ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဖောင်တော်ဦးဘုရား ) ( တန်ခိုးတော် ) ( အထူးဧည့်သည်တော် ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း ( ဖောင်တော်ဦးဘုရား ) ( တန်ခိုးတော် ) ( အထူးဧည့်သည်တော် ) // သော်တာဆွေ

---

ဖောင်တော်ဦးဘုရား 

---

ကျွန်တော်တို့ရောက်ပြီး နောက်တနေ့၌ ဈေးနေ့ကြုံသဖြင့် နန်းပန်ဈေးသို့ သွားကြပြီးနောက် နေ့လယ်ပိုင်းတွင် အင်းလေးရှိထင်ရှားသော ရွာကြီးများကို မော်တော်နှင့်လည်ပတ်ကြသည်။  

အင်းလေးဌာနီတွင် အထူးသဖြင့် အံ့သြချီးကျူးရသည်မှာ သူတို့ဆီတွင် ကျွန်တော်တို့ မြန်မာပြည် မျက်စိဖြင့် ကြည့်သော် ရွာနှင့်မလိုက်အောင် ဘုန်းတော်ကြီးကျောင်းနှင့် စေတီပုထိုးများ ကြီးကျယ်ခမ်းနားလှခြင်းပင်ဖြစ်သည်။

“တပဲရလို့ နှစ်ပြားလှူ၊ ငါတို့လူမျိုး တုနိုင်ရိုးလား” ဆိုသည့် သရုပ်ကိုပေါ်ပေသည်။

ရှေးကျသော စေတီဂူပုထိုးများ၌ရှိသော ပန်းချီပန်းပုတို့သည် ပုဂံခေတ်က လက်ရာမျိုး ဖြစ်ကြောင်း၊ အလောင်းစည်သူ (မဏိစည်သူ) မင်းလက်ထက်က ဤဌာနီ စတည်ခဲ့သည်ဟု အဆိုပြုကြသည်။

ထို့အပြင် အလောင်းစည်သူမင်း တည်ထားကိုးကွယ်ခဲ့သည်ဆိုသော ဖောင်တော်ဦး ဘုရား။

“ဖောင်တော်ဦးဘုရား” ဆိုရာ၌ စေတီကြီးတဆူမဟုတ်။ ရုပ်ပွားတော်ငယ် ၅-ဆူ၊ တင်ပလ္လင်ခွေကိုယ်တော်များဖြစ်ကြ၏။ သို့သော်ရှေးခေတ်အဆက်ဆက်က ချခဲ့သော ရွှေများ ထူပြောလှ၍ မူရင်းပုံတော်ကို မဖူးမြင်ရတော့ပေ၊ ကောက်ရိုးမှို အငုံလို လုံးတုံးတုံးဖြစ်နေတော့၏။

ကျွန်တော်တို့ရောက်သွားချိန်၌ ထိုရုပ်ပွားတော်များ သီတင်းသုံးရန် ကျွန်းကြီးတခုပေါ်မှာ ကြီးကျယ်ခမ်းနားသော ဂန္ဓကုဋီကျောင်းတော်ကြီးကို တည်ဆောက်နေသည်။ တပိုင်းတစမြင်ရရုံနှင့် အင်းလေးပိသုကာတို့ လက်စွမ်းကို သိသာပေ၏။

ဤဖောင်တော်ဦး ရုပ်ပွားတော်များမှာ သီတင်းကျွတ်ပွဲတော်အချိန်တွင် အင်းလေးရှိ ရွာများသို့ အဖူးအမျှော်ခံရန် ဒေသစာရီကြွချီသည်မှတပါး အခြားအချိန်များတွင် မူလနေရာမှ ပင့်၍မရဟု အဆိုရှိခဲ့သည်။

---

တန်ခိုးတော် 

---

တခါသော် အာဏာတော် အစွမ်းပြလိုသော စော်ဘွားတဦးသည် လူထုဆန္ဒဆန့်ကျင်၍ ပွဲတော်ခါမဟုတ်ပါဘဲလျက် ရုပ်ပွားတော်များကို ဖောင်နှင့်ပင့်ချီလေရာ အင်းလယ်တွင် လေကြီး မိုးကြီးကျပြီး ဖောင်မှောက်၍ ရုပ်ပွားတော်များ ရေသို့ ခကုန်၏။

စော်ဘွားသည် မိမိအမှားကို ရှိခိုးအသနားတော်ခံပြီး ရုပ်ပွားတော်များကို ပိုက်နှင့်တိုက်၍ ဆယ်ရာ လေးဆူသာရပြီး၊ တဆူသောကိုယ်တော်ကား၊ သူ့အလိုအလျောက် မူလကျောင်းတော် သို့ရောက်နေသောဟူ၏။  

ထိုကိုယ်တော်မှာ ကျောင်းစောင့်ကိုယ်တော်ဟူ၍ သီတင်းကျွတ်ပွဲတော် ဒေသစာရီ ကြွချီတော်မူရာမှာ အခြားသောလေးဆူသာ ပင့်ရ၍ ဤကိုယ်တော်ကိုမူ အမြဲတမ်း ကျောင်းဆောင်မှာ ထားခဲ့ရသည်ဆို၏။

---

အထူးဧည့်သည်တော် 

---

ဦးကျော်အား ကျွန်တော်သည်အစက “ဧည့်မြောင်”ဟုဆိုခဲ့၏။ သို့သော် အင်းလေး ရောက်သောအခါ၌ သူသည်အထူးဧည့်သည်တော် ဖြစ်သွားလေ၏။

အကြောင်းမှာ ကျွန်တော်သည် ဦးထွန်းရအား ကိုသောင်းစိန် ရေးပေးလိုက်သောစာနှင့် ဦးချစ်မေမှတဆင့် သိကျွမ်းရသည်။ ဦးကျော်ကား ရှေးယခင် စစ်ကြီးမဖြစ်မီကာလကပင် မိတ်ဆွေဖြစ်ခဲ့ကြ၏။ အသို့ဟူမူ ဦးကျော်သည် ဟိုယခင်ခေတ်က ရန်ကုန်မြို့စကော့ဈေးမှာ နာမည်ကြီး မြပိုးထည်တိုက်တွင် ကြီးမှူးသူ တယောက်ဖဲ။ ဦးထွန်းရတို့ အင်းသားများနှင့် ပိုးထည်များအရောင်းအဝယ် အဆက်အသွယ်ရှိခဲ့ သည်။

ဦးကျော်သည် ဦးထွန်းရထက် ကြီးသူဖြစ်၍ အင်းလေးရောက်သွားသောအခါ ဦးထွန်းရ၏ ဦးရီးတော်များနှင့် တွေ့ရသည်။ နှစ်ပေါင်းများစွာ ကွဲကွာနေကြသော မိတ်ဆွေဟောင်းတွေ မမျှော်လင့်ဘဲ ဆုံစည်းကြသဖြင့် လွန်စွာလှိုက်လှိုက်လှဲလှဲ ရှိကြသည်။

ထိုအခါမှာ ကျွန်တော်တို့သည် ဦးကျော်၏ ဧည့်မြောင်များဖြစ်သွားကြလျက် ထိုအရပ်ရှိ ဦးကျော်၏မိတ်ဆွ လူချမ်းသာကြီးများ အိမ်တို့တွင် ဆင်ဖြူတော်မှီ ကြံစုတ်ရသည်မှာ လွန်စွာချိုမြိန်လှပေ၏။

အင်းလေးဌာနေ၊ တောကျလိမ့်မည် အောက်မေ့ခဲ့သော အရပ်မှာ စီးကရက်မှာ နိုင်ငံခြား ဖြစ် အကောင်းစား ၅-သုံးလုံးတွေ။ ခမ်းနားသော အိမ်ထောင်ပရိဘောဂနှင့် ပီယာနို၊ ရေခဲသေတ္တာ တို့ပင်ရှိသည်။ အိမ်ကြီးတအိမ်မှာ ကျွန်တော်တို့ လင်မယားအား အခန်းတခန်းနှင့် သီးသန့် အိပ်ရာပေးသည်တွင် ထိုအခန်း၊ ထိုကုတင်၊ ထိုနေရာမျိုးကို ကျွန်တော်တို့သည် ယခင် ကလည်းမရှိခဲ့ဘူး။ နောက်လည်းရဘို့ကို မြော်လင့်ရန် ခဲယဉ်းလှပါတော့၏။

အင်းလေးတွင် ကျွန်တော်တို့ လူသိုက်သည် ပျော်ရွှင်လှစွာ နှစ်ညအိပ်မျှ နေထိုင်လည်ပတ် ကြပြီး၊ ထိုခရီးကို နှစ်သိမ့်ကျေနပ်အားရစွာ တောင်ကြီးသို့ ပြန်ခဲ့ကြပါတော့၏။

တတိယတွဲ ဤမှာပင်ရပ်၍ စတုတ္တတွဲကို ဆက်လက်ဖတ်ရှုပါခင်ဗျား ...

သော်တာဆွေ

---


(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments