ရေကြည်ရေသန့် // ဝင်းဖေ

ရေကြည်ရေသန့် // ဝင်းဖေ

---

ဘကြီးကျော်လို လူကတော့ တကယ်ရှားတယ်။ သူက ကျော်မိသားစုမှာ အသက် အကြီးဆုံး။ ကျော် မိသားစုမှာက ခင်မောင်ကျော်တဲ့၊ ထွန်းရွှေကျော်တဲ့၊ ထွန်းဝေကျော်တဲ့၊ မေသန္တာကျော်တဲ့၊ ဝေစန္ဒာကျော်၊ ကျော်ဦးကျော်တဲ့ အများကြီး ... အများကြီးပဲ။ ခုပြောခဲ့တဲ့ နာမည်တွေက ဘကြီးကျော်ရဲ့ သွေးရင်းသားရင်း မောင်နှမတွေပဲ ရှိသေးတာ။ အဲဒါတွေက တဆင့် ပွါးထားတဲ့ သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေ ရှိသေးတယ်။ အဲဒါတွေအားလုံးလည်း ကျော် တွေပဲ။ မှည့်ချင်တဲ့ နာမည်မှည့်၊ ကျော် တော့ တပ်ရမယ်။ ရှေ့မှာတပ်တပ်၊ နောက်မှာတပ်တပ်၊ တပ်ကို တပ်ကြရမယ်။ ဒါပေမယ့် နောက်မှာ တပ်ကြတာ များပါတယ်။ ဘကြီးကျော်ရဲ့ နာမည် အပြည့်အစုံက ထွန်းအောင်ကျော်တဲ့။ 

တကယ်တမ်း ကျတော့ ဘကြီးကျော်ဟာ ထွန်းလည်း မထွန်းဘူး။ အောင်လည်း မအောင်ဘူး။ ကျော်လည်း မကျော်ပါဘူး။ 

ဒါဖြင့် ဘာလို့ ရှားတယ်လို့ ပြောရတာလဲ။ 

အဲ ... ရှားတာတော့ အမှန်ပဲဗျ။ 
    
အဲဒီ ရှားတဲ့ အကြောင်းပဲ ပြောချင်တာပါ။ 
    
ဘကြီးကျော်ဟာ ကျော်မိသားစုမှာ အကြီးဆုံး ဆိုတော့ အားလုံးကို ဆူနိုင်ခွင့် ပူနိုင်ခွင့် ဟိန်းခွင့် ဟောက်ခွင့် သူ့မှာ အပြည့် ရှိတယ်လေ။ 

တချိန်လုံး ဟိန်းဟောက်နေတာပဲ။ ဆူပူနေတာလဲ။ 

သူ ဘာအလုပ် လုပ်သလဲ၊ တကယ်တမ်း ပြောရရင် ဘာအလုပ်မှ မလုပ်ဘူး။ ဝင်ငွေရအောင် ဆိုတာမျိုး ဘာအလုပ်မှ မလုပ်ဘူး။ သူ့မှာ အမွေ ရထားတာတွေ ရှိတယ်။ ကျော်မိသားစုနဲ့ အတူနေတယ်။ အတူစားတယ်။ သတ်သတ်မှတ်မှတ် ဘာမှ စိုက်ထုတ်စရာ မလိုဘူး။ အငယ်တွေက စားစရိတ်။ သောက်စရိတ် ဘာမှ ပြောနေကြတာ မဟုတ်ဘူး။ သူက အကြီး မဟုတ်လား။ အားလုံး ဝိုင်းထည့်ကြတဲ့ ထဲက ကျွေးလိုက်ကြတာ ပါပဲ။ 

ဘာပဲပြောပြော ဘကြီးကျော်မှာ အလွန် ထူးခြားတဲ့ အချက် တချက်တော့ ရှိတယ်။ အဲဒီအချက် အတွက်တော့ မိသားစု တစ်ခုလုံး သူ့ကျေးဇူး မကင်းကြဘူး လို့လည်း ဆိုရမယ်။ သူ့လောက်လည်း ဘယ်သူမှ ပါရမီ မရှိကြဘူး။ အဲဒီ ကိစ္စမှာတော့ သူ့လောက်လည်း စိတ်မဝင်စား နိုင်ကြဘူး။ သူ့လောက်လည်း မတတ်ကြ၊ မသိကြဘူး။ ဒါကတော့ အမှန်ပဲ။ အဲဒီအချက်က ဘာလဲဆိုတော့ ဘကြီးကျော်ဟာ မိသားစု အသုံးပြုတဲ့ အိမ်သာတွေကို အလွန် စိတ်ဝင်စားတယ်။ ကျော်မိသားစု နေတဲ့ ခြံကျယ်ကြီးနဲ့ တိုက်ကြီးမှာ အိမ်သာ စုစုပေါင်း ငါးလုံး ရှိတယ်။ အိမ်မကြီးမှာ သုံးလုံး ရှိတယ်။ နောက်ဖေး အစေခံ တန်းလျားအတွက် နှစ်လုံးရှိတယ်။ အဲဒီ အိမ်သာတွေ အားလုံးကို ဘကြီးကျော် အမြဲ ဂရုစိုက်တယ်။ 

အမြဲသန့်ရှင်း နေရမယ်။ 

အနံ့အသက် မရှိရဘူး။ 

ဆေးရကြောရမယ်။ 

ဆေးသုတ်ရမယ့် အချိန်မှာ ဆေးသုတ်ရမယ်။ 

ရေသုံး အိမ်သာတွေမှာ အမြဲတမ်း ရေပြည့်ပြည့်စုံစုံ ရှိရမယ်။ 

စက္ကူသုံးတဲ့ အိမ်သာတွေမှာလည်း ဒီလိုပဲ။ လိုအပ်တာ အကုန် အဆင်သင့် ရှိနေရမယ်။ 

အဲဒီအိမ်သာ အားလုံးကို ကြုံရင် ကြုံသလို ဘကြီးကျော် သုံးတယ်။ စစ်ဆေး ကြည့်ရှုတယ်။ လိုအပ်တာတွေကို အကုန်ကြည့်ပြီး မသပ်မရပ် မသန့်မရှင်း ဖြစ်နေရင် ထမင်းချက်၊ မာလီ၊ ဒရိုင်ဘာ၊ ကလေးထိန်း တွေ့ရာလူကို ဘာမှ စကားများ မနေနဲ့ ရှိတဲ့အလုပ်၊ လုပ်လက်စ အလုပ် ချထားခဲ့၊ အိမ်သာ လာလုပ်ကြ၊ ဒါပဲ။ အဲဒါပြီးမှ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်ကြ။ ဒါပဲ။ 

ထိန်းသိမ်း ပြုပြင်မှုနဲ့ ပတ်သက် လာရင်လည်း သူ အကုန် လိုက်ကြည့်တာပဲ။ ပြင်ရပြုရမယ် ဆိုရင် သူကိုယ်တိုင် တွက်ချက်တာပဲ။ ပြီးတော့မှ မိသားစု တခုလုံး အချိုးကျ ပေးကြ၊ ဒါပဲ။ 

လိုတဲ့ပစ္စည်း ဝယ်ဟယ် ခြမ်းဟယ် ကိစ္စတွေကို အငယ်တွေ လုပ်ကြ။ လက်သမား၊ ပန်းရံ အကောင်းဆုံး ခေါ်ရမယ်။ အဲဒါ လုပ်ကြပေတော့။ သူကတော့ သေသေချာချာ စစ်ဆေး ကြည့်ရှုမယ်။ သေသပ်မှ ကြိုက်တယ်။ တိကျမှ ကြိုက်တယ်။ လက်ရာကတော့ ကောင်းမှ၊ ကောင်းမှ။ 

အဲဒါ အတွက်တော့ ဘကြီးကျော်က ကောင်းကောင်း စစ်တယ်။ တကယ်တော့ ကျော်မိသားစု တခုလုံးမှာ အိမ်သာကို အများဆုံး သုံးတာလည်း သူပဲလေ။ တနေ့ တနေ့ အနည်းဆုံး အိမ်သာထဲကို ဆယ့်လေးငါးခေါက်လောက် ဝင်တာကို တွေ့ကြရတယ်။ 

တခါတလေ ခရီးသွားရင်လည်း အိမ်သာ အဆင်မပြေမှုနဲ့ မြန်မြန် ပြန်လာတတ်တယ်။ 

အိမ်သာကို ဂရုမစိုက်ကြဘူး ဆိုရင် သူ အမုန်းဆုံး၊ ဒေါသ အဖြစ်ဆုံးပဲ။ သူ့အဆိုအရ အိမ်သာဟာ လူ့လောက၊ လူ့ဘဝကြီးရဲ့ မဏ္ဍိုင် တခုတောင် ဖြစ်နေတယ်။ 

လူတယောက် ကျန်းမာဖို့၊ ချမ်းသာဖို့၊ ပညာရှိဖို့၊ အတွေးအခေါ် ရှိဖို့ အိမ်သာဟာ ထိပ်တန်း အဓိက နေရာမှာ ရှိနေကြောင်း ခဏခဏ ပြောတတ်တယ်။ 

လူတွေရဲ့ အလွန် တန်ဖိုးရှိတဲ့ ပညာဥာဏ်တွေ၊ အတွေးအခေါ်တွေ၊ အကြံအစည်တွေဟာ အိမ်သာတွေထဲက ရကြတာ ဖြစ်မယ်လို့ သူက ပြောတယ်။ လူတွေက ရှက်လို့ ထုတ်ပြီး ဝန်မခံကြတာပဲလို့ သူ ယုံသတဲ့။ 

သူကိုယ်တိုင်လည်း အလွန် တန်ဖိုးရှိတဲ့ အတွေးအမြင်တွေကို အိမ်သာတက်ရင်း စဉ်းစားပေါက်မြောက် ခဲ့တာလို့ ဆိုတယ်။ ဘာတွေ ပေါက်မြောက်တာလဲ ဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ မေးလည်း မကြည့်ဝံ့ကြဘူး။ 

ရှေးသိပ္ပံဆရာကြီး အာခေမီးဒီး(စ) တောင် သူ့ရဲ့ ကမ္ဘာကျော် သိပ်သည်းဆနဲ့ ပတ်သက်တဲ့ သီဝရီကို အိမ်သာတက်ရင်း ရလိုက်တာပဲလို့ ဘကြီးကျော်က ပြောတယ်။ ကျောင်းတက်နေတဲ့ တူ၊ တူမလေးတွေက အာခေမီးဒီး(စ)ဟာ အိမ်သာတက်ရင်း မဟုတ်ကြောင်း၊ ရေချိုးရင်း စဉ်းစားမိတာသာဖြစ်ကြောင်း ပြန်ပြောကြတဲ့ အခါမှာ ဘကြီးကျော် အကြီးအကျယ် ဒေါပွတယ်။ 

ရေအိမ်၊ ရေချိုးခန်း ဆိုတာနဲ့ အိမ်သာဟာ အတူတူပဲ ဖြစ်တယ်လို့ ဇွတ်ပြောတယ်။ ပြောလို့ မရတဲ့ အဆုံးမှာတော့ ကလေးတွေကို ထရိုက်တော့တာ ပါပဲ။ 

ဘာပဲပြောပြော ဘကြီးကျော်ဟာ အိမ်သာနဲ့ ပတ်သက်လို့ မဟာ အသိပညာရှင်၊ အတတ်ပညာရှင် တဆူ ဖြစ်လာတယ် ဆိုတာတော့ သေချာပါတယ်။ အိမ်သာဆေးတဲ့ ပစ္စည်းအမျိုးပေါင်း များစွာကို သူ သိတယ်။ ထုံးလို ပစ္စည်းက စပြီး အနောက်နိုင်ငံများမှာ နောက်ဆုံး ထုတ်လုပ် ကြော်ငြာ နေကြတဲ့ နောက်ဆုံးပေါ် အိမ်သာဆေးတဲ့ ဆေးမှုန့် ဆေးရည်တွေထိ သူ သိတယ်။ 

ဆီးချိုး ဆေးတာနဲ့ ဝမ်းချိုး ဆေးတာမှာတောင် မတူတဲ့ အကြောင်း သူ ရှင်းပြနိုင်တယ်။ 

အိမ်သာသုံး စက္ကူ၊ တစ်ရှူးပေပါ အမျိုးမျိုး ကိုလည်း သူ ပြောနိုင်တာပဲ။ ဝယ်ရမယ် ဆိုရင်သာ သူများ ပိုက်ဆံနဲ့ ဝယ်တာ။ 

နောက် အိမ်သာသုံး ဆပ်ပြာတွေလည်း သိတာပဲ။ 

အိမ်သာသုံး ပစ္စည်းတွေလည်း အများကြီး သိတယ်။ 
    
ဘာပဲပြောပြော ဘကြီးကျော်ဟာ စပယ်ရှယ်လစ်(စ) တယောက်တော့ ဖြစ်လာတာပဲ။ 

တိုက်သစ် အိမ်သစ် ဆောက်တဲ့ လူတွေဟာ သူ့ဆီမှာ အိမ်သာကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင် အကြံဥာဏ် တောင်းကြရတယ်။ 

တလောဆီ ကတော့ ကမ္ဘာ့ အိမ်သာများ သမိုင်းကို သူ စတင် လေ့လာတဲ့ အဆင့်အထိ ရောက်လာတယ်။ ရိုးရာ အိမ်သာများကိုလည်း သီးခြား လေ့လာတယ်။ 

မြန်မာများရဲ့ စာပေ၊ ယဉ်ကျေးမှုက အစ အရာရာမှာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင် တီထွင်ကြံဆမှုများ အများအပြား ရှိခဲ့တာ မှန်ပေမယ့် ရိုးရာ အိမ်သာတွေနဲ့ ပတ်သက်လို့ကတော့ များစွာ ချည်နဲ့ အားနည်းခဲ့ကြောင်း ဘကြီးကျော်က ကောက်ချက်ဆွဲတယ်။ သရေခေတ္တရာ၊ ပုဂံ အစရှိတဲ့ ခေတ်တွေက အိမ်သာ စနစ်များနဲ့ ပတ်သက်ပြီး စာပေမှာရော၊ နံရံဆေးရေးတွေမှာရော၊ ပန်းပု၊ ပန်းတဉ်း အစရှိတဲ့ နေရာတွေမှာရော သဲလွန်စ အထောက်အထား ရှာတယ်။ ခိုင်ခိုင်မာမာ မတွေ့ရဘူးလို့ ဆိုတယ်။ သူ့ဟာသူ နှံ့စပ်အောင် မရှာနိုင်တာလည်း ဖြစ်နိုင်တယ်။ 
   
ပုဂံခေတ် အဂ္ဂိရတ် အကျော်အမော် ရှင်အဇ္ဇဂေါဏဟာသူ့ရဲ့ မအောင်မြင်တဲ့ ဓာတ်လုံးကို ဒေါသ ဖြစ်ဖြစ်နဲ့ အိမ်သာထဲ ပစ်ချ လိုက်တော့မှ မစင်ကျွေးဖို့ လိုနေတာနဲ့ အံကျဖြစ်ပြီး ပေါက်မြောက် သွားတယ်လို့ သိရတော့ ဘကြီးကျော် အလွန် စိတ်ပျက်သွားတယ်။ အဲဒီ အထောက်အထားအရ ဆိုရင် ပုဂံခေတ်က အိမ်သာစနစ်ဟာ အလွန်တရာမှ မတိုးတက်ကြောင်း ထင်ရှားတယ်လို့ ထောက်ပြတယ်။ 

ဘကြီးကျော် အလွန် သဘောကျတာက တူရကီ ရေအိမ်နဲ့ အိမ်သာစနစ်များလို့ ဆိုတယ်။ တားကစ်(ရှ) ဘတ်(သ) လို့ ကမ္ဘာကျော်တဲ့ ကိစ္စမှာ ရေချိုးဖို့သာ မဟုတ်ဘဲ အိမ်သာစနစ်ပါ ဆိုလိုကြောင်း ထပ်လောင်း ရှင်းပြတယ်။ 

ကျော်မိသားစုဟာ အိမ်သာ အကြောင်းနဲ့ ပတ်သက်ပြီး ဘကြီးကျော်ရဲ့ လက်ချာ၊ ဟောပြောပို့ချမှု ဒဏ်ကို ခဏခဏ ခံကြရတယ်။ 

သူ ပြောပြန်ရင်လည်း ဂရုတစိုက် နားထောင်မှ ကြိုက်တာ။ ဂရုမစိုက်ရင် အကြီးအကျယ် ဒေါပွတတ်တယ်။ အဲဒီလို ဂရုမစိုက်တဲ့ ကောင်မျိုးဟာ အလွန် အောက်တန်းကျကြောင်း၊ လောကမှာ ကြီးပွါးဖို့ အခွင့်အလမ်း မရှိတော့ကြောင်း၊ ဘဝအဘိဓမ္မာများနဲ့ ဝေးတော့မှာသာ ဖြစ်ကြောင်း ဆိုင်ဆိုင် မဆိုင်ဆိုင် ဇွတ်တင်တော့တာပဲ။ 

ကျော်မိသားစုဟာ ကြာတော့ ဘကြီးကျော်ရဲ့ ကျေးဇူးကြောင့် အိမ်သာ ဗဟုသုတများနဲ့ ကြွယ်ဝတဲ့ အသိပညာရှင်များ ဖြစ်လာကြတယ်။ 

အဲဒါဟာ ဘကြီးကျော်ရဲ့ ထူးခြားချက်ပါပဲ။ 

ကျော်မိသားစုဟာ အလွန် သပ်ရပ် သန့်ရှင်းတဲ့ အိမ်သာများကို အသုံးပြုခွင့် ရကြတယ်။ 

အဲဒါလည်း ဘကြီးကျော်ရဲ့ မဟာ ကျေးဇူးတော်ကြောင့် ပါပဲ။ 

တလောဆီ ကတော့ တခါ တဆင့်တက် လာပြန်တယ်။ ခေတ်ပေါ် သိပ္ပံနည်းကျ အိမ်သာများ၊ ကျန်းမာရေး အတွက် အထူးအန္တရာယ် ကင်းအောင် စီမံ ဆောင်ရွက်မှုများ၊ အိမ်သာ ဗိသုကာ ပညာများ ဆိုတာ တွေကို ဘကြီးကျော် အကြီးအကျယ် လေ့လာတယ်။ 

အိမ်သာများ ပုပ်ခြင်း၊ ပွခြင်း၊ အနံ့အသက်ဆိုးများ ထွက်ခြင်း၊ ပိုးမွှား အန္တရာယ်၊ ရောဂါပြန့်ပွားမှု အန္တရာယ် ဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာတယ်။ 

ဆက်(ပ)တစ်တဲ့(န်)(က) လို့ ခေါ်တဲ့ ရောဂါပြန့်ပွားမှု အန္တရာယ် မရှိအောင် လုပ်တဲ့ အိမ်သာအောက်ခံ ရေကန် ဆောက်လုပ်တဲ့ စနစ်တွေကို အကြီးအကျယ် လေ့လာတယ်။ 

အဲဒီ အိမ်သာအောက်ခံ၊ ရေစစ်ကန်တွေရဲ့ စနစ်တွေကို သူကိုယ်တိုင် ကြံဆ တွက်ချက်တယ်။ အဲဒီ ကန်တွေမှာ သုံးရမယ့် ဆေးတွေလည်း ကြံစည် တီထွင်တယ်။ 

နောက်ဆုံး အိမ်သာအောက်ခံ ရေကန် (၇) ဆင့်နဲ့ သူ တီထွင်ထားတဲ့ ဆေးဝါးတွေကို သုံးမယ်ဆိုရင် နောက်ဆုံးကန်မှာ ကျလာတဲ့ ရေဟာ အလွန်သန့်ရှင်း၊ ရောဂါဘယကင်း၊ အနည်အမှုန် ကင်းတဲ့၊ အလွန် ကြည်လင် ကောင်းမွန်တဲ့ရေ ဖြစ်လာမယ်လို့ ဆိုတယ်။ ချိုးလို့လည်း ရမယ်။ သောက်သုံးလို့လည်း ရမယ်လို့ ဆိုတယ်။ 

ကျော်မိသားစု တစ်ခုလုံးဟာ အဲဒီ အဆိုအမိန့်ကို နားထောင်ကြရတယ်။ စိတ်ဝင်စားချင်ယောင် ဆောင်ကြရတယ်။ မျက်လုံးလေးတွေကို ပေကလပ် ပေကလပ် လုပ်ရင်း ဆိတ်ဆိတ် နေခြင်းဟာ ဝန်ခံရာ ရောက်တယ် ဆိုတဲ့ အနေနဲ့ မငြင်းဘဲ နေကြတယ်။ 

အဲဒါကို ဘကြီးကျော် အတော် အားမလို အားမရ ဖြစ်တယ်။ သူ ထုတ်ထားတဲ့ အိမ်သာ ဗိသုကာ ဒီဇိုင်းတွေ ကိုလည်း ဂရုတစိုက် ကြည့်စေချင်တယ်။ သူ့ အာမခံချက်တွေ ကိုလည်း မျက်စိ ပေကလပ် ပေကလပ် လုပ်ရုံလောက်နဲ့ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ထောက်ခံကြ စေချင်တယ်။ 

အဲဒါကြောင့် ပါးစပ် ပြောတာလောက်နဲ့ မပြီးတော့ဘဲ အဲဒီ ဒီဇိုင်းကို လက်တွေ့ အကောင်အထည် ပေါ်အောင် ဆောက်လုပ်ပြမယ်လို့ အတိအလင်း ထုတ်ပြောတယ်။ 

အဲဒီ အိမ်သာကို ဆောက်ရင် ကုန်ကျစရိတ်ကိုက တသိန်းခွဲလောက် ကျမှာ ဖြစ်နေတယ်။ 

အဲဒါကြောင့် ကျော်မိသားစု တခုလုံး စိတ်ညစ်ကုန် ကြတယ်။ 

ဒါပေမယ့် မရပါဘူး။ အားလုံးကို ခွဲတမ်းချပြီး ပိုက်ဆံ အချိုးကျ ထည့်ကြရမယ်လို့ ဇွတ်ပြော လာတယ်။ 

အားလုံးက အဲဒီ အိမ်သာ စနစ်ကြီးကို ယုံကြည်ပါကြောင်း၊ သဘောကျကြပါကြောင်း၊ အံ့ဩကြပါကြောင်း ဝိုင်းပြောကြတယ်။ ဒါပေမယ့် သူတို့မှာ အိမ်သာ လုံလုံလောက်လောက် ရှိနေပြီမို့ နောက်ထပ် ထပ်ဆောက်ဖို့ မလိုပါကြောင်းလည်း ဝိုင်းပြောကြတယ်။ 

ဒီတော့ ဘကြီးကျော်က ဒီအိမ်သာကြီး ဆောက်ဖို့ လိုအပ်တယ် ဆိုတဲ့ နေရာမှာ အသုံးလိုလို့ ဆိုတာထက် ပညာ တရပ်၊ အတွေးအခေါ် တရပ်၊ အဘိဓမ္မာ တရပ်ကို သက်သေပြဖို့ အဓိက ဖြစ်နေကြောင်း၊ သည်တီထွင်မှုရဲ့ မှန်ကန် ထိရောက်မှုကို သက်သေပြနိုင်မယ်၊ လက်တွေ့ အကောင်အထည် ဖော်နိုင်မယ် ဆိုရင် ကြီးကျယ်တဲ့ အောင်မြင် ကျော်ကြားမှု တရပ် ဖြစ်လာမှာ ဖြစ်ကြောင်း၊ ဒီအောင်မြင်မှုဟာ မိမိ တယောက်တည်းရဲ့ အောင်မြင်မှု၊ ကျော်ကြားမှု မဖြစ်သင့်ကြောင်း။ မိသားစု အောင်မြင်မှုသာ ဖြစ်သင့်ကြောင်း၊ ဒါကြောင့် အားလုံး အချိုးကျ ထည့်ဝင် ကျခံကြရမယ်လို့ ဇွတ်ပြောတယ်။ 

