မီးပုံးပျံထဘီအုပ် // မဟာဆွေ

မီးပုံးပျံထဘီအုပ် // မဟာဆွေ 

---

( ၁ )

စစ်ကိုင်းမြို့ ဆိပ်ခံသမ္ဗာန်ကြီးတွင် ရက်မှန်သင်္ဘောဆိုက်၍ ကုန်များတင်လျက်နေလေသည်။ ဆိပ်ခံသမ္ဗာန်၏အပြင်ဘက်က တွဲသမ္ဗာန် ၊ ထိုအပြင်ဘက်က ရက်မှန်သင်္ဘောဖြစ်၍ မီးရထားကုတို့သင်္ဘောမှာ အပြင်ဘက်ဆုံးကကပ်၍ ထားရလေသည်။ နံနက်ရှစ်နာရီခန့်အချိန်တွင် မြင်းခြံကုတို့သင်္ဘောသည် ဥသြသံဆူညံစွာနှင့် စုန်ဆင်းလာရာ မီးရထားသင်္ဘောက “ လာမကပ်နဲ့။ ငါ အခုထွက်မှာ ” ဟူသောအဓိပ္ပါယ်ဖြင့် ဥသြပြန်၍မှုတ်လေ၏။ ရက်မှန်သင်္ဘောကလည်း “ ဒီအကောင်ထွက်ရင် ငါလည်း ထွက်တော့မှာ ” ဟု ဥသြပေးပြန်လေ၏။ 

သို့နှင့် မြင်းခြံသင်္ဘောမှာ ဆိပ်ခံသမ္ဗာန်ကြီးတွင် ဆိုက်ကပ်ခွင့်မရတော့ချေ။ ငါမကပ်နိုင်တော့ဘူးဟု ခေါ်သည့်အလား မြင်းခြံသင်္ဘောမှာ ဆိပ်ခံသမ္ဗာန်ကြီး၏ အောက်ဘက်ကမ်းခြေနှင့် မလှမ်းမကမ်းတွင် စက်ဖုံး တပတ်နှစ်ပတ်လည်လျက် ရပ်နားပြီးလျှင် သင်္ဘောကုလားများက “ ဆန်မန် ... ဆန်မန် ... ” ဟု အော်လေ၏။ ထိုအခါ၌ အချက်ကောင်းကိုစောင့်၍နေသော ငှက်သမားနှင့်ကူလီတို့ ပါတနာလုပ်ကာ ငှက်ဆယ်စင်းခန့် မြင်းခြံသင်္ဘောသို့ ကပ်လေ၏။ တောင်လေကလေးမှာ မပြင်းတပြင်း တိုက်ခတ်လျက်ရှိရာ သင်္ဘောလှိုင်းများလည်း ထလျက်ရှိသောကြောင့် အလွန်ကျွမ်းကျင်သောငှက်သမားတို့သည် မြင်းခြံသင်္ဘော၏ အနောက်ဘက်က ကပ်၍ ငှက်ဦးရှိကြိုးဖြင့် ချည်ထားကြလေ၏။ 

စစ်ကိုင်းတွင် ဆင်းကြမည်ဖြစ်သော ခရီးသည်တို့မှာ သင်္ဘောပေါ်မှ ငှက်ပေါ်သို့ ပစ္စည်းများသယ်ချကာ ခုန်ဆင်းကြလေ၏။ ငှက် လေး ငါးစင်းကား ခရီးသည်များရ၍ ကြိုးများဖြုတ်ကာ ကမ်းဘက်သို့ခွါကြရာ အုံးကနဲ ဝါးကနဲဖြစ်၍ နေကြလေ၏။

အကြောင်းမူကား အချို့သူတို့မှာ သဘောကုန်းပတ်ပေါ်မှ ငှက်ပေါ်သို့ သုံးပေခန့်အနိမ့်ကို ခုန်ဆင်းကြရာ လေက ပင့်လိုက် လုံချည်က အထက်သို့ပြန်တက်။ ဘောင်းဘီအတိုလေးမျှသာ ကပ်၍ ကျန်လိုကျန်။ ဇာနားတပ် ပိတ်လုံကွင်းပါ ပေါင်လယ်ရောက်နှင့် ဖြစ်ချင်သလို ဖြစ်၍နေကြသောကြောင့်တည်း။

လူကုန်လောက်ပြီထင်သောအခါ “ ဝူ ” ကနဲ သင်္ဘောဥသြမှုတ်လိုက်ရာ ငှက်တစ်စင်းတွင် အသက်လေးဆယ်ခန့် မိန်းမကြီးသည် ရောက်နှင့်၍ အသက်၁၆နှစ်ခန့်သမီးပျိုကလေးမှာ မဆင်းဝံ့သဖြင့် ချီတုံချတုံဖြစ်၍ နေလေ၏။ 

“ ခုန်ချ ... သမီးရဲ့။ ခုန်ချပါ။ ဘာမှ မဖြစ်ပါဘူး ”

သဘောထွက်တော့မယ်ဟု ပြောသော်လည်း ခုန်ချမည်လုပ်လိုက် ကြောက်ရွံ့ပြန်သည်နှင့် နောက်သို့တွန့်လိုက် ဖြစ်၍နေလေ၏။ အသက်နှစ်ဆယ်ခန့်ရှိငှက်သမားမှာလည်း “ ဆင်းပါဗျ။ ဆင်းပါဗျ ” ဟု ပြောလျက် ရှိလေ၏။

“ ကိုင်း .... မောင်ရင် ... အဒေါ့်သမီးပဲ။ ကိစ္စမရှိပါဘူး။ တဆိတ်လောက် သူ့လက်ကိုဖမ်းကိုင်ပြီး ချပေးပါ ” ဟု ပြောလေ၏။ 

ရိုး အ သောငှက်သမားသည် ငှက်ဦးအနားသို့သွားလျက် လက်နှင့်ကိုင်မချဝံ့ပြန်သဖြင့် 

“ ခုန်သာ ချပါ။ မကျိုးနိုင်ပါဘူး ”

ဟု ပြောစဉ် သင်္ဘောသည် “ ဝူ ” ကနဲ ဥသြပေးလျက် စက်ပုံးသုံးပတ်လောက်လည်လိုက်ရာ ငှက်မှာ လှိုင်းကြောင့် နိမ့်ချည်မြင့်ချည်ဖြစ် နေခိုက် မိန်းကလေးမှာ သဘောပေါ်သို့ မိခင်နှင့်ကွဲ၍ ပါသွားမည်စိုးသောကြောင့် မျက်စိမှိတ်၍ ခုန်ချလိုက်လေ၏။ ထိုအခါ မြစ်ကမ်းရှိလူများနှင့် သဘောပေါ်တွင်ပါသွားသောလူတစ်စုတို့မှာ “ ဟယ် ” ကနဲ ဖြစ်ပြီးလျှင် “ ဝါး ”ကနဲ “ ဟား ”ကနဲ ရယ်မောကြလေတော့၏။

အချို့ကလည်း 

“ မြန်မြန်ထ ... မြန်မြန်ထ ... ကြိုးဖြုတ် ” 

ဟု အော်ကြရာ မိန်းမကြီးသည် ကြိုးကို အတင်းသွား၍ ဖြုတ်ရလေ၏။ မိန်းကလေးမှာ ကြောက်အားနှင့် ခုန်လိုက်ရာ လုံချည်ကွင်းမှာ မီးအိမ်ပျံလိုဖောင်းပြီးလျှင် ငှက်သမားခေါင်းကို စွပ်ကျပြီး လုံချည်ကွင်းတစ်ကွင်းထဲ နှစ်ယောက်ဝတ်လျက် ဖြစ်၍နေသောကြောင့် ရယ်မောကြခြင်းဖြစ်လေ၏။ မိန်းကလေးမှာ အသံတွေတုန်ကာ မျက်နှာညိုမည်းလျက်ရှိရာ ယောက်ျားကလေးမှာလည်း လုံချည်ကွင်းကို ခေါင်းက ချွတ်ရအခက် အောက်နှိမ့်ချွတ်ပြန်လျှင် မိန်းကလေးအမြင်မတော်မည်စိုးရနှင့် ၅မိနစ်ခန့်ကြာအောင် မကြံတတ်မစည်တတ်ဖြစ်ကာ လှိုင်းလုံးတစ်လုံးက ငှက်ကိုပုတ်လိုက်သဖြင့် နှစ်ယောက်စလုံး လဲကျသွားမှ ငှက်သမားသည် လုံချည်ကွင်းထဲကထွက်၍ ခတ်ကွင်းနှင့်တက်ကို ကိုင်လေ၏။ 

ထိုအခါ ငှက်သည် တဂေါင်းရပ်ဆိပ်ဆီသို့ မျောပါသွားရာ ခတ်တက်တချောင်းလည်း ရေထဲမျောသွားသဖြင့် ငှက်ကိုမခတ်နိုင်တော့ပဲ လှေလှော်သကဲ့သို့ ငှက်ဦးကနေ၍ လှော်ရလေ၏။ 

“ မေမေ သမီးကို ဆင်းပါ။ ဆင်းပါလို့ အပြောသားနဲ့။ ငိုမနေပါနဲ့အေ ... ရှက်စရာကြီး ” 

ဟု မိခင်က ပြောသော်လည်း မိန်းကလေးမှာ ဒူးနှစ်လုံးကြား မျက်နှာလျှိုကာ ကြူကြူပါအောင်ငိုကြွေးရှာလေ၏။ ငှက်သမားမှာလည်း ရှက်အားနာဖြစ်ပြီး ငှက်ကိုသာ အတွင်လှော်လျက် စက်ဝန်ထောက်အိမ်ရှေ့ကမ်းနားတွင် ဆိုက်ကပ်လေ၏

( ၂ )

အထူးအဆန်းကိုမှ ကြည့်လိုသည့် အလိုက်မသိသောလူတစုသည် ကမ်းနားသို့ ပြေးလာကြပြန်သဖြင့် မိန်းကလေးမှာ မျက်နှာမဖော်ဝံ့အောင်ဖြစ်ရှာလေ၏။

“ ကိုင်း ... ငှက်ဆရာမောင်ရင် ... ဘယ်လောက်ပေးရမလဲ။ ခတ်တက်တချောင်းလည်း ဒေါ်ဒေါ်တို့ကြောင့် မျောသွားပြီ ”

ဟု အဖိုးစားနား မေးမြန်းရာ

“ ဟာ ... ကိစ္စမရှိပါဘူးအဒေါ်။ ကြည့်ပေးပါ ” 

ဟု ပြောသဖြင့် မိန်းမကြီးက ငွေနှစ်ကျပ် ခတ်တက်ဖိုးပါ ထုတ်ပေး၍ မုံရွာရထားနှင့် လိုက်ပါသွားလေတော့၏။ 

ထိုသတင်းမှာ ငှက်သမားကူလီမှစ၍ မြင်းရထားသမား ၊ ကားသမား ၊ မြို့ထဲကလူများဆီပါ ပျံ့နှံ့သွားလေ၏။ 

“ အင်း ... ဒီဘိုးသိန်းတွေ့မှဖြင့် ဒီလိုချည်းပဲ ” 

ဟု ပြောကြလေ၏။ ငှက်သမားဘိုးသိန်းကား ဝါဆိုဦးတုန်းကလည်း မိန်းမကြီးတယောက်နှင့် မိန်းကလေးတယောက်ကို တင်ဆောင်လျက် စစ်ကိုင်းချောင်သို့ဆန်တက်ရာ လေငြိမ်သဖြင့် ခတ်၍သွားရလေ၏။ ရေကလည်း အတော်ကြီးသဖြင့် ရွှေတောင်ဦးမှော်ဝဲကို ဆန်တက်ရာ များစွာအားစိုက်ခတ်နိုင်မှ အနည်းငယ်သာ အထက်ဘက်သို့ ရွေ့လျားနိုင်လေ၏။ 

တကြိမ်၌ ဤသို့အားစိုက်ခတ်လိုက်ရာ ခတ်ကွင်းပြတ်ပြီးလျှင် ရှေ့ကနေသောမိန်းကလေးကို သိမ်းကျုံးဖက်မိသဖြင့် 

“ အမလေး ... မောင်ရင်.... မင်း ခတ်ကွင်းပြတ်တာကလည်း ကျုပ်တော့မခိုက်မိပဲ သမီးမှ ဖက်မိပလေတယ် ”

ဟု ရန်တွေ့သောကြောင့် 

“မတော်လို့ပါ ခင်ဗျာ။ ကျွန်တော် ဘယ်လိုမှ အောက်မေ့လို့မဟုတ်ပါဘူးခင်ဗျာ ”

နှင့် မနည်းတောင်းပန်ခဲ့ရဖူးလေ၏။ 

တခါတရံ ငှက်သမားသည် လုံကွင်းဝတ်လျက် ငှက်ခတ်လေ့ရှိရာ လေကအပင့် လုံကွင်းဖောင်းပွဖြစ်ပြီး ပဲ့ကထိုင်လိုက်သူ၏ခေါင်းကို စွပ်မိဖူးလေသည်။ အကြောင်းတခုပေါ်ပေါက်က အလားတူအကြောင်းများ ဖြစ်ပေါ်ဖူးခဲ့ပုံကို ဆက်လက်ပြောဆိုကြ မြဲအတိုင်း ပြောဆိုကြလေ၏။ ဘိုးသိန်းကား အတော်ရှက်နေသဖြင့် ထိုနေ့တွင် အလုပ်စောစောသိမ်းကာ ရွှေကြက်ယက် ၊ ကိုးသင်းရပ်နေအိမ်တွင် ခွေခွေကလေးအိပ်၍နေပြန်သောအခါ ဘိုးသိန်း၏ရိုးသားပုံကို ဓာတ်သိဖြစ်ကြသော ရပ်သူရွာသားတို့သည် အကျိုးအကြောင်းမေးမြန်းကာ 

“ မိန်းကလေးက မင့်ထက် ရှက်စရာကောင်းပါသေးတယ်ကွယ် ” 

ဟု အရှက်ပြေရန် ဖျောင်းဖြပြောဆိုရလေ၏။ 

နောက်တစ်နေ့၌ ဆံပင်ရှည်ဖြစ်သော ဘိုးသိန်း၏ခေါင်းမှာ ကတုံးပြောင်ဖြစ်၍နေလေ၏။ မိန်းမထမီအုပ်မိသဖြင့် သန သည်ဟု ဆိုကာ အကုန်ရိတ်ချလိုက်သောကြောင့်တည်း။ 

( ၃ )

ဘိုးသိန်းမှာ ဆယ့်ခြောက်နှစ်သားအရွယ်က ငှက်ခတ်ခဲ့ရာ ထိုစဉ်အခါက စစ်ကိုင်းတံတားကြီးဆောက်လုပ်ကြဖို့ စိတ်ကူးမျှမရကြသေးသော အခါကောင်းကိုမီသဖြင့် ပျမ်းမျှတနေ့လျှင် တကျပ်ခွဲ နှစ်ကျပ် စီလေ၏။ ဘိုးသိန်းသည် မိမိပင်ပန်းသည်ကိုသိသဖြင့် ချွေးနည်းစာကို သောက်စား ၊ လောင်းကစား စသော ဟော့ရမ်းဖို့ဝေးစွ။ ဆေးလိပ် ၊ မုန့်ပဲသားရေစာမျှ မစားရက်။ မိခင်အိုကြီးကို ခြစ်ခြစ်ကုတ်ကုတ် လုပ်ကိုင်ကျွေးမွေး စုဆောင်းလာသူဖြစ်သောကြောင့် တနှစ်လျှင် အသားတင် ငွေနှစ်ရာ နှစ်ရာ့ငါးဆယ် အမြဲစုဆောင်းမိလေ၏။ 

၎င်း၌ ကိုဘိုးဟိန်း ခေါ် အိမ်ထောင်သည်အစ်ကိုတယောက်ရှိရာ ဘိုးဟိန်းမှာ ဘိုးသိန်းလောက် ဇွဲသတ္တိမရှိသော်လည်း ကံအားလျော်စွာ ပိုက်ဆံရှိမိန်းမတယောက်နှင့် အကြောင်းပါ၍ ငွေတသောင်းခန့် ချမ်းသာနေသူဖြစ်လေ၏။ သို့ရာတွင် ညီဖြစ်သူအား ကြည့်ရှုစောင်မလေ့မရှိသဖြင့် 

“ ငါကော သူ့လို ဘာလို့မချမ်းသာရမှာလဲ ”

ဟူသော ဇွဲနှင့် ကြိုးပမ်းရှာဖွေသောဘိုးသိန်းမှာ လေးနှစ်အတွင်း ငွေတထောင်ကျော် စုဆောင်းမိလေ၏။ ၎င်း၏စီးပွါးရှာဖွေမှုကို ရွှေကြက်ယက်သားတို့ နမူနာထားရလေ၏။ နေ့အချိန်ငှက်ခတ်၍ နံနက်ခင်းညနေခင်းတွင် နှစ်ဧကခန့်ရှိသောနှုန်းမြေ၌ ဘူးသီး ၊ ခရမ်းသီး ၊ ခရမ်းချဉ် ၊ ဆေးပင်စသည်တို့ နေ့စားမိန်းမနှစ်ယောက်လောက်နှင့် စိုက်ပျိုးသေး၏။ ညအချိန် ၇ နာရီမှ သန်းခေါင် ၁၂ နာရီအထိ ကိုယ်ပိုင်ရက်ကန်းတစင်တွင် တချွင်ချွင်မြည်အောင် ရက်လုပ်သေးသဖြင့် စတုတ္ထမြောက်နှစ်၌ ဘိုးသိန်း၏ဝင်ငွေမှာ တစ်နေ့ပျမ်းမျှ ၅ ကျပ် ၆ ကျပ် ဖြစ်လာ၏။ 

ဥာဏ် ဝိရီယရှိသူကို ကံက ထောက်ပံ့တတ်သည့်အတိုင်း ဤဝတ္ထုအစ၌ ဖော်ပြခဲ့သောအချိန်မှ ခြောက်လခန့်ကြာသောအခါ အစ်ကိုနှင့်မရီးမှာ ဝမ်းရောဂါဖြင့် မပြန်လမ်းသို့ မြန်းကြသောကြောင့် အစ်ကို၏ပစ္စည်းများကို လက်ဝါးကြီးအုပ်လိုက်ရလေ၏။ ထိုအခါ ငှက်ခတ်ခြင်းအလုပ်ကိုဖြတ်၍ ရက်ကန်းစင်ပေါင်းနှစ်ဆယ်ခန့် ယက်လုပ်သူမိန်းကလေး နှစ်ဆယ်ခန့်နှင့် ဘိုးသိန်းရက်ကန်းအလုပ်ရုံဟု ဆိုင်းပုဒ်တပ်ကာ များစွာ အခြေကျ၍နေလေ၏။

စစ်ကိုင်း ၊ မန္တလေး ၊ အမရပူရမြို့များမှ ပင်ရင်းအထည်ကောက်လိုသူတို့သည် ဘိုးသိန်းနှင့်ဆက်သွယ်သည်က များလေ၏။ ဘိုးသိန်းမှာ ရိုး၏။ စကား တည်၏။ အထည်များကို ပိုးစစ်ပိုးမှန် ကိုယ်တိုင်ကလည်း ရက်ကန်းယက်တတ်သောကြောင့် အခြားသူမညာနိုင်အောင် ကျကျနနယက်လုပ်ရောင်းချလေ့ရှိသဖြင့် ဘိုးသိန်းအား ပိုးထည်ဆိုင်ကြီးများက အထူးအားထားယုံကြည်ကြသည်။ မောင်ဘိုးသိန်း ၊ ဦးဘိုးသိန်း ၊ ကိုဘိုးသိန်းဟူသော နာမည်မှာ တနှစ်အတွင်း ကျော်ကြားသွားလေ၏။

အချို့ကုန်သည်ကြီးများမှာ လူကိုယ်တိုင်မလာ။ စာနှင့် စေလွှတ်ခိုင်းသော်လည်း အမှားအယွင်းမရှိရ။ နှုန်း မများရ။ ဂရုတစိုက်ဆောင်ရွက်သောကြောင့် အခြားရက်ကန်းထောင်များ လာဘ်ပိတ်မည်ကဲ့သို့ ဖြစ်၍နေလေ၏။ ဘိုးသိန်းမှာ မည်သို့ပင်အခြေနေတက်စေကာမူ ဟန်အမူရာ စိတ်နေစိတ်ထား ရှေးကထက် နိမ့်ကျဖော်ရွေ၍ အပေါင်းအသင်းတို့လည်း အထူးကျေနပ်ကြလေ၏။ ရက်ကန်းယက်ကြသော မိန်းကလေးများအပေါ်၌လည်း တည်တည်ကြည်ကြည် ဆုံးမသွန်သင် ဆက်ဆံတတ်သောကြောင့် မိန်းကလေးတိုင်းက မောင်အရင်းသဖွယ် ခင်မင်ကြကာ ဆရာ ဆရာဟု ခေါ်ငင်ကြလေ၏။ 

ဘိုးသိန်း၏ရက်ကန်းအလုပ်ရုံကား နေ့ည မစဲ။ လက်ခတ်သံတို့ဖြင့် ဆူညံလျက်ရှိလေ၏။ နှစ်ထပ်အိမ်ကြီးဖြစ်၍ ရက်ကန်းဆယ်စင်ရှိသော ရက်ကန်းရုံနှစ်ရုံမှာ အိမ်ဘေးပတ်လည်တွင် ရှိလေ၏။ အိမ်အောက်ထပ်၌ ပိုးထည်များထားသောမှန်ဘီရိုနှင့် ပိုးရက်ကန်းထောင် ကိုဘိုးသိန်း၏အိမ်ကြီးကား လေးခန်း ငါးခန်း အုတ်သမံတလင်းအခံနှင့် ဧည့်ခန်း ၊ အလုပ်ခန်းတို့ကို သပ်ရပ်စွာ ပြင်ဆင်ထားလေ၏။ 

ရက်ကန်းယက်သူ မိန်းကလေးတယောက်သည် အိမ်ပေါက်မှ 

“ ဆရာ ... ဧည့်သည်က တွေ့ချင်လို့ ”

ဟု ပြောလာသဖြင့် 

“ဒီ ခေါ်ခဲ့”

ဟု အမိန့်ပေးလိုက်လေ၏။ အသက်လေးဆယ်ကျော်မိန်းမကြီးနှင့် ဆယ့်ခုနှစ်နှစ်မိန်းမပျိုတယောက်တို့မှာ ကိုဘိုးသိန်းဧည့်ခန်းဆီသို့ ရောက်လာရာ အထူးအံ့အားအသင့်ကြီးသင့်လျက် 

“ အလို ... မနှစ်က လုံကွင်းပြာနဲ့ ကျုပ်ခေါင်းစွပ်ချတဲ့ မဟိုဒင်းတို့ပါလား ” ဟု မပြောမိရန် အထူးသတိထားကာ 

“ ကြွကြပါခင်ဗျာ။ ထိုင်ကြပါခင်ဗျာ ”

ဟု လောကွတ်ပျူငှာ နေရာ ထိုင်ခင်းပေးလေ၏။ မိန်းမကြီးနှင့် မိန်းမပျိုတို့မှာ ဘိုကေပေါက်စ ၊ ပိုးနှစ်ထပ်ရှပ်လက်မာ ၊ လေးပင်လိန်ကျစ်ပိုးတို့ဖြင့် သားနားစွာဖြစ်နေသော ဘိုးသိန်းအား မမှတ်မိကြချေ။ မိန်းမကြီးက စတင်လျက် 

“ မောင်ရင့်ဆီမှာ မဟာဖလာဧကနံတအုပ် ဘယ်စျေးပေးနိုင်ပါသလဲ ”

“ ၁၆ကျပ်စျေးပါပဲခင်ဗျာ။ ဘယ်နှအုပ်လောက် အလိုရှိတော်မူပါသလဲ ”

“ အုပ်နှစ်ဆယ်လောက်တော့ ယူမှာပဲ။ ငါးမူးစီလောက်တော့ လျှော့ဦးမှပေါ့ မောင်ရင်ရဲ့ ”

“ ဒါ ပိုပြောတာမဟုတ်ပါခင်ဗျာ။ အနည်းဆုံးစျေးကို ပြောထားရတာပါ ”

“ ကိုင်းလေ ... တမတ်လောက်တော့ ... ”

“ မရပါဘူးခင်ဗျာ ”

“ မောင်ရင့်သတင်း ကြားရတဲ့အတိုင်း သိပ်မှန်တာကိုး။ တခွန်းဆို တခွန်းပဲ။ ဒေါ်ဒေါ်တို့မန္တလေးများ ဒီလိုတင်းတင်းကြီး ရောင်းရင်ဖြင့် ထမင်းငတ်ဖို့ပဲမောင် ”

“ သြော် ... ဒါလည်း ဟုတ်ပါလိမ့်မယ်။ နို့ပေမယ့် ဒီလိုစည်းကမ်းပျက်နေကြတာ ဝယ်သူရဲ့အပြစ် မဟုတ်ပါဘူး။ ရောင်းသူများရဲ့အပြစ် ဖြစ်ပါတယ်။ ကုန်သည်တိုင်း မိမိတို့ရောင်းလိုတဲ့ပစ္စည်းရဲ့ အဖိုးနှုန်းကို တခွန်းတည်းပြောကြလျှင် အချိန်ကုန်လည်း သက်သာမယ်။ တယောက်လည်း အဖိုးကြီး တယောက်တော့ အဖိုးနည်းဆိုသလို မဖြစ်ရနဲ့။ ဘယ်လောက် ဟန်ကျပါသလဲခင်ဗျာ။ အခုတော့ သုံးကျပ်ရောင်းမယ့်ဟာ ၆ကျပ် ဆိုလိုဆို။ မသိတဲ့လူများတော့ ၄/ ၅ကျပ် ပေးသွားလို သွားရနဲ့ ဘယ်မှာ ညီမျှခြင်းဖြစ်ပါသလဲ။ လူမျိုးခြားကုန်တိုက်ကြီးတွေမှာ တခွန်းတည်းပဲ ရောင်းကြတာ ဒေါ်ဒေါ်တို့အသိဖြစ်ပါလိမ့်မယ်။ အခုလို လူမျိုးခြားစံတင်ရတာလည်း ဝမ်းနည်းပါရဲ့။ ကျွန်တော်တို့များ မြန်မာကုန်သည်တို့ လူတိုင်းလိုက်နာဖို့ အချိန်အခါကျပြီလို့ သဘောရတာနဲ့ ကျွန်တော်ဖြင့် တခွန်းတည်း ပြောဆိုရောင်းချနေတာပါပဲ ” 

ဟု တော်တော် လေများလိုက်လေ၏။ ထိုအခါကား ရက်ကန်းစျေးကောင်းသောအခါတည်း။ မိန်းမကြီးလည်း မဟာဖလာအုပ်ရေ ၂၀ ကို ၁၆ ကျပ် စျေးနှင့်ပင် ဝယ်ယူလျက် 

“ နောက် ... ဒေါ်ဒေါ်တို့မျက်စိ မျက်နှာကို မှတ်ထားပါ။ ဒေါ်ဒေါ့်နာမည်က ဒေါ်ငြိမ်းခင်တဲ့။ သမီးက မတင်အေးတဲ့။ မန္တလေးစျေးချို အက်ဖ်ရုံထဲမှာ ဒေါ်ငြိမ်းခင်နဲ့ သမီးမတင်အေး ပိုးထည်ဆိုင်လို့ ရွှေစာလုံးနဲ့ ဆိုင်းပုဒ်တပ်ထားတာ တွေ့ပါလိမ့်မယ် ”

“ ဟုတ်ကဲ့ ... ကောင်းကောင်းမသိကြလို့သာပါ။ မြင်ဖူးသလိုလိုတော့ ရှိသားပဲ ”

ဟု အသင့်ပြင်လာသော လ္ဘက်ရည်များဖြင့် ဧည့်ခံကာ ဒေါ်ငြိမ်းခင်သားအမိလည်း ကူလီငှားလျက် နှုတ်ဆက်ပြန်သွားကြလေသည်။ 

မိန်းမကြီးထွက်သွားလျှင် ကိုဘိုးသိန်းသည် အသံများထွက်အောင် ဟက်ဟက်ပက်ပက် ရယ်နေမိလေသည်။ ထိုအခိုက် သူငယ်ချင်းမောင်ဖြိုး ရောက်လာသဖြင့် 

“ ဘာလဲဟေ့ .. မောင်သိန်း။ ငွေထုပ်ပျောက်လို့ ရယ်တာလား ”

“ အို ... ငွေထုပ်ပျောက်တာ ရယ်ရမှာလားကွဲ့ ”

“ မင်းလိုလူတော့ ရူးသွားမှာမို့ ရယ်စရာအချက် ငိုစရာအချက် ခွဲခြားနိုင်မှာမဟုတ်ဘူး။ ဒါထက် ခုနကကောင်မလေးက အက်ဖ်ရုံကမဟုတ်လား။ သိပ်ပိုးချင်စရာကောင်းတာပဲ ”

“ ဒါ ... ဘာဖြစ်သလဲကွယ့်။ အလကားဟာတွေ ပြောမနေပါနဲ့ကွာ။ ကောင်မလေးတွေကြားရင် တမျိုးထင်နေပါ့မယ် ” 

ဟု တခြားရယ်စရာစကားများ ပြောဆိုပြီးလျှင် မောင်ဖြိုး ထွက်သွားလေ၏။

ကိုဘိုးသိန်းကား ထိုနေ့ကစ၍ ဒေါ်ငြိမ်းခင်နှင့်မိတ်ဆက်ဖြစ်ကာ တခါတရံ ပိုးထည်များကို မိမိကိုယ်တိုင် သွားရောက်ပို့ပေးရလေ၏။ အခြားပိုးဆိုင်ကုမ္ပဏီများသို့ အပို့သွားခြင်း ငွေတောင်းသွားခြင်းကြုံသောအကြိမ်တိုင်း မတင်အေး၏ပိုးဆိုင်သို့ ဝင်ရန်အခွင့်ကောင်းကို လက်မလွှတ်ခဲ့ချေ။ 

( ၄ )

မြို့ကြီးဓလေ့အတိုင်း ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ထမင်းကိုယ်စားဆိုသည့် သဘောကဲ့သို့ ဘိုးသိန်းနှင့် မတင်အေး၏အခြေအနေကို မည်သူမျှ ဂရုထားကြဟန်မတူချေ။ သို့ရာတွင် ဘိုးသိန်းမှာ အရောင်းအဝယ်ဘက် အပြောလည်သလောက် ချစ်ကြိုက်စကားပြောရာ၌ မလည်ပတ်သဖြင့် အခြားစကားနှင့်သာ အချိန်ကုန်လေ၏။ ၎င်း၏အခြေအနေမှာ ၂သောင်း ၃သောင်းခင်းမျှ ချမ်းသာသော်လည်း ကြီးကျယ်သောအရောင်းအဝယ်ကြောင့် မန္တလေးက တသိန်းကျော်ကျော် ချမ်းသာသည်ဟု ထင်မှတ်ကြလေသည်။ 

နပ်ပြီးပါးပြီးဖြစ်သော ဒေါ်ငြိမ်းခင်သည်  

“ ညည်း ... ကိုကိုသိန်းနဲ့ စကားပြောရစ်ဦး ”

ဟု အချိန်ပေးခဲ့သည်ကိုထောက်၍ ဒေါ်ငြိမ်းခင်၏သဘောကို သိသာနိုင်လေသည်။ ဘိုးသိန်းမှာကား ၁၆နှစ်သားအရွယ်ကတည်းက ငွေရှာဖို့ကလွဲ၍ တခြားဘာမှ စိတ်မကူးခဲ့။ ရည်းစားဆို၍ မူးလို့မှ ရှူစရာမရှိခဲ့ဖူးသောကြောင့် နှစ်ကိုယ်တွေ့ မျက်နှာချင်းဆိုင် ထိုင်ရသော်လည်း သမီးရည်းစားစကား အစရှာမတွေ့ချေ။ မတင်အေး၏အမူအရာမှာ ဇာတ်သမရှုံးတော့မည့်အလား လက်ဝတ်လက်စား ၊ စိန်နားကပ် ၊ ရွှေခြေကျင်း ၊ ပန်ချာပီဆံထုံး ၊ မျက်ခုံးမွှေးစင်းစင်း ၊ မျက်ခုံးကျယ်ကျယ် သနားဖွယ်အမူအရာတွင် ပေါင်ဒါရေမွှေးတို့ဖြင့်တကြိုင်ကြိုင် မခို့တရို့အမူအရာဖြစ်၍နေလေရာ ဘိုးသိန်းမှာ ကိုယ့်ပေါင်ကိုယ်လိမ်လျက် “အလယ်လယ်” ဟု အော်မိမည်စိုး၍ နေရာပြင်ထိုင်လိုက် မှန်ဘီရိုအတွင်းက ပိုးထည်အကြောင်းမေးလိုက်နှင့် အချည်းနှီး အချိန်ဖြုန်း၍ နေလေ၏။

“ သြော် ... ဒါကြောင့် ပွဲထဲများ မင့်အိမ် ခွေးဘယ်နှစ်ကောင်မွေးသလဲ ... ၃... ၄ ကောင် ငါပါနဲ့ဆို ... ဆန်နှစ်ပြည်ချက်လိုက်ပါလို့ ... ပြက်လုံး ထိုးလိုထိုး ... စကားမစပ် မနှစ်ကသေတဲ့ နွားနက်ကြီးရှိသေးလားလို့ အကျိုးမရှိ ယုတ္တိမပါ ပြောလိုပြောဖြစ်ကြတာ ထင်ပါရဲ့ ...ဖျောက်ဆိပ်ကြယ် ... လက်ညှိုးထိုးပြီး ... ဒီဟာ ... ဘာကြယ်လဲ ... မောင်ရဲ့ ... ဆိုလျှင် မပြောတတ်လို့ သူငယ်ချင်းကို မေးထားပါ ...နောက်တစ်ခါတွေ့လို့ ဒီဟာ ... ဘာကြယ်လဲမောင်ရဲ့အမေး .... သူငယ်ချင်းက တင်ပါးအသာကုတ်တော့ အယားဖျောက်တာ သတိရပြီးလျှင် ဖျောက်ဆိပ်လို့ သတိရဖို့ဟာ ... ကုတ်ဆိတ်လို့ဆိုမိတော့ ... သူငယ်ချင်းက ခြေနဲ့ကန်ပါရော... အဲ ... အဲ ... ကန်ဆိပ်ကြယ်လို့ အယောင်ယောင်အမှားမှားပြောမိတာ ငါ့လိုလူစားထင် ပါရဲ့ဟယ် ... တတ်နိုင်ဘူး ... လကလေးကလည်း ... သာလိုက်တာနော် ... လသာတော့ ဘာပြုသလဲမောင်ရဲ့ ... လသာတော့ နင့်ကို ငါကြိုက်တာပေါ့ဆိုတဲ့ အပြောမျိုး ပြောရမှာထင်ပါရဲ့ ”

ဟု အမျိုးမျိုး တွေးတောနေစဉ် မတင်အေးက

“ ကိုကိုသိန်း ... ကော်ဖီတွေ အေးကုန်ပြီ ” 

ဟု ပြောလိုက်မှ မတင်အေးသည် ကော်ဖီနှင့်မုန့်များ ချထား၍ မိမိအား အသောက်ခိုင်းထားသည်မှာ ကြာပြီဖြစ်ကြောင်း သတိရလေသည်။ သို့ရာတွင် အရှုံးမပေးလိုသဖြင့် 

“ ကိုကိုသိန်းက အေးအေးမှကြိုက်လို့ ဆိုင်းနေတာပါ ”

ဟု ပြောလိုက်လေ၏။ ထိုသို့ပြောရာ၌ ဖိုးသိန်းမှာ ဘယ်လိုမှ ဥာဏ်ဆင်၍ပြောခြင်းမဟုတ်။ စိတ်ကူး၍လည်းမဟုတ်။ ရိုးရိုးမှပြောခြင်းသော်လည်း ကြက်ကန်းဆန်အိုးနှိုက်မိသကဲ့သို့ စကားအလွမ်းသင့်၍ ဆီလျော်သွားသဖြင့် ရွှေမန်းသူ မတင်အေးမှာ အေးအေးမှကြိုက်လို့ဟူသော အဓိပ္ပါယ်ကို ပြုံးစိစိလေးတွေးလျက် ကိုကိုသိန်း ... လူအ ... လူအနဲ့ ... အတော်လာတဲ့လူပါလားဟု စဉ်းစားမိဟန်တူလေ၏။ 

ဘိုးသိန်းကြီးကား သမီးရည်းစားစကား အစရှာနေတုန်းပင်ဖြစ်လေ၏။ စိန္တိ - ကြံတုန်းရှိသေး ပုစ္ဆိ - မေးပြန်ပြီဟူသော ဘိုးသူတော်နှစ်ဦး စကားထာဝှက်သကဲ့သို့ ဘိုးသန်းမှာ ကြံတုန်းပင်ဖြစ်လေ၏။ ကြံရာမရသဖြင့် မတင်အေး၏ငွေသေတ္တာဘေးက မဂ္ဂဇင်းတအုပ်ကို လှန်လှော၍နေလေ၏။ မတင်အေးက 

“ ကိုကိုသိန်း အေးအေးကြိုက်တယ်ဆို သောက်လေ .. တော်တော်ကြာ ပုရွက်ဆိတ်တက်ကုန်မယ် "

“ ပုရွက်ဆိတ်တက်လည်း ပုရွက်ဆိတ်ဖယ်ပြီး သောက်မှာပါကွယ် ”

ဟု ပြောရင်း ဘိုးသိန်းသည် ကော်ဖီအေးအေးကြီးကို နှစ်ခြိုက်စွာ သောက်လေ၏။ မတင်အေးကလည်း သူ့စကားအဓိပ္ပါယ်ကို ဘိုးသိန်းနားလည်သွားလေပြီဟု ရှက်ကြောက်သောအမူရာ ကလေးများပေါ်၍ နေလေ၏။ ဘိုးသိန်းကား အကြံတစ်ခုရသဖြင့် 

“ မအေး ... ဒီမှာ ကြည့်စမ်း ” 

ဟု မဂ္ဂဇင်းထဲက စာတစ်ပုဒ်ကိုပြရာ 

“ မောင်မေတ္တာရှိပုံကို အထူးပြောဖို့မလို။ ခြေတိုလုမတတ် နှမတို့ဆီလာတာထောက်ပြီး ဘယ်လောက်စွဲလန်းတယ်ဆိုတာ သိသင့်ပါတယ် ”

ဟူသော အပိုဒ်ကို မှင်သားလျက် တွေ့ရှိသဖြင့် မတင်အေးက တဖန်

“ ဒါကော ... ကြည့်ပါဦးလား ” 

ဟု ခဲနှင့် သားပြရာ 

“ ကျွန်မသဘောတော့ အထူးမေးဖို့ မလိုပါ။ မေမေသဘောတူလျှင် ကိစ္စပြီးပြီမို့ မေမေ့ကိုသာ နားချပါ ”

ဟူသော အပိုဒ်ကို ဖတ်ရပြန်လေ၏။ မဂ္ဂဇင်းဝတ္ထုထဲမှ သမီးရည်းစားစကားပြောခန်းသည် ၄င်းတို့ဖူးစာရေးနတ်ကဲ့သို့ဖြစ်ကာ ဘိုးသိန်း၏စိတ်မှာ သမီးရည်းစားစကားပြောရသည်မှာ အညှာသိလျှင် ငှက်ပျောသီးအခွံခွါပြီး စားရသည်ထက် လွယ်ပါသေးကလားဟု အောက်မေ့သွားဟန်တူလေ၏။

( ၅ )

နောက်တလကြာသောအခါ ကိုဘိုးသိန်းကို ရွှေကြက်ယက် ၊ ကိုးသင်းရပ် ကိုဘိုးသိန်း၏ရက်ကန်းအလုပ်ရုံ၌ ဇနီးသည်မတင်အေးနှင့်အတူ စီမံခန့်ခွဲနေသည်ကို မြင်ရလေ၏။ မတင်အေးကား နောက်ကအကြောင်းကို လုံးဝ မမှတ်မိချေ။ တနေ့သ၌ ဘိုးသိန်းသည် ခဲတံဖြင့် မြင်းခြံသင်္ဘောပေါ်က မီးအိမ်ပျံကဲ့သို့ လုံချည်ဖောင်းပွနေသောမိန်းကလေးတစ်ဦးက ခုန်ချ၍ ငှက်သမားတစ်ဦးခေါင်းစွပ်နေပုံကို မတင်အေးအား ရေးပြလေသည်။ ထိုအခါ မတင်အေးသည် ရှက်သွေးမွှန်လျက် 

“ ကိုကို့ ဘယ်သူက ပြောသလဲ ”

ဟု ငိုမလိုမျက်နှာနှင့် မေးလေ၏။ 

“ အဲဒီတုန်းကငှက်သမားဟာ ကိုကိုပေါ့ ”

ဟု သူ့ရင်ဘတ်ကို ပုတ်၍ပြရာ မတင်အေးသည် အံသြနေရင်းက ရှက်ရှက်နှင့် ကိုဘိုးသိန်း၏ကျောကို ထုနေလေတော့၏။

---

#မဟာဆွေ
#မီးပုံးပျံထဘီအုပ်

#shared_by_louis_augustine
#sbla

Comments