ကျွန်တော့် ဘဝဇာတ်ကြောင်း ( အိမ်တလုံး ) ( အင်းသားနှင့် အင်းစကား ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( အိမ်တလုံး ) ( အင်းသားနှင့် အင်းစကား ) // သော်တာဆွေ

---

အိမ်တလုံး 

---

ယင်း၌ ကျွန်တော်သည် ကိုသောင်းစိန် ရေးပေးလိုက်သော မိတ်ဆက်စာနှစ်စောင်ကို ထုတ်ရတော့သည်။ တစောင်က ထိုစဉ်က ဘုန်းမီးနေလ တောက်ပလျက်ရှိသော စပ်ရေသိုက်၏ သား စပ်ဟုန်ဖ၊ ကိုသောင်းစိန်နှင့် အင်္ဂလန်တွင် မိတ်ဆွေဖြစ်ခဲ့ကြ၍ အပြန်ခရီးမှာ သင်္ဘော တစင်းထဲ အထက်တန်းမှာ အတူစီးခဲ့ကြသည်။ စပ်ဟုန်ဖတွင် တောင်ကြီးမှာ ဟော်တလုံးရှိသည်။ သို့သော်ထိုအချိန်၌ စပ်ဟုန်ဖသည် တောင်ကြီးမြို့၌မရှိ။ ဘယ်သို့ရောက်နေသည် ကျွန်တော် မသိ။

ဒုတိယတစောင်က ထိုစဉ်က ဗန္ဓုလရုပ်ရှင်ရုံကို မူလတည်ဆောက်သူ ဗန္ဓုလရုပ်ရှင်ရုံ ပိုင်ရှင် ဦးချစ်ဖေ။ သူ့ကိုတော့ သူ့ရုပ်ရှင်ရုံသွားသောအခါ သူ့အိမ်ကို ညွှန်ပြ၍ လွယ်ကူစွာ တွေ့ရပါသည်။

ဦးချစ်ဖေခင်ဗျား...

ယခုဤစာနှင့်လာသူမှာ ကျွန်တော်၏ သူငယ်ချင်းစာရေးဆရာ သော်တာဆွေဖြစ်ပါသည်။ သူလိုသောအကူအညီကို ပေးစေလိုပါသည်။  

သောင်းစိန် 

ထိုစဉ်မှာ ကိုသောင်းစိန်က အောင်ဇေယျရုပ်ရှင်ထုတ်လုပ်သူ၊ ဦးချစ်ဖေက တောင်ကြီး မြို့မှာ ရုပ်ရှင်ရုံပိုင်ရှင်မို့ သူတို့ချင်းက အလုပ်ချင်းဆက်နေသော မိတ်ဆွေရင်းချာတည်း။

ဦးချစ်ဖေသည် ပြုံးရယ်ကာ... ကျွန်တော့်အား စာဖတ်ပရိသတ်အနေဖြင့်လည်း သိပြီးဖြစ်နေ၍

“ဦးသော်တာဆွေ ဒီလိုအချိန် နွေရာသီမှာ တောင်ကြီးမြို့မှာ အိမ်ငှားလို့ ဘယ်ရပါ့မလဲ ခင်ဗျာ”

ကျွန်တော်က စိတ်ပျက်စွာ...

“ဟာ.. ဒုက္ခဘဲဗျာ...”

“ ဦးသော်တာဆွေ ဒုက္ခမရောက်ရပါဘူး၊ ကျွန်တော်တို့မှာ ဦးသော်တာဆွေအတွက် အိမ်တလုံးရှိပါတယ်၊ သို့သော်အိမ်ငှားခကတော့...”

သူက ပြုံးစိစိနှင့် စကားဖြတ်ထား၍ ကျွန်တော်က...

“ကျသလောက် ပေးရမှာပေါ့ဗျာ”

ဆိုတော့...

“မဟုတ်ဖူး၊ တပြားမှမပေးမှရမယ်”

တောင်ကြီးမြို့ ဈေးအရှေ့ဘက် မဟာသုခလမ်းရှိ သစ်သားအိမ်ကလေးတလုံးသို့ ကျွန်တော်တို့ကို သူ့ကားနှင့်ဘဲ လိုက်ပို့ပါသည်။ ထိုစဉ်က စကားနယ်အမတ် ဦးထွန်းရတို့၏ အိမ်ပိုကလေးဖြစ်ပါသည်။

ငှားလေ့မရှိ။ ဧည့်လာစောင်လာ ထားခြင်းဖြစ်သည်။ ဦးထွန်းရနှင့် ဦးချစ်ဖေမှာ အင်းသားညီအကိုတော်များ ဖြစ်ကြသည်။

လူတရပ်လောက်မြင့်သည့် တထပ်အိမ်ကလေး၊ သုံးပင်နှစ်ခန်း နောက်ဖေးမီးဖိုဆောင်နှင့် ကျွန်တော်တို့အတွက် အခန့်သင့်ဖြစ်သွားလေသည်။ ဈေးနှင့်လည်းနီးလှ၏။ ဒီအိမ်ကလေး ရောက်တော့ ကျွန်တော်တို့သည် လာမည့်ဧည့်သည်များလည်းရှိနေ၍ အိုးခွက်အချို့ကိုဝယ်ပြီး ထမင်းဟင်းစား ပန်းကန်များကို နံဘေးတိုက်အိမ်ကြီးရှိ ဦးထွန်းရ၏ ကြီးတော်ထံမှ ငှားရမ်းကာ ကိုယ့်ဟာကိုယ်ချက်ပြုတ်စားကြသည်။

---

အင်းသားနှင့် အင်းစကား 

---

ကျွန်တော်တို့နေရသော သစ်သားအိမ်ကလေးမှာ လျှပ်စစ်မီးမရှိချေ။ ကျွန်တော်တို့ ရောက်မှ ဦးထွန်းရ၏ ကြီးတော်တိုက်မှ မီးနှစ်ပွင့်ကို သွယ်ပေးထားပါသည်။

တနေ့သော နံနက်ခင်း၌မေမရှိ၊ ကျွန်တော်တယောက်တည်း စာဖတ်နေစဉ် ဦးထွန်းရ ကြီးတော် (သူတို့အခေါ် အမ်းစမ အဖွားကြီးရောက်လာကာ ကျွန်တော်နှင့်ထွေရာလေးပါး ပြောနေရာမှ ...

“ဆရာလေး မန်းစားပီး မအိုက်ဖူးလား”

မန်းဆိုသည်မှာ ထမင်းကိုဗျ။ ကျွန်တော်တို့ဆီမှာဆိုရင် ထမင်းစားပြီးတဲ့အခါ ချွေးထွက်ပြီး အိုက်တယ်မဟုတ်လား၊ သူတို့ရှမ်းပြည်မှာတော့ အချိန်မရွေးအေးတာဘဲ၊ ဒါကြောင့်

“ကျွန်တော်တို့ ဒီအရပ်မှာတော့ မအိုက်ပါဘူး...”

ဒီတော့ အဖွားကြီးက...

“ဒေါ်ဒေါ်တို့တော့ ခဏအိုက်တာဘဲ၊ နို့... ဆရာလေးတို့ ညကောဘယ်အချိန်အိုက်သလဲ”

ကျွန်တော် အံ့အားသင့်ပြီး...

“ဟာ... ညဆို သာမအိုက်သေးသပေါ့။ ဒေါ်ဒေါ်ရာ”

“တညလုံး မအိုက်ဖူးလား”

“လုံးဝ မအိုက်ပါဘူး ခင်ဗျာ”

“ဘယ်အချိန်မှာမှ မအိုက်ဖူးလား”

“မအိုက်ပါဘူး... မအိုက်ပါဘူး” 

ကျွန်တော်က ခေါင်းကလေးယမ်းကာ တောင်ကြီးမြို့လို အေးမြသောရာသီမှာ ဘယ်အချိန်မှ မအိုက်ပါဘူးဟု ပြောလိုက်သည်။ ထို့နောက်အဖွားကြီးသည် သူ့မျက်နှာတယ်ပြီး ပီတိကျလှပုံမပေါ်ဘဲ ပြန်သွားသည်။ မေပြန်ရောက်လာသောအခါ ကျွန်တော်က...

“ဟေ့... မေရ... ခုန အဖွားကြီးလာတယ်ကွ၊ ငါ့ကိုထမင်းစားပြီး မအိုက်ဘူးလား၊ ညဘယ် အချိန်အိုက်သလဲ မေးသကွ၊ ဒါနဲ့ငါက ဘယ်အချိန်မှ မအိုက်ပါဘူးလို့ ပြောလိုက်ရသကွ...”

ထိုအခါ မေမျက်လုံးပြူးကာ...

“ဟာ... မောင်ရေ...ပူတာအိုက်တာကို မေးတာမဟုတ်ဖူးရှင့်၊ ဘယ်အချိန်အိပ်သလဲမေးတာ၊ ညသူက မီးမှိတ်ချင်လို့နဲ့တူတယ်၊ သူတို့ အင်းသားတွေ အသံထွက်က အိပ်တာကို အိုက်တယ်ပြောကြတယ်”

“အောင်မယ်လေး၊ ဒါဖြင့် မေရေမြန်မြန်သွားပြီး တောင်းပန်လိုက်ပါကွာ၊ ငါက သူ့ကို ဘုပြောလိုက်သလို ဖြစ်သွားပြီ၊ ည၉-နာရီလောက် အိပ်ပါတယ်၊ အဲဒီ အချိန်လောက် မီးမှိတ်လို့ ပြောပါကွာ...”

မေသည် အမြန်ဘဲ အဖွားကြီး အိမ်သို့ကူးသွားရ၏။
အင်းသားစကားနှင့် မြန်မာစကားသည် တလွဲတခြား ကွဲပြားနေသည်များရှိ၏။ ဥပမာ သူတို့က အိပ်တာကို အိုက်တယ်၊ အိုက်တာကိုတော့ အိပ်တယ်၊ တိုင်ကိုတိမ်၊ တိမ်ကိုတိုင်၊ မှိုင်တာကိုမှိုင်း၊ အကယ်၍ အင်းသားစကားမှာ “သူသည် တိမ်ကိုမှီ၍ တိုင်ကိုကြည့်ကာ မှိုင်းနေသည်”ဟု ဆိုလျှင် “တိုင်ကိုမှီ၍ တိမ်ကိုကြည့်ကာ မှိုင်နေသည်”ဟု ဆိုခြင်းဖြစ်ပါသည်။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments