စံပယ်ပွင့်ဝေဝေ // မြသန်းတင့်
စံပယ်ပွင့်ဝေဝေ // မြသန်းတင့်
---
စံပယ်ပွင့်တွေလည်း ပွင့်ဖူးပေါ့လေ
ညဉ့်ဦးမှာ စိတ်ကူးယဉ်စရာတွေ ၊
ပြာခြေမှောင့် တိမ်တွေဝိုင်းတော့ ၊
အရိုင်းပန်းလေး တမွှေးမွှေးသင်းပျံ့ပေ၊
မိုးတိမ်တွေ ကွယ်ကာပျောက်တော့ ၊
သွေ့ခြောက်ကာ ဂုဏ်မဝင့်နိုင်ရှာတဲ့
စံပယ်ပွင့်ဝေဝေ
ဝေဝေဆိုသော စံပယ်ပန်းသည် ရနံ့လည်းသင်းသည်၊ အဆင်းလည်း လှသည်၊ အပွင့်လည်း ကားသည်၊ စံပယ်ပန်းကို ဘယ်ပန်းမှ တုမရနိုင်ဟု ထင်မိသလို ဝေဝေကိုလည်း ဘယ်မိန်းကလေးတွေမှ မယှဉ်ပြိုင်ဟု ထင်မိ၏။
ကျွန်တော်နှင့် ဝေဝေတို့၏ဆက်သွယ်မှုသည် အတိတ်တွင် မှုန်မှုန်ရေးရေး ကျန်ရစ်ခဲ့ပြီဖြစ်သော်လည်း ထိုမှုန်မွှားစပြုလာသော အတိတ်ကို ပြန်၍တွေးရင်း ကြည်နူးရသည့် အခါလည်း ရှိသည်။ထိုအတိတ်ကြောင့် ဝမ်းနည်းရသည့် အခါလည်း ရှိသေးသည်။ ထို့ကြောင့် စံပယ်ပွင့်ဝေဝေ သီချင်းကို ကြားရသည့် အခါများတွင် ကျွန်တော်၏ စိတ်တို့သည် အတိတ်ကို ပြန်၍ ပြေးတက်ကြ၏။ ထိုအခါများတွင် ကျွန်တော်၏ လိပ်ပြာသည် ဝေဝေ့ကို လိုက်လံရှာဖွေလျက် ရှိခဲ့သည်။ တခါက ဝေဝေသည် ကျွန်တော်၏ အကြီးအကဲ ဖြစ်ခဲ့ဖူးသည်။ကျွန်တော်၏ ဘဝကို စိုးပိုင်ခဲ့ဖူးသည်။ ဝေဝေမရှိသည့် နောက်တွင်တော့ ကျွန်တော့်ဘဝကို စိုးပိုင်သူမှာ အရက်ခွက်နှင့်တယောပြားလေးသာ ဖြစ်သည်။
စံပယ်ပွင့်ဝေဝေကို ကျွန်တော်စပ်ပြီးဆိုပြခဲ့တုန်းက ပြုံးနေသော မျက်နှာနှင့် နှစ်သိမ့်ကျေနပ်စွာ နားထောင်ခဲ့ဖူးသည်။ မေတ္တာ၏ အရိပ်ရောင်ကြောင့် ရွှန်းလဲ့တောက်ပသော မျက်လုံးများဖြင့် သူ၏အချီးမွမ်းခံရသည့် ဘဝကို ရောင့်ရဲခဲ့ဖူး၏။
ပထမဆုံးဝေဝေနှင့်တွေ့လျင် သင်သည်ဝေဝေ့အား အားနွဲ့၍သနားစရာကောင်းသော မိန်းကလေးတယောက်ဟု ထင်မိလိမ့်မည်။ ထို့ထက်ရင်းနှီးလာလျင် ဝေဝေသည် မာကျော၍ကြောက်စရာ ကောင်းသော မိန်းကလေးတယောက်ဖြစ်သည်ဟု အောက်မေ့မိလိမ့်မည်။ ထို့နောက်တွင် ဝေဝေသည် မိန်းမချောမိန်းမလှတွေ မိုက်မဲကြသလို မိုက်မဲသည်ကို တွေ့ရလိမ့်မည်။ မိန်းမချော မိန်းမလှတွေတွင် အေးစက်မာကျောသော နှလုံးသားရှိသလို ဝေဝေ့တွင်လည်းကျောက်ခဲလို ဝေဒနာကင်းမဲ့သော နှလုံးသားကို တွေ့ရလိမ့်မည်။
