အရက်ကြက်နဲ့ နွေမိန်တပေါင်းရဲ့ // မောင်သာချို
အရက်ကြက်နဲ့ နွေမိန်တပေါင်းရဲ့ // မောင်သာချို
---
မြန်မာပြည်၌ နတ်ကိုးကွယ်ယုံကြည်မှု၊ ပူဇော်ပသမှုကို အခြေခံကာ ရေးဖွဲ့ထားသည့် ဝတ္ထုရှည်နှစ်ပုဒ် ထင်ရှားပါသည်။
တစ်ပုဒ်က “ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ”ဝတ္ထု။ ရေးသူက နုနုရည်(အင်းဝ)။ နောက်တစ်ပုဒ်က “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်”ဝတ္ထု။ ခင်ခင်ထူး၏လက်ရာ။ မနုနုရည်(အင်းဝ)က မန္တလေးနှင့် မတ္တရာကြားက တောင်ပြုန်းဒေသ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး မင်းညီနောင်နှစ်ပါး ပူဇော်ပသပွဲကို အခြေခံပြီးရေးကာ၊ မခင်ခင်ထူးကမူ ချင်းတွင်းနှင့် ဧရာဝတီကြားက ထန်းတောကူနီ ကိုကြီးကျော် ပူဇော်ပသပွဲကိုအခြေခံကာ ရေးသားထားခဲ့ခြင်း ဖြစ်ပါသည်။
စာရေးဆရာမ နှစ်ယောက်လုံးက ကျွန်တော်နှင့် မောင်များ၊ နှမများသဖွယ် ရင်းနှီးကျွမ်းဝင်ပါသည်။ သူတို့ဝတ္ထုများကို တည်ဆောက်ဖန်တီးကြရာ တောင်ပြုန်းဒေသ၊ ပခန်းဒေသတို့ကလည်း ကျွန်တော်နှင့် ထိတွေ့ဆက်စပ်ပါသည်။ မန္တလေးနှင့် မတ္တရာအကြား ကျွန်တော် ခေါက်တုံ့ခေါက်ပြန်လုပ်ခဲ့တာ ဘယ်နှခေါက်ရှိမှန်း မသိတော့။ ပခန်းဒေသကတဲ့ရော။ သွားရပြန်ပြီ ရေစကြို။ သွားရပြန်ပြီ မြောင်။ သွားရပြန်ပြီ ပခုက္ကူ။ သွားရပြန်ပြီ မြိုင်။ သွားရပြန်ပြီ ပုံတောင်ပုံညာ။ အော်... ပခန်း ပခန်း။ မြို့ဟောင်းရဲ့ အနံ့အသက် အထိအတွေ့ အကြွင်းအကျန်များနဲ့ ပခန်း။
(နှစ်)
ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြို့တော်ပခုက္ကူသို့သွားလျှင် ယခင်က ညောင်ဦးဘက်ကမ်းရှိ လက်ပံခြေပေါ်ရွာကလေးကနေ ဇက်ဖြင့် လူရော ကားပါ ဖြတ်ကူးခဲ့ကြရသော်လည်း ယခုမူ ဧရာဝတီတံတား(ပခုက္ကူ)၏ ကျေးဇူးတရားဖြင့် စွေ့ခနဲ ရွေ့လိုက်ရုံမျှဖြင့် ပခုက္ကူမြို့သို့ ရောက်သွားနိုင်ပါပြီ။
ပခုက္ကူမြို့၏ အထက်နားဆီမှာက ချင်းတွင်းနှင့် ဧရာဝတီမြစ်တို့ ဆုံရာရှိပါသည်။ ပခုက္ကူကနေ ဧရာဝတီမြစ် အနောက်ဘက်ကမ်းပါးအတိုင်း အထက်သို့ဆန်ပြီးနောက် မြိုင်နှင့် ပေါက်တို့ရှိရာ လက်ဝဲဘက်သို့မတိမ်းဘဲ ချင်းတွင်း၏ အနောက်ဘက်ကမ်းပါးတစ်လျှောက် ရှေ့သို့ဆက်၍ဆက်၍ တိုးခဲ့သော် ရေစကြိုသို့ ရောက်နိုင်ပါသည်။
ပခန်းကား ပခုက္ကူနှင့် ရေစကြိုကြားတွင်ရှိသော ကိုကြီးကျော် ကျင်လည်ကျက်စားခဲ့ရာဒေသ။ ပခန်းငယ်တဲ့၊ ပခန်းကြီးတဲ့။ တစ်ဆက်တစ်စပ်တည်းဒေသ။ တစ်ခေါက်တွင်ကား ချင်းတွင်းမြစ်ထဲ၌ ရေဖောင်ဖောင်ကြီးကာ ညိုညစ်ပုပ်သိုးသော မျက်နှာထားကြီးနှင့် ချင်းတွင်းဒေါမာန်ထ,ကာ သွင်သွင်စီး၍နေသော ရက်တွေထဲ၌ ကားလမ်းကနေ မြစ်ဘက်သို့ ဖဲ့ဆင်းကာ ချင်းတွင်းကို စက်လှေဖြင့် ဖြတ်ကူးပြီး ကိုကြီးကျော် နတ်နန်းရှိရာ ထန်းတောကူနီသို့ ရောက်သွားခဲ့ပါလေသည်။
(သုံး)
ထန်းတောကူနီက ပခန်းကနေ ချင်းတွင်းကို ခပ်စောင်းစောင်း စုန်၍ကူးလိုက်လျှင် ရောက်ရှိသွားနိုင်သော ဟိုးအနောက်ဘက်ကမ်းက ရွာကြီးတစ်ရွာဖြစ်ပါသည်။ ယင်းသည် ချင်းတွင်းနှင့် ဧရာဝတီကြားက မြေနုကျွန်းဒေသလည်း ဖြစ်ပါသည်။ သည်ဒေသမှာ ကျွန်းဆယ့်နှစ်ရွာက နာမည်ကြီးပါသည်။ သို့သော် စာရေးဆရာမ ခင်ခင်ထူးကတော့ ကျွန်းဆယ့်နှစ်ရွာ မကပါဘူးဟု ဆိုပါသည်။ မြေတော်၊ ပန်းညို၊ ကျောက်ဖူး၊ ဖြုံဖူး၊ မီးလောင်ကျွန်း၊ သာဂေါင်၊ နွားမော့၊ ရွှေလှံ၊ ဆင်ခြေရာ၊ မြစ်စုတ်၊ မိဖုရားရွာ၊ မဲကုန်းရွာ၊ ငတရော်၊ ရေရှား၊ မိုးဖြူ၊ မိုးကွဲ၊ ချင်းယား စသည် စသည်။ သည်လိုဆိုရင်ဖြင့် ဘယ်မှာ ဆယ့်နှစ်ရွာ က,ပါ့မလဲ ...ထား။
ဘာပဲဖြစ်ဖြစ် သည်မြစ်ကြီး နှစ်သွယ်ကြားထဲက ကျွန်းစုကြီးပေါ်မှာဖြင့် ထန်းတောကူနီက နာမည်ကျော်ပဲ ဖြစ်ပါသည်။ ကိုကြီးကျော်နှင့် ပတ်သက်ဆက်နွှယ်ရာ ရွာတစ်ရွာမဟုတ်လား။
ကိုကြီးကျော်၏ ဘဝဇာတ်ကြောင်းက တော်တော့ကို ဝေဝါးထွေပြားပါသည်။ ဘဝဇာတ်ကြောင်းတစ်ခုက ကိုကြီးကျော်ကို ပုဂံဘုရင်သိန်းခွန်မင်း၏ သားအဖြစ် ဖော်ပြပါသည်။ သိန်းခွန်မင်းဟူသည်မှာ အနော်ရထာမတိုင်မီ ၁၅ ဆက်က မင်းဖြစ်သည့်အတွက် သမိုင်းဆရာအစစ်တွေကတော့ လက်ခံမည်မထင်မိ။ ထို သိန်းခွန်မင်းက တောင်နန်းစံ၏သား ရွှေလောင်းမင်းသားကို အိမ်ရှေ့မင်းအဖြစ် ခန့်အပ်လို၍ မြောက်နန်းစံကမွေးသည့် သားတော်စည်သူနှင့် ကျော်စွာတို့ တောင်ညိုလယ်မအရပ်သို့ အပို့ခံခဲ့ရကြောင်း၊ ယင်းမှတစ်ဆင့် ပခန်းသို့ ရောက်ရာက စိုက်ပျိုးရေးအတွက် ချင်းတွင်းမြစ်ကို ကျော်စွာအား တူးစေရာ ကြက်၊ အရက်၊ မိန်းမကိစ္စများနှင့် အချိန်ကုန်ကာ တာဝန်ပေါ့လျော့သဖြင့် နောင်တော်စည်သူကသတ်၍ သေခဲ့ရပြီး မင်းကျော်စွာနတ်ခေါ် ဦးမင်းကျော် ဖြစ်ခဲ့ရကြောင်း ဆိုပါသည်။
နောက်ဘဝဇာတ်ကြောင်းတစ်ခုအရမူ ဦးမင်းကျော်သည် အလောင်းစည်သူမင်းကြီး၏ အမတ်တစ်ဦးဟု ဆိုပါသည်။ သူသည် ပုပ္ပါးသူ အရက်သည် မဘို့မယ်နှင့် အကြောင်းပါကာ ကြက်ပွဲ၊ အရက်ပွဲများနှင့် ပျော်ပါးနေရာက သေသော် နတ်ဖြစ်သွားသည်ဟု ဆိုပြန်ပါသည်။
ဘဝဇာတ်ကြောင်း နောက်တစ်ခုကမူ အင်းဝခေတ် အင်းဝဘုရင်မင်းခေါင်၏သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာသည် ဦးမင်းကျော်ဖြစ်ပြီး မွန်မြန်မာ အနှစ်လေးဆယ် စစ်ပွဲအတွင်း ဒလ၌ကျဆုံးရာက နတ်ဖြစ်သွားသည်ဟုလည်း ဆိုပြန်ပါသည်။
ဘာပဲဖြစ်ဖြစ် မင်းကျော်စွာ၊ ဦးမင်းကျော်၊ ကိုကြီးကျော် စသည် စသည်ဖြင့် လူသိများသော သည်နတ်က အရက်၏ အမှတ်တံဆိပ်၊ ကြက်၏ပုံရိပ်လွှာ၊ မြင်းစီးသူရဲ၏ သင်္ကေတဖြစ်နေသည်ကတော့ အမှန်ပဲဖြစ်ပါလေသည်။
(လေး)
ကိုကြီးကျော် နတ်နန်းထဲကိုရောက်တော့ မလှမ်းမကမ်း အိမ်တစ်အိမ်ကနေ အမျိုးသမီး သုံး၊ လေးယောက် ရောက်လာပါသည်။ တစ်ယောက်က နန်းထိန်း၊ ဒေါ်စိန်သန်းဟု သူ့ကိုယ်သူ မိတ်ဆက်ပါသည်။ အသက်ငါးဆယ်၊ ငါးဆယ့်ငါးနှစ်လောက်ဟု ခန့်မှန်းရပါသည်။ ညိုညိုဖိုင့်ဖိုင့်။
ကျွန်တော်က နန်းထိန်းရာထူးကို ဘယ်သူကပေးတာလဲ၊ ဘယ်လိုနည်းနဲ့ ရလာတာလဲဟု မေးရပါသည်။ အဖြေက တော်တော့ကို ရိုးစင်းပါသည်။ ဘိုးစဉ်ဘောင်ဆက် နန်းထိန်းလုပ်လာကြရာက ရှေးလူတွေတစ်ယောက်ပြီး တစ်ယောက်ဆုံးတော့ ထိုရာထူး သူ့လက်ထဲသို့ ရောက်လာတာပါပဲဟု ဆိုပါသည်။
ဘုန်းတော်ကြီး ကျောင်းဝင်းတမျှကျယ်သော တံတိုင်းကြီး၏အလယ်၌ ကိုကြီးကျော်နတ်နန်းက ကြီးကျယ်ခမ်းနားပါသည်။ သွပ်မိုးထားသည့် တိုက်နန်းကြီး။ လင်းလင်းကျင်းကျင်းနှင့်။ နတ်နန်းဆောင်ကြီးတစ်ခုလုံးကို တော်တော်မြင့်သည့် အောက်ခံအင်္ဂတေခုံပေါ်၌ သစ်ကြီးဝါးကြီးများဖြင့် ဆောက်ထားခြင်းဖြစ်ရာ ချင်းတွင်းမြစ်ရေကို လွတ်အောင် စီမံထားပုံရပါသည်။ နတ်နန်းဆောင်ပတ်လည်တစ်ခုလုံးကို ခါးလောက်အထိသာ အုတ်စီ၍ အင်္ဂတေကိုင်ကာ ကာရံထားပြီး ကျန်အပိုင်းကို လွှတ်ထားသောကြောင့် နတ်နန်းကလင်းပါသည်။ နန်းဦးပလ္လင်ပေါ်မှာက ကိုကြီးကျော်နှင့်တကွ အခြားနတ်ရုပ် သုံးလေးရုပ်။ ပလ္လင်အောက်ခြေ မလှမ်းမကမ်းဆီမှာက နတ်ဆိုင်း၏နေရာ။ ကျန်လွတ်နေသော နေရာတွေကတော့ နတ်ပွဲကာလအတွင်း ကကြ ခုန်ကြ နတ်ထိန်းကြ နတ်ချော့ကြရသည့် နေရာတွေ။ နတ်နန်းကြီးပေါ်ကနေ လှေကားသုံး၊ လေး၊ ငါးထစ် ဆင်းလိုက်တော့ ဘုန်းကြီးကျောင်းဝင်းတမျှ ကျယ်ဝန်းသည့် မြေပြင်။ သည်မြေပြင်ကို ကန့်သတ်တားဆီးထားသည့် တံတိုင်းအပြင်ဘက်မှာက ထန်းတောကူနီရွာက အိမ်ကလေးတွေ။ နတ်နန်းက ကြီးမားထည်ဝါလွန်းတော့ အိမ်တွေက သေးသိမ်သယောင် ထင်ရပါသည်။ ချင်းတွင်းက မလှမ်းမကမ်းမှာ စီးဆင်းလျက်။
“နတ်ပွဲရက်ကတော့ ... အရက်ရောင်းကြ၊ ကြက်သားကြော်ရောင်းကြ... တစ်ရွာလုံးလိုလိုပါပဲဗျာရယ်”
ဒေသခံ၏စကားကိုကြားတော့ ကျွန်တော်က တပေါင်းလအညာမှာ အလွန်ပူသော ရက်တွေထဲ အစွမ်းကုန် သောက်စားမြူးထူး ကခုန်ကြသည့် ပွဲဖြစ်ရာ ရန်ပွဲတွေ ဘာတွေ မဖြစ်ကြဘူးလားဟု မေးမိပါသည်။
“အို... ဖြစ်ပါ့... ဟိုနေရာက စီခနဲ၊ သည်နေရာက စီခနဲပဲ”
ကိုကြီးကျော်ပွဲက တကယ့်ကို အပူဆုံးရက်တွေထဲတွင် ဆင်နွှဲသည့်ပွဲဖြစ်ပါသည်။ တပေါင်းလဆန်း သုံးရက်ဆိုလျှင် ချိုးရေတော်သုံးပွဲ စပါပြီ။ ကိုကြီးကျော် အရုပ်နှင့်တကွ ရှင်ဘို့မယ်ရုပ်၊ မဏိစည်သူရုပ်၊ ဝေဠုဝတီရုပ်တို့ကိုပါ အသင့်ရှိနှင့်ပြီးသား ဝေါပေါ်တင်ကာ ချင်းတွင်းမြစ်ထဲသို့ဆင်းပြီး ချိုးရေတော်ပွဲ ကျင်းပကြခြင်းဖြစ်ပါသည်။ တပေါင်းလဆန်း လေးရက်ကျတော့ နတ်ပုံတော်ရွှေချတဲ့။ နတ်ရုပ်များကို ရွှေချသည့်နေ့။ ငါးရက်နေ့ကမူ နတ်ဒိုးဆွဲ၊ နတ်ချော့၊ ကြက်လောင်း။ ကိုကြီးကျော် ကြက်တိုက်သည့် နတ်နန်းက ပင်မနန်းမကြီးနှင့် မလှမ်းမကမ်း၌ ရှိပါသည်။ ထို့နောက် ခြောက်ရက်၊ ခုနစ်ရက်၊ ရှစ်ရက်၊ ကိုးရက်၊ ဆယ်ရက်များတွင်ကား နယ်ပေါင်းစုံက ရောက်လာသမျှ နတ်ကတော်တို့ ဧည့်ခံနန်းကြီးပေါ်၌ နတ်ချော့ကြ၊ နတ်ကကြ၊ ကြက်လောင်းကြ၊ ကြက်တိုက်ကြ။
တပေါင်းလဆန်း ဆယ်ရက် ပန်းဆက်ပသပွဲနှင့် ကြက်တိုက်ပွဲ။ တပေါင်းလဆန်း ဆယ့်တစ်ရက် တောင်ပြုန်းမင်းညီနောင်နှင့် မယ်တော်မယ်ဝဏ္ဏတို့ကို ပင့်ဆောင်ပူဇော်ပွဲ။ တပေါင်းလဆန်း ဆယ့်နှစ်ရက် ကိုကြီးကျော်၏နောင်တော်က ညီတော့်ထံသို့ ကြွလာသည့်ပွဲ။ တပေါင်းလဆန်း ဆယ့်သုံးရက် ကိုကြီးကျော်၏မယ်တော် ကျွဲလှည်းစီးကာ သားထံသို့ ရောက်လာသည့်ပွဲ။ တပေါင်းလဆန်း ဆယ့်လေးရက် ကိုကြီးကျော်၏မယ်တော် သားတော်၏နန်းသို့ ကျောခိုင်း၍ တက်သည့်ပွဲ။
“မယ်တော်က... အရက်သမား ကြက်သမားသားကို မျက်နှာချင်းမဆိုင်ချင်ဘူးလေ... အနို့သော်လည်း သားဆိုတော့ လာရပြန်တာပ”
တပေါင်းလပြည့်နေ့ မနက်၌မူ သံဃာတို့ကို ဆွမ်းကြီးလောင်းပွဲ ကျင်းပပေးကာ ရေစက်ချ အမျှအတန်းဝေပြီးနောက် ဦးမင်းကျော်ပွဲကို အဆုံးသတ်ကြမြဲ။ အရက်တွေ ကြက်တွေနှင့်တကွ ဈေးသည်ပေါင်းစုံတို့ ခြေချင်းလိမ်နေသည့် ထန်းတောကူနီရွာကလေးသည်လည်း ခြေကုန်လက်ပန်းကျ၍ သွားရမြဲ။
“ကိုကြီးကျော်ပွဲက ... နတ်ချော့ဖို့ နတ်ကဖို့ ဈေးမကြီးလှပါဘူး။ သုံးသောင်းခွဲ၊ လေးသောင်းပါ”
နတ်ကတော်တစ်ဦးက ကျွန်တော့်ကို ပြောလာခြင်းဖြစ်ပါသည်။ ဟုတ်ပါသည်။ တောင်ပြုန်းပွဲဆိုလျှင် ငွေသုံးသိန်းလောက် မလှူဘဲနှင့် နတ်ဝင်ကလို့မရ။ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်အတွင်းမှာ တစ်ယောက်ပြီးတစ်ယောက် အလုအယက်ဝင်ကကြရခြင်း ဖြစ်ပါသည်။
တပေါင်းနေက ပူပူခြစ်ခြစ်၊ အရက်မျိုးစုံက ပြင်းပြင်းရှရှ၊ ကြက်သားကြော်က ကြွပ်ကြွပ်ရွရွ၊ နတ်ဒိုးသံက ဆူဆူလောင်လောင်၊ လေပူကြီးမှာ ဖုန်မှုန့်တွေက တထောင်းထောင်း၊ လူတွေ ဝတ်စားလာကြတာက စူးစူးရဲရဲ လက်လက်ပြောင်ပြောင်။
“ကိုကြီးကျော်...
ကိုကြီးကျော် ...
တို့ကိုကြီးကျော်...
မူးလည်းမူးတယ်
မြူးလည်းမြူးတယ်
တို့ကိုကြီးကျော်...
အရက်သမားမှန်ရင်နော်
ကိုကြီးကျော်ကို ချစ်ကြပါတယ်
ကြက်သမားမှန်ရင်နော်
ကိုကြီးကျော်ကို ကြိုက်ကြပါတယ်”
ကိုကြီးကျော်သီချင်းက တပေါင်းရက်များတိုင်လျှင် ထန်းတောကူနီဝန်းကျင်၌ ကြားရတတ်မြဲဖြစ်ပါသည်။ အို...တပေါင်းရက်များမှ မဟုတ်ပါ။ ထန်းတောကူနီဝန်းကျင်မှာမှ မဟုတ်ပါ။ သီတင်းကျွတ်တွေမှာရော၊ တန်ဆောင်မုန်းတွေမှာရော၊ သင်္ကြန်ရက်တွေမှာရော လမ်းတွေပေါ်မှာ လမ်းတွေပေါ်မှာ လူတွေ လူတွေ ခပ်စွေစွေ ခပ်ထွေထွေနဲ့။ ကိုကြီးကျော်သီချင်းနဲ့ ပျော်နေလိုက်ကြတာ။ ချင်းတွင်းမြစ်ကမ်း ပခန်းနယ်ထဲက ထန်းတောကူနီရွာကလေးကို သတိရလိုက်မိပါသေးရဲ့။ ။
---
#မောင်သာချို
#အရက်ကြက်နဲ့နွေမိန်တပေါင်းရဲ့
#shared_by_louis_augustine


Comments
Post a Comment