ဘာတတ်နိုင်မှာလဲ။ 

စကားနည်းရန်စဲ ထည့်လိုက်ကြပေါ့။ 
    
ကျော်မိသားစု ခြံကြီးရဲ့ အနောက်တောင် ထောင့်မှာ ဘကြီးကျော်ရဲ့ အိမ်သာကြီးကို ပန်းရံ အကျော်အမော်၊ လက်သမား အကျော်အမော်တွေနဲ့ စဆောက်ကြပါတယ်။ 

အပူတပြင်း ဆောက်လိုက်ကြတာ သုံးလနဲ့ ဆယ့်ခုနစ်ရက်ပဲ ကြာလိုက်တယ်။ အားလုံး ပြီးစီးသွားတယ်။ အဲဒီမှာ အလုပ်က မပြီးသေးဘူး။ ဒုက္ခက ကျန်သေးတယ်။ ကျော်မိသားစု အားလုံး အိမ်မကြီးထဲမှာ အိမ်သာတွေ ရှိပါလျက်နဲ့ ဘကြီးကျော်ရဲ့ စမ်းသပ်ခံ အိမ်သာ အသစ်ကြီးကို သွားကြရတယ်။ 

ဒါမှ အိမ်သာကြီးက ပြည့်လာမှာကိုး။ အိမ်သာသုံး ရေတွေလည်း အထပ်ထပ် စစ်လို့ ပြုလို့ ရေစစ်ကန် အထပ်ထပ်ကို ဖြတ်ပြီး နောက်ဆုံး ကန်ထဲကို ရောက်မှာကိုး။ 

အဲဒီလို ဖြစ်သွားအောင် အလွန်တောင့်တဲ့ ကျော်မိသားစု တစ်ခုလုံး ကလေး လူကြီးမကျန် ကြိုးစားပမ်းစားနဲ့ အိမ်သာ အသစ်ကြီးကို ဝိုင်းအားပေး လိုက်ကြတာ လေးလလောက် ကြာတဲ့အခါမှာ အိမ်သာကြီးရဲ့ အစိတ်အပိုင်းတွေ အားလုံး လည်ပတ် အသုံးဝင်လာတဲ့ အဆင့်ကို ရောက်လာပါတယ်။ ဆိုလိုတာက နောက်ဆုံး ရေစစ်ကန် အထိ စစ်ရေ ရောက်လာတာကို ပြောတာပါ။ 

အဲဒီ အချိန်တွေ အတွင်းမှာ ဘကြီးကျော် တယောက် တကယ့်ကို မအိပ်နိုင် မစားနိုင်၊ အားမလို အားမရနဲ့ နေမထိ ထိုင်မသာ စောင့်ရရှာတယ်။ 

အရေးကြီးလို့ ဆိုပြီး ဒီပြင် တခြား အိမ်သာက ရှိပြီးသား ပစ္စည်းတွေကိုလည်း မ, လာလို့ မဖြစ်ဘူးလေ။ ဒါက စမ်းသပ်မှုမှာ သူ့သဘာဝ အတိုင်း ဖြစ်စေကြရမှာကိုး။ 

နောက် တလလောက်လည်း နေရော ဘကြီးကျော်က နောက်ဆုံး ရေစစ်ကန်က ရေကြည်ကို ခပ်ပြီး ဖန်ခွက်နဲ့ ထည့်ကြည့်တယ်။ အားလုံးကိုလည်း ပြတယ်။ တကယ်လည်း ကြည်နေပါတယ်။ အနည်တို့၊ အမှိုက်တို့လည်း ကင်းရှင်းပါတယ်။ ဒါပေမယ့် ဘယ်သူမှ ကိုင်ကြည့်ဖို့၊ နမ်းကြည့်ဖို့ မလုပ်ကြဘူး။ အဝေးကပဲ။ 

အားလုံးက တသံတည်းပဲ ကောင်းပါတယ်၊ အောင်မြင်ပါတယ် ပဲပေါ့။ ချိုးရေသုံးရေ လုပ်လို့တောင် ရမှာပါပဲပေါ့။ 

