ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော် // ဇော်ဂျီ

ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော် // ဇော်ဂျီ 

(ကံ့ကော်မြိုင်စာတမ်း)

---

“လက်ဖက်ရည် အဖန်သောက်လျှင်ဖြင့်၊ ကျက်သရေ အမှန် ရောက်ပေလိမ့်၊ ကြံသလောက်ပြီးတဲ့ရေ။”

အထက်ပါ ကောက်နုတ်ချက်သည် လက်ဖက်ရည် အဖန်သောက်ခြင်း၏ အကျိုးကို ဖွဲ့ဆိုထားသော မန္တလေးခေတ် လေးဆစ်တပုဒ်မှ ကောက်နုတ် ဖော်ပြလိုက်သော ပထမအချိုး ဖြစ်သည်။ သဘောသွားကို ဆင်ခြင်လျှင် သဘောကျစရာ ကောင်းလှသည်။ လက်ဖက်ရည်အဖန် သောက်လေ့ရှိခြင်းသည် ကျက်သရေရှိလှသည်ဟု ဆိုလိုဟန် တူသည်။

မြန်မာတို့၏ အလေ့အလာအရ လက်ဖက်ရည်အဖန် သောက်သော အချိန်သည် နံနက်အချိန် ဖြစ်သည်။ သောက်ရာ နေရာသည် အိမ်ဦးခန်း ဖြစ်တတ်သည်။ ထို့ကြောင့် လက်ဖက်ရည် အဖန် သောက်သူသည် ကျက်သရေ ရှိသည်ဟု စာဆိုသူက ဆိုလိုက်ဟန် တူသည်။ တဖန် လက်ဖက်ရည်အဖန် သောက်သည် ဆိုခြင်းသည် အများအားဖြင့် တယောက်တည်း ထိုင်သောက်သည်ထက် သုံးလေးဦး ဝိုင်းဖွဲ့၍ သောက်ခြင်းဖြစ်ရာ၊ ခေါင်း သုံးလေးခေါင်း ဆိုင်မိကြသဖြင့် ဉာဏ်သုံးလေးဉာဏ် ဆုံမိကြရာသည်။ ထိုအခါ၌ ပြဿနာ တခုကို ဖြေရှင်းရာ၌ သော်လည်းကောင်း၊ ကိစ္စတခုကို ကြံစည်ရာ၌ သော်လည်းကောင်း တဦးခေါင်း တပညာ ဆိုသကဲ့သို့ ဝိုင်းဝန်းဖြေရှင်းခွင့် ရသဖြင့် ပြဿနာ ပြေလည်နိုင်စရာ အကြောင်းရှိလေသည်။ အကြံအစည် အထမြောက်စရာအကြောင်း ရှိလေသည်။ ထို့ကြောင့် လက်ဖက်ရည် အဖန်သောက်ခြင်းသည် အကြံအစည်လည်း ပြီးသည်ဟု စာဆိုသူက အထက်ပါအတိုင်း ဆိုလိုက်ဟန် တူသည်။

