ဦးအုန်း၏ ထန်းပင်မြစ်ကျင်း // ဆင်ဖြူကျွန်းအောင်သိန်း

ဦးအုန်း၏ ထန်းပင်မြစ်ကျင်း // ဆင်ဖြူကျွန်းအောင်သိန်း

---

ငွေနှင်းမှုန်တို့ ရစ်ဖွဲ့ခြုံသိုင်းထားသော ရပ်ရှစ်ခွင် သည် ပြာရီဝေအုံ့လျက် မင်ရည်လိမ်းသည်သို့ ရှိစမြဲပါကို၊ ယခု ရဲလွင်လျက်ရှိသည်မှာ မည်သည့်အကြောင်းကြောင့် ပါနည်း။

ဝေကားဝေ၏။ ရီကားရီ၏။ သို့သော် အမှိုင်းအအုံ့ ထဲမှာ အနီပျပျသည် ပေါ်လာ၏။ ကြည့်နေဆဲမှာပင် လွင်ရဲ တောက်ပလာ၏။ 

“အို...အမြင်ဆန်းပါကလား”

ဟု အဘအုန်း တွေငေးစဉ် ငြိမ်သက်မှု၏ အစွန်အမြိတ်ဆီမှ အသံများ သဲ့သဲ့ကြားရ၏။ လက်ပံပွင့်၏အလှ၌ ဆက်ရက်တွေ ယစ်မူးသော အသံပါပေတည်း။

ဝန်းကျင်ပတ်ချာ ခင်တန်းများတွင် လက်ပံနှင့် ကသစ်ပေါက်တို့သည် ကြိုးကြားလည်း ရှိ၏။ ထူထပ်စွာလည်း ရှိ၏။ လေအဝေ့တွင် နှင်းမြိတ်နှင်းမျှင်များ ရွေ့မျော၏။ အရဲအလွင် ပါးလျားရာက ပြာရည်မင်သင်တိုင်း ရစ်ဆိုင်းသွားပြန်လေ၏။

အဘအုန်းသည် မီးဖိုထဲမှ ခွေးသားအုပ်မနှင့် ကလေး များကို မောင်းနှင်ပြီးနောက် မီးဖိုဘေး၌ထိုင်သည်။ ထန်းစစ် တစ်ချပ်ကို လုံးထွေးပြီး မီးရှို့လိုက်ကာ ထင်းပေါက်ကလေးတွေ သစ်ကိုင်းခြောက် အသေးကလေးတွေကို အုံသည်။ ကိုင်းငယ်များ မီးစွဲလျှင် ထင်းချောင်းများကို ဆိုင်သည်။ ရေနွေးပူပူတစ်ခွက် သောက်ချင်ငြား၊ မီးလှုံချင်စိတ်က များနေသဖြင့် ရေနွေးအိုးကို ထမယူဖြစ်။ လက်ဖဝါး လက်ဖမိုးကို မီးကင်လိုက်၊ နားရွက်ကိုအုပ်လိုက် လုပ်နေမိသည်။

အဘအုန်း မထဖြစ်ငြား၊ လက်တစ်ဖက်ကမူ ထင်း စီးဘေးသို့ နှိုက်၏။ ထင်းစီးဘေးတွင် ထန်းပင်မြစ်အခွံများ ထုတက်နေသည်။ အခွံမည်းမည်းများ ဝမ်းမြှေးများ ကပ်နေသည့် ဖြူဖြူများ။ ထန်းပင်မြစ်အူတိုင်များကား ဟိုနား တစ်ချောင်း၊ သည်နားတစ်ချောင်း။

မီးဖိုဘေးတွင် အခွံတွေများလာလိုက်၊ တုတ်ဖြင့် ခြစ်ကာ ထင်းစည်းနေရာသို့ ပို့လိုက်ဖြင့် အမှိုက်ထု တက်နေသည်။ သည်ထဲတွင် မာမာနှစ်ချောင်း စမ်းတွေ့သဖြင့် ဆွဲထုတ်၏။ အခွံရှုံ့နေသည့် တစ်ချောင်းနှင့် ချောပြေတင်းရင်းနေသော ထန်းပင်မြစ်နှစ်ချောင်း။

စင်စစ်အားဖြင့် နှစ်ချောင်းလုံးမှာ အပယ်ခံများဖြစ် သည်။

တစ်ချောင်းမှာ အခွံထဲတွင် ရေဝင်ပြီး၊ အခွံနှင့် အသားကြားတွင် ပုပ်ရိနေသဖြင့် အမှိုက်ထဲ ရောက်ခဲ့ ရသည်။ တင်းရင်းချောပြေနေသော အချောင်းမှာလည်း ခေါင်းပုပ်နေသဖြင့် ဖယ်ထားခဲ့ခြင်း ဖြစ်သည်။

အပျင်းသည် အဘအုန်းအား လွှမ်းအုံထားဆဲ ရှိ သေး၏။

သို့ကြောင့် ထန်းပင်မြစ်နှစ်ချောင်းကို မီးကျည်းစု အတွင်းသို့ ခေါင်းဘက်မှ ထိုးသွင်းလိုက်လေ၏။ ကွမ်းတစ်ယာညက်ပင် မကြာမြင့်ပါ။ မကောင်းမှန်းသိ၍ ပယ်ထားပြီးဖြစ်သော်ငြား၊ ကောင်းလိုကောင်းငြား မျက်စိမှိတ်ပြီး ဖုတ်လိုက်မိသော ထန်းပင်မြစ်နှစ်ချောင်း ကျက်ပါပြီ။ 

မည်းသော်လည်း မခြစ်တူးသော အခွံများကို နှီးစဖြင့် ခြစ်ချသည်။ ညိုရွှေရွှေ အသားပေါ်လာသည်။ ကျောက်ပေါက်မာနှယ် မီးလောင်ဖုကလေးတွေ ပြိုး ပြောက်ထင်နေသည်။ အမြီးမှဆွဲပြီး ထက်ခြမ်းခွဲသည်။ အပုပ်နံ့ ထောင်းကနဲထ၏။

မဝါးမီက ပုပ်နေလျှင် မည်သို့လျှင် စား၍ ရပါမည် နည်း။ နှစ်ခြမ်းလုံးကို ထင်းစည်းပေါ်သို့ ပစ်တင်၏။ 

နောက်တစ်ချောင်း။ ထိုအချောင်းလည်း ထက်ခြမ်းကွဲချိန်၌ ထင်းစည်းပေါ်သို့ ရောက်သွားသည်သာပင်။

အဘအုန်း မပျင်းနိုင်တော့ပြီ။

အပျင်းဝေဒနာကို ဆာမွတ်မှုက အုပ်ခြုံခဲ့ပြီ။ ရေနွေး အိုးကိုထယူကာ ရေထည့်သည်။ မီးဖိုပေါ်တင်သည်။ ထို့နောက် ထင်းစည်းအောက်မှ တူရွင်းကို ဆွဲလျက် ထန်းပင်မြစ်ကျင်းရှိရာသို့ ထွက်လာခဲ့ရတော့သည်။

အအုံအပျ အမှိုင်းအဆန်း ပြယ်သည်နှင့်အမျှ အလွင် အရဲသည် ထင်း၏။ နှင်းငွေ့များသည် အရိပ်ရှိရာတွင် ဖွဲ့ခိုကြပြီ။

ဆက်ရက်တို့၏ မြူးဟစ်မြည်ကြွေးသံသည် ကျယ် လောင်သည်ထက် ကျယ်လောင်လာ၏။ ထန်းပင်မြစ်ကျင်းသည် လက်ပံပင်အောက်၌ မရှိ။ သို့ပါသော်လည်း လက်ပံပွင့်ရွှန်းရွှန်းဖပ်ဖပ်အချို့သည် ကျင်းစပ်သို့ရောက်နေကြ၏။

အဘအုန်းသည် ထန်းပင်မြစ်ကျင်းကို စောစီးစွာ မဖော်ပါ။ အခြားတပါးသောကျင်းတွေ ကုန်လုကုန်ခင်ရှိမှ သူ့ကျင်းကဖော်သည်။ သူ့ကျင်းမှာ ဆူးထူလွန်းသဖြင့် ကလေးသူငယ်နှင့် ကာလသားများ မသိကြပါ။

ပြာသိုလထဲသို့ရောက်မှ တတိတိဖော်ခဲ့သော ကျင်း သည် တပို့တွဲလပိုင်းဝယ် ကုန်လုကုန်ခင်ရှိပြီ။ သန်မြန်သော ထန်းစေ့များမှမူ ရွက်စိမ်းများပင် ထိုးထွက်လျက် အပင်လုပ်ရန် အားပျိုးနေကြ၏။

ထန်းပင်မြစ်ကျင်းဘေးသို့ရောက်ငြား ကျင်းကို အဘအုန်း မတို့ထိနိုင်သေးပါ။ ဆူးခက်ကြီးများကို တအေးတဆေး ဖယ်သည်။ အရွက်မရှိ၊ ဆူးနှင့် အရိုးချည်းကျန်သော ကင်းမွန်းခါးခက်များ။ အဆိပ်မည်းတပ်ဆင်ထားသည့် ဆူးဖြူ မည်းမည်းများသည် အဘအုန်းကိုမူ မနှိပ်စက်နိုင်ကြ။

ကင်မွန်းခါး ဆူးခက်ကြီးများကို ဖယ်ရှားပြီးငြား၊ တူရွင်းကို အဘအုန်း မကိုင်နိုင်သေး။ ကျင်းထဲရှိ ဆူးခက် အတိုအစများ၊ ဆူးကြွေဆူးပဲ့များကို စိတ်ရှည်လက်ရှည် ကောက်ပြီး၊ ထန်းပင်မြစ်ကျင်းပေါ်သို့ ပစ်တင်သည်။

စိတ်ချလက်ချ ခြေချ၍ ရသွားပြီ။ အဘအုန်းသည် တူရွင်းကို ယူပြီး ကျင်းထဲ၌ ထိုင်သည်။ လေးချိုးတစ်ချိုး မျှသာကျန်တော့သည့် ထန်းပင်မြစ်ပျိုးခင်းကို သူ မော့ကြည့်သည်။ မော့ကြည့်ရခြင်းမှာ သူက ကျင်းထဲသို့ ရောက်နေသဖြင့် ဖြစ်သည်။

မွအောင်မို့အောင် ဖွရွထားသော မြေခုံပေါ်တွင် ထန်းသီးရွမ်းပြင်းနှင့် ထန်းသီးမှည့်အစေ့များကို စီသည်။ ထပ်သည်။ ထိုအပေါ်တွင် မြေဖို့သည်။ ဆူးအုံသည်။ 

ဆူးမအုံ၍ မဖြစ်။ အစိုဓာတ်ရှိရာသို့ ထန်းစေ့တွင်းမှ အညှောက်ဖြူဖြူတွေ ထိုးဆင်းချိန်သည် “ထန်းဆံခြည်ထွေး” ထွေးချိန် ဖြစ်သည်။ ထိုထန်းစေ့ကို ခွဲစားလျှင် အလွန်အရသာရှိသည်။ ဆော့စရာနှင့် စားစရာကို အမြဲတောင့်တနေသည့် နွားကျောင်းသားတို့၏ ဓာတ်စာ ဖြစ်သည်။ ထို့ကြောင့် ဆူးထူထူဖို့ရသည်။ အုံရသည်။

နတ်တော်လကုန်ခါနီး၏ နှင်းရွှဲရွှဲတစ်နံနက်တွင် တူးရွင်းဆွဲပြီး အဘအုန်းလာခဲ့သည်။ ထန်းစေ့ပျိုးခင်းဘေးတွင် ထိုင်သည်။ ဆူးခက်တွေဖယ်ပြီး ကျင်းတစ်ကျင်း တူးသည်။ ကျင်းကို ကျယ်အောင်ချဲ့သည်။ နက်အောင် တူးသည်။ တစ်တောင့်ထွာပတ်လည် ကျယ်အောင် တူးမိသောအခါ ကျင်းကို ညင်သာစွာဖြိုသည်။ ဆင်စွယ်နှစ် အလား ဝင်းသစ်ဖြူစင်သော ထန်းပင်မြစ်တွေ ပေါ် လာပြီ။

အစိုဓာတ်ရှိရာသို့ အလုအယက် ထိုးဆင်းနေကြသော ထန်းစေ့အညှောက်၊ လူတို့အခေါ် ထန်းပင်မြစ်များကို အဘအုန်း စေ့စေ့ကြည့်၏။

အချို့သည် ချောမွေ့ထွားကျိုင်း၏။ အချို့သည် ပြားချပ်ရှည်မျော၏။

အချို့သည် အခွံလုံခြုံစွာရှိ၍၊ အချို့တွင် အခွံများ အက်ကွဲနေ၏။ အခွံ၏အဆုံးတွင် မုတ်ဆိတ်မွှေးများအလား မြစ်မွှာကလေးတွေ ဖြာထွက်နေသေးသည်။

အဘအုန်းသည် နံရိုးများ အပြိုင်းပြိုင်းထသည့်နှယ် စီရီနေသော ထန်းပင်မြစ်များကို ဆွဲခွာရကောင်းနိုး၊ အနေအထားမပျက် ထားခဲ့ရကောင်းနိုး စဉ်းစားသည်။ 

ထန်းစေ့ပျိုးခင်း ပျိုးထောင်ရန်အတွက် ထန်းသီးမှည့်များ ကောက်ယူစုဆောင်းစဉ်ကမူ စားလို၍ ဖြစ်သည်။

ရွမ်းပြင်းအသားများကို နွားစာအတွက် ခုတ်လွှာပြီး ထန်းစေ့များကို လိုက်လံတောင်းရမ်းစုဆောင်းစဉ် ကလည်း နံနက်စောစော အဆာပြေဖြည့်တင်းရန်သာ ရည်ရွယ်သည်။ ထန်းသီးမှည့်၏ အသားကို ရေတွင်နယ်ပြီးနောက် နွားစားကျင်း (နွားစာခွက်) ဘေး၌ ပစ်ထားသည့် အမွှေးမျှင်ဖြူဖပ်ဖြူလျှော်နှင့် ထန်းသီးစေ့များကို တခုတ်တရ လိုက်လံကောက်ယူ စုဆောင်းခဲ့ခြင်းမှာလည်း ဝမ်းရေးအတွက်သာ ဖြစ်သည်။

သို့လျှင်ဖြစ်ငြား စားဖို့အသင့်ဖြစ်ခါမှ အဘအုန်း သည် စားရန် တွန့်တိုနေ၏။ သို့သော် အူတကြုတ်ကြုတ် မြည်နေပြီမို့ အချောင်းအစိတ်စာခန့် မြေစိုင်ကို ကလိုင်တူးပြီး ဖြိုချခဲ့၏။ အစေ့တန်းလန်းဖြင့် မြေကြီးခဲများထဲမှ ကောက်ယူ၏။ နေသားတကျ ပြန်ဖို့ပြီး ဆူးအထပ်ထပ် အုံထားခဲ့သည်။

မှတ်မိသေးသည်။ 

ထိုနေ့က အိမ်သို့ရောက်လျှင်ရောက်ချင်း အသင့်ရှိ မီးဖိုဘေးတွင် ထမ်းလာသော အစေ့တန်းလန်းနှင့် ထန်းပင်မြစ်များကို ချသည်။အမောမပြေမီပင် ထန်းစေ့မှုတ်မှကိုင်ကာ ထန်းပင်မြစ်တစ်ချောင်းကို ဆွဲချွတ်သည်။ ဝေါကနဲ ရေတွေထွက်လာသည်။ 

သွားပြီတစ်ချောင်း၊ အခွံကို စမ်းသပ်မကြည့်ဘဲ သိသည်။ အသားနှင့် အခွံကြားတွင် ရေဝင်ကာ ပုပ်နေပြီဟု။ ထန်းပင်မြစ်ရော ထန်းစေ့မှုတ်ကိုပါ ထင်းပုံဘေးသို့ ပစ်လိုက်ရသည်။

နောက်တစ်ချောင်း ကောင်းသည်။ တတိယ အချောင်းသော် အနည်းငယ်ဆွဲရုံဖြင့် ပြုတ်ထွက်၏။ ထန်းစေ့မှုတ်နှင့် ထန်းပင်မြစ်ကြားတွင် တစ်ကောင်ကောင် ကိုက်ထားသော အရာရှိသည်။ ခြကိုက်ခြင်း၊ ပုရွက်ကိုက်ခြင်း ဖြစ်ကောင်းဖြစ်မည်။ အဘအုန်းကမူ တီကိုက်သည်ဟု ခေါ်၏။ 

ထန်းပင်မြစ်သည် အရည်မမီငြား၊ ထန်းစေ့မှုတ်ထဲ၌ အရသာရှိမည့် ထန်းဆံခြည်ထွေး ကျန်ခဲ့လိမ့်မည်။ သို့အတွက် ထိုထန်းစေ့မှုတ်ကို ဖိုခနောက် (ဖိုခုံလောက်) ပေါ်သို့ ခွဲခွဲခြားခြား တင်ထား၏။

ထန်းပင်မြစ်ခုနစ်ချောင်းရအောင် ဆွဲဖြုတ်ရာတွင် တစ်ချောင်းကို လွှင့်ပစ်,ပစ်ရသည်။ တစ်ချောင်းမှာ ပီဘိ အနုကလေးဖြစ်မည်။ ငါးချောင်းမူ အရည်မီတန်ရာ၏။

မည်သို့ပင်ဖြစ်စေ အဘအုန်းသည် ထန်းပင်မြစ်ခြောက်ချောင်းကို မီးကျီးစုထဲသို့ ထိုးသွင်းပြီးနောက် ရေနွေးအိုးတွင် လက်ဖက်ခြောက်ခတ်သည်။

ထို့နောက် ထန်းပင်မြစ်မှ ဆွဲချွတ်သော ထန်းစေ့မှုတ် များကို တုံးပေါ်တင်ပြီး ခွဲ၏။ ကိုင်ကြည့်ကတည်းက ပေါ့ရွှတ်ရွှတ်မို့ မမျှော်လင့်။ မမျှော်လင့်သော်လည်း ဆံခြည်ထွေးပွပွတွေ ရသည်။ အချိုကြီး မဟုတ်ငြား အရသာ ရှိပါသည်။

ဖိုခနောက်ပေါ်တွင် သီးသန့်ခွဲထားသော ထန်းစေ့မှုတ်ကား လေးလံ၏။ ဆံခြည်ထွေး ကြီးကြီးမားမား မရပါ။ သို့သော် ပွရွမနေ။ သေးငယ်သည်နှင့်အမျှ ချိုမြိန်လွန်း၏။ ဆံခြည်ထွေး မကြီးမားသည့်အတွက် ဘေးအကာ ထန်းစေ့ဆံလည်း ထူထူထဲထဲ ကျန်ခဲ့သည်။ ဓားဖြင့် ကော်ထုတ်ယူပြီး အတုံးလေးတွေ စိတ်ကာ ဝါးရသည်မှာလည်း အရသာတစ်မျိုးပါပေ။ ထန်းစေ့ဆံကို ဝါးလိုက်၊ ရေနွေးတစ်ကျိုက် ကျိုက်လိုက်မို့ ရေနွေးကြမ်းသည်ပင် ချိုနေတော့သည်။

မီးကျီစုထဲရောက် ထန်းပင်မြစ်ခြောက်ချောင်းအနက် ငါးချောင်းမှာ အနေတော်ဖြစ်သည်။ မြန်မြန်ဖော်လျှင်ဖော် မဖော်လျှင် အမျှင်များလိမ့်မည်။ ကျန်တစ်ချောင်းမှာ တီကိုက်ဖြစ်သည်။ အလွန်နုသည်။ ရေကို ဝါးရသည့် နှယ်ပါတကား။

အဘအုန်းသည် ထန်းပင်မြစ်ဖော်ရန် ထန်းပင်မြစ် ကျင်းသို့ ရောက်လာသည့်အခါတိုင်း ယခုနှယ် ထိုင်ပြီး ငေးနေသည်မှာ ယခုမှမဟုတ်။ စတင်စမ်းသပ် ဖော်သည့် နေ့ကတည်းက အစပြုခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဖြူသစ်လွင်ဝင်းသော ထန်းပင်မြစ်ကလေးတွေကို ချစ်သောကြောင့်တစ်ကြောင်း၊ တူရူအရပ်ရှိ ထန်းတောကြီးကို မြင်နေရသဖြင့်တစ်ကြောင်း ဖြစ်သည်။

တူရူအရပ်ရှိ ထန်းတောကြီးကို အဘအုန်းပိုင်သည်။ အဘအုန်းအတွက် အဖေပေးခဲ့သော အမွေဖြစ်သည်။ သို့သော် အဖေသည် ထိုထန်းတောကို ဘထံမှ အမွေရခဲ့ခြင်း မဟုတ်။ ဘထံမှရသော အမွေယာကွက်တွင် သနပ်ခါးတစ်ပင်နှင့် ဆီးနှစ်ပင်သာ ပါသည်။ ဆီးပင်များသည် ယာကွက်အလယ်တွင် ကျရောက်နေသည့်အတွက် ထွန်သွားကို ဒုက္ခပေးလှသည်။ ထယ်သွားကိုလည်း အလွတ် မပေးပေ။

အဖေသည် မနှောင့်ယှက်သောအပင်ကို စဉ်းစား သည်။ တစ်နှစ်မှ တစ်ကြိမ်သာ အသီးစားရသော ဆီးပင်ထက် အနှောင့်အယှက်လည်းနည်း တစ်နှစ်လုံးလည်း သုံးရသောအပင်ကို စဉ်းစားသည်။ 

ထို့ပြင် ယာစပ်တွင် ထန်းပင်များကို ဝါးနှစ်ရိုက်စီ ခွာပြီး စိုက်သည်။ စိုက်သာစိုက်ရငြား၊ ထန်းပင်မြစ် မစားရတော့မှာပါကလား ဟူ၍လည်း တွေးမြော်ပူပန်ခဲ့သည်။

သို့သော် အဖေမငတ်ပါ။ မှည့်ကြွေများကို စုဆောင်း ထားပြီး အလုံးထွားထွားများကိုသာ စိုက်သည်။ ပိန်ချပ် ရှည်မျောများကို ထန်းပင်မြစ်ကျင်း၌ ပျိုးမြဲပျိုးသည်။ ထို့ကြောင့် ဆောင်းရာသီတွင် ထန်းပင်မြစ် မငတ်ခဲ့ပါ။

အစေ့ကောင်းများကို ရွေးပြီးစိုက်သည့်အတွက် ၂ နှစ်စိုက်မှသာ ယာတစ်ပတ်ပတ်မိသည်။ ၂ နှစ်သားတွင် အလက်တွေမှ လျှော်ရပြီ။ လျှော်ကို ကြိုးကျစ်ပြီးရောင်းသည်။ အရွက်ကို ကြိုးကျစ်လျှင် ရသော်ငြား မခိုင်။ သို့အတွက် အစိတ်သားခန့် ငါးဆယ်သားခန့် ထန်းလျက်တောင်းကလေးတွေ ရက်ပြီး ရောင်းသည်။

ယခု အဖေ အမွေပေးခဲ့သည့် ဖိုးသာအေး ထန်းတော သည် ပွေးစွဲသည့်နွားလပို့နှယ် ကျဲတောက်နေရပြီ။ လေ ဖျက်သဖြင့် လည်ဆစ်ကျိုးသည့်အပင်၊ ခုတ်လှဲသဖြင့် ပျောက်ပျက်သွားသည့်အပင်များ ဖြစ်ကြပေ၏။ 

ခုတ်လှဲသည့်အကြောင်းများမှာ တောင်းရမ်းသူများ
ကြောင့်၊ ဝယ်ယူသူများကြောင့် ဖြစ်သည်။ သည်နားတစ်ဝိုက်တွင် ထန်းပင်ရင့်ရင့်၊ လုံးပတ် ချောချောကို သည်တောမှာသာ ရနိုင်သဖြင့် အားမနာ နာအောင်ပြောပြီး ဝယ်ကြသည်။ 

တောင်းရမ်းသည်ဖြစ်စေ၊ ဝယ်သည်ဖြစ်စေ အဖေ့အမွေ လျော့ပါးသွားသည်ကား အမှန်ပင်။

တောင်းသူ ဝယ်သူများသည် ထန်းပင် ပင်စည်ကို ထက်ခြမ်းခြမ်းကာ ဝမ်းသားအူများကို ထုတ်ချောပစ်ပြီး နွားစာကျင်းလုပ်ကြသည်။ ရေတံလျှောက်လုပ်ကြသည်။ အိမ်ဆောက်ရာတွင် ထုပ်၊ လျောက်၊ ဒိုင်းမြှားအဖြစ် ခွဲစိတ်ချောရွေပြီး သုံးကြသည်။ 

မြေကြီးနှင့် မထိသောနေရာ၊ ရေမစိုသောနေရာတွင် သုံးပါက ထန်းသားသည် နှစ်ပေါင်းရာချီပြီး ခိုင်ခံ့သည်။

သို့အတွက် ဆွေမျိုးသားချင်းများက တောင်းရမ်းကြ၊ သူတစိမ်းများက ရှိခိုးဦးတင် ဝယ်ကြခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဖေ့အမွေထန်းတောကြီး ပါး၍ ပါး၍ လိုက်လာသည်ကို အဘအုန်း မနှစ်မြို့။

မနှစ်မြို့ငြား ကြေးကောင်းကောင်း ပေးလာသော အခါ အဘအုန်း ရောင်းမိသည်။ ရောင်းမိသဖြင့် ထန်းတောကြီး ကျဲလာပြီ။ ကျဲလာသောနေရာတွင် အပင်အစားထိုး စိုက်ချင်သည်။ 

ထန်းပင်မြစ်ကျင်းမှ ထန်းပင်မြစ်များ ကို မဖော်ဘဲထားပါက အရွက်စိမ်းတွေ ထွက်လာလိမ့်မည်။ အရွက်လေးခွရှိချိန်နှင့် မိုးကျချိန်သည် အကိုက်ဖြစ်မည်။ ထိုအချိန်တွင် ရွှေ့စိုက်ပေးပါက လေးငါးနှစ် အတွင်း၌ ကွက်လပ်များ ပြည့်သွားပေလိမ့်မည်။

ထိုအကြောင်းကြောင့် အဘအုန်းသည် ထန်းပင်မြစ် များဘေးသို့ ရောက်သည့်အခါတိုင်း ရုတ်တရက် မတူးဖြိုဖြစ်ဘဲ ငေးနေမိခြင်း ဖြစ်သည်။ 

တစရွှမ်းရွှမ်းဖြင့် ဝါးပလိုက်ပါက တစ်အောင့်အတွင်း ပျောက်ကွယ်သွားမည့် ထန်းပင်မြစ်။ စိတ်ကို ထိန်းအောင့်ပြီး ထားလိုက်ပါမူ အရွက်စိမ်းများထွက်လာသဖြင့် စား၍မရတော့။ သို့ဆိုလျှင် မိုးဦးကျချိန်၌ မုချ ရွှေ့ပြောင်းစိုက်နိုင်မည်မှာ သေချာသည်။

သို့သော် အူက တကြုတ်ကြုတ်မြည်လာပြီ။ အဘအုန်းမှာ တူရွင်းကို မြှောက်ချေ ချချေ ဖြစ်နေ၏။ မြေကျင်းနံရံတွင် အချောင်းလိုက်စီနေသော ထန်းပင် မြစ်ဖွေးဖွေးများသည် အဘအုန်းအား မြူဆွနေကြ၏။ အလွန်ဝေးလှမ်းသောအရပ်မှ ထန်းပင်မြစ် မီးအုန်းနံ့ ကလည်း လွင့်ဝေ့လာ၏။ အမှန်ပင် အနံ့ရခြင်းလော၊ အဘအုန်း၏ စိတ်က လှည့်စားခြင်းလော ဟူသည်မှာ မကွဲပြား။

အဘအုန်းလည်း သွားရည်တမြားမြား ဖြစ်လာပြီ။ တူရွင်းကို နာနာဆုပ်၏။

တူးရွင်းကို နာနာဆုပ်ခြင်းသည် တူးရွင်းကို ကျင်း ပေါ်သို့ ပစ်တင်လိုက်ရန်ပေလော။ ကလိုင်ဖြစ်အောင် တူးဖြိုရန် အားထုတ်ခြင်းပေလော။ ။

---

#ဆင်ဖြူကျွန်းအောင်သိန်း
#ဦးအုန်း၏ထန်းပင်မြစ်ကျင်း

#shared_by_louis_augustine
#sbla

Comments

  1. ဖုန်းနဲ့ ဖတ်ရင် စာလုံးလေးတွေ သေးနေလို့ size နဲနဲ ကြီးပေးပါအုံးဗျ

    ReplyDelete

Post a Comment