ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဥပါဒါန်နှင့် ဥပါဒ် ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဥပါဒါန်နှင့် ဥပါဒ် ) // သော်တာဆွေ
---
ဥပါဒါန်နှင့် ဥပါဒ်
---
ကျွန်တော်တို့လင်မယားမှာ သူတို့ မော်တော်ကား၊ ညဦးက ကိစ္စကြီးငယ်ရှိ၍ မလာနိုင်သည်ဖြစ်ပြီး၊ ယခုနံနက်စောစောတော့ အချိန်မီလာလိမ့်မည်ဟု တွက်ဆကာ နံနက် ၄-နာရီထိုး ကတည်းက အိပ်ရာမှထ၍ ပြင်ဆင်ထားကြ၏။
မီးရထားကား ရန်ကုန်ဘူတာကြီးမှ ၆-နာရီတိတိတွင် ထွက်မည်ဖြစ်၏။ ကျွန်တော်တို့ အိမ် ၇မိုင်မှ ဘူတာကြီးသို့ မိနစ် ၂၀နှင့် ရောက်အောင် အမြန်မောင်းယူရမည်။
ကျွန်တော်သည် နာရီတကြည့်ကြည့် အိမ်ရှေ့တမျှော်မျှော်နှင့် ၅နာရီခွဲလေတော့ ... ရင်ထဲ ထိတ်စပြုလေပြီ။
မိရွှေမေကား အင်္ဂလိပ် ၁၃ရက်ကို ရိုးမယ်ဖွဲ့ကာ ကျွန်တော့်အားဆူလေပြီ။
“ကဲ... ပြောတယ်မှုတ်လား၊ ဒီ ၁၃ ရက်မကောင်းပါဘူးဆိုတာ၊ အခုဘယ့်နှယ်လုပ်မလဲ”
“စောင့်ပါအုံးလေ... အချိန်ရှိပါသေးတယ်၊ ဘူတာကို ဒီကနေ ၁၅မိနစ်လောက်တင် ရောက်တာဘဲ”
“အခုနှယ် သူတို့ကားရောက်လာတောင် ဘယ်လောက် ကသီလင်တနိုင်မလဲ၊ ဘူတာ ရောက် လက်မှတ်လဲအုံးမှာနဲ့၊ တွဲရှာပြီးပစ္စည်းတွေ တင်ရအုံးမှာနဲ့”
“ဒီအခြေကျမှတော့ ဖြစ်သလိုလုပ်ရတော့ မှာပေါ့ကွာ...၊ ခေါင်းအေးအေးထားစမ်းပါ”
သို့နှင့် ၅နာရီ ၃၅မိနစ်က လက်တံစွန်းလေသော် မိရွှေမေသည် ဆောင့်ဆောင့်အောင့် အောင့်နှင့် ထိုင်ရာမှ ထသွားပြီး...
“လာတော့မှာမှုတ်ပါဘူး၊ ခုနှယ်မှသွားလဲ မီတော့မှာ မှုတ်ဖူး”
ဆိုလျက် အိမ်ရှေ့အသင့် ထုတ်ထားသော ပစ္စည်းများကို အိမ်ထဲတဒုံးဒုံး ပြန်သွင်းနေပါတော့သည်။ ကျွန်တော်လည်း စိတ်လျော့၍ ပက်လက်ကုလားထိုင်ပေါ် ခွေပျော့ပျော့ထိုင်နေရာမှ ...
“ဟေ့... ခုတော့ ဖြေးဖြေးပေါ့ကွာ၊ ထားပါအုံး၊ ငါသွင်းပါမယ်”
“ဖြေးဖြေးလုပ်မနေနဲ့၊ မိုးလင်းလာပြီ ပစ္စည်းတွေ ထုတ်ပြီးမှကားမလာလို့ မသွားရတာ သူများမြင်တော့ ရှက်စရာကြီး”
“မင်းနှယ်ကွာ... မဆိုင်တာ၊ ကိုယ့်ဟာကိုယ် ဒုက္ခရောက်ရတဲအထဲ သူများအတွက်ပါ ထည့်ပြီး အဆစ်ရှက်ရအုံးမယ်လို့ဘဲ... မိန်းမများ ကြံကြံဖန်ဖန်
”
“အို... (နက်ဖန်မနက်တော့ ကျမတို့ကို ရှင်တို့တွေ့ရတော့မှာ မဟုတ်ဖူး၊ အိမ်သော့ခတ် ထားတာဘဲ မြင်ရတော့မယ်) လို့ အိမ်နီးပါးနားတွေကို နှုတ်ဆက်ထားတာရှင့်”
“ဟဲ့... နှုတ်ဆက်ထားတာကော ကိုယ်အဆင်မပြေလို့ မသွားနိုင်တာ၊ ကိုယ်ကမျင်းကျော ထတာမှ မဟုတ်တာ၊ ရှက်စရာလားကွ...”
“ကဲ... ငွေပေးထားပြီးဖြစ်တဲ့ ဒီလက်မှတ်တွေ အတွက်ကကော ဘယ့်နှယ်လုပ်မလဲ။ ရော့... အခုသွားပြီး ငွေပြန်တောင်းချေ”
“ဟ... ရမလားဟ... ဒါမျိုးက တံတားပျက်လို့ ရထားမထွက်ဖြစ်မှသာ ပြန်ရတာကို ငါ... ဒီက ဘတ်စ်ကားနဲ့ သွားလို့... ဘူတာကြီးရောက်မယ့် အချိန်မှာ ရထားက ထွက်သွားတာ ဒါးပိန်လောက် ရောက်နေရော့မယ်”
“ဒါဖြင့် ဒီငွေဆုံးရတော့မယ်ပေါ့။ အဲဒါ သူငယ်ချင်းကောင်းကျိုးဘဲ၊ တက္ကစီ အော်ဒါလုပ်ထားရင် ဒီလိုဖြစ်မှာ မဟုတ်ဖူး၊ မော်တော်ကားရှိတဲ့ မောင့်သူငယ်ချင်းတွေဟာ တယောက်မှ စကားမတည်ဘူး၊ အရင်နှစ်ယောက်တုန်းကလဲ ဒီလိုဘဲချောက်ချဘူးပြီ မဟုတ်လား”
( သူပြောတာဟုတ်၏။ တဦးကတင့်တယ်။ တဦးက အမတ်ကိုဌေးကြွယ်၊ တင့်တယ်က... (၁၉၅၆ခုနှစ်မှာ ရုပ်ရှင်ဒါရိုက်တာအဖြစ်နှင့် ကားရိုက်နေပြီဖြစ်၍) လွန်ခဲ့သော တပို့တွဲလဆန်း တရက်နေ့နံနက်က ရှုမ၀ဦးကျော်၏မွေးနေ့ ထမနဲပွဲသွားရန် ကားနှင့်လာခေါ်မည်ဆိုပြီး ပေါ်လာတော် မမူ။ ကိုဌေးကြွယ်ကလည်း တနေ့ရုပ်ရှင်ကြည့်ရန် လာခေါ်မည်ချိန်ထားပြီးအချိန် လွန်မှ သတိရသတဲ့။ ထို့ကြောင့် ကျွန်တော်က အသံခပ်ပျော့ပျော့နှင့်ဘဲ...
“ကွာ... ကိုယ့်ဆန္ဒမပြည့်တိုင်းလဲ တဖက်သားကို အပြစ်မတင်ပါနဲ့၊ အခု... မောင်စဉ်းစားတာက၊ ငွေပေးပြီးသားကိစ္စကို မသွားရင်မဖြစ်တာ ကိုသောင်းစိန်သိတယ်၊ ဒါနဲ့သူ့စကားအတိုင်း မလာနိုင်တာက၊ သူ့မှာ ဒို့ဟာထက် အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရှိနေ၍သော်လည်းကောင်း၊ သို့မဟုတ် သူညဦးကအရက်မူးပြီး ကားချင်းတိုက်မိလို့ ကားပျက်သွားသည် လည်းကောင်း၊ သူဆေးရုံရောက်နေသည်လည်းကောင်း၊ ဖြစ်နိုင်တယ်ကွ...”
“အရင်နှစ်ယောက်တုန်းကလဲ မောင်ဒီလိုပြောတာဘဲ”
“ဒါက ကိုယ်ချင့်တရား လူလူချင်း တန်ဘိုးထားပြီး ဖြစ်နိုင်သလောက် စဉ်းစားရတာပေါ့ကွ၊ ဟော... နော့ပြီး... ကျွန်တော်ရုတ်တရက် သတိရ၍ တခုဖြစ်နိုင်တာက ဒီနေ့ရထားမထွက်နိုင်တာ သူအသေအချာသိလို့မလာဘဲ နေတာလဲ ဖြစ်နိုင်တယ်ကွ”
ထိုစဉ်ကာလက သောင်းကျန်းသူတွေလက်ချက်နှင့် ဤသို့လဲဖြစ်တတ်သည်။
“ဒီလိုဆိုရင် မေတို့စိတ်အေးရအောင် သူ့ဒရိုင်ဘာဖြစ်ဖြစ် ညကတဲလာပြီး ပြောခိုင်းဘို့ ကောင်းတယ်”
“ဒါတော့ကွာ... ဒို့သိနေပလား အောက်မေ့လို့၊ ဒါမှမဟုတ် အခု မနက်စောစော ရောက်လာပြီး ဒို့အထုပ်အပိုးပြင်ထားတာ ကြည့်ပြီးကျီစယ်ချင်လို့လဲ ဖြစ်နိုင်တယ်ကွ၊ ကိုသောင်း စိန်ပျော်တတ်တာလဲ မင်းသိသားနဲ့...”
ဤသို့ပြောနေစဉ် အိမ်ရှေ့မှာကားမီးရောင်ထိုးလာသဖြင့်...
“ဟော ပြောတုန်းဆိုတုန်း လာပဟေ့”
ကျွန်တော် လက်ကနာရီကို ကြည့်လိုက်သော် ၆-နာရီထိုးရန် မိနစ် ၂၀-လိုတော့သဖြင့် ကျွန်တော်တွေးတောချက်မှန်ပြီဟု တွက်ဆကာ ပြုံးပြီးပြီးကြီး ကားပေါ်မှ ဆင်းလာသော ကိုသောင်းစိန်မျက်နှာကို ကြည့်၍...
“ဘယ့်နှယ်လဲဆရာကြီး၊ ဒီကနေ့ ရထားမထွက်ဖြစ်ဖူးမဟုတ်လား”
ဤတွင် ကိုသောင်းစိန်သည် နကိုကပြူးသောမျက်လုံးများကိုဖြဲ၍...
“ဟင်... ဟုတ်လား၊ ကျုပ်တို့ညက ကိုးယိုးကားယားဖြစ်လို့ အခုမနက်မှ ကြိုးစားပမ်းစား လာတာဗျာ”
ယင်း၌ ကျွန်တော့်ရင် တဒိတ်ဒိတ်ခုန်ကာ...
“အိုး... အိုး... ရထားမထွက်ဖြစ်တာ ကျွန်တော်သိလို့ မဟုတ်ပါဘူး၊ ခင်ဗျားတို့ ခုမှလာတာကို ကောက်ပြီး အထင်နဲ့ပြောတာ”
“ဟာ... ဒီလိုဆိုဘယ့်နှယ် မထွက်ဖြစ်ရမှာတုန်း လာတင်ကြ ယူစရာတွေ”
“ဟာ... ခုမှဆို ရထား မီပါအုံးမလားဗျ”
“ဘယ်နှစ်နာရီ ရှိပြီမို့လဲ”
ကိုသောင်းစိန်သည် နာရီမရှိတော့ချေ။ မနေ့က သူနှင့်ကျွန်တော် မြို့ထဲလျှောက် သောက်ကြရင်း အပြန်၌ (ကိုသောင်းစိန် နာရီဆိုင် တခုခုမောင်းစမ်းဗျာ၊ ကျွန်တော့်မှာ နာရီမရှိဘူး၊ လက်ပတ်နာရီတလုံးတော့ ဝယ်သွားအုံးမှဘဲ) ဆိုတော့ သူက (ဗမာပြည်က နာရီတွေ မကောင်းပါဘူးဗျာ၊ ဒီမှာ ကျွန်တော် စင်ကာပူက စိတ်ကြိုက်ဝယ်လာတဲ့နာရီ၊ ခင်ဗျားယူသွားဗျာ)
ဟု ဆို၍ ချွတ်ပေးလိုက်ခြင်းဖြင့် ယခုကျွန်တော့်လက်ရောက်နေ၏။
ကျွန်တော်က ယင်းနာရီကိုကြည့်၍...
“၆-နာရီ ထိုးဘို့ ၁၉မိနစ်ပဲ လိုတော့တယ်ဗျ။ ရထားက ၆-နာရီထွက်မှာ မမီနိုင်တော့ဘူး ထင်တယ်”
“ဟာ... မမီ မီအောင် ကျွန်တော်မောင်းပေးမယ်ဗျ။ လာ... ပစ္စည်းတွေ အမြန်တင်ကြ၊ ကျွန်တော်ညက ကားမလွတ်နိုင်တာ ခွင့်လွှတ်ကြဗျာ၊ ညက မိတ်ဆွေတယောက် မူးပြီး ကားမှောက်တဲ့ ကိစ္စကြောင့် နာရီပြန်တချက်မှ အိမ်ပြန်ရောက်လို့ဗျ...”
စိတ်ကတော့ မီမယ်တယ်ပြီး မထင်ချေ။ သို့သော် နောက်ဆုံးပြန်လာရုံဘဲပေါ့ဟု တတ်နိုင်သလောက် အမြန်ဆုံးတင်ကြလေသည်။
အားလုံးတင်ပြီး၍ ကားစက်နှိုးကာမှ ဒေါ်ရွှေမေလက်ပွေ့အိတ်ထဲတွင် မီးရထားငွေ ပေးထားသော ပြေစာဖြတ်ပိုင်းရှာမတွေ့၍ ကမူးရှူးထိုးဖြစ်ကြသေးသည်။
ဒီလောက် အချိန်လုနေရသည့်အထဲ အိမ်သော့ခလောက် ပြန်ဖွင့်တော့လည်း စိတ်ဇောက ကြီးနေ၍ လွယ်လွယ်နှင့် သော့ပေါက်ထဲသော့ထိုးမရ။
ပွင့်ပြီး အထဲရောက်ပြန်တော့ (ထိုအိမ်လေး မီးမသွယ်ရသေး၍) မီးချစ်က မီးခြစ်လို့ တော်တော်နှင့် မတောက်၊ နောက်ဆုံးမှ ဒေါ်ရွှေမေ ကျွန်တော့်အားစိတ်လုပ်ပြီး (ရော့ဒီလက်မှတ်တွေ ငွေပြန်တောင်းချေ) ဟုဆိုရင်း၊ သူ့လက်ပွေ အိတ်ထဲမှ သူထုတ်သောနေရာ၊ ကျွန်တော့်ပက်လက် ကုလားထိုင်ဘေးမှာ တွေ့ရသည်။
သူ့ ကျွန်တော်ဆွဲထုချင်စိတ် ပေါက်လာသည်။
ကားစထွက်သောအခါ၌ ကျွန်တော့်လက်ပတ်နာရီမှာ ၆နာရီထိုးရန် ၁၆မိနစ်သာလိုတော့ သည်။ ကိုသောင်းစိန် ကိုယ်တိုင်ကို အမြန်ဆုံးမောင်းလေသည်။
ကျွန်တော်က
“ဘယ့်နှယ်လဲ၊ မီမှလဲလုပ်နော်၊ သိပ်မောင်းနေလို့ ဘူတာမရောက်ခင် ကျုပ်တို့ကားမှောက်လို့ ဒုက္ခရောက်နေကြအုံးမယ်”
ကိုသောင်းစိန်ကတော့ ဘာမျှမပြော၊ သူ့ဒရိုင်ဘာ ကိုစိန်ဝင်းက အပြင်ဘက်အလင်း ရောင်ကို ကြည့်ပြီး...
“မီပါတယ်ဆရာ၊ အရင်မန္တလေး ဦးတင့်တို့ အပြန်ကျွန်တော်လိုက်ပို့တုန်းက ဒီအချိန်ပါဘဲ”
“အေး... မီတော့ မီပြီး ကျွန်တော်တို့ အရောက်နဲ့ ရထားအထွက်နဲ့...”
ကိုသောင်းစိန်က
“ဒီလိုဆို ကျွန်တော်ဂါတ်ဗိုလ်ဆီ ပြေးပြီး ရထားရပ်ခိုင်းပေးမယ်ဗျာ”
နောက်ထပ်ဘယ်သူမှ ဘာစကားမှမပြောတော့ချေ။ ဂျာမန်ဘောက်စ်ဝက်ဂွန်း ကားပုပြတ်ပြတ်ကလေးသည် ရန်ကုန်ပြည်လမ်းမကြီးမှာ အမြန်နိုင်ဆုံးပြေးနေပေသည်။ ကျွန်တော့်လက်က နာရီကိုကြည့်နေ၏။ ၆နာရီထိုးရန် ၁၀ မိနစ်အလိုမှ ၉မိနစ် ၈မိနစ် မိနစ် ၆မိနစ် ၅မိနစ် ၄မိနစ် ၃မိနစ် ၂မိနစ်။ ထိုအချိန်မှ ကျွန်တော်တို့ ကွမ်းခြံကုန်းဘူတာကြီးနား ချဉ်းကပ်မိ၍ နာရီစင်က နာရီကြီးကို ကျွန်တော်လှမ်းပြီး ကြည့်လိုက်မိတော့မှ ကျွန်တော့်ရင်ထဲက အလုံးကြီး ဝုန်းကနဲ ကျသွားပေတော့၏။
အကြောင်းမှာ မီးရထားနာရီကြီးသည် ၆နာရီထိုးရန် မိနစ်၂၀ လုံးလုံးကြီး လိုနေလေသေး သည်တကား။
ကျွန်တော့်မှာ အားရဝမ်းသာသော အသံကြီးနှင့်... ။
“အောင်မယ်လေး ကိုသောင်းစိန်၊ ဘူတာနာရီကြီးက အဝေးကြီးလိုသေးတာဗျ။ ဟောဒီ ခင်ဗျား ကျွန်တော့်ပေးတဲ့ နာရီကမြန်နေတာ”
ကားကို ဂိတ်ထိုးရပ်လိုက်ရင်း...