လက်ဖက်ရည်ဝိုင်း ဆိုသည်မှာ တနည်းအားဖြင့် ဆွေးနွေးပွဲ တမျိုး ဖြစ်သည်ဟု ဆိုရာသည်။ သို့ရာတွင် တစိတ်အားဖြင့် ကွဲသေးသည်ဟု ထင်သည်။ ဆွေးနွေးပွဲ ဆိုသော စကား၌ နိုင်ငံရေး ဆွေးနွေးသယောင်ယောင်၊ မစေ့စပ်ခင် အကဲခတ်စကား ပြောဆိုသယောင်ယောင် အနက်ထွက်သည်ဟုလည်း အောက်မေ့မိသည်။ ဣန္ဒြေကြီး၊ သိက္ခာကြီး၊ စည်းကြီး၊ ကမ်းကြီးနှင့် ပြောရဆိုရသယောင်ယောင် အနက်ထွက်သည်ဟုလည်း အောက်မေ့မိသည်။ ထို့ကြောင့် စိတ်ကျဉ်းကျပ် လှသည်ဟု ထင်သည်။ ရွံ့ပင် ရွံ့မိသည်။ လက်ဖက်ရည်ဝိုင်း ဟူရာ၌ကား နိုင်ငံရေးကိုလည်း မတွေးမိ။ အချင်းချင်း အကဲခတ်သည်ဟုလည်း သတိမထား။ ဣန္ဒြေကြီး၊ သိက္ခာကြီးနှင့် ပြောရ ဆိုရမည်ဟုလည်း မအောက်မေ့။ စည်းကြီးကမ်းကြီးနှင့် ပြောရ ဆိုရမည်ဟုလည်း မယူဆ။ စိတ်လွတ်လပ် ချောင်ချိသည်ဟု ထင်သည်။ စိတ်ပျော်ရွှင်သည်။ ထိုမျှသာ မကသေး။ အချင်းချင်း အပေးအယူ ရှိတတ်သည်။ ပြောမနာ ဆိုမနာ ဖြစ်တတ်သည်။ မကွယ်မဝှက် ပြောတတ်သည်။ ချစ်ချစ်ခင်ခင် ဆိုတတ်သည်။ လက်ဖက်ရည်ဝိုင်း ဟူသော စကား၌ ဤသို့လျှင် အနက်ထင်သည်ဟု ယူဆမိသည်။

လက်ဖက်ရည်ဝိုင်း ဟူသော စကားတခွန်းကို ကြားရရုံမျှဖြင့် လက်ဖက်ရည်အိုးကို ဗဟိုပြု၍ ဝိုင်းထိုင်ကြဟန်၊ အချင်းချင်း လောကွတ်ပြုကြဟန်၊ ရယ်ရယ်မောမော ပြောနေကြဟန်၊ မည်သူမဆို ဝိုင်းထဲသို့ ဝင်ပြောနိုင်ဟန်၊ မပြောချင်လျှင် ထ သွားနိုင်ဟန်တို့ကို ပြေးမြင်မိနိုင်သည်။ အမှန်မှာ လက်ဖက်ရည်ဝိုင်းသည် စည်းကမ်းမရှိသယောင်ယောင် နှင့် စည်းကမ်းရှိနေသော စကားဝိုင်းမျိုး ဖြစ်သည်။ စည်းကမ်းကြီး သယောင်ယောင်နှင့် စည်းကမ်းမကြီးသော စကားဝိုင်းမျိုး ဖြစ်သည်။ ထို ဝိုင်းမျိုးတွင် ဉာဏ်ရွှင်သည်။ အာရွှင်သည်။ အကြံကောင်း အဖန်ကောင်း ယိုစိမ့်လာနိုင်သည်။ စကားကောင်း စာကောင်း ပေါ်ထွက်လာနိုင်သည်။ ကွယ်ဝှက်နေသည်တို့ အလင်းသို့ ရောက်လာနိုင်သည်။ ခဲကတ်နေသည်တို့ ကျေသွားနိုင်သည်။ ဖုထစ်နေသည်တို့ ပြေသွား နိုင်သည်။ မြုပ်နေသည်တို့ ပေါ်လာနိုင်သည်။ ရှုပ်နေသည်တို့ ရှင်းလာနိုင်သည်။

ထိုဝိုင်းမျိုးတွင် အဘိဓမ္မာစကား၊ ရာဇဝင်စကား၊ ကဗျာစာပေစကား ပြောဟောလေ့ ရှိကြသည်။ ထိုအလေ့အလာသည် ရှေးယခင်က စ၍ ရရှိလာခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှု အလေ့အလာတခု ဖြစ် သည်။ ထိုအလေ့အလာကို သာမှု နာမှု မဏ္ဍပ်များ၌ သော်လည်းကောင်း၊ ကျောင်းကန် ဇရပ်များ၌ သော်လည်းကောင်း၊ အိမ်ဦးခန်းများ၌ သော် လည်းကောင်း တွေ့ ဖူး မြင်ဖူး ကြားဖူးသူတို့ ယခုတိုင် ရှိနေကြသေးသည်။ 

