ဆန်ပြုတ် ပွဲတော် // နုနုရည်(အင်းဝ)
ဆန်ပြုတ် ပွဲတော် // နုနုရည်(အင်းဝ)
(သာရမဂ္ဂဇင်း ၊၁၉၈၈ ၊ဒီဇင်ဘာ)
---
ညနေ သုံးနာရီမှ ထိုးမယ်မကြံသေးဘူး ... ၊ ဖိုးတရုပ်တို့ မောင်နှမနှစ်ယောက် ဂဏာမငြိမ် ဖြစ်စပြုပြီ။
အိမ်ရှေ့ထွက်လိုက်၊ နောက်ဖေးဝင်လိုက်၊ အိမ်အထက်ဆင့်ခါးပန်းကို ခေါင်းအုံးငေးမော နေတဲ့ အမေ့ကို လှမ်းကြည့်လိုက်လုပ်ရင်း၊ ဖိုးတရုပ် မျက်လုံးတွေက ပန်းကန်စင်ပေါ် မှောက် ထားတဲ့ ကြွေရည်သုပ်ဇလုံလေး ဆီ ခဏ ခဏ ဝဲနေတယ်။ သူ့ထက် ပိုပြီးအကင်းပါးတဲ့ မိငယ်ကလဲ ဖိုးတရုပ် အိမ်ရှေ့ထွက် ... ထွက်ချင်း ၊ နောက်ဖေးဝင် .... ဝင်ချင်း။ ပြီးတော့ ဖိုးတရုပ် တရစ်ဝဲဝဲကြည့်နေတဲ့ ပန်းကန်စင်ပေါ်က ကြွေရည်သုတ် ဇလုံလေးကို သူလဲဘဲ မျက်ခြည်မပြတ်။ တခါတခါ ဖိုးတရုပ် လှမ်းကြည့်ရင်း မျက်စောင်းခဲပြီး သတိပေးလိုက်သေးတယ်။
“ အဲဒါငါ့ ဇလုံနော် .... ဒါဘဲ ...” လို့။
ဖိုးတရုပ် အိမ်ရှေ့တခေါက် ထွက်ပြန်တယ်။ လမ်းထိပ်က ထွက်လာနေတဲ့ မီးခိုးငွေ့ငွေ့ လေးတွေကို လှမ်းမျှော်ကြည့်ရင်း နှာခေါင်းလေးကို ရှုံ့ပြီး အနံ့ခံ ကြည့်မိတယ်။ တရုပ်နံနံပင် အနံ့၊ ကြက်သွန်မိတ်နံ့၊ ငံပြာရည်နံ့ သင်းပျံ့တဲ့ ဆံပြုတ်မွှေးမွှေးရဲ့ အနံ့အသက်တွေများ ပါလာလေမလား။ ဖိုးတရုပ် ဗိုက်ဆာလှပြီ။ မနက်ထဲက မုံ့ပျားသလက်ငါးမူးတန် အဖြူအနီ နှစ်ယှက်ပဲရှိတဲ့ ဖိုးတရုပ်ဗိုက်ထဲမှာ မီးရထားတွဲကြီးတွေ တဂျုတ်ဂျုတ် အော်ဟစ်ခုတ် မောင်းနေကြပြီ။
အိမ်နောက်ဖေး နောက်တခေါက် ပြန်ဝင်လာတဲ့ ဖိုးတရုပ်ကို သူ့အမေက မျက်စိနောက် လာသလို လှမ်းကြည့် လိုက်တုန်းမှာပဲ ...
“ ဖိုးတရုပ်ရေ ... မိငယ်ရေ ...သွားစို့ဟေ့ ... ”
အိမ်ရှေ့က အော်ခေါ်သံတွေ၊ ဇလုံတီးသံ၊ ဂျိုင့်ခေါက်သံတွေကို ကြားလိုက်တာနဲ့ ဖိုးတရုပ်က လေကဲ့သို့ လျင်မြန်ခြင်းမျိုးနဲ့ ပန်းကန်စင်ပေါ်က ကြွေဇလုံကို ပြေးယူတယ်။ ဘယ်ရမလဲ။ မိငယ်ကလဲ အားကျမခံ ကြွေဇလုံကို ဇွတ်ဆွဲလုတယ်။
“ ပေး ... မယူရဘူး ... ၊ ဒီဇလုံ .... ငါယူမှာ ”
“ ပေးဘူး ... ဒါ ... ငါ့ဇလုံ ”
“ ဟုတ်ဘူး ... ၊ ဟိုမှာ ... ကိုတရုပ် ဇလုံက ဒန်ဇလုံ ”
မိငယ်က ကြွေဇလုံကို မလွှတ်ဘဲ ဆွဲထားရင်း ပန်းကန်စင်ပေါ်ကို မေးငေါ့ပြတယ်။ စင်ပေါ်မှာ ဒန်ဇလုံရယ်၊ ချိုင့်တခုရယ် ကျန်နေသေးတယ်။ စင်တခုလုံးမှာ ဇလုံနှစ်လုံးရယ်၊ ချိုင့် တခုရယ်၊ ဇွန်းသုံးချောင်းရယ်ပဲ ရှိတယ်။ ( တခြား ထမင်းပန်းကန်ပြားတွေနဲ့ ဟင်းပန်းကန်တွေ ကို ထမင်းချက် မစားနိုင်တဲ့နေ့ကစပြီး အမေသိမ်းလိုက်ပြီ ။) ဆန်ပြုတ် သောက်ဖို့ထားတာ။ သုံး ယောက်တွက်။ အဖေ့အတွက်တော့မပါဘူး။ အဖေအိမ်ပြန် မလာတာရှစ်ရက်၊ ဆယ်ရက် လောက်တောင် ရှိနေပြီ။ ဟင်း ... မိငယ်ဆိုတဲ့ ကောင်မစုတ်က အလည်လေး။ လာသေးတယ်။ ဒန်ဇလုံက ဆန်ပြုတ်ထည့် ကိုင်ရင် တအားကြီးပူတာကို။ ဘာလို့ ယူရမှာလဲ။ ကြွေ ဇလုံကမှ မပူတာ။
“ ဖိုးတရုပ် ... ဟေ့ ...၊ သွားမယ်ဟေး ”
အိမ်ရှေ့ကကောင်တွေကို “ လာပြီဟေး ” လို့ပြန်အော်ရင်း ဖိုးတရုပ် မိငယ်လက်ထဲက ကြွေဇလုံကို ဆောင့်ဆွဲယူပစ်လိုက်ပြီး အိမ်ရှေ့ တအားပြေးထွက်ခဲ့တယ်။ မိငယ် အာခေါင်ခြစ်ပြီး အော်ငိုတဲ့အသံက ဗြဲကနဲထွက်လာတယ်။
“ ဟဲ့ ... ဟဲ့ကောင်လေး ... လာခဲ့စမ်း၊ နင်တော့၊ ဖိုးတရုပ် .... နေအုံး၊ ညီမလေးကို
ပေးလိုက်စမ်း ... ဇလုံကို ...၊ ဟဲ့ ...ဖိုးတရုပ် ...”
အမေခေါ်တဲ့ အသံက ဖိုးတရုပ်တို့ ဇလုံတီးသံ၊ ဂျိုင့်ခေါက်သံတွေကြားမှာ ပျောက်သွား တယ်။ ဖိုးတရုပ်တို့၊ ဇလုံတွေ၊ ချိုင့်တွေတီးရင်း၊ ခေါက်ရင်း လမ်းထိပ်ကို တအားပြေးကြတယ်။ ပြေးရင်းလွှားရင်း ဖိုးတရုပ်သူငယ်ချင်း သူ့လိုပဲ နှစ်တန်းကျောင်းသား အမွှေးအမှင်လေးတွေရှည်ရှည်နဲ့ မျက်နှာက ဝက်ဝံလေးနဲ့တူလို့ “ ဘဲယား ” လို့ခေါ်တဲ့ ကျော်မင်းဦးက သူ့ဇလုံကို တဒေါင်ဒေါင်တီးပြီး
“ ဆန်ပြုတ် ... ဆန်ပြုတ် ၊ ဆုတ်ပြန် ... ဆုတ်ပြန် ” လို့အော်တယ် ။ ဖိုးတရုပ်တို့ ကျန်တဲ့ အကောင်တွေက
“ ဆုတ်ပြန် ၊ ဆုတ်ပြန် ... ဆန်ပြုတ် ၊ ဆန်ပြုတ် ” လို့ပြန်အော်တယ် ။
“ ဆန်ပြုတ် ဆန်ပြုတ် ၊ သောက်လို့ ကောင်းတယ် ” လို့ အော်တဲ့ကောင်က အော်တယ်။
ဘာတွေမှန်းလဲ မသိဘူး။ အော်ရတာ ပျော်တာပဲ သိတယ်။ ထမင်းမစားရတဲ့ ဖိုးတရုပ် တို့တတွေ ဆန်ပြုတ်သောက်ရတော့မယ်လေ။ ဆန်ပြုတ်ပွဲတော်ကြီး နဲ့ တွေ့ရတော့မယ်။
ဒီပွဲတော်ကြီးကို ဘယ်လူကြီးတွေ စလိုက် တယ်တော့မသိဘူး။ စ, လိုက်တဲ့ လူကြီးတွေ အရမ်းချစ်ဖို့ကောင်းတာပဲ။ ဒီဆန်ပြုတ်ပွဲတော်ကြီး ပေါ်လာတာ ဖိုးတရုပ်တို့မောင်နှမ အဖေ နဲ့အမေရင်ခွင်ထဲကိုကြောက်လန့်တကြား တိုးဝင်နားပိတ်ပြီး အိပ်ရတဲ့ညပြီးတဲ့ နောက်လေးငါးရက်အကြာမှာပဲ။ ဖိုးတရုပ်တို့အဖေ အိမ်ကထွက် သွားတာ ဟောဒီဆန်ပြုတ်ပွဲ တော်ကြီးနဲ့ အမျှပဲ။ ဒါပေမယ့် အဖေ့ကို တခါတလေပဲ သတိရတယ်။ ပျော်နေရတာကိုး။ ဖိုးတရုပ်တို့ ကျောင်းပိတ်ကတည်းက ဘာပွဲလမ်းမှမရှိတော့ ဒီလို ခလေးတွေ တစုတဝေးစုပြီး မပျော်ရတာ ကြာပြီ။
“ ဟေ့ရောင်တွေ ... ဒီနေ့ ဆန်ပြုတ်နေရာ သုံးခုတောင် ရှိတယ်ကွ”
“ ဟေး ... ပျော်တယ်ဟေ့ ...”
ဖိုးတရုပ်တို့ထဲက အလည်ဆုံး ၊ အကြီးဆုံး ကောင် ... “ဘဲယားကျော်မင်းဦး” သတင်းပေးသံ ကြောင့် အားလုံး ခုန်ပေါက်အော်ဟစ်ကြတယ်။ ပျော်စရာကြီး ... ။ တဖြေးဖြေးနဲ့ ဆန်ပြုတ် တိုက်ပွဲတွေများလာပြီ။ ဟိုလမ်းထောင့်၊ သည်လမ်းထောင့်၊ ဟိုအိမ်၊ သည်အိမ်။ သူဌေးတွေ နေ့တိုင်း၊ နေ့တိုင်း တိုက်နိုင်ပါစေ။ သည့်ထက်ပို ဌေးပါစေဗျာ ...။
“ ဟေ့ ... မြန်မြန်နေရာဦးဟေ့ ၊ လူတွေ အများကြီးကွ ”
ဟာ ဟုတ်သားဘဲ။ ဆန်ပြုတ်တိုက်တဲ့ ဆေးလိပ်ခုံအိမ်ရှေ့မှာ ခွက်တွေ၊ ပလုံးတွေနဲ့ ခလေးတွေရော၊ လူကြီးတွေရော အများကြီး ရောက်နေကြတယ်။ ဆန်ပြုတ်အိုး ...၊ မိုးဗြဲဒယ် ကြီးတွေကအငွေ့တလူလူ၊ အနံ့တွေ တမွှေးမွှေးနဲ့။ လူကြီးတွေက မွှေကြ၊ မြည်းကြတုန်း။ ဆန်ပြုတ်ကဖြင့် မဝေသေးဘူး။ လူတွေကတော့ အပြင်မှာကြိတ်ကြိတ်တိုးနေပြီ။ မိန်းမယောက်ျား တချို့က ဒန်အိုးအလွတ်နဲ့၊ ချိုင့်ပလုံး အကြီးကြီးတွေနဲ့ သိပ်လောဘကြီးတာပဲ။ ဖိုးတရုပ်တို့ ကလေးတွေကတော့ သံဇလုံ၊ ကြွေဇလုံ၊ ဒန်ဇလုံလေးတွေကိုယ်စီနဲ့။ ချိုင့်ပလုံး အသေးလေးတွေကိုယ်စီနဲ့။
သူတို့လူကြီးတွေက လောဘသာကြီးတာ၊ ရှက်တော့ ရှက်တတ်တယ်။ ကုပ်ကုပ် ... ကုပ်ကုပ်နဲ့ ၊ သစ်ပင်ကွယ်၊ ဓါတ်တိုင်ကွယ်လေးတွေနားမှာ မယောင်မလည် ရပ်နေကြတာ။ ကောင်းတယ်၊ ဒါမှ တန်းစီခိုင်းရင် ဖိုးတရုပ်တို့ ခလေးတွေ ရှေ့ကအရင်ရောက်မှာ။
“ ဟေ့ ... ဘဲယား ၊ နောက်တခုက ဘယ်နေရာမှာလဲကွ ... ဝေးလား ”
“ ဝေးဘူးကွ ၊ ဟို အထက်တက်လိုက်ရုံဘဲ။ ဓမ္မာရုံကွ ။ မနှစ်က ငါတို့ ဘုရားပွဲသွားတဲ့ ဆီ လေကွာ ”
“ ဒီနှစ်ကျ .... ဘုရားပွဲလဲမဖြစ်ဘူး ”
“ ဘယ်ဖြစ်မလဲကွ ... ”
ဘဲယားနဲ့ ဖိုးတရုပ် စကားပြောနေတုန်း ဆေးလိပ်ခုံထဲက လူကြီးတယောက် ဇွန်း အကြီးကြီးနဲ့ ထွက်လာပြီး
“ ကဲ ... ကဲ ... တန်းစီကြဗျို့ ... တန်းစီကြ ၊ ချိုင့်လေးတွေ ၊ ဇလုံလေးတွေ အဆင်သင့် ပြင်ထားမယ် ”
ဆေးလိပ်ခုံရှေ့က ဆန်ပြုတ်စောင့်သူများ လှုပ်လှုပ်ရှားရှား ဝရုန်းသုန်းကားနဲ့၊ အလုအယက် တန်းဝင်စီကြတယ်။ ဖိုးတရုပ်တို့ ခလေးတွေက အကဲဆုံးပေါ့။ ရှေ့ရောက်ဖို့ အတင်းတိုး ရတာပျော်စရာကောင်းတယ်။ တအားတိုးတာတောင် ဖိုးတရုပ်တို့အုပ်စု ရှေ့မရောက်ဘူး။ အလယ်နားပဲရတယ်။ အရေးထဲ ရှေ့က ကောင်မလေးတယောက်က အားကြီးအဆဲကြမ်းတာပဲ။ လက်ထဲမှာ ဇလုံနှစ်လုံးနဲ့။ သူ့ကို နောက်က တွန်းရင် ဇလုံနဲ့ ခုတ်မယ်တဲ့။
“ ဖိုးတရုပ် ... ဟိုမှာ ... ၊ မင်းအမေနဲ့ မိငယ် လာပြီကွ ၊ ခေါ်လိုက် ”
ဘဲယားက ဖိုးတရုပ်ကို လှမ်းပြတယ်။ မိငယ်က နှုတ်ခမ်းစူစူနဲ့ ...။ ဒန်ဇလုံလေးကိုင်လို့။ အမေကတော့ ချိုင့်ဆင့် တဆင့်နဲ့၊ ရှက်ရွံရွံ့ပုံ။
“ အမေ ... အမေ ... ဒီကို .... လာ ”
ဒါပေမယ့် အမေနဲ့မိငယ် ... ဖိုးတရုပ်တို့ ကြားထဲဝင်တော့ ဓါတ်ရှင်ရုံကျနေတာပဲ ၊ နောက်က ဝိုင်းအော်ကြတယ်။
“ ဟေ့ ... ဟေ့ ... ကြားဖြတ်မဝင်နဲ့ကွ နောက် မှာသွားတန်းဟေ့ ”
ဖိုးတရုပ်တို့ အုပ်စု နောက်ကိုလှည့်ပြီး လက်သီးဆုပ်ပြ၊ အံကြိတ်ပြကြတယ်။ အမေက တော့ ရှက်ရွံရွံ့နဲ့ အပြင်ဘက်ထွက်ရပ်ပြီး သူ့လို ရပ်နေတဲ့ မိန်းမတယောက်ကို
“ ဆန်တပြည် နှစ်ဆယ်နဲ့ ဘယ်လိုမှ မတတ်နိုင်လွန်းလို့သာ ... ၊ ရှက်စရာကြီး ရှင် ... ခလေးတွေကြားထဲမှာ ” တဲ့ ။
ဟိုမိန်းမကြီးက ခေါင်းခပ်ငုံ့ငုံ့နဲ့လက်ထဲကတော့ ချိုင့်ကိုပွတ်သပ်နေရင်း တိုးတိုးလေး
“ သူတောင်းစားတွေ ကျနေတာပဲ ” တဲ့။
“ ဖြည်းဖြည်းဗျို့... ဖြည်းဖြည်း ... ၊ အားလုံး ရမယ်။ မပူနဲ ... ဟောဒီမှာ အများကြီးရှိသေးတယ် ...။ ကဲ ... လာပြီ နောက်တဇွန်း ...”
ဆန်ပြုတ်ထည့်ပေးတဲ့ လူကြီးရဲ့မျက်နှာမှာ ချွေးတွေကို သီးနေတာပဲ။ ဒါပေမယ့် သူက တဟားဟားနဲ့ ပျော်နေတယ်။ ဆေးလိပ်ခုံဘေး တိုက်ပေါ်ကနေကြည့်နေတဲ့ ဆန်ပြုတ်ပိုင်ရှင် အဒေါ်ကြီးတွေရဲ့ မျက်နှာကလဲ ပြုံးပြုံး၊ ပြုံးပြုံးနဲ့။ ဖိုးတရုပ် ငေးကြည့်နေမိတယ်။ သူတို့ရောဒီဆန်ပြုတ်တွေ သောက်သလားမသိဘူးနော်။
“ ဟေ့ကောင် ဖိုးတရုပ် ငေးမနေနဲ့ ၊ မြန်မြန် ခံ ”
ဖိုးတရုပ်နောက်က ဘိုဖြူဆိုတဲ့ကောင်က ဇလုံနဲ့တွန်းထိုးပြီး သတိပေးတယ်။ ဟုတ်သားပဲ ... ။ ဖိုးတရုပ်ရှေ့ကဘဲယား။ ဘဲယားပြီးတော့ ဖိုးတရုပ်။
ဖိုးတရုပ်တို့ အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ် ဇလုံလေးတွေကိုယ်စီနဲ့ ပလက်ဖောင်းဘေး မန်းကျည်းပင်ရိပ်အောက်မှာ တဖူးဖူးမှုတ်ပြီး ဇလုံစောင်း မော့သောက် လိုက်ကြတယ်။ လျှာပူပူ အာပူပူနဲ့ ဆန်ပြုတ်ကလဲ ချိုမှ ချိုပဲ။
“ မြန်မြန်သောက်ဟေ့ ၊ တော်ကြာ ဓမ္မာရုံ မမီပဲနေမယ် ”
“ အေးဟေ့ ... သောက်ကြဟေ့ ”
တယောက်နဲ့တယောက် လောဆော်ပြီး သောက်ပြီးတာနဲ့ ဓမ္မာရုံဆီ ဇလုံလေးတွေကိုင်ပြီး ပြေးကြတယ်။ အိုး ဓမ္မာရုံမှာလဲ နည်းတဲ့ လူတွေမှုတ်ဘူး။ ဓမ္မာရုံက ရပ်ကွက်လူကြီးတွေ ပိုက်ဆံစုပြီး တိုက်တာတဲ့။ ဘောကြီးမှာ အလှူရှင်စာရင်းတွေ ရေးထားတယ်။ တန်းစီ ရွေ့ရှားရာနောက် တဖြေးဖြေးလိုက်ရင်း စာဖတ်တတ်ခါ စ ဖိုးတရုပ် ... ဘောကြီးပေါ်ကစာတွေကို ဖတ်တယ်။ ဦးအောင်ခင် - ဒေါ်မြမြ ... ငါးကျပ်။ ဒေါ်ခင်ခင်တင့် သုံးကျပ်။ ဖိုးတရုပ်လိုပဲ နှစ်တန်းကျောင်းသားတွေဖြစ်တဲ့ ဘဲယားတို့၊ ဘိုဖြူတို့ လဲ လိုက်ဖတ်ကြတယ်။
“ ဟေ့ရောင် ... ဟိုအောက်က စာလုံးကြီး နဲ့ရေးထားတာ ဖတ်ရအောင် ... ဘာတဲ့ကွ ”
“ သုံးရက်နှင့် အပြတ်ထိုင်မည် ”
“ ဟားဟားဟား ၊ စာလဲမဖတ်တတ်ပဲ နဲ့ဟေ့ ”
ဘဲယားဖတ်တာမှားတော့ ဖိုးတရုပ်တို့၊ ဘိုဖြူတို့နဲ့ တခြားကောင်တွေက ဝိုင်းပြောင်ကြတယ်။ ဘဲယားက မျက် မှောင်ကြုတ်ပြီး
“ ဘာမှားလို့လဲကွ ... ကဲ ”
“ မှားတာပေါ့ကွ၊ မင်းက ကျောင်းမလိုက်ရတာနဲ့ စာတွေ မေ့သွားပလား ”
“ ငါဖတ်ပြမယ် ... ကြည့်၊ သုံးရက်နှင့် အပြတ်တိုက်မည်၊ ပြစ်ရဲရင် ပြစ် ကြည့်၊ ရေရော ပစ်လိုက်မည်၊ ပုံ ဆန်ပြုတ် တဲ့ ”
“ ဟားဟားဟား ... ရီရတယ်ဟေ့ ”
ဖိုးတရုပ်တို့အုပ်စု စာဖတ်ပြီးတအားသဘောကျ ဝိုင်းရီကြတယ်။
“ ဘဲယား ... နောက်တနေရာ သွားဦးမှာ လားကွ ... ဘယ်နားမှာလဲ ”
ဓမ္မာရုံက ဆန်ပြုတ်တဇလုံစီကို မော့ သောက်ကြပြီး ... ရှေ့ဆက်ဖို့ တာစူကြတော့၊ ဘဲယားက လက်ဟန်ခြေဟန်နဲ့
“ နီးနီးလေးပဲ။ လာ ငါသိတယ်၊ နေ့လည်က ငါ့လေးလေးနဲ့ လိုက်သွားရင်း အိုးကြီးတွေတည်နေတာ ငါမြင်ခဲ့တယ် ”
ဘဲယားခေါင်းဆောင်တဲ့နောက်ကို ဖိုးတရုပ်တို့အုပ်စု ပြေးရူးပြေးရူးနဲ့ လိုက်ကြတယ်။ ဗိုက်ချောင်အောင်ဆိုပြီး ခုန်ပေါက်ကြရင်း ဇလုံတွေ၊ ဂျိုင့်တွေကို တီးလိုက်ကြသေးတယ်။ ဆန်ပြုတ်က ဗိုက်ပြည့်လွယ်သလို၊ ချောင်လွယ် သလားလဲမမေးနဲ့။ ခဏလေးဆို ပြန်ပြန်ဆာတယ်။ ညနေမှာဘယ်လောက် သောက်သွား သွား၊ ညကျရင် ဗိုက်က ပြန်ဆာလာတာပဲ။ ထမင်းလိုလဲ မဟုတ်ဖူး။
“ ဟေ့ ဟိုတိုက်ကြီးမှာ မြင်လား၊ မကုန်သေးဘူး ...။ လာ တန်းဝင်စီမယ် ”
ဖိုးတရုပ်တို့တတွေ ချွေးသံတရွှဲရွှဲနဲ့ အမောတကော တန်းဝင်စီလိုက်ကြတယ်။ ဟာ အိုးကြီးတွေကတော့ အများကြီးပဲ။ တော်တော် ဌေးတဲ့အိမ်နဲ့ တူတယ်။ အသားဖတ်တွေလဲ ဆန်ပြုတ်ထဲမှာ အများကြီးမြင်ရတယ်။ ဒီဇလုံကိုတော့ အိမ်ထိ သယ်သွားပြီး ည ဆာမှသောက်ရင် ကောင်းမယ်။
ဆန်ပြုတ်အိုးကြီးတွေထဲကို ဖိုးတရုပ် အာသာငန်းငန်းနဲ့ ကြည့်နေတုန်း ဘိုဖြူက လက်လာတို့တယ်။
“ ဖိုးတရုပ် ... ဟိုမယ် ငါတို့အတန်းထဲက ကောင်မလေး ”
ဖိုးတရုပ်နဲ့ဘဲယား ကြည့်လိုက်တော့ သူ တို့အတန်းထဲမှာ မကြာခဏ ရန်ဖြစ်ကြတဲ့ ကောင်မလေးက ဆန်ပြုတ်တန်းစီတိုးသူများရဲ့ ဆန်ပြုတ်ပွဲတော်ကြီးကို ဘေးကနေလာရောက် ကြည့်တဲ့ ပွဲတော်ကြည့်ပရိသတ်ထဲမှာ။ သူ့ အဖေလား။ လေးလေးလားရဲ့ ဆိုင်ကယ်နောက်မှာ အိုက်စကရင် တပျပ်ပျပ်စားရင်းထိုင်လို့။ ဖိုးတရုပ်တို့ကို မချိုမချဉ်ကြည့်လို့။ ဒါ တင်မကသေးဘူး သူက လက်ညှိုးလေးကို ကွေး လို့ ကရော်ကရော်လုပ်ရင်း ဖိုးတရုပ်ဆီကို
“ ဟေ့ ဟေ့ ရှက်ပါတယ် ၊ သူတောင်းစား တွေကျနေတာပဲ ရှက်ပါတယ် ”
အောင်မာ ဘုတ်အီးမကကွာ ဟင်း။ ဖိုးတရုပ်တို့ ရှက်သွားတယ်။ ရှက်ဒေါသ ဖြစ်ဖြစ် နဲ့ လူကြီးမမြင်အောင် ဘုတ်အီးမကို ဘဲယားက လက်သီးဆုပ်ပြရင်း ရှေ့ကို တရွေ့ရွေ့တိုးနေရတုန်း အမေ့ဘေးက ဟိုမိန်းမပြောတဲ့ “သူတောင်းစားတွေကျနေတာပဲ” စကားကို သတိရတဲ့ ဖိုးတရုပ်က စိတ်တင်းသံလေးနဲ့ သူငယ်ချင်းတွေကို မလုံမလဲ ...
“ ငါတို့မှ သူတောင်းစားတွေမှ မဟုတ်တာ နော့ကွာ ”
“ အေးလေ ငါတို့မှ မဟုတ်တာ ... အလကား ”
ဘဲယားက ရှေ့ကိုဖိတိုးတယ်။ ဖိုးတရုပ်တို့လည်း နောက်ကလိုက်တိုးတယ်။ ဟော အလှည့်ရောက်ပြီ။ ဖိုးတရုပ်တို့ ဇလုံလေးတွေ ထိုးခံ လိုက်ကြတယ်။
ကရော် ကရော် ရှက်ပါတယ် ဟေ့။
ဘုတ်အီးမဘက်ကို ဘယ်သူမှ လှည့်မကြည့်ကြဘူး။
ဟေ ဟေ့ ရှက်ပါတယ်။
ဖိုးတရုပ်တို့ရှေ့မှာ ဆန်ပြုတ်အိုးကြီးက အနံ့တွေ တထောင်းထောင်း။
နုနုရည် အင်းဝ
၁၉၈၈ ခုနှစ် ၊ စက်တင်ဘာ အာဏာသိမ်းပြီးခါစ ... ဗမာတပြည်လုံး မြို့ရွာအနှံ့မှာ မြင်နိုင်တဲ့ မြင်ကွင်းလေးတခုကို ခံစားရေးဖွဲ့ပါတယ်။
---
#နုနုရည်အင်းဝ
#ဆန်ပြုတ်ပွဲတော်
#shared_by_louis_augustine


Comments
Post a Comment