“ဟာ... ကျွန်တော့်နာရီ အချိန်အင်မတန် မှန်တာဗျ။ ဘယ့်နှယ်မြန်နေရမလဲ၊ ကျွန်တော် ဝယ်ခဲ့တာ ငါးနှစ်ရှိပြီ”
(ယခုတိုင် ဤနာရီကျွန်တော့်ဆီမှာရှိနေရာ ဤစာရေးချိန်ထိ ကျွန်တော့်လက်ထဲမှာ ၁၇နှစ်၊ ကိုသောင်းစိန် သုံးခဲ့တာ၅နှစ်နှင့် ၂၂ နှစ်ရှိပြီဖြစ်သော ဤရွှေရောင် နာရီလေးသည် လှတုန်း ကောင်းတုန်းပင်) ယင်းနာရီကို အပြစ်တင်မိပေရာ ကိုယ့်ဟာကိုယ်တွေးမိမှ ကျွန်တော်ခေါင်း ကျွန်တော်ဖနောင့်နှင့် ပေါက်ချင်တော့၏။
“ဟာ... ဒါကျွန်တော့်အပြစ်ပဲဗျ။ ခရီးသွားဘို့ စိတ်ကစောပြီးတော့ ညဦးတုန်းက ဘုန်းကြီး ကျောင်းက ကျောက်စည်နှက်တဲ့ နာရီသံနဲ့ သွားတိုက်ထားမိတာဗျ”
ဤမှ ကိုသောင်းစိန်လည်း စိတ်အေးသက်သာဖြစ်သွားကာ
“အောင်မယ်လေး ဖြစ်မှဖြစ်ရလေ ကိုဆွေရာ”
ဤတွင်ကျွန်တော့်ဇနီးမဘိုဆန်က...
“ဒါဘာမှမဟုတ်ဖူး၊ ဆယ့်သုံးရက်နေ့ ကောင်းကျိုးဘဲ”
“မေ့ဟာကလဲ မဆိုင်လိုက်တာကွာ၊ ကဲ... ငါက နာရီပြန်ထားလိုက်မိပြီထား၊ ကိုသောင်းစိန် ကား ညဦးကထဲက ရောက်နေရင် ဘာဒီလို ဖြစ်ဖို့ရှိသလဲ”
“ဒါက မရောက်နိုင်အောင် ဖန်တီးထားပြီကိုမောင်ရဲ့”
“ဘယ်သူက ဖန်တီးထားတာလဲ”
“အကြောင်းအကျိုးကပေါ့”
“ဒါဖြင့် ကိုသောင်းစိန် မိတ်ဆွေ ကားမှောက်ရတာလဲ ဒို့ဆယ့်သုံးရက်နေ့ ခရီးထွက်တဲ့ ကိစ္စကြောင့် ဖြစ်နေပါရောလား၊ အဲဒီလူများ သေရင် ဒို့တရားခံပေါ့”
ကျွန်တော်တို့သည် အေးအေးဆေးဆေးပင် ရထားတွဲတွင် ကိုယ့်အခန်းထဲကိုယ်ရောက်ကြ၍ အားလုံးပစ္စည်းတွေ နေထားတကျ လုပ်ကြပြီးသည်တိုင်၊ ရထားထွက်ရန် ၁၅ မိနစ်မျှ လိုသေးသဖြင့် ကိုသောင်းစိန်က...
“လာဗျာ... ကိုဆွေ၊ ခုန စိတ်မောရတာတွေ ပြေသွားအောင် ဝီစကီ ဝမ်းပတ်စီလောက် မော့ကြစို့”
ထိုစဉ်က ခမ်းနားသန့်ပြန့်လှသောမီးရထား ဟော်တယ်သည် ကျွန်တော်တို့ အသောက် သမားများအား အချိန်မရွေး ဆီးကြိုလျက်ပင်။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine


Comments
Post a Comment