ဒါပေမယ့် ချိုးလို့ သုံးလို့ ရတဲ့တိုင်အောင် ဒီရေတွေကို ဘာလုပ်ရမှာလဲ။ 

ကျော်မိသားစု ခြံကြီးထဲမှာ အဝီစိတွင်းလည်း ရှိတယ်။ ရိုးရိုးရေတွင်းလည်း ရှိတယ်။ ရေတွေကလည်း ရေချိုတွေချည်း။ ထွက်လိုက်ကြတာမှ ဗျင်းဗျင်း ဗျင်းဗျင်းနဲ့တောင် နေသေး။ ဘာလုပ်ဖို့ အိမ်သာရေကို ပြန်စစ် ပြန်သုံးဖို့ လိုမှာလဲ။ အဲဒါကိုလည်း ဘယ်သူမှတော့ ထုတ်ပြောဝံ့ကြတာ မဟုတ်ပါဘူး။ 

ရပ်ကွက် ထဲမှာ ဒီသတင်းထွက်သွားပြီး တော်တော်ကို လှုပ်လှုပ်ရှားရှား ကျော်ကျော်ကြားကြား ဖြစ်သွားတာလည်း အမှန်ပါပဲ။ 

ဒါပေမယ့် ဘကြီးကျော် လုံးဝ မကျေနပ်ဘူး ဖြစ်နေတယ်။ ဘာလို့လဲ ဆိုတော့ အားလုံးက ကောင်းပါတယ်။ အောင်မြင်ပါတယ် ဘာညာနဲ့သာ ပြောနေကြတာ၊ အနားတောင် ကပ်ကြတာမှ မဟုတ်တာ။ 

အဲဒီတော့ ဘကြီးကျော် ဘာလုပ်မလဲ။ 

တနေ့ ... 

တနင်္ဂနွေနေ့ တနေ့မှာ ကျော်မိသားစု အားလုံးကို ဘယ်မှ မသွားရ၊ ဘာမှ မလုပ်ရ၊ အိမ်မှာ အားလုံး ရှိကြရမယ်လို့ အမိန့်ထုတ် လိုက်တယ်။ 

ဟာ ... ဒါလုပ်ရမှာပေါ့၊ ဘကြီးကျော်က မိသားစုမှာ အကြီးဆုံးပဲဟာ။ အဲဒီ တနင်္ဂနွေနေ့မှာ အားလုံး အိမ်မှာပဲ စုပြီး နေကြရတယ်။ 

နံနက် ၉ နာရီလောက်မှာ ဘကြီးကျော်က သူ့ရဲ့ အထူး အစီအစဉ်နဲ့ ဘိုင်အို ကင်မစ်စထရီ ပါမောက္ခ ဦးမောင်မောင်ဘကို ပင့်လာတယ်။ စမ်းသပ်ရာမှာ လိုအပ်မယ့် ပစ္စည်းတွေလည်း ပါလာတယ်။ 

မိသားစုနဲ့ ပါမောက္ခကြီးကို မိတ်ဆက်ပေးတယ်။ နောက်ပြီးမှ သူ့အစီအစဉ် အားလုံးကို ရှင်းပြတယ်။ သူ့အိမ်သာကြီးရဲ့ နောက်ဆုံး အဆင့်က ရေကြည်ကို ဘိုင်အို ကင်မစ်စထရီ ပါမောက္ခကြီးက ရောဂါပိုးမွှား ကင်းမကင်း၊ အမှိုက်သရိုက် ကင်းမကင်း၊ တခြားသတ္တု ပါဝင်နှုန်း များမများ၊ ကြည်လင် သန့်စင်တဲ့ ရေကြည်ရေသန့် ဟုတ်မဟုတ် တိတိကျကျ စစ်ဆေးပြီး အားလုံးကို ပြောပြမှာ ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းပြတယ်။ 

အဲဒီနောက် အများရှေ့မှာပဲ အိမ်သာကြီးရဲ့ နောက်ဆုံးကန်က ရေကို အလွန် သန့်ရှင်းတဲ့ ဖန်ပုလင်းနဲ့ ခပ်ယူ လိုက်တယ်။ ပြီးတော့ ပါမောက္ခကြီး လက်ကို အပ်လိုက်တယ်။ 

ပါမောက္ခကြီးဟာ မိသားစု အားလုံးရဲ့ ရှေ့မှောက်မှာပဲ အဲဒီ ရေကြည်ကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးပါတယ်။ ပါမောက္ခကြီးရဲ့ စစ်ဆေးချက်များဟာ အတော်ကို ရှုပ်ထွေး များပြားပါတယ်။ အလွန်တိကျ သေချာမှာ ဖြစ်ကြောင်းလည်း သိသာ ထင်ရှားလှပါတယ်။ 

စမ်းသပ်ခွဲခြမ်း လေ့လာမှုဟာ အချိန်အားဖြင့် သုံးနာရီလောက် ကြာပါတယ်။ 
    
အဲဒီ နောက်မှာတော့ ပါမောက္ခကြီးက အဲဒီ အိမ်သာကြီးရဲ့ နောက်ဆုံး ရေစစ်ကန်က ထွက်လာတဲ့ ရေကြည်ဟာ အလွန် သန့်ရှင်း ကြည်လင်တဲ့ စံပြ ရေသန့်တမျိုး အဆင့်မှာ ရှိကြောင်း ရဲရင့်ပြတ်သားစွာ ကြေညာ လိုက်ပါတယ်။ 

အဲဒီရေဟာ သောက်လိုသောက်၊ ချိုးလိုချိုး ကြိုက်သလို သုံးနိုင်ကြောင်း ပြတ်သားစွာ ထောက်ခံ လိုက်ပါတယ်။

ဘကြီးကျော်ရဲ့ ပီတိဟာ အတိုင်းအဆ မရှိ ထိုးတက် သွားပါတယ်။ ဘာစကားမှ မပြောဘဲ ပြုံးပြုံးကြီး ဖြစ်နေတယ်။ နောက်ပြီးမှ အဲဒီရေသန့် ဖန်ခွက် တခွက်ကို ကိုင်ပြီး ကျော်မိသားစု တစ်ခုလုံး နည်းနည်းစီ မြည်းကြည့်ကြဖို့ ပြောပါတော့တယ်။ 

အဲဒါကတော့ မလွယ်ဘူးဗျ။ အားလုံးဟာ ရုတ်ရုတ်သဲသဲ ဘကြီးကျော်ရဲ့ အောင်မြင်မှုကို ယုံကြည်ကြောင်း၊ အံ့ဩပါကြောင်း၊ ချီးကျူးပါကြောင်း၊ ဒါပေမယ့် သောက်ကြည့် မြည်းကြည့်ဖို့တော့ လုံးဝ မဖြစ်နိုင်ပါကြောင်း ငြင်းလိုက် ရှောင်လိုက်ကြတာဗျာ ဆူညံသွားတာပဲ။ 

ဘကြီးကျော် တော်တော်ကြီးကို ခွကျသွားတယ်။ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်သွားတယ်။ 

ဒါနဲ့ ပါမောက္ခကြီးဘက် လှည့်ပြီး သူ့မိသားစုဟာ ဆရာကြီးရဲ့ စကားကို ပါးစပ်နဲ့သာ ယုံကြည် ထောက်ခံ နေကြကြောင်း၊ လက်တွေ့ သုံးဆောင်ကြည့် နိုင်လောက်တဲ့ အထိ မယုံကြည် ကြသေးတာ ထင်ရှားနေကြောင်း၊ ဒါကြောင့် ဒီကိစ္စမှာ သူ့မိသားစု တစုလုံး လုံးဝဥဿုံ သံသယ ရှင်းသွားအောင် ပါမောက္ခကြီး ကိုယ်တိုင် သောက်ပြလိုက်ဖို့ မေတ္တာ ရပ်ခံတယ်။ 

ပါမောက္ခကြီး မျက်နှာ သိသိသာသာ ပျက်သွားတာပေါ့။ 

ချက်ချင်းပဲ ငြင်းပါတယ်။ ပါမောက္ခကြီးက သူ့တာဝန်က ရေကို စစ်ဆေးပေးဖို့သာ ရှိကြောင်း၊ သောက်သုံးပြရန် နဂိုကနဦး ကတည်းက သဘောတူခဲ့ခြင်း မရှိကြောင်းနဲ့ တချက်လွှတ် ပြတ်ပြတ်သားသား ငြင်းပစ် လိုက်ပါတယ်။ 

ဘကြီးကျော် အကြီးအကျယ် အကျပ်ရိုက် သွားတယ်။ 

အားလုံး ငြိမ်နေကြတယ်။ 

ဘာဆက်လုပ်ရမှာလဲ။ 

ဘကြီးကျော်လည်း သိတယ်။ သူ တခုခု ပြောရမယ်၊ လုပ်ရမယ်၊ ဆုံးဖြတ်ရမယ်၊ လုပ်ကို လုပ်ရတော့မယ်။ 

ဘာလုပ်မလဲ။

ဘာလုပ်မလဲ။

ဘကြီးကျော် ဆုံးဖြတ်လိုက်တယ်။

အဲဒီရေကို သူကိုယ်တိုင် သောက်ပြမယ်တဲ့။

ဘကြီးကျော်ဟာ အိမ်သာရေကြည် အပြည့် ထည့်ထားတဲ့ ဖန်ခွက်ကို သောက်ဖို့ မြှောက်လိုက်တယ်။ 
    
မိသားစု တစ်ခုလုံး ဟာခနဲ ဖြစ်သွားတယ်။ 

ဘကြီးကျော်လည်း လန့်သွားတယ်။ 

လက်ထဲမှာ ဖန်ခွက် တန်းလန်းကြီးနဲ့ ...။ 

---

#ဝင်းဖေ
#ရေကြည်ရေသန့်

#shared_by_louis_augustine
#sbla

Comments