သည်အပူ // ဂျာနယ်ကျော်မမလေး
သည်အပူ // ဂျာနယ်ကျော်မမလေး
---
( ၁ )
၇ - ရက်လည်၍ ၈ - ရက်မြောက်သောညတွင် မသာအိမ်၌ ခြောက်ကပ်နေလေသည်။ မနေ့ညက ဖဲဝိုင်းမှ ဆူကြပူကြသည့်အသံဗလံများသည် အာရုံပျက်ပြားလောက်အောင်၊ အိပ်မရအောင် အနှောက်အယှက်ဖြစ်သည်ဟု ထင်ခဲ့သည်။ ခြောက်ကပ်သွားသော ဤညကျမှ အဖော်ပြုစရာအသံများ မရှိတော့သဖြင့် ဦးသာဖူးသည် တကိုယ်တည်းဘဝကို ချောက်ချားလာလေသည်။ တကိုယ်တည်းပါကလားဟု တွေးနေကာ အားလျော့စိတ်များ ပိုများလာလေတော့သည်။
ကြာလေကြာလေ တိတ်ဆိတ်လွန်းလာသဖြင့် ဦးသာဖူးသည် ရင်ဖိုမိလေသည်။ နေမထိထိုင်မသာဖြစ်သလို အသက်ရှူရ ကျပ်လာချေ၏။ ဘယ်ကမျှ အသံမရှိ၍ ကိုယ့်အသံကိုယ် ပြန်၍ အဖော်လုပ်လိုက်ရလေသည်။ ဦးသာဖူး၏လည်ချောင်းထဲမှ ညှစ်ထွက်လာသောချောင်းဟန့်သံသည် တကြိမ်မက နှစ်ကြိမ် သုံးကြိမ် ဆင့်ထွက်လာသည်။ အသံပြုပြီး ဘယ်ဘက်မှ ညာဘက်သို့ စောင်းလိုက်လေ၏။
ခဏတဖြုတ် မျက်စိကိုဖွင့်လိုက်ပြီးလျှင် ပြန်၍မှိတ်လိုက်၏။ မျက်စိဖွင့်ကြည့်မိသဖြင့် စိတ်ကို ငြိမ်ငြိမ်ထား၍မရအောင် ဖြစ်နေလေသည်။ မငြိမ်ရာက နောက်လာ၏။ အခါတိုင်း ညဉ့်နက်သန်းခေါင်လောက်တွင် ချောင်းတချက်ဟန့်လျက် ဘယ်ပြန်ညာပြန်လူးလိုက်သည်နှင့် နံဘေး၌အိပ်နေသော ဒေါ်သီ ချက်ချင်းနိုးလေသည်။
“ ကိုသာဖူး ဘာဖြစ်သလဲ။ ရှင့်ခြေထောက် ကိုက်နေလို့လား ”
ဒေါ်သီသည် ငေါက်ကနဲ ထထိုင်လိုက်ကာ ခြေထောက်ကို ကိုင်စမ်းရင်း ထိတ်ထိတ်ပျာပျာမေးတတ်သည်။ စောင်ခြုံထဲမှ ခြေဖျားကို ကိုင်စမ်းကြည့်ကာ အေးသည်ထင်လျှင် စောင်တွေနှင့် ထပ်ထွေးပေးတတ်သည်။ ဒူးဆစ်ကိုက်ခဲလာ၍ မသက်မသာဖြစ်လာပါက အချိန်မတော် ရေနွေးထကျိုလေသည်။ သက်သာအောင် ရေနွေးအိတ်နှင့် ကပ်ပေးနေသည်မှာ မိုးစင်စင်လင်းသွားသည့်ညများပင် ရှိခဲ့သည်။
“ အင်မတန်မှ စိတ်ကောင်းရှိတဲ့မယား၊ အင်မတန်မှ ကြင်နာပြုစုတတ်တဲ့မယား၊ ဒီမယားမျိုး ရှားမှရှားပါတကား ”
မျက်စိမှိတ်လျက် ဒေါ်သီအကြောင်းကို ပြန်စဉ်းစားရင်း ရင်ထဲ၌ တလှပ်လှပ်ဖြစ်သွားလေသည်။ တလှပ်လှပ်ဖြစ်ဆဲမှာပင် အခုတော့ ဒေါ်သီ မရှိပြီ ဟူသော အသိသည် ချုပ်တည်းထိန်းသိမ်း၍ မရအောင် ရင်ဝ၌ တက်ဆို့သွားပြန်လေ၏။
( ၂ )
ဦးသာဖူးသည် သေခြင်းသေလျှင် သူသာ အရင်သေလိမ့်မည်ဟု ထင်နေသည်။ အသက်ငါးဆယ်ကျော်ခဲ့၍ ငါးဆယ့်ရှစ်နှစ်ထဲသို့ ရောက်လာကတည်းက တနေ့တခြား ချူချာလာတော့သည်။ ဒူလာရောဂါစွဲကပ်လျက် ခြေထောက်တခါနာလျှင် လေး ငါး ဆယ်ရက် မထနိုင်ပဲ လဲနေတတ်သည်။ ဦးသာဖူးအတွက် ဒေါ်သီမှလွဲ၍ တအိမ်လုံး ဘယ်သူနှင့်မျှ မဖြစ်။ အနားတွင် ဒေါ်သီအမြဲရှိမှသာဖြစ်သဖြင့် ဒေါ်သီသည် မိုးလင်းမိုးချုပ် ဦးသာဖူး၏ဝေယျာဝေစ္စများနှင့် မအားရအောင် အချိန်ကုန်နေလေတော့သည်။
ဦးသာဖူးမှာ ဇီဇာလည်း ကြောင်၏။ စနစ်လည်း ကြီး၏။ အသန့်အပြန့်ကို အလွန်ကြိုက်၏။ အသက် ၅၈ - နှစ်ထဲ ရောက်လာသော်လည်း နေ့စဉ် ကိုယ်လိမ်းပေါင်ဒါလိမ်းရမှ။ အိုဒီကလုန်းရေမွှေးကလေး ဆွတ်ရမှ စိတ်လက်ကြည်လင်ချမ်းသာ၏။ သူ့၌ အမြဲတမ်း ရှပ်အင်္ကျီ ၂ - ဒါဇင်လောက် အသစ်ရှိရ၏။ ရိုးကုမ္ပဏီက ပိတ်စကို ဝယ်ချုပ်မှ ကြိုက်လေ၏။ သူ့အဝတ်အစားများကို ဒေါ်သီကိုယ်တိုင် လျှော်၍ ဒေါ်သီကိုယ်တိုင် မီးပူတိုက်ပေးမှ ဝတ်၏။
ဦးသာဖူးကိုကြည့်လိုက်လျှင် ကတုံးဆံတောက်၊ ဆံပင်ဖြူဖြူ၊ ကျောက်ပေါက်မာသဲ့သဲ့၊ အသားမည်းမည်း၊ အရပ်ပျပ်ပျပ်၊ နှုတ်ခမ်းမွှေးရေးရေးရှိသောသူ့ရုပ်ကို အနောက်ဘက်မှ သာမာန်အားဖြင့် ကြည့်မိရှုမိသည်ရှိသော် ကော်လံနှင့် အရောင်နုနု ပထမတန်းအမျိုးအစား ရှပ်လက်ရှည် ခေါက်ရိုးကျကျဝတ်လျက် ပလေကပ်ဖြူစိမ်းပြာကွက်လုံချည် ဒိုဘီချနှင့် လည်ကုပ်စပ်နှင့် လည်ပင်းစပ်မှ ပေါင်ဒါမှုန့်အစအနများကို အရင်မြင်မိကြည့်မိကြမည်သာတည်း။
အသန့်ကြိုက်၊ အနုကြိုက်၊ အကောင်းကြိုက်၊ မင်းသားလို ကျော့မော့အောင်နေတတ်ထိုင်တတ်သော ဦးသာဖူးကို ဒေါ်သီသည် သူ့အလိုလိုက်လျက် သူ့အကြိုက်သိလျက် ဝတ်ရာစားရာ နေရာတကာ၌ သူ့စိတ်တိုင်းကျဖြစ်အောင် ဂရုတစိုက် စောင့်ကြပ်လုပ်ကိုင်ပေးတတ်သည့်နေရာတွင် ဘယ်မိန်းမနှင့်မျှမတူအာင် ရှားမှရှားလေသည်။ ဝေယျာဝေစ္စများပြီး၍ ညအိပ်ယာဝင် စိပ်ပုတီးစိပ်နေခိုက်၌ပင် ဖြောင့်ဖြောင့်မစိပ်နိုင်။ ဟောလစ်၊ ထောပတ်၊ နွားနို့၊ ကြက်ဥ၊ ပါမုန့်၊ ငှက်ပျောသီး မပြတ်တမ်းရှိရသော ဦးသာဖူး၏အစားအစာတွေထဲမှ မနက်စောစောအတွက် တမျိုးမျိုး စိတ်ရောက်သွားတတ်၏။
( ၃ )
ဦးသာဖူးခါးနာ၍သော်လည်းကောင်း၊ ခြေထောက်နာ၍သော်လည်းကောင်း၊ မထနိုင်ပဲ အိပ်ယာထဲလဲနေသည့်အခါများ၌ ဒေါ်သီသည် စိတ်ကို တတောင်လောက် ရှည်ထားရလေသည်။ မျက်နှာကိုလည်း ပျားရည်ဆမ်းထားသလို ချိုနိုင်သမျှချို၍ ကိုသာဖူး ကိုသာဖူးဟု ဒေါ်သီ၏ပါးစပ်ဖျားတွင် တဖူးတည်း ဖူးရပြီးလျှင် အောက်ကျို့ယုယသော နှစ်သိမ့်သံကလေးဖြင့် လူနာစိတ်ကြိုက် စွမ်းဆောင်တတ်သူလည်းဖြစ်သည်။
ထိုအခါမျိုးတွင် ဦးသာဖူးသည် နေကောင်းစဉ်ကထက် ချေးထူလှသည်။ မျက်နှာသစ်ပေးလည်း ဒေါ်သီ၊ အဝတ်အစားလဲပေးလည်း ဒေါ်သီ၊ အစာကျွေးလည်း ဒေါ်သီ၊ နောက်ဖေးအညစ်အကြေးကအစ ဒေါ်သီမှာ အနားက အမြဲမပြတ်စောင့် ပြုစုနေရလေသည်။ ဒေါ်သီချက်သည့်ဟင်းသာ သူစားနိုင်လေသည်။ ကော်ဖီဖျော်သည်ကအစ လက်ရာပြောင်းသွားလျှင် သောက်မကောင်းတော့ပေ။
ဒေါ်သီ ခဏတဖြုတ် မအားလပ်ခိုက် သားသမီးများက ဒေါ်သီ့ကိုယ်စား ရေနွေးအိတ်ကပ်ပေးကြသောအခါ ဒေါ်သီမဟုတ်၍ စိတ်တိုင်းမကျပေ။ လူမမာတဖက်နှင့် မည်မျှပင် ပင်ပန်းနေနေ ဒေါ်သီသည် အစားမပျက် အဝမပျက် ခေါင်းချတာနှင့် အိပ်ပျော်တတ်သည်။ လူနာစောင့်ရ၍ ခေါင်းမချသာလျှင် ထိုင်လျက်မှီလျက်ဖြင့်လည်း အိပ်ပျော်အောင် အိပ်တတ်သူဖြစ်သည်။
ကျန်းမာရေးကောင်းသူဖြစ်၍ ဒေါ်သီ ဗြုန်းကနဲ သေသွားလိမ့်မည်ဟု မည်သူကမှ မထင်ကြချေ။ ညနေဘက် လေဖြတ်လဲကျသွားရာ တညလုံး သတိမရပဲ နောက်တနေ့မနက်တွင် အသက်ပျောက်သွားလေသည်။ သေခြင်းသေ သူသာ အရင်သေလိမ့်မည်ဟု ထင်နေသော ဦးသာဖူးသည် မဆည်နိုင်အောင် အပူမီးတောက်လေ၏။ “ မင်းမရှိရင် ငါ ဘယ်လိုနေရပါ့မလဲ ” ဟု မျက်ရည်ဖြိုင်ဖြိုင်ကျရှာ၏။
( ၄ )
ဦးသာဖူးသည် မျက်စိမှိတ်ထားသော်လည်း ဒေါ်သီကိုသာ မြင်ယောင်၏။ သူ့အသက် ၁၈ - နှစ် ဒေါ်သီက ၁၆ - နှစ်အရွယ်တွင် လူငယ်ချင်း ချစ်ကြိုက်ကြသောအခါ လူကြီးတွေက မြန်မြန်ပဲ ပေးစားကြလေသည်။ သူနှင့် ညားစ၌ ဖြူဖြူပိန်ပိန်ဒေါ်သီသည် ကလေး ၁၂ - ယောက် မွေးပြီးချိန်တွင် ဝဝဖိုင့်ဖိုင့်ကြီးဖြစ်လာပုံ၊ ထို့နောက် လင့်အကြိုက်၊ လင့်အလိုကျဖြစ်အောင် နေတတ်ထိုင်တတ်ပုံ၊ အချက်အပြုတ်ကောင်းပုံ၊ စိတ်သဘောထားကောင်းပုံ၊ မမေ့နိုင်စရာ ဒေါ်သီ၏အကြောင်းများသည် အာရုံ၌ တဖျတ်ဖျတ်ပေါ်လာ၏။ ဦးသာဖူးသည် ဒေါ်သီ၏အကြောင်းများကို စားမြုံ့ပြန်တွေးရင်း ရင်ထဲ၌ ပူလောင်လာသည်။ ပူလောင်နေရာမှ ဒေါ်သီမရှိတော့ ခက်ပြီဟု ဟာသွားပြန်လေသည်။
ဦးသာဖူးသည် မိုးတွင်းတွင် မိုးတွင်းမို့ နေမကောင်းတတ်ပေ။ ဆွယ်တာ၊ လည်ပတ်၊ ခြေအိတ်စွပ်လျက် အိပ်ယာဖြူဖြူဖွေးဖွေးပေါ်တွင် စောင်ကြီးတွေနှင့် ထွေးပေးထားရသည်။ နွေအခါကျပြန်လည်း နွေအခါမို့ နေမကောင်းတတ်ပေ။ သနပ်ခါးရေကျဲကလေး လူးပေးကာ ဂျာစီရှန်သား လည်ဟိုက်လက်ပြတ်အင်္ကျီပါးပါး ဝတ်ပေးရလျှက် အနားကွပ်ထားသော သင်ဖြူးဖျာချောချောကလေးပေါ်တွင် လှဲစေကာ ဒေါ်သီမှာ ယပ်တောင်တချောင်းနှင့် ဘေးကထိုင် ယပ်ခပ်ပေးနေရလေ၏။ ဆောင်းဝင်ပြန်တော့လည်း တဆောင်းတွင်းလုံး နေကောင်းသည်မရှိ။ ရေနွေးနှင့် ရေအေးစပ်၍ ရေချိုးပေးရပြီး အလုပ်အားသော အခိုက်အတန့်အချိန်ကလေး၌ပင် ခြေဖျားလက်ဖျား ဆုပ်ပေးနေရလေသည်။
ရာသီဥတုပြောင်းသွားတိုင်း တမျိုးမဟုတ် တမျိုး ချူချာခြင်းဖြစ်တတ်၏။ ၁၂ - ရာသီလုံး နေမကောင်းဖြစ်တတ်သော ဦးသာဖူးကိုကြည့်လျက် “ ဦးသာဖူးတို့ မမာရတာကလည်း ဇိမ်ပါပဲလား ” ဟု အိမ်နီးချင်းများက ပြောကြလေသည်။ ဒေါ်သီသည် ဦးသာဖူးကို ဆယ့်နှစ်ရာသီစလုံး အရိပ်တကြည့်ကြည့်နှင့် စိတ်ရှည်ရှည်ထား၍ ပိုးမွေးသလို မွေးနေရသည်။ ယခု ဒေါ်သီမရှိသည့်နောက်ပိုင်း၌ ဘယ်လိုမမာ၍ ဘယ်သူပြုစုမည်ကို ရှေ့ဆက်မတွေးဝံ့တော့ပေ။
ဦးသာဖူးမှာ စိတ်အားလျော့ပြီး စိတ်ဓာတ်ကျလျက် ပူပင်သောကကြီးရောက်နေစဉ် ခြေထောက်နှစ်ဖက်က နာချင်သလိုလို ကျဉ်ချင်သလိုလိုဖြစ်လာလေသည်။ ဦးသာဖူးသည် တကယ် နာတာလား၊ စိတ်က ထင်တာများလားဟု ရုတ်တရက် မခွဲခြားနိုင်သေးသဖြင့် ပူပင်သောကများကို ရပ်ကာ နာသည့်နေရာကို အာရုံစိုက်ကြည့်လိုက်သည်။ စိတ်ကထင်လို့ မဟုတ်မှန်း တဖြည်းဖြည်း နာနေမှန်း သိလာလေသည်။ တော်တော်ကြာလျှင် သည့်ထက် ပိုနာလာတော့မည်။ သည့်ထက် ပိုကိုက်လာတော့မည်။
“ အမလေး အခုမှခက်ပါပြီ မသီရေ ... မသီရဲ့ ”
ဦးသာဖူးသည် မရှူနိုင်မကယ်နိုင်ဖြင့် ရှိုက်ငင်လိုက်ပြီးနောက် ကယောင်ချောက်ချားဖြစ်လျက် ချောင်းကို ညှစ်ပစ်ဆိုးနေလေသည်။
( ၅ )
အိမ်ပေါ်ထပ်မှ ဦးသာဖူး၏ချောင်းဆိုးသံကြားသဖြင့် သမီးအကြီးမလှသင်သည် အိပ်ယာမှ ငေါက်ကနဲ ထလိုက်သည်။ အိပ်ယာထဲ ဝင်လှဲနေရသော်လည်း မလှသင်မှာ တရေးမှမပျော်ချေ။ အမေမရှိတော့သည့်အတွက် ရှေ့ရေးကို အတောမသတ် ပူဆွေးနေသည်။ သူတို့မောင်နှမ ၈ - ယောက် ကျန်ရစ်ခဲ့သည်။ မိမိက အကြီးဆုံးမို့ အကုန်လုံးအတွက် မီးခိုးမဆုံး လိုက်ပူမိသည်။
ဖခင်ဖြစ်သူဦးသာဖူး ချူချာလာမှ မလှသင်သည် သူ့အောက်က မောင်ပါနှင့်အတူ အိမ်၏စီးပွါးရေးကို ဦးဆောင်ရလေသည်။ အငယ် ၆ - ယောက်မှာ ကျောင်းနေကြသည့်အရွယ်။ လူလားလည်း မမြောက်ကြသေး။ မလှသင်အဖို့ အမေသေ၍ အပူကြီးပူရသည်က တဖက်၊ အမေ့နေရာတွင် လူစားမရှိသည့် အိမ်အတွက်က တဖက်ဖြင့် အဖက်ဖက်မှ လျှောက်၍ ပူပင်သောကရောက်နေရရှာ၏။
မလှသင်မှာ အိမ်ထောင်မပြုပဲ အပျိုကြီးဘဝနှင့်နေလာခဲ့ရာ အသက် - ၄၀ ပြည့်သွားချေပြီ။ ဒေါ်သီ ၁၇ - နှစ်အရွယ်က မလှသင်ကို မွေးခဲ့သည်။ သမီးနှင့်အမေမှာ ညီအစ်မကဲ့သို့ဖြစ်နေကာ အမေကို အမဟုလည်း ခေါ်သည်။ ဒေါ်သီသည် အသက် - ၅၀ ကျမှ ကလေး အမွေးရပ်သွားသည်။ ကလးတပုံတခေါင်းကြီးကို သူက အကြီးဆုံးမို့ တယောက်ပြီးတယောက် ထိန်းခဲ့ကျောင်းခဲ့ရလေသည်။ သားသမီး ၁၂ - ယောက် မွေးဖွားသည့်အနက် ၄ - ယောက် ပျက်စီးကာ ၈ - ယောက် ကျန်လေ၏။
ဒေါ်သီ၏တသက်တာလုံး ချက်ရေးပြုတ်ရေးနှင့် ဦးသာဖူး၏ ဝေယျာဝေစ္စများဖြင့်သာ အချိန်ကုန်နေရသူဖြစ်သဖြင့် မွေးသမျှကလေးတွေကို မလှသင်က ကောက်ထိန်းကာ သားသည်အမေတပိုင်း ဖြစ်ခဲ့ရလေ၏။ မလှသင်သည် ကလေးတွေ လက်ကလွှတ်မှ စျေးထဲတွင် အထည်ဆိုင်ဖွင့်ကာ နေ့တိုင်း ဆိုင်ထွက်သည်။ မလှသင်အောက်က မောင်ပါကို ဆယ်တန်းအောင်ပြီးနောက် မိန်းမပေးစားလိုက်သည်။ မောင်ပါ၏မိန်းမ မလှကို အမေနှင့် အဖော်ရအောင် အိမ်တွင်ပင် နေကြဟု သူပင် နေရာချပေးလိုက်သည်။
( ၆ )
မနက်စောစော အလှက စျေးဝယ်ရသည်။ ဒေါ်သီနှင့် အလှတို့က ချက်ကြသည်။ မလှသင်က ဆိုင်ထွက်၊ မောင်ပါက ဆန်စက်သွားရ၏။ စက်ထဲသို့ ဦးသာဖူး မသွားနိုင်မလာနိုင်ဖြစ်မှ မလှသင်သည် ညနေဆိုင်သိမ်းပြီးလျှင် စက်သို့လိုက်သွားကာ စာရင်းရှင်း ငွေသိမ်းပြီးမှ မောင်ပါနှင့် ပြန်ခဲ့ကြရာ နေဝင်မိုးချုပ်မှ အိမ်သို့ ရောက်လေသည်။ မောင်ပါအောက်တွင် ယောက်ျားကလေး ၃ - ယောက် ရှိသည်။ အနီ၊ အကျား၊ အဗိုတို့မှာ ၁၀ - တန်း၊ ၈ - တန်း၊ ၇ - တန်းသာ ရောက်ကြသေးသည်။ ၄ - တန်း၊ ၅ - တန်း၊ ၆ - တန်းတွင် ရင်ရင်၊ ခင်ခင်နှင့် အပုတို့။
မလှသင်သည် အမေ ကလေးတွေနှင့် ကသီလှသည်ဆိုကာ သူ့သဘောနှင့်သူ ကျောင်းထွက်လိုက်သည်။ ၁၂ - နှစ်သမီးအရွယ်လောက်ကတည်းကပင် တအိမ်လုံး သူ့လက်သူ့ခြေဖြစ်ကာ ငွေကိုင်၊ သော့ကိုင်၊ သေတ္တာမှောက်ဖြစ်လာလေ၏။ သမီးအကြီးဆုံးမို့ အိမ်တွင် သူသာ အချုပ်၊ သူပင် အခရာ၊ သူ့သြဇာ ကြီးလေ၏။ မလှသင် အပျိုအရွယ်ဖြစ်လာသောအခါ ဒေါ်သီပင် သူ့သမီးကို မလွန်ဆန်ရဲတော့ချေ။ မလှသင်မသိပဲ မလုပ်ဝံ့။ သူ မပြောပဲ မပေးဝံ့။ သူ မကြိုက်လျှင် မစီစဉ်ဝံ့။ တအိမ်လုံးတွင် ဦးသာဖူးကလွဲ၍ အရေးပါသူမှာ မလှသင်ဖြစ်နေလေသည်။
မောင်နှမတွေအပေါ် အကြီးဆုံးလုပ်ရသဖြင့် အစားသာ ညှာသည်။ အဝတ်သာ ညှာသည်။ ဘယ်သူ့အပေါ်မှာမှ မျက်နှာသာ မပေးချေ။ အားလုံးက အမေကို အရုပ်လိုမှတ်ပြီး မလှသင်ကိုသာ ကြောက်ကြလေသည်။ မလှသင်မျက်လုံး တချက် ပြူးကြည့်လိုက်ရုံဖြင့် အငယ်တွေမှာ နေစရာ ထိုင်စရာမရှိအောင် ဖိန့်ဖိန့်တုန်နေကြလေသည်။ မလှသင်အသက် - ၂၀ လောက်တွင် ဒေါ်သီက နေရာချပေးချင်သဖြင့် သမီးမျက်နှာသာခိုက် နားချကြည့်ဖူးသည်။
“ အမက ဟောတယောက် ဟောတယောက် မွေးနေတာ။ ကျွန်မလင်ယူလို့ ဘယ်ဖြစ်မတုန်း ”
မလှသင် ငေါက်ဆတ်ဆတ်ပြန်ပြောပြီးကတည်းက သူ့အတွက်အိမ်ထောင်ရေးကို မတိုက်တွန်းဝံ့ပဲ ဒီအတိုင်း ကြည့်နေခဲ့ရလေသည်။ အပေါင်းအဖော်များနှင့် အိမ်ထောင်ရေးအကြောင်းစပ်လာလျှင် “ ကလေး ၁၁ - ယောက် ကြည့်ခဲ့ရလို့ ကျွန်မ လင်စိတ်သားစိတ်ကုန်ပါပြီရှင် ” ဟု ပိတ်ပြောကာ အိမ်ထောင်မပြုပဲ အသက် - ၄၀ ပြည့်လာခဲ့ခြင်းဖြစ်လေသည်။ အိမ်ပေါ်ထပ်မှ ဦးသာဖူး၏ချောင်းဟန့်သံကို နားစွင့်ပြီး မလှသင်သည် သက်ပြင်းကြီးချလိုက်ကာ ဆေးလိပ် မီးကောက်ညှိသည်။
“ အဖေ့အတွက်က ခက်တယ် ” ဟု ညည်းလျက် ဆေးလိပ်ကို အတွင်သား ဖွာသောက်နေသည်။
“ ဘယ်သူလုပ်ပေးတာမှလည်း စိတ်တိုင်းကျတာမဟုတ်။ သူ့အတွက် လူတယောက် သပ်သပ်ကုန်နေတာပဲ။ အဖေခက်တယ် ”
မလှသင်သည် စိတ်ထဲကပြောနေပြီး ဆေးလိပ်ကို လက်ကြားညှပ်လျက် အမှောင်ထဲတွင် တွေးနေပြန်သည်။
” အမ .... အမ ငါ့ခေါင်းပေါ် တာဝန်တွေအကုန်လုံး ပစ်တင်ခဲ့တယ်။ ငနီကလည်း ၁၀ - တန်း မအောင်သေး။ ငကျားကလည်း ကျောင်းပြေး။ ငဗိုကလည်း အခုထက်ထိ ကလေးလိုပဲ။ ဘာမှ မသိတတ်သေးဘူး။ ရင်ရင်၊ ခင်ခင်နဲ့ အပုတို့ကလည်း မိန်းကလေးတွေ။ အလှနဲ့ သူတို့နဲ့ကလည်း တကျက်ကျက်ပဲ ”
မလှသင်သည် ပူစရာတွေ တသီတတန်းကြီး တွေးလျက် တပူပြီးတပူ ဆင့်ပူနေတော့သည်။ အိမ်ရှေ့ကမီးနီရောင်ဖြင့် ခြင်ထောင်ထဲတွင် အိပ်နေကြသော မောင်နှမခြောက်ယောက်ကို လှည့်ကြည့်လိုက်သည်။ အနီနှင့် အကျားက တခြင်ထောင်၊ ရင်ရင်နှင့်ခင်ခင်က တခြင်ထောင်၊ အပုနှင့် အဗိုက မလှသင်၏ခြင်ထောင်ထဲတွင် ကန့်လန့်ဖြတ် အိပ်ပျော်နေကြသည်။
“ အကျားနဲ့ အဗိုတို့ကလည်း ရှင်မပြုကြရသေးဘူး။ ရင်ရင်တောင် အပျိုဘော်ဝင်လာပြီ။ အပျိုပေါက်စအိမ်မှာ အမေမရှိရင်တော့ ခက်ပါသေးတယ် ”
ကလေးတွေကို လှည့်ကြည့်ပြီး သူ့ခေါင်းကို ယမ်းနေလေသည်။ ပြီးမှ သက်ပြင်းကြီးချလျက် လက်ထဲကဆေးလိပ်တိုကို မီးညှိပြန်ကာ စိတ်ရှုပ်ရှုပ်ဖြင့် တဖွာပြီးတဖွာ ဆက်တိုက်ဖွာသောက်နေသည်။ အတန်ကြာမှ ဆေးလိပ်အဖွာရပ်ကာ အိမ်အတွက် စားရေးသောက်ရေး၊ ချက်ရေးပြုတ်ရေးကို စဉ်းစားလိုက်မိသဖြင့် ခေါင်းရှုပ်သွားပြန်လေသည်။
( ၇ )
အလှတယောက်တည်း တအိမ်လုံးတာဝန်ကို မလုပ်နိုင်ပေ။ ကလေးက တဖက်နှင့် အလှမှာ နဂိုကတည်းက အိမ်ခွဲနေချင်သူဖြစ်သည်။ စက်ဝင်းထဲ၌ရှိနေသော အိမ်တွင် ပြောင်းနေရန် မောင်ပါကို ခဏခဏအပူတိုက်သည်။ အစ်မကို အသေအလဲကြောက်ရသော မောင်ဖြစ်၍သာ မပြောင်းဝံ့ပဲ ကြိတ်မှိတ်နေကြမှန်း သိသည်။ ဆိုင်ဖြုတ်လိုက်၍လည်း မဖြစ်။ ဆိုင်ထဲတွင် အရင်းတသောင်းလောက် မြုပ်ထားရသည်။ ဆိုင်ကဝင်ငွေ၊ စက်ကဝင်ငွေဖြင့် အိမ်စားရိတ်ကြီး လည်နေရသည်။ ဆိုင်ဖြုတ်၍လည်း မဖြစ်သေးပေ။ မလှသင်သည် ဆေးလိပ်ကို ပြန်ဖွာနေပြန်ကာ အတော်ပူလာမှ နားလိုက်သည်။ နားပြီး သူ့ခေါင်းကို သူ ကုတ်နေပြန်လေသည်။
ဦးသာဖူး၏ချောင်းသံ ထပ်ကြားရသဖြင့် ရင်ထဲတွင် ဆို့လာလေသည်။
“ ညည်းအဖေတော် ညက မအိပ်ရဘူး။ ကိုက်လို့ ခဲလို့တဲ့။ တညလုံး နှိပ်ပေးရတယ် ”
မနက်တိုင်း သတင်းပေးတတ်သော အမ၏မျက်နှာကို မြင်ယောင်မိကာ မျက်ရည်များ စီးကျလာလေသည်။
“ အမ မလဲ တကတည်းမှပဲ။ အဖေ့အတွက်ပဲ အချိန်ကုန်နေတာပဲ ”
မြည်မိငေါက်မိတာတွေကို အမှတ်ရကာ တစိမ့်စိမ့် ဝမ်းနည်းလာသည်။
“ မသာရက်အတွင်းမို့ ခါးတယ်၊ ငံတယ်၊ ဘာမှ မပြောသေးတာ။ ရှေ့လျှောက် အဖေတို့တော့ စားမကောင်းဘူး၊ သောက်မကောင်းဘူးနဲ့ ဘယ်လောက်များ နားပူလိုက်မလဲ။ ဒုက္ခပါပဲ ”
မလှသင်သည် ဦးသာဖူးအတွက် စိတ်ညစ်လာပြန်သည်။ စိတ်ညစ်လွန်း၍ သေသောသူကို “ အမတော့ အေးတာပဲ။ ဝဋ်ကျွတ်တာပဲ ” ဟု အောက်မေ့လိုက်မိသည်။ အိမ်ပေါ်မှ ချောင်းသံသာမက ဦးသာဖူး၏ညည်းသံကိုပါ ကြားလာရသည်။ မလှသင်သည် ဆေးလိပ်တိုကိုချကာ အိမ်ပေါ်သို့ တက်သွားလေ၏။
( ၈ )
“ အဖေ ... အဖေ ”
ကုတင်ဘေးက ရပ်ခေါ်လိုက်၏။
“ ရေနွေး ... ရေနွေး ”
ဦးသာဖူးသည် တဟင်းဟင်းညည်းနေသော ညည်းသံရှည်ကြီးကို ရပ်လျက် ရေနွေးတောင်းကာ ဆက်ညည်းနေလေသည်။ မလှသင်သည် အောက်ထပ်သို့ ပြန်ဆင်းခဲ့သည်။ မီးဖိုထဲသို့ဝင်သွားကာ မီးမွှေးနေသည်။ ထင်းများက ရေစို၍ မီးက တော်တော်နှင့် မတောက်ပြန်။ တအိမ်လုံး ရေနံဆီနံ့သာ မိုးမွှန်နေလျက် ရေနွေးကလည်း တော်တော်နှင့် မဆူနိုင်။ အမြန်လုပ်ကာမှ အနှေးဖြစ်နေလျက် မိုလင်းကာနီးမှ ရေနွေးဆူလေတော့သည်။
“ ကြာလိုက်တာဗျာ။ ဒီမှာ သေ ... သေရတော့မယ် ”
ဦးသာဖူးသည် သည်းသည်းမည်းမည်း ညည်းလျက်မှ မာန်လိုက်မဲလိုက်လေသည်။
“ ထင်းတွေ စိုနေလို့ ကြာနေတာအဖေရဲ့ ”
ဒီလိုအချိန်မျိုး၊ ဒီအခါမျိုးတွင် ဒီလိုအသံမျိုးကို ရှေးရှေးက ဘယ်တုန်းကမှ မကြားဖူးခဲ့ချေ။ သူဘယ်လိုမာန်မာန် ဒေါ်သီထံမှ ညင်သာသောအသံသာ ကြားရစမြဲဖြစ်သည်။ ဦးသာဖူးသည် နားထဲ၌ ခါးသက်သက်ကြီးဖြစ်သွားကာ “ ပေး .. ပေး .. ငါ့ဟာငါ ကပ်ပါ့မယ် ” ဟု ပြောပြောဆိုဆို မလှသင်လက်ထဲမှ ရေနွေးအိတ်ကို အတင်း ဆွဲယူလိုက်လေသည်။
