တာဘဲ၊ ဒီရက်မှာ ဒိပြင်လူတွေမသွားကြလို့ ဒီနေ့ကို မောင်ရလာ တာဖြစ်မှာဘဲ”

“ငါ... ဒါမသိဘူးကွာ၊ နက်ဖန်ထွက်မယ့် ရထားက စမေးတာဘဲ၊ အဲဒီနေ့မှ ရတယ်ဆိုလို့ ယူခဲ့ရတာဘဲ”

“တကယ်ဆိုမောင်က ဆယ့်နှစ်ရက်နေ့မရရင် ဆယ့်သုံးရက်နေ့ကြီးတော့ မသွားချင်ဘူး။ ဆယ့်လေးရက်နေ့မှဆိုပြီး တရက်ကျော်ယူလာဘို့ ကောင်းတာ”

“ဟာ... ဒီဆယ့်သုံးဂဏန်း မကောင်းဘူးဆိုတာက အင်္ဂလိပ်လူမျိုးအယူပါကွ၊ အမေကျော် ဒွေးတော်လွမ်းမနေစမ်းပါနဲ့၊ ဒို့မြန်မာမှာ ရက်ရာဇာ ပြဿဒါးတွေရှိပါတယ်၊ မှန်းတွက်ကြည့်ရ အောင်”

ဆိုပြီး ပက္ခဒိန်ကိုကြည့်၍... 

“အင်း ဧပြီလ ဆယ့်သုံးရက်မှာ မြန်မာလို တန်ခူးလဆန်း လေးရက်၊ သောကြာနေ့၊ (တန်ခူးသာလှ၊ ထွန်းပကဆုန်) ဆိုတော့ ဒီဧပြီလ ဆယ့်သုံးရက် သောကြာနေ့ဟာ ရက်ရာဇာဗျ။ ကဲ...”

“အို... ဒီမြန်မာအတွက်တွေ မေမသိဘူးလေ၊ မေတို့အင်္ဂလိပ်စာသင်ခဲ့ရတော့ ဒီဆယ့်သုံး ဂဏန်းမကောင်းဘူး ဆိုတာသာနားလည်ခဲ့တာဘဲ”

“အလကားပါကွာ.... စိတ်ထဲစွဲမထားပါနဲ့၊ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ်”  

ဤစကားသည် မှန်တတ်လေသည်။ အကြောင်းမှာ ဤ၁၃ရက် ရထားထွက်မည့်နေ့မနက် ကျွန်တော်တို့အား ဘူတာသို့ပို့ရန် ကိုသောင်းစိန်၏ကားသည် သူ့ဒရိုင်ဘာနှင့် ညဦးကပင် ကျွန်တော်တို့အိမ်မှာ လာအိပ်မည်ဆိုပြီး၊ ယခု နံနက် ၅ချက်တီးသည်တိုင်အောင် ရောက်မလာချေ။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments