ကျွန်တော့် ဘဝဇာတ်ကြောင်း ( တညတာ ဒုဗ္ဘိက္ခန္တရကပ် ) ( မေ့အပြောနှင့် ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( တညတာ ဒုဗ္ဘိက္ခန္တရကပ် ) ( မေ့အပြောနှင့် ) // သော်တာဆွေ

---

တညတာ ဒုဗ္ဘိက္ခန္တရကပ် 

---

စကားလဲမပြောရ၊ မီးလဲမထွန်းရ ဟူသော အမိန့်ကြောင့် ကျွန်တော်မှာ စီးကရက်ကလေးမျှ မဟဘဲ ကျိတ်မြုံနေကြသည်။ ဝမ်းဗိုက်တို့ကား မဆိတ်ငြိမ်ပေ။ တချက်တချက်၌ တဂွီဂွီမြည် ကြသည်။ ရေကလေးမျှ မသောက်ရသဖြင့် နှုတ်ခမ်းအာခေါင်တို့ ခြောက်လာလေသည်။ လျှာနှင့် လိမ်းကာလိမ်းကာ တံတွေးကို စု၍စု၍မျိုချရသည်။

ညဉ့်နက်သန်းခေါင်မရွေး လိုချင်သော အစားအစာကို ရနိုင်သည့် ရန်ကုန်မြို့တော်ကြီး ဆီသို့ ကျွန်တော်စိတ်ရောက်သွားသည်။ ပထမ၌ ကျွန်တော်အလွန်ကြိုက်သော တရုတ်တန်းက အစားအစာတွေ တူကလေးဖြင့် ညှပ်ကာ အရက်ကလေးတမြမြနှင့် စားခဲ့ပုံ။  

ဒါတွေ တွေးမိတော့ တကယ်မစားရပေမယ့် သွားရည်ယို၍ ထိုသွားရည်ကို ပြန်မျိုချရခြင်း ဖြင့် ရေငတ်သက်သာသလို ရှိလာသည်။

ဒုတိယကား အရက်နှင့် တွဲဖက်သောက်မကောင်းသဖြင့် ကျွန်တော်သိပ်ကြိုက်လှသော မဂိုလမ်းကကုလားအစားအစာများ။ ဒန်ပေါက်၊ ပလာတာ၊ စမူဆာ၊ ဆိတ်နို့အုံကင်တို့ဖြင့် ကျွန်တော်ကောင်းကောင်းကြီး သတိရပါသည်။ ထုတ်ထုတ် ထုတ်ထုတ်နှင့်ဝါးလို့ကောင်းလှသည်။ နို့နံ့သင်းသင်းလေးနှင့် ဆိမ့်သောအရသာရှိသည်။

ထိုမှတပြီးကား ညဉ့်နက်လာလေလေ ပိုဆာလာလေလေဖြင့် တဖြည်းဖြည်း အဆင့် အတန်းနိမ့်လာလိုက်သည်မှာ ကိုယ်စားဘူးသော အရာထဲမှ အဆင်းရဲဆုံးနှင့် အညံ့ဆုံးကိုပင် သွား၍တမ်းတမိပါတော့သည်။

၁၉၄၅-ခုနှစ် ဂျပန်ပြေးအပြီး စစ်တောင်းမြို့မှ မြင်းဝယ်ကအပြန် မြင်းများနှင့် လမ်းခရီး မှန်းခြေ မကိုက်သဖြင့် လှည်းကူးသို့ ညသန်းခေါင်လောက်မှရောက်ရာ၊ ဤအခါ ကျွန်တော့် အဖော် မြင်းလှည်းသမား၏အသိမှာ အလွန်ဆင်းရဲသော အဖိုးကြီး အဖွားကြီးဖြစ်၍ အချိန် မတော် ထမင်းချက်ကျွေးရာတွင် ဟင်းမှာအဖျော်ကင်းသော ငါးပိရည်ကျဲနှင့် ကြက်ခြမ်းသီး စိမ်းကလေးများကို တို့ကာတို့ကာ စားရသည်မှာ ဆာလွန်းလှသဖြင့် မြိန်လှဘိတောင်း။

သည်ထက်ဆိုးဝါးသည်မှာ ၁၉၄၁-ခုနှစ် ဂျပန်အဝင်၌ စစ်ကိစ္စဖြင့်ခရီးသွားစဉ် တောထဲ တောင်ထဲ၌ ၃-ရက်မျှပေါင်မုံ့ခြောက်ကို ရေနှင့်သောက်နေရပြီးမှ ကာမနှင့်သူရက်အကြား အနောက်စူးစူးရှိ တောင်ပေါ်ရွာတခု၌ ထမင်းပူပူကို ငရုပ်သီးထောင်းနှင့် ဆားနှင့်နှယ်ကာ စားခဲ့ရခြင်းဖြစ်တော့သည်။

ယခုအခြေ၌ ကျွန်တော်တို့သည် ဒီလိုအစာကလေးများဘဲ စားပါရစေတော့ဟု ဆုတောင်းမိပါသည်။ သို့သော် ရေကလေးတပေါက်မျှ မသောက်ရပါ။

ထိုသို့ စိတ်ရောက်တတ်ရာရာ တွေးတောရင်း အချိန်ကြာလတ်သော် အိပ်မပျော်ဘူး လိုလို၊ ပျော်သလိုလိုနှင့် ကြက်တွန်သံတွေက တကြော်ကြော် ကြားရတော့ အားတမျိုး ရှိလာခဲ့ ပြီးနောက်၊ လင်းရောင်ပေါက်လာ၍ ကျွန်တော်အိပ်ရာမှထလိုက်သောအခါ ညကရဲဘော်ကို ကလော်တုတ်ချင်စိတ် ပေါ်ပါတော့သည်။ အကြောင်းမှာ ကျွန်တော်တို့အိပ်သည်၏ တဖက်ခန်း မှာပင် သောက်ရေအိုးစင်ကြီး ရှိနေ၏။  

တမင်ဘဲ ကျွန်တော်တို့ကို ညှဉ်းလေသလားဟု နံနက်၌သူ့ကို မေးမြန်းစုံစမ်းကြည့်သော အခါ သူကိုယ်တိုင်ကလည်း မသိရှာ။ သူသည်ညမှောင်မှ ဤဘူတာရောက်၍ လွယ်လင်မှ မေမြို့သို့ ဗိုလ်သင်တန်းတက်ရအောင် သွားမည့်ရဲဘော်ဖြစ်၏။ အမှောင်ထဲ၌ မျက်ကန်းဖြစ်နေစဉ် အိပ်ဖို့နေရာ ခေါ်ပေးသည်ကိုပင် ကျေးဇူးတင်ပါ၏ရဲဘော်။

---

မေ့အပြောနှင့် 

---

ရွှေညောင်နှင့်တောင်ကြီးသည် ၁၂-မိုင်မျှသာဝေးရာ ညက ဘတ်စ်ကားနှင့်ပင် ခရီးဆက် ခဲ့ကြ၍ နံနက် ၉-နာရီ၌ တောင်ကြီးရွှေမြို့တော်သို့ ရောက်လေ၏။

“ကဲ... မေရေ... မေ့မြို့ရောက်မှဖြင့် မေဘဲ ဒါရိုက်တာလုပ်ပေရော့ကွာ...”

အားလုံးခရီးသည်များ သူ့နေရာနှင့်သူ ဆင်းသွားကြ၍ ကျွန်တော်တို့ချည်း ကျန်သောအခါ အစိုးရဧည့်ရိပ်သာခေါ် သည့် “ဆာကတ်စ် ဟောက်”သို့ ပို့စေ၏။

ဥယျာဉ်ပန်းမာန်နှင့် အခန်းအားမရှိတော့။
သေသပ်လှပ၍နေချင်စဖွယ်ပါ။
သို့ရာတွင် လူပြည့်နေပြီး ထိုမှ ညွှန်လိုက်၍ ကမ္ဗောဇဟော်တယ်သို့ ရောက်ပြန်၏။

ဈေးနှင့်နီးသော တိုက်အိမ်ကြီး အောက်ထပ်က စားသောက်ခန်း၊ ဒီမှာတည်းရင် နိပ်တာဘဲ။

သို့သော် ... မနိပ်ချေ။ တောင်စခန်းမြို့မှာ နွေရာသီဧည့်သည်တွေများနေ၍ အခန်းအား မရှိတော့ချေ။

ကဲ... ဒါဖြင့် ဘယ်မှာတည်းခိုဘို့ ရှိသေးသနည်း။ မနေ့က ဟဲဟိုးတွင် တောင်ကြီး ဟော်တယ်ကို အချိန်မရွေး သူပို့ပေးနိုင်ပါတယ်ပြောသော ကားစပယ်ယာက 

“တောင်ကြီးဟော် တယ်ရှိပါတယ်ဗျ...”

ဈေးနဲ့တော့ အလှမ်းဝေးသတဲ့။ ဝေးပါစေ... ဝေးပါစေ... ရလျှင်ဘဲ တော်ပါပြီ။ ထိုဟော်တယ်ကျမှပင် ရှောရှောရှူရှူရပေတော့သည်။ 

ရမှာပေါ့ဗျ။ အခြားနေချင်တဲ့ လူမှမရှိတာကို...။

ကျွန်တော်သည် ရှေးဖြစ်ဟောင်းကို ပြန်ပြောင်း၍ ရယ်မောချင်လာလေသည်။
မေနှင့်ကျွန်တော် ရည်းစားဘဝက ကျွန်တော်သည် တောင်ကြီးမြို့အကြောင်းကို စာဖြင့် လှမ်းမေးလေ့ရှိသည်။ (တောင်ကြီးမှာ ဧည့်သည်တွေ ကောင်းကောင်းမွန်မွန်တည်းဘို့ ဟော်တယ်တွေ ဘာတွေရှိသလား) (ရှိတာပေါ့ မောင်၊ မေတို့မြို့ကို အထင်မသေးပါနဲ့၊ မြန်မာပြည်မှာ နာမည်ကြီး တောင်စခန်းမြို့ဘဲ) (ဒါဖြင့် ဟော်တယ်တခု နာမည်ပေးစမ်းပါ) (တောင်ကြီး ဟော်တယ်) ထိုအခါ ကျွန်တော်သည် “ပြန်လည်တွေ့ဆုံသည့်တိုင်အောင်” ဝတ္ထုတွင် ကျွန်တော့်ဇာတ် လိုက် အေးဆွေအား ထိုတောင်ကြီးဟော်တယ်မှာ တည်းခိုစေကာ ဇာတ်အိမ်ဖွဲ့လိုက်လေသည်။ ထိုဟော်တယ်၏ ပုံသဏ္ဍာန်အနေအထားကို ရန်ကုန်ဟိုတယ်ကြီးများအတိုင်း ကျွန်တော့်မျက်စိ ထဲ၌ မြင်ယောင်၍ ရေးသားထားပါသည်။

လား... လား... ယခုမျက်မြင်ကိုယ်တွေ့ ကျွန်တော်ကိုယ်တိုင်ရောက်ရတော့ ဟက်ဟက်ပက် ပက်သာ ဖင်ဆောင့်၍ ဆောင့်၍အော်ကြီးဟစ်ကျယ် ရယ်ချလိုက်ချင်ပါတော့သည်။

ကြည့်ပါ မိတ်ဆွေရယ်... နည်းနည်းပါးပါး ကွာတာဖြင့် ကျွန်တော်ဒီလောက် မပြောပါဘူး။ အခုတောင်ကြီးဟော်တယ်ဆိုတာက အောက်သမန်တလင်းခံ၊ သွပ်မိုး၊ ပျဉ်ကာနှင့် ကုလား အိမ်တန်းလျားကို အခန်းတွေ ခွဲထားခြင်းဖြစ်ပါသတည်း။ ထိုစဉ်က ရန်ကုန်မှာ တလအစိတ်ဆိုသော အခန်းမျိုး၊ ဟိုတယ်ခန်းလုပ်၍ တနေ့တဆယ်တဲ့။

“ကဲ... ဒေါ်ရွှေမေရေ... အထင်နဲ့အမြင် ကွာခြားလှချေလားဗျာ... ဒီအိမ်တန်းလျားမှာတော့ ဒို့တာရှည်မနေနိုင်ဘူး၊ စာရေးဘို့ စားပွဲကုလားထိုင်လဲမရှိ၊ ပြတင်းပေါက်မရှိ၊ ရှေ့ဝင်ပေါက်နဲ့ နောက်ဖေးထွက်ပေါက် နှစ်ခုဘဲရှိတယ်။ ထမင်းဟင်းစားဘို့ ဈေးသွားလိုက်ရတာကလဲ အဝေးကြီး၊ အဲသည်လိုနေရာမှာ ဦးကျော်တို့ လူစုရောက်လာရင် ဒုက္ခကွ”

အကြောင်းမှာ ကျွန်တော်သည် ရှုမဝ ဦးကျော်အား တောင်ကြီးမြို့သည် နွေရာသီမှာ အေးချမ်း၍ တည်းခိုခန်းတို့လည်း ကောင်းသည်။ စားသောက်စရာ အမဲသားငါး ဟင်းသီးဟင်း ရွက်တွေကလည်း အလွန်ပေါဟု မေကကျွန်တော့်ကို ပြောသည့်အတိုင်း ကျွန်တော်တို့ ရောက်သခိုက်မှာ လိုက်လာကြရန် ဖိတ်ခေါ်ခဲ့သဖြင့် ကာတွန်းကိုဖေသိန်းနှင့် ဦးကျော်သား မောင်ဆွေတင့်၊ အထွန်းခေါ် မောင်လှထွန်းတို့ ၄-ယောက်ဧပြီလ ၂၂ ရက်နေ့တွင် လေယာဉ် နှင့် ရောက်လာကြမည်။

ထို့ကြောင့်...

“ကဲ... မေရေ... ဒီအတိုင်းဆိုရင်ဖြင့် ကိုယ်တို့ထက် နောက်လိုက်လာမယ့် လူတွေအတွက် အိမ်တလုံးငှားရမှ ဖြစ်တော့မယ်ကွ”

သို့သော် ထိုအချိန်မှာ တောင်ကြီးတွင် အိမ်တလုံးငှားရဘို့မှာ ရန်ကုန်မှာကဲ့သို့ပင် မလွယ်ကူတော့ပါ။ အဘယ်ကြောင့်ဆိုသော် တောင်ကြီးမှာလည်း ရန်ကုန်မှာကဲ့သို့ပင် သောင်းကျန်းသူ ဆူပူမှုကြောင့် တောရွာတွေကလူတွေ ခိုအောင်းနေကြခြင်းဖြင့် လူနေအိမ်ခြေများ ပြည့်နှက်နေချေပြီ။

တောင်ကြီးသူ မရွှေမေပင်လျှင် ၂-နှစ်အတွင်း ပြောင်းလဲနေသော တောင်ကြီးမြို့ကို အံ့ဩနေရသည်။ မျက်နှာစိမ်းတွေ အိမ်သစ်တွေအများကြီး တွေ့နေရသည်ဟု ပြောပါသည်။ ရာသီဥတုပင်လျှင် ရှေးယခင်က သစ်ပင်ဥယျာဉ်များကိုခုတ်၍ အိမ်များဆောက်ပစ်ကြခြင်းဖြင့် နွေရာသီမှာ ဟိုတုန်းကလောက် မအေးတော့ဟု မြို့ခံလူများကလည်း ပြောပါသည်။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments