ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကုလားစကား နားထောင်ညား ) ( မောတို့ဌာနီ ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း ( ကုလားစကား နားထောင်ညား ) ( မောတို့ဌာနီ ) // သော်တာဆွေ
---
ကုလားစကား နားထောင်ညား
---
ထိုစဉ်က မီးရထားတို့သည် ညမခုတ်မူ၍ ကျွန်တော်တို့ စီးလာခဲ့သော ဒဂုန်ရွှေမန်း စာပို့ကြီးသည် တောင်ငူတွင် တညအိပ်ပြီး၊ ဧပြီ ၁၄-ရက်နေ့ မွန်းတည့်အချိန်မှာ သာစည်သို့ဆိုက်သည်။ သာစည်ကလောရထား ရှိသည်နှင့် ရောက်ရောက်ချင်းဘဲ ရထားပြောင်းရသည်။ ကလော မြို့မှာ ထိုညအိပ်မည်။ “ဟော်တယ်ကလော”တွင် တည်းခိုကြမည် စိတ်ကူးသည်။
သို့သော် ၎င်းရထား ကလော ရောက်သည်၌ အတော်ပင်လူရေလည်သော ကုလားတယောက် နှင့် စကားစိပ်မိရာတွင်...
“အောင်မာ... ခင်ဗျားတို့ကလောမှာ ဘာလို့အိပ်နေမလဲဗျ၊ ဘူတာမှာ တောင်ကြီးသွားမယ့် ဘတ်စ်ကားတွေ လာကြိုနေတာရှိတယ်ဗျ။ တခါထဲ ဆက်ပြီးစီးလိုက်ရုံပေါ့”
ဤတွင်သူ၏ မွေးရပ်ဌာန ရောက်ချင်ဇော ထန်နေသော မရွှေမေက ဝမ်းသာအားရ ဖြစ်ကာ ...
“ဒီလိုဆို ဟန်ကျတာပေါ့မောင်၊ ညတွင်းချင်းဘဲ တောင်ကြီးရောက်တာပေါ့”
“ရောက်တာတော့ ဟုတ်ပါပြီ။ လမ်းခရီးက စိတ်ချရဲ့လား”
ကုလား ...“အောင်မယ်လေး ကျနော်တို့ ရှမ်းပြည်ဘာမှမဖြစ်ပါဘူးဗျာ၊ ခုလို သင်္ကြန်တွင်း ဆိုသာပြီး စိတ်ချရသေးတယ်။ ဗုဒ္ဓဘာသာတွေက ဒီလိုအခါကြီး ရက်ကြီးတွေမှာ မကောင်းတာ မလုပ်ဖူးဗျ ”
အောင်မယ်လေး ကုလားကဘဲ တရားပြနေချေပြီ။ ကျွန်တော်တို့ စီးသောအထက်တန်း တွဲမှာ အားလုံး ၄-ယောက်ရှိသည့်အနက် အခြားခရီးသည် မြန်မာစစ်ဗိုလ်ကလည်း ထောက်ခံသဖြင့် ကျွန်တော်တို့ ယခုညဘဲ တောင်ကြီးတက်ရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။
---
မောတို့ဌာနီ
---
ကျွန်တော်ရှမ်းပြည် မီးရထားကို စီးဘူးသည်မှာ ဤအကြိမ်သည် ဒုတိယအခေါက်ဖြစ်၏။ သို့သော် ပထမအခေါက်တုန်းကမူ ခရီးဆုံးမဟုတ်ပေ။
၁၉၅၄-ခုနှစ် မေနှင့်ကျွန်တော်သမီး ရည်းစား အရူးအမူးဖြစ်ကြစဉ် အောက်တိုဘာလ သီတင်းကျွတ် ကျောင်းအပိတ်မှာ သူတောင်ကြီးသို့ ခေတ္တပြန်စဉ် ကျွန်တော်သည် ခွေးရုပ်ဘူတာအထိ လိုက်ခဲ့ခြင်းဖြစ်သည်။
ဤဘူတာသည် ရှမ်းပြည်မီးရထား အတက်အဆင်းခရီးဆုံးဖြစ်၍၊ ကျွန်တော်က မြန်မာပြည်သား မီးရထားကို ပြန်စီးခဲ့ရသည်။ မေပြန်လာသည့် ရက်ကိုဘဲ၊ မောင်မျှော်နေတော့မယ်ဆိုသော မှာတမ်းကြီးနဲ့ပေါ့။ လူပြည်မှာ ၁၅ရက်လောက် လွမ်းခဲ့ဘူးပါရဲ့ဗျာ။
ဤရထားလမ်းခရီးမှာ ယင်းမာပင်ဘူတာကို လွန်လတ်သော် မြန်မာပြည်နှင့် ရာသီဥတု ရှုမျှော်ခင်းများ ပြောင်းလဲလာလေသည်။ ခွေးရုပ်ဘူတာကို ကျော်လျှင် မီးရထားလမ်းက တောင်ကမ်းပါးယံတွေကို ဖင်တပြန် ခေါင်းတပြန် လွန်းထိုးတက်ရလေသည်။
မီးရထား၏ လက်ဝဲ ဘက်ကို ငုံ့ကြည့်လိုက်သော်၊ သစ်ပင် ဝါးပင်တွေ နိမ့်မြင့်စီလျက်နှင့် နက်ရှိုင်းသော တောင်အောက်ချောက်ကြီး၊ လကျာ်ဘက် ပြတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်လျှင် မြင့်မား သော တောင်ကမ်းပါး တောင်ထွတ်များသည် မိုးကိုတိုးနေသည်။
ဆင်တောင်နှင့် မြင်းတိုက်ဘူတာ အကြားရောက်လျှင် တောင်မြင့်ကြီးပေါ်သို့ ခုတ်မောင်း နေပြီဖြစ်၍ နံဘေးပတ်ဝန်းကျင်တွင် နိမ့်ချည်မြင့်ချည် လှိုင်းထနေသော တောင်ထိပ် ရင်ပြင်ဝယ်၊ ထိုတကွေ့ သည်တတွေ့၌ ဂွမ်းပုံကြီးများနှင့်တူသော မိုးသားထွေးကြီးတွေကို မြင်ရလေသည်။
ကျွန်တော်မြေပြင်မှ မြင်ရသော ကောင်းကင်ထဲ မိုးသားတွေလို လှုပ်ရှား၍မနေ။ ချမ်းအေးသဖြင့် တောင်ထိပ်ဖျား မြစိမ်းကမ္ဗလာပေါ်တွင် ငြိမ်သက်စွာ အိပ်စက်နေကြသည်နှင့် တူပေသည်။
သွား၍ယူမလား
မိုးသားထွေးကြီးတွေ
လေတွင် မလှုပ်တုံ့
ပုံ့ပုံ့ကြီး လျောင်းလျက်
မြစိမ်းကမ္ဗလာထက်ဝယ်
အိပ်စက်နေကြသည့်နှယ်
ရှုဖွယ်သာမော... ဤမြိုင်ကျော...
ထိုညနေ ၆-နာရီ ၅မိနစ် အချိန်ဝယ် ကလောဘူတာသို့ ဆိုက်ရောက်လေသည်။ ရှမ်းပြည်မှာ အေးသည်ဆိုသဖြင့် ရန်ကုန်က ချုပ်ပြီး ခေါက်လာခဲ့သော ကုတ်အင်္ကျီကို ထုတ်၍ ဝတ်လိုက်ရသည်။
ထင်းရှူးပင်များကို ဖြတ်၍ တိုက်လာသော လေအလျင်သည် တရွှီးရွှီးနှင့် ညည်းသံပါ၍ သူ့မှာပင် ချမ်းအေးတုန်ခိုက်သော လက္ခဏာဖြစ်လာလေသည်။
ကလောမြို့ ဆိုရသော်လည်း ပတ်ဝန်းကျင်မှာ လူနေအိမ်ခြေထက် တောင်ကုန်းနိမ့်မြင့် ချိုင့်ဝှမ်းနှင့် ထင်းရှူးတောကိုသာ မြင်ရသည်။ မြန်မာပြည်ဝယ် ထင်းရှူးပင် အများဆုံးသော အရပ်ဒေသပေတည်း။ တောတောင်၏ သဘာဝအလှ စင်းလုံးချော။
ကျွန်တော်တို့ ရထားပေါ်မှ ဆင်းကြ၍ ဘတ်စ်ကားပေါ်နေသားတကျ ရောက်လတ်သော် ၆နာရီ ၁၅-မိနစ်... ။
“တောင်ကြီးနှင့်ကလော ဘယ်နှစ်မိုင်ဝေးပါသလဲ...”
“၄၄-မိုင်ဝေးပါတယ်...”
ကျွန်တော့်နံဘေးရှိ ခရီးဖော်ကိုမေး၍ ဖြေပါသည်။
“ဒီ... မော်တော်ကား၊ ဒီ...ခရီးတောင်ဆင်း တောင်တက်ကို နှစ်နာရီနဲ့ ရောက်ပါ့မလား...”
“မကြာပါ အလွန်ဆုံးတနာရီခွဲပ...”
ထိုသရောအခါဝယ် တောင်ကြီးမြို့သို့ ညဦး ၈-နာရီခန့်တွင် ရောက်တော့မည်ဖြစ်၍ ကျွန်တော်တို့ ဝမ်းသာသွားကြပါသည်။
သို့သော် ကားထွက်ခါနီးမှ ခရီးသည်များနှင့် ကားရှင်တို့စကားအချေအတင် ပြောပွဲ ကလေး ကျင်းပသဖြင့် ၁၅-မိနစ်မျှ အချိန်ပုပ်သွားပါသည်။
ကားရှင် ။ “ကားခတယောက် ၅ိ ခင်ဗျ”
ခရီးသည် ။ “အို... ခါတိုင်း ထုံးစံတယောက် ၃ိ ဟာကို”
“သင်္ကြန်တွင်း ဓာတ်ဆီဈေး တက်သွားလို့ဗျ”
“ဒါဖြင့် ၄ိ ယူတော်ပြီလေ... မနေ့ကကျုပ်တို့ တောင်ကြီးက စီးခဲ့တာပဲ”
“အခုမော်တော်ယာဉ် အသင်းက ၅ိ-မှပြေးနိုင်မတဲ့...”
“အို... ၅ိ တော့ မစီးဘူးကွ၊ ဘယ့်နှယ်ကွာ၊ ဓာတ်ဆီက တဂါလံ ၁ိ-တက်တယ်ဘဲ ထားပါအုံး၊ ဒင်းကား ၄-ဂါလံလောက် ဒီလောက် မတရားလိုချင်တာတော့... မစီးဘူး၊ မစီးဘူး၊ အခုပြန် ဆင်းမှာဘဲ ခင်ဗျားတို့ကော...”
ခရီးဘော်ချင်း လူညှိသည်၌ ဘုမသိ ဘမသိ ဖြစ်သော ကျွန်တော်တို့ကပါ ကိုယ့်ဘဝတူများ ဘက်ကပါ၍ အားလုံးညီညွတ်သွားလေသည်။
ထိုအခါ၌ ကားဆရာသည် သူ့အသင်း လူကြီးများဆီသို့ ပြေးသွား၍ ပြန်လာပြီးမှ ၄ိ-နှင့် (ငါးကျပ်မရမှန်းသိ၍) သဘောတူတော့သတည်း။
တကတဲဗျ။ ကားစက်မနိုးမီ ပိုက်ဆံပေး၍ လက်မှတ်ဝယ်ရ၏။ လူစေ့တက်စေ့ ငွေရခါမှ ကားထွက်၏။ သို့သော်ဖြူးဖြူးဖြောင့်ဖြောင့် မသွားသေးပေ။
ပထမ မော်တော်ကား ဓါတ်ဆီသွားထည့်တာက ၁၅မိနစ်ကြာ၏။
ဒုတိယကလောမြို့ ဂျင်ကလယ်ကို လမ်းကြိုလမ်းကြားလျှောက်မောင်းကာ တနေရာတခါ ရပ်၍ နာမည်တခုကို ခေါ်နေတာက ၁၅မိနစ်။ ဘဇာနည်း စုံစမ်းကြည့်တော့ ယခုကားမောင်းသူမှာ ဒရိုင်ဘာအစစ် မဟုတ်သေး၊ စပယ်ယာမျှသာဖြစ်၍ သူ့ဆရာကားမောင်းသူကို ရှာနေရ ခြင်းဖြစ်သတဲ့။
နောက်ဆုံးမှ ဒရိုင်ဘာသည် ဘိန်းခန်းထဲမှ ထွက်လာဟန်တူပါရဲ့။ ယိုင်တိုင်တိုင်နှင့် ကားပေါ်ရောက်လာ၏။
တောင်စွယ်နေကွယ်၍မဟုတ်၊ မော်တော်ကား မြို့မှစထွက်တော့ ကလောတွင် တောင်အောက် နေရောက်သွားပြီ ဖြစ်သဖြင့် မှောင်စပြုလေပြီ။
နောက်ဆုံး အလင်းရောင်ဖြင့် ကျွန်တော့်လက်က နာရီကို ကြည့်လိုက်တော့ ၇ နာရီ။
ထိုမှတပြီးကား မော်တော်ကားထဲတွင် မီးလည်း ဖွင့်မပေးသဖြင့် ကျွန်တော်တို့ မှောင်ထဲမှာပင် ဗလုံးဗထွေးပါသွားတော့၏။
မော်တော်ကားက ကားအိုကားမင်း၊ လမ်းကအတက်အဆင်း လူတွေကဒင်းကြမ်းပြည့်၊ ကျွန်တော်တို့နေရာက နောက်ဆုံး။ ခုန်လိုက်တာ တရုန်းရုန်းနှင့် ခေါင်းနှင့်အမိုးနှင့် မဆောင့်မိရန် မနည်းသတိထားနေရသည်။ မီးရထားတွင် အထက်တန်းက ဇိမ်ခဲ့သမျှ ဂိန်တော့သည်။
၈ နာရီတွင် ဟဲဟိုးရောက်၍ မော်တော်ကား ရပ်နားပြီး ခရီးသည်များနှင့် စပယ်ယာ ဒရိုင်ဘာတို့ ညစာသုံးဆောင်ကြသည်။ ကျွန်တော်တို့ကား ခရီးပန်း၍ ခေါင်းမူးနောက်နေသဖြင့် စားလိုစိတ်မရှိ။ မေသာကော်ဖီတခွက်သောက်သည်။ ကျွန်တော်မူ ရေချိုး၍ အရက်သောက်ပြီးမှသာ တခုခုစားနိုင်မည်။
၈ နာရီ ၁၅ မိနစ်ရှိသည်တိုင်အောင် ကားမထွက်သေးသဖြင့် ကျွန်တော်သည် ကားဆရာ ၏ စားသောက်ပွဲနား ချဉ်းကပ်ပြီး အသနားခံပါသည်။
အခုအတိုင်းဆိုရင် ၉နာရီ တောင်ကြီးရောက်ပါ့မလားခင်ဗျာ၊ တောင်ကြီး ရောက်သော် ကျွန်တော်တို့မှာ သွားစရာအိမ်မရှိ၍ ဟိုတယ်တခုခုတွင် အခန်းငှားရပါသည်။ အချိန်မဲ့ နေလျှင် အခန်းရနိုင်ပါဦးမည်လား။
ထိုအခါ စပယ်ယာ၏ ဆိုစကားမှာ ... ကိစ္စမရှိပါ။ တောင်ကြီးဟော်တယ်ကို အိပ်ပျော်နေသည်တိုင်အောင် သူနှိုးပေးနိုင်ပါသည်။ မောင်ပိုင်လေသံမျိုးနှင့်ပြော၏။ ကျွန်တော်မှာ များစွာစိတ်သက်သာရသွားလျက် ချစ်ဇနီးအား သံတော်ဦး တင်ပြီးနောက် တောင်ကြီး ရွှေမြို့တော်ရောက်မှ (မေပြောသော ကောင်းလှသော) ယုန် ဟိုတယ်သို့ သွားကာ ကောင်းမွန်စွာ စားသောက်လိုက်မည်ဟု အားခဲလိုက်ပါသည်။
သို့သော် ဟဲဟိုးမှထွက်ခဲ့၍ စိတ်ထင်နာရီဝက်မျှအကြာ ကားသည် ဘေးကပ်ရပ်၍ ဘရိတ်အုတ်လိုက်သည်နှင့် တချိန်တည်းမှောင်ကြီး မည်းမည်းထဲမှ ...
“ရပ်လိုက်လို့ ဆီးအော်နေတာ မကြားဘူးလား၊ ပစ်ထဲ့လိုက်မယ်၊ ဘာမှတ်လို့လဲ”
ဟူသော အသံနက်ကြီး ပေါ်လာသဖြင့် ကျွန်တော်မှာ ဧကန္တထိုစဉ်ကာလမှာ မြန်မာပြည်သားတို့ ခံစား နေရသော ခရီးသွားတုန်း ဓါးပြတိုက်ခြင်းကို ဈေးဦးပေါက်ခံရပြီဟု အောက်မေ့လိုက်ပါသည်။
သို့သော် မဟုတ်ပါ။ မြို့စောင့် တပ်မတော်သား၏ အာဏာသံပေ။ ဤနေရာသည် ရွှေညောင်မြို့အဝင်တည်း။
“ခင်ဗျားတို့ကား ဘယ်သွားမလို့လဲ”
“တောင်ကြီးကိုပါ”
“မသွားနိုင်ဘူး၊ လမ်းမှာ တိုက်ပွဲဖြစ်နေတယ်၊ စက်ရပ်၊ မီးညိမ်းလိုက်”
ဘယ်သူမှ ဘာမျှမပြောနိုင်ကြတော့။ မီးကိုရေနဲ့ သတ်လိုက်သလို ရဲရဲမှမကြားရတော့။ အားလုံး ဆိတ်ငြိမ်သွားကြသည်။ တော်တော်ကြီးကြာမှ ကားပေါ်ထိုင်ရတာ ညောင်းလာ၍ အောက်ဆင်းသူဆင်း၊ ချောင်းဆိုးသူဆိုး၊ သလိပ်ဟက်သူဟက်နှင့် လှုပ်လှုပ်ရှားရှားလေး ဖြစ်လာ ကြသည်။
ထိုအခါမှ အခုနရဲဘော်များလည်း ပူစိတ်ပျောက်၍ စိတ်အေးပေါက်လာပြီ ဖြစ်ခြင်းကြောင့် သူတို့နှင့်စကားပြောနိုင်လေသည်။ လူတို့၏ နကိုမူလစိတ်ဓါတ်အတိုင်း သာယာချောင်ချိစွာ ရှိလာလေသည်။
“ကျွန်တော်တို့က တာဝန်ရှိလို့ တားရတာဘဲဗျာ၊ ခင်ဗျားတို့ သွားရဲရင်လဲ သွားကြပေါ့”
“မသွားရဲပါဘူး၊ ရဲဘော်၊ ကျွန်တော်တို့ ဒီမှာအိပ်ဖို့ထက် မြို့ထဲသွားအိပ်ကြရင်ကောင်းမယ်။ နို့ပြီးရွှေညောင်မှာ ဆင်းမယ့်လူတွေလဲပါတယ်”
“ကောင်းပြီ၊ ဒါဖြင့် သွားနိုင်ပါပြီ”
ကျွန်တော်မှယခုအချိန်တွင် မည်မျှပင် ခရီးပန်းပန်း ဝမ်းကဟာလာပြီဖြစ်၍ တောင်ကြီးသို့ ခုညမရောက်သော်လည်း ရွှေညောင်မြို့ထဲတွင် အိပ်ရမည်ဆိုတော့ အစား အသောက်ဆိုင်တော့ ရှိတန်ကောင်းရဲ့ဟု တံတွေးမျိုချလိုက်ပါသည်။
သို့သော် အဘယ်လျှင် ဟုတ်ပါလိမ့်မည်နည်း။ ထိုည ရွှေညောင်မြို့တွင် ဂျပန်ခေတ်က ကျွန်တော်တို့ ရန်ကုန်မှာ ညအချိန်လေကြောင်း ဥဩဆွဲထားဘိသကဲ့သို့ တမြို့လုံးမှောင်မည်း တိတ်ဆိတ် ချောက်ကပ်နေဘိ၏။
ရွှေညောင် ဆင်းမည့်သူများ အိမ်ရှေ့သို့ ရောက်လတ်သော် မော်တော်ကားကိုရပ်၍ တော်တော်လေး ဆူဆူညံညံ လှုပ်လှုပ်ရွရွဖြစ်ကြသည်။ ဆင်းသူဆင်း။ ပစ္စည်းသယ်သူသယ်၊ ရှေ့ခရီးမဆက်နိုင်၍ ညည်းသူညည်း။ ၎င်းတို့အထဲတွင် ကုလားလင်မယား၊ နှစ်စုံပါသည့်အနက်၊ တယောက်သော ကုလားမမှာ ကိုယ့်ဒုက္ခကိုယ် ဆိတ်ငြိမ်စွာမခံတတ်သဖြင့် မယားကြောက်ရပုံ ပေါ်သော သူ့လင်အား (ကုလားပြဿဒါး မလွတ်မှုကြောင့်လားမသိ) မရပ်မနား တွတ်ထိုးလိုက် သည်မှာ ကျွန်တော်သည် သူတို့ဘာသာစကား ကောင်းစွာနားမလည်မိသည်ကိုပင် ဝမ်းသာရပါ တော့၏။
ကြားရပြီးနောက် ယင်းသို့ ကျွတ်စီကျွတ်စီရှိနေစဉ်မှာပင် စစ်ဖိနပ်သံတဖြောင်းဖြောင်း ရဲဘော်များရောက်လာကြ၍ ...
“ခင်ဗျားတို့ ဒီနေရာမှာဘာဖြစ်နေကြတာလဲ၊ မြို့ပြင်မှာတိုက်ပွဲဖြစ်နေတာ မသိကြဘူးလား ဟိုကလှမ်းပစ်လိုက်လို့ အလကားသေနေကြမယ်”
အားလုံး ဆိတ်ငြိမ်သွားကြသည်။
ယခုအချိန်၌ ကျွန်တော်တို့မှာ အစားကို မျှော်လင့်စရာ မရှိတော့။ အိပ်ဖို့ နေရာလေး ရရင်ဘဲ တော်လှပြီဖြစ်ကြောင်း။
ထိုရဲဘော်သည် သူပေးချင်သောအမိန့်ကို အောင်မြင်စွာပေးရပြီး၍ သွေးအေးသွားပုံ ပေါ်သောအခါ၌ ကျွန်တော်သူ့အနားသို့ ချဉ်းကပ်သွားပြီး...
“ကျွန်တော်တို့ဟာ တောင်ကြီးကိုသွားမယ့် ရပ်ဝေးခရီးသည်တွေပါ ရဲဘော်၊ ဒီမှာအိပ်ဖို့ နေရာလေးတော့ ကြံဖန်လုပ်ပေးစမ်းပါ”
“ဟာ... ဒါဖြင့်လာ၊ ဘူတာကိုလိုက်ခဲ့။ ဒိပြင်လူတွေလဲ အိပ်စရာမရှိရင်လာကြ”
ဟိုကုလားတသိုက်မှာ ရွှေညောင်မှာ ဆင်းသူများ၏ အိမ်တွင်အဆင်သင့်သွားကြ၍ ကျွန်တော်တို့နှင့် နှစ်ယောက်သာပါလာလေသည်။ အချို့ကား သူတို့အသိမိတ်ဆွေများရှိရာသို့ သွားကြသည်။
ဘူတာသည် ဘယ်လောက်ဝေးသည်မသိ၊ မှောင်ကြီး မည်းမည်းမှာ အိပ်ရာလိပ်နှင့် အရေးကြီးသော ပစ္စည်းအချို့ကိုဆွဲကာ ထိုရဲဘော်နောက်လိုက်ခဲ့ရသည်။ အတန်ငယ် လျှောက်မိတော့မှ တမန်တလင်းခင်းသော အထစ်ပေါ်တက်မိ၍ ဘူတာထဲ ရောက်မှန်းသိရသည်။ ဤအတွင်းမှာ ပို၍ မှောင်မည်းလေသည်။
ထိုရဲဘော်က
“ကဲခင်ဗျားတို့ လင်မယားက ဒီမှာအိပ်၊ ဟိုနှစ်ယောက်က ဒီကိုလာ”
ဆိုသဖြင့် သူနေရာချထားရာမှာပင် သဲတွေရှပ်ရှပ်ပေါ်၌ အိပ်ရာလိပ်ကို ဖြန့်ခင်းလိုက်ရ၏။
ကျွန်တော်သည် ယခုညအစာ မစားရတော့ပြီကိုသိ၍ ဆာတိုင်းရေကို ခဏခဏ သောက်မည်ဟု ကားပေါ်မှ ရေချိုင့်ကို ဆွဲယူလာခဲ့သည်။ ရေကားမပါတော့။ မီးရထားပေါ်က အဆင်းတွင် လေးမှာစိုး၍လည်းကောင်း၊ ဘတ်စ်ကားပေါ် ဖိတ်မှာစိုး၍လည်းကောင်း သွန်ခဲ့သည်။ ဤသည်ပင်လျှင် ဒုက္ခဝေဒနာကို ခံစားဘို့ဖြစ်တော့၏။ အကြောင်းမှာ
“ရဲဘော် ရေကလေး တဆိတ်လောက် ရပါရစေ”
ဆိုသောအခါ ထိုရဲဘော်က
“မရနိုင်ဘူးဗျ”
ဟု တိုတောင်းစွာပြန်ပြောပါသည်။
သေဟဲ့နိန္ဒိယ... ငတ်ကံငယ်ကြုံ ကြုံတော့တယ်။
---
(ဆက်ရန်)
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine


Comments
Post a Comment