“ အဖေကလည်း စိတ်ချည်းပဲ ” ဟု မလှသင်က ပြန်ပြောလိုက်ချင်သည်။ ပါးစပ်ဖျား၌ ရောက်လာသောစကားကို အမ မရှိသဖြင့်သာ အသံမထွက်အောင် ညှာလိုက်ခြင်းဖြစ်လေသည်။
( ၉ )
“ နင်သိတဲ့အတိုင်းပဲ။ ငါ့အဖေက ချေးများတယ်။ သူ့စိတ်ကြိုက်ကို လိုက်လုပ်ပေးနိုင်မှ တော်ကာရယ်။ သည်းခံနိုင်ပါ့မလား။ လခတော့ တစ်လ - ၆၀ ပေးမယ် ”
ဘုမသည် ဖွဲနုပုံပေါ်၌ ဆောင့်ကြောင့်ထိုင်လျက် ခေါင်းငုံ့နေလေသည်။ ဘုမမှာ အသက်သုံးဆယ့်ငါးနှစ်အရွယ် အသားညို၏။ မေးရိုးကားကား၊ နှာတံပြားပြားနှင့် ရုပ်ရည်ကြမ်းတမ်းသည်။ မျက်နှာပေါက် ဘယ်လိုဆိုးဆိုး ဆန်တအိတ်ထမ်းနိုင်သောခွန်အားကို မလှသင်က ပိုသဘောကျလေသည်။
“ တော်ရုံလူလည်း အိမ်မှာ မခေါ်ဝံ့ဘူး။ ညည်းဆိုတော့ ညည်းအဖေကလည်း စက်ထဲမှာ အလုပ်သမား။ အကြောင်းသိ။ ညည်းမှာလည်း အမေ မရှိ။ ညည်းကို မောင်နှမများတော့ သည်းခံတတ်မယ်ဆိုပြီး ခေါ်ရမှာ။ တို့အတွက်က အရေးမကြီးဘူး။ အဖေ့အတွက်က အရေးကြီးတာ ”
မလှသင်သည် ဦးသာဖူးဒဏ် ဘုမကုန်းခံရန် စကတည်းက လမ်းခင်းပြီး ပြောပြနေလေသည်။ ဘုမသည် ငုံ့နေရာမှ မရဲတရဲ မော်ကြည့်သည်။ ဖြူဝင်းနေသော မလှသင်၏မျက်နှာမှာ နုညက်နေသည်။ ပြေပြစ်သွယ်လျသော လက်ချောင်းကလေးမှ စိန်လက်စွပ်အရောင်သည် တဖျတ်ဖျတ် တောက်နေသည်။ မလှသင်၏တကိုယ်လုံးကို သိမ်းကြုံးကြည့်လျက် စကားပြောရမှာပင် ရွံ့နေလေသည်။
“ သည်းခံနိုင်ပါတယ် မမရယ်။ ကျွန်မ ငယ်ငယ်ကတည်းက အမေ့ဘက်က ပိုက်ဆံချမ်းသာတဲ့ ဆွေမျိုးတွေအိမ်မှာ နေခဲ့တာပါ။ လုပ်တတ် ကိုင်တတ်ပါတယ် ”
ဘုမသည် ခပ်ရွံ့ရွံ့ပြောပြီး ခေါင်းငုံ့နေလေသည်။ ဘုမဘေးတွင် မြေကြီးပေါ်၌ ထောင်သားများ ပုလိပ်ရှေ့တွင် ပုံစံထိုင်သလို ဒူးပေါ် လက်နှစ်ဖက်ယှက်ပူးပြီး ပါးနှင့်ကပ်လျက် ဆောင့်ကြောင့်ထိုင်နေသော ဘုမအဖေ စက်အလုပ်သမားကူလီ ဦးဆိုင်သည် မလှသင်ကမ်းပေးလိုက်သော ငွေစက္ကူများကို တုန်တုန်ယင်ယင်ဖြင့် လှမ်းယူလိုက်လေသည်။
“ ရော့ ... ငါးလအတွက် ၃၀၀ - ကျပ် ”
ရာတန်စက္ကူသုံးချပ် ထပ်ထားသည်ကို တထပ်ကြီး မကိုင်ခဲ့ဖူး၍ လက်ထဲရောက်လာသော ငွေစက္ကူထပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် “ ပြောမရ ဆိုမရရင် ရိုက်ပါဗျာ ” ဟု အာလုတ်သံကြီးဖြင့် ပြောကြားလိုက်လေသည်။
( ၁၀ )
ဘုမသည် ဦးသာဖူးအိမ်သို့ ရောက်သည့်နေ့မှစ၍ စက်ထဲတွင် ဆန်အိတ်ထမ်းခဲ့ရသည်ထက် ဦးသာဖူးဝေယျာဝေစ္စလုပ်ရသည်က ၂ - ပြန် ၃ - ပြန် ပို၍ပင်ပန်းသည်ဟု ထင်မိသည်။ တနေ့လုံး ဖင်မချရပဲ ဇယ်ဆက်သလို လုပ်နေရလျက် ညဘက်၌လည်း ရေနွေးအိတ်ကပ်ပေးရသဖြင့် အိပ်ရေးပျက်ရသေးသည်။ ဦးသာဖူးသည် မလှသင်ပြောသည်ထက် ဇီဇာကြောင်သေးသည်ဟု ထင်မိသည်။
အိပ်ယာထဲမှ သူထနိုင်လျှင် မီးဖိုထဲသို့ ဝင်လာတတ်ပြီး ဟင်းအိုးပြင်ရန် သူ့အကြိုက် လာပြပေးသည်။ အိပ်ယာထဲမှ မထနိုင်သည့်အခါများတွင် ဟင်းအိုးတွေ အခန်းထဲသို့ ယူလာခိုင်းကာ သူ့ရှေ့မှောက်တွင် နယ်ရဖတ်ရပြင်ရလေသည်။ အဝတ်လျှော်ရာတွင်လည်း လာကြည့်သည်။ မီးပူတိုက်ရာတွင်လည်း လာကြည့်သည်။ သူနှင့်ပတ်သက်သမျှ အစစ ဘယ်လိုလုပ်ကိုင်ပေး၍မှ စိတ်တိုင်းမကျ၊ အားမရနိုင်ပဲ နေရာတကာ၌ ပါလေသည်။
မလှသင်သည် နံနက်လင်း၍ အိမ်မှ ထွက်သွားရာ နေဝင်မိုးချုပ်မှ ပြန်လာရသဖြင့် အဖေနှင့်ဘုမ ဘယ်လိုစခန်းသွားနေကြသည်ကို အလှထံ၌ သတင်းမေးရ၏။ ဘုမစိတ်မရှည်ပုံ ပေါ်နေလျှင် ဘုမကို စိတ်ရှည်အောင် ချော့မော့ပြောရသည်။ ဦးသာဖူးသည် ဒေါ်သီ့လက်ရာ ခြေရာကို ဘုမလိုက်မီရန် နားပူလောက်အောင် မာန်မဲသင်ကြားနေသည်။
မလှသင်သည် ဆိုင်ထွက်နေရခြင်းက နားအေးသည်ဟု ထင်မိသည်။ ဘုမလုပ်ပေးသောအလုပ်တခုသည် ဘယ်အခါမှ တခါတည်းနှင့် မပြီး။ သုံးလေးခါ ထပ်လုပ်ပေးမှ ပြီးရသည်ချည်းဖြစ်သဖြင့် မလှသင်သည် စိတ်တိုကာ သူ့အဖေနှင့် ခဏခဏ စကားများလေသည်။
“ အမ မဟုတ်ဘူး အဖေရဲ့။ သူလည်း ဒါလောက်ပဲ လုပ်တတ်တော့မပေါ့။ အမလိုတော့ ဘယ်သူမှ အဖေ့ကို လုပ်မပေးနိုင်ဘူး ”
“ နင် အသာနေစမ်း။ နင်တို့ ချက်တာ လျှော်တာ မဟုတ်ဘူး။ သူက ချက်တာ။ သူက လျှော်တာ။ ငါ ဖြစ်သလို မစားနိုင်ဘူး။ ဖြစ်သလို မဝတ်နိုင်ဘူး။ နားညည်းရင် နားပိတ်ထားကြ ”
ဦးသာဖူးသည် ချေးများနိုင်သမျှ များပေးရာမှ ဘုမချက်တာ စားဖြစ်လာသည်။ ဘုမလျှော်တာ ဝတ်ဖြစ်လာသည်။ ဘုမသည် သုံးလလောက်ကြာလျှင် ဒေါ်သီ၏ခြေရာကို တနေ့တခြား မီလာလေသည်။ မသေခင်စပ်ကြား ကောင်းကောင်းဝတ်မည်။ ကောင်းကောင်းစားမည်ဟု သူ့တရားနှင့်သူ ဒေါ်သီ၏ခြေရာကို ဘုမမီလာအောင် ဦးသာဖူးသည် နေ့ရှိသရွေ့ အားထုတ်ကြိုးပမ်း သင်ကြားပြသနေတော့သည်။
ဦးသာဖူးက ငါးခြောက်ဆိုလျှင် ဖုတ်ပြီးသားအဆင်သင့်။ ဦးသာဖူးက ဖျာဆိုလျှင် ခင်းပြီးသားအဆင်သင့်။ ဦးသာဖူးက ရေနွေးဆိုလျှင် ကြိုပြီးသားအသင့်။ ဦးသာဖူး၏အကြိုက်ကို ဘုမ အကုန်လိုက်လုပ်ပေးနိုင်သော အချိန်အခါသို့ တဖြည်းဖြည်း ရောက်လာလေသည်။ အိမ်တွင် ဦးသာဖူး၏ မာန်သံမဲသံ၊ ညည်းသံညူသံများ စဲသွားလျက် နားအေးပါးအေး ရှိလာသောထိုအချိန်သည် ရောက်လာလေ၏။
( ၁၁ )
မလှသင်သည် နံနက်စောစော စျေးသွားရန် အဝတ်လဲနေ၏။ အလှသည် အခန်းထဲသို့ ဝင်လာကာ မလှသင်၏မျက်နှာကို မရဲတရဲကြည့်လျက် မပွင့်တပွင့်အသံဖြင့် အနားကပ်ပြောလိုက်သည်။
“ မမထမီတွေ သူ မလျှော်နိုင်ဘူးတဲ့ ”
“ ဘာပြောတယ် ”
မလှသင်၏အသံသည် တခန်းလုံး ကျားဟိန်းသလို ဟိန်းသွားလေ၏။ မျက်လုံးကြီးပြူးလျက် နှုတ်ခမ်းတင်းတင်းစေ့ထားသော မလှသင်၏မျက်နှာထားကို အလှသည် ကြောက်လှသဖြင့် ဘယ်လိုပြန်ပြောရမှန်း မသိအောင် ခက်နေလေသည်။ အလှ၏ကြောက်နေသော ပုံပန်းအမူအရာကိုကြည့်လျက် မလှသင်သည် အခန်းထဲမှ ချာကနဲထွက်သွားကာ မီးဖိုထဲသို့ တန်းဝင်သွားလေသည်။
“ ဟဲ့ ဘုမ။ ခုနက အလှကို ဘာပြောလိုက်တယ် ”
မီးဖိုထဲ၌ ဘုမသည် ပါမုန့်လှီးနေလေသည်။ ပါမုန့်လှီးသောဓါးကို ကိုင်ထားကာ တခွန်းမှ ပြန်မပြောပဲ မျက်နှာပျက်ပျက်ဖြင့် မီးဖိုနံရံကို ကြည့်စရာမရှိ စိုက်ကြည့်နေလေသည်။ ဘုမမျက်နှာပျက်နေပုံကို မလှသင်က မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ ဘုမမျက်နှာပျက်ခြင်းသည် စိတ်ညစ်၍များ မျက်နှာမကောင်းတာလားဟု အဖြေရှာသောအကြည့်မျိုးဖြင့် စူးစူးစမ်းစမ်း ထပ်ကြည့်သည်။ စူးစိုက်ကြည့်မှ ဘုမမျက်နှာသည် စိတ်ညစ်၍ မျက်နှာမကောင်းခြင်းမျိုး မဟုတ်မှန်း သိလိုက်သည်။
ဘုမမျက်နှာသည် အဓိပ္ပါယ်တမျိုး ဆောင်နေလေသည်။ နံရံသို့ကြည့်နေသော မျက်လုံးများသည် မကျေနပ်ယောင်၊ စိတ်ဆိုးယောင် ဘာမျှမရှိပဲ တစုံတခုကို နက်နဲစွာ စဉ်းစားနေသလို စင်းနေလျက် မျက်တောင်မခတ်စိုက်နေလေသည်။ ပြားနေသောနှာတံမှာ ပွနေလျက် ပါးစပ်အနေအထားနှင့် မေးအနေအထားတို့မှာ ပုံပန်းပျက်ကာ သိသိသာသာ မခိုးမခန့်ဖြစ်နေလေသည်။
“ ဟဲ့ မေးနေတာ ပြောစမ်း ”
မလှသင်သည် ဘုမ၏မျက်နှာပေးကို မကြည့်ချင်သောအကြည့်မျိုးဖြင့် ကြည့်လျက် ရင်ခေါင်းထဲတွင် ကြွထလာသောအလုံးကြီးကို အောင့်မျိုကာ မျက်မှောင်ကြုတ်မြဲ ကြုတ်၍မေးသည်။ ဘုမသည် တခွန်းမှ ပြန်မပြောချေ။ တချိန်ထက်တချိန် မျက်နှာသာ သုန်မှုန်လာလေသည်။ နံရံ၌ စိုက်ကြည့်နေသောမျက်လုံးများသည် အတန်ကြာမှ မျက်တောင်ခတ်လာလျက် နံရံမှ မျက်လုံးခွါလိုက်ပြီး ပါမုန့်အပိုင်းကို စိုက်ကြည့်နေပြန်သည်။
“ ငါမေးနေတာ မကြားဘူးလား ”
သည်တခါတွင် မလှသင်၏အသံမှာ ခုနှစ်အိမ်က ကြားလောက်သည်။ မလှသင်၏ ဖြူဖွေးသောမျက်နှာမှာ ချက်ချင်း ရဲရဲနီလာလေသည်။ မျက်မှောင်ကြုတ်လျက် မျက်ခုံးနှစ်ဖက် တဆက်တည်းဖြစ်အောင် တွန့်ထားပုံမှာ နဖူးပေါ်တွင် ကင်းကြီးတကောင် တွားသွားနေသည့်အတိုင်းပင်။ ဘုမသည် မီးဖိုတဆောင်လုံး သိမ့်သိမ့်တုန်တက်သွားသောအသံကြောင့် ဖျတ်ကနဲ ပေါင်မုန့်မှ မျက်လုံးခွါလိုက်သည်။ လက်တဖက်က ဓါးကို ချလိုက်သည်။ ကျန်လက်မှ ပါမုန့်ကို လွှတ်ချသည်။ ထို့နောက် ထိုင်ရာမှထကာ မလှသင်ကို တချက်မျှမကြည့်ပဲ မီးဖိုထဲမှ ထွက်သွားရန် ခြေလှမ်းပြင်သည်။
“ ဟဲ့ ကောင်မ ငါမေးနေတာ ဘာလူပါးဝတာလဲ ”
ဘုမသည် လှည့်၍မျှ မကြည့်ချေ။ မလှသင်သည် ဒေါသချောင်းချောင်းထွက်ကာ ဘုမဘာဖြစ်မှန်းမသိ၍ အလွန်အမင်း အံ့အားကြီးသင့်လျက် တဆတ်ဆတ်တုန်နေလေသည်။ မိမိဘေးမှဖြတ်ထွက်သွားသော ဘုမကိုကြည့်ရင်း မီးဖိုပေါက်ကို ကျောခိုင်းထားရာမှ ဘေးတစောင်း ပြင်ရပ်လိုက်သည်။ ဘုမ အပေါက်ဝနားသို့မရောက်မီ ဦးသာဖူးသည် အပေါက်ဝ၌ လာရပ်နေလေသည်။
( ၁၂ )
“ ဘာဖြစ်တာလဲ ”
ဤမေးခွန်းကို ဦးသာဖူးပါးစပ်မှ မည်သူ့ကို မေးမှန်းမသိ မေးလိုက်သည်။ ဘုမသည် ဦးသာဖူးအပါး ရောက်ကာနီးမှ “ ထမီ မလျှော်လို့တဲ့ ” ဟု ငိုသံပါပါနှင့်ပြောကာ မီးဖိုထဲမှ မြန်မြန်ထွက်သွားလေသည်။
“ ကိုယ့်ထမီ ကိုယ်လျှော်ကြပေါ့ ”
ဦးသာဖူးသည် မလှသင်၏မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။ တစုံတယောက်က မျက်လုံးနှစ်ဖက်ကို တအားပိတ်ရိုက်လိုက်သကဲ့သို့ပင် မလှသင်၏မျက်လုံးများသည် မီးဝင်းဝင်းတောက်သွားလေသည်။ အခိုင်းအစေဘက်က လိုက်ပြောရပါ့မလားဟု စောစောကထွက်နေသော ဒေါသမှာ ပိုမိုပြီး ရဲရဲတောက်သွားလေသည်။ အလွန်တရာခံပြင်းသွားသဖြင့် ပြန်ပြောရန် အသံမထွက်နိုင်အောင်ဖြစ်နေစဉ် ဦးသာဖူးက အသံလေးလေးနှင့် ဆက်ပြောပြန်သည်။
“ ဒီကနေ့ကစပြီး ကိုယ့်ထမီ ကိုယ်လျှော်ဝတ်ကြ။ အိမ်အလုပ်လည်း တယောက်တလှည့်စီ လုပ်ကြ။ နောက်ပြီး ”
ဦးသာဖူးစကားမဆုံးမီ မလှသင်၏အသံသည် သူကိုယ်တိုင် ဘယ်နေရာက ဘယ်ပုံထွက်လာမှန်းမသိအောင် စူးစူးဝါးဝါးကြီး ထွက်သွားလေသည်။
“ ကိုယ့်ထမီ ကိုယ်လျှော်ဝတ်ရအောင် သူက သခင်မမို့လား ”
အမှန်စင်စစ် မလှသင်သည် ဤစကားကို ဒေါသအလျောက် တမင် ငေါ့ပြောလိုက်ခြင်းဖြစ်သည်။
“ အေး အရင်ကလို ကျွန်,မ မဟုတ်တော့ဘူး ”
မလှသင်မှာ ရင်နှစ်ခြမ်း ပွင့်ထွက်သွားလေ၏။ အလွန်ဆိုးရွားသောမျက်နှာထားဖြင့် အံပြင်ကြိတ်လိုက်သည်။ ခိုင်းတဲ့ စေတဲ့သူဘက်မှ လိုက်၍ မျက်နှာသာပေးရပါ့မလားဟု စောစောက ဦးသာဖူးအပေါ်တွင် ရိုးရိုးပဲ ဒေါပွသည်။ ဒေါပွလွန်း၍ ငေါ့လိုက်ခြင်းဖြစ်သည်။ ငေါ့ပြောလိုက်ကာမှ ဦးသာဖူးက အတိအလင်းကြေညာလိုက်သဖြင့် မလှသင်သည် ဆောင့်ခုန်လိုက်လေသည်။
“ အဖေက လက်စသတ်တော့ ဒီသဘောက်မအကြောင်း သည်နည်းနဲ့ ကျွန်မကို နားဖောက်တယ်ပေါ့လေ ”
“ အေး သိရင်ပြီးရော ”
ဦးသာဖူးသည် သူ့သမီး၏ဒေါသကို ကောင်းကောင်းသိသဖြင့် သည်စကား သည်မျှနှင့် ရပ်မှဟု ယူဆကာ ချာကနဲလှည့်သွားလေ၏။
“ တယ် ကောင်းတယ်ပေါ့လေ။ အမေသေလို့မှ အရိုးမဆွေးသေးဘူး။ ကိုယ့်အိမ်က ကျွန်,မကို ပြန်ယူတယ်။ ဘုရားမှတ်လို့ကိုးကွယ်ပါတယ်။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်။ ဘယ်သူမှမသိအောင် တယ်ပြီး ပိရိကြပါကလားဟင် ”
မလှသင်သည် သူ့အဖေကြားအောင် အော်ပြောလေသည်။ သူ့အမေကို တိုင်တည်ကာ အော်ငို၏။ ထို့နောက် ဘုမကို အော်ဆဲနေလေသည်။
( ၁၃ )
မလှသင်၏အခန်းထဲတွင် အလှမှာ နေစရာမရှိအောင်ဖြစ်ကာ တဆတ်ဆတ် တုန်နေလေသည်။ ကလေးခြောက်ယောက်စလုံး ကျောင်းမသွားကြသေး၍ မျက်စိသူငယ်နှင့် အလှကို ဝိုင်းဖက်ထားကြသည်။ ဦးသာဖူးသည် အိမ်ပေါ်သို့တက်သွားကာ ပက်လက်ကုလာထိုင်ပေါ်၌ ထိုင်ချလိုက်သည်။ ဘုမသည် ပက်လက်ကုလားထိုင်နား၌ လာကပ်ထိုင်ကာ တရှုံ့ရှုံ့ငိုလျက် ဦးသာဖူး၏ခြေသလုံးကို ဆုပ်နယ်ပေးနေလေသည်။
မလှသင်သည် မီးကုန်ယမ်းကုန် ဒေါထလိုက်ပြီးနောက် မောလာ၍ ခဏနားလိုက်သည်။ တအောင့်လောက်နားပြီး မထိန်းမချုပ်နိုင်အောင် ဒေါသထလာပြန်သည်။
“ အလှ ... အလှ လာခဲ့စမ်း ”
မီးဖိုထဲမှ ကုန်းဟစ်၍ခေါ်သဖြင့် အလှသည် ကြောက်ရွံ့ရွံ့ဖြင့် မလှသင်အနားသို့ ရောက်လာလေသည်။
“ ညည်း အိမ်မှာနေပြီးတော့ မသိဘူးလား ဟင်။ ညည်း ဘာအသုံးကျသလဲ။ အခုတော့ လူကြားလို့ ကောင်းသေးရဲ့လား။ ကျွန်,မ မဟုတ်တော့ဘူးတဲ့တော်။ သခင်မတဲ့ ထွီ ”
ဦးသာဖူးသည် အိမ်အောက်မီးဖိုထဲမှ အသံဗလံများကို နားစွင့်လျက် မျက်လုံးမှိတ်ထားလေသည်။ ဆူသံပွက်သံများသည် ရပ်စဲခြင်းမရှိ။ ပန်းကန်ခွဲသံ၊ ကွဲသံများပါ ဆက်တိုက်ပြင်းထန်လာလေတော့သည်။ ကွဲသံ၊ ခွဲသံများကြား၍ ဘုမသည် မျက်လုံးမျက်စိပြူးလျက် ဦးသာဖူး၏ဒူးကို ကိုင်လှုပ်လိုက်လေသည်။
“ နေပစေ။ ခွဲချင်သလို ခွဲပစေ။ သူ့ဒေါသကုန်မှ ပြီးမယ်။ အေးမယ် ”
ဦးသာဖူးသည် မျက်လုံးမဖွင့်ပဲ ခပ်တိုးတိုးပြောလျက် ရင်တလှပ်လှပ်ဖြင့် မှိန်းနေလေသည်။
( ၁၄ )
မလှသင်သည် ဆောက်တည်ရာမရအောင် အရူးတပိုင်းဖြစ်နေလေသည်။ မှန်လည်း မကြည့်နိုင်။ သနပ်ခါးလည်း မလိမ်းနိုင်။ ခေါင်းစုတ်ဖွားနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေလျက် အတော်ကြီး ပိန်ချုံးသွားလေသည်။ အချိန်ရှိသရွေ့ ဘုမအကြောင်းပဲ ခေါင်းထဲ ဝင်လေသည်။ ထမင်းစားနေလည်း ဘုမကလွဲ၍ ဘာတွေးနေမှန်း သတိမထားနိုင်ပေ။ သူများစကားလာပြောလျှင် ဘုမကလွဲ၍ ဘာတွေပြောသွားမှန်း မမှတ်မိပေ။ တခါတရံလည်း မျက်ရည်နှင့်မျက်ခွက်၊ တခါတရံလည်း ရှစ်ခေါက်ချိုးမျက်နှာနဲ့ မြင်မြင်ကရာ ဖိမဲ ဖိဆူနေကာ စားရမှန်း၊ အိပ်ရမှန်းမသိအောင် စားလည်း သည်စိတ်၊ အိပ်လည်း သည်စိတ် ဖြစ်နေလေသည်။
ဦးသာဖူးသည် နေ့စဉ် ဘီလူးထွက်ထွက်နေသော မလှသင်၏ဒေါသကို မခံရပ်နိုင်လာ၍ ရက်များမကြာမီပင် စက်ဝင်းထဲကအိမ်သို့ ဘုမနှင့် ပြောင်းရွှေ့နေလိုက်လေ၏။ မလှသင်သည် ဦးသာဖူးအိမ်ပေါ်မှ ဆင်းသွားကတည်းက စက်ထဲသို့ မသွားတော့ချေ။ မောင်ပါမှာ ဦးသာဖူးနှင့် မလှသင်စပ်ကြားတွင် အဖေ့အမိန့်ကိုလည်း မလှန်ဝံ့။ အမအမိန့်ကိုလည်း မပယ်ဝံ့ဖြင့် ဒုက္ခများနေရှာ၏။
ဦးသာဖူး ပိုက်ဆံသိမ်းယူလိုက်သောနေ့ဆိုလျှင် မောင်ပါသည် အိမ်ပြန်ရန် ကျားမြီးဆွဲရမလို ကြောက်နေလေသည်။ ငွေများများယူလိုက်သောနေ့မျိုး၌ မလှသင်သည် မိုးမမြင်လေမမြင် ဒေါသူပုန်ထ၍မပြီးတော့ချေ။ ကုလားမနိုင် ရခိုင်မဲလေ၏။ မောင်ပါကို အဖေနှင့် တကြိတ်တည်းတဥာဏ်တည်းဟု ဆူပွက်လျက် အိမ်ပေါ်မှ အတင်းနှင်ချတတ်သည်။ မောင်ပါသည် စောင်ကြီးခေါင်းမြီးခြုံကာ တုတ်တုတ်မျှမလှုပ်ပဲ ပေအိပ်နေလေသည်။
ဘုမကို ရွှေဘီးတချောင်းနှင့် ရွှေလက်ကောက်များလုပ်ပေးသည်ဟု မောင်ပါ့ထံမှ ကြားသိရသောသတင်းသည် မလှသင်အတွက် ခေါင်းမီးလောင်သွားသောသတင်းဖြစ်သည်။
“ တသက်လုံး ရွှေကို မူးလို့မှ မရှူဘူးတဲ့ ကူလီသမီးက အမလေး ရွှေဘီးနဲ့ ရွှေလက်ကောက်တွေနဲ့တဲ့ ...တော့် ”
မလှသင်သည် ကြိတ်မနိုင်ခဲမရနှင့် သူ့ခေါင်းတွင်ပတ်ထားသော ရွှေဘီးကို ဆွဲဖြုတ်ယူကာ လွှင့်ပစ်လိုက်လေ၏။ ရင်ရင်က လိုက်ကောက်ယူကာ သိမ်းထားလိုက်ရသည်။ ထိုနေ့သည် မကောင်းဆိုးရွားနေ့ဖြစ်လေသည်။ အမင်္ဂလာကို ကြားရသဖြင့် ရင်ထဲ၌ နောက်နေလေသည်။ ဘယ်နေရာ ထိုင်ရမလို၊ ဘယ်နေရာ သွားရမလို၊ နေမထိထိုင်မထိဖြစ်လျက် ရင်ပူလွန်း၍ ရေတခွက်ပြီးတစ်ခွက် ခပ်သောက်နေရလေသည်။
ထိုသတင်းကြားပြီးနောက် မလှသင်မှာ ဆိုင်မထွက်နိုင်တော့ပဲ အိပ်ယာထဲတွင် လဲနေလေသည်။ သူ့ရင်ထဲ၌ ပူလောင်နေသောအပူမှာ ဘယ်အပူနှင့်မှ မတူ။ အရှင်လတ်လတ် မီးမြိုက်ခံနေရသကဲ့သို့ မချိမဆန့် လောင်လိုက်ပူလိုက်သည်ဖြစ်ခြင်း။ ဘုမကို အရိုးအသားရှာမတွေ့အောင် စိစိညက်ညက် ခြေပစ်ချင်နေသည်။ ဦးသာဖူးကို အဖေအဖြစ်မှ သေခန်းရှင်ခန်း ဖြတ်ပစ်လိုက်လိုသည်။ ဆန်စက်ကြီးကိုလည်း မီးရှို့ပစ်လိုက်ချင်သည်။ သေသောသူကိုပင် မချန်ပဲ သူ့အပူ ကိုယ့်အပူလာဖြစ်ရသည်ဟု မလှသင်သည် အားလုံးကို သိမ်းကျုံးနာနေလေသည်။
( ၁၅ )
အလှသည် အိပ်ယာထဲ၌ ခွေနေသော မလှသင်ကို မျက်နှာလိုမျက်နှာရ အနားမှ ဆွပေးလိုက်သည်။
“ အောက်လမ်း ဆေးတွေဝါးတွေနဲ့များ လုပ်ထားသလားမှမသိပဲ မမရဲ့ ”
မလှသင်သည် ဒါမျိုးတွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ချေ။ မယုံကြည်ခဲ့ပဲလျက် အခုတော့ ဒါကို ယုံရကောင်းနိုးနိုး ယုံရမလိုလို ဖြစ်လာသည်။ ကြံရာမရတော့သဖြင့် နဖူးပေါ်၌ လက်တင်လျက် ရင်ဝကအပူလုံးကို တဟူးဟူးနှင့် မှုတ်ထုတ်လိုက်ပြီး အံကြိတ်လိုက်လေသည်။
“ ဗေဒင်လေး ဘာလေး မေးကြည့်စမ်းပါဦး မမရဲ့ ”
ဒေါသမီး ဖိစီးလျက် အိပ်ယာထဲ၌ ခြေပစ်လက်ပစ်ဖြစ်နေသော မလှသင်သည် ငေါက်ကနဲ ထထိုင်လိုက်လေသည်။ ခါးပေါ်၌ ဖားလျားကျနေသောဆံပင်များကို နောက်တွင် ဆွဲထုံးလိုက်သည်။ ရေတခွက် တောင်းသောက်လိုက်ပြီး ထီးတချောင်းဆွဲလျက် အိမ်ပေါ်မှ ခပ်သုတ်သုတ်ဆင်းသွားလေ၏။
မိမိကိုမသိသော ဗေဒင်ဆရာကို လိုက်လံမေးမြန်း စုံစမ်းကြည့်သည်။ နောက်မှ အသိတယောက်က ညွှန်ပြလိုက်သော အင်္ဂဝိဇ္ဇာဗေဒင်ဆရာ၏အိမ်ပေါ်သို့ ခပ်ကုပ်ကုပ်ကလေး တက်သွားလေ၏။ နှုတ်ခမ်းမွှေးကျင်စွယ်နှင့် မျက်စိတဖက်လပ်နေသော ဗေဒင်ဆရာသည် မလှသင်အိမ်ပေါ်တက်လာသည်နှင့် စာဖတ်နေရာမှ ဒန်ကိုင်းမျက်မှန်ကို မ,လျက် အကဲခတ်သောမျက်လုံးအကောင်းတဖက်ဖြင့် လှမ်းကြည့်လိုက်သည်။
“ ထိုင် သူငယ်မ။ ဘယ်နှစ်ခုလဲ။ ဘယ်နေ့လဲ ”
အင်္ဂဝိဇ္ဇာဗေဒင်ဆရာသည် ခုနှစ်သက္ကရာဇ်မေးမြန်းပြီးနောက် ဘောင်မရှိသော ကျောက်သင်ပုန်းကလေးတချပ်ပေါ်တွင် တွက်ချက်နေလေသည်။
“ သူငယ်မ အပူသင့်နေပြီ ”
“ ဟုတ်တယ် ဘကြီးရယ် ”
မလှသင်သည် အမောဆို့လာသောအသံဖြင့် ပြန်ပြောလိုက်သည်။
“ တခြားအပူ မဟုတ်ဘူးဗျ။ ခြေနှစ်ချောင်းအပူ ”
“ အစစ်ပါပဲ ဘကြီးရယ် ”
ဗေဒင်ဆရာသည် မျက်နှာမော့လိုက်ကာ မျက်မှန်ကိုင်းကို မလျက် အာရုံစိုက်ကြည့်လိုက်သည်။ ပြီးမှ ခေါင်းတဆတ်ဆတ် ညိတ်နေလေသည်။ ထို့နောက် ငုံ့၍ တွက်နေပြန်လေသည်။ မလှသင်သည် ရင်တဖိုဖိုနှင့် စောင့်ဆိုင်းနေသည်။ သည်ဆရာမှတပါး သူ့တွင် ကိုးကွယ်ရာမရှိတော့သကဲ့သို့ အားထားသောမျက်လုံးကြီးများဖြင့် စိုက်ကြည့်နေလေသည်။
“ ခြေနှစ်ချောင်းက မိန်းမ မဟုတ်ဘူး။ ယောက်ျားနဲ့ ဆိုင်တယ်။ ရှင်းရှင်းပြောရင် မယားငယ်ယူသပေါ့ကွယ် ”
“ ဟုတ်လိုက်တာ ဘကြီးရယ် ”
မလှသင်၏မျက်လုံးများသည် ဝင်းလက်သွားပေတော့သည်။ သူ့အပူတွေ သက်သာရာရအံ့တော့ဟု မျှော်လင့်ဇောနှင့် သူ့ရင်ထဲ၌ တခဏ အေးမြသွားလေ၏။ ဗေဒင်ဆရာသည် ကျောက်သင်ပုန်းပေါ်၌ ကျောက်တံသံထွက်အောင် ပြင်းပြင်းဆွဲခြစ်တွက်လျက် ကျောက်တံနှင့် တဒေါက်ဒေါက် ခေါက်ပြောလိုက်ပြန်သည်။
“ အင်း ... ဒီကိန်းကျလို့ ဒီအပူ သင့်ရတာပဲဟ။ မယားငယ်ယူတာ မကြာသေးဘူး ”
ဗေဒင်ဆရာ၏ဟောကိန်းမှာ တခွန်းထက် တခွန်း သွေးထွက်အောင် မှန်လှချေ၏။ မှန်လွန်လွန်း၍ မလှသင်သည် သိပ်လွန်သွားမည်ကိုစိုးသဖြင့် သူကအရင်ဦးအောင် ဖွင့်ပြောပြသည်။
“ ယောက်ျားဆိုပေမယ့် ကျွန်မအဖေပါ ဆရာရဲ့ ”
ဗေဒင်ဆရာ၏ တဒေါက်ဒေါက်ခေါက်နေသော ကျောက်တံသည် အရှိန်သတ်သွားသည်။ ဣန္ဒြေပျက်သွားကာ ယောင်ပြီး ရပ်လိုက်မိခြင်းအတွက် ကပျာကယာအမူအရာပြန်ပြင်ကာ အသံခပ်ပြတ်ပြတ်ဖြင့် လှိမ့်ဝါးချလိုက်လေသည်။
“ ခြေနှစ်ချောင်း ယောက်ျားလို့ပြောတာ အဖေလည်း ယောက်ျား၊ အစ်ကိုတို့ မောင်တို့လည်း ယောက်ျားပဲမဟုတ်လား ”
“ ဟုတ်ပါတယ် ဆရာရယ်။ ဟုတ်ပါတယ် ”
“ ကိုင်း ... ဆို ... ဘာသိချင်သလဲ ”
ဗေဒင်ဆရာသည် ကျောက်တံကိုလွှတ်ချလိုက်ကာ ဟန်နှင့်ပန်နှင့် ဆေးလိပ်ညှိသောက်လိုက်လေသည်။
“ သူတို့ မြဲမှာလား။ ကွဲမှာလား။ သိချင်လို့ပါ ”
ဗေဒင်ဆရာသည် ဆေးပြင်းလိပ်တိုကို ပါးစောင်တွင်ခဲပြီး ဆက်၍ တွက်ပြန်လေသည်။
“ မကွဲဘူးဗျ။ မြဲမှာ။ မမြဲစေချင်ရင် ဆေးဖယောင်းတိုင် ထွန်းရမယ် ”
မလှသင်သည် ငြိမ်သွားလေသည်။ အကင်းပါးလှသောဗေဒင်ဆရာသည် မမြဲစေချင်မှန်းကို ဖွင့်မပြောပဲနှင့် သိနှင့်ပြီးဖြစ်သည်။ အတွေ့အကြုံများနေသူပီပီ ခပ်တိုတို ခပ်ဆတ်ဆတ် ထပ်ပြောလိုက်သည်။
“ မယားငယ်ဝတ်တဲ့ အင်္ကျီအဟောင်းနဲ့ ငွေဆယ့်ငါးကျပ် ယူခဲ့။ ကြားလား သူငယ်မ။ ဒါပဲ ”
မလှသင်သည် ငွေငါးကျပ်ကို ကျောက်သင်ပုန်းပေါ်၌ တင်လိုက်ကာ “ ဟုတ်ကဲ့ ဆရာ ” ဟုဆိုလျက် ဗေဒင်ဆရာ၏အိမ်ပေါ်မှ လေးလေးကန်ကန် ဆင်းလာခဲ့သည်။
( ၁၆ )
ဘုမအင်္ကျီအဟောင်းရရန် ရုတ်တရက် မလွယ်ချေ။ ဦးသာဖူးနှင့် ခင်မင်သော ဒေါ်စိုးကို သတိရလိုက်မိသည်။ ဒေါ်စိုးမှာ စက်ထဲမှ ဆန်အိတ်တရာ နှစ်ရာဆွဲသော ဖောက်သည်ရင်းဖြစ်သည်။ ဒေါ်စိုးကို တဖက်လှည့်နှင့် ယူခိုင်းရန် အကြံရသွားသဖြင့် ဒေါ်စိုးဆိုင်သို့ တန်းသွားလေ၏။
မလှသင်သည် ဒေါ်စိုး၏ဆိုင်ပေါ်တွင် မတွေ့ချင်သောသူတွေနှင့် ပက်ပင်းသွား၍ တိုးလေသည်။ ဆန်ဆိုင်ပေါ်တွင် လက်ဖက်ဝိုင်းကြီးဖွဲ့လျက် အပျင်းပြေစားနေကြသော မိန်းမတစုသည် မလှသင်ကို မြင်လျှင်မြင်ချင်း အချင်းချင်းလက်တို့ကာ မျက်နှာချိုသွေးလိုက်ကြသည်။
“ ဘယ့်နှယ် အပျိုကြီး။ ဘယ်လိုဖြစ်လာပြန်သတုန်း။ ပိန်လှချည်လားတော် ”
အသက်လေးဆယ်အရွယ် အရပ်မြင့်မြင့်၊ နှာတံပေါ်ပေါ်၊ မဟာနဖူးနှင့် စိန်ဘီးကလေးစိုက်ထားသော သူဌေးကတော်ဒေါ်နုမေက ဆီး၍ပြောလိုက်သည်။
“ ပိန်ဆို သည်အပူ ဘယ်အပူနဲ့မှ မတူပါဘိ ”
မလှသင်မှ မဖြေရသေး။ ဒေါ်နုမေအနီးထိုင်နေသော ရွှေကိုင်းမျက်မှန်တပ်ထားသော ရွှေသွားတဝင်းဝင်းနှင့်မသန်းရီသည် ပြောလိုက်ရင်း ဟားတိုက်ရယ်နေလေသည်။
“ အပျိုကြီးနှယ်တော် ဟုတ်ပါရဲ့။ လင်မယူ သားမယူနဲ့ အခုတော့ အပျိုကြီးမမရယ် ဒုက္ခများလှတယ် ”
မအေးကြည်က ဆက်လိုက်ပြန်သည်။ မအေးကြည်သည်ကား ဘီအိုစီဓာတ်ဆီဆိုင်ပိုင်ရှင်၏ နောက်မယားဖြစ်သည်။ ကပိုကယိုနှင့် အပူရုပ်ဆောင်နေသော မလှသင်သည် မျက်နှာပျက်ပျက်၊ ရှက်ရှက်နှင့်ပင် အသီးသီးကို လှမ်းရယ်ပြလျက် ဝင်ထိုင်ရလေသည်။
စာရင်းတွက်နေသော ဒေါ်စိုးက “ ညည်းအဖေ စက်ထဲကအိမ်ကို ပြောင်းသွားပြီဆို ” ဟု လှမ်းမေးသည်။
“ ပြောင်းသွားကြပြီ ဒေါ်ဒေါ်ရဲ့။ ဘယ်တူတူနေလို့ ဖြစ်နိုင်ပါ့မလဲ။ ပြောင်းမယ့်နေ့က ကျွန်မနဲ့အဖေ အကြီးအကျယ် စကားများကြတယ် ”
“ ဘာဖြစ်လို့လဲ ပြောစမ်းပါဦး ” ဟု ဒေါ်နုမေက မျက်ခုံးချီလျက် ကြားချင်ဇောနှင့် ပေါင်ပုတ်မေးလိုက်၏။
“ ဖြစ်တာတော့ မပြောပါနဲ့တော့ မနုမေရယ်။ ကျွန်မကို ပြောသွားလိုက်တာ အသည်းနာလို့ မဆုံးပါဘူး ”
“ ဘယ်လို ပြောသွားလို့လဲ ” ဟု မသန်းရီက မေးလိုက်ပြန်သည်။
“ နင်ဟာလေ အခုထက်ထိ လင်လည်းမယူဘူး။ ကိုယ်ချင်းစာတရားလည်း မရှိဘူးတဲ့။ ကြည့်စမ်းပါဦးရှင်။ ပြောပုံက ”
ဝါးကနဲ ရယ်လိုက်ကြလေသည်။
“ အဲဒီတော့ မလှသင်က ဘာပြန်ပြောလိုက်သလဲ ”
မသန်းရီက မျက်နှာပိုးသတ်ပြီး မေးပြန်သည်။ မလှသင်သည် ရောက်စကလို ညှိုးငယ်ခြင်းအရိပ်အယောင်များ လွင့်ပျောက်သွားလျက် ဒေါသအရှိန် ကြွလာပြန်သည်။
“ မယူနိုင်ဘူးရှင်။ ကလေးတွေ တပုံတခေါင်းကြီးကို ပစ်ပြီး ယူနိုင်တဲ့သူသာ ယူကြလို့ ပြောပစ်ခဲ့တယ် ”
ဒေါ်နုမေတို့လူသိုက်သည် ဝါးကနဲ ရယ်ကြပြန်သည်။ တော်တော်နှင့် အရှိန်မသတ်နိုင်ပဲ ခွက်ထိုးခွက်လှန် ရယ်နေကြသည်။ ဒေါသရှေ့ထားနေသောမလှသင်သည် သူဘာပြော၍ ပြောနေမိမှန်းမသိ။ သူ့ကို ဝိုင်းပြီး ဝါးကနဲရယ်နေကြသည်ကိုလည်း ဘာ့ကြောင့်ရယ်မှန်း သူ မခွဲခြားနိုင်။ မီးကုန်ယမ်းကုန်ထွက်လာသော ဒေါသဖြင့်သာ မွှန်ထူနေကာ ရှူးရှူးရှဲရှဲနှင့် အစကအဆုံး ဇာတ်စုံခင်းပြနေမိပြန်သည်။
( ၁၇ )
မလှသင်၏ဒေါသ အရှိန်ပြင်းလာအောင် ဒေါ်နုမေတို့ တယောက်တပေါက် ဘေးကနေဝိုင်းပြီး တွန်းပင့်ပေးကြပြန်သည်။
“ အခုတော့ အစေခံမက ရွှေဘီးနဲ့ ရွှေလက်ကောက်နဲ့ရှင့် ”
“ အဘိုးကြီးက အတော်စွဲနေမှကိုး ” ဟု ဓာတ်ဆီဆိုင်ပိုင်ရှင်၏မယားငယ်က ဝင်ပြောပြီး တဟီးဟီးနဲ့ လှောင်ရယ် ရယ်လိုက်သည်။
“ ပါးဆွဲချဖို့ ကောင်းတယ် ” ဟု ရွှေမျက်မှန်နှင့် သန်းရီက မျက်နှာထိမျက်နှာထားနှင့် ပြောလေသည်။
“ လက်သနခံလို့တော် ” ဟု မနုမေက ပြောပြီး သူ့နှုတ်ခမ်းကို နားရွက်နားရောက်အောင် ပြဲမဲ့ထားလျက် နှာခေါင်းကြီးကို ရှုံ့ချည်ပွချည်လုပ်နေလေသည်။
“ ဒေါသဖြစ်လိုက်တာ မပြောပါနဲ့တော့။ ရုပ်သာ ကြည့်ကြပါတော့။ အမေသေတာ ဘာမှ မကြာသေးတော့ စိတ်မချမ်းသာလိုက်တာ။ ကျွန်မရင်ထဲမှာ ဆတ်ဆတ် ဆတ်ဆတ်နဲ့ အမြဲတုန်နေတယ်။ အိပ်လည်း မအိပ်နိုင်ဘူး။ အစာဆိုလည်း မကြည့်ချင်ဘူး။ တည တည မအိပ်နိုင်တိုင်း ဆေးလိပ်ထသောက်တာ ဆေးလိပ်အစိတ်လောက် ကုန်တယ် ”
“ ဖိုးသူတော်လဲတော့ တောင်ဝှေးရှိသတော့ ။ အပျိုကြီးလဲတော့ ဘယ်သူရှိပါ့မလဲ။ ကြည့်လဲ ပူရှင့်။ ရှင့်မှာ ကလေးတွေတပုံကြီးနဲ့ ”
မနုမေသည် မလှသင်အပေါ် ကရုဏာရှိသယောင်ယောင်နှင့် သရော်လိုက်လေသည်။
“ ပူတယ်လေ ... ဆယ်နေကဲ ... ”
မအေးကြည်သည် မနုမေကို မျက်စပစ်လိုက်လျက် ခပ်ဆွဲဆွဲဆိုနေလေသည်။ မဲ့ရွဲ့နေသောမနုမေသည် “ ဟား ဟား ဟား ဟား ” ဟု ရယ်မောနေသည်။
( ၁၈ )
ဒေါ်စိုးသည် စာရင်းစာအုပ်ပိတ်ပြီးလျှင် ဆန်အိတ်ကို မှီထိုင်လျက် လက်ပိုက်ပြီး ဘာတခွန်းမျှဝင်မပြောပဲ မလှသင်ကို စိုက်ပြီးကြည့်နေလေသည်။ မြင်နေကျရုပ်နှင့် အခြားနားကြီး ခြားနားသွားသောအဖြစ်ကို စိုက်ပြီး ကြည့်နေပုံရလေသည်။ ယခင်က မလှသင်စျေးထွက်လျှင် ဝတ်စားပြင်ဆင်လာပုံများမှာ ပွဲထိုင်သွားမည့်သူက အရှုံးပေးရလောက်၏။ ယခုမူကား လက်ဝတ်လက်စားလည်း မဝတ်။ ဆံထုံးနောက်တွဲ ထုံးလျက် ခေါင်းပေါ်မှဆံပင်များမှာ နားထင်ပေါ်၌ ဟိုလွင့် သည်လွင့် ဖွာကျနေလေသည်။ မမှုန်မသပဲထားသော မျက်နှာလည်း ထင်းထင်းကြီး ပြောင်တင်းနေသည်။ အိမ်ထဲဝတ်သော အင်္ကျီဟောင်း၊ လုံချည်ဟောင်းနှင့်ပင် ထွက်လာသည်။
“ မလှသင်ရယ် ဒေါသရှေ့ထားရင် မှားတော့မပေါ့။ သေသေချာချာ စဉ်းစားကြည့်စမ်းကွယ်။ ညည်းမလိမ္မာလို့ ဒုက္ခများရတာ။ ညည်းအနေနဲ့ ဒီကိစ္စကို သိသိချင်း ရှေ့နောက်ဆင်ခြင်စဉ်းစားပြီး အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ပေးစားလိုက်ဖို့၊ ခွင့်ပြုလိုက်ဖို့ ကောင်းပါတယ်။ ညည်းသာ ဒီလိုလုပ်နိုင်ရင် သူတို့လည်း အိမ်ပေါ်က ပြောင်းမဆင်းသွားဘူးပေါ့။ စီးပွါးလည်း ခွဲမနေရဘူး။ ခါတိုင်းလိုပဲ ညည်းသြဇာ နာခံရမှာပဲ။ ညည်းရဲ့လက်ဝေခံ သုံးကြရမှာပဲ။ ကုန်ကုန်ပြောမယ် မလှသင်ရယ်။ ရွှေဘီးတို့ ရွှေလက်ကောက်တို့ဆိုတာ ညည်းဆင်မှ ဒင်း ဝတ်ရမှာပါ။ ငါပြောတာ မဟုတ်ဘူးလားအေ ”
မလှသင်မှာ ငိုင်ပြီး တွေးနေလေသည်။ သူ့အတွေးမှာ မကြည်လင်သေးမှန်း မျက်နှာအိုနေခြင်းက ပြနေလေသည်။
“ ဒါကတော့လည်း ဒေါ်ကြီးစိုးရယ်။ ခိုင်းတဲ့ကောင်မကို အိမ်ဦးခန်းတင်ရမှာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ မဟုတ်တာ.... ။ တနည်းနဲ့မကွဲ တနည်းနဲ့ ကွဲအောင် ကြံဖို့ပဲ ရှိတယ် ”
မနုမေက ဝင်ပြောသည်။ မလှသင်သည် သူ့ဘက်မှ မနုမေ ဝင်ရောက် ထောက်ခံအားပေးခြင်းကို အကြိုက်ကျသောမျက်လုံးမျိုးဖြင့် စွေစောင်းကြည့်လိုက်လေသည်။
“ ဒီလိုလည်း မဟုတ်သေးဘူး မနုမေရဲ့။ ခိုင်းတဲ့ကောင်မ ထားပါဦး။ သူ့အမေ မသီကိုယ်တိုင်တောင် ဘယ်တုန်းကများ အိမ်ဦးခန်းမှာ နေသွားရသလဲ။ သူ့ခမျာ သေသာသွားရှာရော။ မီးဖိုချောင်နဲ့ အချိန်ကုန်သွားရတာပါ။ သူ့ယာက်ျားဝေယျာဝေစ္စနဲ့ နေ့ရှိသရွေ့ အလုပ်များနေရတဲ့မသီကို ဘယ်တုန်းကများ အိမ်ဦးခန်းမှာ တွေ့ဖူးကြလို့တုန်း။ သူ့ခမျာ ကျွန်မယား ကျေးမယားကျနေတာပဲ။ ကိုသာဖူးနဲ့က အဲသလိုမိန်းမမျိုးနဲ့မှ ဖြစ်မှာ။ အိမ်ဦးခန်းမှာနေမယ့် မိန်းမမျိုးနဲ့ ဖြစ်မလား။ စဉ်းစားကြည့်ကြပါဦး။ သူ့ဝေယျာဝေစ္စ၊ သူ့သည်းညည်းခံနိုင်မယ့်ဟာမျိုး သူ့နားမှာ တယောက်အမြဲရှိနေမှဖြစ်မှာ။ သူ့ဒဏ်ကို တာရှည် ဘယ်သူခံနိုင်မလဲ ”
မလှသင်၏မျက်လုံးများတွင် မျက်ရည်များ ဝဲနေလေသည်။ အိုနေသောမျက်နှာထားမှာ ညှိုး၍ လာလေသည်။ ပြောင်တင်းနေသောမျက်နှာသည် သွေးမရှိသလို ဖြူဖပ်ဖြူလျော်ပင်ဖြစ်လာ၏။
“ ဒေါသရှေ့ထားရင် မှားမှာချည်းပဲ။ ညည်းတို့ကို အမွေခွဲပေးသေးတာလဲ မဟုတ်ဘူး။ မလှသင် ညည်းဒေါသကို ညည်း မရုတ်သိမ်းနိုင်ဘူးဆိုရင် စက်တွေ၊ အိမ်တွေ၊ ညည်းအမေနာမည်နေရာမှာ ဘုမနာမည် ရောက်လာလိမ့်မယ်။ ဒါမျိုးဆိုတာ လူမတတ်ပေတဲ့ လက်ဖက်ထုပ်က တတ်လာလိမ့်မယ်။ ငါပြောချင်တာက အခုနေ ညည်းစိတ်ကိုပြင်ဖို့ အချိန်ရှိပါသေးတယ်။ ညည်းမှာရှိတဲ့ အသိတရားတွေကို ဒေါသက ဖုံးနေပြီ။ ပြီးတော့ ညည်းမှာ အကုသိုလ်ဘယ်လောက်များသလဲ။ ညည်းအဖေအပေါ် ဖြစ်သမျှဒေါသတွေဟာ အပြစ်ချည်းပဲကွယ့်။ ဒီအပြစ်ကမှ ကြောက်ဖို့သိပ်ကောင်းတဲ့အပြစ်ပေါ့။ ဒေါသရဲ့ကောင်းကျိုးကလည်း ဘယ်မတုန်းကွယ်။ ကိုယ့်ရုပ်ပဲ ကိုယ် ပြန်ကြည့်စမ်းပါဦး။ အရင်နဲ့ တူသေးရဲ့လား။ ငါ့စကားကို သေသေချာချာ စဉ်းစားပြီး လက်ခံနိုင်မယ်ဆိုရင် ရှေ့ကို ဒီထက်တိုးပြီးတော့ စိတ်သောက မရာက်တော့ဘူးဆိုတာ ငါ အာမခံရဲပါတယ်။ ဒီအတိုင်းသာမပြင်ရင်တော့ ဒီ့ထက်တိုး စိတ်ဆင်းရဲရလိမ့်မယ် ”
မခံမရပ်နိုင်အောင် အပူကြီးလျက်ရှိနေရှာသော မလှသင်သည် ရှေ့နောက်သိတတ်ခြင်းရှိသော ဒေါ်စိုး၏စကားကြောင့် ရှေ့ကလောက် သွေးမဆူနိုင်တော့ပဲ တွေဝေငေးငိုင်လာလေသည်။
“ ကျပ်ကျပ်စဉ်းစားပါ မလှသင်ရယ်။ ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲ။ သောကတွေလည်း ကြီးမနေပါနဲ့တော့ကွယ် ”
ဒေါ်ကြီးစိုး၏နားချစကားကို ခေါင်းငုံ့ကာ နာခံရင်းက မလှသင်၏မျက်ဝန်းနှစ်ဖက်မှ မျက်ရည်ပေါက်ကြီးများသည် တလိမ့်လိမ့် စီးကျလာလေသည်။ ဒေါ်စိုးသည် အပူကြီးနေရှာသော မလှသင်အား အသနားပိုမိလျက် မြန်မြန် အမြင်မှန်ရကာ စိတ်အေးချမ်းသွားပါစေတော့ဟု ရင်တွင်းမှ ထပ်ကာတလဲလဲ ဆုတောင်းပေးနေမိသည်။
---
#ဂျာနယ်ကျော်မမလေး
#သည်အပူ
#shared_by_louis_augustine
Comments
Post a Comment