ပျို့ခန်းသာ ဝိုက်ကာ မွှေးတယ် // ကြူးနှစ်
ပျို့ခန်းသာ ဝိုက်ကာ မွှေးတယ် // ကြူးနှစ်
(ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၉၁၊ မေလ၊ ၁၉၉၇)
---
ပိတ်ထားသော အနီရောင်သွပ်ပြားတံခါး၏ အခြားတစ်ဖက်မှ လည်ပတ်နေသော စက်တစ်လုံး၏ အော်မြည်သံကို သူတို့အားလုံး ကြားနိုင်ကြသည်။ နေ့စဉ်လိုလို မြည်နေကျ စက်သံသည် သူတို့တတွေ၏ နားအာရုံများကို ညင်ညင်သာသာ ငြီးငွေ့စေလိုသည့်အလား ညင်သာစွာ ပျံ့လွင့်လျက်ရှိသည်။
သို့တစေ သူတို့မှာ ငြီးငွေ့ချိန် မရကြပါ။ အော်မြည်နေသောစက်က သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လျှင်လည်း သူတို့မှာ ညည်းတွားပြစ်တင်ခွင့် မရှိကြပါ။ အော်မြည်နေသော စက်ရှိရာ အခန်းထဲသို့လည်း သူတို့ တတွေ ဝင်ရောက်ခွင့် မရှိပါ။ သွပ်ပြား တံခါးရွက်တွင် အနီခံ၌ အဖြူရောင်ဆေးဖြင့် ရေးထားသော “မဝင်ရ”စာလုံး ပြူးပြူးကြီးက သူတို့ကို အမြဲတစေ အသံတိတ် သတိပေး တားမြစ်နေသည့် အလားပင် ဖြစ်သည်။
အော်မြည်နေသော စက်ရှိရာ အခန်းထဲသို့ သူတို့သည် ဝင်ထွက်ခွင့် လုံး၀ မရှိကြပါ။ ထိုအခန်းသည် “ဒေဝစ္ဆရာ” အသားလှ သနပ်ခါးဆီ ထုတ်လုပ်ရေး အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း၏ ထိပ်တန်း လျှို့ဝှက် ဓာတ်ခွဲခန်းနှင့် သနပ်ခါးဆီ ဖြည့်ဆည်းရေးခန်းပင် ဖြစ်သည်။
ထိုအခန်းထဲသို့ ဝင်ထွက်ခွင့်ရှိသူ အနည်းငယ်ထဲ၌ အသက် ၃၀ ကျော်ခန့် အသားညိုမောင်းမောင်း ၊ ကြွက်သား တောင့်ထွားထွား၊ မျက်လုံးပေါက်ကျဉ်းကျဉ်းနှင့် “တလုတ်ဖြူ” ပါဝင်သည်။ တလုတ်ဖြူသည် ဒေဝစ္ဆရာ၏ ပိုင်ရှင် နှင့် ဆွေမျိုးနီးစပ်တော်သည်ဟု ဆိုကြသည်။ အော်မြည် နေသော စက်ရှိရာ အခန်းမှ အနီရောင်တံခါးသည် တစ်နေ့လျှင် ကြိမ်ဖန်များစွာ ပွင့်လာတတ်ပြီးလျှင် ပွင့်လာတိုင်း တလုတ်ဖြူက စက္ကူဂျပ် ပုံးတစ်ပုံးကို နိုင်နင်းစွာ ပွေ့ပိုက်သယ်ယူလာတတ်သည်။ သယ်ယူလာသော ဂျပ်ပုံးကို ဓာတ်ခွဲခန်း နှင့်ကပ်လျက် “ထုတ်ပိုးရေးခန်း”မှ ကြမ်းပြင်တစ်နေရာတွင် ချထားကာ တလုတ်ဖြူသည် “မဝင်ရ”အခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားလေ့ရှိ၏။ ကိုယ်ခန္ဓာ အောက်ပိုင်းနှင့် အထက်ပိုင်းကို တစ်ဆက်တည်း ဖုံးလွှမ်းထားသည့် စက်ပြင်အလုပ်သမား ဝတ်စုံ“အိုဗာရော” နှင့်တူသော အဖြူရောင်ဝတ်စုံ ပွပွကြီးကို ဝတ်ထားသည်။ ထွားကျိုင်းမြင့်မားသော တလုတ်ဖြူကို သူတို့ထဲမှ တစ်ယောက်က “ဝင်ရိုးစွန်း ဝက်ဝံဖြူကြီး”ဟု နာမည်ပြောင် မှည့်ထားသည်။
သူတို့အားလုံး ရှစ်ယောက်ဖြစ်သည်။ အားလုံး အသက် ၂၀ မကျော်ကြသေးသည့် မိန်းကလေး ချည်း ဖြစ်သည်။ အားလုံး အိမ်ထောင်မရှိသူချည်း ဖြစ်သည်။ သို့သော် အားလုံး ချောမောလှပသူချည်းတော့ မဟုတ်။ အားလုံး ရုပ်ဆိုး ကျည်းတန်ချည်းလည်း မဟုတ်။ ထုတ်ပိုးရေးစခန်းတွင် ယောကျာ်း အလုပ်သမားများကို ခိုင်းစေရန် ဘယ်တုန်းကမျှ စိတ်ကူးခဲ့ပုံ မရပါ။
ကျော့ကျော့စံသည် မကြာမီက တလုတ်ဖြူ စုပုံထားရစ်ခဲ့သော စက္ကူဂျပ်ပုံးများ ဆီသို့ တကျီကျီမြည်နေသော တစ်ဖက်ခန်းမှ စက်သံ၊ တဖောက်ဖောက် ပြောနေကြသော လုပ်ဖော်ကိုင်ဖက်တွေ စကားသံများကို ဖြတ်သန်း ၍ လျှောက်လာသည်။ စက္ကူဂျပ်ပုံး တစ်ပုံးကို ညောင်းညာထုံကျဉ်နေသော လက်နှစ်ဖက်ဖြင့် အားစိုက် မယူသည်။ သူမ၏ အလုပ်မှာ ဂရုတစိုက်ချသည်။ စက္ကူဂျပ်ပုံးထဲတွင် အစီအစဉ် မကျနစွာ စုပုံ ရောထွေး နေကြသည့် အချင်းနှစ်လက်မခန့် အထူတစ်လက်မခန့်ရှိ ဆင်စွယ်ရောင် ကော်ဘူးဝိုင်းကလေး တစ်ရာခန့် ရှိလိမ့်မည်။
ထိုကော်ဘူးဝိုင်းကလေးများထဲတွင် နိုင်ငံတစ်ဝန်းအသုံးများ ကျော်ကြားနေသော“ဒေဝစ္ဆရာ” အသားလှ သနပ်ခါးဆီ ပျဉ်းတွဲတွဲ အနှစ်များကို စနစ်တကျ ဖြည့်သွင်း ထားပြီး အဖုံးလုံအောင် စနစ်တကျ ပိတ်ထားခဲ့ပြီ ဖြစ်သည်။