မစ္စတာမောင်မှိုင်း မှာတော်ပုံ ဝတ္ထုထဲတွင် ထိုအလေ့အလာကို သာဓကအဖြစ် တွေ့နိုင်သည်။ ဗားဂရာလူထွက် ဦးကျော်ဒွေး၊ အဘိဓမ္မာ ဆရာအေး၊ ရွှေမန်းမောင်မောင်ရွ၊ မောင်ဖုန်းမြင့်တို့သည် လက်ဖက်ရည် ဝိုင်းတော်သားများ ဖြစ်ကြသည်။ ဗားဂရာလူထွက် ဦးကျော်ဒွေးသည် ထိုဝိုင်းတွင် မဏ္ဍိုင် ဖြစ်သည်။ ပြောနိုင်သည်။ ဟောနိုင်သည်။ ငေါက်စရာရှိလျှင် ငေါက်ပစ်လိုက်သည်။ မောင်ဖုန်းမြင့်သည် ရှာရှာဖွေဖွေ မေးတတ်သည်။ စကား ရေလာမြောင်းပေး လုပ်တတ်သည်။ ဆရာအေး၊ မောင်မောင်ရွ တို့သည် တခါတရံ ဝင်ရွှန်းတတ်ကြသည်။ တခါတရံ အကတ်ကိုင်တတ်ကြသည်။ တခါတရံ ဦးကျော်ဒွေး၏ အနှိမ်ကို ခံကြရတတ်သည်။ သို့ရာတွင် ထိုလက်ဖက်ရည်ဝိုင်းသည် ပျော်စရာ ကောင်းလှသည်။ အငြီးပြေသည်။ ဉာဏ်ပွားသည်။ စိတ်ကျေနပ်မှု ရသည်။

တနေ့က လက်ဖက်ရည်ဝိုင်း တဝိုင်းတွင် ကျွန်တော် ဝင်ထိုင်မိသည်။ အမှန်မှာ ထိုဝိုင်းတွင် လက်ဖက်ရည်အိုး မရှိ။ ပန်းကန် မရှိ။ အမြည်း မရှိ။ သို့ရာတွင် လက်ဖက်ရည်ဝိုင်း သဘောပင် ဖြစ်သည်။ လက်ဖက်ရည် ပါလျှင်ကား သာ၍ ကောင်းမည် ထင်မိသည်။ ထိုဝိုင်းတွင် အသက် ငါးဆယ်ကျော်လည်း ပါသည်။ သုံးဆယ်ကျော်လည်း ပါသည်။ နှစ်ဆယ်ကျော်လည်း ပါသည်။ ပင်စင်စားလည်း ပါသည်။ ကျောင်းဆရာလည်း ပါသည်။ စာရေးဆရာလည်း ပါသည်။ ကျောင်းသားလည်း ပါသည်။ 

ထိုဝိုင်းတွင် ပြောကြဆိုကြသော အကြောင်း၌ အစီအစဉ် ဟူ၍ မရှိ။ တောရောက် တောင်ရောက် နိုင်လှသည်။ ပြောကြ ဆိုကြသူများသည် ချိန်းချက်ထား၍ ရောက်လာကြသူများ မဟုတ်။ ပြောမည် ဆို မည် ကြံစည်၍ လာကြသူများလည်း မဟုတ်။ ကိုယ့်ကိစ္စနှင့်ကိုယ် သွားရင်းလာရင်း ဝိုင်းဝင်လာကြသူများသာ ဖြစ်ကြသည်။

ထိုဝိုင်းတွင် တခါတရံ ရာဇဝင်စိမ့်မြိုင်ကြီး၌ ခရီးသွားကြသည်။ တခါတရံ မျက်မှောက်ခေတ်စာပေ၏ မျက်နှာတွင် နံ့သာ ပန်းမန် ခြယ်ကြသည်။ တခါတရံ ရှေးဟောင်းစာပေ၏ အရိပ်၌ နေနား ဝင်ခိုကြသည်။ ထိုဝိုင်းတွင် မြှောက်ပြောသူလည်း ပါသည်။ ချနင်းသူလည်း ပါသည်။ ခပ်တည်တည် ပြောသူလည်း ပါသည်။ စပ်ဖြဲဖြဲ ပြောသူလည်း ပါသည်။ ရွဲ့ပြောသူလည်း ပါသည်။ ဘုပြောသူ လည်း ပါသည်။ ရယ်မောချေပလိုက်သူလည်း ပါသည်။ ထိုဝိုင်းတွင် တဦးက အစမှ စ၍ တွေးသည်။ တဦးက အလယ်မှ ဖောက်၍ တွေးသည်။ တဦးက အဆုံးမှ ဆန်၍ တွေးသည်။ တဦးက သူ တတ်ကြောင်း ပြချင်သဖြင့် သူ တတ်သမျှ အန်ထုတ်သည်။ တဦးက ပြုံးပြုံး ပြုံးပြုံးနှင့် နားထောင်ရင်း ချက်ကောင်းကိုင်၍ တွယ်လိုက်သည်။ ဤသို့ဖြင့် စာပေ၏ အနှစ်အရသာသည် မြုပ်ရာမှ ပေါ်လာသည်။ ပေါ်ရာမှ ပျံတက်သည်။ တနည်းအားဖြင့် လက်ဖက်ရည်ဝိုင်းသည် ဘဝ ပီတိရှာနည်း တမျိုးပင် ဖြစ်လေသလောဟု ကျွန်တော် တွေးတောလာမိသည်။

ကြက်ဝိုင်းသည် မြန်မာ့ အလေ့အလာတခု ဖြစ်သည်။ မြန်မာပြည် အနှံ့အပြား ကြက်ဝိုင်းထောင်သူ အလွန် များသည်ဟု ပြောကြသည်။ ကြက်ဝိုင်း ထောင်သကဲ့သို့ လက်ဖက်ရည်ဝိုင်း ထောင်လျှင် ကောင်းမည် ထင်သည်။ ကြက်ဝိုင်း ထောင်လျှင် ရဲသားက စောင့်ဖမ်းတတ်သည်။ လက်ဖက်ရည်ဝိုင်း ထောင်လျှင်ကား ဘယ်ရဲသားကမျှ စောင့်ဖမ်းမည် မဟုတ်ချေ။ သို့ရာတွင် လက်ဖက်ရည်ဝိုင်း ထောင်သူများသည် စာပေနတ်၏ ဖမ်းစားခြင်းကိုကား မုချ ခံကြရတော့မည်။ စာပေနတ် ဖမ်းစားခြင်းကို တကယ်ခံရသူသည် စာရူး ဖြစ်တတ်သည်။

ထို့ကြောင့် လက်ဖက်ရည်ဝိုင်း ထောင်ချင်ကြလျှင် အစကနဦးက ကြိုတင်၍ မြဲမြဲစွဲစွဲ မှတ်ပိုက် လက်ခံထားကြရမည့် အချက်တစ်ခု ရှိသည်။ ထိုအချက်ကား အခြား မဟုတ်။ ဤခေတ်ထဲတွင် တကယ့် စာရူး ဖြစ်သည့်နေ့မှ စ၍ အသင်သည် ကျပ်၊ မတ်၊ မူး၊ ပြား၊ ပေါင်၊ ရှီလင်၊ ပဲနိ၊ ဒေါ်လာများကို ငွေစာရင်းအင်း စောက်ချ၍ ကျားခုတ် ကျားယက် မတွက်တတ်တော့ပြီ( ဝါ )လောဘ ဗရပွနှင့် လူသားအချင်း ချင်း လည်ပင်းနင်း၍ ငွေနောက်သို့သာ တကောက်ကောက် လိုက်နေသော ငွေရူး မလုပ်တတ်တော့ပြီ၊ ဝါ၊ ဒေါသကြီး မာနကြီးနှင့် လူသားအချင်းချင်း ခြိမ်းခြောက် မောင်းမဲ၍ အာဏာနောက်သို့သာ တကောက်ကောက် လိုက်နေသော အာဏာရူး မလုပ်တတ်တော့ပြီ။

---

#ဇော်ဂျီ
#ကဗျာဝိုင်းစာဝိုင်းနှင့်ကျွန်တော်

#shared_by_louis_augustine
#sbla

Comments