မိန်းမလှတွေမှာ အလှကိုအားကိုး၍ ဝင့်ဝါကြသလို ဝေဝေတွင်လည်း အလှကို အားကိုးသည့် မာနရှိသည်ကို တွေ့ရလိမ့်မည်။ နောက်ဆုံးတွင် အလှကို အားကိုးသော မိန်းမတို့သည် ထိုအလှဖြင့် လှည့်ဖျားသွားကြသကဲ့သို့ ဝေဝေသည် အလှဖြင့် သင့်ကို လှည့်ဖျားသွားလိမ့်မည်။ ဤအချက်များတွင် ဝေဝေသည် မိန်းမတွေတွင် ရှိတတ်သော အရည်အချင်းနှင့် အားလုံးပြည့်စုံသည်ဟု ကျွန်တော်ထင်သည်။
သို့သော် ဝေဝေ့တွင် တခြားမိန်းမတွေနှင့် မတူသော အရည်ချင်းတရပ်ရှိသည်။ ထိုအရည်ချင်းကား သူနှင့်အကျွမ်းဝင်ပြီးသော ယောကျ်ားတယောက်အား နောက်တခါ မကြည့်ရဲအောင် လုပ်နိုင်သည့် အရည်အချင်းပင် ဖြစ်သည်။
လွန်ခဲ့သည့် ၁၉၄၈ ခုနှစ်က ကျွန်တော်နှင့်ဝေဝေသည် တက္ကသိုလ်မှာ တွေ့ခဲ့ကြ၏။ တက္ကသိုလ်မှာ တွေ့သည်ဟု ဆိုသော်လည်း ဝေဝေနှင့်ကျွန်တော် တွေ့ပုံမှာ နည်းနည်းဆန်း၏။ ဝေဝေက တက္ကသိုလ်ကျောင်းသားများနှင့် အင်းလျားသို့အရောက်အပေါက်များကြကုန်သော လေတပ်သားများ၏ ပါးစပ်တွင် ကျော်ကြားလျက်ရှိသူ ပန်းလိပ်ပြာလေး၏ ဘဝ။ ကျွန်တော့်မှာ အညတြကြေးစားတူရိယာသမားတယောက် ဘဝ။ ဤခြားနားသော ဘဝနှစ်ခုကို ပေါင်းကူးပေးသည်ကား နေ့ကျောင်းသူ နေ့ကျောင်းသား ကပွဲပင်တည်း။
ကျွန်တော်တို့သည် ထိုစဉ်က တေးမြိုင်မြိုင် တူရိယာအဖွဲ့ကို ခေါင်းဆောင်ကာ ပြဇာတ်များတွင် စန္တယားတီးနေ၏။ တညတွင် ပြဇာတ်များနားနေသည့်အခိုက်တွင် တက္ကသိုလ် နေ့ကျောင်းသူ ကျောင်းသားများအသင်းမှ ကျွန်တော်တို့အဖွဲ့ကို လာငှား၏။
ကျောင်းသူတွေ ဆိုရမည့် သီချင်းကို တက္ကသိုလ်ရှိ တူရိယာ အဖွဲ့တခုမှ ခေါင်းဆောင်တယောက်နှင့် ကျွန်တော်စပ်ကြခြင်းဖြစ်သည်။
ကျွန်တော်က ‘ပန်းမြတ်မာလာ’ အခန်းအတွက် စံပယ်ပွင့်ဝေဝေ သီချင်းကို စပ်ပေးလိုက်သည်။ စံပယ်ပွင့်ကလေးအဖြစ် ကပြရမည့်သူမှာ ဝေဝေဆိုသော ကျောင်းသူတယောက် ဖြစ်သည်ကို နောင်တွင်သိလာရသောအခါတွင် ကျွန်တော်သည် တိုက်ဆိုင်သည့် အဖြစ်ကိုကြည့်၍ ကိုယ့်ကိုယ်ကို အံ့သြရသေးသည်။
ကျွန်တော်က မရည်ရွယ်ဘဲ ‘ စံပယ်ပွင့်ဝေဝေ ’ ကို စပ်ပေးသည်။ ထိုသီချင်းကို ဝေဝေဆိုသော ကျောင်းသူတဦးက ဆိုဦးမည် ဆိုသောအခါတွင် ဝေဝေကို စူးစမ်းလိုသော စိတ်တို့သည် ကျွန်တော့်ရင်ထဲတွင် မျိုသိပ်မရနိုင်အောင် ပေါ်လွင်လာကြသည်။
တနေ့မှာ ကျွန်တော်၏ ‘ စံပယ်ပွင့်ဝေဝေ ’ ကို ဝေဝေအား ကြောင်း ပေးရသည်။ သည်တုန်းက ဝေဝေ၏ မျက်လုံးတို့သည် ပြုံးရီလျက်ရှိသည်ဟု ကျွန်တော်ထင်သည်။ ဝေဝေ၏ နူတ်ခမ်းသည် ပြုံးလျက်ရှိသည်ဟု ကျွန်တော်ထင်၏။ ဝေဝေ၏ မျက်နှာသည် ပြုံးလျက်ရှိသည်ဟု ကျွန်တော်ထင်၏။
ကျွန်တော်တို့ သီချင်းတိုက်ရသည့် နေ့ကား ဆရာဖြစ်သင် ကောလိပ်ခန်းမဆောင်တွင် ဖြစ်၏။ ကျွန်တော်က စန္တယားတီးစဉ် ဝေဝေသည် ကျွန်တော့်ဘေးတွင် ထိုင်ကာ ချိုမြကြည်လင်သည့် အသံဖြင့် စံပယ်ပွင့်ဝေဝေ ကို ဆိုတက်၏။ ဝေဝေ့ကိုယ်မှ မွှေးပျံ့သည့် ရနံ့တို့သည် ကျွန်တော့်ဘက်သို့ ပျံ့၍ပျံ့၍ လာကြ၏။
“ ဝေ အဲ့ဒီနားက အလှည့်ကောင်းကောင်း မရဘူး ”
ဝေဝေက ‘ တေးပဉ္စင် ၊ ယဉ်ယဉ်ကျူးတော့ ၊ ပွင့်ဖူးတဲ့ စံပယ်ဖြူဟာလေ့ ’ ဆိုသည့် အပိုဒ်အလှည့်ကို မကျေနိုင်ဘဲ ဖြစ်နေသဖြင့် ထပ်ကာထပ်ကာ ကြောင်း ပေးရသေးသည်။ ပြဇာတ်ကသည့် အခါတွင်မှုကား ဝေဝေသည် ကျွန်တော့်အိမ်ကို သူ့ကားနှင့် ပြန်ပို့ပေးသည်အထိ ရင်းနှီးနေပေပြီ။ ည ၁၁ နာရီလောက်တွင် ပြဇာတ်ပြီးရာ ကျွန်တော့်အိမ်မှာ ကျောက်မြောင်းတွင် ရှိ၍ ဦးထွန်းမြတ်လမ်းသို့ ပြန်မည်ဖြစ်သော ဝေဝေ၏ ကားဖြင့် ကျွန်တော့်ကို ပြန်၍ပို့တက်သည်။ ကျွန်တော်နှင့်အတူ ကျောင်းသားထဲမှ တယောထိုးသည့် ကိုအောင်မြင့်ကိုလည်း ဝေဝေသည် ပြန်ပို့တက်သည်။
ပြဇာတ်ပြီးသည့်နောက်တွင် ဝေဝေသည် ကျွန်တော့်ကို ကားဖြင့်အခေါ်လွှတ်ကာ သီချင်းတိုက်တက်သည်။ ဝေဝေ၏ ဖခင်ကြီးမှာ အငြိမ်းစား ရာဇဝတ်ဝန်ထောက်တဦးဖြစ်၍ သမီးတယောက်သာ ရှိ၍ သမီးကို အလိုလိုက်ဟန်တူသည်ဟုထင်၏။
တစ်ခါတွင် ကျွန်တော်က ‘ ချစ်သမျှကို ’ ပတ်ပျိုုးဖြင့် စန္တယားတွင်ထိုင်၍ ဆိုတီးတီးလိုက်ပြီး လူပျိုစကား ပြောခဲ့သည်။ သည်တုန်းက ဝေဝေသည် အင်မတန်ပါးနပ်လွန်းသည်ဟု ကျွန်တော်ထင်၏။ အဘယ့်ကြောင့်ဆိုသော် နောက်တခါ ကျွန်တော်နှင့် ဝေဝေတို့ တွေ့ကြသည့် အခါတွင်မှု ဝေဝေသည် ကျွန်တော့်ကို ‘ နှစ်ကိုယ်သစ္စာ ’ ပတ်ပျိုးကို ပြန်၍ဆိုတီးတီး၏။ ဝေဝေ၏ မျက်လုံးတို့သည် အချစ်ရည်ဖြင့် ရွှန်းလဲ့သည်ဟု ကျွန်တော်ထင်၏။ ဝေဝေ၏ အပြုံးသည် အချစ်ကြောင့် ခါတိုင်းထက် ချိုပြုံးသည်ဟု ကျွန်တော်ထင်၏။
“ ဝေ တော့လေ ‘ နှစ်ကိုယ်သစ္စာ ’ ပတ်ပျိူးထဲမှာ ‘ မသွေတမ်းနော့် ရွှေကျမ်းကို ရွက်ပါမယ်တဲ့ ရွက်ပါမယ်တဲ့ ပျို့သက်လယ် ’ ဆိုတဲ့နေရာကို အကြိုက်ဆုံးပဲ၊ စာသားကလည်းသွက်တယ်၊ တေးသံကလည်းမြူးပြီး သစ္စာထားသံလေး ပါတယ် ”
ဝေဝေသည် သီချင်းဆိုပြီးနောက် စန္ဒယားခုံပေါ်တွင် လက်ကိုကွေးယှက်၍ထားကာ မေးတင်ထား၏ ။ ကျွန်တော်က ဝေဝေနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင်ထိုင်ကာ စန္ဒယားကို စမ်းနေမိသည်။
ဘယ်လောက်စိတ်ကူးယဉ်စရာ ကောင်းပါသလဲ၊ ဝင်းပနေသော ဝေဝေ၏ မျက်နှာသည် မှိုင်းညို့နေသည့် သပြေရောင်စန္ဒယားတွင် လာ၍ထင်နေသည်။ စန္ဒယားခုန်ပေါ်တွင် တင်ထားသော ပန်းစိုက်အိုးမှ သစ္စာပန်းသည် ဝေဝေ၏ မျက်နှာကို တခါတခါ ကွယ်ထားသည်။
“ ဝေဖြင့်လေ တခါတခါ စိတ်ရှိလက်ရှိတီးပြီး အားပါးတရ ဆိုပစ်လိုက်တာပဲ၊ တီးလည်းပြီးရော ကိုယ့်ကိုယ်ကိုတောင် မေ့နေမိတယ်။ တခါတလေ စန္ဒယားပေါ်မှာ စမ်းနေပေမယ့် ဘယ်တီးလုံးတွေ စမ်းနေမိမှန်းမသိဘူး။ တီးကွက်တွေသာ အလိုလိုပေါ်လာတယ်။ နောက်တခါ ဒီတီးလုံးကို ပြန်တီးချင်လို့စမ်းတော့ မပေါ်လာတော့ဘူး ”
“ ကျွန်တော်တို့တော့ ဒါမျိုုးတွေ မရှိတော့ပါဘူးဝေ ”
တကယ်ပင် ကျွန်တော့်လက်တွင် စိတ်စေ့ဆော်မှုကြောင့် ခုန်ပျံထွက်လာကြသည့် တေးဂီတတို့ မရှိတော့ပြီ။ ပြဇာတ်များတွင် တီးသည့်အချိန်ကစ၍ (အိုဗာချား ) ပဏာမတမိနစ်မျှ၊ ဆက်တင်ပြောင်းတုန်းမှာ မိနစ်မည်မျှဟူ၍ တိုင်းဆကာ ရပြီးသားတီးကွက်ကလေးတွေကို အချိန်နှင့်တိုင်း၍ ကသောကမျောတီးရသည်။ စန္ဒယားကို ပြဇာတ်တွင်တီးသည့် အချိန်မှစ၍ စိတ်ပါလက်ပါ တီးသည်ဟူ၍ မှတ်မှတ်ရရ တခါမှ မရှိသေးပေ။
“ ဝေဖြင့်လေ တခါတလေ တီးရလို့လားမသိဘူး။ တီးရတဲ့အခါမှာ တော်တော်စိတ်ပါတယ်။ စိတ်ထဲမှာပေါ့သွားတယ် ”
ဝေသည် စိတ်ပါလက်ပါ ပြောနေ၏။ ကျွန်တော်သည် ဝေ၏အနုပညာကို တွေးတောမှန်းဆ၍ နေမိလေသည်။
ဝေဝေ၏ မျက်လုံးအကြည့်တွင် လူတယောက် ရူးမူးစေနိုင်သော သတ္တိရှိသည်ကို ကျွန်တော်သိပါ၏။ ဝေ၏ အပြုံးတွင် အညှို့ရှိသည်ကို ကျွန်တော်သိပါ၏။ သို့ရာတွင် ဝေ၏ ထိုအကြည့်နှင့် အညှို့ဓာတ်ပါသောမျက်လုံးနှင့် တွေ့သည့်အခါတွင်မှု ကျွန်တော်သည် သားရဲရှေ့တွင်ရောက်သော သမင်ငယ်လို ဖြစ်ရပေသည်။
တညနေတွင် ဝေဝေသည် ကျွန်တော့်ကို ကားနှင့်လာခေါ်၏။ ခါတိုင်း ဒရိုင်ဘာနှင့်လာသော ဝေသည် ဒီနေ့ညနေကျမှ ထူးထူးခြားခြား ကားကို ကိုယ်တိုင်မောင်းလာ၏။ ကျွန်တော်ကမှု ခါတိုင်းကဲ့သို့ပင် ဝေခေါ်ရာသို့ လိုက်သွားသည်။
ဝေသည် ကားကို မောင်းရင်းက ကျွန်တော့်ဘက်သို့ လှည့်မကြည့်ဘဲ့
“ ဒီနေ့ မေမေက ဆူတာနဲ့ ဝေစိတ်ညစ်လို့ ထွက်လာတာ ”
ဟုပြောသည်။ ဝေသည် မျက်လုံးကို မှေးကာရှေ့စူးစူးသို့ ကြည့်လာသည်။
ကျွန်တော်က ဘာမှမပြောဘဲ ‘ သြော် ’ ဟုဆိုကာ ဝေ၏ မာနခက်ထန်ပုံကို စဉ်းစားလာ၏ ။
“ မေမေတို့ဟာ ဝေ့ကို သိပ်ပြီးဂီတဘက်လိုက်စားတာ အပြစ်ပြောတယ် သိလား။ စိတ်လေတယ်။ လူဗျောက်သောက်နဲ့ ပေါင်းတယ်နဲ့။ အို စုံလို့ပါပဲ။ ဝေက ဒီလို ချုပ်ခြယ်တာမျိုးကို သိပ်ကြိုက်တာ မဟုတ်ဘူး ”
ဝေသည် ကားကို တမြို့လုံးအနှံ့လျှောက်မောင်းသည်။ နောက်ပြီး ဘိုင်စကုတ်ရုံတွေဘက်မောင်းကာ ဘိုင်စကုတ်ဝင်ကြည့်ကြသည်။
အပြန်တွင်မှု ဝေသည် ကျွန်တော့်ကို ကားမောင်းခိုင်းသဖြင့် ကျွန်တော်က ကားမောင်းလာသည်။ ဝေ၏ကိုယ်သည် ကျွန်တော့ဘေးတွင် ပူးပူးကပ်ကပ် လာထိုင်၏။ ဝေ၏ ကိုယ်မှ မွှေးကြိုင်သင်းပျံ့သည့် ရနံ့နှင့် မိန်းမနံ့တို့ရောထားသည့် ယဉ်သလား ရိုင်းသလား မဆိုနိုင်သော အနံ့တမျိုးသည် ကျွန်တော်ဆီသို့ လွင့်လာကြသည်။
ဝေ၏ကိုယ်သည် ကျွန်တော့်ကိုယ်ကို လာမှီသည်။ထို့နောက်တွင်တော့ ကျွန်တော်သည် ဝေ၏ကိုယ်ကို ဘယ်လက်ဖြင့် ပွေ့ဖက်မိရာက ကျွန်တော်တို့နှစ်ယောက်သည် တယောက်ကို တယောက် ထူးဆန်းစွာတွေ့ရှိကြသည်။
ကိုယ့်အမှားကို သတိရလာသည့် အခါတွင် ‘ သြော့် လူတွေမိုက်မဲသလို မိုက်မဲကြတာပဲ။ ဒီ့ထက်တော့ မပိုပါဘူး ’ ဟု လူတွေသည် ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ကြသည့် သတ္တဝါတွေ ဖြစ်သည်။ အမှားကို အလွယ်တကူ ကျူးလွန်ကြ၍ အမှားကို အလွယ်တကူ ခွင့်လွှတ်တက်ကြသည်။
ထို့နောက်တွင်ကား ကျွန်တော်နှင့်ဝေဝေတို့ ကောင်းကောင်းမတွေ့ကြရတော့ပေ။ ဝေဝေသည် တက္ကသိုလ်တွင် ဂုဏ်ထူးတန်းတက်ရန် နည်းပြဆရာ လုပ်နေသည်ဟု ကြားရသည်။ ကျွန်တော်ကလည်း ဝေဝေကို မတွေ့လိုတော့ ။ ဝေဝေကလည်း ကျွန်တော့်ကို တွေ့ချင်တော့မည်မထင်။
၁၉၅၂ ခုနှစ်ကမူကား ဝေဝေနှင့် ကျွန်တော်ပြန်တွေ့ပြန်၏။ သို့ရာတွင် ဝေဝေ၏ ဘေးတွင် ထောင်ထောင်မောင်းမောင်း ယောကျ်ားတယောက်ပါလာ၏။
အစတုန်းကတော့ ကျွန်တော်၏ တေးမြိုင်မြိုင် အဖွဲ့ကို တက္ကသိုလ်ရှိ အသင်းတသင်းက နိုင်ငံခြားသို့ ပညာတော်သင် သွားမည့်ဆရာနှင့် ဆရာမဇနီးမောင်နှံတို့အား နူတ်ဆက်ပွဲလာရောက်တီးပေးပါ ဆိုသဖြင့် ခါတိုင်းလိုပင် လိုက်သွား၏။
ဟိုရောက်တော့မှ နိုင်ငံခြားသွားမည့် ဆရာနှင့်ဆရာမတို့မှာ ဝေတို့စုံတွဲ ဖြစ်သည်ကို သိရ၏။ ခန်းမတခုလုံးမှာ ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများနှင့် ပြည့်နှက်လျက်ရှိ၏။
ချွေးနံ့ စီးကရက်နံ့တို့သည် မီးခိုးနှင့်အတူ အခန်းထဲတွင် လွင့်လျက်ရှိ၏။
ထိုအခိုက်တွင် အသင်းအတွင်းရေးမှူးက
“ဆရာမ ဒေါ်ဝေဝေခင်အား စံပယ်ပွင့်ဝေ သီချင်းကို စန္ဒယားနှင့်ဆိုတီးတီးရန် တောင်းပန်နေကြပါတယ် ခင်ဗျား။ ဒါကြောင့် ဆရာမဒေါ်ဝေဝေခင်က ကျေးဇူးပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ် ”
ဟု ကြော်ငြာသည်။အားလုံးသော ကျောင်းသူကျောင်းသားတို့က တခဲနက် သြဘာပေးကြသည်။
“ ဆရာမ ဆိုပါ ဆရာမ ဆိုပါ ”
ဟု နောက်ပိုင်းက ထပွက်သံကြီးကို ကြားရလေသည်။
ခက်ကပြီ။ ကျွန်တော်သည် တခါတည်း အခန်းထဲမှ ပြေးထွက်သွားချင်၏။ မတွေ့လိုသူ နူတ်ဆက်ပွဲကို ကြံကြံဖန်ဖန် ရောက်လာရပြီး၊ တဖန် ကျွန်တော်စပ်သည့် ‘ စံပယ်ပွင့်ဝေဝေ ’ ကိုမှ ဆိုတီးတီးရမည်ဟု ဆိုသည်နှင့်ကြုံရပြန်သည်။
ဝေဝေသည် စန္ဒယားဆီသို့ ထလာ၏။ နောက်ကကျောင်းသူလေး နှစ်ယောက်ကော ပါလာ၏။ ဝေဝေကို ဒီအကြိမ်ကြည့်ရသည်မှာ ခါတိုင်းထက်ပိုလှသည်ဟု ကျွန်တော်ထင်သည်။ ဗမာဆန်၏။
ပုခုံးပေါ်တွင် ပန်းနုရောင်ပဝါကို စုချထားကာ ဗမာဆန်ဆန် ဆံပင်ကို ရိုးရိုးလေး ဘီးဆံပတ်ပတ်ထားသဖြင့် ပျံ့ပြူးသော နဖူးပြင်လေးမှာ ထင်းခနဲ ပေါ်နေ၏။ မျက်လုံးအစုံတို့သည် ခါတိုင်းလိုတောက်ပလျက်ရှိ၏။
ကျွန်တော်သည် စန္ဒယားနှင့် ခပ်လှမ်းလှမ်းတွင်ထိုင်ရင်း ဝေဝေကို မြင်သောအခါတွင် အညှို့ခံရသော သားကောင်ဘဝသို့ ပြန်ရောက်သွား၏။ ဝေဝေသည် ကျွန်တော့်ကို မြင်သောအခါတွင် ကြက်သေသေသလို ဖြစ်သွားသော်လည်း ခဏချင်းပြန်၍ ဣန္ဒြေဆည်ကာ စန္ဒယားတွင်ဝင်ထိုင်ရင်း စန္ဒယားလက်တံတွေကို အစမှအဆုံး ဆွဲလိုက်ပြီး စမ်းနေ၏။ ဝေဝေပြောသည့် စကားတွေကို သည်အခါကျမှ ကျွန်တော်သဘောပေါက်လာသည်။ ဝေဝေသည် စန္ဒယားကို အားပါးတရတီး၏။ တီးကွက်တွေကို စိတ်ပါလက်ပါ စမ်း၏။ ကျွန်တော့်နှလုံးခုန်သံသည် စန္ဒယားနှင့်အတူပြိုင်နေသည်ဟု ထင်၏။
“ အရိုင်းပန်းလေး တမွှေးမွှေးသင်းပျံ့ပေ ၊
မိုးတိမ်တွေ ကွယ်ကာပျောက်တော့
သွေ့ခြောက်ကာ ဂုဏ်မဝင့်နိုင်ရှာတဲ့
စံပယ်ပွင့်ဝေဝေ ”
ဝေဝေ၏ အသံသည် ဘယ်တုန်းကမှ ဒီလောက်ကြေကွဲဝမ်းနည်းပါသည်ဟု ကျွန်တော်မထင်ခဲ့။ ဝေဝေသည် စံပယ်ပွင့် ဝေဝေ ဖြင့် တက္ကသိုလ် ဂီတလောကတွင် ထင်ရှားသူဖြစ်သည့်အတိုင်း ‘ စံပယ်ပွင့်ဝေဝေ ’ နှင့် ဝေဝေသည် ခွဲလို့မရအောင် ရှိခဲ့ဖူး၏။
ကျွန်တော်ကမှု သီချင်းဘယ်အချိန်ဆုံးသွားသည်ကိုပင် မသိလိုက်ဘဲ ငိုင်နေရင်းက တခါတုန်းက အရိုင်းပန်းကို ပြန်၍ တသက်သက် အောက်မေ့မိ၏။ စိတ်ထဲမှာ ရှိသည်ကို ဝေဝေကို ဖွင့်ပြောလိုက်ချင် သေး၏။
“ သွားပေတော့ စံပယ်ရေ့သွားပေဦးတော့ ၊ ပြန်ကြုံတွေ့တဲ့ နောင်တနေ့တိုင်အောင်လို့ ”
---
#မြသန်းတင့်
#စံပယ်ပွင့်ဝေဝေ
#shared_by_louis_augustine


Comments
Post a Comment