ကျော့ကျော့စံက ဘူးဝိုင်းကလေး၏ ပတ်လည်ဘေးသား အမှတ်တံဆိပ် စက္ကူကလေးကို ရေစိုခံ ကော်ဖြင့် သပ်ရပ်ညီညာစွာ ကပ်ပေးရမည် ဖြစ်သည်။ ယင်းသည်ပင်လျှင် ဒေဝစ္ဆရာအလုပ်ခန်း ရုံးကလေး၌ ကျော့ကျော့စံ ရက်သတ္တပတ် တစ်ပတ်လျှင် ၆ ရက်တိတိ ဆောင်ရွက်ရသည့် အလုပ်တာဝန်ဖြစ်လေသည်။ လုပ်ခမှာ ပုတ်ပြတ်စနစ်ဖြစ်၏။ ဘူးတစ်ရာကို တံဆိပ်ကပ်ပြီးတိုင်း ကျော့ကျော့စံကို အလုပ်ရှင်က ငွေကျပ် နှစ်ဆယ်ပေးရသော အလုပ်သည် ညောင်ညာ လေးလံခြင်းမှအပ စိတ်ပျက်စရာတော့ မရှိ။ စိတ်တည်ငြိမ်ခြင်းကိုသာ ရဖွယ်ရှိသည်။ တစ်နေရာတည်းတွင် တစ်မျိုးတည်းသော ကိုယ်နေဟန်ထားဖြင့် ထိုင်လျက် တစ်ပုံစံတည်းသော လက်နှစ်ဖက်လှုပ်ရှားမှုကို တစ်နာရီပြီး တစ်နာရီ ဆက်တိုက်ထိုင်နေခြင်း အားဖြင့်ပင် နှလုံးသည် တည်ငြိမ်ခိုင်မတ်သော စွမ်းအင်တစ်ရပ်ကို သိမ်းပိုက် လာနိုင်စွမ်းပါသည်။ သို့သော် တစ်ဆယ့်ငါးနှစ်ရွယ် အပျိုဖျန်းကလေး တစ်ယောက် အဖို့ရာ သုဓမ္မာဇရပ်ထဲမှ အသက် ခြောက်ဆယ်ကျော်အရွယ် မိန်းမအို ယောဂီတစ်ဦးကဲ့သို့ သမာဓိထူထောင်ရန် လိုအပ်တော့မှာမဟုတ်။
ဒေဝစ္ဆရာမှ ထုတ်ပိုးရေးစခန်းသည် လှပစွာ ပွင့်လန်းနေသော ပန်းကလေး တစ်ပွင့်သာ ဖြစ်သည်။ သန့်ရှင်း သစ်လွင်သော အဝတ်အစား၊ ခေတ်နောက် မကျန်သော ခြယ်မှုန်းပြင်သမှု၊ လန်းရွှင်တက်ကြွသော ဟန်ပန်စကားသံ တို့ဖြင့် ရှင်သန်လှုပ်ရှား နေကြသည့် မိန်းပျိုကလေးရှစ်ယောက်သည် ဒေဝစ္ဆရာ အလုပ်ရုံရှိ အရပ်ခန်း များ၏ တန်ခိုးကြီးသော ဝိညာဉ် တစ်ပါးနှယ်။ တသီးတသန့် စိုးစံလျက်ရှိ၏။ သူတို့ထံသို့ ယောကျာ်းတိုင်း လာခွင့်မရှိ။ သနပ်ခါးဆီဘူးများ သယ်ဆောင်လာပေးသည့် တလုတ်ဖြူ (တလုတ်ဖြူ မအား၊ မရှိလျှင် အလုပ်ရုံမှ အထွေထွေလုပ်သား အဘိုးအို ဦးမောင်ခင်)နှင့် အလုပ်ရှင် ဦးဇော်ညွန့်တို့သာ ထုတ်ပိုးရေး ခန်းသို့ ဝင်ရောက်နိုင်ခွင့် ရှိသည်။
ဦးဇော်ညွန့်သည် ရွှေဘိုဇာတိ၊ အသည်းမည်းပြောင်ပြောင်၊ အရပ်ခြောက်ပေခန့် ရုပ်ဆိုးသွားခေါ လူထွားကြီး ဖြစ်သည်။ သူ့ ဇနီး ဒေါ်ခင်မူကတော့ မိုးဦးကျနံနက်ခင်းထဲမှာ မြေသားထဲမှ ထိုးထွက်စ ကောက်ရိုး မှိုငုံကလေးလို ဖြူသွယ်သေးလှီ သလောက် ယမင်းရုပ်ကလေးအလား ချောမောတင့်တယ်သည်။
ထိုအသားမည်း လူ့ဘီလူးကြီးက အလှကြိုက်သလို အမွှေးနံ့သာလည်း အလွန်အကဲ ခုန်မင်ရူးသွပ်တာတော့ အလွန်မတန် သေချာသည်။
သူ၏ အရေးကြီးဆုံး လုပ်ခွင်စည်းကမ်းများကို ရှုပါဘိ။ ထုပ်ပိုးရေးမှ မိန်းကလေးများ အလုပ်သို့ လာလျှင် ရေချိုး၊ အလှပြင်၊ လျှော်ဖွပ်၊ မီးပူတိုက် ဝတ်စုံသစ်ကို ဆင်မြန်းခဲ့ရမည်။ အလုပ်ခန်းသို့မဝင်မီ ခြေလက်တို့ကို ပြောင် သန့်စင်ကြယ်အောင် ဆေးကြောရန် မမေ့ရ။ ဓမ္မတာပန်းပွင့် ချိန်တွင် အလုပ်မဆင်းနှင့်။ ချွေးထွက်သန်သူများ သည် ဝတ်စုံအပိုများ ယူဆောင်လာဖို့ရန် အမေ့အလျော့ မရှိစေနှင့်။ အလုပ်ခန်းထဲမှာ မည်သည့်အစားအစာမျှ ရှိမနေစေရ။ ထမင်းစား ပြီးလျှင် လက်များသာမက ပါးစပ်ကိုပါ ပြောင်စင်အောင် သန့်ရှင်းကြပါ။ အလုပ်ခန်းထဲ၌ ဖိနပ်စီးလျှင် အလုပ်မှ ထုတ်ပယ်ခြင်း ခံရမည်။ လုံး၀ ဆေးလိပ် မသောက်ရ။ ပီကေ မဝါးရ။ နှပ်ညှစ်၊ တံတွေးထွေး လိုလျှင် အလုပ်ခန်းအပြင်သို့ ထွက်ကြရန်။
“အမွှေးအကြိုင်ဆိုတာ လူတိုင်းရဲ့ သည်းခြေကြိုက် ဣဋ္ဌာရုံပဲ သမီးတို့ရဲ့။ နတ်တွေ အထက် ပုဂ္ဂိုလ်တွေလည်း အမွှေးရနံ့ကို အလွန်နှစ်သက် သဘောကျ တော်မူကြတယ်။ ဒါကြောင့် ဦးဟာ အမွှေးနံ့ကြာရှည်ခံတဲ့အပြင် အသားအရေကို ချောမွေ့စေတဲ့ ဒေဝစ္ဆရာ သနပ်ခါးမိတ်ကပ်ကို တီထွင်ခဲ့တာပဲ သမီးတို့ရဲ့။ ဦးပြောချင်တာက သမီးတို့ဟာ မွှေးကြိုင်သင်းပျံ့တဲ့ အလှကုန်ပြုလုပ်နေတဲ့သူတွေ ပီပီ သမီးတို့ ကိုယ်တိုင် အနံ့မစော်ဘဲ အမြဲတမ်းမွှေးထုံနေဖို့ပဲ”
ထုပ်ပိုးခန်းထဲသို့ ဝင်လာပြီး မကြာခဏ ပြောကြားတတ်သော ဦးဇော်ညွန့်၏ ဩဝါဒကထာတစ်ပုဒ် ဖြစ်သည်။ သူလာတိုင်း သူ့ထံမှ ထိုင်းနိုင်ငံဖြစ် ချွေးနံ့ပျောက်ဆေးငွေ့များသည် ကျော့ကျော့စံတို့ ရှစ်ယောက်ကြားတွင် လှိုင်းထနေလေ့ ရှိ၏။ ထုပ်ပိုးရေးခန်းထဲသို့ ဒေဝစ္ဆရာပိုင်ရှင် ဝင်ရောက်လာလျှင် မိန်းကလေး ရှစ်ယောက်သည် နေမထိ ထိုင်မထိ စိတ်ကျဉ်းကျပ်နေလေ့ ရှိကြသည်။ အဘယ်ကြောင့်ဟူမူ ဦးဇော်ညွန့်သည် အမှိုက်ပုံ တစ်ပုံအနီးတွင် မိမိအတွက် စားကောင်း သောက်ဖွယ်တစ်ခုခု ရှာဖွေစူးစမ်းနေသော ခွေးလေ တစ်ကောင်နှယ် မိန်းမပျို ကလေးတို့အနီးတွင် နှာခေါင်းတရှုံ့ရှုံ့နှင့် အနံ့ခံတတ်သောကြောင့်ပင်တည်း။ ထိုလူကြီးသည် အသန့်အပြန့်လည်း ထူးထူးကဲကဲ ကြိုက်သေး၏။
“မိမိ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ဖြင့် ဒေဝစ္ဆရာ၏ အရည်အသွေးကို မြင့်သထက် မြင့်အောင် မြှင့်တင်အံ့” ဟူသော ဆောင်ပုဒ်ကို အလုပ်ခန်းတိုင်းတွင် ထင်ရှားစွာ ရေးထားသည်ကို တွေ့နိုင်ကြပါသည်။ ကျော့ကျော့စံ စိတ်ညစ်ညူးမိသော အသေးစိတ်နိုင်လွန်းမှုမှာ ဦးဇော်ညွန့်က သူမ၏ လက်ချောင်းများကို အမှတ်မထင် ဆွဲကိုင်ပြီး ကြည့်ရှုစစ်ဆေးတတ်ခြင်း ဖြစ်လေသည်။
“လက်သည်းမှန်မှန် ညှပ်နော် ဖြူတုတ်ကလေး၊ အရှည်ထားရင်လည်း လက်သည်းခွံအောက်မှာ ချေးတွေ ကပ်မနေစေနဲ့”
(ကျော့ကျော့စံ၏ ဖွံ့ထွားဖွေးစင်သော ကိုယ်နေဟန်ထားကို ရည်ရွယ်ပြီး ဦးဇော်ညွန့်က ဖြူတုတ်ကလေးဟု ခေါ်တတ်ခြင်းကို သူမက အနည်းငယ်မျှပင် နှစ်မြို့ခြင်း မရှိသော်လည်း ထိုသို့မခေါ်ရန် တားမြစ်ခြင်း မပြုဝံ့ခဲ့ပါ)
သူမ၏ အရင်းနှီးဆုံး အလုပ်ဖော်မကလေး နီလာထွေး၏ အဖြစ်ကတော့ သူမ၏လက်ကို အဘိုးကြီးက ကိုင်ဆွဲခံရခြင်းထက် ပိုမိုဆိုးရွားခဲ့သည်။
“မှန်း... အဆိုတော် မေခလာနဲ့တူတဲ့ ငါ့သမီး ခြေသည်းတွေက ရှည်နေပါလား”
အဘိုးကြီးက စကက်ဝတ်ထားသည့် နီလာထွေး၏ ဝင်းစိုသော ခြေသလုံးတစ်ဖက်ကို ကိုယ်တွယ်ဆွဲယူခဲ့ခြင်းပင် ဖြစ်တော့သည်။ နီလာထွေးမှာ ရုတ်တရက် အသက်ပျောက်သွားသည့်နှယ် မလှုပ်မယှက် ဖြစ်သွားရှာ၏။
“အလကား နှာဘူးကြီး မျက်စိနဲ့ကြည့်ရင် ရရဲ့သားနဲ့ တမင် အရသာခံပြီး ကိုင်တာ။ သူ့ပုံက ငါ့ခြေထောက်ကို နမ်းတော့မယ့်အတိုင်းပဲ”
နီလာထွေးသည် အလုပ်ရှင်ကို ရက်ပေါင်းများစွာကြာအောင် ကျိန်ဆဲ နေခဲ့သည်။
တစ်ခါတစ်ရံမှာသာ ပေါ်ပေါက်တတ်သည့် ယင်းသို့သော အလုပ်ရှင်၏ အတိကျလွန်သော စည်းကမ်း ကလေးတွေ၊ အဆီအငေါ် မတည့်သော အပြုအမူကလေးတွေ အပြင် ဓာတ်ခွဲခန်းအလုပ်သမား တလုတ်ဖြူ၏ ရံဖန်ရံခါ အကျီစားသန်မှု ကလေးတွေကလည်း မိန်းကလေးရှစ်ယောက်ကို ကသိကအောင့်ဖြစ်စေတတ် ပါသည်။ တလုတ်ဖြူသည် မိန်းကလေး တစ်ဦးဦး၏ မျက်နှာကို လက်ဝါးတွင် ဝှက်ထားသော သနပ်ခါး မိတ်ကပ်စေးများဖြင့် အလစ်ဖမ်း တို့လိမ်းတတ်သည်။ ကျော့ကျော့စံမှာ တလုတ်ဖြူ၏ အပြောင်အနောက်ကို အကြိမ်အများဆုံး ခံရသည်။ ခံရတိုင်း ရင်တဒိန်းဒိန်း ခုန်အောင် ဒေါသထွက်ရပြီး ရယ်ဖြဲဖြဲလုပ်နေသည့် တလုတ်ဖြူ အပေါ် အမြစ်တွယ်နေသည့် မကျေချမ်းစိတ် တိုးပွားရသည်သာပင်။
သူဌေးတူဆိုပြီး သိပ်လက်ရဲဇက်ရဲနိုင်တာပဲ။ နှမချင်း မစာနာဘူး။ ဒီတစ်ခါ လာစရင် သူ့နှမဝမ်းကွဲ သူဌေးသမီး ကောလိပ်ကျောင်းသူတွေကို မိတ်ကပ်နဲ့ သွားတို့ပြီး ငါ့ကို လုပ်သလို ပါးကို လိမ်ဆွဲခိုင်း ပစ်လိုက်ဦးမယ်။ သို့တစေ တလုတ်ဖြူကို ဘယ်ခါမျှ မာရေကျောရေ မပြောဝံ့ခဲ့။ ရွှန်းတောက်ဖို့ အားယူနေသော မျက်စိ ကျဉ်းကျဉ်းတွေကိုလည်း သူမ ရင်မဆိုင်ဝံ့ခဲ့။ တလုတ်ဖြူဆိုသော လူသည် ဒေဝစ္ဆရာတွင် သူဌေး၏ လက်ရုံး အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည် ဆိုသည့် အချက်ကို ကျော့ကျော့စံ မေ့လျှော့ပေါ့ပျက်၍ မရပါ။
ဤသို့ ဤနှယ် စိတ်ကွက်ဖွယ် ကလေးတွေကို မေ့နိုင်ခဲ့လျှင် ဒေဝစ္ဆရာသည် သူမအတွက် ငွေကြေးနှင့် ကြည်နူးမှု အဆက်မပြတ်ပေးနေရာ အလုပ်ဌာန ဗိမာန်နန်း တစ်ဆောင် ဖြစ်လာတော့သည်။ သူဌေး၏ နှစ်ထပ်တိုက် အိမ်ကြီး ရှေ့မှာ ရပ်လိုက်ရသည့် အရသာသည်ပင်လျှင် ချီးမြှောက်ကူမမည့် နတ်ကွန်းကြီး ရှေ့မှာ ရပ်မိသလို ခံစားရ၏။ တိုက်အိမ်ကြီး နောက်ဘက်မှာရှိသော ကြီးမား ကျယ်ပြန့် သန့်စင်တောက်လက် ဟိတ်ဟန် အပြည့်နှင့် အလုပ်ရုံကြီး ဆီသို့ လျှောက်အလာ အင်္ဂတေလမ်းနံဘေးတစ်လျှောက်ရှိ အလှစိုက် ပန်းပင် အမျိုးမျိုး အရိပ်ရ သစ်ပင်အမျိုးမျိုးတို့ အနီးသို့ ရောက်စဉ် ကမ္ဘာ့အံ့ဖွယ် မိုးပျံဥယျာဉ်ကြီးထဲသို့ ရောက်သွားသူနှယ် မြို့ကြီး၏ ဆင်ခြေဖုံး ရပ်ကွက်ငယ် အသီးသီးမှာ လှည့်လည်ကြီး ပြင်းခဲ့ရသော တစ်ဆယ့်ငါးနှစ် သမီး ကလေးမှာ ငြိမ့်မော ဝေရီနေတတ်မြဲ ဖြစ်သည်။ ပန်းရနံ့တို့ကို ရှိုက်မက်၍ မဆုံးမီ အလုပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သင်းသင်းလှိုင်လှိုင် မွှေးရနံ့မျိုးစုံက သူမကို ဆီးကြိုပွေ့ဖက်လာပေလိမ့်မည်။
လုပ်ဖော်မိန်းကလေးတွေကြားမှာ ဖြတ်သန်းမိပြန်သော် ညွှတ်ပျောင်းပျံ့ချိုသော အမွှေးဓာတ်က သူမကို ရစ်ပတ်သိမ်း ပိုက်ဦးမည်။ သူမ၏ ဖွေးကစ်ကစ် ကိုယ်လုံးကလေးဆီမှာတော့ အလုပ်မှ မပြတ်မလပ် လက်ဆောင်ရ သည့် ဒေဝစ္ဆရာအသားလှ သနပ်ခါးဆီရနံ့ပျပျသည်သာ။ ၄င်းထက် ပြင်းရှသိပ်သည်းသော မွှေးရနံ့ ထုထည်ကြားဝယ် မဝံ့တဝံ့ လူးလွန့်နေရှာလိမ့်မည်။ လုပ်ဖော်တချို့လို တန်ဖိုးကြီး နိုင်ငံခြားဖြစ် ရေမွှေး မသုံးစွဲနိုင်ခြင်းအတွက် ကျော့ကျော့စံ ဘယ်သောအခါမျှ စိတ်အားငယ်ခြင်း မဖြစ်မိပါ။
သူမသည် အလုပ်စားပွဲတွင် စက်တစ်လုံးလို စည်းချက်မှန်မှန် လှုပ်ရှားလျက်ရှိ၏။ ဖြူဝင်းသော်လည်း အနည်းငယ် တုတ်တိုဟန်ရှိသော လက်ချောင်း ကလေးများသည် ဘူးဝိုင်းကလေးများ၊ တံဆိပ်စက္ကူကပ်နှင့် ကော်ဘူးတို့ကြားတွင် အရပ်အနား မရှိ သက်ဝင်ပြေးလွှားနေစဉ် ခါးတိုင်းခါတိုင်း စိန်ပွင့်လို တောက်စိုသည့် မျက်လုံးဝိုင်းကလေးတွေမှာ ပုလင်းကွဲစလို ညှိုးဖျော့မှိုင်းလျက်၊ ခါတိုင်းခါတိုင်း သူမနှင့် မျက်နှာချင်း ဆိုင် နေရာမှာ သူမလို တံဆိပ်ကပ်သည့် နီလာထွေးနှင့် ရောက်တတ်ရာရာ စကားဖွဲ့သီနေကျ ပါးစပ်ကလေးအစုံက အကြားအလပ် မရှိ ပကတိ စေ့ပိတ်ငြိမ်ဝပ်နေကြ၏။ အခြားသူ တစ်ယောက်ယောက် နှင့် သူမ စကား မပြောချင်ပါ။ နှုတ်ဖျားမှ အသံတစ်စုံတစ်ရာပြုဖို့ပင် မစွမ်းနိုင် လောက်အောင် ညစ်ထွေးစိတ်ဖြင့် သူမ၏ လည်မျိုထဲမှာ ပူခြောက်မွန်းလှောင်နေသည်။
သူ တဖြည်းဖြည်း လွန်လာပြီ။ ဟိုလူကြီးလည်း ဒီအတိုင်းပဲ။ တစ်စနဲ့ ကဲလာပြီ။ သူက ရဲတယ်။ ဟိုလူကြီးက ပျော့ပျော့နဲ့နံမယ့် ကြောင်ချေး။ သူက အားလုံးအလစ်မှာ ငါ့လက်မောင်းကို သူ့လက်ကြီးနဲ့ ကိုင်တယ်။ ငါဟာ သိပ်လှ တယ်တဲ့။ အလုပ်သမားတွေထဲမှာ အချောဆုံး၊ အလှဆုံးပဲတဲ့။ အလှမယ်အဖြစ် ရွေးလိုက်ပြီတဲ့။ တီဗီကြော်ငြာရိုက်ရင် ငါ့ကို သုံးဖို့ သူဌေးကို ပြောပေးမတဲ့လေ။ တနင်္ဂနွေနေ့ကျရင် သူနဲ့ရုပ်ရှင် လိုက်ကြည့် ပါလားတဲ့။ ကြည့်စမ်း၊ ငါ့ကို အထင်သေးလိုက်တာများ။ ဟိုလူကြီးလည်း ငါ့ကို အထင်သေးတာပဲ။ ဟိုလူကြီး က ငါအလုပ်ကအပြန် လမ်းထိပ်က စောင့်ပြီး စကားရော ဖောရောလုပ်တာ နှစ်ခါရှိပြီ။ အရက်နံ့ကြီး ကလည်း ဆိုးလိုက်တာ လွန်ပါရော။ အဖေ့ကိုသာ တိုင်လိုက်ရင် ဘုရား... ဘုရား...။
“အလို ဖြူတုတ်ကလေးက ငါလည်း ကပ်လာရော နှာခေါင်းရှုံ့နေပါ လား။ ဘာလဲ၊ ငါ့ကိုယ်က ဘာစော်နံနေလို့လဲ”
အဆီပြောင်ပြောင် မျက်နှာကြီးက ရွှင်ပျစွာ ပြုံးနေသည်။ ဦးဇော်ညွန့် ချဉ်းကပ်လာသည်ကို သတိ မထားမိအောင် ကိုယ့်အာရုံနှင့်ကိုယ် နစ် မျောမိသည်။
“မ... မဟုတ်ပါဘူး အန်ကယ်ကြီး၊ သမီး နှာခေါင်းယားသလိုလိုရှိလို့ အမှတ်တမဲ့ နှာခေါင်းရှုံ့လိုက်တာပါ”
ဟိုလူကြီးပါးစပ်က အရက်နံ့ဟာ ခုထိ ငါ့ကို ဒုက္ခပေးတုန်းပါလား။ အဲဒီအနံ့ကို တွေးမိရုံနဲ့ ယောင်ယမ်းပြီး အော်ဂလီဆန်မိတာပေါ့လေ။
“ဖြူတုတ်ကလေးက ဘော်ဒီစပရေးနံ့ကို မကြိုက်ဘူးနဲ့ တူတယ်”
ဒေါနဆီနံ့ လွန်ကဲဟန်ရှိသော ချွေးနံ့ပျောက်ဆေးအနံ့သည် တိမ်တိုက်ကြီးတစ်အုပ်လို ကျော့ကျော့စံ၏ ဦးခေါင်းထက်သို့ ပိကျလာသည်။ သူမ၏ အလုပ်ရှင်၏ လက်ဝါးကြီးအောက်တွင် သူမ၏ ဦးခေါင်းကို မလှုပ်မရွေ့ ငြိမ်နေလိုက်မိ၏။ စက္ကန့်နှစ်ဆယ်ခန့် ကြာအောင် ဖွဖွသာသာ ဖိပွတ်ပြီးသော်စက်ပြင် ဆရာ တစ်ယောက် လက်ဝါးလို ကြမ်းရှရှ လက်ဖဝါးကြီးသည် လင်းတ တစ်ကောင် ထပျံသည့်ပမာ လေးတွဲ့တွဲ့ လွင့်ဖယ် သွားသည်။ အဘိုးကြီး၏ လက်ချောင်းများ ဆီမှ အနွေးဓာတ်လှိုင်းသည် သူမ၏ ဆံပင်များမှ တဆင့် တစ်ကိုယ်လုံးကို ရှိန်းရှိန်းပူအောင် စီးဆင်းလျက် ခြေဖဝါးဆီမှာ ဖြည်းဖြည်းချင်း ရပ်နားပြယ်ပျောက်သွားဟန် ရှိသည်။
“သမီးကတော့ ဘဘကြီးရဲ့ ဘော်ဒီစပရေးနံ့ကို သဘောကျတယ်”
သူမ စိတ်အနှောင့်အယှက်ဖြစ်သွားပုံကို ရိပ်မိပြီး သူမဘက်မှ စာနာမှုဖြင့် နီလာထွေးက အတည်ပေါက် “ရိ”လိုက်မှန်း ကျော့ကျော့စံ ရိပ်မိလိုက်၏။
သူဌေးကမူ သူ့ကို ကတ္တီပါလက်အိတ်စွပ်၍ ထိုးခဲ့မှန်း သိပုံမရ။ နီလာထွေးကိုသာ ကျေနပ်ရွှင်ပျမှုဖြင့် ပြုံးပြနေသည်။
“အန်ကယ်ကိုယ်တိုင် အခုသုံးနေကျ ဘော်ဒီစပရေးထက် အရည်အသွေး ကောင်းတဲ့ ဘော်ဒီစပရေး လုပ်နိုင်သားပဲ သမီးရဲ့၊ ဒါပေမယ့် ခက်တာက ပြည်တွင်းမှာ ဘူးခွံ မလုပ်နိုင်သေးတာဘဲ။ ဘူးခွံ လုပ်နိုင်တဲ့တစ်နေ့မှာ အန်ကယ်ဟာ မြန်မာပြည်မှာ ပထမဆုံး ဘော်ဒီစပရေးထုတ်လုပ်သူ ဖြစ်ပြီပေါ့”
စကားတတွတ်တွတ် ပြောရင်း အလုပ်ရှင် လူထွားကြီးသည် နီလာထွေး အနီးသို့ တရွေ့ရွေ့ လှမ်းလျှောက် သွား၏။ ခွေးခြေခုံပေါ်မှာ တောင့်တောင့်ကလေး ထိုင်နေသည့် နီလာထွေး၏ ကျောပြင်နှင့် မသိမသာ စူထွက်နေသော သူ၏ ဝမ်းဗိုက်တို့ ထိမတတ် ရပ်နေလိုက်ပြန်သည်။
ကျော့ကျော့စံက ယခုချိန်တွင် ထုပ်ပိုးရေးခန်းနှင့် ကပ်လျက် ရုံးခန်းထဲမှာ ရှိနေမည်ဖြစ်သော ဒေဝစ္ဆရာ၏ တစ်ဦးတည်းသော စာရင်းကိုင် စာရေးမ မေသွယ်စိုးကို မြင်ယောင်လိုက်သည်။ မေသွယ်စိုးကား ဇာတ်ခုံပေါ်မှ မင်းသမီး တစ်လက်လို ပြင်ဆင်ခြယ်မှုန်းလေ့ ရှိသော်လည်း မင်းသမီးလို လှပသည်တော့မဟုတ်။ သူမ၏ခန္ဓာမှာ ရှိရှိသမျှသော အသားတို့သည် သူမ၏ တင်နှင့်ရင် နှစ်နေရာတည်းမှာသာ စုဝေးနေသည်ဟု ထင်ရလောက် အောင် သူမ၏အလှပြင် အတတ်ကလည်း ညံ့ဖျင်းသည်။
“အဘိုးကြီးရဲ့ ကားပေါ်မှာ အဘိုးကြီးနဲ့ နှစ်ယောက်တည်း စီးစီးသွားတာ ငါ ခဏခဏ တွေ့နေကျ။ ပြီးတော့ ရုံးခန်းထဲမှာ သူတို့နှစ်ယောက်တည်းပဲ အများဆုံးရှိတာ။ ကောင်မလေးကလည်း အပျိုသာဆိုတယ်၊ အပျို ပုံမထွက်တော့ပါဘူးဟာ။ ဒီကုမ္ပဏီမှာ လုပ်သက်အကြာဆုံး နုနုပြောတာကတော့ မေသွယ်စိုးဟာ အဘိုးကြီးရဲ့ တရားဝင် “ကီပင်”တဲ့ဟ”
နီလာထွေး ပြောဖူးသော စကားလုံးတွေကိုလည်း ကျော့ကျော့စံ အမှတ်မထင် ကြားယောင်မိပြန်၏။ ကီပင်တဲ့။ ကီပင်ဆိုတော့ တိတ်တိတ်ပုန်းမယား ပေါ့။ ကျော့ကျော့စံက သူဌေးကို ခိုးကြည့်ရင်း မုန်းတီးရွံရှာစိတ်တွေ မွေးထုတ် နေမိလေသည်။ ဟုတ်တယ်၊ နီလာထွေးပြောသလို အဘိုးကြီးက နှာဗူးပဲ။ တလုတ်ဖြူလည်း နှာဗူးပဲ။ အိမ်ရှေ့အိမ်က ဟိုအရက်သမားလည်း နှာဗူးပဲ။ အကောင်းပကတိ အနေအထားမှသည် သူမ၏ဦးခေါင်းမှာ လေးလံစွာ လှုပ်ခါလာသည်သို့ ထင်မှတ်လာရ၏။ အလုပ်လုပ်ချင်စိတ် ရုတ်တရက်တန့် ခြောက်ခန်း သွားရသဖြင့် သူမ၏လက်နှစ်ဖက် ငြိမ်သက်သွား၏။ ရက်ပေါင်းများစွာကတည်းက သူမ၏စိတ်နှလုံးကို ဖွဖွကလေး ညှစ်ညဉ်းပမ်း လာခဲ့သော သောကဒဏ်သည် ယနေ့ ပြင်းထန်လာခဲ့ရလေပြီ။ တစ်နေရာဆီမှ ခွဲခွဲခြားခြား ငုပ်လျှိုးနေခဲ့ကြပုံရသော ရင်တွင်း ဒုက္ခသုံးရပ်သည် ယခုမှပင် တစ်နေရာတည်းမှာ တပြိုင်နက် တည်း စုစည်းပေါင်းစပ် လိုက်သကဲ့သို့ ဖြစ်သည်။ သူမက အရိပ်အငွေ့ဟု ပေါ့ဆစွာ ယုံမှတ်ထားခဲ့မိသည်။ စိတ်အနှောင့်အယှက် သုံးမြွှာသည် ရွံမုန်းဖွယ် အကောင်ကြီး တစ်ကောင်အဖြစ် သူမမျက်လုံးတွေ အနီးမှာ ကိုယ်ထင်ပြလာသည့် နှယ်လည်း ဖြစ်တော့သည်။
အလုပ်မှပြန်လာချိန် ဘတ်စ်ကား နှစ်ဆင့်စ်ီးပြီး ဆင်းရမည့် မှတ်တိုင်တွင် ဆင်းခဲ့သောအခါ သူမသည် တစ်စုံတစ်ခုသော ထူးဆန်းသည့် ကြောက်မက်ခြင်း တစ်ရပ်ကို ခံစားလာရသည်။ သူမ အိမ်မပြန် လိုခြင်းသည် ကြောက်မက်စိတ်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်။ သို့သော် ထုံကျဉ်ကျဉ် ခြေထောက်တွေကမူ သူမအား သူမ၏ အိမ်ရှိရာသို့ တာဝန်ကျေပွန်ရန် ကြိုးစားနေသော လုပ်သားနှစ်ဦးပမာ သယ်ဆောင် နေကြလေသည်။ ဘတ်စ်ကားပေါ်မှ ဆင်းလျှောက်ခါစတွင် သူမ ရှူရှိုက်မိသော လေထဲ၌ ကတ္တရာလမ်းပေါ်မှာ ဥဒဟို ပြေးလွှားနေကြသည့် ကားများဆီမှ လောင်စာဆီညှော်နံ့၊ ကားမှတ်တိုင်တစ်တိုင် ရှိ လင်းထိန်ဆူညံသော ကဖီးဆိုင်များ၊ စားသောက်ဆိုင်ဘားများဆီမှ ပျံ့လွင်လာသည့် အစားအသောက် အညှော်နံ့မျိုးစုံနှင့် အနံဟု မသိသာသော ဖုန်နံ့တို့ ရောထွေးနေကြသည်။
ရက်သတ္တပတ် တစ်ပတ်တွင် ၆ ကြိမ်တိတိ ရှူနေကျအနံ့ ဖြစ်လင့်ကစား ဤအနံ့အသက်များသည် ကျော့ကျော့စံ အတွက် ရိုးအီထုံလေးသွားခြင်း မရှိ။ ရှူရှိုက်မိတိုင်း ဆန်းသစ်နေသည်။ သူမသည် ဘတ်စ်ကားပေါ်ကတည်းက လက်ထဲမှာ ကိုင်ထားခဲ့သော လက်ကိုင်ပဝါကလေးဖြင့် နှာခေါင်းကို ဖွဖွအုပ်ထားရန် မည်သည့် အခါမျှ မေ့လျော့လေ့ မရှိခဲ့ပါ။ ဒေဝစ္ဆရာ၌ အလုပ်ရခါစတုန်းကမူ ဤဝန်းကျင်မှ အနံ့များကို သူမ ခံနိုင်ရည်ရှိ၍ ယဉ်ပါးနိုင်ခဲ့၏။ ယခုလို ဒေဝစ္ဆရာ၌ အလုပ်ရပြီး ရှစ်လ ကြာမြင့်ချိန်မှာမူ ယင်းတို့သည် အနံ့ရိုင်းတွေ ဖြစ်သွားကြပေပြီ။
အဆိုးဆုံးမှာ လမ်းထောင့်ကွေ့ရှိ လက်တွန်းလှည်း ပလာတာဆိုင်မှ ပလာတာညှော်နံ့ ဖြစ်သည်။ ပလာတာကြော်စဉ် ထွက်ပေါ်လာသော ညှော်နံ့ ကလေးသည် မည်သည့်အရပ်ဘက်သို့ ဦးတည် နေသည်ဖြစ်စေ။ သူမ ထံသို့သာ တိုက်ရိုက် ပြေးဝင်လာသည်ဟု ထင်ရသည်။ ပလာတာဆိုင်ကို အမြန်ဆုံး ဖြတ်ကျော်ခဲ့ပြီးနောက် သူမသည် လမ်းမီးတိုင်များ ခပ်ကျဲကျဲ စိုက်ထူထားသော မြောင်းပုတ်စော် အမြဲနံနေသည့် လမ်းသွယ်တစ်ခုထဲသို့ ဝင် ရောက်သွားသည်။ လမ်းသွယ်၏ အလယ်လောက်တွင် သူမသည် လမ်းမီးတိုင်မဲ့ ပို၍ငယ်သော ကျဉ်းသော ကောက်ကွေ့သော လမ်းသွယ်ကလေး ထဲသို့ ချိုးကွေ့ဝင်ရောက်ခဲ့ရပြန်ပါသည်။ ထိုလမ်းသွယ်ကလေးသည် လူနှစ်ယောက် ရှောင်တိမ်းသာရုံကလေးသာ ကျယ်ဝန်းပြီး မညီမချော ဖုထစ်ကြမ်းတမ်း လျက် ရှိပါသည်။ အရုပ်ဆိုးသောလမ်း ၏ မျက်နှာပေါ်သို့ လမ်းသွယ်နှစ်ဖက်ရှိ မှိန်ကုပ်ကုပ် စုတ်ချာချာ လူနေအိမ်များဆီမှ ဝါကျင်မှိန်ဖျော့သည့် အလင်းတန်း အလင်းကွက်များနှင့်အတူ ချိုးရေ၊ သုံးရေစီးကြောင်းများ ဖိတ်စင်ကျနေကြသည်။ မတော်တဆများ ရေအိုင်ကွက်ပေါ်သို့ တက်နင်းမိပြီ ဆိုလျှင် မသတီစရာ အနံ့ဆိုးက ကောင်းကောင်း စလာတတ်တော့သည်။ ထိုအဖြစ်ထက် ဆိုးဝါးသည်ကတော့ လမ်းပေါ်ရှိ မှောင်ရိပ် အကွက်အပြောက်တွေထဲမှာ ပုန်းအောင်းနေတတ်ကြသော ခွေးချေးပုံများပေါ်သို့ နင်းလျှောက်မိခြင်းသာ ဖြစ်သည်။ သူမသည် အရာအားလုံးထက် ခွေးချေးနံ့ကို ပို၍ မုန်းတီးပါသည်။ ထိုလမ်းသွယ်ကလေးကို ဖြတ်လျှောက် ရခြင်းမှာ သူမအတွက်မူ အန္တရာယ်ပြွမ်းသည့် ရှေးဟောင်းဝင်္ကပါ ဂူမှောင်မှောင် ကြီးတစ်လုံးထဲတွင် ရင်တထိတ်ထိတ်ဖြင့် လျှောက်ရခြင်းနှင့် တူလွန်းလှသည်။ ခွေးချေးပုံနှင့် ရေအိုင်ညစ်ညစ်တွေကတော့ ဂူနံရံအမှောင်ထုထဲမှ အဆိပ်ပင့်ကူတွေ သွေးစုတ်လင်းနို့တွေ ဖြစ်ချိမ့်မည်။ လမ်းသွယ်ကလေး အဆုံးသတ် အနီးတွင် လမ်း၏ဝဲဘက်၌ ဝါးလုံးသုံးလုံး တွဲ၍ အလျားလိုက် ခင်းထားသည့် လက်ရမ်းမဲ့ ဝါးတံတား ခနော်နီ ခနော်နဲ့ ကလေးက သူမကို မှောင်ရိပ်ထဲသို့ ခေါ်ဆောင်သွားပေဦးမည်။ ဝါးတံတား ကလေးသည် အိမ်တစ်ဆောင်၏ ခြေရင်းမှ ဖြတ်သန်းနေပြီး အခြားအိမ်ငယ်ငယ် စုတ်စုတ်တစ်လုံးကမူ ဝါးတံတား ကလေးကို မျက်နှာပြု ထားသည်။ သူမသည် ဝဲဘက်ရှိ အိမ်နံရံ နှင့် ညာဘက်ရှိ ဓနိတံစက်မြိတ်တို့ကြားမှ မြွေတစ်ကောင်လို တွန့်လိမ် တိမ်းဖယ်ပြီးလျှင် မည်သည့်ပုံစံဟု ခေါ်ရန် ခက်ခဲသည့်ပုံစံဖြင့် တည်ဆောက် ထားသော ယိုင်ချည့်ချည့် ဓနိမိုး ထရံကာ အိမ်ငယ်ကလေး ဆီသို့ ဆိုက်ဆိုက် မြိုက်မြိုက် လျှောက်သွားခဲ့သည်။ ထို အိမ်ကလေးသည် ကျဉ်း မြောင်း၍ အမြဲလိုလို ရေပုပ်တွေ ဝပ်နေသော ခြံဝင်းငယ်ငယ် တစ်ခုထဲတွင် ပူးပူးကပ်ကပ် တည်ဆောက် ထားကြသည့် အိမ်သုံးလုံးအနက် အငယ်ဆုံးနှင့် အစုတ်ချာဆုံးပဲ ဖြစ်သည်။ မည်သို့ဖြစ်စေ၊ ဤဘုံဌာနသည် ကျော့ကျော့စံတစ်ယောက် သူမ၏ မိသားစုနှင့် အတူတကွ နေထိုင်ရာ နေအိမ်သာ ဖြစ်တော့သည်။
အိမ်ကလေးသည် အခြားအိမ်ငါးလုံး၏ ကြားထဲတွင် ညပ်ပိတ်နေပါသည်။ အခြားအိမ်ငါးလုံးက သူမတို့ အိမ်ကလေးကို ဝိုင်းရံ အကာအကွယ်ပေးထားသည်ဟု ထင်စရာကောင်းနေပါသည်။ အိမ်ကလေးအောက်တွင် ဆယ့်နှစ်ရာသီ ပတ်လုံး ညစ်နောက်နောက်ရေများ ပြည့်နှက်နေပြီး ထိုရေထဲတွင် ငါးအချို့နှင့် ငါးရှဉ့်အချို့ ပျော်ရွှင်စွာ မှီတင်းနေထိုင်လျက်ရ်ှိကြောင်း တွေ့ရပါလိမ်မည်။ ထို့ပြင် ရေပြင်တစ်နေရာရာတွင် သူမ၏ မောင်ငယ်၊ ညီမငယ် ကလေးများ စွန့်ပစ်ထားသော မစင်တုံး အချို့ ပေါလောမျောနေကြပါသေးသည်။ ထိုရေပြင်၏ အနံ့သည် ဒေဝစ္ဆရာရှိ အလုပ်ခန်းမှ အနံ့နှင့် များစွာကွဲပြားနေသည်။
သူမ ပြန်ရောက်ချိန်၌ အိမ်ကလေး၏ ဝါးကြမ်းပြင်တစ်နေရာတွင် သူမ၏ မောင်ငယ်၊ ညီမငယ်ငါးယောက်သည် သူမ၏မိခင် ပန်းနာရင်ကျပ် ရောဂါသည်မကြီးနှင့်အတူ ရေနံဆီမီးခွက် တစ်ခု၏အလင်းကို ဗဟိုပြုလျက် ညစာ ထမင်းဝိုင်းဖွဲ့နေသည်။ ထမင်းဝိုင်းမှ ငါးဟင်းနံ့ပြင်းပြင်းသည် ရေမှန်မှန် မချိုးသော ကလေးငါးဦး၏ ကိုယ်နံ့များ၊ ရေချိုးပျင်း အဝတ်လျှော်ပျင်းသော မိန်းမကြီး(အသက် ၃၅ နှစ်ရွယ်ကို မိန်းမကြီးဟု ခေါ်မည်ဆိုပါက)၏ ကိုယ်မှ မီးခိုးနံ့၊ ကြက်သွန်နီနဲ့၊ ငါးပိငံပြာရည်နဲ့များနှင့် လုံးထွေးရောယှက်နေမှန်း သိသာ၏။ ကလေးနှစ်ယောက်က ပလုတ်ပလောင်း ထမင်းဝါးရင်းမှ သူမကို ဗလုံးဗထွေး နှုတ်ခွန်းဆက် ဆီးကြိုစဉ် သူမကလည်း ဘာမျှ စိတ်ဝင်စားဖွယ် မကောင်းသော စကားလုံးအချို့ဖြင့် သူမ၏မိခင်အား နှုတ်ဆက်နေသည်။
ထို့နောက် သူမသည် နင်း လိုက်တိုင်း ဂျိုးဂျိုးဂျောင်းဂျောင်း မြည်နေသည့် ကြမ်းပေါ်မှ ဖြတ်လျက် တစ်အိမ်လုံးတွင် တစ်ခုတည်းသာရှိသော မှောင်မည်းသည့် အခန်းကလေး တစ်ခန်းထဲသို့ ကျင့်သားရသည့် မျက်လုံးများဖြင့် စူးစမ်းကြည့်ရှုရင်းတိုးဝှေ့ဝင်လာခဲ့သည်။ မှောင်မည်းသော အခန်းကလေးထဲရှိ ခင်းထားသော အေးစက်စက် သင်းဖြူးဖျာ အဟောင်း အမြင်းကလေးပေါ်ဝယ် သူမ တွန်းလှဲခြင်း ခံရသလို တုံးလုံးပစ်လှဲ ချလိုက်၏။ သူမသည် အသက် မရှူမိဖို့ ကြိုးစားနေသည်။ သူမ၏ နှုတ်ခမ်းနှစ်လွှာသည် မှောင်ခြည် ထုထဲတွင် ပိတ်ချေဖွင့်ချေဖြစ်နေသည်။ သူမ၏ ကိုယ်ပိုင် အခန်းငယ်ကို သူမ မုန်းတီး စိတ်ပျက်နေမိ၏။ သူမ၏ ညာဘက် သုံးပေခန့်အကွာမှာ ကျိုးကျဲပြဲပေါက်စ အိမ်နံရံ ထရံရှိသည်။ ထိုထရံအပြင်ဘက်တွင် (တစ်လက်မပင် မကွာ ဝေးဘဲ) သူမတို့ “ယိုအိမ်”ရှိနေသည်။ ယင်းနှင့် ကျောချင်းကပ်လျက်တွင် အခြားမိသားစုနှစ်စု အတူတကွ အသုံးပြုသော ယိုအိမ်တစ်လုံး ရှိနေပြန်၏။ သူမ၏ နှာခေါင်းနှင့် ပေအနည်းငယ် အခွာတွင် လူအယောက် နှစ်ဒါဇင်ကျော် အသုံးပြုသည့် စည်းကမ်းမဲ့သော ယိုအိမ်နှစ်လုံး ရှိနေပါသည်။ သူမ၏ ကျောပြင် ဖိကပ်ထားရာ ပါးလှပ်သော သင်ဖျူးဖျာ၊ ထိုဖျာနှင့်ကပ်လျက် ကျိုးတိုးကျဲတဲ ဝါးကြမ်းခင်းအောက်ဘက် သုံးပေခန့်အကွာတွင် အမှိုက်သရိုက်အညစ်အကြေးများ (အိမ်နီးချင်း မုန့်ဟင်းခါဖတ်ဖိုမှ စွန့်ပစ်သော ပုပ်အဲ့အဲ့ မုန့်သိုးရည်များ အပါအဝင်) ပျော်ဝင်စီးရွေ့နေသည့် ရေညစ်ရေဆိုး ထုထည်ပြင်လွှာကြီးလည်း ရှိနေပြန်ပါသည်။ ဤနေရာတွင် သန့်ရှင်းလတ်ဆတ်သော လေစီးကြောင်းများ အတွက် နေရာလပ်မရှိပါ။ ဘယ်သောအခါမျှ နေရာလပ်မရှိပါ။
အိမ်ကလေးထဲတွင် မလျှော်ဖွပ်ဘဲထားသည့် အဝတ်ဟောင်းအချို့မှ မှိုနံ့အောက်သိုးသိုးများ၊ ကြပ်ခိုး မီးခိုးမှိုင်းနံ့ မွှန်ရှရှများ၊ ရေချိုးသန့်စင်ခြင်းနှင့် ဆပ်ပြာ အသုံးပြုခြင်းကို နားလည်ပုံ မရသည့် လူ့ခန္ဓာကိုယ်အချို့မှ ဟောင်စော်သော အနံ့အငွေ့များက နေရာမလပ် ပြည့်နှက်နေသည်ဟု ထင်ရသည်။ ဝါးလုံးတန်းတစ် နေရာတွင် တွဲလောင်း ချိတ်နေသည့် ပိတ်ခြင်ထောင်အိုကြီးဆီမှ ကလေးသေးဟောင်းနံ့ လှိုင်နေသည်။ ထွန်း ညှိထားသည့် ရေနံဆီမီး ခွက်ဆီမှလည်း ရေနံညှော်နံ့ လွင့်နေပေသေး၏။ မကြာမီ ပိုမိုဆိုးရွားသည့် အနံ့ဆိုးလှိုင်းလုံးတစ်လုံး အိမ်ကလေးထဲသို့ လှိမ့်ဝင်လာဦးမည်။
ကျော့ကျော့စံ၏ဖခင် မော်တော်ယာဉ် စက်ပြင်အလုပ်သမားသည် စက်ဆီ စက်ချေးမျိုးစုံ ပေကျံနေသည့် မူလအရောင်အသွေးကို ခန့်မှန်း၍ လုံးဝမရတော့သည့်ဝတ်စုံဖြင့် အလုပ်မှ ပြန်လာတော့မည်။ သူ့ခန္ဓာကိုယ်မှ ချွေးနံ့၊ စက်ဆီအမျိုးမျိုး၏ အနံ့များနှင့်အတူ သူ၏ ပါးစပ်နှင့်နှာခေါင်းမှ အညံ့စား အရက်ဖြူနံ့များသည် အိမ်တွင်းရှိ နှလုံးမသာယာဖွယ် အနံ့ပေါင်းစုံနှင့် ကြည်ဖြူစွာ ရောနှောပေါင်းစည်းသွားကြလိမ့်မည်။ ယခုရက်များအတွင်း သူမမှာ ဖခင်ဖြစ်သူ အနီးသို့သွား၍ စကားပြောရမည့် အစား အရှိန်ပြင်းပြင်းမောင်းနှင် နေသော ထရပ်ကားကြီး ရှေ့သို့သာ ဝမ်းလျားထိုး ဝပ်စင်း ပစ်လိုက်ချင်နေမိ၏။ သေးနံ့ဟောင်နေသော ခြင်ထောင်စုတ်ကြီးထဲမှာ ကလေးနှစ်ယောက်နှင့် သူမ၏မိခင်တို့သည် သူမ၏ဖခင်နှင့်အတူ ညစဉ်ညတိုင်း ညည်းညူပြစ်တင်ခြင်း မရှိဘဲ အိပ်စက်နိုင်ကြသည့် ဖြစ်ရပ်မှာ သူမ အတွက် လောကမှာ နားအလည်ရ အခက်ဆုံး ပုစ္ဆာတစ်ပုဒ် ဖြစ်နေတော့သည်။
စက်ပြင်ဆရာ အရက်ချိုးကြီး ပြန်မရောက်မီ ရေချိုးထမင်းစားပြီး စောစောအိပ်ရာဝင်ဖို့ သူမ စီစဉ်သည်။ မှောင်ထဲ၌ အလုပ်ခွင်ဝတ်ထားခဲ့သည့် အင်္ကျီနှင့်ဘော်လီအင်္ကျီကို ချွတ်နေစဉ် သူမသည် စိတ်မချမ်းမြေ့ဖွယ် အကြောင်း တစ်ခုကို အလိုအလျောက် တွေးမိပြီး ရင်အခုန်မြန်လာသည်။ အသားစိုင်တွေကို ထုတ်ပိုး ကာရံထားသည့် ဘော်လီသည် အချွတ်ရခက်အောင် ခုမှ ဟောခနဲ ထွက်အန်လာသည့် ချွေးစေးတွေနှင့် ငြိနေလေသည်။ ဟိုလူကြီး ဟိုလူကြီး ထရံနားမှာ ရှိများနေမလား။ လမ်းမှာလည်း မတွေ့ခဲ့ဘူး။ အရက်ဆိုင်မှာပဲ ရှိနေပါစေ။ အိမ်မှာ မရှိပါစေနဲ့၊ မရှိပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုမဲ့စွာဖြင့် ဆက်တိုက် ဆုတောင်းနေမိ သော်လည်း ဟိုလူကြီး (အောင်ကျော်စိုး)၏ နီဖန့်ဖန့် မျက်လုံးကြီးတွေကို စိတ်အာရုံမှာ ထင်ထင်ရှားရှား တွေ့မြင်နေသည်။ သူမအနီးကပ်ပြီး စကားပြောစဉ်က လွင့်ပါး ရိုက်ခတ်ခဲ့သော စူးရှရှ အရက်နံ့ကိုလည်း ယခုပင် ရှူရှိုက်မိသည့်အလား တုန်ယင်စွာ ခံစားနေရပြန်၏။
အောင်ကျော်စိုးသည် ဓားထိုးမှုဖြင့် ထောင်ကျဖူးပြီး ကလေးနှစ်ယောက် မွေးဖွားခဲ့သည့် ဇနီးနှင့် ကွဲကွာ နေသည်။ အစ်ကို၏ မိသားစုနှင့် အတူလာနေသည်မှာ လအနည်းငယ်မျှသာ ရှိသေးသည်။ သူ မည်သည့်အလုပ်အကိုင်နှင့် အသက်မွေးမှန်း မသိသော်လည်း အဝတ်အစား သစ်လွင်ခေတ်ဆန်စွာ ဝတ်ပြီး အရက်မှန်မှန် သောက်နိုင်အောင် သူ့မှာ ငွေရှိနေခြင်းကတော့ သူမ မစဉ်းစားချင်ဘဲ စဉ်းစားမိသည့် အံ့သြစရာ ပဟေဠိဖြစ်သည်။ သူ့လို သူမထက် အသက်တစ်ဆယ့်ငါးနှစ်ခန့် ပိုကြီးသော တစ်ခုလပ် အရက်သမား ထောင်ထွက် တစ်ယောက်က သူမကို ထိကပါး ရိကပါး လုပ်လာခြင်းကို ရှစ်တန်းအောင် သည့်တိုင် ကျောင်းဆက် မတက်နိုင်ဘဲ မိသားစုဝမ်းရေး ကသီလင်တ မဖြစ်ရအောင် အလုပ်ဝင် ငွေရှာခဲ့ရသည့် သူမ၏ဘဝအတွက် ဝမ်းနည်းမိခြင်းထက် ပို၍ သာ၍ ဝမ်းနည်းရင်နာ ရှက်ရွံ့သည်။ ဆင်းရဲလို့ ပျက်စီးသွားတဲ့ မိန်းကလေးတွေနဲ့ တစ်တန်းတစ်စားတည်း ငါ့ကို စာရင်းသွင်းလိုက်တာပဲ။ လွယ်လွယ်နဲ့ ရမယ်ဆိုပြီး ငါ့ကို အထင်အမြင် နှိမ့်ချပစ်လိုက်ကြတာပဲ။
သူမ ရေချိုးရသောနေရာက သူမတို့အိမ်ကလေးရှေ့မှ သူမတို့၏ တစ်လုံးတည်းသာရှိသော ချိုးရေ၊ သုံးရေ ရောသုံးသည့် သံစည်ပိုင်းကလေးမှာ ဖြစ်၏။ သံစည်ပိုင်းက အောင်ကျော်စိုးတို့ အိမ်ရှေ့ပိုင်း ဝရန်တာနှင့် သုံးပေခန့် သာ ဝေးမည်။ ဝါးခြမ်းပြားတွေ ကြက်ခြေခတ်ရိုက်ထားသည့် ဝရန်တာနောက် တွင် သူမ ရေချိုးချိန်၌ အောင်ကျော်စိုးက မယောင်မလည်ရပ်ရင်း လစ်လျှင် လစ်သလို အကြောင်းမရှိ အကြောင်းရှာ စကားစတတ်သည်။
ဘက်ထရီ မီးချောင်း အလင်းထဲတွင် အရက်ဆီပျံနေသည့် မျက်နှာနှင့် နီဖန့်ဖန့်မျက်လုံးကြီးတွေကို မြင်လိုက်မိပါက သူမမှာ လဲခွေကျမတတ် တုန်လှုပ်ရင်ပူသွားမိ၏။
“ညီမလေး ထမင်းစားပြီးပလား”
“ရေချိုးတာ မချမ်းဘူးလား ကျော့ကျော့စံ”
“အလုပ်က ပင်ပန်းလား ညီမလေး”
သူမသည် သူ့အား တစ်ကြိမ်တစ်ခါမျှ စကားတစ်ခွန်းမျှ ပြန်မပြောဖူးခဲ့။ ဝရန်တာနောက်မှာ သူရှိနေလျှင် သူမသည် ထဘီကို လည်ပင်းအောက်ခြေနှင့် ထိမတတ် မြှင့်၍ ရင်လျားကာ သူ့ကို ကျောပေး၍ ရေချိုးသည်။ သို့သော် သူမ၏ အဝတ်လွတ်ဟာသော အသာများမှာ သူက လှမ်းကိုင်သလို သူ့နှုတ်ခမ်း မွေးသဲ့သဲ့ဖြင့် ပွတ်သပ်လာသလို ယားယံ နွေးရှိန်းနေတတ်သည်။ ဝရန်တာနောက်ဘက်သို့ သူမ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်သည်။ သူ ရှိမနေပါ။ ရင်ထဲမှ အကျိတ်အခဲ ကွဲကြေပေါ့ပါးသွားပြီး ပထမဆုံး ရေတစ်ခွက်ကို လှမ်းခပ်သည်။ ပခုံးပေါ်သို့ လောင်းချမည့်ဆဲဆဲ လေထဲတွင် မွှန်စူးစူး အနံ့တစ်ခုကို ရှူမိလိုက်၏။ သုံးပေခန့်အကွာမှ လွင့်စီး လာသော အနံ့ဆိုးဖြစ်သော်လည်း သူမ၏ နှာခေါင်းထဲသို့ အနီးကပ် မှုတ်သွင်းသလို မွန်းဆို့လာမိ၏။သတ္ထုရေဖလားသည် လက်ထဲမှ လွတ်ကျသွားသည်။
ဟိုလူကြီး ဝရန်တာနောက်မှာ ရောက်နေပြီ။
---
#ကြူးနှစ်
#ပျို့ခန်းသာဝိုက်ကာမွှေးတယ်
#shared_by_louis_augustine


Comments
Post a Comment