ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဒုတိယ အခေါက် ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဒုတိယ အခေါက် ) // သော်တာဆွေ

---

ဒုတိယ အခေါက် 

---

ကျွန်တော် ရှမ်းပြည်သို့ ဒုတိယတခေါက်ကား နောက်တနှစ် ၁၉၅၇-ခု။

ထိုအကြိမ်ကား အိမ်မှ ကျွန်တော်တို့ လင်မယားနှစ်ယောက်ထဲ မဟုတ်တော့ပေ။ မေနှင့် ကျွန်တော်နှင့် အိမ်ထောင်သည် သုံးနှစ်ထဲ ရောက်ပြီမို့ အိမ်ပေါ်တွင် မေမွေးမြူသော ကြောင်များ၊ အိမ်အောက်တွင် ကျွန်တော်၏ ကြက်များ၊ ဘဲများ။ အိမ်တွင်တယောက်မျှ မကျန်ဘဲ တံခါးပိတ်၍ သွားကြရမည်ဆိုသောအခါ၌ အိမ်အောက် နေသော ကြက်၊ ဘဲများအတွက် နဘေးအိမ်တွင် အစာပေးထားခဲ့၍ ဖြစ်သည်။ အိမ်ပေါ်က ကြောင်များကိုမူ ဟိုဘက်အိမ် ခဏသွားနေကြပါ ဆို၍လည်းရမည်မဟုတ်။ သူတို့သခင် မရှိလျှင် သူတို့ တခြားသို့ လစ်ကြမည်ဖြစ်သောကြောင့် ဤကြောင်များကိုပါ ဆောင်ကြဉ်းသွားရန် ကျွန်တော်တို့ စီစဉ်ကြရ၏။ စီစီမာဆိုသော ကြောင်မကြီးနှင့် နီနီဝါဝါမည်သော သားနှစ်ကောင်၊ ဖြူဖြူခေါ်သော သမီးတခု၊ သူတို့လေးကောင်အတွက် ခြင်းကြီးတလုံး ရက်ရ၏။

မေသည် သူနှစ်သက်သော တိရစ္ဆာန်များကို မွေးမြူရာ၌ သာမန် မွေးရိုး မွေးစဉ် မဟုတ် (pet) ခေါ် အချစ်တော်အဖြစ် မွေးမြူတတ်သဖြင့် လွန်စွာ သံယောဇဉ်ကြီးမားသော ဒုက္ခမျိုးပင် ဖြစ်ချေသည်။
သို့မို့ကြောင့် ကျွန်တော်တို့ အိမ်ကထွက်လာကြသောအခါ အဝတ်သေတ္တာ၊ အိပ်ရာလိပ်တို့ သာမက ကြောင်ခြင်းများက တခု။ သို့သော် ရထားပေါ် ရောက်လာသောအခါ၌ တာဝန်မကြီးတော့ပါ။ ကျွန်တော်တို့က အထက်တန်းတွဲက စီးကြသည်မို့၊ ရထားမထွက်မီပင် တံခါးပိတ်ပြီး လွှတ်ထားလိုက်နိုင်ပါ၏။

ထိုစဉ်က မြန်မာပြည်ရောက်စ ဂျပန်လုပ် အထက်တန်းတွဲတို့တွင် ည-လေး၊ နေ့-ရှစ်ယောက်တွက် သီးသန့်တခန်းမှာ ရေချိုးခန်းတခု၊ အိမ်သာတခုနှင့်တွဲလျက် အင်မတန် သန့်သန့်ပြန့်ပြန့်ရှိလှ၏။ မီးစုံ ပါ၏။ အထက်တန်းသည် အထက်တန်းပီပီ ဇိမ်ရှိလှတုန်းဖြစ်၏။ ကံအားလျော်စွာ ကျွန်တော်တို့နှင့် တတွဲတည်းပါလာသောအခြား လင်မယားနှစ်ယောက်မှာလည်း ကြောင်ချစ်တတ်ကြသူများ ဖြစ်နေသည်နှင့် အဆင်ပြေလှ၏။ ကျွန်တော်တို့ ကြောင်ကလေးများကလည်း ခြောက်လ, ခုနစ်လအရွယ် ဝါဝါဝင်းဝင်း သန့်သန့်ရှင်းရှင်းကလေးတွေ။ ကျွန်တော်တို့ ကြောင်ကလေးမှာ ဗိုက်ကဖြူနေ၍ ဖြူဖြူခေါ်သော်လည်း ကျောကတော့ ရွှေရောင်ပင်။ သူတို့အမေကြီးမှာ အဝါရောင်နှင့် လိပ်ခွံရောင် ဒိုးကွက်ကြား။

ကျွန်တော်တို့ ဇနီးမောင်နှံ၏ ရှမ်းပြည်သွား၊ ယခု ဒုတိယ အခေါက်မှာ ပထမအခေါက်က ဒုက္ခရောက်သလောက် အစစအရာရာ အဆင်ပြေလှ၏။

ညနေ-၄ နာရီလောက် ရွှေညောင်ဘူတာ ရောက်လာသောအခါ မေ့အမေ ဒေါ်တင်တင်တို့ မောင်နှံက သူတို့ မော်တော်ကားနှင့် လာကြိုနေ၏။ ကျွန်တော်တို့ ပစ္စည်းများကို ရထားပေါ်က ဂျစ်ကားပေါ်တင်နေစဉ် မေ့အမေယောင်္ကျား မစ္စတာ ဇေဗီးယားက ကျွန်တော်တို့ လင်မယားအား ရုံပိုင်ကြီး ဦးရွှေသောင်း သူ့အခန်းထဲ ခေတ္တကြွပါဟု ဖိတ်ခေါ် ကြောင်း၊ ဦးရွှေသောင်းမှာ ကျွန်တော်၏ စာဖတ်ပရိသတ်ဖြစ်၍ ယနေ့ ကျွန်တော်လာမည်ကို သိသဖြင့် ဆီးကြိုနေပါကြောင်း။ ဦးရွှေသောင်း အခန်းထဲရောက်လာသောအခါ ကျွန်တော့် အတွက် ရှမ်းပြည်ထွက် အရက် သုံးပုလင်း။

ယင်း ဦးရွှေသောင်းကား ဤမှစ၍ နောက်နောင် ကျွန်တော် ရှမ်းပြည်သို့သွားလေတိုင်း အလာတွင် သုံးပုလင်း၊ အပြန်မှာ သုံးပုလင်း ဆီးကြို၍ လက်ဆောင်ပေးလေ့ရှိပါ၏။ ထို့ကြောင့် ကျွန်တော်တို့ကလည်း ရှမ်းပြည်တွင်ထင်ရှားသော ငါးခြောက်များ၊ ကျွန်တော်ရေးသော စာအုပ်များကို လက်ဆောင်ပြန်ပေးရပါ၏။ (ယခု အချိန်ကား ဦးရွှေသောင်း ပင်စင်ယူပြီ ထင်ပါ၏။ ကျန်းမာပါစေ။)

ကျွန်တော်တို့ တောင်ကြီးမြို့သို့ ရောက်သွားကြသောအခါ၌ ကျွန်တော်တို့အတွက် သီးသန့်အိမ်ကြီးတလုံး။ မေတို့ မိဘများ၏အိမ်။ ခြံဝင်းကျယ်ကြီးထဲတွင် မမတင်တို့က သီးသန့် အိမ်ဆောက်နေ၍ ဤအိမ်ကြီးမှာ ကျောင်းဖွင့်ချိန်တွင် ကျောင်းသားများကို အငှားထား၍ နွေရာသီ ကျောင်းပိတ်ချိန်၌ မြန်မာပြည်မှရောက်လာသော မောင်နှမများအတွက် ဖြစ်နေ၏။

ယင်းသို့ အိမ်ကြီးတလုံးရမည်ကို ကြိုတင်သိရှိနေပြီး ဖြစ်သောကြောင့် ကျွန်တော့်ထုံးစံ အတိုင်း ရှမ်းပြည်သို့လာလိုသော မိတ်ဆွေ သင်္ဂဟများကို ဖိတ်ခေါ်ခဲ့လေရာ၊ ယမန်နှစ်က ကိုဖေသိန်းနှင့် ဦးကျော်တို့ သားအဖများ။ ယခုနှစ်မှာ ကိုသန်းတင်၊ ဒဂုန်တာရာ၊ မင်းရှင်၊ မြသန်းတင့်။

ဤအကြောင်းနှင့် ပတ်သက်၍ ဒဂုန်တာ၏။ “ဧရာဝတီ၊ ယန်စီ၊ ဘော်လဂါ” စာအုပ်ထဲတွင် ရေးသားထားသည်မှာ စာမျက်နှာ ၁၂၆ က စ၍ ...

---

တောင်ကြီးမြို့မှာ တောင်ပေါ်တွင် တည်ရှိ၍ အငှားကားနှင့် တက်ကြရလေသည်။ တောင်ကြီးတွင်ရောက်နှင့်နေသော သော်တာဆွေအား ရှုမဝမှ သံကြိုးရိုက်ထားသော်လည်း သော်တာဆွေ လာမကြို။

တောင်ကြီးကားလမ်းမှာ တဖက်က ချောက်ကြီး။ တဖက်က တောင်နံရံ။ မနေ့ကပင် လော်လီကားတစင်း တောင်အောက်ကျသွားသည်ဟု ကားမောင်းသူက ပြောသည်။ လမ်းမှာ ကားနှစ်စင်း ရှောင်သာရုံ။ ကားမောင်းသူများသည် အကွေ့တွင် တကျီကျီနှင့် တအားကွေ့သည်။ ကျွန်တော်ကား ရင်တလှပ်လှပ်နှင့် ငြိမ်၍ လိုက်ပါလာရသည်။ (အင်း... ဒါကြောင့် သူ ခုထိ မိန်းမ မရတာ။ တယ်ကြောက်တာကိုး။)

သော်တာဆွေနေသော လမ်းအမည်မသိ၍ မေးကြရသည်။ လမ်းကွေ့တခု၌ ဆွယ်တာ လှလှကလေးများနှင့် ခေတ်ဆံဆံ ဝတ်ထားသော မိန်းမပျိုနှစ်ယောက်ကိုတွေ့၍ (သူ ဒီလိုတော့ ကြည့်တတ်သား) 

“ဒါ.... သော်တာဆွေ ပရိသတ်နဲ့တူတယ်”

ဟု ဆိုကာ ကားရပ်၍ မေးကြလေသည်။

“အပေါ်တက်သွား ကျောင်းနားမှာ ဆရာတုတ်ကတော်အိမ်ဆိုရင် ရပါတယ်”

တောက်ကြီးမြို့မှာ မြေပြန့်ပေါ် တောင်နှစ်ဖက်ရံထားသည်။ ကျွန်တော်တို့သည် တောင်ခြေသို့ တိုးသွားကြသည်။ အိမ်ဝ၌ သော်တာဆွေဇနီး မေနှင့် အဆင်သင့်တွေ့ရသည်။ သော်တာဆွေမှာ နွေရာသီတွင် တောင်ကြီးရှိ ယောက္ခမအိမ်၌ နေလေသည်။
ည အိပ်ရာဝင်မှ သော်တာဆွေသည် ပေါက်လာလေသည်။ သူ၏မျက်နှာမှာ နီမြန်းလျက် ရှိလေသည်။ သူသည် လျှာသံလေးလေးနှင့် ကျွန်တော်တို့အား သံကြိုးမရိုက်ကောင်းလားဟု အပြစ်တင်နေ၏။ ကျွန်တော်တို့မှာ ရယ်မောကြရလေသည်။

“ဘာလို့ သံကြိုးမရိုက်ရတာလဲ၊ ကျွန်တော် လာကြိုမှာပေါ့”

သော်တာဆွေသည် မူးလျှင် ပြောပြီးသားစကားကို ထပ်ထပ်ပြောတတ်သည်။

(... အမူး သမားတိုင်း ဒီလိုဘဲပေါ့ကိုယ့်လူရဲ့။ ဒဂုန်တာရာနှင့် ကျွန်တော်မှာတနှစ်ထဲ၊ တလထဲ။ သူက ကျွန်တော်ထက် ရက်အနည်းငယ်သာကြီးသည်။)

“ဘာမှမဟုတ်ဖူးဗျ။ အရက်သောက်နေရတာနဲ့ ကျွန်တော်တို့ကို မေ့ပြီး မကြိုဘဲနေတာ” 

ဟု မင်းရှင်က ပြောလိုက်သည်။ သော်တာဆွေသည် မင်းရှင်ကို လာထုသည်။
ကျွန်တော်တို့ ခြင်ထောင်ထဲ ဝင်ကြရလေပြီ။ သော်တာဆွေက 

“ဘာဖြစ်လို့ သံကြိုးမရိုက် ရတာလဲ”

ဟု အပ်ကြောင်း ထပ်နေလေသည်။

---

အထက် ဖော်ပြပါသည် ဒဂုန်တာရာက သူ၏စာအုပ်ထဲမှ တဖက်သတ် စွပ်စွဲချက် ဖြစ်သည်။ သူတို့လာမည်ဆိုသည့် သံကြိုး ကျွန်တော် မရရိုး အမှန်။ ကျွန်တော် ညမှောင်လျှင် မူး သည်ဆိုသည်ကား ဟုတ်လေစွ။ သို့သော် ကျွန်တော်သည် ဘယ်တော့မှ ညနေ ၅ နာရီ မကျော်ဘဲ အရက်သောက်လေ့ မရှိ။ နို့ပြီးကြည့်ဦးလေ၊ သူ့စာထဲမှာက (ရှုမဝက သံကြိုးရိုက်ထားသော်လည်း သော်တာဆွေ လာမကြို) တဲ့။ ဘယ့်နှယ်ဗျာ၊ သူတို့ကိုယ်တိုင်ကမှ မရိုက်ကြဘဲ။ ရှုမဝကို ရိုက်လိုက်ပါပြောတော့ ဦးလေးကျော်ကလဲ မေ့မေ့လျော့လျော့ ဖြစ်နိုင်တာပေါ့။ ဒါကိုတော့ သူ ထည့်မစဉ်းစား။ ကဲ ... ပြီးတဲ့အတိတ် ထားပါတော့လေ။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments